မျက်နှာဖုံးနောက်ကွယ်မှမျက်နှာသည် မယုံကြည်နိုင်သောအမူအရာမျိုး ပြသလာခဲ့၏။ သူသည် စောစောကတိုက်ကွက်ကို လုံးဝ စိတ်ကူးမထားမိချေ။ လင်ရှူးမှာ သတိရှိနေသည့်အပြင် အချိန်မီ တန်ပြန်တိုက်ခိုက်နိုင်ခဲ့သည်။
တုတ်အကျိုးက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာချိန်၌ ရန်သူက အလိုလိုနောက်ဆုတ်ကာ သူ၏ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်ထိန်းဖို့ ကြိုးစားနေခဲ့သည်။
သို့သော် မျက်စိတစ်မှိတ်အတွင်း လင်ရှူးက တုတ်အကျိုးကိုဆွဲထုတ်ကာ သူ့ကိုကန်လိုက်၏။
ရန်သူက ညည်းတွားကာ လေးလံစွာဖြင့် လဲကျသွားခဲ့လေသည်။
လင်ရှူး၏အခြေအနေကလည်း ကောင်းမနေချေ။
သာမန်လူတစ်ယောက်သာဆို သူ ယခုအချိန်၌ သတိမေ့နေလောက်မည်။
သို့သော် သူ၏ခန္ဓာကိုယ်ဗီဇတို့ကို ကျော်လွှားရန် သူ့ကိုယ်သူ ကြိုးစားနေ၏။ သူက အခြေအနေကို ပြောင်းပြန်လှန်ကာ ရန်သူကို ယာယီအနိုင်ယူနိုင်ခဲ့သော်လည်း သူ၏ဦးခေါင်းက ပိုပိုပြီး လေးလံလာကာ စောစောက အရိုက်ခံလိုက်ရသော လည်ပင်းဘေးကလည်း ထိလိုက်လျှင် အလွန်နာကျင်နေ၏။ ခြေလက်များကလည်း အလွန်လေးလံနေပြီး သူ၏စိတ်က ရှုပ်ထွေးကာ မူးဝေနေခဲ့သည်။ အလင်းရောင်သာရှိလျှင် တစ်ဖက်လူက သူ၏အယောင်ဆောင်ရဲတင်းမှုကို ချက်ချင်းရှာတွေ့သွားပေမည်။
နွေးထွေးသောအရည်တချို့က သူ့နှာခေါင်းထဲကနေ စီးကျလာပြီး ပါးစပ်ထဲကို စိမ့်ဝင်လာခဲ့၏။ ငံကျိကျိနှင့်ပင်။
လင်ရှူး သေနတ်ကိုကောက်ကာ အရှေ့သို့ နှစ်လမ်းတိုးလာခဲ့သည်။
မောင်းတင်လိုက်သော သေနတ်အသံက ရန်သူ့အား ထိတ်လန့်သွားစေပြီး သူက ထရပ်ကာ အမှောင်ထဲသို့ ကွယ်ပျောက်သွားခဲ့လေသည်။
တစ်ဖက်လူသည် အသိစိတ်ဝင်လာသော်ငြား လက်ရှိတွင် လင်ရှူးက အသာစီးရနေသောကြောင့် သူ မစွန့်စားရဲချေ။
လင်ရှူးတစ်ယောက် သေနတ်ပစ်ရန်မပြောနှင့် သေနတ်ကိုကိုင်ဖို့တောင် ကိုင်ဖို့အားမရှိတော့ကြောင်း ရန်သူက မသိခဲ့ပေ။
...
နောက်ထပ်ကျည်ဆန်တစ်တောင့်က တိုင်လုံးကို ထိမှန်သွားခဲ့သည်။
သေနတ်သံက ဦးတည်ရာအဘက်ဘက်၌ ပဲ့တင်ထပ်သွား၏။
သို့သော် ရဲများကတော့ ရောက်မလာခဲ့ပေ။ နှစ်သစ်ကူးအကြိုနေ့ဖြစ်သည့်အတွက် အားလုံး နားရက်ယူထားသောကြောင့်ဖြစ်နိုင်သလို၊ ပတ်ဝန်းကျင်ရှိလူများက ဝင်မပါချင်တာကြောင့်လည်း ဖြစ်နိုင်၏။ ရှန်ဟိုင်းရှိ နဂါးသိုက်များနှင့် မြွေအသိုက်များတွင် တစ်စုံတစ်ခုဖြစ်ပျက်သည်က မထူးဆန်းတော့ဘဲ သာမန်လူများသည် ယာယီစူးစမ်းလိုစိတ်ကြောင့် အေးချမ်းသောဘဝလေးကို အဆုံးရှုံးမခံနိုင်ကြပေ။
သေနတ်တစ်လက်တွင် ကျည်ဆန်မည်မျှပါဝင်သနည်း။
သေနတ်တစ်လက်၏ စွမ်းဆောင်ရည်သည် အမျိုးအစားအလိုက် အမျိုးမျိုးကွဲပြားပေ၏။ တစ်ဖက်လူမှာသာ အပိုရှိနေသေးလျှင် အနှေးနှင့်အမြန်ဆိုသလို ကျည်တစ်တောင့်လောက်ကတော့ ယွဲ့တင့်ထန်ကို လာမှန်ပေလိမ့်မည်။
ပေါ့ပါးသောခြေသံ ထွက်ပေါ်လာ၏။ သို့သော် သူ၏အာရုံစိုက်မှုနှင့်အတူ ယွဲ့တင့်ထန် ၎င်းတို့ကို ကြားလိုက်ရ၏။
သူက အသက်ရှူအောင့်ကာ သူ့လက်ထဲကကျောက်ခဲကို ရုတ်တရက်ပစ်လိုက်လေသည်!
ဒိုင်း!
တစ်ဖက်လူက ထိတ်လန့်သွားပြီး သေနတ်ဖောက်လိုက်၏။
တစ်ချိန်တည်းမှာပင် ယွဲ့တင့်ထန် အရှေ့သို့ပြေးသွားခဲ့သည်။
သေနတ်ပစ်ချက်များကြား သေနတ်သမားသည် တုံ့ပြန်ရန် စက္ကန့်ဝက်ကျော် အချိန်ယူရပေမည်။ သေနတ်သမား၏ သေနတ်ပစ်စွမ်းရည်က ကောင်းမွန်မနေသည်ကိုတော့ ထည့်ပြောစရာမလိုတော့ပေ။
ယွဲ့တင့်ထန် တုံ့ဆိုင်းမနေဘဲ သူ၏ခန့်မှန်းချက်အတိုင်း တစ်ဖက်လူထံ ပြေးသွားလိုက်သည်။
နှစ်ဦးသားက လုံးထွေးကာ တံခါးအပြင်ဘက်သို့ ရောက်သွားကြ၏။ ယွဲ့တင့်ထန်က တစ်ဖက်လူ၏လည်ပင်းကို လက်တစ်ဖက်ဖြင့်ချုပ်ကာ နောက်လက်တစ်ဖက်က သေနတ်ကို လွှင့်ပစ်ရန်ကြိုးစားလိုက်သော်လည်း တစ်ဖက်လူက သူ၏မျက်နှာကို လက်သီးဖြင့်ထိုးကာ ယွဲ့တင့်ထန်အား အနောက်သို့လှန်ကျသွားစေခဲ့သည်။ သေနတ်သမားက အခွင့်အရေးကိုဖမ်းဆုပ်ကာ ထထိုင်လိုက်ပြီး သူ့ကိုသေနတ်ဖြင့် ချိန်လိုက်၏!
ဤသည်က အရေးကြီးဆုံးသော အခိုက်အတန့်ပင်!
ထိုအခိုက်အတန့်တွင် သေနတ်သမားမှာ အနောက်ကနေ အကန်ခံလိုက်ရပြီး သေနတ်က လွင့်ထွက်သွား၏။ ကျည်ဆန်က ယွဲ့တင့်ထန်၏နားရွက်နားကနေ ဖြတ်သွားကာ သူ့အနောက်ကနံရံကို ထိမှန်သွားခဲ့သည်။
သေနတ်မှာ အဝေးသို့ လွင့်စင်သွား၏။
ထိုအခါ သေနတ်သမားက သူ့အပေါင်းအပါ ရှုံးနိမ့်သွားမှန်း ချက်ချင်းသတိပြုမိလိုက်လေသည်။
သူသာ ယခု တစ်ချက်လောက်လှုပ်ရှားလိုက်လျှင် ယွဲ့တင့်ထန်ကို သတ်နိုင်မည်ဖြစ်သော်ငြား သူကလည်း လင်ရှူး၏လက်ထဲမှာ သေရလိမ့်မည်။
သေနတ်သမားအတွက် ရွေးချယ်မှုပြုလုပ်ရန် စက္ကန့်အနည်းငယ်ကြာပေ၏။
ပုရွက်ဆိတ်များကတောင် အသက်အတွက် လောဘကြီးကြသေးရာ သူသည်လည်း သေခြင်းတရားကို အလိုမရှိပေ။
သူက လင်ရှူး၏ကန်ချက်ကို ရှောင်လိုက်ပြီး အမြန်တွားသွားကာ အခင်းဖြစ်ရာနေရာကနေ ရှက်ရွံစွာ ထွက်ပြေးသွားခဲ့သည်။
"လူရော?"
ယွဲ့တင့်ထန်က လင်ရှူးနှင့်တိုက်ခိုက်ခဲ့သည့်သူအကြောင်း မေးနေခြင်းပင်။
"ထွက်ပြေးသွားပြီ။" လင်ရှူးက ပြန်ဖြေလိုက်၏။
သူ အသံကျယ်ကျယ်ပြောမိသွားလား သို့မဟုတ် နှာသံလေးနှင့်ပဲ ပြောမိလိုက်သလားကို သူမသိပေ။ သူ၏ဦးနှောက်က အလိုလိုတုံ့ပြန်လိုက်ပြီး ဘာကိုမှ ထပ်ပြီးမစဥ်းစားနိုင်တော့ချေ။
ပတ်ဝန်းကျင်က မှောင်မည်းနေပြီး ယွဲ့တင့်ထန်ကလည်း ဒဏ်ရာရထားရာ သူက သူ့အပေါင်းအပါ၏ ထူးဆန်းမှုကို သတိမပြုမိဘဲ ထရပ်ရန်ကြိုးစားလိုက်၏။
"ငါ့ကို ထူပေးဦး။"
လင်ရှူးက မတုံ့ပြန်ချေ။
ယွဲ့တင့်ထန်က ခေါင်းမော့ကြည့်လိုက်ရာ တစ်ဖက်လူမှာ သေနတ်ကိုင်ထားဆဲဖြစ်ကြောင်း တွေ့လိုက်ရ၍ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "စောစောက ဘာလို့ မပစ်လိုက်တာလဲ။"
ထိုသို့ပြောလိုက်သည်နှင့် မြို့ကြီးပြိုလဲကျသွားသလို လင်ရှူးတစ်ယောက် ပြုတ်ကျလာပြီး သူ့ကိုယ်ပေါ်ပိကျလာ၏။
သူ၏ဒဏ်ရာရနေသော လက်အပါအဝင် ယွဲ့တင့်ထန်၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ ထိုပြောင်းလဲမှုက သူ့ဒဏ်ရာက နာကျင်သောကြောင့်လား သို့မဟုတ် လင်ရှူးကြောင့် ထိတ်လန့်သွားခြင်းလား သူ မပြောနိုင်ချေ။
"မင်း အဆင်ပြေရဲ့လား!" သူ လက်လှမ်းလိုက်ရာ သွေးများကိုသာ ထိတွေ့မိလိုက်သည်။
"... ငါ့အစ်မကို အမှန်တိုင်းမပြောနဲ့၊ ငါ မူးလဲသွားတာလို့ပဲပြောလိုက်။" လင်ရှူးက တီးတိုးပြောလာပြီး ယွဲ့တင့်ထန်၏စကားများကို ကြားရသလားမသိချေ။
"ပါးစပ်ပိတ်ထား!"
ယွဲ့တင့်ထန်က အံကြိတ်ကာ ဒဏ်ရာရထားသောလက်မောင်းကို လျစ်လျူရှု၍ လင်ရှူးအား သူ့ကျောပေါ်တင်လိုက်သည်။
ဒရိုင်ဘာက တော်တော်အလှမ်းဝေးရာ ဤနေရာရှိ ဆူညံသံများကို မကြားရလောက်ပေ။ မဟုတ်လျှင် သူ ရောက်လာတာ ကြာနေလောက်ပြီ။
၎င်းတို့က ယနေ့ည သတိလက်လွတ်ဖြစ်သွားခဲ့ကြသည်။ နှစ်ဦးသားက သဲလွန်စရှာဖွေရန် လာရောက်ခဲ့ကြပြီး တစ်ဖက်လူက ဤသို့ပြင်ဆင်ထားလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။
"ငါတို့ ဒီည ညစာစားလို့မရတော့ဘူး။ ငါ့ရဲ့ ကြက်ပေါင်ကြီးတွေ..."
"ပါဆယ်ယူလာတဲ့ ကိတ်မုန့်တွေလည်း မင်းက ပေးပစ်လိုက်သေးတယ်။"
"ငါ့အစ်မက ဒီနှစ် ငါ့ကို မုန့်ဖိုးပေးတော့မှာမဟုတ်ဘူး..."
ယွဲ့တင့်ထန်မှာ သည်းမခံနိုင်တော့ဘဲ သူ့ကျောပေါ်ကလူ၏စကားကို ဖြတ်ပြောလိုက်၏။
"မင်း နောက်တစ်ခွန်းထပ်ပြောရင် မင်းကိုပစ်ချလိုက်မယ်။ မင်းဘာသာမင်း နေခဲ့ရပြီသာမှတ်။"
လင်ရှူးက ထိုစကားကို ကြားပုံမပေါ်ဘဲ ဆက်ပြောလာခဲ့သည်။
"စောစောက လူနှစ်ယောက်ရှိတယ်။ တစ်ယောက်က မင်းကိုသတ်ချင်နေပြီး တစ်ယောက်ကကျ ငါ့ကို မသတ်ချင်ဘူး။"
၎င်းမှာ ထူးဆန်းပေ၏။
ယွဲ့တင့်ထန်က စကားမပြောချင်သော်လည်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။
"မင်းပြောချင်တာက အထဲကလူဆီမှာ သေနတ်မရှိဘူးပေါ့။"
လင်ရှူးက ဆက်ပြီးညည်းတွားလာ၏။ "သူက ငါ့ကို မေ့သွားစေချင်တာ။ ငါ့အသက်ကို လိုချင်တာမဟုတ်ဘူး။ မဟုတ်ရင် သူ့အရည်အချင်းနဲ့ဆို ငါ အသက်ရှင်ပြီး မင်းကို ကယ်နိုင်မှာတောင်မဟုတ်ဘူး။"
"ဒါပေမဲ့ အပြင်ကလူကတော့ ငါ့ကိုသတ်ချင်နေတာ။" ယွဲ့တင့်ထန်က ခိုင်မာစွာ ပြောလာခဲ့သည်။
ထိုသူ၏လက်ရည်က ညံ့သောကြောင့်သာမဟုတ်လျှင် ယခု သူသေနေလောက်ပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ်က အေးစက်သောအလောင်းအဖြစ် ပြောင်းလဲသွားလိမ့်မည်။
"မင်းကို သတ်ချင်ပေမဲ့ ငါ့ကိုတော့ မသတ်ဘူး။ ငါတို့သာ အတူတူရှိနေရင် ငါ့ကို နောက်ထပ်လူသတ်မှုအတွက် အကွက်ချလို့ရတယ်..."
လင်ရှူးက သတိအပြည့်မရှိသည့်နှယ် ညည်းတွားလာသော်လည်း ၎င်းက ယွဲ့တင့်ထန်အား အိပ်မက်ကနေ နိုးထလာသလို ကံကြမ္မာကောင်းများ ဝင်ရောက်လာသည့်အတိုင်း အသိစိတ်ဝင်လာစေခဲ့သည်။
အရင်က ရှုပ်ထွေးနေသော ချိတ်ဆက်မှုများအားလုံး ရုတ်တရက် ရှင်းလင်းလာ၏။
"သူတို့က ငါတို့ကို ဒီအမှုကိုဆက်မလိုက်စေချင်တော့ဘူး။ မင်းကို အရင်က အကွက်ချခဲ့သလိုမျိုး အခု သူတို့က လူသတ်မှုကို မင်းအပေါ်မှာပုံချလိုက်မှာ။ နောက်ထပ် အသက်တစ်ချောင်းနဲ့ဆို မင်း သေချာပေါက် သေဒဏ်ပေးခံရမှာပဲ။ ဒီလိုဆို အမှုက အဆုံးသတ်သွားလိမ့်မယ်။"
"တစ်ဖက်ကနေကြည့်ရင် ငါတို့စုံစမ်းမှုက လမ်းမှန်နေပြီဆိုတာကို ပြနေတယ်။ မဟုတ်ရင် ငါတို့ကိုအရေးယူဆောင်ရွက်ဖို့ သူတို့တွေ ထွက်လာမှာမဟုတ်ဘူး။"
"ယွမ်မိသားစု၊ တုယွင်းနင်နဲ့ ဟုန်ရှောင်ကွမ်း၊ ကြည့်ရတာ ဟုန်မိသားစုက တုယွင်းနင်ရဲ့ သေဆုံးမှုနဲ့ သေချာပေါက်ပတ်သက်မှုရှိလိမ့်မယ်။"
ယွဲ့တင့်ထန်က စကားဆုံးသွားသော်လည်း လင်ရှူးဆီမှ တုံ့ပြန်မှုမရခဲ့ပေ။
"ဟယ်လို?"
သူ၏ပခုံးပေါ် တင်ထားသောလက်တို့က ပြုတ်ကျလာ၏။
ယွဲ့တင့်ထန်၏နှလုံးသားက နစ်မြုပ်သွားလေသည်။
*****
Aurora Novel Translation Team