လင်ရှူး ထိုသို့ပြောရင်း သူ၏အကြည့်က ယွဲ့တင့်ထန်၏မျက်နှာဆီမှ လုံးဝဖယ်ခွာမသွားချေ။
သူ၏တုံ့ပြန်မှုက မမျှော်လင့်ထားသလိုပင်။
ယွဲ့တင့်ထန်က အနည်းငယ်အံ့သြသော အရိပ်အမြွက်မျိုး ပြသလာခဲ့၏။
"ဘာလို့ အဲ့လိုထင်တာလဲ။"
လင်ရှူးက ပြန်မေးလိုက်သည်။ "မင်း တုယွင်းနင်ရဲ့အလောင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့တာလား။ မင်းကိုယ်တိုင် စစ်ဆေးခဲ့တာလား။ ပြီးတော့ အဲ့ဒါ တကယ်ပဲ တုယွင်းနင်လား။"
ယွဲ့တင့်ထန်က အတွေးနက်သွားပြီး ခဏအကြာတွင် ဖြည်းဖြည်းချင်း ပါးစပ်ဖွင့်ဟလာခဲ့သည်။
"သူ(မ)ရဲ့ ဘယ်ဘက်လက်ကောက်ဝတ်မှာ အနီရောင်မှဲ့လေးတစ်လုံးရှိတယ်။ အထက်တန်းကျောင်းတုန်းက ကျောင်းသူတွေက သူ(မ)ကိုစနောက်ပြီး နန်းတွင်းအမှတ်အသားလို့ ပြောခဲ့ဖူးတယ်။ ပြီးတော့ သူ(မ) စက်ဘီးလဲတာကနေ ဒူးမှာ အမာရွတ်ရခဲ့သေးတယ်။ ငါ အဲ့ဒါတွေအားလုံးကို မြင်လိုက်တယ်။"
ယခု လင်ရှူး မျက်မှောင်ကြုတ်ရသည့်အလှည့်ပင်။
ယွဲ့တင့်ထန်: "မင်းက ဘာလို့ အဲ့လိုသံသယမျိုးရှိနေတာလဲ။"
လင်ရှူး: "ငါ တုယွင်းနင်နဲ့ တွေ့ဆုံခဲ့တဲ့နေ့ရက်တွေအတွင်းမှာ သူ(မ)က ယွမ်ပင်းနဲ့ပတ်သက်ပြီး ကိစ္စတော်တော်များများကို စိတ်ပျက်နေရုံတင်မကဘူး၊ ယွမ်မိသားစုကနေ ထွက်ပြေးလွတ်မြောက်ဖို့အတွက် ရည်ရွယ်ချက်တွေရှိနေသလိုပဲ။ ငါတို့ သူ(မ) မတော်တဆမဖြစ်ခင်နေ့မှာတွေ့တုန်းကတောင် ငါ့ကို သူ(မ)ကိုခိုးပြေးဖို့အတွက် အဆိုပြုခဲ့သေးတယ်။ ငါငြင်းလိုက်တော့ သူ(မ)က စကားတစ်ခွန်းပြန်ပြောခဲ့တယ်။"
"ဟမ်?" ယွဲ့တင့်ထန်က မေးခွန်းမေးသည့်လေသံဖြင့် တုံ့ပြန်လိုက်၏။
လင်ရှူး: "နင် ငါနဲ့မလိုက်ရင် ဟိုးကမ္ဘာအဆုံးထိ ငါ့ဘာသာငါသွားမယ်။ အဲ့တော့မှ နောင်တမရနဲ့တဲ့။"
ယွဲ့တင့်ထန်: "အဲ့ဒါက သူ(မ)ရဲ့လေသံနဲ့ ဆင်သားပဲ။"
လင်ရှူးက မပျော်တော့ပေ။ "ငါက ဇာတ်လမ်းဆင်နေတယ်လို့ ထင်နေတာမလား။"
ယွဲ့တင့်ထန်: "ဘယ်ဟုတ်မလဲ၊ ဒါပေမဲ့ ယွင်းနင်ငယ်ငယ်လေးကတည်းက အမြဲတမ်း စကားအများကြီးပြောပြီး တကယ်လက်တွေ့လုပ်တာ နည်းတယ်လေ။ သူ(မ)ရဲ့ အခြေအနေကို ဘယ်လောက်ပဲ စိတ်ပျက်နေပါစေ ပြောင်းလဲလိုက်ဖို့ ဘယ်တော့မှသတ္တိမရှိဘူး။ သူ(မ) စာလေ့လာဖို့ နိုင်ငံခြားသွားတဲ့အချိန် ဒါမှမဟုတ် သူ(မ) လက်ထပ်လိုက်တဲ့အချိန်ကလိုမျိုးပေါ့။"
လင်ရှူး: "ငါတို့ ဒီစကားလေးနဲ့တင်စဥ်းစားလိုက်ရင် ဘယ်ဖြစ်နိုင်ပါ့မလဲ။ မင်း မှတ်မိသေးလား၊ သူ(မ)က ယွမ်ပင်းဆီကနေ လုယူခံသွားရမှာစိုးလို့ ငါ့ကို ယုံယုံကြည်ကြည်နဲ့ အပ်နှံချင်တဲ့အရာရှိတယ်လို့ ငါ မင်းကိုပြောခဲ့တယ်လေ။"
ယွဲ့တင့်ထန်က မှတ်မိကြောင်း တုံ့ပြန်လိုက်ပြီး လင်ရှူးက အချိန်ဆွဲနေတာမဟုတ်ကြောင်း တွေးလိုက်မိသည်။
တစ်ဖက်လူက ထိုကိစ္စကို ယခုလိုအချိန်မျိုးမှာ ပြောလာသည့်အတွက် အရင်က ထိမ်ချန်ထားခဲ့သော တစ်စုံတစ်ခုကတော့ရှိလိမ့်မည်။
သေချာပေါက်ပင် လင်ရှူးပြောလာသည်ကို ကြားလိုက်ရ၏။ "အဲ့ဒီအချိန်တုန်းက သူ(မ) လွှဲပြောင်းချင်တဲ့အရာတွေကို စာရင်းပြုစုထားတဲ့ ပိုင်ဆိုင်မှုစာရင်းကို ငါ့ကိုပြလာတယ်။ ဒါပေမဲ့ အဲ့ဒီမှာ လူနှစ်ယောက်ရဲ့လက်ရေးကို ငါတွေ့လိုက်ရတယ်။
ယွဲ့တင့်ထန်: "သူ(မ)နဲ့အတူရေးတဲ့သူက သူ(မ)ရဲ့အစေခံဖြစ်နိုင်လား။"
လင်ရှူး: "သူ(မ) ယွမ်မိသားစုနဲ့ လက်ထပ်လိုက်တော့ သူ(မ)နဲ့အတူ လူတစ်ယောက်တည်းကိုပဲ ခေါ်သွားတဲ့အကြောင်းကို ငါသိတယ်။ အခု သူ(မ)နဲ့အတူရှိနေတဲ့ အစေခံပေါ့။ ဒါပေမဲ့ သူ(မ)က စာမဖတ်တတ်ဘူး။"
ယွဲ့တင့်ထန်: "ဒါဆို သူ(မ)ရဲ့အစီအစဥ်အတိုင်း ယွမ်မိသားစုကနေလွတ်မြောက်ဖို့ ကူညီပေးနေတဲ့ တခြားတစ်စုံတစ်ယောက်ရှိနေတာလား။"
လင်ရှူး: "တုယွင်းနင်က စိတ်ပျော့တယ်၊ ကိုယ်ပိုင်အမြင်မရှိဘူး။ သူ(မ)တစ်ယောက်တည်းအားနဲ့ ယွမ်မိသားစုကနေထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ(မ) ငါ့ကို ခေါ်တွေ့ခါစကဆို ငိုယိုပြီး ညည်းညူနေခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းကျ ထွက်ပြေးဖို့အကြောင်းရယ်၊ အဖိုးတန်ပစ္စည်းတွေကို ငါ့ကိုသိမ်းပေးထားဖို့တောင် ပြောလာခဲ့သေးတယ်။ အဲ့ဒါက တစ်ဆင့်ချင်းစီစဥ်ထားတာမို့ သူ(မ)တွေးနိုင်တဲ့ အရာမဟုတ်ဘူး။
ယွဲ့တင့်ထန်က စဥ်းစားနေ၏။ "ဒါဆို သူ(မ)က အာရုံစိုက်ခံရအောင် မင်းကို ခုတုံးလုပ်သွားခဲ့တယ်။ ပြီးတော့ သေခြင်းတရားကိုအတုလုပ်ပြီး တခြားတစ်ယောက်နဲ့ ထွက်ပြေးသွားခဲ့တယ်၊ အဲ့လိုလား။"
လင်ရှူး: "အဲ့ဒါက မဖြစ်နိုင်တာမဟုတ်ဘူး။"
ယွဲ့တင့်ထန်: "ဒီလိုအရေးကြီးတဲ့သဲလွန်စကို ဘာလို့ ငါ့ကိုစောစောမပြောခဲ့တာလဲ။"
လင်ရှူး: "ဘာလို့ဆို မင်းပေါ်လာတဲ့အချိန်က အရမ်းတိုက်ဆိုင်နေတော့ မင်းက တုယွင်းနင်နဲ့ ဆက်စပ်နေမလားဆိုတာကို ငါ မဆုံးဖြတ်နိုင်လို့။"
ယွဲ့တင့်ထန်: "အခုရော အဲ့လိုတွေးနေတုန်းပဲလား။ ပြောရရင် မင်းရဲ့လက်ရှိအခြေအနေက အကုန်ပိတ်လှောင်ခံထားရပြီး ငါတစ်ယောက်တည်းကပဲ မင်းအတွက် လမ်းဖွင့်ပေးနိုင်မှာ။ မင်း တရားခံအစစ်ကိုရှာပြီး သူ(မ)ကို မြေအောက်ကမ္ဘာမှာ အေးအေးချမ်းချမ်း နေခွင့်မပေးချင်ဘူးလား။ ပြီးတော့ သူ(မ)က မိန်းမကောင်းလေးတစ်ယောက်ပါ။"
လင်ရှူးက တိတ်ဆိတ်နေ၏။
ယွဲ့တင့်ထန်သည် သူ၏အမူအရာကနေပြီး ဘာမှမပြောနိုင်ပေ။
အရင်တုန်းက ယခုလိုမျိုးမဟုတ်ပေ။
သူသည် ပညာရေးလုပ်ဆောင်ချက်များမှာ ပြိုင်ဆိုင်လိုစိတ်ကြီးပြီး လက်ရှိအခြေအနေနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ သတင်းများကို မကြာခဏပြောတတ်သည်။ ထိုမျှသတင်းအများကြီးကို သူ မည်သည့်နေရာမှရလာကြောင်း မသိသော်လည်း အတန်းဆင်းချိန်တိုင်းမှာ သူ့ဘေးပတ်ပတ်လည်တွင် လူအုပ်ကြီးကဝိုင်းရံထားပြီး ကျောင်းသားများက အနည်းငယ်ချဲ့ကားကာ အတက်အကျများစွာနှင့် သူ၏ဇာတ်လမ်းများကို နာထောင်ချင်နေကြ၏။
ယွဲ့တင့်ထန်မှာ သူ့စကားအများစုက အဓိပ္ပာယ်မရှိဘူးဟု ခံစားရသော်လည်း အမှန်တော့ သူလည်း နားထောင်ရတာကို သဘောကျပေသည်။ လျှို့ဝှက်ဆန်းပြားဇာတ်လမ်းများကို နားထောင်ရတာမကြိုက်သည့် ဆယ်ကျော်သက်ဟူ၍ ရှိနိုင်မည်လော။
သူသည် အပြင်ပိုင်းမှာ ဝန်မခံခဲ့သော်လည်း အပြင်မှာရပ်နေပြီး မတော်တဆလိုလို၊ ဖြတ်သွား၍ကြားမိတာလိုလို ဟန်ဆောင်တတ်ပေသည်။
လူအုပ်ကြီးထဲတွင် လင်ရှူးက အမြဲတမ်းအာရုံစိုက်ခံရသည်။ သူ၏အမူအရာက အမြဲတမ်းပြောင်းလဲနေပြီး သက်ဝင်တက်ကြွနေသော သူ၏အမူအရာ၌ မာန်မာနတချို့ရှိနေဟန်။ အထူးသဖြင့် သူ၏မျက်လုံးများပင်။ သူ ပြုံးမနေသည့်တိုင် ပြုံးနေသယောင်ထင်ရပြီး သူကနေချိန်မှာဆို သူ၏မျက်ခုံးများက ပိုပြီးသိသာလှသည်။
၎င်းက ယခုလို ဖြစ်ချင်သလိုဖြစ်ပါစေဟူ၍ တိုက်ခိုက်လိုစိတ်မရှိ၊ ပျင်းရိလေးတွဲနေသလိုမျိုး လုံးဝမဟုတ်ပေ။
"ငါ ဆေးလိပ်ထွက်သောက်လိုက်ဦးမယ်။"
ယွဲ့တင့်ထန်က ထရပ်ကာ အပြင်ကိုလျှောက်သွားလိုက်၏။ ထို့နောက် သူ၏အိတ်ကပ်ကိုစမ်းလိုက်ရာ အလျင်စလိုထွက်လာခဲ့၍ ဆေးလိပ်ယူလာဖို့မေ့ခဲ့ကြောင်း သတိရလိုက်မိ၏။
တစ်ဝက်လောက်ကျန်သော ဆေးလိပ်ဘူးကို လင်ရှူးက ပစ်ပေးလာခဲ့သည်။ ထိုအခါ ယွဲ့တင့်ထန်က မျက်လုံးစွေကြည့်လိုက်၏။
ယွဲ့တင့်ထန် စက္ကန့်ဝက်မျှတောင် မလှုပ်ရှားရသေးခင် လင်ရှူးပြောတာလာကို ကြားလိုက်ရသည်။ "တစ်ဘူးဆို နှစ်ဘူးပဲ! ငါက ဆင်းရဲတယ်။"
(TN/သူ့ကို ဆေးလိပ်နှစ်ဘူးပြန်ပေးရမယ်လို့ပြောတာပါ။)
ယွဲ့တင့်ထန်: ...
သူက အမှန်တကယ် ဆေးလိပ်သောက်ဖို့ထွက်လာတာမဟုတ်ကြောင်း လင်ရှူး ခန့်မှန်းမိလိုက်သည်။
မည်သို့ပင်ဖြစ်စေ ရှန်းရန်ကျယ် သူ့ကိုလိုက်ပို့သောအချိန်က အပြင်မှာစောင့်နေသော ပတ္တရောင်လှည့်ရဲသားနှစ်ယောက်လည်း လိုက်ပါလာခဲ့သည်။
ရှန်းရန်ကျယ်က ဤသည်ကိုတာဝန်ကိုမယူရဲရာ ယွဲ့တင့်ထန်က ထိုပြဿနာများအားလုံးကို သူ့ဘာသာသူဖြေရှင်းရပေမည်။
သေချာပေါက်ပင် သူ ဆေးလိပ်ကို မီးမညှိရသေးခင် ယွဲ့မျိုးရိုးကောင်က လှည့်ထွက်သွား၏။
*****
Aurora Novel Translation Team