ရှာဖွေမှုအသစ်တွေ?
လင်ရှူးက လူနာကုတင်ပေါ် လှဲချလိုက်ပြီးဖြစ်သော်လည်း ထိုစကားကို ကြားလိုက်ရသောအခါ ပြန်ပြီး ထထိုင်လိုက်သည်။
ယွဲ့တင့်ထန်က စကားဖောင်ဖွဲ့မနေတော့ဘဲ လယ်သာအိတ်ထဲကနေ သေနတ်တစ်လက်နှင့် ကျည်ဆန်များကို ထုတ်ယူလိုက်၏။
ယခုအချိန်၌ ပါဝင်ပတ်သက်သူမှာ လင်ရှူးတစ်ယောက်တည်းသာမဟုတ်တော့ဘဲ ယွဲ့တင့်ထန်သည်လည်း ရပ်ကြည့်နေသူတစ်ယောက် မဟုတ်တော့ပေ။
တစ်ဖက်လူက ၎င်းတို့အား အရာအားလုံးကို မဖော်ထုတ်စေချင်သော်လည်း ယနေ့ည သူ့ကိုသတ်ရန် ကျရှုံးခဲ့သဖြင့် ထိုလှုပ်ရှားမှုက အသုံးမဝင်တော့ချေ။ ထိုအစား ၎င်းတို့၏စုံစမ်းစစ်ဆေးရေးလမ်းကြောင်းကို အတည်ပြုပြီးသား ဖြစ်သွားခဲ့၏။
"သေနတ်နဲ့ ကျည်ဆန်တွေက တစ်ဖက်လူကျန်နေခဲ့တဲ့ဟာတွေ။"
လင်ရှုးက သေနတ်ကို ယူလိုက်၏။
"1906 မိုးကြိုးနှလုံးသားလို့ နာမည်ကြီးပြီး ပေါ့ပါးတယ်၊ သိမ်မွေ့တယ်၊ သယ်ရတာ လွယ်တယ်။ ငါသိသလောက်ဆို နန်ကျင်းရဲ့ အရာရှိတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် အမျိုးသမီးတွေတောင် ဒီပစ္စတိုကို သုံးရတာသဘောကျကြတယ်။ နိုင်ငံခြားကုမ္ပဏီတွေကနေတစ်ဆင့် ဝယ်ရတာလွယ်တယ်။ နည်းနည်းစျေးကြီးပေမဲ့ ပြဿနာလုံးဝမရှိဘူး။"
ယွဲ့တင့်ထန်က မေးပင့်ပြလိုက်၏။ "နောက်တစ်ခေါက်လောက် သေချာကြည့်ကြည့်လိုက်ဦး။"
သူက ရှာဖွေမှုတချို့ ပြုလုပ်ပြီးလောက်ပြီ။ လင်ရှူးက လေးလေးနက်နက်ဖြင့် ကျည်ဆန်များကို တစ်ခုချင်းကောက်ယူကာ သေချာကြည့်ပြီးနောက် ပြန်ချလိုက်၏။ ထို့နောက် သေနတ်ကို ပြန်ကောက်ကာ ထပ်ကြည့်လိုက်သည်။ ခဏအကြာတွင် သူ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါက ဘာလဲ။"
သေနတ်က နဂိုအတိုင်းပဲဖြစ်ပြီး အကြိမ်အနည်းငယ်တောင် အသုံးပြုမထားဘဲ အနည်းဆုံး ကိုးဆယ်ရာခိုင်နှုန်းလောက် အသစ်စက်စက်ဖြစ်ပေသည်။
သို့သော်လည်း သေနတ်ခလုတ်၌ အနက်ရောင်အမှုန့်များကပ်နေသည်ကို လင်ရှူး တွေ့လိုက်ရသည်။
လက်သည်းဖြင့် အသာလေးကုတ်ခြစ်ကာ အနံ့ခံကြည့်လိုက်ရာ သူ့အမူအရာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
လင်ရှူးက ယွဲ့တင့်ထန်ကိုကြည့်လိုက်ရာ ထိုလူက သူ့ကို ခေါင်းညိတ်ပြလာ၏။
"ဒါက ဆေးလိပ်ပြာတွေ။"
၎င်းတို့ တုယွင်းနင်၏အခန်းထဲကို ရှာဖွေခဲ့စဥ်က သူ(မ)၏အိပ်ရာအောက်၌ ဆေးလိပ်ပြာမှုန်များကို မတော်တဆ ရှာတွေ့ခဲ့ကြသည်။
၎င်းက ဤအမျိုးအစားနှင့် တူညီပေ၏။
"တိုက်ဆိုင်မှုတွေများလာရင် တိုက်ဆိုင်မှုမဟုတ်တော့ဘူး။ ဒီနေ့ ငါတို့ကိုတိုက်ခိုက်ခဲ့တဲ့သူနှစ်ယောက်က တုယွင်းနင်ကို ဆေးလိပ်သောက်တတ်အောင် ဖျားယောင်းခဲ့သူတွေလို့ ယူဆလို့ရနိုင်မလား။"
(TN/ ဆေးလိပ်ဆိုပေမဲ့ ရိုးရိုးဆေးလိပ်မဟုတ်ပါဘူး။ ဘိန်းပါတဲ့ဆေးလိပ်ပါ။)
ယွဲ့တင့်ထန်က ပြောလာ၏။ "တုယွင်းနင်က သူ့အဖိုးနဲ့ အဖေ ဆေးလိပ်စွဲနေတာကြောင့် ဆေးလိပ်ဆို တော်တော်လေးရွံရှာတယ်။ သူ(မ)ရဲ့အဖိုးဆို ဆေးလိပ်ကြောင့်ပဲ သေသွားခဲ့ရတာ။ သူ(မ)က ကျောင်းတက်ခဲ့ရတဲ့ ပညာတတ်အမျိုးသမီးတစ်ယောက်မို့ သာမန်အခြေအနေအောက်မှာဆို အဲ့လိုအရာတွေကို ထိမှာတောင်မဟုတ်ဘူး။"
ထို့နောက် လင်ရှူးက ပြောလာ၏။ "လက်ထပ်ပြီးတော့ ယွမ်ပင်းက အစပိုင်းမှာ သူ(မ)ရဲ့အလှတရားကြောင့် သူ(မ)ကို သဘောကျခဲ့သေးတယ်။ ဒါပေမဲ့ အချိန်ကောင်းလေးတွေက ကြာရှည်မခံပါဘူး။ ရှန်ဟိုင်းမှာရှိတဲ့လူတိုင်း ယွမ်ပင်းလိုသခင်လေးက မိန်းကလေးတွေနဲ့ ဆော့ကစားရတာကိုကြိုက်ပြီး အပြင်မှာ မယားငယ်တွေအများကြီးရှိမယ်ဆိုတာ လူတိုင်းသိကြတယ်။ တုယွင်းနင်က ရွှေတွေ၊ ငွေတွေဝတ်ပြီး အစားအသောက်နဲ့ အဝတ်အစားတွေ ပြတ်လပ်မသွားပေမဲ့ သူ(မ)ရဲ့နှလုံးသားက သေချာပေါက် မပျော်ရွှင်ရဘူး။ သူ(မ) ချမ်းသာကြွယ်ဝမှုထဲ နစ်မြုပ်လာလေ၊ သူ(မ)ရဲ့နှလုံးသားက ပိုပြီးဗလာဖြစ်လာလေပဲ။ ဆိုတော့ ဟုန်ရှောင်ကွမ်းရဲ့ ဖျားယောင်းမှုအောက်မှာ သူ(မ) ဆေးလိပ်စသောက်လာတာ နားလည်ပေးလို့ရပါတယ်။"
ယွဲ့တင့်ထန်: "ဟုန်ရှောင်ကွမ်းရဲ့လူတွေက ယွမ်မိသားစုနဲ့ ဘာတွေအကွက်ချနေလဲဆိုတာ ငါတို့ မသိသေးပေမဲ့ သူသာ တုယွင်းနင်ကို လုံးဝထိန်းချုပ်လိုက်နိုင်ရင် သူတို့ရဲ့ပန်းတိုင်ကိုအောင်မြင်ဖို့က အခက်အခဲမရှိတော့ဘူး။"
လင်ရှူး: "သူတို့က ဘာလို့ ယွမ်ပင်းကနေ မစကြတာလဲ။ ဒီလူက ကိုယ်ကျင့်တရားမှာအားနည်းပြီး အလှအပအတွက်ဆို လောဘကြီးတယ်။ အဲ့ဒါက တိုက်ခိုက်ဖို့အတွက်ဆို မလွယ်ကူဘူးလား။ ပြီးတော့ ယွမ်မိသားစုရဲ့ သခင်လေးအနေနဲ့ တုယွင်းနင်သိတဲ့ဟာကို သူလည်းသိမှာပဲ။ တုယွင်းနင်မသိတဲ့အရာကိုတောင် သူက သေချာပေါက်သိမှာ။"
ယွဲ့တင့်ထန်: "သူတို့ မကြိုးစားကြည့်ခဲ့ဘူးလို့ မင်းက ဘယ်လိုလုပ်ပြီး သိမှာလဲ။"
ထိုစကားသံ ထွက်ကျသွားသည့်အခိုက်အတန့်၌ နှစ်ဦးလုံး မှင်တက်သွားကြ၏။
နှစ်ဦးသား အချင်းချင်း၏မျက်လုံးများကို စိုက်ကြည့်နေမိသည်။ ၎င်းတို့ တစ်စုံတစ်ခုကို တွေးမိသွားသည့်ပုံပင်။
ထိုအချိန်၌ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။
နှစ်ဦးသားက ထိုစကားဝိုင်းကို ယာယီရပ်တန့်လိုက်ကြသည်။
ယွဲ့တင့်ထန်က သေနတ်နှင့် ကျည်ဆန်များကို ပြန်သိမ်းလိုက်၏။
"ဝင်ခဲ့ပါ။"
တံခါးကိုတွန်းဖွင့်လာသူက ယွဲ့ချွင်းရှောင်ဖြစ်နေ၏။
သူ(မ)က အိတ်တစ်လုံးနှင့် ခြင်းတောင်းတစ်ခုကို သယ်လာပြီး သူ(မ)အနောက်ကနေ လက်နှစ်ဖက်လုံး စားစရာအပြည့်သယ်လာသော အမျိုးသားအစေခံတစ်ယောက်က လိုက်ပါလာ၏။
"မင်း အဆင်ပြေရဲ့လား။ ငါ မင်းစားဖို့အတွက် ယူလာခဲ့တယ်။"
သူ(မ)က သစ်သီးခြင်းကိုချကာ ယွဲ့တင့်ထန်ကိုကြည့်လိုက်ပြီး သူ့မှာ လက်မောင်းဒဏ်ရာကလွဲ၍ ပြင်းထန်သောဒဏ်ရာမရှိကြောင်း အတည်ပြုလိုက်၏။ ထို့နောက် သူ(မ)၏မျက်လုံးများက လင်ရှူးထံ ကျရောက်သွားသည်။
"မင်းက လင်ရှူးမဟုတ်လား။ ငါ့ကိုမှတ်မိလား။"
လင်ရှူးက ပြုံးပြလိုက်၏။ "ချွင်းရှောင်ကျဲကို ဘယ်လိုလုပ်မမှတ်မိဘဲနေမှာလဲ။ အရင်တုန်းက တုယွင်းနင်နဲ့ ကျွန်တော်တို့ ယွဲ့မိသားစုဆီ ဧည့်သည်တွေအဖြစ်လာခဲ့ကြသေးတယ်လေ။ အဲ့တုန်းက ကျဲကိုယ်တိုင် မီးဖိုချောင်ထဲဝင်ပြီး ကျွန်တော်တို့အတွက် မုန့်တွေလုပ်ပေးခဲ့တာကို မှတ်မိပါသေးတယ်။ မုန့်တွေက စားလို့ကောင်းတယ်ဆိုပြီး ကျွန်တော် ယွဲ့တင့်ထန်ကိုတောင် ချီးကျူးစကားပြောခဲ့သေးတယ်။"
သူ၏ဦးခေါင်းနှင့် လည်ပင်းတို့၌ ပတ်တီးစများဖြင့် ရစ်ပတ်ကာ သူက လူနာဝတ်စုံကို ဝတ်ဆင်ထားရသော်လည်း အပြစ်ကင်းစင်သော အကောင်ပေါက်လေးလို ပျော့ပျောင်းစွာ ပြုံးပြနေရာ သူ့အား သနားစိတ်တို့ ဝင်လာစေမိပေသည်။
ယွဲ့ချွင်းရှောင်က သူ့ကို သဘောကျနေပြီးသားဖြစ်ရာ ယခုလို လူကိုယ်တိုင်တွေ့လိုက်ရပြီး သူ(မ)၏မှတ်ဉာဏ်ထဲကထက် ပို၍ကြည့်ကောင်းနေသည်အား မြင်လိုက်ရသောအခါ သူ၏အပြုံးကြောင့် ချက်ချင်းဆိုသလို ဆွဲဆောင်ခံလိုက်ရပြီး သူ့အတွက် သနားစိတ်နှင့် ချစ်ခြင်းမေတ္တာတို့ ချက်ချင်းပေါက်ဖွားလာတော့၏။
"ဘယ်လိုဖြစ်ပြီး ထိခိုက်မိသွားတာလဲ။ ဆရာဝန်က ဘာပြောလဲ။ ဒီအခန်းက အရမ်းကောင်းတဲ့ပုံမလည်းမပေါ်ဘူး၊ ငါ မင်းတို့အတွက် အခန်းပြောင်းခိုင်းလိုက်ရမလား။"
သူ(မ)က လင်ရှူး၏ဒဏ်ရာများကို စစ်ဆေးရန် အရှေ့ကိုလှမ်းလာပြီး ပိုကြည့်လေ သူ(မ)၏နှလုံးသားက ပို၍နာကျင်လာသလို ခံစားနေရသည်။
"ဒီလောက်လှတဲ့ခေါင်းလေးကို ထိခိုက်သွားသေးတယ်။ အမာရွတ်တွေ ကျန်နေခဲ့တော့မှာပဲ။ အခုရော မူးနေသေးလား။ လှုပ်ရှားလို့ရောရလား။"
"ဘာမှမဖြစ်တော့ပါဘူး ချွင်းရှောင်ကျဲ။ ကျွန်တော်က ခေါင်းအနောက်ကိုပဲ အရိုက်ခံလိုက်ရတာမို့ နဖူးက မနာပါဘူး။"
"အဲ့ဒါက ပိုဆိုးတာပေါ့! ဦးခေါင်းကို လက်ကျိုး ခြေကျိုးတာလို ပေါ့ပေါ့တန်တန် သဘောထားလို့ ဘယ်ဖြစ်မလဲ။ ငါ မင်းအတွက် စားစရာတွေဝယ်လာခဲ့တယ်။ ဒီမှာ တရုတ်အစားအသောက်တွေရော၊ အနောက်တိုင်းစာတွေရောပါတယ်။ ဒါပေမဲ့ ဒီကိုလာရတဲ့အချိန်နဲ့ဆိုတော့ အရသာက လောလောလတ်လတ်လုပ်ထားတာလောက် စားလို့ကောင်းတော့မှာမဟုတ်ဘူး။ တစ်ချက် ကြည့်လိုက်၊ စားချင်တာ ဘာရှိလဲဆိုတာ ကြည့်ရအောင်!"
ယွဲ့တင့်ထန်က ထိုနှစ်ဦးသားကို ဆွံ့အသောမျက်နှာဖြင့် ကြည့်နေခဲ့သည်။
၎င်းတို့နှစ်ဦးကမှ မောင်နှမအရင်းအချာဖြစ်ပြီး သူက လမ်းဘေးကနေ ကောက်ယူမွေးစားခဲ့သူလားတော့ သူ မပြောတတ်တော့ပေ။
"ကျဲတို့နှစ်ယောက် ဒီမှာ သက်ရှိလူသားတစ်ယောက်လုံးရှိနေတာကိုတော့ မမေ့ကြဘူးမလား။"
ယွဲ့ချွင်းရှောင်က သူ့ကို အကြည့်တစ်ချက်ပစ်လွှတ်လိုက်၏။
"မင်းမှာ ဘာပြဿနာမှမရှိဘူး။ လက်မောင်းဒဏ်ရာလေးပဲဆိုတော့ မကြာခင် သက်သာသွားလိမ့်မယ်။ လင်ရှူးရဲ့ဒဏ်ရာက ဦးခေါင်းမှာဆိုတော့ သူ့အတွက် အနာဂတ်မှာ အန္တရာယ်မရှိစေဖို့ အခုကတည်းက အဆင်ပြေပြေဖြစ်ဖို့လိုအပ်တယ်။"
ယွဲ့တင့်ထန်: ...
*****
Aurora Novel Translation Team