no

Font
Theme

စက္ကန့်အနည်းငယ်ကြာပြီးနောက် အကျဥ်းထောင်တံခါးကပွင့်လာပြီး ရဲအရာရှိများစွာက သူ့အရှေ့မှာ ပေါ်ပေါက်လာ၏။


လင်ရှူး ထိုသူတို့ကိုကြည့်လိုက်ရာ ထိုထဲတွင် ရှန်းရန်ကျယ် မပါဝင်တော့ချေ။


မနေ့ညက သူနှင့်ကြံရာပါ ရဲအရာရှိများလည်း မပါဝင်ပေ။ ထိုအစား မရင်းနှီးသောမျက်နှာများသာ။ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုက ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ သူ ထိုအကြောင်းကို မတွေးနိုင်ခင်မှာပင် ခေါင်းဆောင်ဖြစ်သူက ပြောလာခဲ့၏။ "သူ့ကိုခေါ်ခဲ့!"


လင်ရှူးတစ်ယောက် လက်မောင်းတစ်ဖက်တစ်ချက်စီကနေ ဆွဲခေါ်ခံလိုက်ရသည်။


ထို့နောက် မနေ့တုန်းကနှင့်တူညီသော စစ်ကြောရေးအခန်းထဲ ခေါ်သွားခံခဲ့ရ၏။


သို့သော် စစ်ကြောရေးအရာရှိကတော့ ပြောင်းလဲသွားပြီး စမစ် သို့မဟုတ် ယွဲ့တင့်ထန်လည်း ရှိမနေပေ။


"အမှန်တိုင်းပြောစမ်း - တုယွင်းနင်ကို ဘာလို့သတ်လိုက်တာလဲ။"


တစ်ဖက်လူက အေးစက်သောအမူအရာဖြင့် တင်းမာစွာပြောလာခဲ့သည်။


လင်ရှူးက မျက်ခုံးပင့်လိုက်သည်။ "ကျွန်တော် ဘယ်သူ့ကိုမှမသတ်ခဲ့ဘူး။"


ဘန်း!


စားပွဲကိုရိုက်လိုက်သည့်အသံက အခန်းကျဥ်းလေးထဲမှာ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားခဲ့သည်။


"ဝန်မခံချင်သေးဘူးပေါ့။ နစ်နာသူမသေဆုံးခင်က မင်းတို့နှစ်ယောက် သီးသန့်တွေ့ဆုံခဲ့ကြတယ်။ တုယွင်းနင် သေသွားပြီးတဲ့နောက်မှာလည်း မင်းရဲ့အလီဘိုင်ကို သက်သေခံပေးမဲ့အရာမရှိသလို သူ(မ)အိပ်ခန်းရဲ့ ပြတင်းအောက်ဘောင်မှာ မင်းရဲ့ဖိနပ်ရာတောင် ကျန်နေခဲ့သေးတယ်။ သံသယဖြစ်ဖွယ်အခြေအနေတွေအရ တရားခံက မင်းပဲ!"


လင်ရှူး: "ကျွန်တော် လူသတ်မှုစွဲချက်ကို လက်မခံနိုင်ဘူး။ ကျွန်တော့်ရဲ့အပြစ်ကင်းမှုကို မကြာခင် သက်သေပြနိုင်ဖို့ ခင်ဗျားတို့ အထောက်အထားတွေကိုရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်။"


တစ်ဖက်လူက အေးစက်စွာပြုံးလိုက်သည်။ "သက်သေ? မင်းရဲ့အပြစ်ကင်းမှုကို သက်သေပြနိုင်မဲ့အထောက်အထားက ဘာမှမရှိပေမဲ့ မင်းက လူသတ်သမားပါဆိုပြီး သက်သေပြနိုင်တဲ့ အထောက်အထားအသစ်တော့ရှိတယ်။"


ထိုသို့ပြောပြီး သူ့လက်ထဲကစာအုပ်ကို ဖွင့်ကာ စာအနည်းငယ်ထုတ်ယူ၍ လင်ရှူး၏အရှေ့သို့ ပစ်လိုက်သည်။


လင်ရှူးက ကောက်ယူလိုက်ပြီး ဖွင့်ဖတ်ကြည့်လိုက်၏။


စာသုံးစောင်ရှိပြီး အားလုံးကို တုယွင်းနင်ရေးထားတာဖြစ်သည်။


သူ(မ)၏လက်ရေးကို လင်ရှူး မှတ်မိပေ၏။ '字' စကားလုံး၏ နောက်ဆုံးသောစုတ်ချက်ကို ကျက်သရေရှိစွာ ရေးသားထားသည်မှာ တုယွင်းနင်၏သင်္ကေတပင်။


၎င်းတို့ ကျောင်းတက်စဥ်ကတည်းက တုယွင်းနင်သည် သူ(မ)၏နာမည်ကို ပုံစံအမျိုးမျိုးဖြင့် ရေးသားရသည်အား သဘောကျခဲ့ပြီး ယခုရေးသားထားသောပုံစံက လင်ရှူးမှ အထူးတလှယ်ရွေးထုတ်ထားခြင်းပင်။


စာပါအကြောင်းအရာက သိပ်ပြီးမများပေ - စာတစ်စောင်က တုယွင်းနင်ရေးသားထားသော အချစ်ကဗျာတစ်ပုဒ်ဖြစ်ပြီး သူ(မ)တောင့်တသော်လည်း မရနိုင်သည့်တစ်စုံတစ်ခုကို ဖော်ပြထားခြင်းဖြစ်သည်။


သူ(မ)က ကျောင်းတွင် သူ(မ)၏ အရည်အချင်းကြောင့် ကျော်ကြားပေသည်။ သူ(မ)၏ပုံစံမှာ ထူးခြားပြီး ရှင်းယွဲ့ကျောင်း၏ အလှတရားနှင့် လွတ်လပ်သောစိတ်ဓာတ်ကို ဖော်ညွှန်းထားသည်။


အခြားသောစာနှစ်စောင်ကလည်း တုယွင်းနင်၏ သူ(မ)၏စိတ်ခံစားချက်တို့ကို ဖော်ပြမှုနှင့်အတူ ပထမစာစောင်နှင့် အတူတူပဲဖြစ်သည်။


လင်ရှူး စာထဲမှ တချို့စာကြောင်းများကို မြင်လိုက်ရသောအခါ မျက်ခုံးပင့်လိုက်မိ၏။


"ပထမဆုံးအနေနဲ့ ကျွန်တော် သူ(မ)ဆီစာမရေးဖူးဘူး။ ပြီးတော့ ဒုတိယတစ်ခုအနေနဲ့ သူ(မ) စိတ်ဆင်းရဲမှုတွေကနေ လွတ်မြောက်တော့မှာမို့ ခဏလောက် သည်းခံနေဖို့ကိုလည်း ဘယ်တုန်းကမှမပြောခဲ့ဖူးဘူး။ ဒါတွေအားလုံးက လုပ်ဇာတ်တွေပဲ။"


"ဒါပေမဲ့ လက်ရေးနဲ့ လက်မှတ်ကိုတိုက်စစ်ကြည့်လိုက်တော့ တုယွင်းနင်ကိုယ်တိုင် ရေးသားထားတယ်ဆိုတာကို အတည်ပြုပြီးသွားပြီ။ အဲ့ဒါကို ဘယ်လိုရှင်းပြမလဲ။"


စစ်ဆေးမေးမြန်းသူက သူ့အား သူ့လက်ထဲမှာ ခိုင်ခိုင်မာမာ ဖမ်းဆုပ်ထားသော သားကောင်လေးလို လွတ်မြောက်ဖို့ အခွင့်အရေးနည်းနည်းလေးမှမပေးဘဲ စူးစူးရဲရဲစိုက်ကြည့်နေ၏။


လင်ရှူး: "တစ်စိတ်လောက်၊ ကျွန်တော်က မှားယွင်းစွပ်စွဲခံရပါတယ်ဆိုမှ ဒီစာတွေက ဘယ်ကလာတယ်ဆိုတာကို သိပါ့မလား။ ဒါက ခင်ဗျားတို့ရှာဖွေသင့်တဲ့ဟာမဟုတ်ဘူးလား။ ကျွန်တော် တုယွင်းနင်လက်ထက်လိုက်ကတည်းက သူ(မ)နဲ့ မတွေ့ဖြစ်တော့တာ။ လွန်ခဲ့တဲ့နှစ်လလောက်က ကျွန်တော့်ကိုရှာဖို့ တစ်စုံတစ်ယောက်ကိုလွှတ်လိုက်ပြီး သူ(မ)မှာ ကျွန်တော့်ကို ပြောစရာရှိတာကြောင့် ကော်ဖီဆိုင်မှာတွေ့ဖို့ တောင်းဆိုခဲ့တယ်။"


စစ်ဆေးမေးမြန်းသူ: "သူ(မ)က ဘာပြောခဲ့တာလဲ။"


လင်ရှူး: "သူ(မ)ပြောတာတော့ ယွမ်ပင်းက ဆေးလိပ်တွေအလွန်အကျွံသောက်တယ်၊ သူ(မ)ကို ရိုက်နှက်ပြီး ဆူပူကြိမ်းမောင်းတယ်။ သူ(မ)က နာကျင်မှုတွေကို ခံစားနေရပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတယ်တဲ့။ ကျွန်တော် သူ(မ)ကို ကွာရှင်းဖို့ အကြံပေးခဲ့တယ်။"


စစ်ဆေးမေးမြန်းသူ: "ပြီးတော့?"


လင်ရှူး: "ပြီးတော့ သူ(မ)က ယွမ်ပင်းနဲ့ မလိုက်ဖက်တဲ့အကြောင်းတွေ ညည်းညူပြနေတာပဲ။ ကျွန်တော်လည်း အတန်းဖော်ဟောင်းဆိုတဲ့ဆက်ဆံရေးကြောင့် လက်ကမ်းပေးပြီး အကြိမ်အနည်းငယ်လောက် သူ(မ)နဲ့တွေ့ခဲ့သေးတယ်။ ဒါပေမဲ့ နောက်ပိုင်းကျ သူ(မ)မှာ ယွမ်ပင်းကိုကွာရှင်းမဲ့ရည်ရွယ်ချက်မရှိတာနဲ့ သူ(မ)နဲ့ ထပ်ပြီးမတွေ့ဖြစ်တော့ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ရက်က နေ့လယ်ခင်းမှာ ကျွန်တော့်ကိုရှာဖို့ တစ်စုံတစ်ယောက်ကို အရေးတကြီးလွှတ်လိုက်ပြီး သူ(မ)နဲ့တွေ့ဖို့ ထွက်လာခဲ့ဖို့ပြောခဲ့တာကြောင့် ကျွန်တော်သွားခဲ့တယ်။"


"သူ(မ) လျှို့ဝှက်ပြီးသိမ်းထားခဲ့ရတဲ့ သူ(မ)တန်ဖိုးထားတဲ့အရာတွေကို ယွမ်ပင်းကရှာတွေ့သွားပြီတဲ့။ သူ(မ)က အဲ့အရာတွေကို သူယူသွားလို့မရအောင် ကျွန်တော့်ဆီပေးထားချင်ခဲ့တယ်။ ပြီးတော့ ယွမ်မိသားစုရဲ့ငွေရေးကြေးရေးပိုင်းက အပေါ်ယံမြင်နေရသလို မကောင်းမွန်ဘူးလို့လည်း ပြောခဲ့တယ်။ ယွမ်ပင်းသောက်ထားခဲ့တဲ့အမွေတွေက ယွမ်ပင်းကြောင့် ကုန်သလောက်ဖြစ်သွားပြီး အခွံပဲကျန်တော့တယ်ဆိုလား။"


"သူ(မ) အရင်တုန်းက ယွမ်မိသားစုဘက်က လက်ထက်ဖို့ကမ်းလှမ်းတာကို ငြင်းဆိုဖို့သတ္တိမရှိခဲ့တာကိုလည်း နောင်တရတယ်လို့လည်း ပြောတယ်။ သူ(မ)က ကျွန်တော်နဲ့ အသစ်ပြန်စချင်တယ်တဲ့ - ကျွန်တော်တို့ အရင်ကပြောခဲ့တဲ့ ခိုးပြေးကြမယ်ဆိုတာမျိုးပေါ့၊ ဒါပေမဲ့ ကျွန်တော် ငြင်းလိုက်ပါတယ်။"


စစ်ဆေးမေးမြန်းသူ: "တန်ဖိုးထားတဲ့အရာဆိုတာ?"


လင်ရှူး: "ကျွန်တော်မသိဘူး။ ပြီးတော့ သဘောလည်းမတူခဲ့ဘူး။ ကျွန်တော် သူ(မ)ကို ဘဏ်မှာအပ်နှံဖို့ ဒါမှမဟုတ် တခြား ယုံကြည်ရတဲ့တစ်ယောက်ယောက်ကိုရှာဖို့ အကြံပေးခဲ့လိုက်တယ်။"


စစ်ဆေးမေးမြန်းသူ: "ဘာလို့ သူ(မ)ကို မကူညီရတာလဲ။ သူ(မ)နဲ့ ဆက်ဆံရေးမှာ နှစ်သက်မှုတချို့တော့ ရှိနေသေးတယ်မဟုတ်ဘူးလား။"


လင်ရှူးက မျက်ခုံးပင့်လိုက်၏။ "ကျောင်းမှာတုန်းက ကျွန်တော် သူ(မ)ကို သူငယ်ချင်းတစ်ယောက်လိုပဲ ဆက်ဆံခဲ့တယ်။ သူ(မ)ရဲ့မိသားစုကလည်း ကျွန်တော်တို့ကို သဘောကျတယ်။ ဒါပေမဲ့ နောက်ပိုင်း ကျွန်တော်တို့မိသားစုရဲ့အပြောင်းအလဲတွေကြောင့် ကျွန်တော်တို့ကံကြမ္မာက မလှခဲ့ဘူးပေါ့ဗျာ။ ဒီတော့ သူ(မ)နဲ့သင့်တော်မဲ့ ယွမ်မိသားစုက သခင်လေးကို ချက်ချင်းရှာဖွေလိုက်ရောဆိုပါတော့။ သူ(မ)က အစကနေ အဆုံးထိ မငြင်းဆန်ခဲ့ဘူးလေ။ အဲ့အချိန်ကစပြီး ကျွန်တော်တို့ရဲ့ ဆက်ဆံရေးမှာ ရင်းနှီးမှုအနည်းငယ်ပဲကျန်တော့တယ်။ အဲ့ဒါကြောင့် သူ(မ)သာ ကျွန်တော့်ကိုလာမရှာခဲ့ရင် သူ(မ)နဲ့ ဘာမှလုပ်စရာရှိမှာမဟုတ်ဘူး။"


စစ်ဆေးမေးမြန်းသူ: "အဲ့လိုဆို မင်းက သူ(မ)ရဲ့အဖိုးတန်အရာတွေကို မြင်သွားပြီး မရိုးသားတဲ့စိတ်တွေရှိလာမယ်၊ ပြီးတော့ သူ(မ)ကို သဘောတူချင်ယောင်ဆောင်ပြီး သူ(မ)ကို လှည့်စားခဲ့မယ်။ အဲ့ဒီနောက်တော့ သူ(မ)ကိုသတ်ပြီး ထွက်ပြေးခဲ့တာရော ဖြစ်နိုင်တာပဲ။"


လင်ရှူးက နှာမှုတ်လိုက်၏။ "အဲ့ဒါတွေက ခင်ဗျားရဲ့ယူဆချက်တွေလေ။ သူ(မ)ပြောတဲ့ အဖိုးတန်အရာတွေကို ကျွန်တော်ဖြင့် မြင်တောင်မမြင်ဖူးဘူး။ ဘယ်လိုလုပ်ပြီး ချမ်းသာဖို့အတွေးမျိုး ဝင်လာနိုင်မှာလဲ။ ပြီးတော့ ကျွန်တော်သာ တစ်စုံတစ်ယောက်ကိုသတ်ပြီး ထွက်ပြေးမယ်ဆိုရင် သိသာတဲ့ခြေရာတွေကို ဘယ်ထားခဲ့ပါမလဲ။"


စစ်ဆေးမေးမြန်းသူက ခေါင်းညိတ်လာ၏။ "အဲ့ဒါက မင်း လှုံ့ဆော်ခံလိုက်ရတဲ့ အခိုက်အတန့်မှာပဲ သူ(မ)ကိုသတ်ခဲ့ပြီး မင်းရဲ့လုပ်ရပ်တွေကို မစဥ်းစားဘဲ ထွက်ပြေးခဲ့တာကို ပြသနေတယ်။"


လင်ရှူး: "ဒါဆို ခေါက်ဆွဲဆိုင်ပိုင်ရှင် သေသွားတာကိုရော ဘယ်လိုရှင်းပြမှာလဲ။ လူသတ်သမားက ကျွန်တော့်ကိုစွပ်စွဲဖို့ ကျွန်တော့်ရဲ့အလီဘိုင်ကို တမင်ဖယ်ထုတ်ပစ်လိုက်တာ။ အဲ့ဒါက ကျွန်တော် လူသတ်သမားမဟုတ်ဘူးဆိုတဲ့ သက်သေပဲမဟုတ်ဘူးလား။"


စစ်ဆေးမေးမြန်းသူ: "ခေါက်ဆွဲဆိုင်မီးလောင်မှုက လုံးဝမတော်တဆဖြစ်ပြီး ဘာကိုမှသက်သေမပြနိုင်ဘူး။"


လင်ရှူးမှာ အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်သွားပြီး ရုတ်တရက်ပြောလာခဲ့သည်။ "ကျွန်တော် ကျွန်တော့်မိသားစုရယ်၊ ရှေ့နေရယ်နဲ့ တွေ့ချင်တယ်။ ကျွန်တော် အာမခံလျှောက်ဖို့လိုအပ်တယ်။


ရဲအရာရှိက ဆုံးဖြတ်ချက်ခိုင်မာသောအကြည့်ဖြင့် ခြေတစ်လှမ်းဆုတ်လိုက်၏။


"မိသားစု? အင်း၊ မင်းက အထဲမှာရောက်နေတာဆိုတော့ တစ်ခုခုကို လွဲချော်သွားမှာပဲ။ မင်းရဲ့ယောက်ဖ ကျိုးစန်းက အကျင့်ပျက်ချစားမှုနဲ့ လာဘ်စားမှုသံသယတွေနဲ့ မနေ့ညတုန်းကပဲ နေအိမ်ကနေ ဖမ်းဆီးခံခဲ့ရတယ်။ မင်းရဲ့အစ်မက အခုဆို အရှုပ်အထွေးကြားထဲရောက်နေပြီး မင်းကို အာရုံမစိုက်နိုင်လောက်တော့ဘူး။"


လင်ရှူး၏မျက်ခုံးတို့က တွန့်ချိုးသွား၏။


"ယွဲ့တင့်ထန်ကရော? သူ့ကို ခေါ်ပေး၊ ကျွန်တော် သူနဲ့ပြောစရာရှိတယ်။"


"မင်း အဲ့ဒီအခွင့်အရေးကို မရလောက်တော့ဘူး။"


တစ်ဖက်လူက ခေါင်းယမ်းက ထရပ်လိုက်ပြီး တံခါးအပြင်ဘက်ရှိ ရဲသားတစ်ယောက်ကို ခေါ်လိုက်သည်။


"သူ ဝန်ခံမှာမဟုတ်ဘူး၊ သူ့ကို နောက်တစ်နေရာဆီ ခေါ်သွားလိုက်။"


__


စာရေးသူမှာ ပြောစရာရှိပါတယ်:


လင်ရှူး: အံဝင်ခွင်ကျဖြစ်အောင် အသက်ရှင်သန်နေရတာ ငါ့အတွက် လွယ်ကူတယ်များထင်နေတာလား။


ယွဲ့တင့်ထန်: ဟီးဟီး။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment