ဤကော်ဖီဆိုင်က နှစ်တချို့ကြာနေပြီး ယခင်က ပိုင်ရှင်နှစ်ယောက်ရှိခဲ့ဖူး၏။ ဟန်မျိုးရိုးရှိသော ယခင်ပိုင်ရှင်က စီးပွားရေးမွဲပြာကျကာ အထုပ်အပိုးများထုပ်၍ ကျေးလက်တောရွာသို့ ပြန်သွားခဲ့ရသည်။ လက်ရှိပိုင်ရှင်ဖြစ်သူ လီမျိုးရိုးက မစ္စတာဟန်၏သူငယ်ချင်းဖြစ်၏။ သူ(ဟန်)က ပိုက်ဆံလိုသောကြောင့် ကော်ဖီဆိုင်ကို သူ့သူငယ်ချင်းဆီမှ ဝယ်ယူကာ ပြန်လည်ပြင်ဆင်ပြီး ပြန်ဖွင့်ခဲ့လေသည်။
ကော်ဖီလုပ်ငန်းက ကောင်းကောင်းလည်ပတ်နေပြီး ပိုင်ရှင်က လူကောင်းတစ်ယောက်ဖြစ်သည်။ သူယခင်က ကူညီပေးခဲ့သူများသည် ယခု သူ၏ဆိုင်၌ ကူညီပေးနေကြပြီး အိမ်နီးချင်းများတွင် အခက်အခဲတစ်စုံတစ်ရာရှိနေပါက သူတတ်နိုင်ချိန်တိုင်း ကူညီပေးတတ်၏။
"ပိုင်ရှင်က နှလုံးသားလှပေမဲ့ ကံမကောင်းစွာနဲ့ ဒီကမ္ဘာလောကကြီးက လူကောင်းတွေအတွက် နေထိုင်ဖို့ မလွယ်ကူဘဲ မကောင်းတဲ့သူတွေကသာ အောင်မြင်ကြတာ!"
လင်ရှူးသည် လမ်းတစ်ဖက်ကနေ လျှောက်သွားကာ လက်ဖက်ရည်ဆိုင်ထဲဝင်သွားပြီး ဆိုင်ပိုင်ရှင်လောင်ထန်ဆီကနေ ထိုစကားကို ကြားလိုက်ရလေသည်။
"ဘာကိုဆိုလိုတာလဲ။" လင်ရှူးက မေးလေ၏။
"သူက ဘယ်သူလဲ။" လောင်ထန်က လင်ရှူးကိုကြည့်ကာ မေးလိုက်သည်။
ယွဲ့တင့်ထန်: "သူ့ရဲ့ မျိုးရိုးနာမည်က ယန်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ။ ကျွန်တော်နဲ့အတူ စစ်တမ်းကောက်ဖို့ လိုက်လာခဲ့တာ။"
လောင်ထန်: "ဒါဆို ပါမောက္ခယန်ပေါ့၊ ကျေးဇူးပြုပြီး ဝင်ပါဗျာ! ရှောင်သုန့်၊ လက်ဖက်ရည်ယူလာခဲ့!"
ယနေ့ခေတ်တွင် ပညာတတ်များက အထူးလေးစားခံရပြီး အထူးသဖြင့် ပါမောက္ခယွဲ့တင့်ထန်လို စာသမားပေသမားလိုလူမျိုးပင်။ ချင်မင်းဆက်မှာဆို သူသည် အဆင့်မြင့်အရာရှိဖြစ်ပြီး ဘယ်အချိန်မဆို ရာထူးမြင့်သည့်နေရာ၌ ခန့်အပ်ထားခံရနိုင်၏။ သာမန်လူများအတွက် တစ်သီးတစ်သန့်ဆန်သော ခံစားချက်ရှိပြီး သူ့ကို မော်ကြည့်နေရသလိုမျိုး ခံစားရပေ၏။
ယွဲ့တင့်ထန်က စစ်တမ်းကောက်သည်ဟူသော အမည်တပ်၍ တစ်ဖက်လူနှင့်စကားပြောနေခဲ့၏။ ထို့နောက် လက်ဖက်ရည်နှစ်ခွက်ယူလာပြီး နွေထွေးပျူငှာစွာ ဧည့်ခံခံရလေသည်။
"သူဌေးလီအတွက် ဒီကော်ဖီဆိုင်ကို လက်လွှဲယူဖို့က မလွယ်ကူပါဘူး။ မူလကတော့ သူ့သူငယ်ချင်းကို ကူညီပေးလိုက်တယ်လို့ပဲ ထင်နေခဲ့တာ၊ နောက်ပိုင်းကျ သူ့ဆိုင်တံခါးကို တခြားတစ်ယောက်က လာခေါက်တယ်လေ။ လောင်ဟန်က သူ့ကော်ဖီဆိုင်ကို ရောင်းပြီးသွားပြီဆိုပြီး အဲ့ဒီလူက ပြောလာခဲ့တယ်။ လောင်ဟန်က သူ့ကော်ဖီဆိုင်ကို နှစ်ခါတောင်ရောင်းခဲ့တာလေ။ သူက ပိုက်ဆံတွေယူပြီး ထွက်ပြေးသွားခဲ့တယ်။ ဒီတော့ ခံလိုက်ရတဲ့နှစ်ဖက်လုံး တရားရုံးရောက်သွားပြီး အဲ့နေရာကိုပြန်ရဖို့အတွက် သူဌေးလီမှာ ရွေးချယ်စရာမရှိဘဲ ပိုက်ဆံပေးလိုက်ရရော။"
ကော်ဖီဆိုင်ပိုင်ရှင်နှင့် လမ်းတစ်လမ်းသာခြားသော လက်ဖက်ရည်ဆိုင်ပိုင်ရှင် လောင်ထန်က ကော်ဖီဆိုင်ပိုင်ရှင်နှစ်ယောက်လုံးနှင့် ယခင်ပိုင်ရှင်အဟောင်းကို ကောင်းကောင်းသိပုံရသည်။
"ဒါဆို သူဌေးလီက ရိုးသားဖြောင့်မတ်တဲ့သူပေါ့?" ယွဲ့တင့်ထန်က မေးလိုက်၏။
မစ္စတာထန်က ခေါင်းညိတ်ပြလာခဲ့သည်။ "ဟုတ်တယ်ဗျ။ ဒီနွေတုန်းက ရှန်ဟိုင်းမှာ မိုးကြီးတော့ နေရာတော်တော်များများ ရေကြီးခဲ့တယ်၊ ကျုပ်ရဲ့ အဖိုးတန်လက်ဖက်ရွက်တွေဆို မိုးရေထဲ ပလုံတော့မှာပေမဲ့ မစ္စတာလီရဲ့ အိုးကြီးတွေငှားပေးခဲ့တဲ့ကျေးဇူးကြောင့် လက်ဖက်ရွက်တွေကို သိုလှောင်နိုင်ခဲ့ပြီး မိုးရေကြောင့် စိုထိုင်းမသွားခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ကော်ဖီစေ့တွေကတော့ တစ်ဝက်လောက် ပျက်စီးသွားတယ်တဲ့။ ဒီလမ်းပေါ်မှာတွေ့တဲ့သူတိုင်းကို သူ့အကြောင်းမေးကြည့်ရင် ဆယ်ယောက်မှာ ကိုးယောက်လောက်က သူ့အတွက် လက်မထောင်ကြမှာပဲ!"
လင်ရှူယ: "ကော်ဖီဆိုင်ထဲမှာ ဧည့်သည်တွေ သိပ်ပြီးမတွေ့ရပါဘူး။ ဒါဆို သူ တခြားလူတွေကိုကူညီတော့ ပိုက်ဆံတွေမရှုံးဘူးလား။"
မစ္စတာထန်က ပြုံးပြလာ၏။ "ပြောရရင် သူက တရုတ်ကိုပြန်လာတဲ့ နိုင်ငံခြားသားဗျ။ သူ့မိသားစုက အရှေ့တောင်အာရှမှာ စီးပွားရေးလုပ်ငန်းတွေရှိကြတယ်။ သူပြောတာတော့ သူက အနားယူဖို့ ပြန်လာခဲ့တာတဲ့။ သူ့သားက အရှေ့တောင်အာရှမှာ စီးပွားရေးလုပ်နေတုန်းပဲ။ သူ့သားက သူ့ဆီကို လစဥ်အသုံးစရိတ်ပို့ပေးပြီး သိပ်ကိုတာဝန်ကျေတာဆိုပဲ။ ကျုပ်အမြင်အရတော့ ကော်ဖီဆိုင်ကနေ အရင်းပြုတ်ရင်တောင် ပြဿနာမရှိလောက်ဘူး။ သူ့သားကတော့ သူ့ကိုပြန်လာခဲ့ဖို့ စာတွေရေးခဲ့ပေမဲ့ မစ္စတာလီက ခြေလက်တွေ အကောင်းတိုင်ရှိနေပြီး အလုပ်လုပ်နိုင်သေးတာမို့ လက်ရှိအချိန်တော့ နိုင်ငံခြားကိုမသွားချင်သေးဘူးတဲ့။"
လင်ရှူး: "အဲ့ဒါတွေကို သူကိုယ်တိုင်ပြောခဲ့တာလား။"
မစ္စတာထန်: "ဟုတ်ပါတယ်။ ကျုပ် သူ့သားပို့တဲ့ ပုံတွေကို မြင်ဖူးတယ်။ မစ္စတာလီရဲ့မြေးက ဖြူဖြူဝဝလေး၊ ဉာဏ်လည်းကောင်းတယ်။ သူ့ကိုလည်း အဖိုးလို့ ခေါ်နိုင်နေပြီ။"
ယွဲ့တင့်ထန်: "ခင်ဗျားပြောတာနားထောင်လိုက်ရတော့ ဒီဦးတည်ချက်ကို စစ်ဆေးလိုက်တာ မှန်ကန်တယ်လို့ ခံစားရတယ်၊ ကျွန်တော်တို့တွေ ပြန်ရောက်ရင် အရှေ့တောင်အာရှက စီးပွားရေးလုပ်ငန်းရှင်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာကို ထုတ်ဝေနိုင်လောက်တယ်။"
မစ္စတာထန်က မျှော်လင့်နေ၏။ "ကျုပ်တို့ရဲ့ဆိုင်လေးက ခင်ဗျားတို့ရဲ့တင်ပြချက်မှာ ဂုဏ်ပြုခံရမလားဆိုတာ ကျုပ်သိချင်မိပါတယ်။"
ယွဲ့တင့်ထန်က ပြုံးလိုက်၏။ "ဒါပေါ့၊ ထန်ကျိလက်ဖက်ရည်ဆိုင်၊ ကျွန်တော် ထည့်ရေးလိုက်ပါ့မယ်။"
သူက သူ့လက်ထဲကစာအုပ်ကို တစ်ဖက်လူအား ထိုးပြလိုက်စာ မစ္စတာထန်မှာ ပျော်ရွှင်သွားလေ၏။
လင်ရှူးက အချိန်မီ ကြားဝင်ပြောလိုက်၏။ "ဟုတ်သားပဲ၊ လောင်ယွဲ့၊ မင်း ဒီနေ့သတင်းစာကို ကြည့်ပြီးသွားပြီလား။ စကားမစပ်၊ အဲ့ဒါက ငါတို့ရဲ့စစ်တမ်းနဲ့ သက်ဆိုင်နေတယ်။"
ယွဲ့တင့်ထန်: "မကြည့်ရသေးဘူး၊ ဘာဖြစ်လို့လဲ။"
လင်ရှူး: "ရှန်ဟိုင်းရဲ့ နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ တုယွင်းနင် သေပြီတဲ့။ ဘာလို့သေတာလဲဆိုတာဆော့ မသိရသေးဘူး။ အဲ့ဒါကို လူသတ်မှုလို့ယူဆထားကြတယ်။ ငါတို့ရဲ့ စစ်တမ်းထဲမှာ လုံခြုံရေးရော ပါရဲ့လား။ ငါတို့ လှည့်ကင်းစခန်းကိုသွားပြီး မေးကြည့်ရအောင်။"
လက်ဖက်ရည်ဆိုင်ပိုင်ရှင်က အသက်ပြင်းပြင်းရှူလိုက်ရာ လင်ရှူးနှင့် ယွဲ့တင့်ထန်တို့၏အာရုံကို ဖမ်းစားသွားလေသည်။
"ခင်ဗျားတို့ပြောနေကြတာက တုယွင်းနင်လား။ မစ္စယွမ်လေ? သူ(မ)က သေပြီ?!"
လင်ရှူး: "သူ(မ)က ယွမ်အိမ်တော်က မစ္စယွမ်ပါ။ ဘာလို့လဲ၊ ခင်ဗျား သူ(မ)ကိုသိလို့လား။"
လက်ဖက်ရည်ဆိုင်ပိုင်ရှင်: "ကျုပ် သူ(မ)ကို မသိပေမဲ့ အဲ့လိုနာမည်ကြီးတစ်ယောက်နဲ့ ကျုပ်တို့ဆိုင်က မိတ်ဆွေဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အရင်က လမ်းတစ်ဖက်ကကော်ဖီဆိုင်မှာ ကော်ဖီသောက်နေတာကိုတော့ မြင်ဖူးတယ်... နှမြောစရာပဲ။ မစ္စယွမ်က စိတ်ထားလေးကောင်းပြီး လှလည်းလှတဲ့ဟာကို ဘယ်လိုလုပ်ပြီးများ ဆုံးပါးသွားရတာပါလိမ့်!"
လင်ရှူးနှင့် ယွဲ့တင့်ထန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"သူ(မ)က တစ်ယောက်တည်း လာသောက်တာလား။ တစ်ယောက်ယောက်နဲ့ရော ချိန်းဆိုထားတာ မရှိဘူးလား။"
ဆိုင်ရှင်က အခိုက်အတန့်တစ်ခုလောက် တွန့်ဆုတ်နေ၏။ "အင်း၊ ရှိတော့ရှိပေမဲ့ ကျုပ် ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူး။"
လင်ရှူး: "အဲ့ဒါက ယောက်ျားလား၊ မိန်းမလား။"
"ယောက်ျားတစ်ယောက်ပဲ။" ဆိုင်ရှင်က သူ၏ပေါင်ကိုရိုက်ကာ ပြောလာခဲ့သည်။ "ကျုပ်မှတ်မိပြီ! အဲ့ဒါက နှစ်ယောက်ပဲ! သူ(မ)က တစ်ချိန်ကို တစ်ယောက်စီချိန်းခဲ့တာ။ ဒါပေမဲ့ လူနှစ်ယောက်ပဲ။ တစ်ယောက်က ခင်ဗျားနဲ့ဆင်ပေမဲ့ နောက်တစ်ယောက်က ခင်ဗျားရဲ့ ခေါင်းတစ်ဝက်လောက်တော့ ပုလိမ့်မယ်ထင်တယ်။ ဒါပေမဲ့ အမြဲတမ်း နီညိုရောင် အနောက်တိုင်းဝတ်စုံကိုပဲ ဝတ်တယ်!"
လင်ရှူး: "သေချာလား။"
ဆိုင်ရှင်: "ဒါပေါ့၊ အဲ့ဒီလူက ဘေးမှာရှိတဲ့ နိုင်ငံခြားထွက်ကုန်ဆိုင်ကနေ နှင်းပွင့်ခရင်မ်ကို ဝယ်ဖူးတယ်။ ကျုပ် သူနဲ့ တစ်ခါတွေ့ဖူးတယ်၊ သူက တော်တော်လေးချောပြီး ပညာရှင်ဆန်တာပဲ။ ခင်ဗျားတို့နှစ်ယောက်လိုပဲ။ သူက တော်တော်လေး ယဥ်ကျေးသိမ်မွေ့တဲ့သူပဲ။"
လက်ဖက်ရည်ဆိုင်ပိုင်ရှင်အား နှုတ်ဆက်ပြီးနောက် လင်ရှူးနှင့် ယွဲ့တင့်ထန်တို့ ကော်ဖီဆိုင်ထဲ ဝင်သွားသောအချိန်မှာ ကောင်းကင်ကြီးက အနက်ရောင်ပြောင်းနေပြီး အချိန်မရွေး မှောင်မိုက်သွားတော့မည့်နှယ်။
ရှန်ဟိုင်း၏ နီယွန်မီးရောင်စုံလမ်းမထက်မှာ ဆောင်းလေအေးများ၏ အေးစက်မှုက လမ်းမများ၊ လမ်းကြားများသို့ ဖြတ်သန်းသွားပြီး အဝတ်မကပ်သော တောင်းရမ်းသူများအား ပိုပိုပြီးကျုံ့သွားစေနိုင်ပြီး နောက်ဆုံး၌ ကော်ဖီဆိုင်၏ လေးလံသောတံခါးကြီးက ပိတ်ဆို့သွားခဲ့၏။
အထဲ၌ နွေးထွေးပြီး ကောင်းမွန်သောလေထုလေးရှိနေသည်။
*****
Aurora Novel Translation Team