no

Font
Theme

ယွဲ့တင့်ထန်မှာ ထိုမေးခွန်းအတွက် အဖြေမရှိချေ။


သူသည်လည်း သံသယရှိနေ၏။


မှုခင်းဆရာဝန်က မိသားစုဝင်သုံးယောက်၏အလောင်းများနှင့် ခေါက်ဆွဲဆိုင်မှ ရှောက်မျိုးရိုး၏အလောင်းကို စစ်ဆေးကြည့်ခဲ့ပြီး ၎င်းတို့အားလုံး မီးလောင်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အဖြေထွက်လာ၏။


၎င်းတို့မသေဆုံးခင် တစ်စုံတစ်ခုဖြစ်ခဲ့လျှင် သိနိုင်ရန်နည်းလမ်းမရှိပေ။ သူဌေးရှောက်က သေရွာကပြန်လာပြီး အိပ်မက်ထဲကနေတစ်ဆင့် ၎င်းတို့ကိုပြောပြလျှင်တော့ ဖြစ်နိုင်ပေသည်။


၎င်းတို့ အမှတ် ၃၆ ဟုန်ထုံးလမ်းမကို ရောက်လာခဲ့ကြသည်။


၎င်းမှာ ရှန်ဟိုင်းရှိ ပုံမှန်လူနေအိမ်တစ်လုံးဖြစ်၏။


ထိုကဲ့သို့အိမ်များကို ပုံမှန်အားဖြင့် မိသားစုတစ်ခုတည်းက ပိုင်ဆိုင်တာမဟုတ်ဘဲ နေထိုင်သော မိသားစုအများအပြားရှိပေသည်။ ပိုင်ရှင်က အခန်းတစ်ခန်း၌နေထိုင်ပြီး ကျန်သောအခန်းများကို ငှားရမ်းထားလိမ့်မည်။ အိမ်ငှားနေသူအများစုက အခြားသောပြည်နယ်များမှဖြစ်၏။


ထိုအချိန်က ရှန်ဟိုင်းသည် တရုတ်နိုင်ငံမှာရှိသော ဇိမ်ကျသည့်သာယာမှုတို့ စုဝေးရာနေရာဖြစ်ပြီး ၎င်း၏စီးပွားရေးက တောင်ပိုင်းရှိ အခြားသောမြို့များထက် ပိုမိုဖွံ့ဖြိုးပေသည်။ ၎င်း၏ယဥ်ကျေးမှုက မြောက်ပိုင်းထက် အများကြီးပွင့်လင်းမြင်သာရှိ၏။ မြောက်ပိုင်းရှိအမျိုးသမီးများက အမျိုးသမီးများသည် ချုန်ဆမ်လက်တိုများ ဝတ်ဆင်သင့်ကြောင်း အငြင်းပွားနေချိန် ဖက်ရှင်ကျသော အမျိုးသမီးများက ရှန်ဟိုင်း၏ လမ်းမများ၊ လမ်းကြိုလမ်းကြားများ၌ ပေါ်ပေါက်လာနေပြီဖြစ်၏။


ထို့ကြောင့် ရှန်ဟိုင်းမှာ အခြားသောခရိုင်များထက် လူဦးရေပိုများပေသည်။ စာလေ့လာရန်နှင့် ပိုက်ဆံရှာရန် ရောက်ရှိလာသောသူများ သို့မဟုတ် အာဏာရှာဖွေရန်ရောက်လာသောသူများ၊ အရေးပါသောသူ ဖြစ်မလာခဲ့လျှင်တောင် ကံကိုယုံပြီး ဆူးပုံနင်းချင်နေသူများလည်းရှိသည်။ ထို့ကြောင့် ထိုအိမ်များမှာ အိမ်ငှားများ ပြတ်လပ်သွားသည်ဟူ၍ မရှိဘဲ ငှားရမ်းခကလည်း စျေးမပေါချေ။


နှစ်သစ်ကူးအကြိုတွေမှာ မိသားစုများက စုံညီညစာစားသုံးနေကြသော်လည်း မီးရှူးမီးပန်းများနှင့် ဗြောက်အိုးများဖောက်နေသော ကလေးများလည်း ရှိပေ၏။ ဗြောက်အိုးများက တစ်ခုပြီးတစ်ခု ဆက်တိုက်အသံထွက်ပေါ်လာပြီး ကလေးများ၏အော်သံများကပါ အဖော်ပြုလျက် ရံဖန်ရံခါ တောက်ပသော မီးရှူးမီးပန်းများကိုလည်း မြင်တွေ့လိုက်ရသည်။


ယွဲ့တင့်ထန်သည် ကနဦးတုန်းက အထဲကို မည်သို့ဝင်သွားပြီး ရှာဖွေရမလဲဟု စိုးရိမ်နေခဲ့သော်လည်း ထိုအိမ်ရှေ့ရောက်သောအခါ ကလေးများက စားသောက်ပြီးနောက် အပြင်ထွက်ဆော့နေကြရာ တံခါးက တစ်ဝက်ပွင့်နေသည်။ ထို့ကြောင့် ချက်ချင်းဆိုသလို တံခါးဝင်ပေါက်အား နင်းလျှောက်လိုက်၏။


"ဘယ်သူ့ကို ရှာနေတာလဲမသိဘူး။" သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ၎င်းတို့ကို မေးလာခဲ့သည်။


"အန်တီ၊ အရင်ဆုံး နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီနေရာက မစ္စတာဟုန်ရဲ့နေရာလားမသိဘူး။" ယွဲ့တင့်ထန်က ယဥ်ကျေးစွာ မေးမြန်းလိုက်၏။


"မင်းက မစ္စတာဟုန်နဲ့ ဘာလုပ်ချင်လို့လဲ။" အမျိုးသမီး၏မျက်နှာက မသာမယာဖြစ်သွားသော်လည်း ၎င်းတို့၏အဝတ်အစားများကို မြင်လိုက်ရသောအခါ ဒေါသထွက်မလာခဲ့ပေ။


ထိုစကားတွင် အဓိပ္ပာယ်နှစ်မျိုးပါဝင်၏။ တစ်ခုက ၎င်းတို့ နေရာမှန်ကိုရောက်လာခဲ့ပြီး တုယွင်းနင်နှင့် အဆက်အသွယ်ရှိသော မစ္စတာဟုန်ဆိုသူက ဤနေရာ၌ နေထိုင်သည်။ ဒုတိယအချက်က ထိုအမျိုးသမီးသည် သူ(မစ္စတာဟုန်)၏အပြုအမူကြောင့် သူ့ကိုသဘောမကျပေ။


"ကျွန်တော်တို့က သူ့ရဲ့သူငယ်ချင်းတွေပါ။ အခုက နှစ်သစ်ကူးအကြိုဆိုတော့ သူ့ကိုလာတွေ့ကြတာရယ်။ ဒီကိတ်မုန့်လေးတွေကို လက်ခံပြီး ကလေးတွေကို ကျွေးလိုက်ပါ အန်တီ။"


ယွဲ့တင့်ထန်က လင်ရှူးလက်ထဲက ကိတ်မုန့်ဘူးကိုယူ၍ တစ်ဖက်လူအား ပေးလိုက်၏။


လင်ရှူး: ...


၎င်းမှာ သူ ညစာစားပြီးလျှင် စားဖို့အတွက် ကော်ဖီဆိုင်ကနေ ပါဆယ်ယူလာသော ကိတ်မုန့်ဘူးဖြစ်သည်။


အမျိုးသမီးက လက်ရာမြောက်သော ကိတ်မုန့်ဘူးကိုကြည့်ကာ ချဥ်စူးသောအမူအရာကို ထပ်ပြီးတပ်ဆင်မထားတော့ဘဲ အတင်းကြိုးစားပြီး ပြုံးပြလာ၏။


"မစ္စတာဟုန်မှာ... သူငယ်ချင်းတွေရှိမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။ သူက ပြန်မလာတာ နှစ်ရက်၊ သုံးရက်လောက်ရှိပြီ။ မင်းတို့တွေ နေရာမှားလာကြမှာကိုတော့ ငါစိုးရိမ်မိတယ်။"


ယွဲ့တင့်ထန်: "သူ ဘယ်သွားလဲဆိုတာ အန်တီသိလား။"


ထိုအမျိုးသမီးက လှောင်ပြောင်သလို ပြောလာခဲ့သည်။ "သူ လောင်းကစားရုံမှာရှိရင်ရှိ၊ မရှိရင် ကပွဲရုံမှာပဲပေါ့၊ တခြား ဘယ်သွားနိုင်ဦးမှာလဲ။"


ယွဲ့နင့်ထန်က စိတ်ရှည်ရှည်ထားပြီး ယဥ်ကျေးစွာ မေးလိုက်သည်။ "ကျွန်တော်တို့ သူ့ကို ဘယ်မှာရှာလို့ရမလဲဆိုတာ သိလား။"


ထိုအမျိုးသမီးက သက်ပြင်းချလိုက်၏။ "ငါလည်း မသိဘူး။ သူ ဒီလ အိမ်ငှားခကိုတောင် မပေးရသေးဘူး။ ငါလည်း သူ့ကိုရှာချင်နေတာ။ မင်းတို့တွေ ဒီမှာ ထိုင်စောင့်ရင်စောင့်ကြလေ။ သူ မကြာခင် ပြန်လာလောက်မှာပါ။"


အိမ်ရှင်က သူ့အိမ်ထဲပြန်ဝင်သွားပြီး သော့သွားယူကာ ယွဲ့တင့်ထန်နှင့် လင်ရှူးတို့ကို အပေါ်ထပ်သို့ ခေါ်သွားပေးခဲ့သည်။


နှစ်တချို့ကြာနေပြီဖြစ်သော သစ်သားလှေကားက ဆွေးနေပြီး အပြင်ဘက်ရှိအလင်းရောင်က ပြတင်းပေါက်ဘောင်များတွင် မညီမညာထွန်းလင်းနေ၏။


"စကားစမပ်၊ မင်းတို့တွေ အဲ့လိုလူမျိုးနဲ့ ဘယ်လိုသိကြတာလဲ။" အိမ်ပိုင်ရှင်က စူးစမ်းလိုစိတ်ဖြင့် မေးလာခဲ့သည်။ "မစ္စတာဟုန်က မင်းတို့လိုမျိုးလူမျိုးတွေနဲ့ ဘယ်လိုလုပ် သူငယ်ချင်းဖြစ်သွားတာလဲ။"


လင်ရှူး: "ကျွန်တော်တို့က ရှန်ဟိုင်းကိုလာတဲ့ရထားပေါ်မှာ တွေ့ခဲ့ကြတာပါ။ မစ္စတာဟုန်က အရမ်းကိုစိတ်အားထက်သန်ပြီး ကျွန်တော်တို့ရဲ့ခရီးဆောင်အိတ်တွေကို ကူသယ်ပေးခဲ့တာလေ။ ကျွန်တော်တို့ ခဏလောက် စကားစမြည်ပြောဖြစ်ခဲ့ကြပြီး ကျွန်တော်တို့ကို သူနေတဲ့လိပ်စာရေးပေးခဲ့တာပါ။"


အမျိုးသမီးက ပြောလာ၏။ "သူက မင်းတို့ကို ခရီးဆောင်အိတ်တွေကူသယ်ပေးခဲ့တယ်? အဲ့ဒါက နှစ်သစ်ကူးအတွက် ကြက်တွေကို ကောင်းကောင်းမွေးမြူထားတာနဲ့ အတူတူပဲဆိုတာ ငါပြောနိုင်တယ်။ သူ့မှာ ကောင်းတဲ့ရည်ရွယ်ချက်ရှိဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ သေချာပေါက် တစ်ခုခုတော့ ရှိလိမ့်မယ်!"


လင်ရှူးက ပြုံးလိုက်၏။ "ကျွန်တော်တို့အားလုံးက တစ်နေရာတည်းကနေ လာခဲ့ကြပေမဲ့ အဆက်အသွယ်မရှိခဲ့ကြဘူး။ အခုက နှစ်သစ်ကူးတော့မှာဆိုတော့ သူတစ်ယောက်တည်းဖြစ်နေမှာစိုးလို့ သူ့ဆီလာလည်ကြတာပါ။ သူက ဒီလိုသက်ဝင်လှုပ်ရှားတဲ့နေရာမှာ အန်တီ့လို စိတ်အားထက်သန်ပြီး တာဝန်ယူတတ်တဲ့အိမ်ရှင်ရယ်၊ ချစ်စရာကောင်းတဲ့ ကလေးတွေရယ်နဲ့ အတူတူနေနေတယ်ဆိုတာကိုသာ စောစောသိခဲ့ရင် ကျွန်တော်လည်း ဒီကို ပြောင်းလာခဲ့မိမှာပဲ!"


အမျိုးသမီးက သူ၏မြှောက်ထိုးပင့်ကော်စကားများကြောင့် ရှက်ရွံ့သွားပြီး ရယ်မောတော့၏။


"သူ့ရဲ့အငှားစာချုပ်က ပြည့်တော့မှာ။ တကယ်လို့ မင်း ဒီကိုပြောင်းလာချင်တယ်ဆိုရင် အခန်းတစ်ခန်းချန်ထားပေးမယ်လေ။"


"ကောင်းပါပြီ။ ကျွန်တော် အိမ်ပြန်ရောက်ရင် ကျွန်တော့်ဇနီးနဲ့ တိုင်ပင်ကြည့်လိုက်ပါဦးမယ်။ ကျွန်တော်က ဆရာတစ်ယောက်ဖြစ်တာကြောင့် အဆင့်အတန်းရှိတဲ့နေရာတစ်ခုမှာ နေသင့်တယ်ဆိုပြီး အခုနေနေတဲ့နေရာနဲ့ ပတ်သက်လို့ သူ(မ)က အပြစ်တင်နေတာ။ ကျွန်တော်ကတော့ ဒီနေရာလေးက တော်တော်လေးကောင်းတယ်လို့ထင်တယ်။ အား၊ မိန်းမတွေက အရမ်းပြဿနာရှာကြတာ။ ဘယ်သူကမှ သူတို့ကို သည်းမခံနိုင်ကြဘူး။ သူ(မ)ကသာ အန်တီ့လိုလူမျိုးနဲ့ စကားပြောစရာလူရှိမယ်ဆို ကျွန်တော် စိတ်ပူနေစရာမလိုတော့ဘူးပေါ့။"


ယွဲ့တင့်ထန်မှာ ဆွံ့အနေ၏...


သူသည် သူ၏ထီတွင်ကြံဆမှုများက တော်တော်လေးကောင်းမွန်သည်ဟု ထင်နေခဲ့သော်လည်း သူ့ထက်ပိုကောင်းသည့် တစ်စုံတစ်ယောက်ရှိနေမှန်း မတွေးမိခဲ့ချေ။


အမျိုးသမီးမှာ သူ၏ချီးမွမ်းမှုကြောင့် လွှမ်းမိုးခံနေရပြီး ၎င်းတို့က ဆရာများဖြစ်ကြောင်း ကြားလိုက်ရသောအခါ ပိုလို့တောင် တက်ကြွလာခဲ့သည်။


"အိုး၊ ပြောသွားတာကို ကြည့်ပါဦး! မင်း ဇနီးကို သွားပြန်ခေါ်လာခဲ့ပြီး တစ်ချက်ကြည့်ကြည့်လိုက်။ ဒီက အစ်မကြီးက သူ(မ)သဘောကျမယ်ဆိုတာကို အာမခံတယ်။ ဒါနဲ့ မင်းက ငယ်ငယ်လေးရှိသေးတာကို လက်ထပ်ပြီးသွားပြီပေါ့။"


"ဟုတ်ပါတယ်။ အဲ့ဒါက ကျွန်တော့်မိဘတွေရဲ့ အမိန့်ကြောင့်ပါ။ အဲ့မှာက စောစောလက်ထပ်တာ ပုံမှန်ပဲလေ။ ဒါပေမဲ့ မစ္စတာဟုန်က လက်မထပ်ရသေးဘူးလို့ကြားတယ်။ သူက တစ်ယောက်တည်းနေတာမဟုတ်လား။" လင်ရှူးက ဟာကွက်မရှိဘဲ စကားဝိုင်းကို ပြန်လှည့်လိုက်သည်။


"သူ မိန်းကလေးခေါ်လာတာမျိုးတော့ မမြင်ဖူးဘူး။ အိုး၊ ပြောမနေပါနဲ့တော့။ သူက အရင်တုန်းကကျ သတင်းစာတိုက်တစ်ခုရဲ့ အယ်ဒီတာပါလို့ ပြောခဲ့တယ်။ ဒီတော့ သူ့လစာက အိမ်ငှားခပေးဖို့ လုံလောက်မှာပဲလို့ ထင်ခဲ့မိတာပေါ့။ ဒါပေမဲ့ သူက ဒီမှာ နှစ်ဝက်လောက်နေပြီး အရင်သုံးလကိုပဲ အချိန်မှန် အိမ်ငှားခပေးခဲ့တာ။ သူက အကြွေးတွေတောင်ယူထားသေးတယ်။ အခုဆို တစ်လစာ အကြွေးတင်နေပြီး တစ်ပြားမှကို မပေးရသေးဘူး!"


အမျိုးသမီးက လှေကားထစ်မှာ မကျေမနပ် အပြစ်တင်ပြောဆိုနေခဲ့သည်။


"ဒီကအိမ်ငှားခက အဲ့လောက်စျေးကြီးတာလည်းမဟုတ်ဘူး။ အရင်နေ့က သူပြန်လာတော့ အရမ်းကိုစိတ်လှုပ်ရှားနေပြီး ငါ့အတွက် ကြက်ကင်တောင် ဝယ်ခဲ့ပေးသေးတယ်။ ပြီးတော့ သူ့ရဲ့ဝတ်စုံတစ်ခုလုံးကိုလည်း လဲခဲ့တယ်လေ၊ ငါထင်တာ သူ ချမ်းသာလာပြီပေါ့။ သူက အိမ်ငှားခမပေးဘဲ ဝတ်စုံဝယ်ဝတ်လိုက်လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ ရယ်စရာကောင်းလိုက်တာ! ငါဖြင့် အိမ်ငှားခပေးဖို့ရှောင်တဲ့နေရာမှာ သူ့လောက်တော်တဲ့သူကို တစ်ခါမှမတွေ့ဖူးသေးဘူး! သူ့စရိုက်နဲ့ဆို သူ့ကိုယ်သူကို ဗဟုသုတကြွယ်ဝတဲ့သူလို့ မခေါ်သင့်ဘူး။ သူက လမ်းဘေးသူခိုးတွေနဲ့ ဘာမှမခြားတော့ဘူး!"


"ဒီမှာ၊ ဒါ သူ့အခန်း!"


အမျိုးသမီးက ဒုတိယထပ်အဆုံး၌ အခန်းတစ်ခုဆီခေါ်လာပေးခဲ့ပြီး သော့ထုတ်ကာ တံခါးဖွင့်လိုက်၏။


"မင်းတို့က သူနဲ့သိတယ်ဆိုတော့ အခန်းထဲဝင်ပြီး ထိုင်စောင့်နေလိုက်လေ? သူပြန်လာရင် မင်းတို့ကို အသိပေးပါ့မယ်။"


"မဟုတ်သေးပါဘူး။ ကျွန်တော်တို့တွေ ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိဘဲ ဝင်လို့မသင့်တော်ပါဘူး။" လင်ရှူးက ယဥ်ကျေးစွာပြောလိုက်သည်။


အိမ်ပိုင်ရှင်က စိတ်မရှိပေ။ "အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် တန်ဖိုးကြီးပစ္စည်းတွေ ဘာမှမရှိဘူးလေ။ မင်းတို့တွေ ခဏလောက် ထိုင်နေကြဦး။ ငါ မင်းတို့အတွက် လက်ဖက်ရည်သွားဖျော်လိုက်ဦးမယ်။"


သူ(မ)က ထိုသို့ပြောလာသည့်အတွက် နှစ်ဦးသား ယဥ်ကျေးမနေတော့ဘဲ အခန်းထဲကို လှည့်ပတ်ကြည့်ရှုခဲ့ကြသည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment