no

Font
Theme

လင်ရှူး: "ယွမ်ပင်းရဲ့ ဆွေမျိုးတွေကရော? ယွမ်မိသားစုက မိသားစုကြီးတစ်ခုဆိုတာ ငါ မှတ်မိတယ်။ ယွမ်ပင်းသောက်သေတော့ ပိုင်ဆိုင်မှုတွေကို ယွမ်ပင်းဆီ လွှဲပြောင်းခဲ့ပေမဲ့ ယွမ်ပင်းမှာ အဒေါ်တွေအများကြီးပဲရှိသေးတယ်လေ။ အဲ့အချိန်တုန်းကဆို အဲ့ထဲကလူတချို့ကလည်း လူသတ်ဖို့ကြံရွယ်ခဲ့တယ်ဆိုပြီး တရားစွဲခဲ့ကြသေးတယ်။"


ယွဲ့တင့်ထန်: "ယွမ်ပင်းသောက်မှာ ညီမသုံးယောက်ရှိတယ်။ အကြီးဆုံးတစ်ယောက်က US မှာ အိမ်ထောင်ကျတယ်။ ဒုတိယတစ်ယောက်က ဟောင်ကောင်မှာ၊ တတိယတစ်ယောက်က အဲ့အချိန်တုန်းက ယွမ်ပင်းနဲ့ အမှုရင်ဆိုင်ခဲ့တဲ့သူ။ မနှစ်တုန်းက သူ(မ) နေမကောင်းဖြစ်ခဲ့ပြီး ကလေးမရ၊ မြေးမြစ်တွေလည်းမရှိဘဲ ကွယ်လွန်သွားခဲ့တာကြောင့် သူ(မ)ကို သံသယဖြစ်လို့မရတော့ဘူး။"


စကားတပြောပြောဖြင့် နှစ်ဦးသားသည် လှေကားကနေဆင်းကာ တံခါးအပြင်ထွက်၍ ကားထဲဝင်ဖို့ပြင်လိုက်သည်။


ယွဲ့တင့်ထန်က မော့ကြည့်ကာ ဒုတိယထပ်၏လသာဆောင်ကို ပြန်ကြည့်လိုက်သည်။


၎င်းက တုယွင်းနင်၏အိပ်ခန်းဖြစ်ပေသည်။


တံခါးအရှေ့မှာ လူအသွားအလာများပြီး ကားများလည်းရှိနေ၏။ တုယွင်းနင်တစ်ယောက် ထိုနေရာကနေ စည်ကားသက်ဝင်နေသောလောကကြီးကို ဘယ်နှရက်၊ ဘယ်နှလလောက် ကြည့်နေခဲ့ရမည်နည်း။


သူ(မ)၏ဝိညာဥ်က ဤလှပသောလှောင်အိမ်ကြီးထဲမှာ ပိတ်လှောင်ခံခဲ့ရပေသည်။


သူ(မ)က အပြင်လောကကြီးကို တောင့်တနေပြီး ကိုယ်တိုင်က အပြင်ထွက်ဖို့ သတ္တိမရှိချေ။ သူ(မ)က လွတ်လပ်စွာ အတောင်ပံဖြန့်ပျံသန်းနေသူများကို အားကျနေပြီး ချမ်းသာသောဘဝကိုလည်း လက်မလျှော့နိုင်ခဲ့ချေ။


သူ(မ) ယွမ်မိသားစုကို လက်ထပ်ရန် ဆုံးဖြတ်လိုက်ကတည်းက သူ(မ)၏အဆုံးသတ်က မှောင်မိုက်သွားခဲ့သည်။


သို့သော် သူမော့ကြည့်လိုက်သည့် ထိုအခိုက်အတန့်တွင် အလင်းတန်းလေးတစ်ခု ဖြတ်ပြေးသွား၏။


ယွဲ့တင်ထန်၏အမူအရာက တမဟုတ်ချင်း ပြောင်းလဲသွားခဲ့သည်။


လင်ရှူးက ယွဲ့တင့်ထန်ကို သူ အိပ်ခန်းဆီပြန်သွားကြည့်ချင်ကြောင်း ပြောရန်ပြင်လိုက်ချိန်တွင် ယွဲ့တင်ထန်က သူ့ကိုတွန်းလိုက်သောကြောင့် မြေပြင်ပေါ် လဲကျသွားခဲ့သည်။


သူ ပြန်ပြီးမတုံ့ပြန်နိုင်ခင် သူ၏ပခုံးက မြေပြင်နှင့်ရိုက်မိသွားပြီး သူက ကြောင်အမ်းနေမိ၏။


"မင်းမေ--"


စကားမဆုံးသေးခင် ကျယ်လောင်သောအသံကို ကြားလိုက်ရလေသည်!


၎င်းတို့ ရပ်နေသည့်နေရာသို့ ပန်းအိုးတစ်လုံး ပြုတ်ကျလာခဲ့ခြင်းပင်။


မြေပန်းအိုးက အစိတ်စိတ်အမွှာမွှာကွဲသွားပြီး မြေဆွေးနှင့် အကိုင်းအခတ်များကလည်း နေရာအနှံ့ ပျံ့သွားလေသည်။


လှပသော နှင်းဆီတို့မှာ မြေဆွေးနှင့် ကွဲကွာသွားပြီး နေရာမှာတင်သေဆုံးကာ မျက်လုံးတောင် မမှိတ်နိုင်ခဲ့ကြပေ။


"မစ္စတာယွဲ့! အဆင်ပြေရဲ့လား!"


ကင်းလှည့်ရဲများက ထိတ်လန့်သွားကြ၏။


ယွဲ့တင့်ထန်သာ သတိမထားမိလိုက်လျှင် သို့မဟုတ် သူ၏တုံ့ပြန်မှုက စက္ကန့်ဝက်လောက် နောက်ကျသွားလျှင် ပန်းအိုးပြုတ်ကျလာသည့် အကျိုးဆက်မှာ မတွေးရဲစရာပင်။


"အဆင်ပြေပါတယ်။"


ယွဲ့တင့်ထန်က သူ၏အနွေးထည်ပေါ်မှ ဖုန်မှုန့်များကိုဖယ်ကာ ပြေပြစ်စွာထရပ်လိုက်၏။


လင်ရှူးတစ်ယောက် သူ၏ပခုံးကိုကိုင်ကာ ပါးစပ်ဖွင့်ဟလိုက်ပြီးနောက် ဘာမှမပြောတော့ဘဲ ကြိမ်းမောင်းချင်နေသော စကားလုံးတို့က လည်ချောင်းထဲကနေ ပြန်ကျသွားခဲ့သည်။


ထို့နောက် ယွဲ့တင့်ထန်က လက်တစ်ဖက်ဆန့်တန်းပေးလာပြီး သူ့ကို မျက်ခုံးပင့်ပြလိုက်သည်။


လင်ရှူး တွန့်ဆုတ်မနေဘဲ ကမ်းပေးလာသောလက်ကိုဆွဲကာ သူ၏အကူအညီဖြင့် ထရပ်လိုက်၏။


"အသက်တစ်ချောင်း အကြွေးတင်သွားပြီ။" ယွဲ့တင့်ထန်က နာကျင်နေသောနေရာကို အကြိမ်အနည်းငယ်ဖိကာ လင်ရှူးအား ပြန်ပြီးတွန်းလှဲလိုက်တော့မလိုပင်။


"ကျွန်တော် အပေါ်သွားပြီး ကြည့်လိုက်ပါ့မယ်!"


ယွဲ့တင့်ထန် ဘာမှမပြောသေးခင် ကင်းလှည့်ရဲသားတစ်ယောက်က ယွမ်အိမ်တော်ထဲ ပြေးဝင်သွားခဲ့၏။


ယွဲ့တင့်ထန်: "စောစောတုန်းက ဘာလေမှမတိုက်ခဲ့ဘူး။"


လင်ရှူး: "အခန်းထဲမှာလည်း ဘယ်သူမှရှိမနေဘူး။"


၎င်းတို့နှင့် အိမ်တော်ထိန်းအိုကြီးအပါအဝင် လူငါးယောက်၊ မျက်စိဆယ်လုံးဖြင့် သွားရောက်စစ်ဆေးခဲ့ကြပြီးပြီ။ တစ်စုံတစ်ယောက်က ကိုယ်ဖျောက်နိုင်စွမ်းမရှိလျှင် သက်ရှိလူသားတစ်ယောက်ကို လွဲချော်သွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။


မယုံကြည်နိုင်စရာပဲ။


သိပ်မကြာခင် ရဲသားက အမောတကောပြန်ပြေးလာခဲ့သည်။


"အခန်းထဲမှာ ဘယ်သူမှမရှိပါဘူး! ပင်မဧည့်သည်ဆောင်ထဲမှာလည်း လူတစ်ယောက်မှမရှိဘူး!"


၎င်းတို့ အိမ်တော်ထဲက ပြန်ထွက်လာချိန်တွင် တံခါးကိုသော့ခတ်ခဲ့ပြီး ထိုသော့က ကင်းလှည့်ရဲ၏လက်ထဲမှာရှိနေရာ၊ မည်သူက ထိုနေရာ၌ ရှိနေနိုင်မည်နည်း။


သို့သော် နေ့ခင်းကြောင်တောင်အချိန်ကြီး လေမတိုက်၊ မိုးမရွာပါဘဲ လသာဆောင်၌ သပ်သပ်ရပ်ရပ်တင်ထားသောပန်းအိုးက ရုတ်တရက်ကြီး မည်သို့ဖြင့် ပြုတ်ကျလာခဲ့ရသနည်း။


ကင်းလှည့်ရဲက ထူးဆန်းမှုကို သတိပြုမိပြီး သူ၏မျက်နှာထက်မှ အကြောက်တရားတို့ကို မဖုံးကွယ်နိုင်ခဲ့ပေ။


ထို့ပြင် စောစောက အားလန်သည် အိမ်တော်သခင်မ၏ပုံရိပ်ကို တွေ့လိုက်ရသည်ဟုဆိုခဲ့ရာ မကြောက်လန့်ဖို့ဆိုတာ ခက်ခဲပေ၏။


"ငါ့ကို သော့ပေးလိုက်။ မင်းတို့ရဲ့ခေါင်းဆောင်ကို ငါပြောလိုက်မယ်။" ယွဲ့တင့်ထန်က သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။


ကင်းလှည့်ရဲသားက တွန့်ဆုတ်မနေဘဲ သော့ကိုထုတ်ပေးလိုက်သည်။


ယနေ့ည ဤနေရာမှာ တာဝန်ထမ်းဆောင်ရမည့်အကြောင်းကို တွေးလိုက်ရုံဖြင့် သူ ကြက်သီးထနေလေပြီ။


၎င်းတို့ ယွမ်အိမ်တော်၌ရှိနေသည်မှာ နေ့တစ်ဝက်တောင် ကျိုးသွားခဲ့သည်။


တိမ်တိုက်များက အနီ၊ လိမ္မော်ရောင်တို့ဖြင့် ကောင်းကင်ကြီးကို ခြယ်သပေးထားပြီး လခြမ်းကွေးလေးက ကဗျာထဲကလို ကျက်သရေရှိသော သမင်ဦးချိုလေးပမာ။


သို့သော် ယွဲ့တင့်ထန်နှင့် လင်ရှူးတို့ကတော့ ပိုက်ကွန်ထဲက ယင်ကောင်လေးနှစ်ကောင်လို ခံစားလိုက်ရသည်။


ပိုက်ကွန်ထောင်ထားသူကိုတော့ ၎င်းတို့ မမြင်နိုင်ပေ။


တစ်ဖက်လူသည် တုယွင်းနင်၏ လူသတ်တရားခံတောင် ဖြစ်နေနိုင်သည်။


ရှောက်ကျိခေါက်ဆွဲဆိုင်ရှိ မီးလောင်မှုကလည်း မတော်တဆမဟုတ်ပေ။


ယခုအမှုတွင် လင်ရှူးက ပြည်သူလူထု၏ ပစ်မှတ်ဖြစ်လာလိမ့်မည်။


ပြည်သူများ သဘောထားကွဲလွဲသည်နှင့်...


"သတင်းထူးဟေ့! သတင်းထူး! ရှန်ဟိုင်းရဲ့ နာမည်ကြီးအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ တုယွင်းနင်က ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်တဲ့!"


"သတင်းထူး! နာမည်ကြီးအမျိုးသမီး တုယွင်းနင်ကိုသတ်တဲ့ လူသတ်တရားခံအစစ်က ဘယ်သူလဲ!"


"သတင်းစာတွေရောင်းတယ်နော်! လွန်ခဲ့တဲ့ နှစ်နာရီကမှ ထုတ်ဝေထားတဲ့ အံ့သြစရာသတင်းအကြောင်းအရာတွေနဲ့ အရည်အတွက်ကို ကန့်သတ်ထားတာမို့ ဦးရာလူယူပဲဗျို့!"


သတင်းစာရောင်းတဲ့ကောင်လေးက ၎င်းတို့ကို ဖြတ်ကျော်သွားပြီး ထိုသို့အော်သွားခဲ့သည်။


ယွဲ့တင့်ထန်က လျင်ပေ၏။ သူသည် တစ်ခုကို ဆွဲယူလိုက်သည်။


"ဘယ်လောက်လဲ၊ ငါ နှစ်စောင်လိုချင်တယ်!"


"ကောင်းပါပြီ!"


သတင်းစာရောင်းသည့်ကောင်လေးက သတင်းစာနှစ်စောင်ထုတ်ကာ ယွဲ့တင့်ထန်ကို ပေးလာခဲ့၏။


"ဒီသတင်းစာတွေက ရောင်းကောင်းလား။" ယွဲ့တင့်ထန်က ပိုက်ဆံပေးရင်း မေးလိုက်၏။


"ဒါပေါ့၊ အရမ်းရောင်းကောင်းတယ်။ ကြည့်လိုက်၊ အချိန်တိုအတွင်း ဒီလောက်လေးပဲကျန်တော့တယ်။ ခင်ဗျားတို့နှစ်ယောက်သာ နည်းနည်းလောက်နောက်ကျသွားရင် တစ်စောင်မှရလိုက်မှာမဟုတ်ဘူး!"


ရှန်ဟိုင်းကမ်းခြေ၌ နာမည်ကြီးသော ရှန်းသတင်းစာ၊ သာ့ကုန်းသတင်းစာတို့နှင့်မတူဘဲ သတင်းစာအသေးစားလုပ်ငန်းများ အများအပြားရှိပြီး ၎င်းတို့သည် လမ်းမထက်ရှိ ကောလာဟလများ၊ လမ်းဘေးပုံပြင်များကို ကိုးစား၍ ရောင်းအားတက်အောင်ပြုလုပ်တတ်ကြသည်။


ယွဲ့တင့်ထန်သည် အရင်က တစ်ခါမှမဖတ်ခဲ့ဖူးသော ဟွမ်ဖူသတင်းစာကိုယူလိုက်၏။


သတင်းစာကို ကြည့်လိုက်ချင်းမှာပင် သတင်းခေါင်းစီးကြီးကို တွေ့လိုက်ရသည်။


_


ရှန်ဟိုင်းရဲ့ နာမည်ကြီးအမျိုးသမီး တုယွင်းနင် ရက်ရက်စက်စက် အသတ်ခံရ!


ထိုအောက်မှ ခေါင်းစဥ်ခွဲနှစ်ခုမှာ -


အရည်အချင်းရှိတဲ့ အမျိုးသမီးယောက်ဟာ ဘာ့ကြောင့်သေဆုံးခဲ့ရတာလဲ။


ငယ်ဘဝချစ်သူနဲ့ တပ်မှူးချုပ်ဟောင်းရဲ့သား၊ ဘယ်သူက လူသောင်းချီတို့ရဲ့ ပဟေဠိနောက်ကွယ်က လူသတ်သမားဖြစ်မလဲ။


ခေါင်းစဥ်များစွာဖြင့် ချက်ချင်းဆိုသလို လူတို့၏မျက်လုံးများကို ဖမ်းစားနိုင်ခဲ့သည်။


__


စာရေးသူမှာ ပြောစရာရှိပါတယ်:


လင်ရှူး: အသက်အကြွေး....


ယွဲ့တင့်ထန်: (မျက်ခုံးပင့်) ဘယ်လိုလဲ၊ နည်းလမ်းစဥ်းစားပြီးပြီလား။


နောက်တစ်နေ့တွင် လင်ရှူးတစ်ယောက် ကြောက်စရာကောင်းသောခွေးတစ်ကောင်ကို ယွဲ့တင့်ထန်အား လိုက်ကိုက်ခိုင်းလိုက်သည်။ ထို့နောက် လင်ရှူးက အမဲရိုးတစ်ချောင်းဖြင့် ထိုခွေးကိုမျှားခေါ်ကာ ယွဲ့တင့်ထန်ကို ကယ်တင်ခဲ့လေသည်။


လင်ရှူး: (မျက်ခုံးပင့်) အသက်အကြွေးကို ပြန်ဆပ်လိုက်ပြီ။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment