no

Font
Theme

"မဟုတ်သေးဘူး။ ယွမ်ငါးရာက နည်းတဲ့ပမာဏမှမဟုတ်တာ။ ငါ ဒီကလေကချေလေးက မင်းဆီကနေ အဲ့လောက်ငွေတွေချေးခဲ့မှန်း မသိခဲ့ဘူး။ မင်း ခဏလောက်စောင့်နေဦး။ ငါ အိမ်ပြန်ပြီး ပိုက်ဆံသွားယူလိုက်ဦးမယ်။ ငါတို့တွေ မင်းကိုပြန်ပေးသင့်တာပေါ့!"


လင်ရှူး: ...


ယွဲ့တင့်ထန်က ထရပ်ကာ သူ(မ)ကို တားဆီးဖို့ကြိုးစားလိုက်၏။


"ကျဲ၊ ဒီလိုဆိုရင်ရော။ အခု ကျဲမှာရှိသလောက်ထဲက အဆင်ပြေသလောက်ပဲ ပြန်ပေးနှင့်လိုက်။ ကျန်တာကို လင်ရှူးနိုးလာတော့မှ ပြောလို့ရပါတယ်။ စိတ်ပူစရာမလိုပါဘူး!"


"အကြွေးပြန်ဆပ်တာက မဖြစ်မနေလုပ်ရမဲ့ကိစ္စပဲ။ ငါတို့လင်မိသားစုက အရင်ကလောက် မအောင်မြင်ပေမဲ့ လင်မိသားစုက အကြွေးတောင်ပြန်မဆပ်နိုင်ဘူးလို့ တခြားလူတွေကို ပြောခွင့်မပေးနိုင်ဘူး!"


"ငါ့ဖင်ကြီးပဲ ပြန်ဆပ်!"


လင်ရှူးက သည်းမခံနိုင်တော့ပေ။


"ကျွန်တော် ယွဲ့မျိုးရိုးဆီကနေ ဘာပိုက်ဆံမှ မချေးဖူးဘူး။ ဟုန်ဖန်ဂေဟာဆို ပိုတောင်ဆိုးသေးတယ်။ ကျဲက ကိုယ့်မောင်ကို မယုံဘဲ ယွဲ့မျိုးရိုးကောင်ဆီမှာ အရူးလုပ်ခံနေရတာ!"


လင်ယောင်က အခိုက်အတန့်တစ်ခုလောက် ကြောင်အမ်းသွားပြီးနောက် ရုတ်တရက် ဒေါသထွက်လာခဲ့သည်။


"မင်းက အတိတ်မေ့ချင်ယောင်ဆောင်နေတာပေါ့လေ!"


ဒေါသများက တလှိမ့်လှိမ့်ထွက်လာပြီး သူ(မ)က အရှေ့သို့လှမ်းလာကာ လင်ရှူး၏နားရွက်ကို ဆွဲလိမ်လိုက်သည်!


"မင်းရဲ့အတောင်ပံတွေက ခိုင်ခံ့နေလို့လား၊ ဒါမှမဟုတ် သတ္တိတွေရှိနေတယ်ပေါ့၊ ငါ မင်းကို ဘယ်လောက်ထိဂရုစိုက်သလဲဆိုတာ မင်း သိရဲ့လား! အမြဲတမ်း အပြင်မှာ ပြဿနာပဲရှာနေတာ။ အခု ကြည့်စမ်း၊ မင်းကို လူသတ်သမားအဖြစ်တောင် စွပ်စွဲခံထားရတာကို ငါ့ကို ဖုံးကွယ်ထားချင်နေသေးတယ်ပေါ့?! မင်း ဒဏ်ရာရပြီး ဆေးရုံတင်လိုက်ရတော့မှ ငါသိရတယ်! မင်းရဲ့ဒဏ်ရာတွေကို မြင်လိုက်ရတော့ ငါ ဘယ်လောက်ထိလန့်သွားမယ်ဆိုတာ မင်းတွေးမိရဲ့လား! ငါ အဖေနဲ့အမေအစား ဒီနေ့ မင်းကို သေအောင်ရိုက်ပစ်ပြီး သူတို့နဲ့ မာကျောက်ဆော့ရအောင် မြေအောက်ကမ္ဘာကို ပို့ပစ်လိုက်မယ်!"


လင်ရှုးမှာ အလွန်ကြောက်ရွံ့သွားပြီး မျက်နှာကဖြူဖျော့သွား၏။ သူသည် အိပ်ရာပေါ်ကနေ ပြုတ်ကျလုနီးပါးဖြစ်သွားပြီး သူ၏လက်မှာချိတ်ထားသော IV ဆေးရည်ကတောင် သူ၏သွေးများနှင့်အတူ ပြောင်းပြန်စီးဆင်းသွားခဲ့သည်။


ယွဲ့တင့်ထန်က တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပြုမိလိုက်ပြီး ဒေါသထွက်နေသောလင်ယောင်ကို အမြန်ဆွဲခေါ်လိုက်၏။


"ကျဲ၊ ဒေါသမထွက်ဘဲ အေးအေးဆေးဆေးပြောရအောင်ပါ။ သူက ခေါင်းမှာ ချုပ်ရိုးတွေတောင်မဖြည်ရသေးဘူး။ မူးနေဦးမှာ။"


"မေ့လဲသွားပါစေ၊ ဒီကလေး။ သူမသေခင် ငါကအရင် ဒေါသထွက်ပြီး သေသွားလိမ့်မယ်!"


လင်ယောင်က ဒေါသထွက်နေဆဲဖြစ်သော်လည်း သူ(မ)၏အသံက ပိုပြီးနူးညံ့လာ၏။


ထိုအချိန်၌ သူနာပြုတစ်ယောက်က တံခါးကို တွန်းဖွင့်ဝင်လာပြီး လင်ယောင်၏လက်က လူနာ၏နားရွက်ကို လိမ်ဆွဲထားကြောင်း တွေ့လိုက်ရသောအခါ မျက်မှောင်ကြုတ်မိသွားသည်။


"ရှင် ဘာလုပ်နေတာလဲ။ လူနာက အနားယူဖို့လိုပြီး ငြိမ်ငြိမ်လေးနေသင့်တယ်ဆိုတာ မသိဘူးလား။"


ထိုအခါ လင်ယောင်က လက်လွှတ်လိုက်ပြီး ရှက်ရွံ့စွာ ပြောလာခဲ့သည်။ "တောင်းပန်ပါတယ်။"


သူနာပြုက လင်ရှူး၏ IV ပုလင်းကို ပြောင်းပေးလိုက်၏။


"ဘယ်လိုနေသေးလဲ။"


"ခေါင်းနည်းနည်းကိုက်တယ်။"


"ကျွန်တော့်လက်လည်းနာတယ်၊ နားရွက်တွေရောပဲ။"


"ဆရာမ၊ ကျွန်တော့်တစ်ကိုယ်လုံး နေရတာ သက်သောင့်သက်သာမရှိဘူး။"


လင်ရှူး၏မျက်နှာက ဖြူဖျော့နေပြီး သူ၏အသက်ရှူသံက အားနည်းနေသည်။ သူက သူနာပြုကို ကောင်းကင်ဘံမှဆင်းသက်လာသော နတ်သမီးလေးလို ကြည့်ရှုနေ၏။


သူနာပြုက လင်ယောင်နှင့် ယွဲ့တင့်ထန်တို့ကို အကြည့်စူးစူးတစ်ချက်ပေးလိုက်သည်။


"မိသားစုဝင်တွေက ဆူဆူညံညံမလုပ်ဘဲ လူနာကို ကောင်းကောင်းဂရုစိုက်သင့်တယ်။ ဆူညံနေရင် လူနာရဲ့ ပြန်လည်ထူထောင်ရေးမှာ သက်ရောက်မှုရှိတာမို့ မလိုက်နာရင် ကျွန်မ ဆရာဝန်ကိုခေါ်ရလိမ့်မယ်။"


ထို့နောက် လင်ရှူးဘက်သို့လှည့်လိုက်သောအခါ သူ(မ)၏အသံလေးက နူးညံ့ပျော့ပျောင်းသွားလေ၏။


"မကြောက်နဲ့နော်။ သူတို့တွေ ထပ်ပြီးဆူနေရင် ခေါင်းရင်းနားက ဘဲလ်ကိုသာနှိပ်လိုက်။ ဆရာမတို့ ချက်ချင်းလာခဲ့မယ်။"


"ကျေးဇူးတင်ပါတယ်၊ ဆရာမ။" လင်ရှူးက သူ(မ)ကို ကျေးဇူးတင်စွာ ပြုံးပြခဲ့လေသည်။


လင်ယောင်နှင့် ယွဲ့တင့်ထန်: ...


သူနာပြုက ဆေးရည်ပုလင်းလဲချိတ်ပြီးနောက် ၎င်းတို့အား လူနာအနားယူသည်ကို အနှောင့်အယှက်မပေးဖို့ နောက်တစ်ခေါက်သတိပေးကာ ဆေးခြင်းနှင့်အတူ ထွက်သွားခဲ့၏။ လင်ယောင်တစ်ယောက် ဒေါသထွက်ကာ အံကြိတ်ထားပြီး လင်ရှူး၏နားရွက်ကို လိမ်ဆွဲချင်နေခဲ့သည်။


သူ(မ)၏ သေစေနိုင်သောအကြည့်အောက်မှာ လင်ရှူးက သူ၏ခေါင်းကိုကွယ်ဝှက်၍ အားနည်းစွာပြောလာခဲ့သည်။ "ကျဲဆူမှာကို ကြောက်လို့ပါ။"


လင်ယောင်က ဒေါသလည်းထွက် စိတ်လည်းပျက်သွား၏။ "အခုလိုဆိုရင်ရော အဆူမခံရဘူးလို့ ထင်နေတာလား။ အခု သတင်းစာတွေထဲမှာ ထည့်ရေးနေကြပြီ။ အရှက်မရှိတဲ့သတင်းတိုက်တွေဆို မင်းရဲ့နာမည်ကိုတောင် ဖော်ပြထားကြတယ်။ မင်း ဘာမှမပြောရင်တောင် ဒါကို ဘယ်လောက်ထိများ ဖုံးကွယ်နိုင်မှာလဲ!"


လင်ရှူး: "ကျွန်တော်သာ သတင်းမရေးခင် လူသတ်သမားကို ရှာတွေ့မယ်ဆိုရင် ကျဲလည်း မသိတော့ဘူးလေ။ စိတ်မပူပါနဲ့ အခု ကျွန်တော်တို့ဘက်က အသာစီးရနေပါပြီ။"


လင်ယောင်: "အရင်ဆုံး မင်းသာ ကောင်းကောင်းအနားယူပါ၊ ဒါမှ ငါ စိတ်အေးရမှာ!"


သူ(မ)က ထပ်ပြောချင်သော်လည်း လင်ရှူးက သူ၏ဦးခေါင်းကိုကိုင်ထားပြီး နေလို့မကောင်းသောအမူအရာမျိုး ပြသလာသည့်အတွက် အမြန်ပါးစပ်ပိတ်လိုက်ရသည်။


"ကျဲ၊ ကျွန်တော် လိမ္မော်သီးစားချင်တယ်။" လင်ရှူးက ချစ်စရာကောင်းအောင် ဟန်ဆောင်နေ၏။


"ဒီလောက်အေးနေတာကို ဘယ်သူက လိမ္မော်သီးရောင်းမှာလဲ!" လင်ယောင်က ထိုသို့ပြောပြီးနောက် ထပ်ပြောလာ၏။ "ငါ သွားကြည့်လိုက်ဦးမယ်။ မင်း ကြက်သားစွပ်ပြုတ်ကို အရင်သောက်ထားလိုက်။"


သူ(မ)က ယွဲ့တင့်ထန်ကိုလည်း ပြောလိုက်သည်။ "ကြက်သားစွပ်ပြုတ်ကို နှစ်ပန်းကန်ပြင်ထားတာမို့ မင်းလည်း အတူတူသောက်လိုက်နော်။ မင်းလည်း အနားယူနေ၊ ဟိုဟိုသည်သည် လျှောက်ပြေးမနေနဲ့!"


ယွဲ့တင့်ထန်က ပြုံးပြလိုက်၏။ "ကျဲ၊ စိတ်မပူပါနဲ့။ ကျွန်တော့်လက်မောင်းက ကျည်ဆန်ရှပ်ထိသွားရုံတင်ပါ။ ဘာမှမဖြစ်ပါဘူး။ ကျဲ အပြင်သွားနေတုန်း ကျွန်တော် သူ့ကို ကြည့်ပေးထားပါ့မယ်။"


လင်ယောင်ထွက်သွားသောအခါ နှစ်ဦးသားက တစ်ယောက်ကိုတစ်ယောက် ထူးထူးဆန်းဆန်းကြည့်နေခဲ့ကြသည်။


အခန်းထဲ၌ လူနာကုတင်နှစ်လုံးရှိ၏။ တစ်လုံးက လင်ရှူးအတွက်ဖြစ်ပြီး အခြားတစ်ခုက ယွဲ့တင့်ထန်၏ကုတင်ဖြစ်သည်။


လင်ရှူးက လှုပ်ရှားလိုက်လျှင် မူးဝေလာသည့်အတွက် ကုတင်ပေါ်မှာပဲ လဲလျောင်းနေရ၏။


သို့သော် ယွဲ့တင့်ထန်ကတော့ ဆေးရုံအဝတ်အစားတောင် လဲစရာမလိုဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပေသည်။


လင်ရှူး ကြည့်လေကြည့်လေ မပျော်မရွှင်ဖြစ်လာလေပင်။


"ငါ ဟန်ဆောင်နေတာမှန်း ဘယ်လိုလုပ်သိတာလဲ။" သူက အပြစ်တင်လိုက်၏။


ယွဲ့တင့်ထန်က တည်ငြိမ်နေဆဲပင်။ "ဆရာဝန်က မင်းကို ယာယီမှတ်ဉာဏ်ပျောက်တာလောက်ပဲ ဖြစ်နိုင်တယ်လို့ပြောခဲ့တာလေ။ မင်းက ငါ့နာမည်ကို ဆက်တိုက်မေးနေပြီး ယွဲ့ဖေးကိုတောင် မသိဘူးဆိုတော့ မသိသာလွန်းဘူးလား။ ဒီတော့ မင်းအစ်မစိတ်ညစ်နေတာကို ဘယ်လိုလုပ်ပြီး ကြည့်နေနိုင်မှာလဲ။"


လင်ရှူးက နှာမှုတ်ကာ သူစိတ်ညစ်စေချင်သည့်သူက သူဖြစ်ကြောင်း တွေးနေခဲ့သည်။


"ငါ မင်းကိုကယ်ဖို့ ငါ့အသက်ကိုတောင် စွန့်စားခဲ့ရတာကို ဒါက မင်းရဲ့ကျေးဇူးရှင်ကို ကျေးဇူးဆပ်လိုက်တဲ့နည်းလမ်းပေါ့?"


ယွဲ့တင့်ထန်က ခေါင်းညိတ်လိုက်၏။ "မင်းက ငါ့အသက်ကိုကယ်ခဲ့တဲ့ကျေးဇူးကြောင့်ပဲ မင်းအစ်မကို ငါပြောထားပြီးပြီ။"


လင်ရှူးက မျက်မှောင်ကြုတ်လိုက်၏။ "ဘာလဲ။"


ယွဲ့တင့်ထန်: "အမှုကိစ္စကို ဖြေရှင်းပြီးသွားတာနဲ့ မင်းကို တည်ငြိမ်တဲ့အလုပ်လေးတစ်ခု ရှာပေးမလို့။ ဥပမာ ငါ့ရဲ့ သင်ကြားရေးလက်ထောက်လိုပေါ့။"


လင်ရှူးက မျက်တောင်ခတ်လိုက်၏။ "ဟမ်?"


ယွဲ့တင့်ထန်: "သိပ်ပြီး စိတ်လှုပ်ရှားမသွားပါနဲ့။ မင်းက စီမံခန့်ခွဲတဲ့နေရာမှာတော်တော့ ငါ စိတ်ချရတာပေါ့။"


လင်ရှူးက နှာမှုတ်လိုက်၏။ "မင်းရဲ့ ဘယ်မျက်လုံးနဲ့ ငါက စီမံခန့်ခွဲတာတော်တယ်လို့ မြင်လိုက်ရတာလဲ။ ငါ မင်းရဲ့အစေခံ မလုပ်နိုင်ဘူး။ အဲ့ဒီအတွေးကို လက်လျှော့လိုက်တော့။"


ယွဲ့တင့်ထန်က အံ့အားသင့်သွား၏။ "ဒါပေမဲ့ ကျဲက အရမ်းကျေနပ်နေတာနော်။ သူ(မ)က မိသားစုရဲ့ အကြီးအကဲမဟုတ်ဘူးလား။"


လင်ရှူးက မကျေမနပ်ပြောလာ၏။ "'ကျဲ'လို့ တရင်းတနှီး မခေါ်စမ်းနဲ့။ သူ(မ)က ငါ့ရဲ့ကျဲ၊ မင်းရဲ့ကျဲမဟုတ်ဘူး။"


ထိုအခိုက် သူ၏ဦးခေါင်းက ချာချာလည်နေပြီး သူ၏အမြင်က ဝေဝါးလာကာ အလိုလိုပင် ဘေးသို့လဲကျသွားခဲ့သည်။


ထိုအခါ နွေးထွေးသောခန္ဓာကိုယ်က သူ၏လည်ပင်းကို ထိန်းထားပေးကြောင်း ခံစားလိုက်ရသည်။


"ဟုတ်ပါပြီ။ သူ(မ)က မင်းရဲ့ကျဲပါ။ ငါတို့တွေ စီမံခန့်ခွဲဖို့အကြောင်းကိုလည်း နောက်မှ ပြောကြတာပေါ့။ အမှုကိစ္စမှာ ရှာဖွေမှုအသစ်တချို့ ရလာတယ်။ မင်း သက်သာလာတဲ့အခါကျ အဲ့အကြောင်းကို ပြောကြမယ်။"


ယွဲ့တင့်ထန်က သူ ဆေးရုံမှာ ထပ်ပြီးမေ့လဲသွားကာ သူနာပြုများဆီကနေ အဆူခံရမည်ကို စိုးရိမ်သဖြင့် အံ့အားသင့်စရာကောင်းစွာ အလျှော့ပေးလာခဲ့၏။


စာရေးသူမှာ ပြောစရာရှိပါတယ်:


လင်ရှူး သူ့ဘာသာသူတွေးနေ၏: သောက်ကျိုးနည်း၊ ယွဲ့မျိုးရိုးကောင်က ငါ့ကို အမြဲတမ်း တစ်ပတ်ရိုက်နေတယ်။


ယွဲ့တင့်ထန်က ရယ်မောလိုက်သည်: ဟားဟား၊ ငါ့ကို တစ်ပတ်ရိုက်ဖို့ ကြိုးစားကြည့်လေ၊ ဒါပေမဲ့ မင်း ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment