ယွဲ့တင့်ထန်၏ စွပ်ပြုတ်ပန်းကန်ကိုင်ထားသောလက်တို့က ရပ်တန့်သွား၏။
"သူ(မ)က ဘာဖြစ်လို့လဲ။"
ယွဲ့ချွင်းရှောင်: "ဘာမှတော့ မဟုတ်ပါဘူး။ သူ(မ)က မြို့တော်စည်ပင်သာယာရေးအဖွဲ့က စာရေးတစ်ယောက်နဲ့ လက်ထပ်လိုက်တာကို ငါ ဒီတစ်ခေါက်ပြန်လာတော့မှ သိလိုက်ရတာ။ သူ(မ)က ပြောင်းလဲမသွားပေမဲ့ သူ(မ)ရဲ့အခြေအနေကတော့ ပြောင်းလဲသွားတယ်။ ဟူး၊ အရင်တုန်းက လင်မိသားစုမှာ ဂုဏ်ကျက်သရေတွေထွန်းလင်းပြီး ကြီးကျယ်ခမ်းနားခဲ့ပေမဲ့ အခုတော့ ပျောက်ကွယ်သွားခဲ့ပြီပဲ။ သူ(မ)က ငါ့ရှေ့မှာ ချမ်းသာတဲ့အမျိုးသမီးတစ်ဦးလို ပြုမူဖို့ကြိုးစားနေတုန်းပဲ၊ ဒါပေမဲ့ ငါကတော့ ဖောက်မြင်နိုင်တယ်လေ။"
ယွဲ့တင့်ထန်: "အရင်တုန်းက ကျဲတို့နှစ်ယောက် တော်တော်လေး ဆက်ဆံရေးကောင်းတယ်မဟုတ်ဘူးလား။"
ယွဲ့ချွင်းရှောင်က ရယ်လေ၏။ "နင် မိန်းမတွေအကြောင်း နားမလည်ပါဘူး။ သူ(မ)က ငါ့ကို ကျော်တက်ချင်တယ်၊ ငါက သူ(မ)ကို ကျော်တက်ချင်တယ်။ သဘောပေါက်လား။"
ယွဲ့တင့်ထန်က နိဂုံးချုပ်လိုက်၏။ "အပေါ်ယံ သူငယ်ချင်းဆက်ဆံရေးပေါ့။"
ထိုသို့ပြောပြီးနောက် ဘေးသို့အမြန်ယို့ကာ သူ့အစ်မ၏လက်ကို ရှောင်လိုက်သည်။
ယွဲ့ချွင်းရှောင်က ဆက်လက်ပြီးပြောလာခဲ့၏။ "ငါမှတ်မိသေးတယ်။ ကျောင်းတုန်းကဆို လင်ယောင်က နေ့တိုင်း အဝတ်အစားတစ်မျိုးပြီးတစ်မျိုးနဲ့ ဘယ်တော့မှ မထပ်စေရဘူး။ တရုတ်မှာမရသေးတဲ့ လက်ကိုင်အိတ်တွေ၊ ရေမွှေးတွေဆိုလည်း သူ(မ)က အနောက်နိုင်ငံတွေကနေ တစ်စုံတစ်ယောက်ကို ဝယ်ခိုင်းပြီးသွားပြီ။ ဒါပေမဲ့ အခုတော့ သူ(မ)ဝတ်ထားတဲ့ ချီဖောင်ဆို သေချာကြည့်ရင် အစွန်းအထင်းတွေကိုတောင် မြင်နိုင်သေးတယ်။ လင်ယောင်တစ်ယောက် ဘယ်လိုဘဝမျိုးမှာနေထိုင်နေလဲဆိုတာ မှန်းဆကြည့်လို့ရတယ်! ပြောတော့မှပဲ နင့်ရဲ့အတန်းဖော်လင်ရှူးရော ဘယ်လိုနေလဲ။ သူနဲ့ အဆက်အသွယ်ရှိလား။"
ယွဲ့တင့်ထန်: "တော်တော်နည်းပါတယ်။"
ယွဲ့ချွင်းရှောင်: "ဆိုရိုးစကားတွေအတိုင်း အတန်းဖော်ဟောင်းတွေကြားက ခင်မင်ရင်းနှီးမှုဟာ အဖိုးအတန်ဆုံးပဲ။ မင်းမှာ အချိန်ရှိရင် စကားလေးဘာလေးပြောပြီး အတိတ်ကနေ့ရက်တွေအကြောင်း စမြုံ့ပြန်ရအောင် အိမ်ကိုဖိတ်လိုက်လေ။ ငါ အဲ့ကလေးကို ငယ်ငယ်လေးကတည်းက သဘောကျခဲ့တာ၊ သူက ဉာဏ်လည်းကောင်းတယ်၊ လှလည်းလှတယ်။ သူ့မိသားစုရဲ့ ငွေရေးကြေးရေးအခက်အခဲကြောင့်သာမဟုတ်ရင် သူက အခု နင့်ထက်တောင် ပိုကောင်းအောင်လုပ်နေနိုင်တယ်!"
ယွဲ့တင့်ထန်: "ကျဲက ဘယ်လိုတောင်လဲ။ တစ်ဖက်မှာကျ သူ့အစ်မကိုမုန်းတယ်၊ တစ်ဖက်မှာကျ သူ့ကို အိမ်လာလည်ဖို့ဖိတ်ချင်နေတယ်။"
ယွဲ့ချွင်းရှောင်က ရယ်လေ၏။ "အဲ့ဒါက ဘာဆိုင်လို့လဲ။ သူ့အစ်မကိုမုန်းတာက သူ့ကိုမုန်းတယ်လို့ဆိုလိုတာမှမဟုတ်တာ။"
ယွဲ့တင့်ထန်က စွပ်ပြုတ်ပန်းကန်ကို အောက်ချလိုက်သည်။
"ဒါဆို ကျဲ စိတ်ပျက်သွားမှာကို စိုးရိမ်မိတယ်။"
ယွဲ့ချွင်းရှောင်က ပဟေဠိဖြစ်သွား၏။
ယွဲ့တင့်ထန်: "လင်ရှူးက အခု လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်နေပြီး အကြီးမားဆုံးသံသယရှိသူဖြစ်နေတယ်။"
ယွဲ့ချွင်းရှောင်မှာ အံ့သြထိတ်လန့်သွား၏။ "ဒါဆို လင်ယောင်..."
ယွဲ့တင့်ထန်: "သူ(မ) ဒီအကြောင်းကို မသိသေးဘူး။ ကျွန်တော်တို့ဘက်က သတင်းတွေကို ဖုံးထားပြီး သတင်းစာတိုက်တွေကိုလည်း သတင်းထုတ်ဝေဖို့ ယာယီတားမြစ်ထားတယ်။ မဟုတ်ရင် သေဆုံးသူရဲ့အနေအထားနဲ့ဆို လုံးဝရုန်းရင်းဆန်ခတ်တွေဖြစ်သွားနိုင်တယ်။"
ယွဲ့ချွင်းရှောင်: "မဖြစ်နိုင်တာ၊ လင်ရှူးက ကျောင်းမှာကတည်းက လိမ္မာရေးခြားရှိတဲ့ကလေးတစ်ယောက်ပါ။ ငါမှတ်မိသးတယ်..."
ယွဲ့တင့်ထန်: "သေဆုံးသူက တုယွင်းနင်၊ ကျဲလည်း သူ့ကိုသိမှာပါ။ လင်ရှူးရဲ့ အတန်းဖော်ဟောင်းပဲ။"
ယွဲ့ချွင်းရှောင်က ဆွံ့အသွားလေသည်။
"ကျွန်တော် စားပြီးပြီ။"
ယွဲ့တင့်ထန်က ထရပ်ကာ အပေါ်ထပ်ရှိ သူ၏အခန်းဆီသွားရန် ပြင်လိုက်၏။
"ရှောင်တိ။"
ယွဲ့ချွင်းရှောင်က သူ့ကို တားလိုက်သည်။
"လင်ယောင်၊ ငါ သူ(မ)ကို သဘောမကျပေမဲ့ ငါတို့မှာ ဘာရန်ငြိုးမှမရှိဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့က အတန်းဖော်ဟောင်းတွေဖြစ်နေတုန်းပဲ။ လင်မိသားစုက အခုလိုပုံစံမျိုးဖြစ်နေတာ၊ လင်ရှူးက လင်မိသားစုရဲ့ တစ်ဦးတည်းသော သားယောက်ျားလေးလေ၊ ဒီကိစ္စက မှားယွင်းနေတာရော ဖြစ်နိုင်လား။"
ယွဲ့တင့်ထန်: "အမှုက ပြည်သူ့သက်သာချောင်ချိရေးနယ်မြေမှာ ဖြစ်သွားတာမို့ ကျွန်တော် စမစ်နောက်ကိုလိုက်ပြီး ကူညီပေးနေတယ်။ အခုက သက်သေစုဆောင်းတဲ့အဆင့်ပဲ ရှိပါသေးတယ်။"
ယွဲ့ချွင်းရှောင်က တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်ပြန်သည်။
"ဒါက ဘယ်လိုကိစ္စမျိုးပါလိမ့်။ နှစ်သစ်ကူးကိုရောက်တော့မယ်၊ လင်ယောင်သာ သိသွားရင် မိုးပြိုကျလာမှာကို ငါတော့စိုးရိမ်မိတယ်။"
ယွဲ့တင့်ထန်က လှေကားပေါ်တက်ရင်း ပူပူလောလော အိမ်ချက်ဟင်းလျာများ ပြည့်နှက်နေသော စားပွဲနှင့် ထိုစားပွဲမှာထိုင်ကာ မျက်မှောင်ကြုတ်နေသော ယွဲ့ချွင်းရှောင်ကို ကြည့်လိုက်သည်။
သူ့အခန်းထဲကိုပြန်ရောက်ပြီး ဆေးကြောသန့်စင်ကာ မနက်ဖြန်တွင် ကျောင်းသို့သွား၍စာတမ်းပြင်ဆင်ရမည်ဖြစ်သဖြင့် စောစောအိပ်ရာဝင်သင့်သော်လည်း ယွဲ့တင့်ထန်က လူးကာလှိမ့်ကာဖြင့် အိပ်မပျော်နိုင်ခဲ့ချေ။
'လင်ရှူးက လင်မိသားစုမှာ တစ်ဦးတည်းသော သားယောက်ျားလေး' ဆိုသည့်စကားက သူ၏စိတ်ထဲမှာ ပြေးလွှားနေခဲ့သည်။
သူ အိပ်ရာဘေးရှိစားပွဲပေါ်မှ အိတ်ဆောင်နာရီကိုလှမ်းယူလိုက်၏။ ၎င်းမှာ ညသန်းခေါင်အချိန်ကို ညွှန်ပြနေသည်။
ယွဲ့တင့်ထန် သူ၏နှာခေါင်းကိုပွတ်လိုက်ပြီး ထရပ်ကာ ပိုးသားညအိပ်ဝတ်စုံကိုချွတ်၍ အနောက်တိုင်းဝတ်စုံအား ဖြည်းဖြည်းချင်းလဲနေခဲ့၏။ ထို့နောက် အစေခံတစ်ယောက်ကို ခေါ်လိုက်သည်။
"စတုတ္ထသခင်လေး၊ ဘာများ အလိုရှိလို့ပါလဲ။"
"ဒရိုင်ဘာကိုသွားခေါ်လိုက်။ ငါ အပြင်သွားမယ်။"
"ဒီအချိန်ကြီးကိုလား။"
"အင်း၊ သွားတော့။"
__
ဗဟိုကင်းထဲသို့ ဝင်လိုက်သည်နှင့် ရှန်းရန်ကျယ်က အမြန်ထရပ်လာခဲ့သည်။
ယွဲ့တင့်ထန်အပေါ် ဤဝဝဖြိုးဖြိုးတရုတ်အစောင့်လေးက အထင်ကြီးနေပြီးသားဖြစ်၏။
"မစ္စတာယွဲ့၊ နောက်ကျနေပြီကို ဘာလို့ ဒီကိုရောက်လာတာလဲ။"
ရှန်းရန်ကျယ်၏မျက်နှာမှာ နောက်ဆုံးအကြိမ်တွေ့ခဲ့ရတုန်းကလို သာယာမှုမရှိဘဲ သူ၏နှုတ်ခမ်းအား အတင်းပင့်ကာ ကြိုးစားပြီးပြုံးနေရသည်။
ယွဲ့တင့်ထန် သံသယစိတ်တို့ ပြည့်နှက်သွား၏။
"တုယွင်းနင်ရဲ့အမှုမှာ ကျွန်တော် အသေးစိတ်အချက်အလက်တွေကို စဥ်းစားမိလို့ သံသယရှိသူကို မေးချင်တာလေးတွေရှိတယ်။ ခင်ဗျား လင်ရှူးကို သွားခေါ်လာပေးလို့ရမလား။"
"ဒါက..." ရှန်းရန်ကျယ်မှာ အားနာနေသည့်ဟန်။
ယွဲ့တင့်ထန်: "ဘာလဲ၊ မရဘူးလား။"
ရှန်းရန်ကျယ်: "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ အခုက တော်တော်လေးနောက်ကျနေပြီး သန်းခေါင်တောင်ရောက်တော့မယ်ဆိုတော့ ကျွန်တော်တို့ မနက်ဖြန်ကျမှလုပ်ရင်ရော? အနည်းဆုံးတော့ သံသယတရားခံကို ကောင်းကောင်းအိပ်ခိုင်းလိုက်မှ မနက်ဖြန်ကျ ခေါင်းပိုရှင်းလာမှာလေ၊ ဟုတ်တယ်မလား။"
ယွဲ့တင့်ထန်သည် သံသယရှိသူများအပေါ် ဗဟိုကင်း၏ဆက်ဆံပုံနှင့်ပတ်သက်ပြီး ဇာတ်လမ်းမျိုးစုံ ကြားဖူး၏။
သူ့မျက်လုံးနှင့် ကိုယ်တိုင်မမြင်ဖူးသော်ငြား ၎င်းတို့အများစုမှာ အမှန်ဖြစ်ကြောင်း ယွဲ့တင့်ထန်သိပေသည်။
တစ်စုံတစ်ယောက်အား ဝန်ခံအောင်ပြုလုပ်ဖို့ နည်းလမ်းများစွာရှိသည် - လူများကို သေချင်အောင်ပြုလုပ်ခြင်း၊ ရှင်သန်ချင်အောင်ပြုလုပ်ခြင်းနှင့် သေခြင်းတရားကို မရှာဖွေနိုင်အောင်၊ ရှင်သန်ခြင်းကို မရှာဖွေနိုင်အောင်ပြုလုပ်ခြင်း...
"ရဲအရာရှိတွေက သံသယတရားခံတွေအပေါ် ဘယ်အချိန်တုန်းကများ သက်ညှာမှုရှိသွားတာလဲဆိုတာ ကျွန်တော်မသိဘူး၊ သူတို့က စစ်ဆေးမှုပြုလုပ်ဖို့တောင် နေ့တွေညတွေခွဲနေပြီလား။"
ယခုလို အေးစက်သောဆောင်းရာသီ၌ သူ၏အကြည့်စူးစူးအောက်မှာ ရှန်းရန်ကျယ်၏နှာခေါင်းတစ်ဝိုက်တွင် ချွေးပြန်နေလေပြီ။
"အာ၊ ဒါဆို ခဏစောင့်ပါဦး။ ကျွန်တော် သွားခေါ်ခိုင်းလိုက်ပါ့မယ်!"
"မလိုဘူး။"
သူက ရှန်းရန်ကျယ်ကိုကျော်တက်ကာ အနောက်ဘက်ရှိ အကျဥ်းထောင်ဆီသို့ လျှောက်သွားခဲ့လေသည်။
"ကျွန်တော်ကိုယ်တိုင် သွားခေါ်လိုက်မယ်!"
*****
Aurora Novel Translation Team