no

Font
Theme

လင်ရှူး တိုက်ခိုက်မှုကိုရှောင်ရှားရန် အရှေ့ကိုငုံ့ကိုင်းကာ သူ၏ခြေထောက်အား ကြမ်းပြင်ထက် ဝှေ့ယမ်းလိုက်ပြီး တစ်ဖက်လူကို လဲကျသွားစေခဲ့သည်။ အရှိန်အဟုန်ကို အခွင့်ကောင်းယူကာ ထိုသူက တစ်ဖက်ကိုလှိမ့်လိုက်ပြီး ပြန်ထ၍ သူ့အား သစ်သားတုတ်ဖြင့် ယမ်းလာ၏။ လျင်မြန်တိကျသော လှုပ်ရှားမှုကြောင့် လင်ရှူး၏လက်ထဲက ဓာတ်မီးမှာ လွင့်သွားခဲ့သည်။


ဓာတ်မီးက ထောင့်ချိုးမှာကျသွားပြီး တစ်ခုတည်းသောအလင်းရောင်က လုံးဝကွယ်ပျောက်သွားတော့၏။


သူ လှည့်လိုက်သည့်အချိန်မှာ တစ်ဖက်လူက မကောင်းဆိုးဝါး ပြဇာတ်မျက်နှာဖုံးတပ်ကာ ထူးခြားပြီး ချဲ့ကားလွန်းသော ဝတ်ရုံတိုကို ဝတ်ဆင်ထားကြောင်း တွေ့လိုက်ရသည်။


ထိုသူက သိုင်းပညာရှင်တစ်ယောက်ပင်။


ရိုးရိုးသိုင်းပညာရှင်မဟုတ်ဘဲ ထူးချွန်သူတစ်ယောက်ဖြစ်၏။


လင်ရှူး၏မျက်လုံးများက အမှောင်ထုနှင့် အသားမကျခင် တစ်ဖက်လူက အရှေ့သို့တက်လာ၏။ သစ်သားတုတ်ကို သူ၏သေစေနိုင်သောနေရာများဆီချိန်ရွယ်ကာ လွှဲယမ်းနေခဲ့သည်။


တစ်ချိန်တည်းမှာပင် စားသောက်ဆိုင်၏ တံခါးအရှေ့ဘက်ကနေ သေနတ်ပစ်သံကို ကြားလိုက်ရပြန်၏။


လင်ရှူး အနည်းငယ် စိုးရိမ်လာ၏။


တစ်ဖက်လူ၏လှုပ်ရှားမှုတို့က လျင်မြန်တိကျပြီး ကျွမ်းကျင်ပေသည်။ သူက သာမန်လမ်းသရဲမဟုတ်ပေ။


လင်ရှူး သူ၏ခါးပေါ်ကသေနတ်ဆီ လက်လှမ်းလိုက်တိုင်း တစ်ဖက်လူ၏တုတ်က ကြားဖြတ်ဝင်ရောက်လာပြီး သူ့ကို ယွဲ့တင့်ထန်၏အခြေအနေအား အာရုံစိုက်ချိန်မပေးခဲ့ပေ။


သူ လက်ဦးမှုဆုံးရှုံးသွားသည်နှင့် နေရာတိုင်းမှာ အားနည်းချက်များဖြစ်ပေါ်လာခဲ့သည်။


တစ်ဖက်လူက သူ့ကိုကန်လိုက်ချိန်တွင် လင်ရှူးတစ်ယောက် သစ်သားကျိုးပဲ့စများနှင့် ကျောက်တုံးကျောက်ခဲများကြောင့် နာကျင်ရမည်ကို မမှုဘဲ တစ်ဖက်ကိုလှိမ့်လိုက်ပြီး တုတ်ချောင်းတစ်ခုကိုကောက်ယူကာ တစ်ဖက်လူထဲ လွှဲယမ်းလိုက်၏။


ကျယ်လောင်သော အသံနှင့်အတူ တုတ်ချောင်းချင်း တိုက်မိသွားပြီး လင်ရှူး၏လက်ထဲမှတစ်ခုသည် နှစ်ပိုင်းကျိုးသွားလေ၏။ တစ်ဖက်လူက လင်ရှူး၏ခါးကို ကန်လိုက်ရာ သူ နောက်ပြန်လဲကျသွားပြီး အော်ညည်းသံထွက်သွားလေသည်။


အပြင်ဘက်က သေနတ်သံများ ထပ်ပြီးထွက်ပေါ်လာ၏။


တစ်ချိန်တည်းမှာပင် တိုက်ခိုက်သံများလည်း ကြားနေရသည်။


အပြင်ဘက်ရှိအခြေအနေက တော်တော်လေးပြင်းထန်ကြောင်း တွေးကြည့်လို့ရပေ၏။


လင်ရှူး သူ၏နံရိုးက အက်သွားပြီဟု ခံစားလိုက်ရသည်။ ထို့နောက် စူးရှသောနာကျင်မှုက လှိုင်းလုံးသဏ္ဌာန် ပေါ်ထွက်လာခဲ့သည်။


သို့သော် ရန်သူ၏လှုပ်ရှားမှုတို့က လုံးဝရပ်တန့်မသွားပေ။ လက်သီးနှင့် ခြေထောက်များက လွှဲယမ်းနေသောတုတ်နှင့် ပေါင်းစပ်ကာ လှုပ်ရှားမှုတိုင်းသည် အသာစီးမရသော လင်ရှူးထံ ချိန်ရွယ်ခဲ့၏။


သူ သေနတ်ဆွဲထုတ်ရန်ပြင်လိုက်ချိန်မှာ အကန်ခံလိုက်စပြန်သည်။ တစ်ဖက်လူ၏ခြေထောက်များက လင်ရှူး၏လက်ကောက်ဝတ်ကို ကန်လိုက်သည်။


ထိုအခိုက်အတန့်တွင် သူ၏လက်က သုံးစားမရဖြစ်သွားတော့မှာပဲဟု လင်ရှူးတွေးလိုက်မိသည်။


...


ယွဲ့တင့်ထန် သူ၏အခြေအနေက အန္တရာယ်များကြောင်း သိပေ၏။


သူသာ စောစောက အမြန်မတုံ့ပြန်နိုင်လျှင် သွေးထွက်နေသည်က သူ၏လက်မောင်းမဟုတ်ဘဲ သူ၏နှလုံးဖြစ်သွားမည်ကိုလည်း သူသိသည်။


သေနတ်သမားက သူနှင့် အလွန်နီးကပ်နေပြီး စားသောက်ဆိုင်ဝင်ပေါက်မှာ ပုန်းနေတာဖြစ်နိုင်သလို နံရံအနောက်မှာလည်း ဖြစ်နိုင်၏။ သူ ဝင်လိုက်သည်နှင့် သေနတ်က သူ့ထံ ချိန်ရွယ်လာခဲ့သည်။


သူ့အနောက်မှ အလင်းရောင်အရင်းအမြစ်လေးရှိပြီး ထိုအလင်းရောင်က သူ့အား ဖော်ထုတ်ပြလိုက်သည်။


သူ့မှာ ပုန်းစရာမရှိတော့ပေ။


ဆိုရိုးစကားအတိုင်း ရန်သူက အမှောင်ထဲမှာရှိနေပြီး မိမိက အလင်းရောင်ထဲမှာရှိနေခဲ့သည်။


တစ်ခုတည်းသော ဖြေသိမ့်စရာမှာ တစ်ဖက်ကသေနတ်သမားသည် မကျွမ်းကျင်သောသူဖြစ်၏။ ထိုမျှနီးကပ်သောအကွာအဝေးနှင့် သုံးချက်ပစ်လိုက်သော်လည်း တစ်ချက်က ယွဲ့တင့်ထန်၏လက်မောင်းကို ထိမှန်သွားပြီး နှစ်ချက်က လွဲချော်သွားခဲ့သည်။


ဤသည်က လူသစ်ကလေးဖြစ်မည်ဟု ယွဲ့တင့်ထန် တွေးလိုက်မိသည်။ ဤသည်မှာ သူ၏ ပထမဆုံးအကြိမ်လူသတ်ခြင်းဖြစ်ရာ စိတ်လှုပ်ရှားနေတာ ဖြစ်နိုင်ပေ၏။


အိမ်ထဲမှ တိုက်ခိုက်သံများ ထွက်ပေါ်လာ၏။


တစ်ဖက်လူက တစ်ယောက်တည်းလာတာမဟုတ်ပေ။


တစ်နည်းဆိုရသော် ဟုန်ရှောင်ကွမ်းမှာ ကြံရာပါရှိနေသည်။


သူနှင့် လင်ရှူးတို့က ဘာမှရှာမတွေ့သေးသော်လည်း တစ်ဖက်လူက အလောတကြီးထွက်လာပြီး ၎င်းတို့ကိုသတ်ဖြတ်ဖို့ကြံရွယ်လာသည်။ ဒါက အရမ်းအလျင်စလိုမဖြစ်လွန်းဘူးလား။


ယွဲ့တင့်ထန် လင်ရှူးကို ကူညီပေးချင်၏။


သို့သော် သူ တိုင်လုံးနောက်ကနေ ထွက်လာသည်နှင့် သေနတ်သံကို ထပ်ကြားလိုက်ရသည်။


ပူလောင်သောနာကျင်မှုတစ်ခုက သူ၏ပါးပြင်၌ ပျံ့နှံ့သွား၏။ ယွဲ့တင့်ထန် လက်မြှောက်ကာ ထိကြည့်လိုက်ရာ စေးကပ်နေပေသည်။


တစ်ဖက်လူ၏လက်ဖြောင့်မှုက တိကျမှုမရှိတာမဟုတ်ဘဲ သူ့ကိုသတ်ရန် ကျည်ဆန်တစ်တောင့်သာလိုကြောင်း သူ သတိပြုမိလိုက်ပေသည်။


သူ နည်းလမ်းရှာရမည်။


ယွဲ့တင့်ထန်၏အကြည့်က သူ၏ခြေထောက်နားက ကျောက်ခဲလေးများဆီ ကျရောက်သွားခဲ့သည်။


...


လင်ရှူး အမောတကော အသက်ရှူကာ ခေါင်းလှည့်၍ တစ်ဖက်လူ၏တိုက်ကွက်များကို ရှောင်ရှားနေရသည်။ သူက တံတောင်ဖြင့် ရန်သူ၏ရင်ဘတ်အား ထိုးလိုက်၏။


တစ်ချိန်တည်းမှာပင် သူ၏ဦးခေါင်းမှာ တုတ်ချောင်းဖြင့် ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရသည်!


သူနှင့် တစ်ဖက်လူက အတူတူ နောက်ပြန်လဲကျသွားကြသည်။


သူ၏နားရွက်များထဲ မြည်ဟည်းနေပြီး မရေမတွက်နိုင်သော ယင်ကောင်များစွာ ပျံဝဲနေသလို တဝီဝီမြည်နေသည်။ နာကျင်မှုက ပျံ့နှံ့သွားသောအခါ သူ၏ဦးခေါင်းတစ်ခုလုံး ထုံထိုင်းနေပြီး အခိုက်အတန့်တစ်ခုလောက် ဘာကိုမှမတွေးနိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်ရှိ နေရာတော်တော်များများက မေ့လဲတော့မည်ဟူ၍ အော်ဟစ်နေသယောင်။


ရန်သူသည် လင်ရှူးက ထိုသို့တုံ့ပြန်လိမ့်မည်ဟု ထင်မထားလောက်ရာ သူ၏နှလုံးသားနေရာအား အကန်ခံလိုက်ရသဖြင့် မခံမရပ်နိုင်အောင် နာကျင်သွား၏။ သူက သူ၏ရင်ဘတ်ကို အုပ်ကိုင်ထားပြီး အသက်ပြင်းပြင်းရှူရှိုက်ကာ သစ်သားတုတ်ကိုဆုပ်ကိုင်၍ ထရပ်ရန်ကြိုးစားလိုက်သည်။


သူက လူသားခန္ဓာကိုယ်၏ အားနည်းသောနေရာတို့ကို ရင်းနှီးနေပြီး သူစောစောက အသုံးပြုလိုက်သောတုတ်သည် လင်ရှူး၏အသိစိတ်တို့ကို လွတ်ထွက်သွားစေမည်ဖြစ်ကြောင်း သေချာနေ၏။ သူ သတိမေ့ချင်ယောင် ဆောင်နေရမည်။


သူက လင်ရှူး၏အသက်ကို မလိုချင်ပေ။ မဟုတ်လျှင် သူ၏သေနတ်သမားနှင့်ဆို လင်ရှူးတစ်ယောက် နေရာမှာတင် ပွဲချင်းပြီးနေလောက်မည်ဖြစ်ပြီး ဤနေရာ၌ အကြာကြီးရှိမနေနိုင်ချေ။


သို့သော် ရန်သူသည် အလွန်ဒေါသထွက်နေ၏။


ထိုလူက အပြင်ဘက်ကအခြေအနေအား မဖြေရှင်းနိုင်သေးသည့်အတွက် ဒေါသထွက်နေပြီး လင်ရှူးဆီမှာ ရှာတွေ့ခံလိုက်ရသည့်အတွက် ဒေါသထွက်နေခဲ့သည်။


သူ၏ရင်ဘတ်ကနာကျင်မှုသည် သူ၏ဒေါသအား တိုးပွားလာစေခဲ့သည်။


ရန်သူက ထရပ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး လင်ရှူးရှိရာဆီ လျှောက်လာခဲ့၏။


သူက အိတ်ကပ်ထဲစမ်းကာ ဓာတ်မီးကိုထုတ်ယူလိုက်ပြီး လင်ရှူးကို ထိုးကြည့်လိုက်သည်။


တစ်ဖက်လူက ကြမ်းပြင်ပေါ်မှာ လှုပ်ရှားမှုမဲ့စွာ လဲလျောင်းနေပြီး သတိမေ့နေသည့်ပုံပင်။


သူ ငုံ့ကိုင်းပြီးကြည့်လိုက်၏။


သူသည် လင်ရှူး၏အသက်ကို ယာယီဆက်ထိန်းခွင့်ပေးထားသော်လည်း သူ့အား မြန်မြန် နိုးထခွင့်မပေးနိုင်ချေ။


သူသာ အချိန်ကိုက် မလုပ်ဆောင်နိုင်ခဲ့လျှင် ကွဲပြားမှုအနည်းငယ်ရှိလာပြီး ထိုကိစ္စအား ကျေနပ်အားရဖွယ် ဖြေရှင့်နိုင်မှာမဟုတ်ဘဲ လှုပ်ခတ်မှုများ ရှိလာနိုင်ပေသည်။


သူ အမှားတစ်ခုလုပ်ပြီးပြီဖြစ်ရာ နောက်ထပ် သတိလက်လွတ်ဖြစ်လို့မရချေ။


သူက ဓာတ်မီးကို ဘေးချကာ လင်ရှူး၏လည်ပင်းဆီ လက်လှမ်းလိုက်သည်။


အပြင်ဘက်မှ သေနတ်သံ ထပ်ကြားလိုက်ရပြန်သည်။


ရန်သူမှာ အပြင်ဘက်ရှိ သူ၏အပေါင်းအပါကို တိတ်တိတ်လေး ဆဲရေးလိုက်၏။


ထိုအချိန်၌ သူ ထိလိုက်သောခန္ဓာကိုယ်က အနည်းငယ်လှုပ်ရှားသွားပြီး ကြွက်သားများက တောင့်တင်းသွားကြောင်း သူ ခံစားမိလိုက်သည်။


ရန်သူ၏နှလုံးသားထဲ သတိပေးခေါင်းလောင်းသံ မြည်လာပြီး ချက်ချင်း တုတ်ကိုလှမ်းဆွဲကာ လင်ရှူး၏ဦးခေါင်းဆီ ထပ်မံ လွှဲယမ်းလိုက်၏!


သို့သော် အလွန်နောက်ကျသွားချေပြီ!


လင်ရှူးက လွှဲယမ်းလာသောတုတ်ကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး တခြားတစ်ဖက်က သူ့ဆီလှမ်းလာ၏။


ထိုအခါမှ သူက တစ်ချိန်လုံး သူ့အနောက်မှာဝှက်ထားခဲ့သော သစ်သားတုတ်အကျိုးကို ကိုင်ထားကြောင်း ရန်သူက သိလိုက်ရပေသည်။


နောက်ပြန်ဆုတ်ရန် အလွန်နောက်ကျသွားပြီး ချက်ချင်းဆိုသလို သူ၏ဝမ်းဗိုက်မှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်!


၎င်းမှာ သစ်သားတုတ်အကျိုးက သူ့ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်လာကြောင်းသိရဖို့ ငုံ့ကြည့်စရာတောင်မလိုခဲ့ချေ။


တုတ်အချွန်က သူ့ဝတ်ရုံအစကိုဖြတ်ကာ အသွေးအသားထဲ ထိုးဖောက်ဝင်လာခဲ့ရာ အံကြိတ်ထားသည့်အော်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။


ထိုအသံက သူ့ဆီကနေလာခြင်းဖြစ်၏။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment