no

Font
Theme

ပုံမှန်သတင်းစာတစ်စောင်သည် သုံးပြားဖြစ်ပြီး သာမန်လူတစ်ယောက်အတွက် အလွန်စျေးမကြီးပေ။


စာမဖတ်နိုင်သည့်သူများက လက်ဖက်ရည်ဆိုင်များသို့သွားကာ အခြားသူများ သတင်းစာဖတ်ပြသည်ကို နားထောင်တတ်ကြ၏။ လက်ဖက်ရည်တစ်အိုးကို မှာယူပြီး ပိုမိုကောင်းမွန်သော နေ့ခင်းလေးကိုပိုင်ဆိုင်နိုင်သောကြောင့် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်နိုင်ပေသည်။


ဟွမ်ဖူသတင်းစာက စာဖတ်ပရိသတ်နည်းပါးသည့် သေးငယ်သောသတင်းစာလေးတစ်ခုသာ။ ၎င်းအား အကျိုးအမြတ်အတွက် စျေးပေါပေါဖြင့် ရောင်းချရန်လိုအပ်သောကြောင့် နှစ်ပြားဖြင့်သာ ရောင်းချလေသည်။ ထိုကဲ့သို့ ပေါက်ကွဲနိုင်သည့်သတင်းမျိုးအား ပထမဆုံးတင်ပြသည့်အတွက် ၎င်းက ယနေ့ အကုန်ရောင်းထွက်သွားသည့်ပုံပင်။


သတင်းက ဖောင်းပွလာသည်နှင့် တုယွင်းနင်၏သေဆုံးမှုသတင်းက ရှန်ဟိုင်းတစ်ခွင်ပျံ့နှံ့ဖို့ အချိန်သိပ်မကြာတော့ပေ။


လင်ရှူး၏ သံသယရှိသူအဖြစ်အထောက်အထားကိုလည်း ဖုံးကွယ်ရန် ခက်ခဲပေ၏။ လူတိုင်းက အကဲဖြတ်နေကြပြီး သတင်းစာနှင့် မဂ္ဂဇင်းများ၊ မရေမတွက်နိုင်သောပြည်သူများနှင့် လူထုအမြင်အားလုံးတို့က သူ့ကို လက်ညှိုးထိုးကြမည်ဖြစ်ပြီး အမှုကိုစစ်ဆေးရန် ဖိအားအတော်လေး သက်ရောက်နိုင်ပေသည်။


ထိုဖိအားအောက်မှာ သက်သေဟူသောအရာများကြောင့် လင်ရှူးလွတ်မြောက်ရန်အတွက် ပိုပြီးခက်ခဲပေလိမ့်မည်။


ခေတ်အဆက်ဆက်၌ လက်စားချေရန်အတွက် သတ်ဖြတ်ခြင်းသည် အတွေ့များသောလှုပ်ရှားမှုတစ်ခုဖြစ်သည်။


"ဘော့စ်ယွဲ့၊ မင်းရဲ့စွမ်းဆောင်ရည်က အကန့်အသတ်ရှိတာပဲ။ ဒီသတင်းလေးကိုတောင် မဖုံးဖိထားနိုင်ဘူး။ မင်း ဒီနှစ်တွေမှာ အောင်မြင်ခဲ့တဲ့အရာတွေက အစစ်အမှန်ပါဆိုတာကို ငါ သံသယဝင်လာပြီ!"


လင်ရှူးက အေးစက်စွာပြောလိုက်ပြီး သူ၏အိတ်ကပ်ကိုလက်လှမ်း၏။ ထို့နောက် ငါးပြားထုတ်ယူလိုက်ပြီး သတင်းစာပေါ်တင်ကာ ထိုသတင်းစာကိုခေါက်၍ လမ်းဘေးမှာရှိသော တောင်းရမ်းသူတစ်ယောထံ ထည့်ပေးခဲ့သည်။


"မထိုးဖောက်နိုင်တဲ့နံရံဆိုတာ မရှိဘူး။" ယွဲ့တင့်ထန်က အေးအေးဆေးဆေး ပြန်ပြောလာခဲ့သည်။ "အမှုကိစ္စက မင်းနဲ့ဆက်နွယ်လာကတည်းက ဒီလိုဖြစ်လာမယ်ဆိုတာကို မျှော်လင့်ထားသင့်တယ်။ ယွမ်မိသားစုရဲ့ အစေခံတွေကို အဝင်အထွက်ပိတ်ထားပေမဲ့ သူတို့တွေ စားဖို့သောက်ဖို့အတွက် လိုအပ်သေးတော့ အပြင်လောကနဲ့ အထိအတွေ့ကတော့ ရှိမှာပဲ။ ပြီးတော့ အိမ်တော်နားမှာ ကင်းလှည့်ရဲတွေရောဆိုတော့ ပိုက်ဆံလေးနည်းနည်းအတွက် သတင်းစာထဲထည့်ဖို့ သတင်းအစအနလေးတွေ ပျံနှံ့တာမျိုးက မဖြစ်နိုင်တာမျိုးမဟုတ်ဘူး။"


လင်ရှူးက သက်ပြင်းချလိုက်၏။ အိမ်မှာ အပြစ်ကင်းစင်စွာ ထိုင်နေခဲ့သော်လည်း ကောင်းကင်ပေါ်က မိုးကြိုးသည် သူ့ကိုလာမှန်သည်ဟူသောဥပမာက ယခု သူ၏အခြေအနေကိုဖော်ပြရန် အကောင်းဆုံးနည်းလမ်းပင်။


တစ်ရက်ရက်တွင် လူသတ်သမားကို မရှာနိုင်ခဲ့လျှင် ဤအမှုက သူ၏လည်ပင်းတစ်ဝိုက် ရစ်ပတ်နေသော မမြင်နိုင်သည့်ကြိုးကွင်းတစ်ခုဖြစ်လာပြီး အချိန်မရွေးတင်းကျပ်ကာ သူ့ကို သေစေနိုင်ပေလိမ့်မည်။


တုယွင်းနင်အား ပိုင်ဆိုင်မှုစာရင်းကို ကူရေးပေးခဲ့သူက တုယွင်းနင်နှင့် ဆက်ဆံရေးတစ်ခုခုရှိရမည် သို့မဟုတ် သူ(မ)ကို ခိုးရာလိုက်ပြေးဖို့ ဆွဲဆောင်ခဲ့ပြီး နောက်ဆုံးတွင် သူ(မ)အားသတ်ကာ လက်စဖျောက်ပစ်လိုက်တာဖြစ်နိုင်၏။ ကိုယ်ထည်မပြနိုင်သော တစ္ဆေတစ်ကောင်လို အမြဲတမ်း လှည့်ပတ်နေသော်လည်း ၎င်းတို့သည် မည်သည့်ခြေရာလက်ရာမှ မရှာဖွေနိုင်ခဲ့ကြပေ။


လင်ရှူးသာ ပိုင်ဆိုင်မှုစာရင်းကို မမြင်ခဲ့ရလျှင် ထိုသို့သောလူတစ်ယောက် ရှိနေကြောင်းကို သံသယဝင်မိမှာမဟုတ်ချေ။


တုယွင်းနင်၏ခြေရာနောက်လိုက်ကာ သဲလွန်စများရှာဖွေသည်က မှန်ကန်သည်ဟု လင်ရှူး ခံစားမိသော်လည်း ၎င်းမှာ နှာခေါင်းဖြင့် ဦးတည်သွားနေပြီး အမှောင်ထဲမှာပုန်းအောင်းနေသောတစ်ဖက်လူက သူနောက်လုပ်မည့်အရာကိုသိကာ သူ၏တည်နေရာကိုထိန်းချုပ်၍ ထိုးနှက်ချက်များကို အလွယ်တကူပြုလုပ်နိုင်ပေလိမ့်မည်။


ဒါဆို နောက်ထပ်ချဥ်းကပ်မှုကရော?


ယွမ်မိသားစု၏ အနီးကပ်အစေခံများကတောင် ထိုလူအား ဘယ်တုန်းကမှမမြင်ဖူးခဲ့ကြပေ -


ဒါဆို တုယွင်းနင်က ယွမ်မိသားစုကတောင် မမြင်ဖူးတဲ့သူနဲ့ ဘယ်လိုမျိုး တွေ့ဆုံခဲ့တာလဲ။


ဘုရားသခင်က ၎င်းတို့အား သတင်းပေးပို့လိုက်သလိုမျိုး လင်ရှူး၏စိတ်ဝိညာဥ်က ချက်ချင်းတောက်ပသွားခဲ့၏!


"ရှင်းယွဲ့ကော်ဖီဆိုင်?!"


"အရင်က တုယွင်းနင်နဲ့ ဘယ်မှာတွေ့ခဲ့တာလဲ။"


ယွဲ့တင့်ထန်နှင့်သူက တစ်ချိန်တည်း ပြိုင်တူပြောခဲ့ကြ၏။


၎င်းတို့၏စကားများက မတူညီကြသော်လည်း အတွေးများကတော့ တူညီပေ၏။


၎င်းတို့တွေးတာ တစ်ထပ်တည်းကျပေသည်။


ယွဲ့တင်ထန်: "အကြိမ်တိုင်း ရှင်းယွဲ့ကော်ဖီဆိုင်မှာပဲလား။"


လင်ရှူး: "ဟုတ်တယ်။ သူ(မ)က ငါ့ကို သုံးကြိမ်ခေါ်ခဲ့တာ၊ သုံးကြိမ်လုံး အဲ့မှာပဲ။"


ယွဲ့တင့်ထန်: "အဲ့မှာ သူ(မ)နဲ့ရင်းနှီးတဲ့တစ်ယောက်ယောက်ကို သတိထားမိလား။"


လင်ရှူးက အခိုက်အတန့်တစ်ခုလောက် စဥ်းစားပြီးနောက် ခေါင်းယမ်းလိုက်၏။ "ငါ အဲ့လိုမျိုး မမြင်မိလိုက်ဘူးထင်တယ်။ ငါတို့ ဒုတိယတစ်ခေါက်တွေ့တော့ သူ(မ)က စားသောက်ဆိုင်ပိုင်ရှင်နဲ့ သိကြတဲ့ပုံပဲ။ ငါ့ကို ပန်းကန်ဆေးရင်း အလုပ်ရှုပ်နေတဲ့သူဌေးနဲ့တောင် မိတ်ဆက်ပေးနေသေးတယ်။"


ယွဲ့တင့်ထန်: "မင်း အဲ့ဒီသူဌေးအကြောင်း ဘယ်လောက်ထိသိလဲ။ သူ့မှာ အိမ်ထောင်ရှိလား။"


လင်ရှူး: "တုယွင်းနင်က သူနဲ့ ဆက်ဆံရေးတစ်ခုခုရှိနေတယ်လို့ သံသယရှိနေတာလား။ မဖြစ်နိုင်တာ။"


ယွဲ့တင့်ထန်၏ဒရိုင်ဘာက လမ်းထောင့်လေးမှာစောင့်နေပြီး ၎င်းတို့ရောက်လာသောအခါ တံခါးကို အမြန်ဖွင့်ပေးလာခဲ့သည်။


နှစ်ဦးသား ကားထဲကိုဝင်လိုက်ပြီးနောက် ကားစက်နိုးလိုက်ချိန်မှာ လင်ရှူးက ပါးစပ်ဖွင့်ဟလာ၏။


"မင်း သူဌေးကို မြင်လိုက်ရရင် သိလိမ့်မယ်။ သူက တော်တော်လေး အသက်ကြီးနေပြီ။ တုယွင်းနင်က သူနဲ့ ဆက်ဆံရေးတစ်ခုခုရှိဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။"


တုယွင်းနင်က အခိုက်အတန့်တစ်ခုလောက် စဥ်းစားလိုက်၏။ "ဒါဆို ရှင်းယွဲ့ကော်ဖီဆိုင်ကိုသွားပြီး တစ်ချက်ကြည့်လိုက်။"


မီးပွိုင့်မရှိသောကြောင့် ရှင်းယွဲ့ကော်ဖီဆိုင်ကိုသွားရန် ဆယ့်ငါးမိနစ်သာ အချိန်ယူခဲ့ရ၏။


ယွဲ့တင့်ထန်နှင့်သူက လမ်းထောင့်မှာဆင်းလိုက်ပြီး ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် အပြင်၌ချိတ်ဆွဲထားသော ကော်ဖီဆိုင်၏ဆိုင်းဘုတ်ကို မြင်တွေ့လိုက်ရသည်။


ရှင်းယွဲ့ကော်ဖီဆိုင်က အနည်းငယ် ဟောင်းပေ၏။


လတ်လတ်ဆတ်ဆတ်ဆေးသုတ်ထားသော ပြင်ပနံရံများ၊ အသစ်လည်းမဟုတ်၊ အဟောင်းလည်းမဟုတ်သော ပြတင်းပေါက်များ၊ ဆောင်းတွင်းမှာ အစိမ်းရောင်များကို ထိန်းသိမ်းဖို့အတွက် ရုန်းကန်နေရသော အပင်များနှင့် အနောက်တိုင်းစတိုင်ဝတ်ဆင်ထားသော စားပွဲထိုးများ - အားလုံးက ဆိုင်ရှင်၏ ကော်ဖီဆိုင်အတွက်ဂရုစိုက်မှုတို့ကို ဖော်ကျူးနေ၏။


သို့သော်လည်း တရုတ်နိုင်ငံရှိ ကော်ဖီဆိုင်တစ်ခုအနေဖြင့် တရုတ်နှင့်ဆက်စပ်ပစ္စည်းများရှိပေ၏။ ဥပမာအားဖြင့် ကော်ဖီဆိုင်ထဲမှ လက်ရှိဖွင့်နေသောသီချင်းသည် နိုင်ငံခြားသီချင်းမဟုတ်ဘဲ ရင်းနှီးနေသော 'စံပယ်ပန်း' အမည်ရှိ တရုတ်သီချင်းဖြစ်ပေ၏။


လင်ရှူးနှင့် ယွဲ့တင့်ထန်တို့က ကော်ဖီဆိုင်ထဲဝင်ဖို့ အလျင်မလိုကြပေ။ ၎င်းတို့က ကော်ဖီဆိုင်နားတစ်ဝိုက်ရှိ ဆိုင်များကို လှည့်ပတ်သွားကာ ဆိုင်ပိုင်ရှင်များနှင့်အတူ ပေါ့ပေါ့ပါးပါး စကားစမြည်ပြော၍ ပစ္စည်းတချို့ဝယ်ယူပြီး ရှင်းယွဲ့ကော်ဖီဆိုင်နှင့်ပတ်သက်ပြီး စုံစမ်းခဲ့ကြသည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment