no

Font
Theme

သွယ်လျပြီး ရှည်လျားသောလက်ချောင်းဖြူဖြူတို့က ကျောက်စိမ်းဖြူဆေးတံကို အခိုက်အတန့်တစ်ခုလောက်ထိ ပေါ့ပါးစွာပွတ်သပ်နေပြီးနောက် အိပ်ရာပေါ်သို့ ပေါ့ပေါ့တန်တန်ပစ်ချလိုက်သည်။


အမျိုးသမီးတစ်ဦးက သမ်းဝေရင်း အိပ်ရာထဲကနေဖြည်းဖြည်းချင်းထ၍ ဘေစင်ရှိရာကို လျှောက်လာခဲ့၏။


ရေပိုက်ခေါင်းကို ပေါ့ပေါ့ပါးပါးလှည့်ဖွင့်လိုက်ပြီး မျက်ခွံနှစ်ထပ်ဖြင့် သူ(မ)၏ခန္ဓာကိုယ်က မည်သည့်စွမ်းအင်ကိုမျှ မစုစည်းနိုင်သေးပုံပင်။


ထို့နောက် သူ(မ)၏အနောက်မှ လှုပ်လှုပ်ရှားရှားအသံတို့ကို ကြားလိုက်ရ၏။


မှန်ထဲမှအမျိုးသမီးက ရောက်လာသည့်သူကို မြင်လိုက်ပေသည်။


"ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။" သူ(မ)က ပျင်းရိလေးတွဲစွာ ပြုံးပြလိုက်ပြီး သူ(မ)၏အမူအရာက စွဲမက်ဖွယ်ကောင်းသောဆွဲဆောင်မှုလေးနှင့် ပြည့်နှက်နေ၏။


"ရောက်လာတာအတော်ပဲ၊ ငါ့ကို ချီဖောင်*ကူရွေးပေးဦး၊ ဒီနေ့..."


(TN/ ချီဖောင် - qipao - တရုတ်မလေးတွေဝတ်တဲ့ ရိုးရာကိုယ်ကျပ်ဂါဝန်အရှည်။)


သူ(မ)စကားမဆုံးခင် မှန်ထဲရှိသူ(မ)၏အမူအရာက အံ့သြတုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွား၏။


"ဘာလုပ်နေ--"


သူ(မ)၏လည်ချောင်းကနေ ထွက်ကျလာတော့မည့်အော်သံမှာ ချက်ချင်းပိတ်ဆို့ခံလိုက်ရသောကြောင့် သူ(မ) ရုန်းကန်ကာ တစ်ဖက်လူ၏လက်ကို လှမ်းဆွဲဖို့ရာ ကျားကုတ်ကျားခဲ ကြိုးစားလျက်။ ဂရုတစိုက် ထိန်းသိမ်းထားသော ဆေးဆိုးထားသည့်လက်သည်းတို့မှာ ဖမ်းဆုပ်ရန်ကြိုးစားမှုကြောင့် ကျိုးပဲ့ကုန်ကာ အက်ရှရာများကြားကနေ သွေးများထွက်လာပြီး မည်သူကဒဏ်ရာရသွားကြောင်း မရှင်းလင်းပါချေ။


သို့သော်လည်း ၎င်းက တစ်ဖက်လူအား ပိုပြီးပြင်းထန်သော တုံ့ပြန်မှုကို နှိုးဆော်လိုက်မိခြင်းပင်။


ထိုအမျိုးသမီးက မသိစိတ်အရ ပါးစပ်ကိုကျယ်ကျယ်ဖွင့်ဟလိုက်၏!


သူ(မ) လေကို အငမ်းမရရှူသွင်းချင်နေပါသော်ငြား အနည်းငယ်သောလေကိုတောင် မရှူရှိုက်နိုင်ခဲ့ဘဲ ထိုအစား သူ(မ)၏သေခြင်းတရားကိုသာ အမြန်လက်ယပ်ခေါ်ခဲ့သလိုဖြစ်သွား၏။


အများအားဖြင့် ယောက်ျားများအား မိန်းမောသွားစေနိုင်သောမျက်နှာလှလှသည် ယခု ပုံပျက်ပန်းပျက်နှင့် သူ(မ)၏နားထင်ကြောများက အပြာရောင်သွေးကြောများဖြင့် ဖောင်းကြွနေပြီး သူ(မ)၏မျက်လုံးများကလည်း မျက်ဖြူစိုက်နေချေပြီ။ အမှောင်ထုထဲတွင် ဖြတ်ပြေးသွားသောအတွေးတစ်ခုက သူ(မ)၏လည်ပင်းကိုညှစ်ရန် အသုံးပြုသည့်အဝတ်သည် စောစောတုန်းကမှ သူ(မ) အိပ်ရာပေါ်ပစ်တင်ခဲ့သော သူ(မ)၏ညအိပ်ဂါဝတ်ဖြစ်သည်ကို သတိပြုမိသွားစေ၏။


ပြီးခဲ့သောလက သူ(မ)ဝယ်ခဲ့သော ပိုးသားဂါဝန်ဖြစ်ပြီး ထိုညအိပ်ဂါဝတ်ကို သူ(မ)သဘောကျသောကြောင့် မကြာမကြာဝတ်တတ်သည်။


သူ(မ)၏ခြေညှပ်ဖိနပ်တို့မှာ ကျွတ်သွားခဲ့ပြီး သူ(မ)၏ခန္ဓာကိုယ်အား အိပ်ခန်းဆီဆွဲခေါ်သွားခံခဲ့ရ၏။ ကြမ်းပြင်ပေါ်၌ စိုစွတ်နေသောခြေရာနှစ်ခုသာ ကျန်နေရစ်သည်။


သူ(မ)ကို လည်ပင်းညှစ်ထားသောပုဂ္ဂိုလ်က မည်သည့်စာနာစိတ်တို့မှ မရှိပါဘဲ သူ(မ)ရုန်းကန်ဖို့ ခွန်အားတို့ရှိသေးသည်ကို မြင်လိုက်ရသောအခါ ပိုပြီးတောင် အားထည့်ခဲ့သေး၏။


သေခါနီးလူတစ်ယောက်အတွက် အသက်က တစ်စက္ကန့်ပြီး တစ်စက္ကန့်တိုင်း တိုတောင်းနေတော့သည်။


တဖြည်းဖြည်းနှင့် သူ(မ)၏ခြေထောက်များ ငြိမ်သက်လာခဲ့သည်။


သူ(မ)၏ခန္ဓာကိုယ်က အိပ်ရာပေါ်မှာ ပက်လက်အနေအထားဖြင့် သူ(မ)၏မျက်လုံးများက မျက်နှာကြက်ကိုစိုက်ကြည့်ကာ ပြူးကျယ်နေခဲ့သည်။


သေခြင်းတရားက သူ(မ)၏မျက်လုံးများကို မှိတ်မသွားစေခဲ့ချေ။


__


ယာချီတစ်ယောက် မှန်တင်ခုံပေါ်ရှိ မိတ်ကပ်ပစ္စည်းများနှင့် စိတ်အားထက်သန်စွာ ခြယ်သနေသည်။ နှင်းခရင်မ်၏ အမှတ်တံဆိပ်နှစ်ခုကြား ရွေးချယ်ဖို့ကို နေ့တစ်ဝက်လောက် ချီတုံချတုံဖြစ်ခဲ့ပြီးနောက် နောက်ဆုံးတွင် နွေဦးလျန်အမှတ်တံဆိပ်မှ အသစ်ထွက်သည့်တစ်ခုကို ရွေးချယ်ခဲ့သည်။ ဘူးအသစ်ကို အဖုံးဖွင့်လိုက်ရာ အနည်းငယ်ကျပ်နေခဲ့သော်လည်း သူ(မ)၏မျက်နှာထက် လိမ်းလိုက်သောအခါ ရလာသည့်ရနံ့က သူ(မ)၏တွန့်ဆုတ်မှုတို့ကို အလျင်အမြန် ချေဖြတ်ပေးခဲ့လေ၏။ မှန်ထဲမှာ သူ(မ)ကိုယ်သူ(မ) ပြန်ကြည့်လိုက်ပြီး ယာချီ၏စိတ်အခြေအနေက ကြည်လင်လာခဲ့သည်။ ယနေ့ညက ထောင်ပေါင်းများစွာညများထဲမှ သာမန်ညတစ်ညသာဖြစ်သော်လည်း သူ(မ)အတွက်မူ တစ်စုံတစ်ယောက်ရောက်လာမှာဖြစ်သည့်အတွက် ယနေ့ညက မသိမသာလေး ပြောင်းလဲနေခဲ့၏။


"ယာချီ၊ သခင်လေးလင် ရောက်လာပြီ။ သူက မင်းကိုတွေ့ချင်နေတယ်!"


ယာချီ အမြန်လှည့်ကာ သူ(မ)နှင့်အဝေးဆုံးမှာရှိနေသည့် တစ်ခါမှမဖွင့်ရသေးသော တန်းချီနှုတ်ခမ်းနီဘူးကို လှမ်းယူလိုက်သည်။ ထို့နောက် ၎င်းကိုဖွင့်၍ လှည့်လိုက်ပြီး မှန်ကြည့်ကာ သူ(မ)၏နှုတ်ခမ်းထက်မှာ ဆိုးနေ၏။ ၎င်းမှာ မကြာသေးမီကမှ ယုံအန်းကုန်တိုက်ကနေဝယ်လာခဲ့သော နိုင်ငံခြားထုတ်ကုန်ဖြစ်ပြီး ၎င်းအား မသုံးရက်ဘဲ သိမ်းထားခဲ့ခြင်းပင်။


သူ(မ)၏အနောက်မှ မန်နေဂျာက အပြုံးလေးဖြင့် ရောက်လာခဲ့သည်။


"သခင်လေးလင်လာတာကို အဲ့လောက်တောင်ပဲ ဝမ်းသာနေရောလား။"


ယာချီက မှန်ထဲကနေကြည့်ကာ ပြောလိုက်၏။ "ရှင်ကမှ ကျွန်မထက်ပိုပျော်နေတဲ့ပုံပါပဲ။ ရှင့်ရဲ့ပါးစပ်ကိုကြည့်လိုက်ဦး၊ နားရွက်ကိုတောင်တက်ချိတ်တော့မယ်!"


မန်နေဂျာ: "သခင်လေးလင်က ခံ့ညားပြီး စကားလေးကလည်း အပြောကောင်းသလို လူတွေကို ဘယ်လိုချော့မြှူရမလဲဆိုတာလည်း သိတယ်။ ဒီတော့ သူ့ကို မကြိုက်တဲ့သူ ဘယ်သူရှိမလဲ။ သူက တကယ့်ချမ်းသာတဲ့သခင်ငယ်လေးတွေလို မကောင်းတာကတော့ နှမြောစရာဆိုပေမဲ့ သူ့ရဲ့ချောမောခံ့ညားတဲ့မျက်နှာလေးနဲ့တင် လုံလောက်နေပါပြီ။ ဒီည သူ မင်းရဲ့အချိန်တွေကိုဝယ်မလားဆိုတာတော့ ငါမသိသေးဘူး။ သူသာ ဆယ်ကျော်သက်၊ ဒါမှမဟုတ် နှစ်ဆယ်ကျော်အရွယ်လေးသာဆို သူနဲ့အတူအပြင်သွားတာထက် သူ့ကို ပိုက်ဆံတွေပဲပုံပေးပစ်လိုက်မယ်!"


ယာချီ နှာမှုတ်လိုက်သော်လည်း ဘာမှမပြောဘဲ မှန်ထဲကနေ သူ(မ)ကိုယ်သူ(မ)သာ ဆက်ပြီးကြည့်နေခဲ့သည်။ နီစွေးစွေးနှုတ်ခမ်းများက သူ(မ)၏မျက်နှာလေးကို ပိုမိုလှပကာ နုနယ်စေ၏။ ဒီနေ့ည သူ(မ)ကွဲပြားနေတာကို သခင်လေးလင် သတိပြုမိသင့်ကောင်းပါရဲ့။


အနီးနားမှာ ရှက်ရွံ့နေသောမိန်းကလေးငယ်တစ်ယောက်ကို မြင်လိုက်ရသောအခါ စကားစပြတ်သွားခဲ့၏။


"မင်းက ဘာရပ်လုပ်နေတာလဲ။ လာ၊ ငါတို့နဲ့လိုက်ခဲ့! သခင်လေးလင်က သူငယ်ချင်းတစ်ယောက်ခေါ်လာတာနဲ့ ကွက်တိပဲ!"


ထိုမိန်းကလေး၏နာမည်က ရိုစီဖြစ်ပြီး လွန်ခဲ့သောရက်အနည်းငယ်ကမှ ဖေလုံချွေ့၌ အကသမားတစ်ဦးအဖြစ် အလုပ်လျှောက်ခဲ့ရာ စည်းမျဥ်းစည်းကမ်းများကို နားမလည်သေးချေ။


"သခင်လေးလင်က ဘယ်သူလဲ၊ သူက ဖောက်သည်လား။" သူ(မ)က သိလိုစိတ်ဖြင့် မေးခဲ့သည်။


သုံးဦးသားက အလင်းရောင်တောက်ပသော စင်္ကြံလမ်းကို ဖြတ်လျှောက်လာပြီး ၎င်းတို့၏ဒေါက်ဖိနပ်သံများက ကြမ်းပြင်ထက် စည်းချက်ကျနေလေ၏။


ယာချီတစ်ယောက် ပြန်ဖြေဖို့စိတ်ကူးမရှိပါဘဲ မန်နေဂျာက ရိုးရိုးရှင်းရှင်းသာ ပြောလိုက်သည်။ "မြန်မြန် ငါတို့နောက်လိုက်ခဲ့!"


ရိုစီမှာ ရွေးချယ်စရာမရှိတော့ဘဲ အနောက်မှလိုက်ကာ ဒေါက်ဖိနပ်စီးရသည့် အဆင်မပြေမှုတို့ကို ထိန်းညှိနေရ၏။


သူ(မ)၏ ယခင်ဘဝက သက်သောင့်သက်သာရှိခဲ့ပါသည်။ သူ(မ)က အလယ်တန်းကျောင်းသူဖြစ်ခဲ့သော်လည်း လွန်ခဲ့သောနှစ်အနည်းငယ်က သူ(မ)၏အဖေ ရုတ်ခြည်းကွယ်လွန်သွားမှုကြောင့် မိသားစုက ညတွင်းချင်း ပြိုလဲခဲ့ရသည်။ ထို့နောက် သူ(မ)၏မောင်ငယ်လေး ကျောင်းနေဖို့ ထောက်ပံ့ပေးရန်အတွက် ဖေလုံချွေ့ကို လာဖို့မှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပါချေ။


မန်နေဂျာက ယခုလိုမျိုး အတွေ့အကြုံများနှင့် လူများစွာကို တွေ့မြင်ခဲ့ဖူးပြီးဖြစ်၏။


ဤခေတ်ကြီး၌ မရှိမဖြစ် အလိုအပ်ဆုံးအရာမှာ ရွေးချယ်မှုပင်။


သို့သော် အနည်းဆုံးတော့ အကသမားတစ်ယောက်ဖြစ်ခြင်းမှာ ဝင်ငွေကောင်းပါသေးသည်။


တရုတ်နှင့် အနောက်တိုင်း ပေါင်းစပ်ထားသော သူ(မ)၏နာမည်ရိုစီမှာ သူ(မ) အကအဖွဲ့ထဲ ဝင်ရောက်လာချိန်တွင် သူ(မ)၏စတိတ်စင်နာမည်အဖြစ် မန်နေဂျာက ပေးခဲ့ခြင်းဖြစ်သည်။


ကျယ်ပြောလှသော ရှန်ဟိုင်းကမ်းခြေ၌ ဖေလုံချွေ့သည် ပိုင်လဲ့မန်း*၊ နတ်မိမယ်တေးဂီတနန်းတော်နှင့် သီချင်းမြို့တော်များနှင့် နှိုင်းယှဥ်လို့မရသော်လည်း နာမည်ကြီးပြီး အနယ်နယ်အရပ်ရပ်ရှိ အလွှာပေါင်းစုံမှ ဧည့်သည်များစွာ လာရောက်လည်ပတ်ကြပေသည်။ မြို့ကြီးပြကြီးလို နေရာမျိုးတွင်တော့ ချမ်းသာကြွယ်ဝပြီး ငွေလျှံသူများသာ ဝင်ရောက်နိုင်ပြီး သာမန်လူများ တတ်နိုင်သည့်အရာမဟုတ်ပါချေ။ ရိုစီသာ အလုပ်ကြိုစားချင်စိတ်ရှိလျှင် တစ်လအတွင်း သူ(မ)မောင်လေး၏ကျောင်းလခအတွက် လုံလုံလောက်လောက် စုဆောင်းနိုင်ပြီး နေထိုင်စားသောက်ဖို့စရိတ်စခတောင် ကျန်နိုင်ပေသည်။


(*ပိုင်လဲ့မန်းက တိုက်ရိုက်ဘာသာပြန်မယ်ဆို အကြီးမားဆုံးနဲ့ အခမ်းနားဆုံး အအောက်အအုံပါ၊ ဒါပေမဲ့ ပိုင်လဲ့မန်းကလပ်ဆိုတာ ၁၉၃၃ မှာကတည်းက စဖွင့်ခဲ့ပြီး တရုတ်နဲ့ နိုင်ငံခြားသားတွေကြားမှာ တော်တော်လေး ရေပန်းစားလာခဲ့ပါတယ်။ ပိုင်လဲ့မန်းကလပ်ကို ယူနန်ပြည်နယ်၊ ချန်နင်ခရိုင်၊ ပေါင်ရှန့်မြို့မှာ တည်ရှိပါတယ်။ အဓိကအားဖြင့် သီချင်းနဲ့ အကဖျော်ဖြေရေးတွေပါဝင်ပါတယ်။)


မကြာမီ ရိုစီတစ်ယောက် မန်နေဂျာပြောသော 'ခံ့ညားပြီးချောမောတဲ့' သခင်လေးလင်ကို မြင်လိုက်ရသည်။ သူက မီးခိုးနှင့် အနက်ရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ဆံပင်ကို ယခုခေတ်လူငယ်များလို ပုံသွင်းထားသော်လည်း ခေါင်းလိမ်းဆီမပါ၍ ပွပွယယဖြစ်နေပေ၏။ သူ၏ဝတ်စားဆင်ယင်ပုံမှာ ထူးထူးခြားခြားမဟုတ်ပေ။ ဝတ်ကောင်းစားကောင်းများ ဝတ်ဆင်ထားပြီး သူ့ထက်တောင် ဆွဲဆောင်မှုရှိသည့် သခင်လေးများကို ရိုစီ မြင်ဖူးပါ၏။ သို့သော် ဤသည်မှာ လူတစ်ယောက်က ရုပ်ရည်ချောမောနေလျှင် ဘာပဲဝတ်ဝတ်၊ သာမန်အဝတ်အစားကိုတောင် ထူးထူးခြားခြားဖြစ်အောင် လုပ်နိုင်သည်ဟု သူ(မ) ပထမဆုံးအကြိမ် တွေးလိုက်မိခြင်းပင်။ အဝတ်အစားများပေါ် အမှီသဟဲပြုရသူများ များစွာရှိသော်လည်း ရုပ်ရည်အပေါ် အားကိုးအားထားပြုရသည့် သခင်လေးလင်လိုလူမျိုးမှာ အနည်းငယ်သာရှိသည်။


"သခင်လေးလင်!" ယာချီတစ်ယောက် ငှက်ကလေးလိုမျိုး ပျော်ရွှင်စွာပျံသန်းသွားသည်ကို ရိုစီတွေ့လိုက်ရ၏။ သူ(မ)၏ဒေါက်ဖိနပ်များက သူ(မ)၏ခြေလှမ်းများကို ပေါ့ပါးသွားအောင် ပြုလုပ်ပေးနေသလိုပင်။


သခင်လေးလင်၏မျက်နှာထက်မှာ ပျင်းရိလေးတွဲပြီး ကျေနပ်နေသောအပြုံးတစ်ခု ရှိပေ၏။ "ယာချီ၊ နှုတ်ခမ်းနီအသစ်ဆိုးထားတာလား။ ကိုယ် နောက်ဆုံးတစ်ခေါက်တွေ့တုန်းကထက်တောင် မင်းလေးက ပိုလှလာတာပဲ!"


ယာချီမှာ အံ့သြမှင်တက်ကာ ပျော်ရွှင်သွားလေသည်။ "ရှင် သတိပြုမိတယ်ပေါ့? ဒါက ဒန်ဒီနှုတ်ခမ်းနီအသစ်လေ။ ယုံအန်းကုန်တိုက်မှာ အကန့်အသတ်နဲ့ရောင်းတာ။ ကျွန်မဆို ဒါလေးဝယ်ဖို့အတွက် တစ်သက်လောက်ကြာအောင် တန်းစီလိုက်ရတယ်၊ တော်သေးတယ်၊ ရခဲ့လို့မို့!" သူ(မ)က သခင်လေးလင်၏လက်မောင်းကိုချိတ်ကာ တီတီတာတာပြောနေ၏။


ရိုစီကိုတော့ သခင်လေးလင်၏ဘေးက လူငယ်လေးထံ တွန်းပို့လိုက်လေသည်။


"အကခန်းမကိုလိုက်ခဲ့ပါ။" သူက ပြောလိုက်သည်။


ဂီတသံစဥ်အောက်တွင် ရိုစီ အနည်းငယ်ရှက်ရွံ့ကာ တောင့်တင်းနေပြီး တစ်ဖက်လူအား ကို့ယို့ကားယားနိုင်သော ခြေလှမ်းများဖြင့် အဖော်ပြုပေးနေသည်။


အလျင်အမြန်ကခုန်ခြင်းက နှစ်ဦးသားကို နီးကပ်သွားစေ၏။ သူ(မ)သည် ထိုလူငယ်လေးဆီမှတစ်ဆင့် သခင်လေးလင်၏နာမည်အပြည့်အစုံက လင်ရှူးဖြစ်ကြောင်းနှင့် ကျန်းဝမ်ခရိုင်ရဲစခန်းမှ ရဲအရာရှိတစ်ဦးဖြစ်ကြောင်း သိလိုက်ရ၏။ သူ(မ)နှင့်တွဲကနေသောသူမှာ ချန်စစ်ဖြစ်ပြီး လင်ရှူး၏လုပ်ဖော်ကိုင်ဖက်တစ်ဖြစ်လည်း သူငယ်ချင်းကောင်းဖြစ်ပေသည်။


ချန်စစ်ကလည်း ချောမောပေသိ လင်ရှူးနှင့်တော့ ယှဥ်လို့မရချေ။ သူ့မှာ လရောင်နှင့် ကြယ်ရောင်တို့ လစ်လပ်နေ၏။


ရိုစီ၏အကြည့်က အကခန်းမ၏အလင်းရောင်အောက်မှ ထိုပုံရိပ်နောက်သို့ လိုက်မကြည့်ဘဲ မနေနိုင်ခဲ့ချေ။


လင်ရှူးက သိပ်ကို အကတော်ပေသည်။


သူ့ခြေလှမ်းများက ပေါ့ပါးသွက်လက်နေ၏။


ခေါင်းလိမ်းဆီမပါသော ဆံပင်စတို့က သူ့ခြေလှမ်းများနှင့်အတူ ပေါ့ပေါးစွာ လှုပ်လီလှုပ်လဲ့ ယိမ်းနွဲ့လျက်။


ရိုစီတစ်ယောက် နှလုံးသားလေးနုနယ်သော မိန်းကလေးငယ်တစ်ယောက်လို ရင်တုန်းပန်းတုန်ဖြစ်လာခဲ့၏။


သူ(မ) သူ့မျက်လုံးထောင့်တို့ကို ကြည့်လိုက်သည်။


တောက်ပနေသော အလင်းတန်းက သူ(မ)၏ရင်ဘတ်ကို ထုတ်ချင်းခွဲကာ ချက်ချင်းဆိုသလိုပင် သူ(မ)အား အလင်းတန်းထဲမှာ မိန်းမောသွားစေခဲ့သည်


"ကြည့်ကောင်းတဲ့သူတွေက တမူထူးခြားတာပဲဗျာ၊ သူတို့တွေက အကမိန်းကလေးတွေဆီကနေတောင် ဘောက်ဆူးရနိုင်တယ်!"


ချန်စစ်၏တီးတိုးပြောဆိုသံက သူ(မ)၏နားရွက်ဖျားဆီမှ ထွက်ပေါ်လာ၏။


ရိုစီ ဂရုတစိုက်ကြည့်လိုက်ရာ ယာချီက သူ(မ)၏လက်ကိုင်ပဝါလေးကို လုံးထွေးကာ လင်ရှူး၏လက်ထဲ ထိုးထည့်ပေးနေတာကို အမှန်တကယ်တွေ့လိုက်ရလေသည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment