လင်ရှူး ချောက်ချခံလိုက်ရပြီဖြစ်ကြောင်း ဆုံးဖြတ်ချက်ချလိုက်သည်။ သို့သော် တစ်စုံတစ်ယောက်က တုယွင်းနင်၏သေဆုံးမှုကို သူ့အပေါ် အဘယ့်ကြောင့်ပုံချချင်နေမှန်း သူ အဖြေမထုတ်နိုင်ခဲ့ပေ။
သူက နှစ်အနည်းငယ်ကြာ အလုပ်လုပ်နေခဲ့သော အညံ့စားလုပ်ဆောင်ချက်များနှင့် ရဲသားလေးမျှသာ။ သူက နေ့တိုင်း အချိန်မှန်လာပြီး အချိန်မှန်ပြန်တတ်သလို လမ်းမများထက် လှည့်လည်သွားလာပြီး စားကောင်းသောက်ဖွယ်များကို လိုက်ရှာကာ ပြပွဲများနှင့် ကပွဲများကြည့်ရန်လည်း သွားတတ်ပေသည်။
လင်မိသားစုအတွက်ဆို ပိုတောင် ရိုးရှင်းသေးသည်။
လင်ရှူး၏မိဘများက ရန်သူဘာညာမရှိ၊ မည်သည့်အငြိုးမှမရှိဘဲ ကွယ်လွန်သွားခဲ့ကြတာဖြစ်၏။ သူ၏အစ်မအကြီးဆုံး လင်ယောင်က လက်ထပ်ပြီးသား အိမ်ရှင်မတစ်ဦးဖြစ်သည်။ သူ(မ)၏ခင်ပွန်း ကျိုးစန်းက မြို့တော်စည်ပင်သာယာရေးအဖွဲ့၌ ဒါရိုက်တာတစ်ဦးဖြစ်သည်။
သူ့ကိုသဘောမကျသော လုပ်ဖော်ကိုင်ဖက်များရှိလျှင်တောင် သူ့အား ရှုတ်ချဖို့အတွက် ကွေ့ဝိုက်သွားပြီး သူ့ဇနီးသည်၏မောင်လေးကို စွပ်စွဲဖို့အတွက်က မလိုအပ်ပါချေ။
လင်ရှူးက ဘာမှမပြောသလို ယွဲ့တင့်ထန်ကလည်း မတိုက်တွန်းခဲ့ပေ။ နှစ်ဦးသားက မည်သူပိုပြီးစိတ်ရှည်သလဲဟူ၍ ယှဥ်ပြိုင်နေသည့်ဟန်။
မီးလုံးက မျက်နှာကြက်မှာ လွှဲယမ်းနေကာ ပြတင်းတံခါးအဟကြားကနေ လေအေးများ တိုးဝင်လာခဲ့ပြီး စစ်ကြောရေးအခန်းထဲရှိ လက်ကျန်နွေးထွေးမှုလေးကို ယူဆောင်သွားဖို့ ကြိုးစားနေသည်။
စစ်ကြောရေးရဲအရာရှိဖြစ်သူ ရှန်းရန်ကျယ်မှာ ဗိုက်သားချပ်ချပ်က နောက်ကျောကိုကပ်လုအောင် ဆာလောင်နေလေပြီ။
အတိတ်တုန်းကဆို ဘာတစ်ခွန်းမှမပြောဘဲ လင်ရှူးကို ထောင်ထဲပစ်သွင်းကာ ညလယ်စာ ထွက်စားပြီး သူ၏မိသားစုက သူ့အား ပိုက်ဆံနှင့် အာမခံလာထုတ်မည်ကို စောင့်နေလိမ့်မည်သာ။ သို့သော် ယခု ထိုသို့မလုပ်ရဲပေ။
ပထမဦးဆုံးအနေဖြင့် အမှုက အလွန်ကြီးကာ နစ်နာသူသည် အထူးပုဂ္ဂိုလ်တစ်ယောက်လို ဖြစ်နေသည့်အတွက် သက်ရောက်မှုအားက တော်တော်လေးကြီးပေ၏။
ဒုတိယအနေဖြင့် စမစ်ကိုယ်တိုင်က ဤအမှုကို အထူးအာရုံစိုက်နေပြီး ယွဲ့တင့်ထန်က ဘေးနားမှာအရန်သင့်ရှိနေသည်။
ရှန်းရန်ကျယ်က မစ္စတာယွဲ့၏ တိကျသောရာထူးကို ရှင်းရှင်းလင်းလင်းမသိသော်လည်း စမစ်၏သဘောထားအရဆို သူ့ကို မစော်ကားမိသည်က ပိုကောင်းပေသည်။
"...မစ္စတာယွဲ့?"
ထိုနှစ်ဦးသားက အသံတိတ် ထိပ်တိုက်ရင်ဆိုင်နေကြသော်လည်း ရှန်းရန်ကျယ်က ထပ်ပြီးမစောင့်နိုင်တော့လောက်အောင် ဗိုက်ဆာနေပြီဖြစ်ရာ တုန်ယင်နေသောအသံဖြင့် ပေါ့ပေါ့ပါးပါးခေါ်လိုက်သည်။
ယွဲ့တင့်ထန်က တစ်ချက်ကြည့်လိုက်၏။ "ခင်ဗျား အရင်သွားနှင့်လိုက်ပါ။"
"ရပါတယ်ဗျာ၊ ဆက်လုပ်ပါ!" ရှန်းရန်ကျယ်က ခါးသီးနေသောမျက်နှာဖြင့် ပြောလာခဲ့သည်။ ယွဲ့တင့်ထန်က ထွက်မသွားသေးသောကြောင့် သူက မည်သို့ဖြင့် ထွက်သွားနိုင်မည်နည်း။
ယွဲ့တင့်ထန်က လင်ရှူးဘက် လှည့်ကြည့်လိုက်၏။ "နှစ်သစ်ကူးတော့မယ်။"
လင်ရှူး: ???
ယွဲ့တင့်ထန်: "မင်း နှစ်သစ်ကူးကို ထောင်ထဲမှာ အချိန်ဖြုန်းချင်မှာမဟုတ်ဘူး။"
လင်ရှူး: "ငါ့အစ်မက ငါ့ကို အာမခံနဲ့ထုတ်ပေးဖို့ နည်းလမ်းရှာလိမ့်မယ်။"
ယွဲ့တင့်ထန်: "ဒီအမှုက ပြင်းထန်တယ်။ သူ(မ) မင်းကို အာမခံနဲ့ ထုတ်ပေးလို့ရမှာမဟုတ်ဘူး။ မင်း အသက်ရှင်နိုင်မဲ့ တစ်ခုတည်းသောနည်းလမ်းက ငါတို့နဲ့ပူးပေါင်းပြီး အမှန်တိုင်းဝန်ခံလိုက်။"
လင်ရှူး: "ဒီအမှုကိစ္စမှာ မင်းက ဘယ်လိုလုပ်ပြီးပါလာရတာလဲလို့ ငါစဥ်းစားနေတာ။ ဘာလဲ၊ တုယွင်းနင်က မင်းကိုမရွေးဘဲ ငါ့ကိုရွေးချယ်ခဲ့လို့လား။"
ယွဲ့တင့်ထန်က ဘာမှမပြောခဲ့ပေ။
ရှန်းရန်ကျယ်မှာ မကြားသင့်တာကို ကြားလိုက်ရသည့်အလား အကြည့်လွှဲကာ သနားစရာမီးလုံးလေးကို မော့ကြည့်ပြီး အငွေ့တထောင်းထောင်းထနေသော ကြက်ပေါင်ကြီးကို စိတ်ကူးယဥ်နေမိ၏။
လတ်လတ်ဆတ်ဆတ်ပေါင်းထားသည့် ကြက်ပေါင်ကြီးက နူးညံ့ကာ ကြက်ပြုတ်ရည်ကပွက်ပွက်ဆူနေပြီး အိုးအဖုံးမှာ ရေစက်ကလေးများ ဝေ့သီနေကာ ကြက်သားအိုးထဲကို ပြန်ကျသွားလိမ့်မည်။ တစ်ကိုက်ကိုက်လိုက်ရုံဖြင့် အရသာဖုလေးများအပေါ် စွဲထင်ကျန်ရစ်ပေမည်။
ရှန်းရန်ကျယ်က ရဲအရာရှိတစ်ယောက်ဖြစ်သော်လည်း သူ၏မိသားစုသည် အထူးပွဲတော်ရက်များတွင်သာ စားတော်ပွဲကြီး တည်ခင်းကြသည်။ အထူးသဖြင့် ဘိုးဘွားကန်တော်ပွဲနှင့် ဆုတောင်းပွဲများပြုလုပ်ကြသော နှစ်သစ်ကူးနီးလာသည့်နေ့ရက်များမှာဆို ကြက်ပေါင်မရှိလျှင်တောင် လတ်ဆတ်သော ဆန်ကိတ်များ....
ထိုသို့တွေးရင်း သူ၏အမူအရာက မှင်တက်နေခဲ့သည်။ ထို့နောက် ရုတ်တရက် ၎င်းတို့နှစ်ယောက် ပြောနေတာကို အာရုံစိုက်မနေကြောင်း သူ့ကိုယ်သူ သတိထားမိသွား၏။
လင်ရှူးကလည်း ဗိုက်ဆာနေလေပြီ။
သို့သော် ရှန်းရန်ကျယ်လိုတော့ မီးသီးကို မော့ကြည့်မနေ။
သူ မီးသီးကို ဘယ်လောက်ပဲကြာအောင်မော့ကြည့်နေပါစေ ကြက်ပေါင်အဖြစ် ပြောင်းလဲလာမှာမဟုတ်သည့်အတွက်ပင်။
ယွဲ့တင့်ထန်က သူ အညံ့ခံလာမှာကို စောင့်နေကြောင်း သူသိပေ၏။
ယခုအခြေအနေက ဟိုးအစကတည်းက မပြောင်းလဲသေးပေ။
လင်ရှူး ပြန်တိုက်ခိုက်ဖို့ပဲ အလျင်အမြန်ရွေးချယ်လိုက်သည်။
"တကယ်လို့ ငါက သံသယရှိသူဆိုရင် ယွမ်ပင်းနဲ့ ယွမ်အိမ်တော်ကသူတွေရော သံသယတရားခံပဲ။" သူက ပြောလာ၏။
ယွဲ့တင့်ထန်: "ဒါပေါ့၊ ယွမ်အိမ်တော်ကို ချိတ်ပိတ်ထားပြီးပြီမို့ ဘယ်သူမှဝင်လို့မရသလို ထွက်လို့လည်းမရတော့ဘူး။ ယွမ်ပင်းကိုလည်း ထိန်းသိမ်းထားတယ်။ ဒါပေမဲ့ အားလုံးထဲမှာ မင်းက သံသယအရှိဆုံးပဲ။"
ထိုသို့ပြောပြီးနောက် ထရပ်လိုက်သည်။
"မင်းရဲ့ထွက်ဆိုချက်က မင်းအပေါ်သံသယတွေကိုရှင်းလင်းဖို့ အဓိကသဲလွန်စတစ်ခုမှမရှိတာ နှမြောစရာပဲ။ အတန်းဖော်ဟောင်းတစ်ယောက်အနေနဲ့ ငါ မင်းကို တကယ်ကူညီပေးချင်ပေမဲ့ ငါလုပ်ပေးနိုင်တာ ဘာမှမရှိဘူး။"
ရှန်းရန်ကျယ်သက်ပြင်းချကာ မတ်တပ်ထရပ်လိုက်သည်။
နောက်ဆုံးတော့ သူ့လက်ထဲက ထွက်ဆိုချက်မှတ်တမ်းစာအုပ်ကို အဝေးသို့တွန်းလွှတ်ပြီး စားနိုင်တော့မှာဖြစ်၏။
"လက်မှတ်ထိုးလိုက်။" လင်ရှူးက အကြောင်းအရာပါစာများကို တစ်ချက်ကြည့်ကာ ဘောပင်ကို ကောက်ကိုင်လိုက်၏။
ထို့နောက် မော့ကြည့်လိုက်သည်။ "ငါ ထောင်ထဲမှာ တစ်ညနေရမှာလား။"
ယွဲ့တင့်ထန်က ဘောပင်ကိုင်ထားသောလက်ကို ကြည့်ကာ သူ၏မေးခွန်းအားမတုံ့ပြန်ခဲ့ပေ။ "ငါမှတ်မိသလောက်ဆို မင်းက ဘယ်သန်မဟုတ်ပါဘူး။"
လင်ရှူးက ပျင်းရိစွာဖြင့် နှုတ်ခမ်းပင့်လိုက်၏။ ထို့နောက် သူ၏နာမည်ကို အလျင်အမြန် လက်မှတ်ထိုးလိုက်သည်။ "ငါ အပျော်အနေနဲ့ လေ့ကျင့်ထားတာ။ အတန်းဖော်ဟောင်းရေ ငါတို့ရဲ့သူငယ်ချင်းဆက်ဆံရေးလေးကို ထောင်ထဲမှာ ညလယ်သွားရေစာလေးနဲ့ အလဲအလှယ်လုပ်နိုင်ဖို့ ငါမျှော်လင့်ပါတယ်။"
သုံးဦးသား စစ်ကြောရေးခန်းမှ ထွက်လာခဲ့ကြ၏။
၎င်းတို့၏မျက်စိရှေ့မှာပဲ ယွမ်ပင်းကိုလည်း အခြားစစ်ကြောရေးခန်းထဲကနေ ခေါ်ထုတ်လာခဲ့သည်။
၎င်းတို့၏အကြည့်ချင်းဆုံသွားခိုက် အခြေအနေမှာ မှုန်မှိုင်းသွားလေ၏။
ယွမ်ပင်းက အော်ဟစ်ကာ လင်ရှူးထံသို့ သည်းကြီးမည်းကြီး ပြေးလာခဲ့သည်။
သူတို့နားကလူများမှာ သတိလွတ်သွားကြပြီး သူ့အား မထိန်းနိုင်လိုက်ကြချေ။
"မင်း ခွေးမသား!"
လင်ရှူးက သူ၏ခြေထောက်အားမြောက်လိုက်သည်။
အော်ဟစ်သံက ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။
အရှိန်အဟုန် ရုတ်ခြည်းပြောင်းလဲမှုအောက်မှာ ယွမ်ပင်းက သူ၏ခြေထောက်ကိုဆုပ်ကိုင်ကာ နာကျင်စွာအော်ညည်းပြီး ကြမ်းပြင်ထက် လူးလှိမ့်နေခဲ့လေသည်။
"တိုက်ခိုက်နေတယ်! လူသတ်နေပါတယ်ဗျို့! ကယ်ကြပါဦး!"
ဘိန်းစွဲနေသူတစ်ယောက်၏ခွန်အားက မည်မျှသန်မာမည်နည်း။ သို့သော် လင်ရှူး၏ကန်ချက်ကတော့ တကယ်ပြင်းထန်လှသည်။ ယွဲ့တင့်ထန်၏ မှန်းဆချက်အရ ယွမ်ပင်းတစ်ယောက် အရိုးမကျိုးလျှင်တောင် ဒဏ်ရာကတော့ ပြင်းထန်လောက်မည်။
သို့သော် ၎င်းအား စတင်ခဲ့သောသူကတော့ ယွဲ့တင့်ထန်နောက်မှာ လျစ်လျူရှုသောအမူအရာဖြင့် ဝင်ပုန်းနေလေပြီ။
ယွမ်ပင်းက ကြမ်းပြင်ပေါ်မှာ လှိမ့်နေဆဲဖြစ်ပြီး ညည်းတွားနေလေ၏။
ယွဲ့တင့်ထန်က အေးစက်စွာ ပြောလိုက်သည်။ "သူတို့နှစ်ယောက်လုံးကို ခေါ်သွားလိုက်။"
ယခင်လေးယွမ်၏အထောက်အထားက ထူးခြားရာ မည်သူကမှ မလှုပ်ရှားရဲခဲ့ကြပေ။ သို့သော် သူ၏စကားကြောင့် ထိုလူ့ကို ချက်ချင်းပင် ဆွဲခေါ်သွားခဲ့ကြသည်။
"လင်ရှူး၊ ခွေးသူခိုးကောင်၊ မင်းက ငါ့မိန်းမကိုသတ်ပြီး ငါ့အပေါ် လွှဲချချင်တာလား။ မင်း မလွတ်စေရဘူးကွ!"
လင်ရှူးက စိတ်မပူပါချေ။ "ယွမ်ပင်း၊ ခင်ဗျား အပြစ်ကို အမြန်ဆုံး ဝန်ခံတာက ပိုကောင်းမယ်လို့ ကျွန်တော်ထင်တယ်။ မဟုတ်ရင် ဘိန်းမရှိဘဲနဲ့ ထောင်ထဲမှာ အများကြီး ခံစားနေရလိမ့်မယ်နော်။"
ယွမ်ပင်းကို ဆွဲခေါ်သွားကြရာ သူ့အသံက တဖြည်းဖြည်း ဝေးကွာသွားလေ၏။
မလိုလားခြင်းနှင့် ဒေါသတရားများက ရဲစခန်းထဲတွင် ပဲ့တင်ထပ်နေသဖြင့် ရှန်းရန်ကျယ်မှာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
တုယွင်းနင် အသက်ရှင်နေစဥ်က သူ သူ(မ)ကို အဝေးကနေ မြင်ဖူးပါ၏။
ထိုအချိန်၌ တုယွင်းနင်က ငွေရောင်အနားကွပ်နှင့် ပန်းရောင်ဝတ်စုံကို ၀တ်ဆင်ထားသည်။ ထိုကဲ့သို့ ရိုးရှင်းသောအရောင်ကို သူ(မ)ဝတ်ဆင်လိုက်ရာ အခြားသူများနှင့်မတူဘဲ ထူးခြားသော ဆွဲဆောင်မှုတစ်ခုကို ပေးစွမ်းနေခဲ့ပေသည်။
ရှန်ဟိုင်းကမ်းခြေတစ်ခုလုံးတွင် တုယွင်းနင်ကဲ့သို့သော အလှလေးမျိုး များစွာမရှိပေ။
ထိုအလှလေးက အသက်တိုရသည်မှာတော့ နှမြောစရာပင်။
ထိုအမှုက ရှန်ဟိုင်းကမ်းခြေတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့၏။
၎င်းတို့နှစ်ဦး မရှိတော့ရာ ရှန်းရန်ကျယ်က တိတ်တဆိတ် ကပ်မေးလာခဲ့သည်။ "မစ္စတာယွဲ့၊ ကျွန်တော်တို့ လင်ရှူးကို အစားအသောက်ပေးလိုက်ရမလား။"
ဤကိစ္စမှာ ကနဦးတုန်းက ယွဲ့တင့်ထန်၏ဆုံးဖြတ်ချက်နှင့် မသက်ဆိုင်ပါချေ။ သို့သော် စမစ်က သူ့ကို ထူးထူးခြားခြားဆက်ဆံနေသည့်အတွက် ရှန်းရန်ကျယ်တစ်ယောက် သူ့အား စိတ်ကျေနပ်စေဖို့ အခွင့်အရေးရချင်ခဲ့၏။
ယွဲ့တင့်ထန်က ပြောခဲ့သည်။ "ခင်ဗျားတို့ရဲ့ ပုံမှန်လေ့ကျင့်မှုအရ ပေးသင့်သလား၊ မပေးသင့်ဘူးလား။"
ရှန်းရန်ကျယ်မှာ ကျွန်တော်သိပြီဆိုသောအပြုံးမျိုး ပြုံးပြလာခဲ့သည်။ "ကောင်းပါပြီ...."
ယွဲ့တင့်ထန်က ထုတ်မပြောလာသော စကားတို့ကို ချက်ချင်း နားလည်လိုက်ပါသည် - ၎င်းတို့ လာဘ်ထိုးလျှင်ပေးမည်၊ သို့သော် ဘာမှမပေးလျှင်တော့ ဘာမှမရနိုင်ပါ။
ရှန်ဟိုင်းကို တရုတ်နိုင်ငံ၏စံပြ၊ အရှေ့ဖျား၏ဗဟိုချက်ဟူ၍ သတ်မှတ်နိုင်သော်လည်း တိုးတက်သလောက် အကျင့်ပျက်ချစားမှုတို့လည်း ပေါများပါ၏။ မည်သို့ပင်ဖြစ်သေ ချင်မင်းဆက်ပျက်သုန်းတာ နှစ်ပေါင်းနှစ်ဆယ်သာ ရှိပါသေးသည်။
"ဒါဆို ကျွန်တော် မပေးတော့ဘူး!" သူက ဖြောင့်မတ်မှန်ကန်သော အမူအရာဖြင့် ပြောလာခဲ့သည်။ "ကျွန်တော်က တရားမျှတမှုကိုပဲ အလိုရှိတယ်!"
*****
Aurora Novel Translation Team