no

Font
Theme

လင်ရှူးသည် ရဲအရာရှိတစ်ဦးဖြစ်သည့်အတွက် အကျဥ်းထောင်ပတ်ဝန်းကျင်က မည်သို့မည်ပုံရှိသည်ကို သိပါ၏။


အုတ်နှင့် အုတ်ကြွပ်အဆောက်အအုံများ၏နံရံများတွင် ရေညှိများနှင့် အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး အနက်ရောင်အစက်အပြောက်များ စွန်းထင်းနေသည်။ တံစက်မြိတ်အောက်တွင် တစ်ခုတည်းသော အလင်းရောင်အရင်းအမြစ်ဖြစ်သည့် ပြတင်းပေါက်လေးတစ်ခုသာရှိသည်။ နေ့ခင်းဘက်မှာတော့ အလင်းရောင် အနည်းငယ်လောက်ရသော်လည်း ညဘက်မှာတော့ အစောင့်များသည် အကျဉ်းသားများအတွက် ဖယောင်းတိုင် သို့မဟုတ် လျှပ်စစ်မီးများကို ဖြုန်းတီးမှာမဟုတ်ဘဲ လူတိုင်းမှာ မကောင်းသည့်အနံ့အသက်တို့ကို ရှူရှိုက်ရင်း အမှောင်ထဲမှာ အိပ်စက်ကြရသည်။


ဆောင်းရာသီဆို ရှင်သန်နေထိုင်ဖို့ ပိုပြီးခက်ခဲပေ၏။ ကျောက်သမံတလင်းက အေးစက်မာကျောပြီး အဖုအထစ်များ၊ အချိုင့်အခွက်များ အပြည့်ပင်။ အများဆုံးမှ မြက်ဖျာကြမ်းကိုသာ ခင်းအိပ်ကြရမည်။ အဝတ်ပါးပါးလေးနှင့် အကျဥ်းထောင်ထဲကို ပို့ခံလိုက်ရပါက အေးခဲသွားဖို့ အချိန်ကြာလိုက်မှာမဟုတ်ဘဲ ကြီးလေးသောအပြစ်သားများဆို အမိန့်ချတာကိုတောင် မကြားနာနိုင်ခင် သေဆုံးသွားနိုင်ပေ၏။


လင်ရှူး၏ခန္ဓာကိုယ်က ထူထဲသောသိုးမွေးကုတ်အင်္ကျီကြောင့် နွေးထွေးနေသည်။ ထိုအင်္ကျီမှာ နှစ်သစ်ကူးအားလပ်ရက်အတွက် ဝတ်ဆင်ဖို့ရာ အရင်လက ယုံအန်းကုန်တိုက်မှ သူ့အစ်မဝယ်ထားခဲ့တာဖြစ်၏။ သို့သော် လင်ရှူးက မမေးမမြန်းဘဲ ယနေ့ည အပြင်ထွက်တော့ ကောက်ဝတ်လာခဲ့သည်။ သို့သော် ယခုလိုအခြေအနေဖြစ်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။


မည်းမှောင်စိုစွတ်ပြီး ထိုင်းမှိုင်းတယ် - ဤသည်မှာ အကျဥ်းထောင်များအပေါ် လင်ရှူး၏ထင်မြင်ချက်ဖြစ်၏။


မည်သည့်အကျဥ်းထောင်ပဲဖြစ်ပါစေ၊ မထူးမခြားနားပင်။


အမှောင်ထု၏အဆုံးတွင် မှိန်ဖျော့သော ငိုရှိုက်သံများနှင့် မရေမတွက်နိုင်သော ညည်းတွားသံများကို ကြားနေရပြီး ထိုအသံများက နီးလာလိုက်၊ ဝေးသွားလိုက်နှင့် လူတို့၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုတို့ကို အလွယ်တကူ နှိုးဆွပေးနိုင်သည်။


တစ်ခုတည်းသော အလင်းရောင်အရင်းအမြစ်က မျက်နှာကြက်အထက်မှ ဝပ်(watt)အားနည်းသော လျှပ်စစ်မီးသီးမှ ဆင်းသက်လာသည်။ အားနည်းသောအလင်းရောင်သည် နွေးထွေးမှုတစ်စုံတစ်ရာ မဖြစ်ပေါ်စေနိုင်ပေမဲ့ ရှည်မျောမျောအရိပ်များကို ပို၍ပင် ကြောက်စရာကောင်းစေပေ၏။


အချုပ်ခန်းတံခါးဝမှာ ရပ်နေရင်း ဆီးနံ့နှင့် အစိုဓာတ်က သူ့အား တွန့်ဆုတ်သွားစေခဲ့သည်။


သူ့အနောက်မှ ထောင်စောင့်သည် သူ့ကို မျင်နှာသာမပေးဘဲ တွန်းထည့်လိုက်၏။


ထို့နောက် ချွင်ချွင်ချက်ချက်အသံဗလံဖြင့် အချုပ်ခန်းတံခါးကို သော့ခတ်လိုက်လေသည်။


"ရိုးရိုးသားသားနေ!" ထောင်စောင့်၏အသံက အပြင်ကနေ ထွက်ပေါ်လာခဲ့၏။


ထောင်စောင့်က အလေးအနက်မဟုတ်သည့်သတိပေးချက်ပေးကာ ထွက်သွားခဲ့လေသည်။


အကျဉ်းထောင်အခန်းမှာ အခြားကမ္ဘာတစ်ခုနှယ်။ အမှောင်ထုထဲတွင် ဦးတည်ရာအဘက်ဘက်မှ အသက်ရှုသံအမျိုးမျိုးကို ကြားနေရသည့်အတွက် ဤအကျဉ်းခန်းထဲတွင် အနည်းဆုံး လူငါးယောက် သို့မဟုတ် ခြောက်ယောက်ရှိကြောင်း ညွှန်ပြနေပေ၏။


အလင်းရောင်ထဲကနေ အမှောင်ထုထဲ ရုတ်တရက်ပြောင်းလဲလိုက်သည့်အတွက် လင်ရှူး၏မျက်လုံးများက အသားမကျသေးဘဲ သူ့ဘေးနားကလူများကို မမြင်နိုင်ခဲ့ပေ။ သို့သော် ပြတင်းပေါက်မှ မှုန်ဝါးဝါးအလင်းရောင်ဖြင့် အကျဥ်းခန်းထဲမှာ ရှိနေပြီးသားသူများကတော့ သူ့ကို ရှင်းရှင်းလင်းလင်းမြင်နေရပေ၏။


လူငယ်လေးက အသားအရည်ကောင်းမွန်ပြီး ခန္ဓာကိုယ်တည်ဆောက်ပုံက သာမန်ဖြစ်သည်။ ဘယ်တုန်းကမှ အခက်အခဲများကို မတွေ့ကြုံမခံစားခဲ့ဖူးသည့် ချမ်းသာသောနောက်ခံအသိုင်းအဝိုင်းမှဖြစ်ကြောင်း သိသာပေ၏။ အကျဥ်းထောင်ထဲရှိ ထိုကဲ့သို့သူမျိုးမှာ ဝံပုလွေများကြားက သိုးပေါက်လေး၊ လမ်းလျှောက်နေသောပစ်မှတ်၊ ညအမှောင်ထဲရှိ ပိုးစုန်းကြူးလေးလို 'ကျွန်တော့်ကိုအနိုင်ကျင့်ပြီး အမြတ်ထုတ်လိုက်ကြပါ' ဟူ၍ နဖူးပေါ်မှာ ရေးသားထားသလိုပင်။


အမှောင်ထုထဲမှ သူ့ခန္ဓာကိုယ်ရှိ တစ်လက်မတိုင်းကို လေ့လာစမ်းစစ်ခံနေရ၏။ အထူးသဖြင့် သူဝတ်ဆင်ထားသော သိုးမွေးအင်္ကျီအထူကြီးကြောင့်ပင်။


လင်ရှူး တစ်လမလေးတောင် မရွေ့ပေ။ သားရဲများက သားကောင်၏အားနည်းချက်ကို အတည်ပြုပြီးမှသာ တိုက်ခိုက်တတ်ကြောင်း သူသိပေ၏။ သူသာ နည်းနည်းလောက် လှုပ်ရှားလိုက်လျှင် အမှောင်ထုထဲရှိ ထိုမျက်လုံးအစုံတို့က သူ၏အားနည်းချက်အား ချက်ချင်းဝါးမျိုသွားကြလိမ့်မည်။


ယနေ့ခေတ်ကြီးမှာ အကျဥ်းထောင်ကို ပို့ခံခဲ့ရသူများက သူနှင့် ယွမ်ပင်းလို သံသယရှိသူများသာ မဟုတ်ပေ။ ဂန်းစတားများကနေ ဝရမ်းပြေးများ၊ လူလိမ်များကနေ လူသတ်သမားများအထိ ပါဝင်ပြီး အားနည်းသူများသာဆို ဤနေရာ၌ ကြာရှည်ခံမှာမဟုတ်ဘဲ ကြမ်ကြုတ်ပြီး ကလိမ်ကကျင့်ဉာဏ်ရှိသူများသာ ရှင်သန်နိုင်ကြလိမ့်မည်။


လေအေးတစ်ချက်ဝှေ့အတိုက်တွင် လင်ရှူးတစ်ယောက် နှာခေါင်းမှ ယားယံမှုတို့ကို ခံစားလိုက်ရ၏။ သူ သည်းခံဖို့ကြိုးစားခဲ့ပါသော်ငြား မကုတ်ဘဲ မနေနိုင်ခဲ့ချေ။


သူ ပါးစပ်ဟကာ ခေါင်းငုံ့လိုက်ပြီး နှာချေလိုက်လေသည်။


ထို့နောက် နှာခေါင်းသုတ်တော့မည့်အချိန်မှာ လက်တစ်ဖက်က သူ၏ပခုံးပေါ် ကျရောက်လာခဲ့၏။


သူ မတုံ့ပြန်နိုင်ခင်မှာပဲ လင်ရှူးတစ်ယောက် သံတံခါးဆီ အားနှင့်အတွန်းခံလိုက်ရသည်။


သူ၏နောက်ကျောနှင့် သံတံခါးနှင့်တိုက်မိသည့် 'ဘန်းခနဲ' ကျယ်လောင်သောအသံက ဗလာကျင်းနေသော အကျဥ်းထောင်ထဲ ပဲ့တင်ထပ်သွားပြီး ကျယ်လောင်ကာ ထိတ်လန့်စရာကောင်းပေသည်။


မလှမ်းမကမ်း၌ ထောင်မှူးပြေးလာသော အသံတို့ကို ကြားလိုက်ရသော်လည်း မကြာမီ အစမနတောင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့လေသည်။


ဤကဲ့သို့နေရာများတွင် အသေအပျောက်မရှိသရွေ့ မည်သူကမှ ကိုင်တွယ်ဖြေရှင်းပေးမှာမဟုတ်ပေ။


အသေအပျောက်များ ရှိခဲ့လျှင်တောင် သေဆုံးသူက အာဏာရှိသော နောက်ခံအသိုင်းအဝိုင်းကမဟုတ်လျှင် ပြင်းထန်သော အကျိုးဆက်တို့ ရှိမှာမဟုတ်ပါချေ။


ပရမ်းပတာဖြစ်နေသောလောကကြီးမှာ ဘဝက မြက်ပင်ကလေးနှယ် နုနယ်လှသည်။ အရှေ့ဖျားမှ ကြွယ်ဝချမ်းသာဆုံးသောမြို့ပြမှာတောင် ထိုသို့ပင်။


သူ ခက်ခဲကြမ်းတမ်းသောညကို ဖြတ်သန်းရတော့မည်ဖြစ်ကြောင်း ကြိုတင်မြင်နေရပြီ။


ဘာလို့ ညလယ်စာလေးရဖို့ကို ဒီလောက်ခက်ခဲနေရတာလဲ။


လင်ရှူးတစ်ယောက် ဝမ်းနည်းကြေကွဲနေတော့သည်။


___


စာရေးသူမှာ ပြောစရာရှိပါတယ်:


လင်ရှူး: ဘဝကြီးက အရမ်းခက်ခဲတာပဲ.jpg


စာဖတ်သူ: ငါ နည်းနည်းလေးရှုပ်နေတယ်။ ဒီတော့ လင်က အပြင်က ရဲအရှိလေးကိုမှ သက်သာချောင်ချိရေး(ကျူးကျဲ့)ဒေသထဲမှာ ရဲတွေဆီကနေ ဖမ်းဆီးခံခဲ့ရတယ်။ ယွဲ့က သက်သာချောင်ချိရေးရဲဌာနမှာ အကူအညီပေးနေတဲ့ အကြံပေးတစ်ယောက်။ ဆိုတော့ သူတို့နှစ်ယောက်က ဌာနမတူကြဘူးပေါ့?


စာရေးသူ: ဒီမှာ အဲ့ဒါကို ပြန်ဖြေပေးပါရစေ။


အဲ့ဒီကာလတုန်းက ရှန်ဟိုင်းကို သုံးပိုင်းခွဲခြားထားပါတယ်။ နိုင်ငံခြားသားသက်သာချောင်ချိရေး၊ ပြည်သူ့သက်သာချောင်ချိရေး(အင်္ဂလိပ်၊ အမေရိကန်၊ ဂျပန်၊ အစရှိသဖြင့်)နဲ့ တရုတ်ပြည်သူ့အစိုးရပါ။


လင်ရှူးက တရုတ်ပြည်သူ့အစိုးရရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာရှိတဲ့ ကျန်းဝမ်ခရိုင်ရဲစခန်းကဖြစ်ပါတယ်။


အမှုဖြစ်တာက ပြည်သူ့သက်သာချောင်ချိရေး(ကျူးကျဲ့)ဒေသမှာဆိုတော့ သူ့ကို စစ်ဆေးမေးမြန်းတဲ့သူကလည်း ပြည်သူ့သက်သာချောင်ချိရေးကပဲဖြစ်ပါတယ်။


(TN/ ပြည်သူ့သက်သာချောင်ချိရေးဆိုတာ ရှန်ဟိုင်းမှာနေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက်ဖြစ်ပြီး နိုင်ငံခြားသားသက်သာချောင်ချိရေးကကျ ယာယီလာရောက်လည်ပတ်တဲ့ သူတွေအတွက်ဖြစ်မယ်ထင်ပါတယ်။)


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment