အိပ်ဆောင်နာရီလက်တံက သန်းခေါင်ယံအချိန်အတိအကျကို ညွှန်ပြနေချိန်တွင် ယွဲ့အိမ်တော်၏ဝင်ပေါက်၌ ကားတစ်စီးရပ်တန့်သွား၏။
ဒရိုင်ဘာက လမ်းလျှောက်လာပြီး တံခါးဖွင့်လိုက်သည်။
ရုတ်တရက်ဆိုသလို သူ၏ညာဘက်ပါးက အေးခနဲဖြစ်သွားလေသည်။ ယွဲ့တင့်ထန် လက်လှမ်းကာထိကြည့်လိုက်ရာ နှင်းစက်ကလေးဖြစ်နေ၏။
ကားရှေ့မီးရောင်၏ အလင်းထင်ဟပ်မှုအောက်တွင် နှင်းပွင့်ကလေးများအား ရှင်းရှင်းလင်းလင်းမြင်နေရပြီး ရံဖန်ရံခါ လေတစ်ချက်အဝှေ့မှာ နှင့်ပွင့်ကလေးများက သူ၏လည်ပင်းဆီ တိုးဝှေ့လာခဲ့သည်။ ဒရိုင်ဘာသည် အလိုလို တစ်ချက်တုန်တက်သွားပြီး ညည်းတွားလိုက်၏။ "ဘယ်လိုလုပ်ပြီး နှင်းကျနေရသေးတာပါလိမ့်။"
သို့သော် တံခါးကနေ ဝင်လိုက်သည်နှင့် နွေးထွေးသွားခဲ့သည်။
နွေးထွေးသောလေထုက သူ့ဆီသို့ရောက်ရှိလာပြီး ဖျော့တော့သောအမွှေးရနံ့နှင့် ရောထွေးသွားခဲ့သည်။ အအေးကနေ အပူသို့ ရုတ်ခြည်းပြောင်းလဲမှုက သူ၏နှာခေါင်းအား ယားယံစေရာ ဒရိုင်ဘာမှာ နှာချေချင်တာကို မအောင့်နိုင်ခဲ့ပေ။
"ရှောင်တိ!"
(TN/မောင်ငယ်လေး)
ကျက်သရေရှိလှသော ပုံရိပ်တစ်ခုက ဒုတိယထပ်ကနေ ဆင်းလာနေ၏။ အထင်ကြီးစရာကောင်းသည်မှာ သူ(မ)က ဒေါက်မြင့်ဖိနပ်အချွန်ကိုစီးကာ ချီဖောင်ကို ဝတ်ဆင်ထားသော်လည်း လေပွေလိုမျိုး အမြန်ပြေးဆင်းလာတာပင်။
တစ်ဖက်လူ၏မျက်နှာကို မကြည့်ဘဲ ယွဲ့တင့်ထန်က ချက်ချင်းပြောလိုက်သည်။ "တတိယအစ်မ၊ ဘာလို့ ပြန်ရောက်နေတာလဲ။"
ယွဲ့ချွင်းရှောင်က ဖျော့တော့စွာပြုံးလိုက်သည်။ "ဘာလဲ။ ငါ့ကို မတွေ့ချင်ဘူးလား။ နင့်ရဲ့ယောက်ဖက ဗြိတိသျှသံတမန်နဲ့ ဒီနိုင်ငံကို ပြန်လာတာ။ ငါ နန်ကျင်းကို လိုက်မသွားချင်လို့ အိမ်ပြန်ပြီး တစ်ချက်လောက်သွားကြည့်လိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ။"
ယွဲ့တင့်ထန်: "မစ္စကျန်းကလည်း နန်ကျင်းမှာရှိတယ်မလား။ အဲ့မှာ ကပွဲတွေ နေ့တိုင်း မရိုးရအောင်ရှိနေတာကို ကြိုက်တယ်မဟုတ်ဘူးလား။"
ယွဲ့ချွင်းရှောင်က သူ၏နှုတ်ခမ်းများကို စုညှစ်လိုက်သည်။ "ငါက ချွန်ထွက်နေရတာကို ကြိုက်တာ။ နန်ကျင်းမှာရှိတဲ့ အရာရှိတွေအားလုံးအကြောင်းကို မသိဘဲနဲ့ ငါ့ကိုယ်ငါ နိမ့်ကျသွားစေမဲ့နေရာတွေကို မသွားချင်ပါဘူး။ နေရာတိုင်းမှာ အရာရှိအရာခံတွေ၊ ဗြိတိသျှဆွေတော်မျိုးတော်တွေရှိနေတာကို ငါ သူတို့ကို ဧည့်ဝတ်ခံနေရမှာမျိုး လုပ်ရမှာထက် အိမ်ပြန်လာရတာက ပိုပြီး သက်သောင့်သက်သာမရှိဘူးလား။ ပြီးတော့ နင့်ယောက်ဖက ဝင်ငွေကောင်းတာကြောင့် နိုင်ငံခြားသွားရတာ ကောင်းတဲ့ကိစ္စပဲနော်ဆိုပြီး ဟိုမေးဒီမေးလုပ်နေကြမှာ!"
ယွဲ့တင့်ထန်က ခေါင်းညိတ်လိုက်၏။ "အရင်တုန်းကစိတ်အတိုင်းပဲ။"
ယွဲ့ချွင်းရှောင်က သူ့ကိုထုရိုက်မလို ပြင်လိုက်သော်လည်း ယွဲ့တင်ထန်က အလျင်အမြန်ရှောင်လိုက်ရာ ယွဲ့ချွင်းရှောင်၏လက်တို့က လမ်းတစ်ဝက်မှာတင်ရပ်တန့်သွားပြီး လက်သီးဆုပ်နှင့် ထုရိုက်မည့်အစား သူ၏နားရွက်ကို ဆွဲလိုက်သည်။
ယွဲ့တင်ထန်က အော်လိုက်သည်။ "အ၊ ဖြည်းဖြည်း!"
ယွဲ့ချွင်းရှောင်: "နာခံမှုရှိမှာလား၊ ပြော။"
ယွဲ့တင့်ထန်: "ကျွန်တော် အရှုံးပေးပါပြီ။"
ယွဲ့ချွင်းရှောင် စိတ်ကျေနပ်သွားပြီး လွှတ်လိုက်သည်။ "ငါ ဖက်ထုပ်နဲ့ ခေါက်ဆွဲတချို့လုပ်ထားတယ်။ ဘာစားချင်လဲ၊ ဖက်ထုပ်စွတ်ပြုတ်? ကြက်သွန်မြိတ်ခေါက်ဆွဲ?"
ယွဲ့တင့်ထန်: "ကြက်သွန်မြိတ်ခေါက်ဆွဲ။"
ယွဲ့ချွင်းရှောင်က လက်ဖြောင်တီးကာ ပြောလာခဲ့သည်။ "ကလေးတုန်းကအတိုင်းပဲ၊ ဘာမှမပြောင်းလဲသွားဘူး။"
သူ(မ)က ထိုသို့ပြောကာ ပျော်ရွှင်စွာဖြင့် ပြင်ဆင်ခဲ့တော့သည်။
ကြက်သွန်မြိတ်ခေါက်ဆွဲလုပ်ရသည်က လျင်မြန်ပေ၏။ သူ(မ)သည် ကြက်သွန်မြိတ်များကို အရောင်ပြောင်းသွားတဲ့အထိ အပူပေးကာ ပြုတ်ထားသောခေါက်ဆွဲကို ဆယ်ယူလိုက်ပြီး ကြက်သွန်မြိတ်များ ကြော်လှော်ထားသည့် အိုးပူပူထဲသို့ ထည့်လိုက်သည်။
ကြက်သွန်မြိတ်ခေါက်ဆွဲတစ်ပန်းကန်က ဤမြို့မှာ မည်သူမည်ဝါပင်ဖြစ်ပါစေ၊ လူအများစု၏အကြိုက်ဆုံးအစားအစာဖြစ်လာခဲ့သည်။
ယွဲ့ချွင်းရှောင်က ကြက်သွန်မြိတ်ခေါက်ဆွဲသာ လုပ်ထားတာမဟုတ်ပေ။
စားပွဲပေါ်မှာ မှိုပေါင်းနှင့် ဖက်ထုပ်စွပ်ပြုတ်လည်း ရှိပေ၏။
"ဒီနှစ်မျိုးလုံးကို ခဏလေးနဲ့ လုပ်လို့မရဘူး။" ယွဲ့တင့်ထန်က နှုတ်ခမ်းများတွန့်ကွေးကာ ပြောလာခဲ့သည်။ "ကျွန်တော်တို့ ညလယ်စာစားမယ်လို့ သဘောတူလိုက်ပေမဲ့ ကျွန်တော် အဝလွန်သွားမှာကို မစိုးရိမ်ဘူးလား။"
ယွဲ့ချွင်းရှောင်က ကြက်သွန်မြိတ်ခေါက်ဆွဲကို ကိုယ်တိုင်ကိုယ်ကျယူလာပြီး သူ့ရှေ့သို့ ချလိုက်၏။
"အစတုန်းက နင့်ရဲ့ဒုတိယအစ်ကို ညစာစားဖို့ပြန်လာမယ်ထင်နေတာ။ ဒါပေမဲ့ ကိစ္စတစ်ခုပေါ်လာလို့ ပေကျင်းကို သွားလိုက်ရမယ်လို့ ဘယ်သူကသိမှာလဲ။" ယွဲ့ချွင်းရှောင်က သူနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ သက်ပြင်းချလိုက်၏။ "အိမ်က အကောင်းဆုံးပဲ။ ဒီမှာ ဘာပဲမြင်မြင် မျက်စိပသာဒကိုဖြစ်လို့။ အခန်းထဲက တံခါးပျက်နေတဲ့ဗီရိုကတောင် အပြင်ကဟာတွေထက် ပိုကြည့်ကောင်းတယ်။"
ယွဲ့တင့်ထန်က ခေါက်ဆွဲကို ပလုတ်ပလောင်းခေါင်းငုံ့စားကာ ပြုံးလိုက်သည်။ "ဒီလိုတွေပြောနေတော့ ဘာပြစ်မှုတွေများ ကျူးလွန်ထားလို့လဲ။ အရင်ကဆို နိုင်ငံခြားက ဒီနေရာထက် ပိုကောင်းတယ်၊ ဟိုကလူတွေက ဒီကလူတွေထက် ပိုလှတယ်၊ ဓလေ့စရိုက်တွေကလည်း တော်တော်လေးကောင်းမွန်ပြီး အထပ်မြင့်အဆောက်အအုံတွေ အများကြီးရှိတယ်ဆိုပြီး အမြဲပြောနေကျမဟုတ်ဘူးလား။"
ယွဲ့ချွင်းရှောင်က သူ့အား အကြည့်စူးစူးတစ်ချက်ပေးလိုက်သည်။ "ငါ အရင်က နိုင်ငံခြားကိုသွားတော့ စာလေ့လာဖို့အတွက်ပဲလေ။ အဲ့မှာ အခြေချနေထိုင်တာနဲ့ ဘယ်တူပါမလဲ။ ဒီမှာထိုင်ပြီး အဓိပ္ပာယ်မရှိတာတွေပြောနေမဲ့အစား ကိုယ့်ဘာသာသွားကြည့်လိုက်။ နင်ထင်ထားတဲ့ သံရုံးတွေဆိုတာလေ သရဲခြောက်တဲ့အိမ်တွေလိုပဲ!"
ယွဲ့တင့်ထန် အံ့သြသွားလေ၏။ "ကျဲက နိုင်ငံကိုယ်စားပြုဆိုပဲလေ၊ နန်ကျင်းအစိုးရက ရန်ပုံငွေတွေ ခွဲတမ်းချမပေးဘူးလား။"
ယွဲ့ချွင်းရှောင်က ခါးသီးစွာဖြင့် သက်ပြင်းချလိုက်သည်။ "သိက္ခာရှိရဲ့လား။ နန်ကျင်းက နင့်ယောက်ဖနဲ့ တခြားသူတွေကို လစာပေးသင့်ပေမဲ့ ပထမနှစ်ဝက်လောက်ထိ မပေးခဲ့ကြဘူး။ မိသားစုနောက်ခံရှိတဲ့သူတွေကတော့ အဆင်ပြေကြပေမဲ့ ဆင်းရဲတဲ့မိသားစုတွေဆို ဆောင်းတွင်းအဝတ်တွေဝယ်ဖို့တောင် မတတ်နိုင်ကြတော့ဘူး! ပြီးတော့ သံရုံးဆိုလည်း ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီ။ မိုးရွာတိုင်း မျက်နှာကျက်တွေကနေ မိုးရေတွေယိုနေတာ၊ နင့်ယောက်ဖရဲ့ရုံးခန်းဆို ပိုတောင်ဆိုးသေးတယ်။ ပြတင်းပေါက်တွေဆို ကျိုးပဲ့ပြီး ပိတ်လို့ပြုလို့လည်းမရ၊ မိုးရေတွေပက်နဲ့ဆိုတော့ နံရံတွေနဲ့ ကြမ်းပြင်တွေဆို ရေတွေစိုရွှဲနေရော။ အဲ့ဒါက အချိန်ကြာလာရင်ဆို မှိုတွေတက်လာတယ်လေ။ သူတို့တွေ တခြားတစ်နေရာရာကို ပြောင်းချင်ရင်တောင် လစာကမရတော့ ဘယ်ကနေ ပိုက်ဆံရနိုင်ကြမှာလဲ။"
ဖက်ထုပ်လိပ်နေသော သူ(မ)၏လက်များက မရပ်တန့်သွားသော်ငြား လှုပ်ရှားမှုက အရှိန်လျော့လာခဲ့သည်။
ထို့နောက် နှစ်ဦးသားကြားမှာ တိတ်ဆိတ်မှုတို့ ကြီးစိုးသွား၏။
"သံအမတ်ချန် ကြေးနန်းစာပို့ပြီးနောက်ရော နန်ကျင်းက ဘာပြောလဲ။"
"သူတို့တွေပို့တယ်၊ ရက်အနည်းကြာပြီးတိုင်း လစာနဲ့ ရန်ပုံငွေတွေအတွက် တိုက်တွန်းပြီးတောင်းဆိုကြပေမဲ့ နန်ကျင်းက သူတို့ဘာသာတောင် ဘယ်လိုအဖြေရှာရမလဲဆိုပြီး ခက်ခဲနေတယ်လို့ပဲ အဆက်မပြတ်ပြောနေခဲ့တာ။ နင် ငါ့ကိုမေးရင်တော့ အဲ့သောက်ကျိုးနည်းသံတမန်တွေက သူတို့ရဲ့အလုပ်ကို မလုပ်ကြတာပဲ!"
"လေးစားမှုဆိုတာ သူများကပေးတာမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် လုပ်ယူရတဲ့အရာ။ သူတို့ရဲ့နိုင်ငံကိုက သူတို့ကို လေးလေးစားစားမဆက်ဆံမှတော့ နင့်ယောက်ဖနဲ့ တခြားသူတွေက တိုင်းတစ်ပါးမှာ ဘာလို့ဒုက္ခခံနေတော့မှာလဲ။"
"နင်မသိလို့၊ ငါတို့ တရုတ်ကိုပြန်မလာခင်ကဆို ဗြိတိန်သံရုံးမှာ အကပါတီတစ်ခုရှိခဲ့တယ်။ နင့်ယောက်ဖက ငါ့ကိုလည်း ခေါ်သွားခဲ့တယ်လေ။ အဲ့အချိန်မှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက တခြားနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အတွင်းရေးမှူးတွေရှေ့မှာတောင် နင့်ယောက်ဖကို ဘာမေးခဲ့တယ်မှတ်လဲ။ အပြင်ဘက်မှာ မိုးတိတ်သွားပေမဲ့ တရုတ်သံရုံးထဲမှာ မိုးရွာနေတုန်းပဲဆိုတဲ့ - တော်တော်ရုပ်ပေါက်တဲ့ဟာ!"
သူ(မ)က ညည်းညူနေပြီး နိုင်ငံခြားမသွားခင်ကလို ရည်မှန်းချက်တို့ ရှိမနေခဲ့ပေ။
ယွဲ့တင့်ထန်က မေးလာ၏။ "ယောက်ဖက ဘာပြောလိုက်လဲ။"
ယွဲ့ချွင်းရှောင်: "နင့်ရဲ့ယောက်ဖကပြောတယ်၊ ကမ္ဘာကြီးက မအေးချမ်းသေးတာကြောင့် ကျွန်တော်တို့တရုတ်လူမျိုးတွေက အန္တရာယ်အတွက် ပြင်ဆင်ပြီး ဒုက္ခဝေဒနာတွေကို မမေ့သွားစေဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းသတိပေးနေတာတဲ့။ ဒါမှ ပြည်သူတွေအတွက် လက်တွေ့ကျတဲ့အရာတွေကို ပိုပြီးလုပ်ပေးနိုင်မှာတဲ့လေ။"
ယွဲ့တင့်ထန်က ပြုံးလိုက်၏။ "အဖြေက ဘယ်ဆိုးလို့လဲ။"
ယွဲ့ချွင်းရှောင်က ဒေါသတကြီးပြောလာခဲ့သည်။ "နင်က ရယ်နေသေးတယ်! နင့်ယောက်ဖသာ အမေရိကန် ဒါမှမဟုတ် ဗြိတိန်က သံရုံးအဖွဲ့ဝင်သာဆို သူတို့တွေ အဲ့လိုဟာသမျိုး လုပ်ရဲကြမှာလား!"
ယွဲ့တင့်ထန်: "ဒါက အလွတ်သဘောပြက်လုံးတစ်ခုပါ။ ပြည်တွင်းရော ပြည်ပမှာပါ အန္တရာယ်တွေဝိုင်းနေတဲ့အချိန် ကျွန်တော်တို့ကို အထင်သေးတဲ့အတွက် တခြားသူတွေကို အပြစ်ပြောလို့တော့မရဘူး။"
ယွဲ့ချွင်းရှောင်: "အဲ့ဒါကြောင့် ငါ နန်ကျင်းကိုမသွားတာ။ နင့်ရဲ့ယောက်ဖနဲ့ သူတို့တွေက အပြင်ဘက်မှာ လေဒဏ်၊ မိုးဒဏ်ခံပြီး နည်းနည်းပဲစား၊ ပါးပါးလေးတွေပဲဝတ်နေရတဲ့အချိန်မှာ နန်ကျင်းမှာရှိတဲ့ဟာတွေက တစ်နေ့လုံး ပျော်ပါးပြီး သာယာနေကြမှာ။ ငါသာလိုက်သွားရင် နင့်ယောက်ဖရဲ့အလုပ်ကို ထိခိုက်စေနိုင်တဲ့ သူတို့ကိုဆူဆဲပြီး အပြစ်ပြောတာမျိုး မလုပ်ဘူးလို့ မပြောနိုင်ဘူး။ ဒီတော့ အိမ်မှာပဲ သက်သောင့်သက်သာလေးနေ၊ လမ်းလေးထွက်လျှောက်၊ သူငယ်ချင်းဟောင်းတွေနဲ့တွေ့တာက ပိုကောင်းတယ်။"
သူ(မ)က တော်တော်များများ အပြစ်တင်နေပြီး ယွဲ့တင့်ထန်က စိတ်ရှည်လက်ရှည်နားထောင်ပေးခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့ နိုင်ငံခြားကိုပြန်သွားလျှင် မိသားစုတစ်ခုလုံး မည်သည့်အချိန်မှ ပြန်လည်တွေ့ဆုံနိုင်မလဲဆိုတာ မသိနိုင်ချေ။
"ဒါနဲ့။" ယွဲ့ချွင်းရှောင်က တူကိုအသုံးပြုကာ ဟင်းချိုဖက်ထုပ်ကို ဖောက်လိုက်ပြီး မွေးပျံ့သောအရည်များ စီးကျလာခဲ့သည်။ "ဒီနေ့နေလယ် ငါ လက်ဖက်ရည်ထွက်သောက်တုန်းက လင်ယောင်နဲ့တွေ့ခဲ့တယ်။ နင်မှတ်မိမှာပါ၊ နင့်အတန်းဖော်ဟောင်း လင်ရှူးရဲ့အစ်မလေ။"
*****
Aurora Novel Translation Team