"တုယွင်းနင်? အဲဒီမစ္စယွမ်လား။"
ယွဲ့တင့်ထန်က ခေါင်းမော့ကာ သူ၏မျက်နှာပေါ်၌ သင့်တော်သောအံ့သြမှုနှင့် စူးစမ်းလိုစိတ်တို့ကို ချိတ်ဆွဲထားလေသည်။
မစ္စတာလီက သက်ပြင်းချလိုက်၏။ "ဟုတ်ပါတယ်။ မစ္စယွမ်က အားလပ်ချိန်ရှိတဲ့နေ့လယ်တိုင်း လက်ဖက်ရည်သောက်ဖို့ ရောက်လာတတ်တယ်... စောစောလေးက ကျွန်တော့်ဝန်ထမ်းတစ်ယောက် ကျွန်တော့်ကို သတင်းဖတ်ပြပြီးပါပြီ။ ဒီလိုအရာမျိုး ရုတ်တရက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကများ သိနိုင်မှာလဲလေ!"
ယွဲ့တင့်ထန်: "ခင်ဗျားနဲ့ မစ္စယွမ်က ဘယ်နှခါလောက် ဆုံဖြစ်ခဲ့လဲ။"
မစ္စတာလီ: "သူ(မ)က သိပ်ကိုသီးသန့်ဆန်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ကျွန်တော်တို့ အကြိမ်အနည်းငယ်လောက် စကားပြောဖူးပေမဲ့ နက်နဲတဲ့ဆက်ဆံရေးတော့ မရှိပါဘူး။"
ယွဲ့တင့်ထန်: "ကျွန်တော်တို့က လက်ရှိမှာ ရှန်ဟိုင်းရဲ့ ပြည်သူ့လုံခြုံရေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာအပါအဝင် စစ်တမ်းတစ်ခုကို ပြုစုနေကြတာပါ။ ကျွန်တော်တို့တွေ မစ္စယွမ်ရဲ့အမှုနဲ့ ကြုံကြိုက်လာတော့ ဒီအကြောင်းကို ပြောမယ်ဆိုရင် ခင်ဗျား စိတ်ရှိမလား။"
မစ္စတာလီ: "ကိစ္စမရှိပါဘူး။ ကျွန်တော့်သားနဲ့ ချွေးမက နန်းယန်မှာနေကြတာ။ ဒီမှာ ကျွန်တော့်အတွက် ဆွေမျိုးသားချင်းလည်း မရှိပါဘူး။ ကျွန်တော်က ဒီကဝန်ထမ်းတွေနဲ့ပဲ စုံညီညစာစားကြမှာမို့ လူကြီးမင်းတို့အလိုရှိတာကို မေးလို့ရပါတယ်။"
ယွဲ့တင့်ထန်က လင်ရှူးကိုကြည့်ကာ မှတ်စုစာအုပ်အား သူ့ကိုလက်လွှဲလိုက်သည်။
"ရှောင်ယန်၊ ငါ့ကို မှတ်စုကူမှတ်ပေးပါဦး။"
သူသည် လင်ရှူးအား သူ၏လက်ထောက်တစ်ယောက်လို ဆက်ဆံနေခဲ့သည်။
လင်ရှူး: ...
သူက ပါးစပ်ကိုသုတ်ကာ တွန့်ဆုတ်စွာဖြင့် ဘောပင်ကိုထုတ်ယူလိုက်၏။
"ဒါပေါ့! ဒါပေမဲ့ လောင်ယွဲ့ ခင်ဗျား မြန်မြန်လုပ်မှရမှာနော်။ ခင်ဗျားရဲ့ဇနီးက အိမ်မှာ စောင့်နေလောက်ရောပေါ့။ ခင်ဗျားသာ နှစ်သစ်ကူးအကြိုညမှာ အိမ်မပြန်ဘူးဆိုရင် ဒူးထောက်ရလို့ မနက်ဖြန်နိုးလာတဲ့အခါကျ ဒူးတွေယောင်ကိုင်းနေလိမ့်မယ်။"
ယွဲ့တင့်ထန်: ...
သူက ကွေးညွတ်သွားသောနှုတ်ခမ်းများကို ထိန်းချုပ်ရန် သူ့ကိုယ်သူဖိအားပေးလိုက်ရပြီး မစ္စတာလီအား လေးနက်သောအမူအရာဖြင့် ကြည့်လိုက်သည်။
"မစ္စယွမ်နဲ့ နောက်ဆုံးအကြိမ်စကားပြောခဲ့တာ ဘယ်တုန်းကလဲ။"
"လွန်ခဲ့တဲ့နှစ်ရက်ကပါ။"
ဤသည်မှာ တုယွင်းနင်နှင့် လင်ရှူးတို့ နောက်ဆုံးတစ်ခေါက် တွေ့ဆုံခဲ့ချိန်ဖြစ်၏။
နှစ်ဦးသား အကြည့်ချင်းဖလှယ်လိုက်ကြသည်။
"မစ္စယွမ်နဲ့ ဘာအကြောင်းတွေ ပြောဖြစ်ခဲ့လဲ။ သူ(မ)ရဲ့စိတ်အခြေအနေကရော ပုံမှန်နဲ့ ကွဲပြားနေလား။"
မစ္စတာလီက ခဏလောက် စဥ်းစားနေ၏။ "အဲ့လိုတော့ မရှိလောက်ဘူး။"
ယွဲ့တင့်ထန်: "သူ(မ)က မပျော်မရွှင်ဖြစ်နေတာမျိုး၊ ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေတာမျိုး၊ ဒါမှမဟုတ် ခင်ဗျားကို ညည်းညူပြနေတာမျိုးရော ရှိလား။"
မစ္စတာလီက ခေါင်းယမ်းလိုက်၏။ "အဲ့ဒီနေ့က မစ္စလီ စိတ်အခြေအနေကောင်းနေတာကိုပဲ ကျွန်တော်တွေ့ခဲ့ရတယ်။ သူ(မ)က ဒီကိုလာတိုင်း စတော်ဘယ်ရီကိတ်စားရတာကို အကြိုက်ဆုံးပဲလို့တောင် ပြောခဲ့သေးတယ်။ သူ(မ)က စိတ်အခြေအနေကောင်းနေတော့မှသာ စားသောက်ချင်စိတ်ရှိတာ။ အဲ့ဒီနေ့က ဒီမှာ တစ်ခုစားသွားပြီး အိမ်ပြန်တော့လည်း ပါဆယ်ယူသွားသေးတယ်။"
လင်ရှူး: "တခြားရော ဘာရှိသေးလဲ။"
မစ္စတာလီ: "ဟင်းအင်း၊ အဲ့ဒါပါပဲ။"
လင်ရှူး: "မစ္စယွမ် ဒီကိုလာတဲ့အချိန် ကျွန်တော့်အပြင် တခြားလူတွေနဲ့ အဆက်အသွယ်လုပ်သေးလား။"
မစ္စတာလီက တုံ့ဆိုင်းသွား၏။ "တစ်ယောက်တော့ ရှိတယ်ထင်တယ်။"
လင်ရှူး: "သူက ဘယ်လိုပုံစံလဲ။"
မစ္စတာလီ: "သူက အပြုအမူကောင်းတယ်၊ လူကြီးလူကောင်းဆန်တယ်။"
လင်ရှူး: "အဲ့ဒီလူက မျက်မှန်တပ်လား။"
မစ္စတာလီက ပြန်လည်းစဥ်းစားလိုက်၏။ "တပ်မယ်ထင်တယ်။"
လင်ရှူး: "သူက အနောက်တိုင်းဝတ်စုံအနီရောင်ကို ဝတ်ထားတာလား။"
မစ္စတာလီက ကြောင်အမ်းစွာ ရယ်မောခဲ့သည်။ "ကျွန်တော် အဲ့ဒါကိုတော့ မမှတ်မိတော့ဘူး။ တစ်ခါတလေကျ ကျွန်တော်က ဆိုင်မှာမရှိတတ်ဘူးလေ။ ဆိုင်ရဲ့စီးပွားရေးကို ဝန်ထမ်းလေးတွေကပဲ ဂရုစိုက်ပေးကြတာ။ ကျွန်တော်က မစ္စယွမ်နဲ့ အမြဲတမ်းတွေ့နေတာမဟုတ်တော့ လူကြီးမင်းတို့နှစ်ယောက် ဆိုင်ဝန်ထမ်းလေးတွေကို မေးလို့ရအောင် သူတို့ကို ခေါ်ပေးရမလား။"
လင်ရှူး: "ဒါပေါ့။ ကျေးဇူးပြုပြီး နေ့ခင်းအချိန်မှာ ပုံမှန်အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေကို ခေါ်ပေးပါဦး။ အချိန်အကြာကြီးမယူပါဘူး။ ကျွန်တော်တို့ မေးခွန်းအနည်းငယ်လောက်ပဲ မေးဖို့လိုတာပါ။"
မစ္စတာလီက သဘောတူလိုက်သော်လည်း အနည်းငယ် ရှုပ်ထွေးသွား၏။
"လူကြီးမင်းတို့။" မစ္စတာလီက ပြောလာခဲ့သည်။ "ကျွန်တော် တဲ့တိုးပြောမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။ ဒီကနှစ်ယောက်က တက္ကသိုလ်ဆရာတွေ မဟုတ်ဘူးလား။ ဘာလို့ အမှုအကြောင်းကို စုံစမ်းနေတာနဲ့ တူနေရတာလဲ။"
ယွဲ့တင့်ထန်က သိမ်မွေ့စွာ ပြောလာခဲ့၏။ "လူမှုစုံစမ်းစစ်ဆေးရေးမှာ ကဏ္ဍမျိုးစုံပါဝင်ပါတယ်။ ဒီတော့ အမှုအကြောင်း မေးမြန်းတာလည်း အပါအဝင်ဖြစ်တာမို့ စေ့စေ့စပ်စပ်မေးမြန်းရတာက မလွှဲသာမရှောင်သာပါပဲ။ ကျွန်တော်တို့က မစ္စယွမ်နဲ့လည်း အဆက်အသွယ်အနည်းငယ်ရှိတော့ သတင်းဆိုးကြားလိုက်ရတဲ့အချိန်မှာ တော်တော်လေးဝမ်းနည်းခဲ့ရတယ်။ ကျွန်တော်တို့များ ကူညီနိုင်တာတစ်ခုခုရှိမလားလို့ မေးကြည့်လိုက်တာပါ။"
"ကျွန်တော် သဘောပေါက်ပါပြီ။" ဆိုင်ရှင်က ထိုသို့ပြောကာ ခေါင်းညိတ်ပြခဲ့၏။ ထို့နောက် တစ်စုံတစ်ယောက်ကိုခေါ်ရန် သွားခဲ့လေသည်။
မကြာခင် အရပ်ရှည်ပြီး ပိန်ပိန်ပါးပါးနှင့် စားပွဲထိုးတစ်ယောက် ရောက်ရှိလာခဲ့သည်။ သူက တူညီဝတ်စုံကို ဝတ်ဆင်ထားပြီး ၎င်းတို့၏မေးခွန်းများကိုဖြေကြားရန် အဆင့်သင့်ဖြစ်နေဟန် ရိုးသားသောမျက်နှာရှိပေသည်။
"မစ္စယွမ်ရောက်လာတော့ သူ(မ)နဲ့အတူ မကြာမကြာလာတတ်တဲ့အမျိုးသားတစ်ယောက်လည်း ပါလာတယ်။ သူတို့က နေ့တစ်ဝက်လောက်ထိ ဒီမှာထိုင်နေခဲ့ပြီးမှ အတူတူထွက်သွားခဲ့ကြတာပါ။ ကျွန်တော် တာဝန်ကျတဲ့အချိန် အဲ့လိုမျိုး သုံးခါလောက် မြင်ခဲ့ရပါတယ်။"
လင်ရှူးနှင့် တုယွင်းနင်ကလည်း သုံးကြိမ်တွေ့ဆုံခဲ့ကြသည်။ ထို့ကြောင့် လင်ရှူးက မေးလိုက်၏။ "အဲ့ဒါ ကျွန်တော်များလား။"
စားပွဲထိုးက သူ့ကို အပြန်ပြန်အလှန်လှန်ကြည့်ကာ ခေါင်းယမ်းလိုက်၏။ "ခင်ဗျားမဟုတ်ဘူး။ အဲ့ဒီလူက အနောက်တိုင်းဝတ်စုံအနီဝတ်ထားပြီး မျက်မှန်လည်းတပ်ထားတယ်။"
"သူတို့ ဘာအကြောင်းတွေပြောနေခဲ့တာလဲ။" ယွဲ့တင့်ထန်က မေးလာ၏။
စားပွဲထိုးက ခေါင်းယမ်းကာ ပြောလာခဲ့၏။ "တစ်ခါက ကျွန်တော် လက်ဖက်ရည်သွားချပေးတော့ သူတို့တွေ ကဗျာအကြောင်းပြောနေတာကို ကြားလိုက်ရတယ်။ ကျွန်တော်က စာမတတ်တော့ သူတို့ပြောနေတာတွေကို နားမလည်ခဲ့ပါဘူး။"
*****
Aurora Novel Translation Team