no

Font
Theme

ပြတင်းပေါက်မှ ကြည့်လိုက်လျှင် အအောက်အအုံအနိမ့်များနှင့် လမ်းမများကို မြင်တွေ့နိုင်သည်။ ထိုထဲတွင် လက်တလောကမှ မီးလောင်သွားသော အိမ်နှစ်လုံးလည်း ပါဝင်၏။ ၎င်းတို့၏ဦးတည်ရာကနေ ရှောက်ကျိခေါက်ဆွဲဆိုင်၏ဝင်ပေါက်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပေသည်။


"ဒါက ခန့်မှန်းချက်တစ်ခုပဲ။" ယွဲ့တင့်ထန်က စတင်ပြီးပြောလာ၏။ "ဒီဟုန်ရှောင်ကွမ်းက လူလိမ်တစ်ယောက်ဖြစ်မယ်ဆိုရင် သူက ယွမ်မိသားစုရဲ့ငွေတွေကိုမက်မောပြီး တုယွင်းနင်ကို ဖျားယောင်းဖို့ကြိုးစားလိမ့်မယ်။ တုယွင်းနင်က သူ့ရဲ့အစစ်အမှန်ပုံစံကိုသိသွားတဲ့အခါ သူတို့ ရန်ဖြစ်ကြရင်း ဟုန်ရှောင်ကွမ်းက ဒေါသအလျောက် သူ(မ)ကို သတ်လိုက်တာဖြစ်မယ်။ အဲ့လိုဆို သူ ဒီနေရာမှာ ဘာလို့နေတယ်ဆိုတဲ့အကြောင်းရယ်၊ သူ အပြင်ထွက်တဲ့အချိန် မျက်မှန်တပ်ပြီး အနောက်တိုင်းဝတ်စုံဝတ်ရတဲ့ အကြောင်းအရင်းနဲ့ တုယွင်းနင်နဲ့ ကဗျာအကြောင်း ဆွေးနွေးရတဲ့အကြောင်းအရင်းတွေအားလုံးကို ဖြေရှင်းပြီးသားဖြစ်သွားပြီ။ အားလုံးက တုယွင်းနင်ကို လှည့်စားဖို့ပဲ။"


"သူက တုယွင်းနင်နဲ့ ဆက်ဆံရင်း မင်းရဲ့တည်ရှိမှုကို သိသွားလောက်တယ်။ သူက ဒီနေရာမှာနေတာဆိုတော့ မင်း ရှောက်ကျိခေါက်ဆွဲဆိုင်ထဲ ဝင်ထွက်နေတာကို သူမြင်မှာပဲ။ ဆိုတော့ သူ တုယွင်းနင်ကိုသတ်ပြီးနောက်မှာ မင်းရဲ့အလီဘိုင်ကိုဖျောက်ဖို့ ခေါက်ဆွဲဆိုင်ပိုင်ရှင်ကိုသတ်ပြီး မင်းကို လူသတ်သမားအဖြစ် အကွက်ချခဲ့တာ။"


လင်ရှူးက မျက်မှောင်ကြုတ်လိုက်၏။ နောက်ဆုံးတွင် ယွဲ့တင့်ထန်စကားပြောပြီးနောက် သူက ပြောလာ၏။


"မဟုတ်သေးဘူး။ မင်းရဲ့တွက်ချက်မှုထဲမှာ ဟာကွက်တစ်ခုရှိတယ်။ ငါ လူလိမ်တွေအများကြီးနဲ့ ဆက်ဆံဖူးတယ်။ ပြီးတော့ သူတို့ရဲ့လိမ်ညာမှုတွေကို ဖော်ထုတ်ခံလိုက်ရရင် သူတို့ရဲ့ပထမဆုံးတုံ့ပြန်မှုက ထွက်ပြေးတာပဲ။ ငါ့ကိုအကွက်ချဖို့အတွက်နဲ့ နောက်ထပ်လူတစ်ယောက်ကိုသတ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ရဲ့အထောက်အထားက အတုအယောင်ဖြစ်နေပြီးသားဆိုတော့ တခြားတစ်ယောက်ကိုလိမ်ဖို့ အလွယ်ဆုံးနဲ့ အလုံခြုံဆုံးနည်းဖြစ်တဲ့နည်းလမ်းက နာမည်နဲ့ နောက်ခံကို ပြောင်းလိုက်ရုံပဲ။"


"သူက တုယွင်းနင်ရဲ့အခန်းထဲကနေ ဘာမှတောင်ယူမသွားပေမဲ့ သူဌေးကိုသတ်ပြီး ငါ့ကိုချောက်ချဖို့ ရှောက်ကျိခေါက်ဆွဲဆိုင်ကိုတောင် မီးရှို့ခဲ့တယ်။ အဲ့ဒါက အဓိပ္ပာယ်မရှိဘူး။"


"ငါတို့ အစကတည်းက ဦးတည်ချက်လွဲနေနိုင်တယ်။" ယွဲ့တင့်ထန်က ခေါင်းညိတ်လာ၏။ "ဒုတိယမှန်းဆချက်ကို ပြောကြည့်မယ်။ ဒီဟုန်ရှောင်ကွမ်းက ယွမ်မိသားစုရဲ့ ပိုက်ဆံကြောင့် ဒါမှမဟုတ် တုယွင်းနင်ရဲ့အလှအပကြောင့် လုပ်ခဲ့တာမဟုတ်ဘဲ ငါတို့ကို အဲ့လိုထင်သွားစေချင်ခဲ့တာဆိုရင်ရော။"


"သူနဲ့ တုယွင်းနင်တို့ သိကျွမ်းတဲ့အချိန်နဲ့ မင်း တုယွင်းနင်နဲ့ အဆက်အသွယ်ပြန်လုပ်တဲ့အချိန်ကို ယှဥ်ကြည့်လိုက်ရင် သူက မင်းထက်စောတယ်ဆိုတော့ တုယွင်းနင်က သူနဲ့သိပြီးတော့မှ မင်းကိုဆက်သွယ်ဖို့တွေးခဲ့တာပဲ။ တုယွင်းနင်က သူ ခိုင်းစေခဲ့တာကြောင့် မင်းကိုဆက်သွယ်ခဲ့တာလို့ တွေးမိလား။"


"အင်း။ ဟုန်ရှောင်ကွမ်းက မရိုးရှင်းဘူး။ သူ တုယွင်းနင်ရဲ့နေရာကနေ လိုချင်တာတစ်ခုခုရှိရမယ်။ အလှတရားတစ်ခုတည်းက သူ့အတွက် စိတ်ကျေနပ်မှုမရစေနိုင်လောက်ဘူး။ ဒါမှမဟုတ် သူ့နောက်မှာ ပိုက်ဆံရော လူရော မလိုအပ်ဘဲ တခြားတစ်ခုခုကိုလိုအပ်တဲ့ တစ်စုံတစ်ယောက်ရှိနေနိုင်တယ်။ အဲ့ဒါ ဘာဖြစ်နိုင်မလဲ။"


တုယွင်းနင်၏မိသားစုက ကျရှုံးသွားပြီး သူ(မ)က ၎င်းတို့နှင့် အဆက်အသွယ်ဖြတ်ထားတာကြောင့် တုမိသားစုဘက်က တစ်စုံတစ်ယောက်မဖြစ်နိုင်ပေ။ ယွမ်ပင်းသောက်သည် အတိတ်တုန်းက အာဏာရှိသောပုဂ္ဂိုလ်ဖြစ်ခဲ့သော်လည်း သူ့သားကတော့ ကျရှုံးသူဖြစ်ရာ သူ့ကိုအကွက်ချရန် တန်ဖိုးမရှိပေ။ သို့သော်...


"ယွမ်ပင်းသောက်ချန်ခဲ့တဲ့ တစ်စုံတစ်ခုများ ရှိနေမလား။ ဒါမှမဟုတ် ယွမ်မိသားစုမှာရှိတဲ့ တစ်ခုခုပေါ့?" ယွဲ့တင့်ထန်က စဥ်းစားလိုက်၏။ "ယွမ်ပင်းက ဆေးချတာများပြီး အမြဲလိုလို မိန်းမောတွေဝေနေတာ။ တုယွင်းနင်သေတဲ့နေ့က သူ ယွမ်အိမ်တော်မှာမရှိတာကြောင့် ငါတို့ သူ့ကို အသေးစိတ်မေးပြီး မေးခွန်းမနှိုက်ခဲ့ရဘူး။ ငါတို့တွေ မနက်ဖြန်ကျ ကြိုးစားကြည့်လို့ရတယ်။"


"အခု နောက်ကျနေပြီ။ ငါတို့ မနက်ဖြန်မနက်ကျ တွေ့လို့ရမလား။ ငါ အိမ်ပြန်ဖို့လိုတယ်၊ မဟုတ်ရင် ငါ့အစ်မ စိတ်ပူနေလိမ့်မယ်။ သူ(မ)သာ သတင်းစာထဲက တုယွင်းနင်ရဲ့သတင်းကိုတွေ့သွားရင် သေချာပေါက် စိုးရိမ်နေမှာ။"


ယွဲ့တင့်ထန်က နာရီကိုကြည့်လိုက်၏။ "ကောင်းပြီ၊ မနက်ဖြန် ၈ နာရီမှာတွေ့မယ်။ မင်းနဲ့ရင်းနှီးတဲ့ သက်သာချောင်ချိရေးအကျဥ်းထောင်ဆီလာဖို့ ငါ မင်းဆီကို ဒရိုင်ဘာလွှတ်ပေးလိုက်မယ်။ အခု ယွမ်ပင်းကို အဲ့မှာ တစ်ယောက်အခန်းထဲထားထားတယ်။ သူက တော်တော်လေး သက်သောင့်သက်သာနဲ့ နေနေရပြီး သူတို့ပြောကြတာတော့..."


သူသည် လင်ရှူးက မတုံ့ပြန်သည်ကိုမြင်လိုက်ရာ စကားကို ဆုံးအောင်မပြောတော့ပေ။ သူက ပြတင်းပေါက်အပြင်ဘက်ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။


မလှမ်းမကမ်း၌ ညကောင်းကင်ယံထက်မှာ မီးပန်းများဖြင့် တောက်ပလျက်ရှိသည်။ တဖျပ်ဖျပ်တောက်ပနေသော အလင်းရောင်က လင်ရှူး၏မျက်နှာကို ထူးခြားသောအရိပ်များ ထင်ဟပ်စေခဲ့သည်။


"ဘာတွေကြည့်နေတာလဲ။" ယွဲ့တင့်ထန်က မေးလိုက်ရာ လင်ရှူးက သူ့ကို ပြတင်းပေါက်ဘေးကနံရံနားသို့ ဆွဲခေါ်လိုက်၏။


"ရှူး။" လင်ရှူးက တီးတိုးဆိုလာ၏။ "ခေါက်ဆွဲဆိုင်ထဲ တစ်ယောက်ယောက်ဝင်သွားတာကို တွေ့လိုက်တယ်။"


ယွဲ့တင့်ထန်၏မျက်ခုံးတို့ တွန့်ချိုးသွား၏။


ရှောက်ကျိခေါက်ဆွဲဆိုင်မှာ ပိုင်ရှင်သေပြီးကတည်းက လူသူကင်းမဲ့နေခဲ့သည်။ သူခိုးတောင်မှ ထိုနေရာကနေခိုးယူဖို့ ရွေးချယ်လိမ့်မည်မဟုတ်ပေ။ အိမ်ခြေမဲ့တစ်ယောက်က အအေးဒဏ်ကြောင့် အမိုးအကာ ရှာဖွေချင်တာများလား။


ယွဲ့တင့်ထန်သည် ထိုအတွေးအား ချက်ချင်း ဖယ်ရှားလိုက်၏။ မည်သူက မီးခိုးအနံ့များပြည့်နေသောနေရာ၌ နေထိုင်လိမ့်နည်း။ ဂေဟာများ၌နေဖို့ ကံစမ်းကြည့်လျှင်တောင် ပိုကောင်းပေဦးမည်။


၎င်းက အိမ်ခြေမဲ့ သို့မဟုတ် သူခိုးမဟုတ်လျှင် အမှုနှင့်သက်ဆိုင်သည့်သူသာ ဖြစ်နိုင်ပေ၏။ နှစ်ဦးသားက အိမ်ပိုင်ရှင်ကို နှုတ်ဆက်စကားမပြောတော့ဘဲ အဆောက်အအုံထဲကနေ အမြန်ထွက်လာခဲ့ကြသည်။


၎င်းတို့က ထုတ်မပြောကြသော်လည်း အတွေးတူကြ၏။ ဟုန်ရှောင်ကွမ်းက သတိအနည်းငယ်သာရှိလျှင်တောင် ဤနေရာသို့ ပြန်လာလိမ့်မည်မဟုတ်ပေ။ အခန်းထဲမှာ ကိုယ်ရေးကိုယ်တာပစ္စည်း အနည်းငယ်သာရှိပြီး သူ၏အထောက်အထားအား ထုတ်ဖော်နိုင်သည့် တစ်ခုတည်းသောအရာက စာကြည့်တိုက်ကတ်ဖြစ်သည်။


သူ၏နာမည်ကတောင် အတုဖြစ်နေနိုင်ပြီး သူက ပုန်းအောင်းနေလိမ့်မည်။


ပြတင်းပေါက်ကနေ ခေါက်ဆွဲဆိုင်အထိ အကွာအဝေးက တိုတောင်းလှ၏။ ထောင့်ချိုးကိုကွေ့ပြီး အဆောက်အအုံလေး အနည်းငယ်ကို ဖြတ်ကျော်လိုက်ပြီးနောက် ရောက်ရှိသွားခဲ့သည်။


ခေါက်ဆွဲဆိုင်၏ဘေးက လူသုံးဦး ယူကြုံးမရစွာသေဆုံးသွားခဲ့သည့် နေရာဖြစ်သည်။


အခြားတစ်ဖက်ရှိအိမ်က မီးမကူးသွားသော်လည်း အဖိုးကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်သာရှိရာ သက်ဝင်လှုပ်ရှားသောအငွေ့အသက်တို့ မရှိချေ။ အေးစက်ကာ တိတ်ဆိတ်နေပြီး လမ်းတစ်ဖက်ရှိ မီးရှူးမီးပန်းများနှင့် ဆန့်ကျင်ဘက်ပင်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment