စားသောက်ပြီးနောက် လင်ရှူး ပြန်လည်မွေးဖွာလာသလိုမျိုး စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
သူသည် အကျဥ်းထောင်ထဲမှာသာ နေချင်နေတော့၏။ အနည်းဆုံးတော့ ထိုနေရာမှာဆို သူ၏နားက ဒုက္ခရောက်မှာမဟုတ်ပေ။
လင်ယောင်က သူ့ဆီမှလာသော အနံ့အသက်တို့ကို ထပ်ပြီးသည်းမခံနိုင်တော့ရာ စားသောက်ပြီးနောက် ချက်ချင်းဆိုသလို ရေချိုးရန်တွန်းပို့တော့၏။
"မင်းကိုယ်မင်း သန့်ရှင်းလိုက်ဦး။ အတန်းဖော်ဟောင်းနဲ့တွေ့တာကို အိမ်ခြေရာမဲ့လိုပုံစံနဲ့ ညစာစားတာ ရှက်စရာကောင်းလိုက်တာ!"
လင်ယောင်က သူ့အား အပေါ်ထပ်ကိုဆွဲခေါ်သွားပြီး တီးတိုးပြောလာခဲ့သည်။ "ငါ့ကိုပြောစမ်း၊ မနေ့ညက ဘာတွေလုပ်နေခဲ့တာလဲ။ ဘာလို့ ဒီလောက်ညစ်ပတ်နံစော်နေတဲ့ပုံစံနဲ့ပြန်လာရတာလဲ။"
လင်ရှူးက အပြစ်ကင်းစင်ဟန်။ "ဘာမှမဖြစ်ပါဘူး။ အပြစ်သားတစ်ယောက်နောက်ကိုလိုက်ရင်း ပစ်လဲခဲ့တာမို့။"
လင်ယောင်က သူ့ကို မယုံသည့်အကြည့်ဖြင့် ကြည့်လိုက်သော်လည်း ၎င်းတို့မှာ ဧည့်သည်ရှိနေသေး၍ သူ၏နဖူးကိုသာခေါက်လိုက်ပြီး ဘာမှထပ်မမေးတော့ပေ။
လင်ရှူးက အခိုက်အတန့်တစ်ခုလောက်တွေးကာ သူ(မ)၏လက်မောင်းအားဆွဲလိုက်၏။ "ကျဲ၊ ကျဲရဲ့ယောက်ျားရော လက်တလောမှာ တစ်ခုခုပြောသေးလား။ အလုပ်နဲ့ပတ်သက်တဲ့ အခက်အခဲတွေဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်ကို စော်ကားမိတာပဲဖြစ်ဖြစ်?"
လင်ယောင်က ပထမတော့ ပဟေဠိဖြစ်သွားပြီး ထို့နောက် စိတ်ပူလာခဲ့၏။
"ဟင့်အင်း၊ ဘာလို့လဲ။ မင်းယောက်ဖ တစ်ခုခုဖြစ်နေလို့လား။"
"စိတ်မပူပါနဲ့။" လင်ရှူးက ပေါ့ပေါ့ပါးပါးပြောလိုက်၏။ "ကျွန်တော်တို့ဘော့စ်က လက်တလော သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရန်ပွဲတစ်ခုဖြစ်ခဲ့ပြီး အရေးနိမ့်ခဲ့တာမို့ သူ့ကို ကြုံရာကျပန်းစွပ်စွဲပြီး အကျဥ်းချထားတယ်လေ။ ကျွန်တော် ကျဲရဲ့ယောက်ျားကို စိတ်ပူလို့ပါ။"
လင်ယောင်: "ငါ့ကို မခြောက်လှန့်စမ်းပါနဲ့။ သူ မနေ့တုန်းက အလုပ်ကပြန်လာတုန်းကတောင် အဆင်ပြေနေတာကို။ လောင်သာ့ချန်ဆီက ငါကြိုက်တတ်တဲ့ နပိုလီယမ်ကိတ်မုန့်ကိုတောင် ဝယ်လာခဲ့သေးတယ်။"
လင်ရှူး: "ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ကျွန်တော် အခု ရေသွားချိုးလိုက်ဦးမယ်။ ဟိုယွဲ့မျိုးရိုးကောင်ကို ခဏနေရင် ကျွန်တော်တို့တက်ခဲ့တဲ့ တက္ကသိုလ်ဆီ ပြန်ခေါ်သွားလိုက်ဦးမယ်။"
လင်ယောင်က သူ့ကိုဆွဲကာ လေသံတိုးတိုးဖြင့် ပြောလာခဲ့သည်။ "သူ့ကို အဲ့လိုမခေါ်စမ်းနဲ့! သူက အခု အခြေအနေကောင်းပြီး မိသားစုနောက်ခံကလည်း ကောင်းတယ်။ သူ ဒီကိုလာပြီး မင်းကိုလာတွေ့ဖို့က ရှားရှားပါးပါးကို မင်း သေချာစဥ်းစားပြီး ဒီဆက်ဆံရေးကို အဆင်ပြေအောင်ထိန်းထား။ မင်း အနာဂတ်မှာ ဇနီးရှာဖို့ သူ့ဆီကတောင် အကူအညီလိုရင်လိုနေမှာ!"
လင်ရှူး: "သူက ကူညီနိုင်မှာလား။ ကျွန်တော့်အတွက် တွင်းတူးပေးပြီး ကျဲကို အကျင့်မကောင်းတဲ့ယောက်မရှာပေးလာရင်ရော?"
လင်ယောင်က သူ့ကိုရိုက်ဖို့ ရွယ်လိုက်သော်လည်း လင်ရှူးက ရေချိုးခန်းထဲ အမြန်ဝင်သွားခဲ့လေသည်။
သူသည် တမင်တကာ အချိန်ဆွဲပြီး ရေချိုးခန်းထဲမှာ တစ်နာရီလောက်နေပြီးမှ ပြန်ထွက်လာခဲ့၏။
ယွဲ့တင့်ထန်က ထိုနေရာ၌ ထိုင်နေဆဲဖြစ်ပြီး သူ၏ကိုယ်နေဟန်ထားက များများစားစား ပြောင်းလဲမသွားခဲ့ပေ။ သူ၏အမူအရာမှာ စိတ်မရှည်မှုတို့ တစိုးတစိမှမရှိချေ။
"အပြင်မထွက်ခင် ရေတစ်ခွက်လောက် သောက်ဖို့လိုသေးလား။ မင်း မနေ့ညက အပြင်မှာအိပ်တာဆိုတော့ ပင်ပန်းနေရင် တစ်ရေးလောက်အိပ်ပြီးမှ ထွက်ကြမယ်လေ။" သူက ကြင်နာစွာဖြင့် စိုးရိမ်ပူပန်စွာ ပြောလာခဲ့သည်။
၎င်းကသာ စစ်ကြောရေးအခန်းအတွက်မဟုတ်လျှင် လင်ရှူးသည် တစ်ဖက်လူက သစ္စာရှိပြီး ရိုးသားသည့် အတန်းဖော်ဟောင်းတစ်ယောက်ဟု သေချာပေါက်တွေးနေမိမည်။
"ငါသာ အနားယူရင် နာရီအနည်းငယ်လောက် အိပ်ပျော်သွားမှာ။ မင်းက အဲ့လောက်အကြာကြီး စောင့်နိုင်မှာမို့လား။"
"ကိစ္စမရှိပါဘူး။ အချိန်ကြာသွားရင်လည်း ညစာစားဖို့ မင်းအိမ်မှာနေလိုက်မယ်လေ။ မင်းအစ်မက စိတ်ရှိမှာမဟုတ်လောက်ဘူး။"
လင်ယောင်က ၎င်းတို့နှစ်ယောက်ကြားက ပုန်းလျှိုးနေသော ရုန်းရင်းဆန်ခတ်များကို သတိမပြုမိဘဲ သူ့ကို ညစားစားဖို့ အမှီပြန်လာခဲ့ရန် ပြောနေခဲ့၏။
လင်ရှူးတစ်ယောက်တည်းသာ တစ်ဖက်လူ၏စကားထဲက ခြိမ်းခြောက်မှုတို့ကို သဘောပေါက်လိုက်သည်။
၎င်းတို့နှစ်ယောက်က အချင်းချင်းစိုက်ကြည့်နေပြီး နှစ်ယောက်လုံး အချင်းချင်း၏ ဟန်ဆောင်မှုများနှင့် ကြောင်သူတော်ယောင်ဆောင်မှုများကို မြင်နေကြရ၏။
...
ယနေ့ခေတ်တွင် သေဆုံးသူအများစုမှာ နာရေးကိစ္စအတွက် အိမ်ပြန်ခေါ်သွားတတ်သလို မိသားစုမရှိ၊ အိမ်မရှိသည့်သူများကိုတော့ ပရဟိတအဖွဲ့အစည်းများက သုဿန်၌ သင်္ဂြိုလ်ပေးရသည်။
တုယွင်းနင်၏အခြေအနေက တော်တော်လေးထူးခြားသည်။
သူ(မ)က အသတ်ခံခဲ့ရပြီး သူ(မ)၏အနေအထားက မထင်မရှားမဟုတ်ရာ ယွမ်မိသားစုက အလောင်းလာမကောက်တာတောင် ၎င်းအား မြို့ပြင်မှာ ဒီတိုင်းစွန့်ပစ်လိုက်လို့မရချေ။ စမစ်၏ပူးပေါင်းမှုအရ အလောင်းအား ရဲစခန်းနှင့် သိပ်မဝေးသည့် ဆေးရုံဘေးရှိ ရေခဲတိုက်မှာ ယာယီထိန်းသိမ်းထား၏။
နှစ်ရက်ကြာပြီးနောက် ရာသီဥတုက အေးစက်နေပြီး အလောင်းက သက်ရှိလူသားမဟုတ်တော့သည့်အတွက် အပုပ်အပွနေရာများ ရှိလာသည်မှလွဲ၍ များများစားစား ပြောင်းလဲမသွားသေးပေ။
နှစ်ဦးသား အလောင်း၏တစ်ဖက်တစ်ချက်မှာ ရပ်နေကြပြီး ဦးခေါင်းများငုံ့ကိုင်း၍ ကြည့်နေခဲ့ကြသော်လည်း အခိုက်အတန့်တစ်ခုလောက် ဆွံအသွားခဲ့ကြ၏။
ယွဲ့တင့်ထန်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"အခု သတင်းစာတွေထဲမှာ ယွမ်မိသားစုအကြောင်းကို သတင်းဖော်ပြနေကြပြီ။ စမစ်က ဒါကို အချိန်အကြာကြီး ထိန်းထားနိုင်မှာမဟုတ်ဘူး။"
"လူသတ်တရားခံအစစ်ကို ရှာမတွေ့ရင် လူထုအမြင်ရဲ့ဖိအားနဲ့ဆို ရဲဌာနက အထက်လူကြီးတွေကို ကျေနပ်စေဖို့ ရှိထားတဲ့သက်သေတွေနဲ့ သံသယရှိသူကို အတည်ယူလိုက်ကြမှာပဲ။"
"မင်း လွတ်ဖို့က တော်တော်ခက်တယ်။ အဲ့လိုလုပ်ဖို့ဆို ငါ အဆက်အသွယ်တွေအများကြီးကို သုံးရမှာ။"
"မင်းမှာ အချိန်အများကြီး မကျန်တော့ဘူး။"
လူသေအလောင်း၏ရှေ့၌ ယွဲ့တင့်ထန်က သူ၏လေသံကို ကြင်နာသောအသံပေါက်အောင် ကြိုးစားနေရှာ၏။
အတိတ်တုန်းက လင်ရှူးနှင့် မည်မျှပင်ရန်ငြိုးရှိခဲ့ပါစေ၊ အနည်းဆုံးတော့ ယခု သူတို့နှစ်ဦးက ပန်းတိုင်တူနေသည်။
လင်ရှူး အလောင်းကိုပတ်၍ နှစ်ခေါက်လောက် လမ်းလျှောက်လိုက်၏။ သူ၏အမူအရာက တည်ငြိမ်နေသည်။ သူသည် ယွဲ့တင့်ထန်၏စကားတို့ကို လုံးဝမကြားသလို ဂရုတစိုက်တွေးတောနေဟန်။
"သူ(မ) အများကြီး ပြောင်းလဲသွားတယ်။" လင်ရှူးက ထိုသို့ပြောလာ၏။
ယွဲ့တင့်ထန်က နှုတ်ခမ်းများလှုပ်ကာ လူတစ်ယောက်က သေဆုံးသွားပြီးနောက် အများကြီးပြောင်းလဲသွားကြောင်း ပြောပြချင်နေ၏။
သို့သော် မကြာခင်မှာပဲ သူမှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။
လင်ရှူးပြောနေသည်မှာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုမဟုတ်ပေ။
"သူ(မ)က အရင်တုန်းကဆို အရမ်းတုံးအပြီး အမြဲတမ်း အပြင်ထွက်ချင်တယ်၊ ကမ္ဘာကြီးကိုကြည့်ချင်တယ်လို့ပြောနေပေမဲ့ လက်တွေ့လုပ်ဖို့ သတ္တိမရှိခဲ့ဘူး။"
"ငါ မှတ်မိသေးတယ်၊ တစ်ခါက ငါတို့တွေ ကျောင်းအနောက်ဘက်မှာ စွန့်ပစ်ခံထားရတဲ့ ငှက်ပေါက်စလေးတစ်ကောင်ကိုတွေ့တော့ တုယွင်းနင်က ငှက်ပေါက်လေးကိုကိုင်ထားပြီး သူ့အမေလာခေါ်တဲ့ထိ စောင့်မယ်ဆိုပြီး မှောင်တဲ့အထိစောင့်နေခဲ့တယ်။"
"တစ်ခါတလေဆို သူ(မ)က ဆင်းရဲချို့တဲ့တဲ့ တောင်းရမ်းတဲ့သူတွေကို မြင်လိုက်ရရင် သူ(မ)ရဲ့ပိုက်ဆံအိတ်ကိုထုတ်ပြီး သူတို့ကို ပိုက်ဆံတချို့ပေးတတ်သေးတယ်။ သူတို့က ကိုင့်ပန်း ဒါမှမဟုတ် ချင်းပန်းတို့လို့ သူတောင်းစားဂိုဏ်းတွေက ကြိုးကိုင်ချယ်လှယ်နေတဲ့သူတွေပါလို့ ငါပြောလည်း သူ(မ)က သူတို့ဆီကနေ အတင်းအကျပ်ခိုင်းစေခံရရင်တောင် သူတို့ရဲ့အိတ်ကပ်ထဲကို ပိုက်ဆံတချို့ရောက်သွားရင် သူတို့ကလေးတွေအတွက် နေထိုင်စားသောက်ဖို့နဲ့ ကျောင်းစရိတ်ဖို့ကို စုမိသွားမယ်၊ ဒါမှမဟုတ် အသက်တစ်ချောင်းကို ကယ်လိုက်နိုင်တာလည်း ဖြစ်နိုင်တယ်တဲ့။"
"သူ(မ) စာလေ့လာတဲ့အချိန်ကဆို တရုတ်ဆရာတွေဆီကနေ မကြာခဏ လူသိရှင်ကြားရွတ်ဖတ်ပြခံရတဲ့ ကဗျာကောင်းတွေကို ရေးသားနိုင်ခဲ့တယ်။ သူ(မ)က လွီပိချန်လို အရည်အချင်းရှိတဲ့အမျိုးသမီးဖြစ်လာမှာလို့ လူတိုင်းပြောခဲ့ကြတယ်။"
"ဒါပေမဲ့ ဒီလိုအရာတွေက။"
လင်ရှူး ခေါင်းမော့ကာ ယွဲ့တင့်ထန်ကို ကြည့်လိုက်သည်။
"နှစ်ပေါင်းများစွာကြာပြီးနောက် ငါတို့ပြန်လည်ဆုံတွေ့တော့ အဲ့လိုအချက်တွေကို တုယွင်းနင်ပေါ်မှာ အရိပ်အယောင်တောင် မတွေ့ရတော့ဘူး။"
တုယွင်းနင်အပေါ်မှာရှိသည့် လင်ရှူး၏ နက်ရှိုင်းသောအမြင်တစ်ခုက သူ သူ(မ)ကို လက်ထပ်ခွင့်တောင်းသောအချိန်ဖြစ်၏။ သူ(မ)၏အဖေက ဆိုဖာပေါ်မှာထိုင်နေပြီး တုမိသားစုသည် ယွမ်မိသားစုနှင့်လက်ထပ်ဖို့ စီစဥ်ပြီးပြီဖြစ်ကြောင်း ပြောလာခဲ့သည်။
ထိုအချိန်က တုယွင်းနင်သည် အပြင်ဘက်ဥယျာဥ်ထဲက တိုင်လုံးကြီး၏နောက်ကွယ်မှာ ပုန်းကွယ်နေခဲ့ပြီး မျက်ရည်များပြည့်နှက်နေသော မျက်လုံးများဖြင့် လင်ရှူးကို ကြည့်နေခဲ့၏။ လင်ရှူးသည် လူငယ်တစ်ယောက်၏စိတ်အားထက်သန်မှုများနှင့် သူ(မ)ကို မိသားစုနှင့် အဆက်အသွယ်ဖြတ်ကာ သူနှင့်အတူ နိုင်ငံခြားထွက်ပြီး ပညာတော်သင်သွားကာ ယနေ့ခေတ်လူငယ်စုံတွဲများလို အတူတူနေကြမလားဟူ၍ မေးခဲ့၏။
ထိုနေ့က တုယွင်းနင်၏အဖြေကို သူမှတ်မိနေဆဲပင်။
'ဟင့်အင်း၊ ငါ မလုပ်နိုင်ဘူး၊ လင်ရှူး။ ဒါက ငါ့အိမ်၊ ငါ့မိဘတွေ။ ငါ အဲ့လိုမလုပ်နိုင်ဘူး။'
"အဲ့ဒါကြောင့် သူ(မ)က ငါနဲ့လိုက်ဖို့အတွက် သတ္တိမရှိခဲ့ဘူး။ ယွမ်မိသားစုမှာ ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်ကျက်သရေတွေကို နှစ်ပေါင်းများစွာခံစားပြီးပြီဆိုရင် ငါ့ဆီပြန်လာချင်ဖို့က ပိုပြီးမဖြစ်နိုင်တော့ဘူး။"
ထိုအချက်တွင် လင်ရှူး မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမဲ့ အလောင်းက တကယ် သူ(မ)ဖြစ်နေတယ်။ သူ(မ) လွတ်မြောက်ဖို့အတွက် သေချင်ယောင်ဆောင်တယ်ဆိုတဲ့ ငါ့ရဲ့ခန့်မှန်းချက်က မှားသွားပြီ။"
ယွဲ့တင့်ထန်: "သူ(မ) မင်းကိုပြတဲ့ ပိုင်ဆိုင်မှုစာရင်းထဲက လက်ရေးက ဘယ်လိုမျိုးလဲဆိုတာ မှတ်မိသေးလား၊ မင်း တုပပြီးရေးနိုင်လား။"
လင်ရှူးက ခေါင်းယမ်းလိုက်၏။ "ငါ လက်ရေးကိုမြင်လိုက်ရင်တော့ မှတ်မိနိုင်တယ်။"
ယွဲ့တင့်ထန်: "အဲ့နေ့က မင်း ငါ့ကိုပြောပြီးတော့ တစ်စုံတစ်ယောက်ကို မေးမြန်းဖို့ လွှတ်လိုက်တယ်။ ယွမ်မိသားစုထဲက ဘယ်သူကမှ တုယွင်းနင်ရဲ့ ပိုင်ဆိုင်မှုတွေရှိတဲ့နေရာကို မသိကြဘူး။ သူ(မ) မသေခင်က ဘယ်ဘဏ်မန်နေဂျာ၊ ဒါမှမဟုတ် အပေါင်ဆိုင်ပိုင်ရှင်တွေနဲ့မှ မတွေ့ခဲ့ဖူးဘူး။ အဲ့ဒီနေ့က ကော်ဖီဆိုင်မှာ မင်းနဲ့တွေ့ပြီးတော့ ယွဲ့အိမ်တော်ကို ပြန်သွားခဲ့တာ။ အဲ့နောက် အခန်းထဲမှာ သေဆုံးလျက်နဲ့တွေ့ခဲ့အချိန်ထိပဲ။"
လင်ရှူး: "ယွမ်မိသားစုရဲ့ ပိုင်ဆိုင်မှုကရော၊ နည်းလား။"
ယွဲ့တင့်ထန်က သက်ပြင်းချလိုက်၏။ "ငါ မသိဘူး။ တွက်ချက်ဖို့ နည်းလမ်းမရှိဘူး။ ယွမ်မိသားစုရဲ့ပိုင်ဆိုင်မှုက ဒီနှစ်တွေမှာ အရမ်းကိုပရမ်းပတာဖြစ်နေတာ။ အိမ်တော်ထိန်းရဲ့ လယ်ဂျာစာရင်းစာအုပ်ကလည်း မကိုက်ညီဘူး။ ဘယ်ဟာတွေက ယွမ်ပင်းကြောင့် ကုန်သွားပြီလဲ၊ ဘယ်ဟာတွေကို သူ့လက်အောက်ငယ်သားတွေက ယူသွားတာလဲဆိုတာကို သူတို့လည်း မသိကြဘူး။ ဒီလိုအခြေအနေမှာ အိမ်တော်ရဲ့ သခင်မဖြစ်တဲ့ တုယွင်းနင်အတွက် တစ်စုံတစ်ခုလုပ်ဖို့က အရမ်းလွယ်ကူတယ်။"
လင်ရှူး: "အဲ့ဒီလူက ယွမ်မိသားစုက တစ်စုံတစ်ယောက် ဒါမှမဟုတ် တုယွင်းနင် အပြင်မှာတွေ့ခဲ့တဲ့ တစ်စုံတစ်ယောက်ဖြစ်နိုင်တယ်။"
ယွဲ့တင့်ထန်: "ယွမ်မိသားစုထဲကလူတွေကို အရင်သွားမေးကြည့်ရအောင်။"
လင်ရှူး: "ယွမ်အိမ်တော်က ချိတ်ပိတ်ထားတာမဟုတ်ဘူးလား။"
ယွဲ့တင့်ထန်: "ယွမ်အိမ်တော်မှာ အဆောက်အအုံနှစ်ခုရှိတယ်။ ပင်မအဆောက်အအုံကို အခု ချိတ်ပိတ်ထားပေမဲ့ အနောက်ဆောင်ကို ယွမ်မိသားစုရဲ့အစေခံတွေအတွက် ချန်ထားသေးတယ်။ သူတို့ကို ရဲတွေကစောင့်ကြည့်နေပြီး အမှုမှန်မပေါ်မချင်း ထွက်သွားလို့မရဘူး။"
*****
Aurora Novel Translation Team