လင်ရှူးက ဂုဏ်မောက်ကာ စိတ်မြန်လက်မြန်ရှိသော်လည်း သူက ခန့်မှန်းသည့်နေရာ၌ တော်ပေ၏။
ယခု လင်ရှူးက ပြုတ်ကျတော့မည်ဖြစ်သော်လည်း ပိုပြီးတည်ငြိမ်လာကာ သူ့ကိုဖောက်မြင်ဖို့ရာ ခက်ခဲပေသည်။
လင်ရှူး: "တုယွင်းနင်က ငါနဲ့မတူဘူး။ သူ(မ)က ယွမ်ပင်းနဲ့ ဆိုးရွားတဲ့ဆက်ဆံရေးရှိရင်တောင် သူ(မ)မှာ ဇိမ်ကျတဲ့ဘဝရှိသေးတယ်။ သူ(မ)ရဲ့ စိုးရိမ်ပူပန်မှုတွေအားလုံးက သူ(မ)ရဲ့ယောက်ျားက သူ(မ)ကို ချစ်လား၊ မချစ်ဘူးလား ဆိုတာရယ်၊ လှပတဲ့အကျဥ်းထောင်မှာ သော့နည်းနည်းပဲရှိပြီး ပြောင်မြောက်တဲ့အလှဆင်ပစ္စည်းတွေ ရှိသလားဆိုတာရယ်ပဲ။ သူ(မ)က တစ်နည်းနည်းနဲ့ အရင်ကအတိုင်း တုံးအနေဆဲဖြစ်ပြီးတော့ ဘယ်တော့မှ ပြောင်းလဲမသွားဘူး။"
ယွဲ့တင့်ထန်: "သူ(မ)က သူ(မ)မိသားစုရဲ့စီစဥ်မှုကြောင့် ယွမ်ပင်းနဲ့ လက်ထပ်ခဲ့ရတာကို ဘာလို့ နောက်ပိုင်းကျ သူ(မ)ရဲ့မိသားစုနဲ့ စကားများခဲ့ရတာလဲ။
လင်ရှူး: "မင်း ယွမ်ပင်းက ဘယ်လိုမျိူးလဲဆိုတာကို မြင်ဖူးလား။ လက်ထပ်ပြီးနောက်ပိုင်း တုမိသားစုက ဒုက္ခရောက်ခဲ့တော့ ယွမ်မိသားစုဆီက ကူညီလက်တစ်ကမ်းကို မျှော်လင့်ခဲ့ကြတယ်။ ယွမ်ပင်းသောက်က ကွယ်လွန်သွားပြီဆိုတော့ သူက ကူညီပေးဖို့ကို ငြင်းဆန်ခဲ့တယ်။ ပြီးတော့ တုမိသားစုရဲ့ အကြီးဆုံးသားက အဲ့ကိစ္စကြောင့် သေဆုံးသွားခဲ့ရတယ်လေ။ အဲ့ကတည်းက တုမိသားစုက တုယွင်းနင်နဲ့ သံယောဇဥ်ဖြတ်ပြီး သူ(မ)နဲ့ အဆက်အသွယ်မလုပ်ခဲ့တော့တာပဲ။"
ယွဲ့တင့်ထန်က ထိုအကြောင်းကို ရှင်းရှင်းလင်းလင်းမသိချေ။ သူက တုမိသားစုသည် ယွင်းနင်အား တစ်ခုခုလုပ်လိုက်သည့်ဖြစ်နိုင်ခြေကိုပါ ထည့်သွင်းစဥ်းစားထားသော်လည်း တစ်ဖက်လူပြောပုံအရ ၎င်းအား ဖယ်ထုတ်လိုက်ရမည့်ပုံပင်။
၎င်းတို့ စကားစမြည်ပြောနေရင်း အစားအသောက်များ ရောက်ရှိလာခဲ့သည်။
ရိုးရိုးသားသား ပြောရလျှင် စာဖိုမှူး၏လက်ရာက သာမန်ဖြစ်သော်လည်း နှစ်ဦးသားသည် တစ်နေကုန်ပြေးလွှားခဲ့ရသည့်အတွက် အလွန်ဗိုက်ဆာနေလေပြီ။ ထို့ကြောင့် အမှုကိစ္စကို မပြောတော့ဘဲ အစားအသောက်များကိုသာ အလျင်အမြန်စားခဲ့ကြ၏။
အချိုပွဲအလှည့်ရောက်သော် သပ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က စားပွဲထိုးတစ်ယောက်နှင့်အတူ ထွက်လာခဲ့သည်။
"ဧည့်သည်တို့နှစ်ယောက်ကို နှုတ်ဆက်ပါတယ်!"
တစ်ဖက်လူက ယဥ်ကျေးသိမ်မွေ့နေပြီး အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသော်လည်း လက်နှစ်ဖက်ယှက်ကာ တရုတ်စတိုင်ဖြင့် နှုတ်ဆက်လာခဲ့၏။
"နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်။ ကျွန်တော့်*နာမည်က လီပါ။ ဒီဆိုင်ရဲ့ သူဌေးပါ။ ဧည့်သည်တို့နှစ်ယောက် ဒီဆိုင်ကိုရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကို ပထမဆုံးအကြိမ်လာတာထင်တယ်နော်?"
(TN/ သူဌေးက အသက်ပိုကြီးပေမဲ့ ကိုယ်ဆိုင်လာတဲ့ဧည့်သည်မို့ ယဥ်ယဥ်ကျေးကျေးသုံးနှုန်းတဲ့သဘောပါ။)
"ဟုတ်ပါတယ်၊ ကျွန်တော်တို့က တက္ကသိုလ်ပါမောက္ခတွေပါ။ ကျွန်တော်တို့ ဒီနေ့ အလုပ်ကိစ္စလေးရှိနေတာကြောင့်ပါ။" ယွဲ့တင့်ထန်က ပြောလာခဲ့၏။
"အို! ပါမောက္ခတွေပဲ! တောင်းပန်ပါတယ်!" သူဌေးလီက အလျင်အမြန် တောင်းပန်လာခဲ့၏။ "ဒီကလူကြီးမင်းနှစ်ယောက်က အချိုပွဲတွေအများကြီးမှာထားတာကို သတိထားမိလို့ အရမ်းများနေမှာစိုးတာကြောင့် သတိလာပေးတာပါ။ ကျေးဇူးပြုပြီး စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့!"
ယွဲ့တင့်ထန်က ပြုံးပြလိုက်သည်။ "စီးပွားရေးလုပ်တဲ့သူတွေက စားသုံးသူတွေကို ပိုပြီးဝယ်စေချင်ကြပေမဲ့ ခင်ဗျားကကျ အများကြီးဝယ်ပြီး စားလို့မကုန်မှာကို စိတ်ပူနေတယ်ဆိုတော့ ခင်ဗျားက အရမ်းရက်ရောတာပဲ။ ဒီခေတ်မှာ စီးပွားရေးလုပ်ပြီး ရိုးသားတဲ့ ခင်ဗျားလိုလူမျိုးကတော့ ရှားရှားပါးပါးပဲ။"
သူဌေးလီက ရှက်ရွံ့သွား၏။ "လူကြီးမင်းပြောသလိုပဲ စီးပွားရေးလုပ်တယ်ဆိုတာက ရိုးသားရတာပါပဲ။ ကျွန်တော်သာ လူကြီးမင်းတို့ကို သတိမပေးခဲ့ရင် ကျွန်တော့်ဘက်ကတာဝန်ကို မကျေပွန်ဘူးလေ။ နောက်ကျ လူကြီးမင်းတို့ ပြန်မလာတော့ဘူးဆိုရင် ကျွန်တော်က ရေရှည်အကျိုးအမြတ် ရှိမှာမဟုတ်တော့ဘူး။"
လင်ရှူးက ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ပိုနေတဲ့အချိုပွဲတွေကို ပါဆယ်ထုပ်ပေးပါ။ ကျွန်တော့်မိသားစုတွေ စားလို့ရအောင် အိမ်ပြန်ယူသွားချင်လို့ပါ။"
သူဌေးလီက အံ့အားသင့်သွား၏။ "ရပါတယ်ဗျာ!"
အစားအသောက်များကို အလျင်အမြန်ထုပ်ပိုးပြီး ပို့ဆောင်ပေးလာ၏။ အထုပ်လေးကို ဖဲကြိုးလေးဖြင့်ချည်ထားပြီး 'နှစ်သစ်မှာပျော်ရွှင်ပါစေ' ဟု ရေးသားထားသည့် ကတ်လေးတစ်ကတ်လည်း ပါပေသည်။
ခမ်းနားသောပွဲများနှင့် ရင်းနှီးနေသော ယွဲ့တင့်ထန်ကတောင် ဤနေရာရှိ အစားအသောက်များက အကောင်းဆုံးမဟုတ်သော်လည်း သူဌေးလီ၏ ဝန်ဆောင်မှုနှင့်ဆို စားသုံးသူများ အမြဲမပြတ်ရှိနေလိမ့်မည်ဟု တွေးမိပေ၏။ ထိုစားသုံးသူများက ကော်ဖီဆိုင်၏ဝင်ငွေကို ထိန်းသိမ်းထားဖို့ လုံလောက်ပေသည်။
၎င်းတို့ စားသောက်နေသည့်အခါ သူဌေးလီက အနောက်တိုင်းသား၏စားပွဲကို သွားရောက်ဧည့်ခံနေပြီး နှစ်ဦးသားစားလို့ပြီးတော့မှ ပြန်ရောက်လာခဲ့သည်။
"ပညာတတ်လူကြီးလူကောင်းတို့နှစ်ယောက်ကို ကော်ဖီဆိုင်ရဲ့ ဧည့်သည်စာအုပ်မှာ စာတိုလေးချန်ထားခဲ့ဖို့ တောင်းဆိုလို့ရမလားခင်ဗျာ။"
"ကျွန်တော်တို့ကို လူကြီးလူကောင်းလို့ မခေါ်ထိုက်ပါဘူး။ ကျွန်တော်တို့က ပါမောက္ခတွေပဲ ရှိသေးတာပါ။" ယွဲ့တင့်ထန်က လက်ဝှေ့ယမ်းပြလာ၏။
သူဌေးလီက ပြုံးလိုက်သည်။ "ကျွန်တော့်ရဲ့ အမြင်ပါ။ ကျွန်တော်က ပညာကောင်းကောင်းမတတ်ပေမဲ့ လူကြီးမင်းတို့နှစ်ယောက်က စာတွေအများကြီးဖတ်ပြီး အသိပညာလည်း တော်တော်မြင့်မားမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီကလူကြီးမင်းတို့နှစ်ယောက်ရဲ့ အကြံဉာဏ်စကားတွေကို ရတနာတစ်ခုလို သိမ်းထားပြီး အိမ်ပြန်တဲ့အခါ ကျွန်တော့်ရဲ့မြေးတွေကို သင်ခန်းစာပေးဖို့ ပြသနိုင်အောင်လို့ပါ။
ယွဲ့တင့်ထန်က ပြန်ဖြေလိုက်၏။ "ခင်ဗျား စိတ်မရှိဘူးဆိုရင်တော့ ကျွန်တော်တို့က ဂုဏ်ယူရတာပေါ့ဗျာ။"
သူဌေးလီက ပျော်ရွှင်သွားပြီး ၎င်းတို့ထံ စာအုပ်ကို အလျင်အမြန် ကမ်းပေးလာခဲ့၏။
ယွဲ့တင့်ထန်က ၎င်းအား ကြည့်လိုက်သောအခါ ရင်းနှီးနေသော နာမည်တချို့ကို မြင်လိုက်ရ၏။ ၎င်းတို့ကို တရုတ်နိုင်ငံတစ်ခွင်လုံးက မသိသော်ငြား ရှန်ဟိုင်းကမ်းခြေမှာတော့ နာမည်ကြီးရာ အသေးစားနာမည်ကြီးများအဖြစ် ယူဆနိုင်ပေ၏။
သူက ဘောပင်ကိုထုတ်ကာ 'အိမ်လိုပဲခံစားရတယ်' ဟု ရေးလိုက်ပြီး သူ၏နာမည်ကို လက်မှတ်ထိုးကာ စာမျက်နှာများကို ထပ်လှန်ကြည့်လိုက်၏။
ထို့နောက် ရင်းနှီးနေသော အမည်တစ်ခုက သူ၏အမြင်အာရုံထဲ ပေါ်ပေါက်လာခဲ့သည်။
'နွေဦးလေပြည်လေးနှယ်'
'တုယွင်းနင်'
__
စာရေးသူမှာ ပြောစရာရှိပါတယ်:
ပင်မဇာတ်ကြောင်းနှင့် မသက်ဆိုင်ပါ။
အလုပ်အကိုင်ရှာဖွေခြင်း ၁
လင်ရှူး: ဒီလိုအလုပ်မျိုး ရှိကြလားဟင် - လစာမြင့်ပြီး အလုပ်နည်းနည်းလေးနဲ့ ပိတ်ရက်တွေလည်း အများကြီးရှိမယ်၊ စုံစမ်းစစ်ဆေးမှုတွေလည်း မလုပ်ရဘဲ အပြစ်လည်း မတင်ခံရဘူး?
ယွဲ့တင့်ထန်: မင်းရဲ့အိပ်မက်ထဲမှာဆို အရာအားလုံးဖြစ်နိုင်တယ်။
အလုပ်အကိုင်ရှာဖွေခြင်း ၂
လင်ရှူးတစ်ယောက် ပြည်တွင်းထုတ်ကုန်တစ်ခုအတွက် အမျိုးသားကြယ်ပွင့်တစ်ယောက်ကို ရှာဖွေနေသည့် အလုပ်ခေါ်စာကို တွေ့လိုက်ရ၍ အလုပ်လျှောက်ရန်သွားခဲ့သည်။
ယွဲ့တင့်ထန်က သူ့အပေါ်ကို ရေအေးများလောင်းချရန် စောင့်ဆိုင်းနေလျက်။
သို့သော် လင်ရှူးက အမှန်တကယ် အလုပ်ရသွားမည်ဟု မည်သူကတွေးမိမည်နည်း။
ယွဲ့တင့်ထန်: မင်းရဲ့ပုံစံနဲ့ကို အဲ့မှာထိုင်နေရုံနဲ့တင် ကြယ်ပွင့်ဖြစ်နိုင်တယ်?
လင်ရှူး: အင်း၊ သူတို့က အဲ့လိုပြောကြတာပဲ။ အဲ့ဒါကြောင့် ငါ ထိုင်ပဲထိုင်နေပြီး ပြက္ခဒိန်အတွက် ဓာတ်ပုံအရိုက်ခံခဲ့ရတာလေ။ ငါ တစ်ရက်လုံး အိပ်နေခဲ့ရတော့ ခါးတွေရော၊ ကျောတွေရော နာနေပြီ။ ကံကောင်းစွာနဲ့ပဲ ငါ ပိုက်ဆံရှာနိုင်ခဲ့တယ်။
ယွဲ့တင့်ထန်: ...
*****
Aurora Novel Translation Team