no

Font
Theme

လင်ယောင်က ရယ်မောကာ သူ့အား အထဲဝင်လာဖို့ လက်ဟန်ပြလိုက်သည်။ ထို့နောက် ရုတ်တရက် နှာခေါင်းရှုံ့ကာ သူ(မ)၏မျက်ခုံးတို့ တွ့န်ချိုးသွားလေသည်။


"မင်းကိုယ်ပေါ်က ဘာအနံ့ကြီးလဲ။"


လင်ရှူးက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "ကျွန်တော် မနေ့ညက အရက်မူးသွားပြီး သူငယ်ချင်းတစ်ယောက်ရဲ့နေရာမှာ ညအိပ်လိုက်လို့ဖြစ်မယ်။"


လင်ယောင်: "ငါ ချန်စစ်ဆီကနေကြားတာတော့ မင်း ကလပ်ကိုသွားပြီး ညအိပ်နေခဲ့တာဆို၊ ဟမ်?"


သူ(မ)၏အကြည့်က လင်ရှူး၏ဘေးနားက ရှန်းရန်ကျယ်ဆီ ပြောင်းသွားခဲ့သည်။


"ဒါက ဘယ်သူလဲ။"


လင်ရှူးက မျက်ခွံတောင် တွန့်မသွားချေ။ "ဒါက ကျွန်တော် အလုပ်ကိစ္စခရီးမှာတွေ့ခဲ့တဲ့ ညီအစ်ကိုပါ။ သူက ပြည်သူ့သက်သာချောင်ချိရေးဘက်က ကင်းလှည့်အရာရှိတစ်ယောက်လေ။ ကျွန်တော်ပြောတဲ့ သူငယ်ချင်းဟောင်းဆိုတာ သူပဲ။ မနေ့ညက ကျွန်တော်တို့ သောက်ဖို့အတွက် အပြင်ထွက်ခဲ့ကြတာ။"


ရှန်းရန်ကျယ်မှာ ရယ်ပြရမလား သို့မဟုတ် လေးနက်သောအမူအရာ တပ်ဆင်ထားရမလား မသိရှာဘဲ သူ၏အမူအရာက အနည်းငယ် ထူးဆန်းနေ၏။


"ကြိုဆိုပါတယ်။ မင်းက ဧည့်သည်ပဲဆိုတော့ အိမ်ထဲဝင်လာခဲ့လေ။" လင်ယောင်က ပဟေဠိဖြစ်စွာဖြင့် ပြောလာခဲ့သော်လည်း ကျေးဇူးတင်စရာကောင်းသည်မှာ ဘာမှထပ်မမေးခဲ့တာပင်။


၎င်းတို့ စကားပြောနေရင်း လင်ရှူးနှင့် ရှန်ရန်ကျယ်သည် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်မှာထိုင်ကာ သတင်းစာဖတ်နေသော ယွဲ့တင့်ထန်အား တွေ့လိုက်ရ၏။


သူက သုံးလွှာအနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ဆံပင်အား အနောက်သို့လှန်ဖြီးကာ ခေါင်းလိမ်းဆီလိမ်းထားသော်လည်း သိပ်မများဘဲ လန်းဆန်းနေသည့်ပုံပေါ်သည်။ ကိုင်းပါးလေးနှင့် မျက်မှန်တစ်လက်က သူ၏နှာတံပေါ်မှာ ခိုနားနေ၏။ လင်ရှူး၏အမြင်တွင် သူက 'သားရဲတစ်ကောင်လို ကြမ်းကြုတ်သောနှလုံးသားနှင့် လူသားဝတ်စုံဝတ်ထားသော တိရစ္ဆာန်တစ်ကောင်' ဖြစ်သည်။


ယွဲ့တင့်ထန်က အသံများကိုကြားလိုက်ရပြီး မော့ကြည့်ကာ ၎င်းတို့အား ပြုံးပြလာခဲ့သည်။


"လင်ရှူးပြန်လာပြီလား။"


ထိုအပြုံးက အချိန်အတော်ကြာ ခွဲခွာခဲ့ရသော သူငယ်ချင်းကောင်းတစ်ယောက်ကို တွေ့လိုက်ရသလိုမျိုး ရင်းနှီးဖော်ရွေကာ အပေါ်ယံမျက်နှာပြင်အောက်မှ ခံစားချက်တို့ကို အာရုံခံရန်ခက်ခဲသော စိတ်လှုပ်ရှားမှုအရိပ်အယောင်လေးလည်း ပါဝင်ပေသည်။


သို့သော် လင်ရှူးအတွက်မူ တစ်ဖက်လူက ယုန်သူငယ်လေးကို စောင့်ဆိုင်းနေသည့် အမဲလိုက်သမားလို လင်ရှူးတစ်ယောက် သူ့ကိုယ်သူ အရူးတစ်ယောက်လိုမျိုး ခံစားလိုက်ရသည်။


ရှန်းရန်ကျယ်မှာ မှင်တက်နေပြီး သူ၏ဦးနှောက်က အလုပ်မလုပ်တော့ပေ။ ထို့ကြောင့် ယွဲ့တင့်ထန်ဆီသွားကာ နှုတ်ဆက်ရမည့်အစား ထိုနေရာမှာပဲ ရပ်နေလေ၏။


"မစ္စတာယွဲ့..."


ယွဲ့တင့်ထန်၏အမူအရာက ၎င်းတို့ကို အပြစ်ပေးဖို့ရောက်လာသည့်သူနှင့် မတူသလို စစ်ကြောရေးအခန်းထဲကပုံစံနှင့်လည်း မတူပေ။


ရှန်းရန်ကျယ်မှာ မည်ကဲ့သို့ပြုမူရမှန်း မစဥ်းစားတတ်တော့ပေ။


"မင်းလည်း ရောက်နေတာပဲ။" ယွဲ့တင့်ထန်က သူ့ကို ခေါင်းညိတ်ပြလာ၏။ သူသည် ၎င်းအားမျှော်လင့်ပြီးသားဖြစ်သလို ရွှင်မြူးသောအရိပ်အမြွက်လေးက သူ၏မျက်နှာပေါ်မှာ ရစ်ဝဲနေသည်။


(TN/ လင်ရှူးက ရှန်းရန်ကျယ်ကို သူငယ်ချင်းလို့မိတ်ဆက်ပေးထားတာမို့ မင်းနဲ့ ငါပဲ သုံးလိုက်ပါတယ်။ ရှန်းရန်ကျယ်ကို အသက်ပိုကြီးမယ်လို့ ခန့်မှန်းထားတာမို့ သူ့ဘက်ကတော့ အရင်ကတည်းက မင်းနဲ့ ငါပဲ ပြောခဲ့တာပါ။ နောက်ပိုင်းမှာ အခြေအနေတွေအရ မင်း၊ ငါ ဒါမှမဟုတ် ကျွန်တော်၊ ခင်ဗျားကို အလျဥ်းသင့်သလို သုံးသွားပါ့မယ်။)


ရှန်းရန်ကျယ်က ရုတ်တရက် ပြောလာ၏။ "ငါ အရေးတကြီးလုပ်စရာလေးရှိတာ အခုမှသတိရတယ်။ ငါ ပြန်သွားရဦးမှာမို့ မင်းတို့ကို မနှောင့်ယှက်တော့ပါဘူး!"


လင်ယောင်က သူထွက်သွားတော့မည်ကို မြင်လိုက်ရသောအခါ သူ့ကို အလျင်အမြန်တားလိုက်သည်။ "ခဏလောက် မနေတော့ဘူးလား။"


"မနေတော့ဘူး၊ မနေတော့ပါဘူး!" ရှန်းရန်ကျယ်မှာ အတင်းကြိုးစားပြီးပြုံးကာ လင်ရှူးဘက်သို့လှည့်၍ ပါးစပ်လှုပ်ကာ အသံတိတ်ပြောလိုက်၏။ "အပြင်ကစောင့်နေမယ်။"


သူသည် အစောတလျင်ထွက်သွားရာ လင်ယောင်မှာ သူ့ကို မတားနိုင်ခဲ့ပေ။ ထို့ကြောင့် သူ(မ)၏မောင်ကိုသာ ပြောလိုက်ရ၏။ "သွား၊ မင်းရဲ့သူငယ်ချင်းကို လိုက်ပို့လိုက်ဦး!"


လင်ရှူး: "မလိုပါဘူး၊ သူ လမ်းသိတယ်။"


လင်ယောင်က ၎င်းတို့နှစ်ဦးမှာ ထူးဆန်းနေသည်ဟု ခံစားလိုက်ရသော်လည်း ယွဲ့တင့်ထန်၏ရှေ့မှာ များများစားစားမမေးခဲ့ချေ။


ယွဲ့တင့်ထန်က ပြုံးပြလာ၏။ "ဘာဖြစ်တာလဲ။ မင်းရဲ့အတန်းဖော်ကို ပြန်တွေ့ရတာကို ဝမ်းမသာဘူးလား။"


သရုပ်ဆောင်ကောင်းသူ လင်ရှူးကလည်း အပြုံးတုတစ်ခုကို အလျင်အမြန်တပ်ဆင်လိုက်သည်။


"ဘယ်လိုလုပ်ပြီး မပျော်ရမှာလဲ။ ငါ စိတ်လှုပ်ရှားနေလို့ပါ။ လောင်ယွဲ့၊ ကြည့်စမ်းပါဦး၊ မင်း အသက်ကြီးလာလိုက်တာ၊ ငါ မင်းကို မှတ်တောင်မမှတ်တော့ဘူး။ ငါတို့တွေ အချင်းချင်းမတွေ့ဖြစ်တာ ဘယ်နှနှစ်တောင်ရှိသွားပြီလဲ။"


'ဘယ်နှနှစ်တောင်' ဆိုသည့် စကားလုံးကို အထူးတလှယ်ဖိပြောလိုက်ပြီး ယွဲ့တင့်ထန်အား ဖော်ရွေပြီး စစ်မှန်သောအပြုံးမျိုးဖြင့် နှုတ်ဆက်ကာ သူ့ကိုကြိုဆိုရန် သူ၏လက်မောင်းများအား ဖွင့်ဟလိုက်သည်။


လင်ယောင်၏ရှေ့တွင် ယွဲ့တင့်ထန်က ကြောင်တောင်တောင်ဖြင့် အနားတိုးကပ်သွားခဲ့သော်လည်း ရုတ်တရက်ဆိုသလို လင်ရှူးဆီကနေ အဖက်ခံလိုက်ရပြီး ထိုသူက ထောင်ထဲမှာ တစ်ရက်နှင့်တစ်ည နေခဲ့သည့်အတွက် အကျဥ်းခန်း၏ဆိုးဝါးသောရနံ့တို့က သူ့အပေါ်မှာစွဲကပ်နေကြောင်း အမှတ်ရလိုက်သည်။


ယွဲ့တင့်ထန်: ...


လင်ယောင်က အလွန်ကျေနပ်သွား၏။ "ဒီလောက်နှစ်တွေကြာတာတောင် မင်းတို့ရဲ့ခံစားချက်တွေက နက်ရှိုင်းနေဦးမယ်လို့ ငါ မျှော်လင့်မထားခဲ့မိဘူး!"


ယွဲ့တင့်ထန်က နှုတ်ခမ်းကို ကွေးညွတ်လိုက်ပြီး နောက်ဆုံးတော့ တစ်စုံတစ်ယောက်က မိမိ၏ကိုယ်ပိုင်ခြေထောက်ကို ခြေမွဖို့အတွက် ကျောက်တုံးကိုကိုယ်တိုင်မ'ယူသည်ဆိုသောအရာကို သဘောပေါက်သွားလေပသည်။


သူသည် တင်းမာနေသောခန္ဓာကိုယ်ဖြင့် လင်ရှူးအား တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်အထိ ပွေ့ဖက်ခွင့်ပြုထား၏။


"အပိုတွေမလုပ်စမ်းနဲ့!" ယွဲ့တင့်ထန်မှာ ဆက်ပြီးသည်းမခံနိုင်တော့ပေ။ ထို့ကြောင့် အံကြိတ်ကာ သွားကြားထဲကလေသံဖြင့် ညှစ်ထုတ်ပြောလိုက်သည်။


"ကိုယ့်ရှူးကိုယ်ပတ်ပဲ။" လင်ရှူးက အသံမထွက်ဘဲ အေးစက်စွာ ရယ်မောလိုက်သည်။


"ကျဲ၊ ကျွန်တော်ဗိုက်ဆာနေပြီ၊ ကျွန်တော်စားဖို့အတွက် တစ်ခုခုပြင်မပေးချင်ဘူးလား။ ကျွန်တော် လောင်ယွဲ့နဲ့ မတွေ့တာကြာပြီဆိုတော့ စကားလေးပြောလိုက်ဦးမယ်။"


စက္ကန့်အနည်းငယ်ကြာပြီးနောက် ယွဲ့တင့်ထန်ကို သနားလာသဖြင့် သူ့ကိုလွှတ်ပေးလိုက်ပြီး လင်ယောင်အား တောင်းဆိုလိုက်၏။


လင်ယောင်က မျက်မှောင်ကြုတ်ကာ ညစ်ပတ်ပေရေနေသောသူ့အား မနှစ်မြို့စွာကြည့်နေခဲ့သည်။ "မင်း ရေအရင်မချိုးချင်ဘူးလား!"


ယွဲ့တင့်ထန်: "အဆင်ပြေပါတယ်၊ ကျဲ။ လင်ရှူးနဲ့ ကျွန်တော်က အတန်းဖော်ဟောင်းတွေပဲလေ။ အချင်းချင်း တွေ့ဖို့ဆိုတာက ကြုံတောင့်ကြုံခဲမို့ အရင်စကားပြောလိုက်ပါဦးမယ်။"


လင်ယောင်က လင်ရှူးထံ အကြည့်တစ်ချက်ပစ်လွှတ်လိုက်ပြီး ကောင်းကောင်းပြုမူဖို့ အချက်ပြလိုက်သည်။


"ငါ မင်းတို့နှစ်ယောက်အတွက် နေ့လယ်စာသွားပြင်လိုက်မယ်။ တင့်ထန်၊ ဒီနေ့ နေ့လယ်စာကို ဒီမှာစားသွားနော်။ အန်တီဟုန်ကို ဟင်းလျာတချို့ ပိုပြင်ခိုင်းထားတယ်။"


"ကျေးဇူးတင်ပါတယ်၊ ကျဲ။"


ယွဲ့တင့်ထန်က တစ်ချိန်တည်းမှာပင် ပွင့်လင်းရိုးသားလွန်းရာ လင်ယောင်တစ်ယောက် ပြုံးလိုက်မိပေသည်။


လင်ရှူးမှာ သူ့အစ်မက ယွဲ့တင့်ထန်အပေါ်အမြင်ကောင်းရှိပြီး သူ့အားညစာစားဖို့ပါ ဖိတ်ခေါ်ချင်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေသည်။


လင်ယောင်၏ပုံရိပ်က မီးဖိုချောင်ထဲရောက်သွားသည်ကို မြင်လိုက်ရသောအခါ လွတ်လပ်စွာပြုံးနေခဲ့သော လင်ရှူး၏နှုတ်ခမ်းတို့က အေးစက်သွား၏။


သူသည် ဆိုဖာပေါ်၌ထိုင်ကာ ရိုးသားစွာပြုံးနေသော ယွဲ့တင့်ထန်ကို ကြည့်လိုက်သည်။


"ငါ့ယောက်ဖက လာဘ်စားမှုနဲ့ အလွဲသုံးစားလုပ်မှုကြောင့် အဖမ်းခံထားရတယ် - ငါထင်တာတော့ ဒီသတင်းက ငါ့ကိုခြောက်လှန့်ဖို့အတွက် အတုအယောင်ပဲဖြစ်ရမယ်?"


"အမှန်ပဲ။"


လင်ယောင်နှင့် အန်တီဟုန်တို့ မရှိတော့ရာ ယွဲ့တင့်ထန်မှာ ဟန်ဆောင်နေစရာမလိုတော့ပေ။ ထိုကြောင့် သူ့ကိုယ်သူ အနည်းငယ်သက်သောင့်သက်သာဖြစ်အောင် ကိုယ်နေဟန်ထားကို ထိန်းညှိလိုက်၏။


"ငါ မင်းရဲ့မိန်းမနဲ့ အိပ်ခဲ့လို့လား၊ ဒါမှမဟုတ် မင်းရဲ့မိသားစုကို အရှင်လက်လက် မီးရှို့ခဲ့ဖူးလို့လား - အဲ့ဒါကြောင့် ငါ့ကို လွှတ်မပေးနိုင်တာလား။"


လင်ရှူးက အနည်းငယ်ဒေါသထွက်လာ၏။ အကျဥ်းထောင်ထဲ၌ ဂရုစိုက်မှုကင်းမဲ့ပြီး မောက်မာသောအကြည့်မျိုး မရှိတော့ပေ။ ပဝါက သူ၏လည်ပင်းထက်မှာ ဖရိုဖရဲဖြစ်နေပြီး ၎င်း၏ပိုင်ရှင်က စိတ်မရှည်သည့် ဒေါသထွက်နေသော ဝံပုလွေတစ်ကောင်လို ဤနေရာအား ဖျက်ဆီးပစ်ရန် အဆင်သင့်ဖြစ်နေဟန်။


ယွဲ့တင့်ထန်က သူ၏တင်စားချက်မှာ အတော်လေးတိကျသည်ဟု တွေးလိုက်မိသော်လည်း ဝမ်းနည်းစွာဖြင့် ထုတ်မပြောနိုင်ခဲ့ပေ။ မဟုတ်ပါက တစ်ဖက်လူသည် အမှန်တကယ်ပင် သူ့အားကိုက်ခဲလာနိုင်သည်။


"ငါ မင်းကို ဖိအားမပေးရင် မင်းက ငါ့နားမှာပဲ လှည့်ပတ်နေဦးမှာ။"


လင်ရှူးက နှာမှုတ်လိုက်၏။ "မင်းပြောတာကို ငါနားမလည်ဘူး။"


ယွဲ့တင့်ထန်: "မင်းရဲ့ဝန်ခံချက်က မပြည့်စုံဘူး၊ မင်း မပြောရသေးတဲ့အရာတွေ ရှိသေးတယ်။"


လင်ရှူး: "အမှုဖြေရှင်းရမှာက မင်းရဲ့တာဝန်။"


ယွဲ့တင့်ထန်: "ဒါပေမဲ့ မင်းရဲ့အသက်က မင်းရဲ့ကိုယ်ပိုင်လက်ထဲမှာနော်။ မင်းယောက်ဖက အန္တရာယ်ရှိမနေရင်တောင် ခွင့်ပြုချက်မရှိဘဲ အခုလိုထွက်လာခဲ့တာက ဘယ်လိုပြစ်မှုမျိုးကို ကျူးလွန်လိုက်တာလို့ထင်လဲ။"


လင်ရှူးက မတုံ့ပြန်သည်အား တွေ့လိုက်ရသောအခါ သူက ဆက်ပြောလာခဲ့သည်။ "ဒီအမှုရဲ့ သက်သေတွေအားလုံးက မင်းအတွက် အလေးမသာနိုင်တဲ့တစ်စုံတစ်ခုကို ညွှန်ပြနေတယ်ဆိုတာ မင်းလည်းသိတာပဲ။ သံသယတွေကို ရှင်းလင်းချင်ရင် ငါနဲ့ပူးပေါင်းပြီး အားလုံးကိုပြောပြ။ ဒါဆို ယွဲ့တင့်ထန်တင်မဟုတ်ဘဲ မင်းအတွက်လည်း အကျိုးရှိမှာပဲ။"


အမျိုးသားနှစ်ဦးက အသံတိတ် အကြည့်ချင်းပြိုင်နေကြ၏။


သူ့ကို ယုံလို့ရပါ့မလား။


ထိုသံသယက လင်ရှူး၏နှလုံးသားထဲ မြင့်တက်လာခဲ့သည်။


လွန်ခဲ့သောနှစ်ပေါင်းများစွာက သူနှင့် ယွဲ့တင့်ထန်၏ဆက်ဆံရေးသည် ရန်ပွဲတစ်ခုဖြင့် စတင်ခဲ့ပြီး စစ်အေးတိုက်ပွဲဖြင့် အဆုံးသတ်ခဲ့ရာ သာယာနာပျော်ဖွယ်မရှိချေ။


ထို့ကြောင့် သူ၏အတန်းဖော်ဟောင်းက သူ့အမှုမှာ ပါဝင်စစ်ဆေးသည်ကို မြင်လိုက်ရချိန်၌ ယွဲ့မျိုးရိုးကောင်နှင့် လက်စားချေခြင်းဆိုသောစကားလုံးကို စပ်ဆက်မတွေးမိဖို့ ခက်ခဲပေသည်။


ထိုသဘောထားကို ပြောင်းလဲဖို့ရာ ခက်ခဲ၏။


သို့သော် ယခု သူ့မှာ ရွေးချယ်စရာမရှိတော့သည့်ပုံပင်။


"ငါ သံသယရှိနေတယ်။" လင်ရှူးက နောက်ဆုံးတော့ ဖြည်းဖြည်းချင်း ဖွင့်ဟလာခဲ့သည်။ "တုယွင်းနင် မသေဘူးလို့..."


__


စာရေးသူမှာ ပြောစရာရှိပါတယ်:


လင်ယောင်: အတန်းဖော်ဟောင်းတွေဆိုတာ ဒီလိုပဲဖြစ်သင့်တာပေါ့။ သူတို့တွေ ပြန်ဆုံတွေ့ရင် အတိတ်ကအငြိုးတရားတွေကို မေ့သွားပြီး အတူတူရယ်မောကြလိမ့်မယ်။ လာ၊ ရယ်လိုက်ကြစို့။


ယွဲ့တင့်ထန်: ဟီးဟီး။


လင်ရှူး: ဟီးဟီး။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment