တုယွင်းနင်က မည်သူနည်း။
သူ(မ)က လင်ရှူး၏ အထက်တန်းကျောင်းနေဖက်ဖြစ်သည်။
ထို့ပြင် သူ(မ)က-
သူ့ရဲ့ရည်းစားဟောင်းလည်းဖြစ်ပါ၏။
ထိုအချိန်တုန်းက သူ(မ)သည် ကျောင်းမှာရှိသော ယောက်ျားလေးအများစု၏မျက်လုံးထဲမှာ လရောင်ဖြူလေးနှင့် အနီရောင်တောက်ပသော မှဲ့လေးတစ်လုံးလည်း ဖြစ်ခဲ့သည်။
သူ့ရှေ့မှာရှိသော ယွဲ့မျိုးရိုးနှင့်လူကတောင် သူ(မ)ကို သဘောကျခဲ့သည်။
ယွဲ့တင့်ထန်က ထိုသို့ပြောလာသောအခါ မဖြစ်နိုင်တာဟု ပြောလိုက်ချင်သော်လည်း တစ်ဖက်လူက စနောက်နေသည့်ပုံမပေါ်။
အညိုရောင်မျက်ဝန်းနက်တို့က နက်ရှိုင်းသောရေတွင်းပမာ လင်ရှူး၏တုံ့ပြန်မှုက အစစ်အမှန်လား၊ အတုအယောင်လားဟူ၍ ခွဲခြားနေသကဲ့သို့ ကွယ်ဝှက်ထားသော စူးရှမှုနှင့်အတူ မျက်တောင်တစ်ချက်မခတ်ဘဲ လင်ရှူးကို စိုက်ကြည့်နေခဲ့သည်။
"ဘယ်အချိန်ကဖြစ်ခဲ့တာလဲ။" လင်ရှူး မေးလိုက်၏။
ယွဲ့တင့်ထန်က ပြန်မဖြေပါချေ။ တစ်ဖက်လူက သူ့အား ထိုအမှုကိစ္စကို ဖော်ထုတ်ပြီး ဟာကွက်ရှာရန် အခွင့်အရေးမပေးမိအောင် ကြိုးစားနေမှန်း လင်ရှူးခန့်မှန်းမိလိုက်ပါ၏။
ပြောရလျှင် ယခုအခိုက်အတန့်၌ ယွဲ့၏မျက်လုံးထဲမှာ သူက အဓိကတရားခံဖြစ်နေသည်။
လင်ရှူး: "ငါ ဒီညအလုပ်ပြီးတာနဲ့ ဖေလုံချွေ့ကို တန်းလာခဲ့တာ။ ရာဇဝတ်မှုကျူးလွန်ဖို့ အချိန်မရှိဘူး။ ဒီမှာရှိတဲ့လူတိုင်း ငါ့အတွက် မျက်မြင်သက်သေလုပ်ပေးနိုင်တယ်။"
ယွဲ့တင့်ထန်က ပေါ့ပေါ့ပါးပါးပြောလာ၏။ "အလောင်းကို လွန်ခဲ့တဲ့နှစ်နာရီကမှ ရှာတွေ့ခဲ့တာဆိုပေမဲ့ သေသွားတဲ့အချိန်က နှစ်နာရီထက်တောင် ကြာနေပြီ။ ငါက ဒီအမှုရဲ့ တာဝန်ရှိသူမဟုတ်ဘူး။ မင်းမှာ ပြောစရာရှိရင် မင်းကိုစစ်ဆေးတဲ့အခါ ပြောလို့ရတယ်။"
သူက နောက်ဆုတ်ကာ သူ့ဘေးကနိုင်ငံခြားရဲနှင့် မိတ်ဆက်ပေးလာ၏။ "ဒါက မစ္စတာစမစ်၊ ပြည်သူ့သက်သာချောင်ချိရေးရဲတပ်ဖွဲ့က။ မတော်တဆဖြစ်တော့ ငါက သူနဲ့ သီးသန့်တွေ့ဆုံနေတာ။ သေဆုံးသူက မင်းရော ငါရောနဲ့ သိကျွမ်းတဲ့သူဆိုတော့ မစ္စတာစမစ်ကို အဖော်ပြုပြီး ဒီကိုလိုက်လာခဲ့တာ။"
"ဒီနေရာက ပြည်သူ့သက်သာချောင်ချိရေးရဲတပ်ဖွဲ့မဟုတ်သလို ငါကလည်း သက်သာချောင်ချိရေးဌာနမှာ နေထိုင်တဲ့သူမဟုတ်ဘူး။ ငါ ဒီကိစ္စကို ငါ့ရဲ့အထက်လူကြီးတွေဆီ သတင်းပို့ဖို့လိုအပ်တယ်။"
မစ္စတာစမစ်က တရုတ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပေသည်။ "လင်ရှူး၊ ဟုတ်ပါတယ်နော်? ကျွန်တော်တို့ ဒီကိုလာတဲ့လမ်းမှာ မစ္စတာယွဲ့က ခင်ဗျားရဲ့ယေဘုယျအခြေအနေတွေကို ကျွန်တော့်ကို ပြောပြထားပြီးပါပြီ။ ကျွန်တော် ခင်ဗျားရဲ့အထက်လူကြီးတွေကို အကြောင်းကြားခိုင်းလိုက်ပါ့မယ်။ အခု ကျွန်တော်တို့နဲ့လိုက်ခဲ့ပေးပါ။"
ထိုနိုင်ငံခြားသားက စျေးကြီးသောအဝတ်အစားတို့ကို ဝတ်ဆင်ထားပြီး ရဲဌာန၌ သြဇာညောင်းတဲ့သူဖြစ်ရမည်။
အနောက်မှ နိုင်ငံခြားသားရဲတပ်ကြပ်နှစ်ယောက်သည် သူ့ကိုပဲ စိုက်ကြည့်နေပြီး သူ ခုခံမှုကိုပြသသည့် မည်သည့်အခိုက်အတန့်မှာမဆို ခုန်အုပ်ကာ ဖမ်းချုပ်ဖို့အတွက် အဆင်သင့်ဖြစ်နေဟန်။
၎င်းတို့၏ခါးအထက်မှာ ဖောင်းကားနေသောအိတ်များရှိပြီး နံပါတ်တုတ်များအပြင် သေနတ်ပါ ပါပေလိမ့်မည်။
ယာချီနှင့် အခြားသူများမှာ အံ့သြထိတ်လန့်ကာ ဖြူဖျော့နေလေပြီ။
လင်ရှူးက တောရိုင်းသားရဲများထံ အဝိုင်းခံနေရသော ဒရယ်လေးတစ်ကောင်နှယ်။ သူ မည်မျှပင် ခုန်ထွက်နေပါစေ ဤစက်ဝိုင်းအတွင်းကနေပြီး မလွတ်မြောက်နိုင်။
ယနေ့ည၏သားကောင်ကို ဆုံးဖြတ်ပြီးလေဟန်။
သူ ယွဲ့တင့်ထန်ကိုကြည့်လိုက်၏။
ယွဲ့တင့်ထန်၏အကြည့်က လေးနက်နေပြီး အဓိပ္ပာယ်မှာ မရှင်းလင်းပါချေ။
လင်ရှူး၏အမြင်မှာတော့ တစ်ဖက်လူက ရှိုးပွဲကြည့်ဖို့ အထူးတလှယ် ရောက်လာခဲ့သကဲ့သို့ သူ၏သဘောထားမှာ လှောင်ပြောင်ရိပ်စွက်နေသလိုပင်။
ယွဲ့မျိုးရိုးကောင်၏လက်ထဲ ကျရောက်သွားတာကြောင့် ယနေ့ည အစာကောင်းလေးကို စားသုံးလို့မရတော့ဘဲ သိမ်းဆည်းခံလိုက်ရမည့်အလားအလာပင်။
လင်ရှူး နောက်တစ်ခါဆို အိမ်ကမထွက်ခင် ရက်ရာဇာလား၊ ပြဿဒါးလားဆိုတာကို သေချာစစ်ဆေးရမည်ဟု တိတ်တဆိတ်တွေးလိုက်မိသည်။
__
ပြင်သစ်သက်သာချောင်ချိရေးရဲဌာနရှိ ဗဟိုအကျဥ်းထောင်ကို ရှန်ဟိုင်းမှာရှိသော အကျဥ်းထောင်များ၊ ရဲစခန်းများအားလုံး၏ စံပြအဖြစ် သတ်မှတ်နိုင်ပေ၏။
တစ်ချိန်က ခရိုင်အသီးသီးရှိ အကျဥ်းထောင်အမျိုးမျိုးမှ သက်သာချောင်ချိရေးနယ်မြေရှိ အကျဥ်းထောင်ကို လာရောက်လေ့လာရန်အတွက် စီစဥ်ခဲ့ဖူးသော်လည်း ၎င်းမှာ လင်ရှူးရဲမဖြစ်ခင်ကဖြစ်၏။
ပြည်သူ့သက်သာချောင်ချိရေး လှည့်ကင်းအိမ်ယာများကိုလည်း သက်သာချောင်ချိရေးအမိန့်များအရ ပုံစံချထားသည်ဟု ပြောကြလေသည်။
လင်ရှူး သက်သာချောင်ချိရေးအကျဥ်းထောင်သို့ တစ်ခါမှမရောက်ဖူးပါချေ။
သူ့အမြင်တွင် လူထုသက်သာချောင်ချိရေး၏ လူစည်ကားသောဒေသများ၌တည်ရှိသည့် ဂိတ်တံခါးအိုကြီးနှင့် အကျဥ်းထောင်များသည် ၎င်းတို့၏ အိုနာကျိုးကန်းရဲဌာနသေးသေးလေးများထက် အဆပေါင်းများစွာ ပိုကောင်းမည်မှာ သံသယမရှိပေ။
အနည်းဆုံးတော့ စားပွဲများအားလုံးက အသစ်ဖြစ်နေပေလိမ့်မည်။
သို့သော်...
ဤကမ္ဘာပေါ်ရှိ စစ်ကြောရေးနှင့် ညှင်းပန်းနှိပ်စက်ရေးနေရာအားလုံးက အတူတူပင်။
"နာမည်၊ လိပ်စာ၊ အလုပ်အကိုင်။"
"လင်ရှူး၊ အစက်နှစ်စက်ပါတဲ့ ရေခဲရဲ့လင်၊ ကျုန်းရှူးရဲ့ ရှူး။ အိမ်လိပ်စာက ယင်ရှန်ခရိုင်၊ ကျူးကျားချောင်အိမ်ရာ၊ အိမ်နံပါတ် ၃၆။ လက်ရှိ ကျန်းဝမ်ခရိုင်ရဲစခန်းမှာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတယ်။"
"မနေ့နဲ့ ဒီနေ့ ဘယ်မှာရှိနေခဲ့တာလဲ။"
"နေ့ခင်းဘက်မှာ အလုပ်လုပ်ပြီး ညဘက်ကျ အိမ်မှာပဲ အနားယူနေခဲ့တာ။"
"အသေးစိတ်ပြော!"
လင်ရှူး: "မနေ့က ၄ နာရီဝန်းကျင်မှာ အလုပ်ဆင်းတော့ တုယွင်းနင်က ရှင်းယွဲ့ကော်ဖီဆိုင်ကိုသွားဖို့ ချိန်းခဲ့တယ်။ ကျွန်တော်တို့ အဲ့မှာ တစ်နာရီခွဲလောက်အောင်ထိုင်ခဲ့ပြီးတော့ သူ(မ)ကို အိမ်ပြန်လိုက်ပို့ခဲ့တယ်။ အဲ့ဒါပြီးတော့ ထပ်မတွေ့တော့ဘူး..."
"ခဏလေး။" ထွက်ဆိုချက်ကို မှတ်တမ်းတင်နေသောရဲက သူ့ကို ကြားဖြတ်ပြောလိုက်၏။ "တစ်နာရီခွဲလုံး မင်းတို့နှစ်ယောက်တည်းပဲလား။"
လင်ရှူးက ပျင်းရိစွာဖြင့် အနောက်သို့မှီလိုက်သည်။
"ကျွန်တော်ပြောတာ နေ့လယ် ၄ နာရီ၊ လင်းထိန်နေတဲ့ နေ့ခင်းကြောင်တောင်အချိန်ကြီးနော်။ ကော်ဖီဆိုင်ထဲမှာ သွားသွားလာလာလူတွေရော၊ စားပွဲထိုးတွေနဲ့ တခြားဧည့်သည်တွေရောရှိတယ်။ ဘယ်လိုလုပ်ပြီး ကျွန်တော်တို့နှစ်ယောက်တည်းဖြစ်နိုင်မှာလဲ။"
ရဲအရာရှိက မျက်မှောင်ကြုတ်ကာ သူ့ကိုပြစ်တင်ရှုံ့ချရန် စဥ်းစားလိုက်သော်လည်း လင်ရှူး၏အနောက်တိုင်းစတိုင်ဝတ်စားဆင်ယင်ပုံကို ကြည့်ကာ ရပ်တန့်သွားခဲ့၏။
အထဲမှာ အရောင်တောက်တောက်လည်စီးနှင့် စျေးကြီးသော သိုးမွေးကုတ်ပင်။
ယနေ့ခေတ်တွင် အနောက်တိုင်းစတိုင် အဝတ်အစားများကိုဝတ်ဆင်ကြသော လူများစွာရှိသော်လည်း ကောင်းသောအသားနှင့် ညံ့သောအသားတို့ကြား ကြီးမားသောကွာဟချက်တို့ရှိပေ၏။ ငွေမျှင်ဒီဇိုင်းနှင့် အနီရောင်လည်စီးဆို ထည့်ပြောနေစရာတောင်မလိုပါချေ...
ရဲအရာရှိက သူ့ဘေးမှာထိုင်နေသော စမစ်နှင့် ယွဲ့တင့်ထန်တို့ကို တစ်ချက်ကြည့်လိုက်ပြီး ထိုသူတို့က သူ့ကို အာရုံစိုက်မနေကြောင်း တွေ့လိုက်ရာ လည်ချောင်းရှင်းကာ ပြောလိုက်၏။ "ကောင်းပြီ။ ငါ မငြင်းတော့ဘူး။ နောက်ထပ်ရော?"
"အဲ့နောက်တော့ ညလယ်စာသွားစားပြီး အိမ်ပြန်ခဲ့တယ်။ ဒီနေ့ တစ်နေကုန်အလုပ်လုပ်နေပြီး ညနေပိုင်းမှာ ကချင်လို့ ဖေလုံချွေ့ကို သွားခဲ့တယ်။"
ရဲအရာရှိ: "မင်းနဲ့ တုယွင်းနင်က အလယ်တန်းကျောင်းမှာ အတန်းဖော်တွေ၊ ပြီးတော့ အရင်က သမီးရည်းစားတွေဖြစ်ခဲ့သေးတယ်နော်?"
လင်ရှူး: "ဟုတ်တယ်။ ကျွန်တော်တို့မိသားစုတွေကတောင် ကျွန်တော်တို့ကို လိုက်ဖက်တယ်လို့တွေးပြီး နှစ်ဖက်မိဘတွေဆို ကျွန်တော်တို့ကို ပေါင်းစည်းပေးဖို့ ရည်ရွယ်ထားကြတာ။"
ရဲအရာရှိ: "ဒါပေမဲ့ အဲ့နောက်တော့ တုယွင်းနင်က တပ်မှူးချုပ်ယွမ်ပင်းသောက်ရဲ့သား၊ ယွမ်ပင်းနဲ့ လက်ထပ်ခဲ့တယ်။"
လင်ရှူးက သက်ပြင်းချလိုက်သည်။ "ညီအစ်ကိုရ၊ ကျွန်တော့်ကို အဲ့ဒါကြောင့်နဲ့ သွားပြီပဲလို့များတွေးနေတာလား။ ကျွန်တော်က ကြံရာကျပန်းမိန်းကလေးတစ်ယောက်ယောက်ကို ကောက်ပြီးလက်ထပ်လိုက်မဲ့သူမျိုးလား။ ကျွန်တော် လက်ဖျောက်တီးလိုက်တာနဲ့ ဟွမ်ဖူမြစ်ကနေ ဝမ့်ကော်အားကစားခန်းမအထိ ကျွန်တော့်ဆီကို ဆယ်မိုင်အကွာက အချောအလှလေးတွေတောင် ရောက်လာလိမ့်မယ်။"
ရဲအရာရှိက စားပွဲကိုခေါက်လိုက်၏။ "စကားလမ်းကြောင်းမလွှဲပါနဲ့!" သူ၏လေသံက အရမ်းတော့ တင်းမာမနေချေ။ လင်ရှူးက လုပ်ဖော်ကိုင်ဖက်ဖြစ်တာကြောင့်လား၊ သူ၏အသွင်အပြင်အရ ကောင်းမွန်သည့်နောက်ခံအသိုင်းအဝိုင်းရှိပုံကြောင့်လားတော့ မသိပေ။ စမစ်နှင့် ယွဲ့တင့်ထန်တို့ ဘေးမှာရှိနေတာကြောင့် အရမ်းကြီးကြမ်းတမ်းလို့မရတာလည်း ဖြစ်နိုင်ပါ၏။
လင်ရှူး: "တုယွင်းနင်က လက်ထပ်ပြီးနောက်ပိုင်းမှာ ကျွန်တော့်ကို တွေ့ကြဖို့ချိန်းဆိုခဲ့ဖူးပေမဲ့ ကျွန်တော် မသွားခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်တော့်ဆီ အသနားခံဖို့ သူ့အိမ်စေတစ်ယောက်ကို ခဏခဏလွှတ်နေတာနဲ့ သူ(မ)ကို အကြိမ်အနည်းငယ်လောက် သွားတွေ့ခဲ့တယ်။ နှစ်ကြိမ်လား၊ သုံးကြိမ်လားပဲ။ ခင်ဗျား ယွမ်အိမ်တော်ကလူတွေကိုလည်း မေးကြည့်သင့်တယ်။ သူတို့ရဲ့ထွက်ဆိုချက်တွေက ကျွန်တော်လိမ်နေတာမဟုတ်ဘူးဆိုတာ သက်သေပြနိုင်တယ်။"
ရဲ: "သူ(မ)က ဘာအတွက် အသနားခံရတာလဲ။"
လင်ရှူး: "သူ(မ)က လက်ထပ်ပြီးသွားတော့ ဘယ်လိုတောင်မပျော်ရွှင်နေရဘူးလဲဆိုတာ ပြောပြချင်ရုံပဲ။ သူ(မ)ရဲ့ နာကြည်းချက်တွေကို ဖွင့်ထုတ်ဖို့သဘောပေါ့လေ။"
ရဲ: "သူ(မ)မှာ ရင်ဖွင့်ဖို့ ရင်းနှီးတဲ့သူငယ်ချင်းမရှိဘူးလား။ ဘာလို့ မင်းလိုလူတစ်ယောက်ဆီမှာ သူ(မ)ရဲ့ခံစားချက်တွေကို မျှဝေချင်ရတာလဲ။"
လင်ရှူး: "ကျွန်တော် မသိဘူး။"
ရဲ: "မနေ့နေ့လယ်က တုယွင်းနင် ဘာပြောခဲ့တာလဲ။"
လင်ရှူး: "သူ(မ)က ကျွန်တော်နဲ့ ခိုးရာလိုက်ပြေးချင်တယ်တဲ့။ ဒါပေမဲ့ ကျွန်တော် သဘောမတူခဲ့ပါဘူး။"
ထိုဖွင့်ဟချက်က အံ့သြထိတ်လန့်စရာပင်။
တုယွင်းနင်က ယွမ်မိသားစုနှင့် လက်ထပ်လိုက်ချိန်တွင် မဟာလက်ထပ်ပွဲကြီးက ရှန်ဟိုင်းတစ်ခွင် ပြဲပြဲစင်ပျံ့နှံ့ခဲ့ပြီး ယနေ့ထိတောင် လူများစွာက ရှင်းရှင်းလင်းလင်း မှတ်မိနေကြပေသည်။
တစ်ချိန်က နာမည်ကြီးခဲ့သော အနောက်တိုင်းစီချွမ်တပ်မှူးချုပ် ယွမ်ပင်းသောက်က နန်းချခံရပြီးနောက် ရှန်ဟိုင်းသို့ နယ်နှင်ဒဏ်ပေးခံလိုက်ရ၏။ သူ့မှာ တစ်ဦးတည်းသောသား ယွမ်ပင်းရှိပေသည်။
ယွမ်ပင်းသောက် အာဏာရှိခဲ့စဥ်က လူအများဆီကနေ ချမ်းသာကြွယ်ဝမှုတို့ကို လက်ဝါးကြီးအုပ်ခဲ့ပြီး အားလုံးကို ယွမ်ပင်း၏လက်ထဲ လွှဲအပ်ပေးခဲ့သည်။ ယွမ်ပင်းက ရွှေတောင်၊ ငွေတောင်မှာ မွေးဖွားလာခဲ့သည်ဟု ပြောရပေမည်။
သို့သော် ယွမ်ပင်းက ရှန်ဟိုင်းရှိ နာမည်ကြီးပလေးဘွိုင်း (မျက်နှာများသူ)တစ်ယောက်ဖြစ်၏။ သူက ယနေ့ သရုပ်ဆောင်တစ်ယောက်ကို ပံ့ပိုးပေးပြီး နောက်တစ်နေ့မှာ ကြယ်ပွင့်တစ်ယောက်နှင့် အချိန်ဖြုန်းလိမ့်မည်သာ။
သူ့အဖေချန်ထားခဲ့သော ရွှေတောင်၊ ငွေတောင်တို့က သူ့ကြောင့် ယိုယွင်းလာခဲ့ပြီး ယွမ်နှင့် တုကြားက မိသားစုပေါင်းစည်းရေးသည် ဝမ်းနည်းစရာကိစ္စတစ်ခု ဖြစ်လာခဲ့လေ၏။
သို့သော်လည်း အပြင်လူများ၏မျက်လုံးထဲတွင် မစ္စယွမ်တစ်ဖြစ်လည်း တုယွင်းနင်က လူမှုအဖွဲ့အစည်းမှာ တက်ကြွသူဖြစ်၏။ သူ(မ)၏နေထိုင်မှုပုံစံက မနိမ့်ကျသလို သူ(မ)က ဖက်ရှင်ခေတ်ရေစီးကြောင်းများကို ဦးဆောင်သူတစ်ဦးလည်း ဖြစ်ပါ၏။
ထိုကဲ့သို့ ငယ်ရွယ်ပြီး လှပသည့်အမျိုးသမီးက သူ(မ)၏ အိပ်ခန်းထဲမှာ အသတ်ခံခဲ့ရသည်။
ပို၍ တုန်လှုပ်စရာကောင်းသည့်အချက်မှာ သူ(မ)က တစ်စုံတစ်ဦးနှင့် ထွက်ပြေးချင်နေသည့်ကိစ္စပင်။
*****
Aurora Novel Translation Team