no

Font
Theme

"ဒီနေ့က နှစ်သစ်ကူး အကြိုနေ့ပဲ။"


သူ အထဲကိုဝင်လိုက်သည်နှင့် ယွဲ့တင့်ထန်ပြောလာသည်ကို ကြားလိုက်ရ၏။


လင်ရှူး၏ခြေလှမ်းတို့ ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့သည်။


ယွဲ့တင့်ထန် သတိမပေးလျှင် ယနေ့ညက နှစ်သစ်ကူးအကြိုနေ့မှန်း သူ မေ့လျော့သွားပေလိမ့်မည်။


သူ ဤအမှုမှာ ပါဝင်နေသည့်အတွက်၊ တုယွင်းနင် သေဆုံးသွားသည့်အတွက် ဤနှစ်ရက်လုံး အနားမရခဲ့ဘဲ ယနေ့ အိမ်ကနေပြန်ထွက်မလာခင် သူ့အစ်မက အတူတကွညစာစားသုံးရန် ပြန်လာခဲ့ဖို့ သတိပေးခဲ့သည်ကို လုံးဝမေ့လျော့နေခဲ့သည်။


ယခု အိမ်၌ စားပွဲအပြည့် ဟင်းလျာများတည်ခင်းကာ သူ့ယောက်ဖကလည်း အလုပ်ကနေ အိမ်ပြန်ရောက်နေလောက်ပြီ။ ၎င်းတို့နှစ်ဦးသားက စားပွဲမှာထိုင်နေပြီး လင်ရှူးတစ်ယောက်သာ လိုနေပေ၏။


သို့သော် ဤအမှု၏ တရားခံအစစ်ကို မြန်မြန်ရှာမတွေ့ပါက ဥပဒေအရ သူ၏မိသားစုကလည်း သက်သာမှာမဟုတ်ပေ။


မည်သို့ပင်ဆိုစေ ယခု ယွဲ့တင့်ထန်လည်းရှိပြီး သူ နောက်ကျမှပြန်သွားလျှင်တောင် သူ့ကို ဆင်ခြေအဖြစ်သုံးလို့ရပေသည်။


ကော်ဖီဆိုင်က လူသူကင်းမဲ့ကာ တိတ်ဆိတ်နေပြီး ညစာစားနေသော အနောက်တိုင်းသားတစ်ယောက်တည်းသာ ရှိပေ၏။


ချမ်းသာသာ၊ ဆင်းရဲရဲ၊ အားလုံးက နှစ်သစ်ကူးအတွက် အိမ်ပြန်တတ်ကြ၏။


အရှေ့ပိုင်းကျသော ကြွယ်ဝချမ်းသာသည့် မြို့တစ်မြို့အနေဖြင့် ရှန်ဟိုင်းရှိ နှစ်သစ်ကူးအကြိုကလည်း တရုတ်နိုင်ငံ၏ အခြားသောနေရာများနှင့် မခြားနားပေ။


ယခု မမှောင်သေးသော်လည်း လမ်းမများထက် လူခြေတိတ်နေ၏။ ရှန်ဟိုင်းရှိ လူများအားလုံး ချက်ချင်းပုန်းအောင်းနေကြပြီး တစ်ယောက်မှ ကိုယ်ထင်မပြသည့်နှယ် တိတ်ဆိတ်ငြိမ်သက်လျက်။


ရှင်းယွဲ့ကော်ဖီဆိုင်က စီးပွားရေးအတွက် ဖွင့်ထားဆဲဖြစ်၏။


ပေါင်မုန့်ခြင်းကို သယ်လာသော စားပွဲထိုးတစ်ယောက်ရှိသည်။


လင်ရှူးက လှည့်ကြည့်လိုက်ရာ ထိုသူက လမ်းမထက်မှာရပ်နေသော တောင်းရမ်းသူအနည်းငယ်ကို ဝေငှပေးနေကြောင်း တွေ့လိုက်ရ၏။


"လူကြီးမင်း၊ ဒီမှာ မီနူးကတ်ပါ။ အရင်ဆုံး ကြည့်လိုက်ပါဦး။ တစ်ခုခုလိုအပ်ရင် စားပွဲပေါ်က ဘဲလ်ကို နှိပ်လိုက်ပါ။ ချက်ချင်း လာခဲ့ပေးပါ့မယ်။ ဒါက လီမွန်နိတ်နွေးနွေးလေးပါ။ အရင်ဆုံး ခံတွင်းရှင်းလို့ရပါတယ်။"


၎င်းတို့ ဆိုင်ထဲကိုဝင်လိုက်သည်နှင့် စားပွဲထိုးနှစ်ယောက်က ရောက်လာပြီး ၎င်းတို့၏ဦးထုပ်များ၊ ပဝါများ၊ အပေါ်ထပ်အနွေးထည်များကိုယူကာ တိတ်ဆိတ်သောထောင့်လေးသို့ ခေါ်ဆောင်သွားပြီး စားပွဲပေါ်ရှိဖယောင်းတိုင်ကိုထွန်းပေးကာ မီနူးကတ်ပေးလာခဲ့၏။


ယွဲ့တင့်ထန်က ၎င်းကိုဖွင့်ကာ တစ်ချက်ကြည့်လိုက်သည်။


အနောက်တိုင်းအစားအသောက်များ သီးသန့်ဆိုလျှင် တရုတ်ရှိ စားသုံးသူများအားလုံး၏ အကြိုက်တွေ့မှုကို ရနိုင်မည်မဟုတ်ပေ။ ဤနေရာက နိုင်ငံတကာနေရာချထားရေးနေရာဖြစ်သော်ငြား ရှင်းယွဲ့ကော်ဖီဆိုင်ကလည်း ခြွင်းချက်မဟုတ်ချေ။ မီနူးထဲတွင် တရုတ်နှင့် အနောက်တိုင်းစာတို့ကို ပေါင်းစပ်ထား၏။ ဥပမာ သူ ဘယ်တော့မှမှာယူမည်မဟုတ်သည့် ခရမ်းချဥ်သီးကြက်ဥအမဲသားခေါက်ဆွဲဖြစ်၏။ သို့သော် စားသုံးသူများစွာကတော့ မှာယူကြလိမ့်မည်။ ထိုသို့မဟုတ်ပါက သူဌေးသည် ၎င်းအား မီနူးကတ်မှာ ဆက်ထည့်ထားမည်မဟုတ်ပေ။


"သုံးဆယ်ရက်နေ့မှာ ကော်ဖီဆိုင်မပိတ်ဘူးပေါ့?" လင်ရှူးက စားပွဲထိုးအား မေးလိုက်၏။


စားပွဲထိုးက ပြုံးကာဖြင့် ပြန်ဖြေလာခဲ့သည်။ "ကျွန်တော်တို့သူဌေးကပြောတယ်၊ နှစ်သစ်ကူးအကြိုနေ့မှာ လူတိုင်း တံခါးတွေပိတ်ထားကြပေမဲ့ အိမ်မပြန်နိုင်တဲ့သူတွေလည်း ရှိနေနိုင်မှာပဲ။ အနည်းဆုံးတော့ ဒီနေရာက မိုးတွေ၊ လေတွေကို အကာအကွယ်ပေးနိုင်ပြီး လူတွေ ခဏတဖြုတ် အနားယူလို့ရမဲ့နေရာ ဖြစ်ပေးနိုင်သေးတယ်တဲ့။"


လင်ရှူး: "ဒါဆို မင်းကလည်း အိမ်မပြန်နိုင်ဘူးပေါ့။"


စားပွဲထိုး: "ကျွန်တော်တို့အားလုံး တချို့မှာ မိသားစုမရှိဘူး၊ တချို့ကကျ ဒီကို တစ်ယောက်တည်းလာခဲ့ကြတာ။ ကံကောင်းချင်တော့ ကျွန်တော်တို့သူဌေးက ကျွန်တော်တို့ကိုခေါ်ယူခဲ့တယ်။ ကျွန်တော်တို့ ဒီမှာနေတယ်၊ ဒီမှာစားတယ်။ တော်တော်လေး သက်သောင့်သက်သာရှိပါတယ်။"


နှစ်ဦးသား စကားပြောနေစဥ် ယွဲ့တင့်ထန်က မှာပြီးသွားလေပြီ။


"ငါ ဒီတစ်စုံယူမယ်။ သံစကာနဲ့ကင်ထားတဲ့ အမဲခါးဆစ်သားရယ်၊ အချိုပွဲအတွက်က သခွားသီးရေခဲမုန့်ပေးပါ။"


"ဟုတ်ကဲ့ပါ။ ဒီက လူကြီးမင်းကရော ဘာများမှာချင်ပါသလဲ။"


လင်ရှူးက တိတ်ဆိတ်နေပြီး ဝန်ထမ်းများက သူ့ကို အလောတကြီးမတိုက်တွန်းဘဲ သူ့ဘေးကနေ စိတ်ရှည်စွာဖြင့် စောင့်နေခဲ့၏။


ယွဲ့တင့်ထန်က သူ့ကိုတစ်ချက်ကြည့်လိုက်ရာ လင်ရှူးတစ်ယောက် အဓိကစားစရာကိုကျော်ကာ အချိုပွဲဆီကိုသာ တိုက်ရိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။


အချိန်နာရီက ရွေ့လျားနေပြီး လင်ရှူးက တောင်ထိပ်မှာရပ်နေသော ဆရာသခင်တစ်ပါးလို၊ ထာဝရ မလှုပ်ရှားသော သစ်သားရုပ်ထုလို တည်ငြိမ်နေ၏။


ယွဲ့တင့်ထန်က သည်းမခံနိုင်တော့ဘဲ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။


"ဒီတစ်နပ်ကို ငါ ဝယ်ကျွေးမယ်။"


ထိုအခါကျမှ လင်ရှူးတစ်ယောက် ပြန်လည်မွေးဖွားလာသလို စိတ်အေးလက်အေးဖြစ်သွားတော့သည်။


"ငါတို့ကို ပုစွန်ထုပ်ခေါက်ဆွဲကြော်၊ ချိစ်ကိတ်၊ ရက်စ်ဘယ်ရီရေခဲမုန့်၊ စတော်ဘယ်ရီပူတင်းနဲ့ ရှန်ပိန်တစ်ပုလင်းပေးပါ။"


ယွဲ့တင့်ထန်: ...


ဝန်ထမ်းများမှာ စိတ်သက်သာရာရသွားပြီး အမြန်ပြေးသွားကြတော့သည်။


ယွဲ့တင့်ထန်: "ဘာလို့ အချိုပွဲတွေအားလုံး မမှာလိုက်တာလဲ။"


လင်ရှူးက ထိုင်ခုံနောက်ကို ပျင်းရိစွာဖြင့် မှီလိုက်၏။ "ငါက မင်းကိုလိုက်ရှုပ်နေတယ်လို့ ထင်နေတာလား။ ငါ့အစ်မက အိမ်မှာ ညစာပြင်ထားတယ်။ ဒီတော့ ငါ အရမ်းမရဲတင်းချင်ဘူး။ ပိုင်ရှင်ကို သတိပေးလိုက်ရုံပါပဲ။ သူသာ လူတွေပြောနေသလို လူကောင်းတစ်ယောက်ဆိုရင် ငါတို့တွေ အများကြီးမှာနေတာကိုတွေ့ရင် သေချာပေါက် အပြင်ထွက်လာပြီး ငါတို့ကို တားမှာပဲ။ ဒါဆို ငါတို့တွေ သူနဲ့စကားပြောဖို့ အခွင့်အရေးရပြီလေ။"


ယွဲ့တင့်ထန့်မှာ ထိုသို့ မတွေးမိတာကြောင့် ယာယီဆွံ့အသွားခဲ့သည်။


၎င်းအား မြင်လိုက်ရသောအခါ လင်ရှူးက မေးပင့်ကာ ခြေထောက်ချိတ်ထိုင်လိုက်၏။ "အံ့သြသွားတယ်မဟုတ်လား။ မင်းလို ချမ်းသာတဲ့ကောင်လေးက ဒီလိုလှည့်ကွက်တွေကို ဘယ်နားလည်လိမ့်မလဲ။ အဆုံးသတ်မှာ တစ်စုံတစ်ယောက်က လာပြီးကယ်ဆယ်ပေးရတာပါပဲ။"


သူ၏ဦးခေါင်းထက်မှာ ဝေ့ဝဲနေသော ဓားတစ်လက်ရှိပြီး သေမိန့်က နီးကပ်ကာ သဲလွန်စတို့ ပျောက်ပျက်နေသော်လည်း သူကတော့ လွတ်လပ်ပြီး တည်ငြိမ်အေးဆေးနေသေးသည်။


"အရင်တုန်းက။" သူ့အား ယခုလိုမြင်လိုက်ရသောအခါ ယွဲ့တင့်ထန်က ဖြည်းဖြည်းချင်း ပါးစပ်ဖွင့်ဟလာသည်။ "လင်မိသားစု ကံကြမ္မာဆိုးနဲ့တွေ့တော့ တုမိသားစုက ရေတွင်းထဲကို ကျောက်တုံးပစ်ချပြီး မင်းကို သရော်ခဲ့သေးတာလား။"


လင်ရှူးမှာ အံ့သြသွားပြီးနောက် ရယ်မောခဲ့လေသည်။ "ဘာလို့ ရုတ်တရက်ကြီး မေးရတာလဲ။ ငါ မေ့သွားပြီ။ ပြီးတော့ သေတဲ့သူကလည်း သေသွားပြီလေ။ တုယွင်းနင်လည်း မရှိတော့ဘူးဆိုတော့ အဲ့ဒီကိစ္စတွေကလည်း ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားပါပြီ။ အဲ့ဒါတွေကို ပြန်မပြောတာက ပိုကောင်းပါတယ်။"


လင်ရှူးက မေးလာခဲ့သည်။ "ပါမောက္ခယွဲ့က ငါ့အတွက် အလုပ်စီစဥ်ပေးမလို့လား။"


ယွဲ့တင့်ထန်: "ငါ မင်းအတွက် ရှာပေးလို့ရပေမဲ့ မင်းလက်မခံမှာကိုတော့ စိုးရိမ်မိတယ်။"


လင်ရှူး: "အမှန်ပဲ။ အခု ငါလုပ်တာ တော်တော်လေးကောင်းနေပြီလို့ ခံစားရတယ်။"


"မင်းလည်း နိုင်ငံခြားမှာ စာလေ့လာခဲ့တာကို ဘာလို့ ဒီလိုနေရာသေးသေးလေးမှာ အခြေချရတာလဲ။ နှမြောစရာကောင်းတယ်လို့ မခံစားရဘူးလား။"


"တော်တော်လေး အဆင်ပြေပါတယ်။ အရင်တုန်းလို ငါ့အဖေ အသက်ရှိနေဆဲ၊ လင်မိသားစုကလည်း ဂုဏ်ကျက်သရေတွေ ထွန်းလင်းနေဆဲအချိန်ဆို သူ ငါ့အတွက် စီစဥ်ပေးတာကို ငါလုပ်ရမှာပဲ။ ဥပမာ နန်ကျင်းကိုသွားပြီး အလုပ်သေးသေးလေးတချို့ကို လုပ်ရတာကလည်း မဖြစ်နိုင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ငါ နိုင်ငံခြားမှာ စာလေ့လာခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဘာအရည်အချင်းမှ တိုးတက်မလာဘဲ နိုင်ငံခြားဘာသာစကားလေး မတောက်တခေါက်ဘဲ တတ်မြောက်ခဲ့တယ်။ သူတို့သာ ငါ့ကို အလုပ်ပေးခဲ့ရင် ငါ လက်ခံမှာမဟုတ်ဘူး။ ရဲစခန်းမှာ တောက်တိုမယ်ရအလုပ်လေးတွေလုပ်ပြီး လူတော်တော်များများမရနိုင်တဲ့ အားလပ်ချိန်တချို့ရနိုင်တာက ပိုကောင်းနေပြီလေ။"


အခန်းထဲရှိ နွေးထွေးမှုတို့က စိမ့်ဝင်လာသောကြောင့် လင်ရှူး၏လေသံကလည်း ပိုမိုနွေးထွေးကာ သိမ်မွေ့လာပြီး သူ့ကို ဘယ်အရာကမှ ရှုပ်ထွေးအောင်မလုပ်နိုင်သည့်နှယ် သူ၏အမူအရာက များများစားစား ပြောင်းလဲမသွားပေ။


သို့သော် ယွဲ့တင့်ထန်ကတော့ ဤအရာကို ပုံရိပ်ယောင်တစ်ခုဖြစ်နိုင်သည်ဟု ခံစားရပေ၏။


လင်ရှူးက ပြိုင်ဆိုင်လိုစိတ်များပြီး ဂုဏ်ယူဝံ့ကြွားခဲ့သော်လည်း ယခု သူက သူ၏နေ့ရက်များကို သာမန်အတိုင်းဖြတ်သန်းနေသလို နှိမ့်ချတတ်လာသော်လည်း တစ်စုံတစ်ယောက်၏သဘာဝကို ပြောင်းလဲဖို့က ခက်ခဲပေ၏။ သူသည် စိတ်ထဲမှာတော့ ယခုလိုမျိုး ဖြစ်မနေနိုင်ပေ။


"တုယွင်းနင်သာ မင်းလိုမျိုးတွေးခဲ့ရင် ဒီနေ့လိုအဖြစ်အပျက်မျိုးက ဖြစ်လာမှာမဟုတ်ဘူး။"


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment