no

Font
Theme

လင်ရှူးက ရဲအရာရှိတစ်ယောက်ဖြစ်ရာ ခြေရာလက်ရာမကျန်စေဘဲ မည်သို့ကြည့်ရှုရမည်ကို သိပေ၏။


ယွဲ့တင့်ထန်က နေရာတိုင်းကို ဒီတိုင်းလိုက်ကြည့်နေခဲ့သည်။


အခန်းက အလွန်ရိုးရှင်းပြီး အကြမ်းထည်နီးပါးပင်။


စားပွဲပေါ်၌ စာရွက်နှင့် ဘောပင်များရှိပြီး ၎င်း၏အောက်တွင် ဝူစုန့်တက္ကသိုလ်စာကြည့်တိုက်ကတ်ရှိ၏။


ကတ်က အသစ်ဖြစ်ပြီး ၎င်း၏အနောက်မှာ အသုံးပြုသည့်အကြိမ်ရေကို ရေးသားထားသည်။ ကတ်ပေါ်တွင် "正" ၏ စုတ်ချက်သုံးခုသာရှိ၏။


(TN/ "正" ဒါဆိုရင် စုတ်ချက်ငါးခုရှိလို့ ၅ လို့ ရေတွက်ပါတယ်။ အခုက အဲ့စာလုံးရဲ့ စုတ်ချက်သုံးခုကိုပဲ ရေးဆွဲရသေးတာကြောင့် ၃ ခါပဲ အသုံးပြုရပါသေးတယ်။)


တစ်ချိန်တည်းမှာပင် လင်ရှူးက ကတ်ပေါ်ကနာမည်ကို မြင်လိုက်ရသည်။


'ဟုန်ရှောင်ကွမ်း။'


ထိုဘေး၌ စာအုပ်သုံးအုပ်ရှိသည်။


တစ်အုပ်က ဥရောပခေတ်လက်ရာများမှ ကဗျာလက်ရွေးစင်ဖြစ်၏။ တစ်အုပ်က တက်ဂိုး၏ အသီးကောက်ခြင်းဖြစ်သည်။ နောက်ဆုံးတစ်အုပ်က ရှိတ်စပီးယား၏ နာမည်ကျော် ရိုမီရိုနှင့်ဂျူးလီးယက်ဝတ္ထုပင်။


(TN/ ဒုတိယတစ်အုပ်က အိန္ဒိယကဗျာဆရာရေးသားထားတဲ့ ကဗျာစာအုပ်ပါ။)


မှတ်စုစာအုပ်၏ တစ်ဝက်နီးပါးလောက်ကို အသုံးပြုထားပြီး အများစုမှာ ရှိတ်စပီးယားဝတ္ထုမှ စကားများကို ကူးရေးထားခြင်းဖြစ်သည်။


"တစ်ခုခုရှာတွေ့လား။" ယွဲ့တင့်ထန်က လျှောက်လာခဲ့သည်။


"အရှေ့ပိုင်းရဲ့လက်ရေးက ပိုလေးနက်ပြီး နောက်ပိုင်းရောက်တော့ လက်ရေးက သော့လာတယ်။ ပြီးတော့ ခြစ်ရာတွေလည်းရှိတယ်။" လင်ရှူးက ပြောလိုက်၏။


လင်ရှူးသည် နောက်ဆုံးစာမျက်နှာအနည်းငယ်ကို လှန်လိုက်သောအခါ ထိုခြစ်ရာများက ကဗျာထဲက စာလုံးအနည်းငယ်ကို ထပ်ခါထပ်ခါ ကူးရေးထားတာဖြစ်ကြောင်း ယွဲ့တင့်ထန် သတိပြုမိလိုက်၏။


"ပညာရှိတစ်ယောက်က အရူးတစ်ယောက်ဖြစ်လာပြီး ငါးမျှားတဲ့သူအတွက် လွယ်ကူတဲ့သားကောင်ဖြစ်လာတယ်; အကြောင်းမူကား သူရဲ့ဉာဏ်ပညာနဲ့ အသိပညာတွေကို မှီခိုအားထားနေပေမဲ့ သူကိုယ်တိုင်ရဲ့မာနကို မမြင်နိုင်ခဲ့သည့်အတွက်။" ယွဲ့တင့်ထန်က ဖတ်ပြလာ၏။ ထို့နောက် မေးလိုက်သည်။ "ဘယ်သူရေးထားတာလဲ။"


"ရှိတ်စပီးယား။" လင်ရှူးက ပြန်ဖြေလိုက်၏။ "တုယွင်းနင်က ကျောင်းမှာကတည်းက သူ့ရဲ့လက်ရာတွေကို တော်တော်ကြိုက်တာ။ သူ(မ)က အဲ့ဒီစာသားတွေကို အလွတ်ဆိုနိုင်တယ်။"


"ဒါဆို မစ္စတာဟုန်က သူ(မ)ဆီက အာရုံစိုက်ခံချင်တာပေါ့။"


"စိတ်ဝင်စားစရာပဲ။ ဒီသုံးအုပ်လုံးက နိုင်ငံခြားလက်ရာတွေဖြစ်ပြီး တစ်ခုမှ ငါတို့နိုင်ငံကဟာမပါဘူး။ ပြီးတော့ တုယွင်းနင်က ကဗျာတွေကို ပိုကြိုက်တယ်။ သူ(မ)က ပိုင်လဲ့ထျန်းရဲ့ နာမည်အကြီးဆုံးကဗျာသုံးပုဒ်ကို အလွတ်ရချင်မှရမယ်။ ဒါပေမဲ့ ရှိတ်စပီးယားရဲ့စကားတွေကို တစ်ဝက်လောက် အလွတ်ချရေးပြနိုင်တယ်။"


"ငါ ဒီမှာ စိတ်ဝင်စားစရာကောင်းတာလေး ရှာတွေ့ထားတယ်။ လာကြည့်လိုက်။"


ယွဲ့တင့်ထန်က အိပ်ရာဘေးကိုလျှောက်သွားပြီး ခေါင်းအုံးကိုမလိုက်သည်။ ထိုအောက်၌ စာအုပ်တစ်အုပ်ရှိနေ၏။


ရွှေကြာ။


(TN/ ရွှေကြာက ၁၆၁၇ ခုနစ်၊ မင်မင်းဆက်မှာ ထုတ်ဝေခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ပါ။ အစပိုင်းတုန်းက လိင်အသားပေးဖော်ပြချက်တွေကြောင့် အဲ့ဒီစာအုပ်ကို ပိတ်ပင်ခဲ့ပါသေးတယ်။)


လင်ရှူးတစ်ယောက် ထိုစာအုပ်ကိုကောက်ယူကာ ဖွင့်ကြည့်လိုက်၏။


ထိုအခါ လင်ရှူးက အဖြူရောင်လက်အိတ်များကို ဝတ်ဆင်ထားကြောင်း ယွဲ့တင့်ထန် သတိပြုမိသွားသည်။ "လက်အိတ်တွေကို ဘယ်ကရတာလဲ။"


လင်ရှူးက စာအုပ်ကိုတစ်ချက်ကြည့်ကာ စိတ်ထဲမရှိသလို ပြောလာခဲ့၏။ "ရှန်းရန်ကျယ်ကို တောင်းလိုက်တာ။ ငါ မင်းနာမည်သုံးလိုက်တော့ သူက တွန့်ဆုတ်မှုမရှိပေးလာတာပဲ။ ဒါတွေက စျေးမကြီးပေမဲ့ အရေးကြီးတဲ့အခိုက်အတန့်မှာ အသုံးဝင်တယ်။ အခုဆို စာအုပ်အဖုံးပေါ် လက်ရာမကျန်တော့သလို အသေးစိတ်ဂရုစိုက်တတ်တဲ့သူတွေ သတိမပြုမိတော့ဘူးပေါ့။ ကြည့်လိုက်-"


ဖန်းကျင်းလျန်က စားပျစ်ခင်းထဲမှာ အရက်မူးနေစဥ် လီဖင်အာက ဖေချွေ့ရွှန်းကို တီးတိုးပြောနေ၏။


ဤသည်မှာ ရွှေကြာထဲက နာမည်အကြီးဆုံးဇာတ်ဝင်ခန်းဖြစ်သည်။


၎င်းက လူသားသဘာဝနှင့် ဓလေ့စရိုက်များကို မီးမောင်းထိုးပြနေရုံသာမက လူတို့၏ စူးစမ်းလိုစိတ်ကိုလည်း ကျေနပ်စေခဲ့သည်။


ထိုအခန်း၏ စာမျက်နှာအနည်းငယ်ကို ထပ်တလဲလဲ အလှန်ခံထားရသောကြောင့် အခြားသောစာမျက်နှာများထက် တွန့်ကြေနေရာ ပိုင်ရှင်က ထိုအခန်းကို မကြာခဏဖတ်ကြောင်း ပြသနေ၏။


လင်ရှူး၏မျက်နှာပေါ်၌ အံ့အားသင့်သောအပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ "ဟုန်ရှောင်ကွမ်းအတွက် ရွှေကြာက စားပွဲပေါ်မှာတင်ထားတဲ့ ကဗျာလက်ရွေးစင်တွေထက် ပိုပြီးစိတ်ဝင်စားမှုရှိနေမှာကို စိုးရိမ်မိသား။"


"ကဗျာလက်ရွေးစင်တွေက တုယွင်းနင်ကို စိတ်ကျေနပ်အောင်လုပ်ဖို့နဲ့ ရွှေကြာကတော့ သူဖတ်ရတာကြိုက်တဲ့ပုံစံမျိုးပဲ။ လုံးဝ ကွဲပြားတယ်။"ယွဲ့တင့်ထန်က ပြောလာခဲ့သည်။ "ဟုန်ရှောင်ကွမ်းက ပိုင်တန်လား။"


ပိုင်တန်နှင့် ရှန်းရန်ထျောင့်တို့က ဆင်တူပြီး သားကောင်များအတွက် ထောင်ချောက်ဆင်ကာ နည်လမ်းတချို့ဖြင့် ငွေကြေးနှင့် လိင်ပိုင်းဆိုင်ရာ လိမ်လည်လှည့်စားသူများကို ရည်ညွှန်းပေ၏။


ဖရိုဖရဲဖြစ်နေသော ကမ္ဘာကြီးတွင်၊ လူအမျိုးအမျိုးအထွေထွေ ပေါ်ပေါက်လာသည်။ ထိုကဲ့သို့ ပိုင်တန်များမှာ နေရာတိုင်းတွင်ရှိပြီး အသေးစားများက ငွေနှင့် အစားအသောက်များကို ခိုးယူလှည့်စားကြစဥ် အကြီးစားများကတော့ လူများကို ၎င်းတို့၏ပိုင်ဆိုင်မှုများ ဆုံးရှုံးသွားအောင်ထိ ပြုလုပ်နိုင်ပေသည်။


အထူးသဖြင့် မူလက ဆင်းရဲပြီးနှိမ့်ချတတ်သောသူများသည် ချောမောသောမျက်နှာဖြင့် ဝတ်ကောင်းစားလှများဝတ်ဆင်၍ ချိုသာစွာပြောဆိုပြီး ချမ်းသာမိန်းကလေးများကို ၎င်းတို့၏ကျော့ကွင်းထဲရောက်အောင် ဖျားယောင်းတတ်ကြသည်။ ၎င်းတို့အား သူတို့၏အလှတရားမှာ နစ်မွန်းသွားစေပြီး အပြန်အလှန်အဖြစ် တစ်စုံတစ်ခုကို တောင်းဆိုတတ်ကြပေသည်။ ၎င်းကို သတင်းစာထဲတွင် မကြာခဏဖော်ပြခံနေရသောကြောင့် လူများက ထိုအရာနှင့် အသားကျလာခဲ့ကြ၏။


"ဒါပေမဲ့ ပိုင်တန်တွေက ပိုက်ဆံပဲ လှည့်စားပြီး အသက်ကိုမယူတတ်ကြဘူးမလား။"


ယခု တုယွင်းနင် သေဆုံးသွားသည်သာမက သူကလည်း မတရားစွပ်စွဲခံနေရသည်။


ဤအမှုက ပဟေဠိများနှင့် ပြည့်နှက်နေဆဲဖြစ်ပြီး တရားခံအစစ်ကို ရှာမတွေ့သေးချေ။ ၎င်းကသာ ပိုင်တန်တစ်ယောက်ဖြစ်လျှင် ၎င်းတို့က အလွန်အစွမ်းထက်လောက်ပေမည်။


လင်ရှူး ဝတ္ထုစာအုပ်ကို လှန်လှောကြည့်လိုက်ပြီး ၎င်း၏နေရာမှာပဲ ပြန်ချထားလိုက်သည်။


အခန်းက သိပ်မကျယ်သောကြောင့် ခြေလှမ်းအနည်းငယ်လျှောက်ရုံဖြင့် နေရာတစ်ခုလုံးကို မြင်တွေ့နိုင်ပေသည်။ ပရိဘောဂအများစုက အိမ်ရှင်၏အပိုင်များဖြစ်ပြီး ဗီရိုထဲတွင်တောင် ညအိပ်ဝတ်စုံတစ်ထည်သာ ချိတ်ထားရာ ဟုန်ရှောင်ကွမ်း၏ ငွေးကြေးအခြေအနေက ကောင်းမွန်မနေကြောင်း ပြသနေ၏။


တုယွင်းနင်က တုံးအပြီး အတွေ့အကြုံမရှိသော်လည်း သူ(မ)၏စာပေအောင်မြင်မှုများက သာမန်ချမ်းသာသောမိန်းကလေးများထက် များစွာကောင်းမွန်ပေသည်။ ဟုန်ရှောင်ကွမ်းက ထိုနိုင်ငံခြားကဗျာလေးအနည်းငယ်ဖြင့် သူ(မ)၏နှလုံးသားကို အနိုင်ရခဲ့ပါက အလွန်ရယ်စရာကောင်းနေပေလိမ့်မည်။


လင်ရှူးတစ်ယောက် ၎င်းတို့သတိမထားမိသည့် ပုန်းလျှိုးနေသော ချိတ်ဆက်ချက်များရှိရမည်ဟု ခံစားနေရသည်။


"ဒီမှာ။"


ယွဲ့တင့်ထန်က ရုတ်တရက် ပြောလာ၏။


"မင်း ဒီကနေကြည့်ရင် ဘာမြင်ရလဲ။"


လင်ရှူးက လျှောက်လာပြီး ပြတင်းပေါက်ဘေးမှာရပ်ကာ သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်၏။


မီးရှူးမီးပန်းများနှင့် ည၏အလင်းရောင်များ မှေးမှိန်သွားသော်လည်း အပြင်ဘက်ရှိမြင်ကွင်းကို မသဲမကွဲမြင်နိုင်သေးပေသည်။


လင်ရှူးမှာ အံ့အားသင့်သွားပြီး အသက်ပြင်းပြင်းရှူလိုက်မိသည်။


"သူက ဒါကို ကြိုတင်စီစဥ်ထားတာပဲ!"


__


စာရေးသူမှာ ပြောစရာရှိပါတယ်:


လင်ရှူး: ငါ့ရဲ့ အချိုပွဲလေးတွေ...


ယွဲ့တင့်ထန်: အမှုကိစ္စကို ဂရုတစိုက်ကိုင်တွယ်ပြီး လူတွေရဲ့ယုံကြည်မှုကို ရယူရမယ်။


လင်ရှူး: ငါ့ရဲ့ဆေးလိပ်လေးတွေ...


ဆေးလိပ်ကို ထုတ်ယူကာ ပါးစပ်ထဲထည့်လိုက်သော ယွဲ့တင့်ထန်: ဆေးလိပ်သောက်တာက မင်းရဲ့ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။


လင်ရှူးက ဘာမှပြန်မပြောတော့ဘဲ သုံးရက်နေပြီးနောက် ယွဲ့တင့်ထန်အား မွေးနေ့လက်ဆောင်ပေးခဲ့သည်။


ယွဲ့တင့်ထန် ဖွင့်ဖောက်ကြည့်လိုက်ရာ ရွှေကြာဝတ္ထုဖြစ်နေ၏။


ယွဲ့ချွင်းရှောက်က လေးလံနေသောနှလုံးသားဖြင့် ပြောလာသည်: ရှောင်တိ၊ ငါ မင်းကို ခဏခဏပြောနေတာ၊ စောစောလက်ထပ်တော့လို့။ အဲ့လိုဝတ္ထုတွေကို အများကြီးမဖတ်နဲ့၊ မင်းရဲ့ကျန်းမာရေးအတွက် မကောင်းဘူးနော်!


ယွဲ့တင့်ထန်: ...


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment