လူများရှိသည့်နေရာတိုင်း ကျန်းဟူဆိုတာရှိစမြဲမို့ အကျဥ်းထောင်ထဲမှာတောင် ဂိုဏ်းခွဲများရှိပေသည်။
နောက်ခံနှင့် ငွေကြေးအနည်းငယ်ရှိလျှင် အကျဥ်းခန်းတစ်ခုတည်းမှာ တစ်ယောက်တည်းနေနိုင်မည်ဖြစ်ပြီး ပတ်ဝန်းကျင်က မကောင်းသော်လည်း အနည်းဆုံးတော့ အနိုင်ကျင့်ခံရမှာမဟုတ်ပေ။
သို့သော်လည်း ယခုအမှုကိစ္စက ထူးခြားပြီး စမစ်ကိုယ်တိုင်ကြီးကြပ်ကာ ယွဲ့တင့်ထန်က အနီးကပ်စောင့်ကြည့်သည့် အမှုကြီးဖြစ်သည်။ ထို့ကြောင့် ရဲအရာရှိများက ဘာမှမလုပ်ရဲကြဘဲ သံသယတရားခံကို ရုန်းရင်းဆန်ခတ်အဖြစ်ဆုံး အကျဥ်းခန်းထဲသို့ တိုက်ရိုက်ပစ်သွင်းခဲ့ကြ၏။
ဘွဲ့ရပြီးနောက် သီးခြားစီလျှောက်လှမ်းခဲ့ကြရာ ယွဲ့တင့်ထန်နှင့် လင်ရှူးတို့မတွေ့ဖြစ်တာ နှစ်ပေါင်းများစွာကြာလေပြီ။
သို့သော် လက်ကလေးကို အဆူးနှင့်ခြစ်မိသွားသဖြင့် ၎င်းအားသုတ်ဖို့အတွက် လက်ကိုင်ပဝါဖြင့် ဖိအုပ်ထားရသည့် ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ကို သူမှတ်မိနေသေးသည်။
ယခု လင်မိသားစုက ဂုဏ်သတင်းများကျဆင်းသွားသော်လည်း တချို့အကျင့်စရိုက်များသည် ပြောင်းလဲဖို့ရာ ခက်ခဲပေ၏။ ဤပတ်ဝန်းကျင်က လင်ရှူးအတွက် အကြီးမားဆုံးသော နှိပ်စက်မှုတစ်ခုဖြစ်ပြီး ပြောချင်နေသည့်စကားတို့ကို ထိန်းချုပ်ထားရသည့် ရှန်းရန်ကျယ်၏အမူအရာနှင့် ပေါင်းစပ်လိုက်လျှင် အလိုလိုက်ခံထားရသော လင်ရှူးတစ်ယောက် ထိုလူများ၏လက်ထဲတွင် မည်သို့နှိပ်စက်ခံနေရမလဲကို သူ ခန့်မှန်းကြည့်လို့ရပေသည်။
သူကိုယ်တိုင်က ရဲအရာရှိတစ်ယောက်ဖြစ်သော်လည်း ရှန်ဟိုင်းကို ပြည်သူ့သက်သာချောင်ချိရေးနှင့် မြို့တော်စည်ပင်သာယာရေးရအစိုးရဟူ၌ ခွဲခြားထားပေသည်။
၎င်းမှာ လွန်ခဲ့သောဆယ်စုနှစ်များက နိုင်ငံတစ်ခုနှင့်တစ်ခုကြား ချုပ်ဆိုခဲ့သော တရားမျှတမှုမရှိသည့် စာချုပ်ပင်။
နိုင်ငံတစ်ခုအတွင်းမှ ဥပဒေမဲ့နိုင်ငံတစ်ခု။
လင်ရှူး၏ယောက်ဖက မြို့တော်စည်ပင်သာယာရေးအစိုးရအဖွဲ့၌ စာရေးတစ်ယောက်သာဖြစ်နေသည်ကို မဆိုထားနှင့်၊ ရှန်ဟိုင်း၏ မြို့တော်ဝန်ဆိုလျှင်တောင် ဘာမှလုပ်နိုင်မှာမဟုတ်ပေ။
အဘက်ဘက်မှလာနေသော အနံ့အသက်များက နှာခေါင်းထဲဝင်ရောက်လာပြီး ကိုယ်တွင်းအင်္ဂါများထဲ စိမ့်ဝင်ကာ ဝင်ရောက်လာသည့်လူတိုင်းအား တိုက်စား၍ ဤနေရာ၌ လုံးဝမြှုပ်နှံချင်နေသည့်အတိုင်း ဆိုးဝါးလွန်းလှသည်။
ရှန်းရန်ကျယ်က ၎င်းအား ကျင့်သားရနေပြီး များများစားစားမခံစားခဲ့ရပေ။ သို့သော် သူ၏နှလုံးသားက တင်းမာစွာ ဆုပ်ကိုင်ခံထားရသဖြင့် သူ ယွဲ့တင့်ထန်အား လက်ကိုင်ပဝါထုတ်၍ နှာခေါင်းကိုအုပ်ထားဖို့ကိုတောင် အကြံမပေးရဲခဲ့ပေ။
၎င်းတို့၏ခြေလှမ်းများက အရှေ့ကို တိုးလာသည်နှင့်အမျှ အကျဥ်းထောင်၏နက်ရှိုင်းသောနေရာများမှ ဆူညံသံများသည် နီးသထက်နီးလာခဲ့၏။
လူတစ်စု ရန်ဖြစ်နေသလိုမျိုး ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။
ယွဲ့တင့်ထန်က ရှန်းရန်ကျယ်ကို တစ်ချက်ကြည့်လိုက်၏။
"ဘာတွေဖြစ်နေတာလဲ။"
ရှန်းရန်ကျယ်က ထိတ်လန့်တကြား ရယ်မောခဲ့သည်။ "ဘာမှမဖြစ်ပါဘူး။ ကျွန်တော်ထင်တာတော့ ထောင်သားတွေက အေးနေတာကြောင့် ဆူဆူညံညံလုပ်နေကြတာဖြစ်မယ်။ စစ်ဆေးဖို့အတွက် မစ္စတာယွဲ့ မနက်ဖြန်ကျမှ လာသင့်တယ်ထင်တယ်။ အခုက အေးစက်မှောင်မည်းနေပြီး နှစ်သစ်ကူးလည်းရောက်တော့မယ်ဆိုတော့လေ၊ အခုက သိပ်ပြီးမကောင်းဘူးလားလို့ပါ..."
ယွဲ့တင့်ထန်က ဘာမှမပြောခဲ့ဘဲ ထိုအစား ခြေလှမ်းများကို အရှိန်တင်လိုက်သည်။
ရှန်းရန်ကျယ်က အမှီလိုက်နေပြီး ဆူညံနေသောထိုလူများကို ငြိမ်သက်ဖို့အော်လိုက်ချင်သော်လည်း မလုပ်ရဲခဲ့ပေ။
မှောင်မိုက်သော ထောင့်ချိုးများ၌ လူမှုရေးဖြစ်စဥ်အမျိုးမျိုးကို ပေါင်းစပ်ထား၏။
အသေးစားခိုးမှု သို့မဟုတ် ခါးပိုက်နှိုက်မှုကို ကျုးလွန်ခဲ့သည့်သူများက ခိုးယူခြင်း သို့မဟုတ် လုယက်ခြင်းကို သဘောကျတာကြောင့်မဟုတ်ဘဲ ဆင်းရဲမှုဒဏ်ကြောင့် ဆက်လက်ပြီး မရှင်သန်နိုင်ကြတာဖြစ်သည်။
ထို့နောက် အမှောင်ရိပ်ထဲမှာ တိတ်တဆိတ် ငြိမ်သက်နေသောသူများလည်း ရှိကြသည်။ ယွဲ့တင့်ထန် ၎င်းတို့ကို ကြည့်လိုက်တိုင်း ၎င်းတို့ကလည်း သူ့ကို ထိုးဖောက်လုမတတ် ပြန်ပြီးစိုက်ကြည့်တတ်ကြသည်။ ၎င်းတို့က လူသတ်ကာ သွေးစွန်းခဲ့ဖူးသော လူသတ်သမားများဖြစ်ရမည်။
နှလုံးသားနူးညံ့သည့် သာမန်လူတစ်ယောက်သာဆို ယခုလိုမျိုးညကို ဖြတ်သန်းရမည်ဆိုလျှင် လုံးဝထိတ်လန့်ကြောက်ရွံ့နေကြလိမ့်မည်။
လင်ရှူးအတွက်မူ...
မျက်နှာမမြင်ရသော ထိုလူများကဲ့သို့ပင် အကျဥ်းထောင်၏အနက်ရှိုင်းဆုံးနေရာမှာ သူ၏ကြောက်ရွံ့မှုတို့ကို ဖုံးကွယ်ထားပြီး ဆာလောင်မှုဒဏ်ကို သည်းခံနေပေလိမ့်မည်။
သူရောက်လာခဲ့သောအချိန်မှာ သိုးမွေးအင်္ကျီကို ဝတ်ဆင်ထားဆဲဖြစ်သော်လည်း ထိုထဲကို ဝင်လိုက်သည်နှင့် သူဝတ်ထားသည်က သိုးမွေးပဲဖြစ်ဖြစ်၊ ဆိတ်မွေးပဲဖြစ်ဖြစ် သူ ဘယ်လိုမှ ထိန်းသိမ်းထားလို့မရတော့ဘဲ ထိုအချက်ကိုသင်ယူဖို့ ကျိန်းသေပေါက်အရိုက်နှက်ခံရမည်ပင်။
ထိုလူများက ဆူညံပွက်လောရိုက်နေကြပြီး ဘာမှမသိသေးသော လူသစ်ကလေးကို သင်ခန်းစာများပေးနေမည်မှာ သေချာသလောက်ရှိ၏။
"အသေးလား၊ အကြီးလား။ တစ်ခုရွေးလိုက်။"
ပျင်းရိလေးတွဲနေသောအသံက မကျယ်လောင်သော်လည်း ရုန်းရင်းဆန်ခတ်များအလယ်တွင် ထင်ထင်ရှားရှားထွက်ပေါ်လာခဲ့သည်။
"အကြီး!"
"အကြီး၊ အကြီး၊ အကြီး!"
"အသေး!"
ညစ်ပတ်နေသော လေထုထဲတွင် လူများအား ခံစားချက်တို့ထူးဆန်းစေပြီး ဖော်ပြ၍မစွမ်းသာသော ထူးဆန်းသောအနံ့တစ်ခုလည်း ရှိနေပေသည်။
အတွင်းအကျဆုံးအခန်း၏ သံမဏိအကျဥ်းထောင်တံခါးပေါ်ရှိ အပေါက်သေးသေးလေးကနေ ယွဲ့တင့်ထန် လင်ရှူးကို မြင်လိုက်ရသည်။
တစ်ဖက်လူက နံရံကိုမှီကာ ထိုင်နေ၏။
လက်တစ်ဖက်က အံစာတုံးလေးပါသည့် မြေအိုးတစ်လုံးကိုကိုင်ထားပြီး နောက်တစ်ဖက်က ကြက်ပေါင်ကို ကိုင်ထားသည်။
သူ့ရှေ့၌ အဝတ်စုတ်တစ်ခုကို ဖြန့်ထားပြီး အနက်ရောင်နှင့် အမည်းရောင်သစ်သားတုတ်ချောင်းများကိုလိမ်ကာ အစွန်းနှစ်ဖက်၌ 'အကြီး' နှင့် 'အသေး' ဟူ၍ အသီးသီးရေးထားလေသည်။
အဝတ်စ၏ထောင့်လေးဖက်၌ ဟင်းလျာများဖြင့် ပေရေနေသော၊ သို့မဟုတ် အေးစက်သောဟင်းလျာများ ပါဝင်သည့် ပန်းကန်လေးချပ်ရှိသည်။ ထိုဟင်းလျာများကို လူများက အကုန်နီးပါးစားသောက်ထားကာ ဘေးနားမှာ အရိုးပုံကြီးလည်း ရှိနေသည်။ သို့သော် ယွဲ့တင့်ထန်၏ စူးရှသောမျက်လုံးများနှင့် ပန်းကန်၏ထောင့်စွန်းနားက အမှတ်အသားကို မြင်လိုက်ရ၏။ ၎င်းမှာ 'လောင်ကျန်းရှီ' မိသားစု၏ အရသာငါးပါးစုံလင်သောဘဲသားဟင်းလျာဖြစ်ပေသည်။
ထိုစားသောက်ဆိုင်၏ သူဌေးက အလွန်စိတ်အားထက်သန်၏။ နှစ်စဥ်နှစ်တိုင်း တရုတ်နှစ်သစ်ကူးမှာတောင် ဆိုင်မပိတ်သလို အနားယူသည်ဟူ၍လည်း မရှိခဲ့ပေ။ ဆယ်စုနှစ်ကျော်လာသည်အထိ ယခုလိုပဲဖြစ်ပြီး ဟင်းလျာ၏စျေးနှုန်းများကလည်း စျေးသက်သာ၏။ လူတော်တော်များများက တရုတ်နှစ်သစ်ကူးအတွင်း ပွဲတော်များကျင်းပရန် သူ၏စားသောက်ဆိုင်သို့ သွားတတ်ကြပေသည်။
လင်ရှူး၏ပတ်ပတ်လည်တွင် လူလေးငါးယောက်လောက်ရှိသည်။ ရေနံဆီမီးအိမ်မရှိသည့်အတွက် ထောင်စောင့်များသည် အလွန်မရဲတင်းလွန်းရဲဘဲ ၎င်းတို့အား ဖယောင်းတိုင်နှစ်တိုင်သာ ပေးထားသည်။
လင်ရှူးတစ်ယောက် စျေးကြီးသောသိုးမွေးအနွေးထည်ကို ဝတ်ဆင်ထားဆဲဖြစ်ကြောင်း ယွဲ့တင့်ထန်တွေ့လိုက်ရသည်။ အနွေးထည်ကို ဖွင့်ဟထားပြီး ခန္ဓာကိုယ်ကို ပဝါစဖြင့်ကာထား၏။ လူက ဒူးထောက်နေပြီး သူ၏မျက်နှာပေါ်မှာ ဆော့ကစားလိုသောအပြုံးရေးရေးလေး ရှိနေပေသည်။
ပတ်ဝန်းကျင်က ညစ်ပတ်ကာနံဆော်နေသော်လည်း သူ့အပေါ်ကို သက်ရောက်မှုမရှိသည့်အလား။ ထိုနေရာမှာ အနိုင်ကျင့်ခြင်း သို့မဟုတ် ရမ်းကားခြင်းမျိုးမရှိဘဲ ရွှင်မြူးနေသောလေထုသာ ရှိနေသည်။
ယွဲ့တင့်ထန်က ဖြည်းဖြည်းချင်းခေါင်းလှည့်ကာ သူ့ဘေးနားမှာရှိသော ရှန်းရန်ကျယ်ကိုကြည့်လိုက်သည်။ ရှန်းရန်ကျယ်မှာ တစ်ကိုယ်လုံး ချွေးအေးများစီးကျနေလေပြီ။
"ယွဲ့၊ မစ္စတာယွဲ့၊ ကျွန်တော် ရှင်းပြပါ့မယ်။"
ယွဲ့တင့်ထန်၏မျက်နှာပေါ်၌ မည်သည့်အမူအရာမှမရှိပေ။
ရှန်းရန်ကျယ်: ...
သူသည် စကားထစ်နေပြီး တုန်ယင်နေသည့်အတွက် နေ့တစ်ဝက်ကြာလျှင်တောင် ရှင်းပြလို့ပြီးမှာမဟုတ်ပေ။
"ဒါက၊ ဒါက အောက်ကလူတွေရဲ့ ပေါ့ဆမှုကြောင့်ပါ။ အစားအသောက်တွေနဲ့ လောင်းကစားပစ္စည်းတွေကို သံသယတရားခံက လျှို့ဝှက်ပြီးယူဆောင်လာတာဖြစ်ပါလိမ့်မယ်! ကျွန်တော် အခုပဲ သူတို့ကို လူစုခွဲလိုက်ပါ့မယ်!
ယွဲ့တင်ထန်က ဘာမှမပြောဘဲ လှည့်ထွက်သွားလေသည်။ ညသန်းခေါင်အချိန်ကြီး သူ့ဆီကို ရုတ်တရက်ရောက်လာသော ကြင်နာမှုလေးက သူ ဗိုက်ဝသွားတာကြောင့်ဖြစ်ရမည်ဟု တွေးလိုက်မိသည်။ ထို့နောက် သူ အပြင်ရောက်သောအချိန်မှာ ထိုကြင်နာမှုလေးကို ခွေးကျွေးပစ်သင့်သည်ဟု ခံစားလိုက်ရပေသည်။
"ဟေး၊ မစ္စတာယွဲ့! မစ္စတာယွဲ့! ဒေါသမထွက်ပါနဲ့၊ ကျွန်တော့်ကို စောင့်ပါဦး!"
__
လင်ရှူးတစ်ယောက် သူ၏ကျောကိုကုတ်နေပြီး မျက်လုံးပွင့်လာကာ တစ်ကိုယ်လုံးထုံကျင်နေ၏။
ဤအိပ်ရာက အိမ်မှာရှိသောအိပ်ရာလောက် သက်သောင့်သက်သာမရှိပေ။ သူအိပ်နေစဥ်အတွင်း ကြွက်တစ်ကောင်က သူ၏ဆံပင်ကို တတိတိကိုက်ဝါးနေသလိုမျိုး မသဲမကွဲအသံကို ကြားနေရသည်။
အသစ်စက်စက်သိုးမွေးအနွေးထည်မှာ ယခု ညစ်ပတ်နေလေပြီ။ ကံကောင်းစွာဖြင့် ၎င်း၏မူလအရောင်က မီးခိုးနက်ရောင်ဖြစ်၍ သိပ်ပြီးမသိသာချေ။ ထိုသို့မဟုတ်ပါက သူပြန်ရောက်တာနှင့် သေချာပေါက်အဆူခံရပေလိမ့်မည်။
မနေ့ညက ဤအကျဥ်းခန်းထဲကို ဝင်လာချိန်၌ ထိုအနွေးထည်မှာ တခြားသူများ၏အာရုံကို ချက်ချင်းဖမ်းစားသွားလေသည်။ ထို့နောက် တစ်စုံတစ်ယောက်၏ အိပ်ရာခင်းဖြစ်လာတော့မလို့ပင်။ သူ၏လျင်မြန်သောတုံ့ပြန်မှု၊ သွက်လက်သောလှုပ်ရှားမှု၊ မြွေကို ကြမ်းပြင်ပေါ် ကိုင်ပေါက်လိုက်နိုင်သည့်အစွမ်းအစနှင့် တခြားသူများကို လွှမ်းမိုးနိုင်စွမ်းကြောင့်သာ မဟုတ်ပါက သူ၏ပိုက်ဆံများကို ခြွေတာနိုင်မှာမဟုတ်ဘဲ မနေ့ညက အဆိုးဝါးဆုံးအခြေအနေကို အကောင်းဆုံးဖြစ်အောင်ပြုလုပ်နိုင်မှာမဟုတ်သလို သူ၏အစာအိမ်ကိုလည်း ဖြည့်တင်းနိုင်မှာမဟုတ်ပေ။
(TN/ မနေ့ညဆိုတာ မနက်ကူးသွားလို့ မနေ့ညလို့ခေါ်လိုက်တာပါနော်။ တကယ်တော့ အကျဥ်းထောင်ထဲမှာရှိတာ ၂၄ နာရီ မပြည့်သေးပါဘူး။)
လင်ရှူး သူ၏အစာအိမ်ကို ထိလိုက်သည်။
မနေ့ညကစားထားသော ညလယ်စာက ထိုနေရာမှာရှိနေဆဲဖြစ်ပြီး ဗိုက်မဆာတော့သော်လည်း ထောင်တွင်းအစားအသောက်များက အစာအိမ်ကိုမပြည့်စေနိုင်ပေ။ အချိန်အားဖြင့် တွက်ချက်လိုက်လျှင် သူ၏မိသားစုကို ယခု အကြောင်းကြားကာ သူ့အား အာမခံဖြင့်ထုတ်ပေးဖို့ မကြာခင်ရောက်လာနိုင်ပေ၏။ သူ ညစာအတွက် အချိန်မီအိမ်ပြန်နိုင်လောက်သည်။
ထိုသို့တွေးနေစဥ်မှာပင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။
*****
Aurora Novel Translation Team