"မင်း ဘာမြင်လိုက်တာလဲ။"
အားလန်က ပြန်မဖြေနိုင်ဘဲ အသဲမကွဲညည်းညူသံများသာ ပြုလုပ်နေ၏။
သို့သော် သူ(မ)၏မျက်နှာအမူအရာက အလွန်ကြောက်ရွံ့နေပြီး စကားလုံးများဖြင့် မဖော်ပြနိုင်သော စိတ်ခံစားချက်များကို အမူအရာဖြင့် ဖော်ပြနေ၍ အမှုန်များကိုခါချနေသေ သံဆန်ခါတစ်ခုလို တုန်ယင်နေခဲ့သည်။
သူ(မ)က အဝတ်၏အနားစွန်းများကို ဆုပ်ကိုင်ထားပြီး သူ(မ)၏ချွေးများကိုသုတ်ရန် လက်ကိုင်ပဝါထုတ်လိုက်သော်လည်း သူ(မ)က အလွန်စိတ်လှုပ်ရှားနေသောကြောင့် အမျိုးမျိုးသော သော့တွဲများကိုပါထုတ်မိသွားပြီး အားလုံးက လှေကားပေါ် ပြုတ်ကျသွား၏။
သူ(မ)က လက်ဟန်အမူအရာလုပ်ပြနေပြီး လူတိုင်းကိုရှင်းပြဖို့ ကြိုးစားနေသော်လည်း သူ(မ)ကိုနားလည်သူမှာ အိမ်တော်ထိန်းတစ်ယောက်တည်းသာ။
"ဘာတွေလျှောက်ပြောနေတာလဲ!" အိမ်တော်ထိန်းအိုကြီးက အမူအရာပြောင်းလဲသွား၏။
"ဘာဖြစ်တာလဲ။" ယွဲ့တင့်ထန်က မေးလိုက်သည်။
အိမ်တော်ထိန်းအိုကြီးက တွန့်ဆုတ်နေခဲ့သည်။ "သူ(မ)၊ သူ(မ) စိတ်လွတ်သွားတာမို့ သူ(မ)ကို ဂရုစိုက်နေစရာမလိုပါဘူး..."
ယွဲ့တင့်ထန်၏မျက်နှာက တင်းမာသွား၏။ "ပြော!"
အိမ်တော်ထိန်းအိုကြီးက တွန့်ဆုတ်သွာဖြင့် ပြောလာခဲ့သည်။ "သူ(မ)က သခင်မကို မြင်လိုက်တယ်ဆိုပြီး ပြောနေတာပါ။ အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! သခင်မက သေသွားပြီ။ ပြီးတော့ ဒီလိုနေ့ခင်းကြောင်တောင်ကြီးမှာ!"
သူက ထိုသို့ပြောနေသော်လည်း ကြောက်ရွံ့နေသောအမူအရာက ရှိနေဆဲပင်။
ကင်းလှည့်သမားက တွန့်ဆုတ်နေရာ လင်ရှူးက ခြေဦးပြန်လှည့်ကာ လှေကားပေါ်ပြန်တက်သွားပြီး အခန်းထဲပြန်သွားခဲ့သည်။
အခန်းထဲမှာ မည်သူမှမရှိပေ။
၎င်းတို့သည် ပြတင်းပေါက်မပိတ်ခဲ့ရာ လေများဝင်နေခြင်းဖြစ်၏။
ကန့်လန့်ကာများက ပျော့ပျောင်းပြီး လှပစွာယိမ်းနွဲ့နေရာ ထိုအရာကြောင့် အမျိုးသမီးအစေခံ၏အမူအရာက ပြောင်းလဲသွားခြင်းဖြစ်လောက်သည်။
"ဒီမှာ ဘာမှမရှိပါဘူး၊ မင်း အမြင်မှားသွားတာ။" လင်ရှူးက ပြောလာ၏။
သို့သော် အားလန်က အိမ်တော်ထိန်းနောက်မှာ ပုန်းအောင်းနေပြီး ဝင်မလာရဲတော့ချေ။
"ဒါက မင်းရဲ့ပစ္စည်းတွေလား။" ယွဲ့တင့်ထန်က အပေါ်တက်လာပြီး တစ်စုံတစ်ခုအား လက်လှမ်းလိုက်၏။
သော့များ၊ လက်ကိုင်ပဝါနှင့် နှုတ်ခမ်းနီ။
အားလန်က ထိုပစ္စည်းများကို အလျင်အမြန်ယူလိုက်သော်လည်း သူ(မ)၏လက်တို့က အားနည်းနေရာ နှုတ်ခမ်းနီတောင့်က ပြုတ်ကျသွားပြီး ကုတင်အောက် လှိမ့်သွား၏။
လင်ရှူးက ငုံ့ကိုင်းကာ ကောက်ယူပေးလိုက်သည်။
သူ ပြန်ထလာချိန်မှာ သူ့လက်ထဲ၌ နှုတ်ခမ်းနီအပြင် အနက်ရောင်အမှုန်အမွှားများကိုပါ တွေ့လိုက်ရ၏။
၎င်းက အနက်ရောင်သာမက မီးကျီးခဲပြာမှုန်များနှင့်တူသော မီးခိုးရောင်နှင့် အဝါရောင်များပါ ရောပါနေသော်လည်း မီးကျီးခဲပြာမှုန်တော့ မဟုတ်ပေ။
ယွဲ့တင့်ထန်: "ကုန်းပန်း?"
လင်ရှူးက အိမ်တော်ထိန်းအိုကြီးနှင့် အားလန်ကို ကြည့်လိုက်သည်။ "မင်းတို့သခင်မက အရင်တုန်းက ဆေးလိပ်ကြီးတွေသောက်ခဲ့တာလား။"
အိမ်တော်ထိန်းအိုကြီးက မသိစိတ်အရ အံ့သြထိတ်လန့်သွားသော်လည်း အားလန်သည် အနည်းငယ်တုန်လှုပ်သွားပြီး အလျင်အမြန် လက်ဟန်အမူအရာပြသလာခဲ့သည်။
"အားလန်ပြောတာတော့ သခင်မက လူအိုးကြီးတွေသောက်တဲ့ဆေးလိပ်မျိုးကို တော်တော်လေးရွံရှာခဲ့ပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက သူ(မ)ကို ဆေးလိပ်ကြီးတချို့ သွားဝယ်ခိုင်းခဲ့ပါတယ်။ အားလန်က သူ(မ)ကို မငြင်းဆန်နိုင်တာကြောင့် သွားဝယ်ခဲ့ရပါတယ်။ ဒါပေမဲ့ သခင်မက မကြာခဏမသောက်တတ်ဘဲ စိတ်အခြေအနေမကောင်းမှ ရံဖန်ရံခါသာသောက်တာမို့ သူ(မ) တခြားသူတွေကို မပြောရဲခဲ့ပါဘူးတဲ့။"
ဘိန်းကလည်း အမျိုးအစားပေါင်းစုံရှိပြီး ကုန်းပန်းသည် သာလွန်ကောင်းမွန်သော ထုတ်ကုန်တစ်ခုဖြစ်၏။
လက်ရှိတွင် အသိဉာဏ်ရှိသောသူများက ဘိန်းကို ရွံရှာကြသော်လည်း ကမ္ဘာကြီးက ပရမ်းပတာဖြစ်နေပြီး ဥပဒေများရှိသော်လည်း မတားဆီးနိုင်ဘဲ ထိုဥပဒေက စာရွက်ပေါ်က စာလုံးများသာ ဖြစ်လာခဲ့သည်။
အိတ်ကပ်အလွတ်နှင့်သူများက စွဲလမ်းသွားလျှင် အလုပ်လုပ်ပြီးနောက် ဆေးရွက်ကြီးပိုက်များဖြင့် ရှူရှိုက်ကြသော်လည်း ချမ်းသာသောမိသားစုများကတော့ အိမ်မှာပဲ သဘာဝကျစွာပင် ဆေးလိပ်လိုသောက်နေခဲ့ကြသည်။
လင်ရှူး: "သူ(မ) ဘယ်အချိန်က စသောက်ခဲ့တာလဲ။"
အိမ်တော်ထိန်းအိုကြီး: "လွန်ခဲ့တဲ့ တစ်လလောက်ကပါ။"
တစ်လဆိုသည်မှာ ဆေးစွဲသွားဖို့ မလုံလောက်ဘဲ သူ(မ)က မကြာခဏ မသောက်တတ်သော်လည်း ဤသည်မှာ ချောက်နက်ကြီးထဲကျရန် ပထမအဆင့်ခြေလှမ်းပင်။
ယွမ်ပင်း၏ လက်ရှိအခြေအနေကို ကြည့်လိုက်ရုံဖြင့် ထိုဆေးလိပ်ကြီးများက လူတစ်ယောက်ကို သားရဲတစ်ကောင်အဖြစ် မည်သို့ပြောင်းလဲနိုင်ကြောင်း တွေ့မြင်နိုင်ပေသည်။
ကျောင်းမှာတုန်းက အဆိုကောင်း၊ အကကောင်းပြီး ကျောင်းသားတော်တော်များများက ချစ်မြတ်နိုးသော တုယွင်းနင်သည် ယခုလိုမျိုး အဆုံးသတ်သွားလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။
ပျော်ရွှင်ရယ်မောမှုနှင့် ငယ်ရွယ်နုပျိုမှုတို့က အရင်ဘဝကအရာများဟု ထင်ရပေသည်။
လင်ရှူး: "ဒီနှုတ်ခမ်းနီက မင်းဟာလား။"
အားလန်က လက်ဟန်ပြလာ၏။
အိမ်တော်ထိန်းအိုကြီး: "သူ(မ)ပြောတာတော့ အဲ့ဒါကို အရင်က သခင်မ'သုံးခဲ့ပြီး သူ(မ)ကို ပေးခဲ့တာပါတဲ့။"
အားလန်က ခေါင်းညိတ်ပြကာ မှန်တင်ခုံ၏အံဆွဲကို ညွှန်ပြလာခဲ့သည်။
လင်ရှူးက ရှေ့သို့လျှောက်သွားပြီး နှုတ်ခမ်းနီအပြည့်အံဆွဲကို ဆွဲလိုက်ရာ နိုင်ငံခြားကတင်ပို့လာသော နာမည်ကြီးတံဆိပ်များနှင့် ပြည်တွင်းထုတ်ကုန်များလည်းပါဝင်ပေ၏။
ယခုခေတ်တွင် ချမ်းသာကြွယ်ဝသောအမျိုးသမီးများသည် ဖင်ရှင်အမှတ်တံဆိပ်များကို ရူးသွပ်ကြ၏။ တရုတ်စျေးကွက်က နိုင်ငံခြားထုတ်ကုန်များအတွက် တံခါးဖွင့်ပေးလိုက်သောအခါ EL နှင့် LV တို့လို အမှတ်တံဆိပ်များမှ အဝတ်အစား၊ အလှကုန်တို့သည် ပေါများလာပြီး မကြာခဏဆိုသလို အချင်းချင်း ယှဥ်ပြိုင်နေတတ်ကြသည်။ ယခု ယွမ်မိသားစု၏ ဆင်းရဲမွဲတေနေသောအခြေအနေအရ ဤနှုတ်ခမ်းနီတစ်ဝက်လောက်မှာ စျေးအရမ်းမမြင့်သော်လည်း တော်တော်လေးတော့ တန်ကြေးရှိပေ၏။
အိမ်တော်ထိန်းအိုကြီးက ပြောလာခဲ့သည်။ "သခင်မက အရမ်းရက်ရောတတ်တာ။ တစ်ခါတလေ သူ(မ) ခရီးသွားရာကနေပြန်ရောက်ရင် ကျွန်တော်တို့အတွက် သွားရည်စာတချို့ ဝယ်လာပေးတတ်တယ်။ ယွမ်အိမ်တော်အတွက် ဆယ်စုနှစ်ကျော် အလုပ်လုပ်ပေးခဲ့တဲ့ အားဖုန်းဆိုတဲ့ အစေခံဟောင်းတစ်ယောက်ရှိခဲ့ဖူးတယ်။ သခင်မက သူ(မ)ကို လခပေးရုံတင်မကဘူး၊ အဝတ်အစားအသစ်တွေပါ ဝယ်ပေးတတ်သေးတယ်။"
ထို့နောက် သူနှင့် ယွဲ့တင့်ထန်တို့ ယွမ်မိသားစု၏ အလုပ်သမားများဆီကနေ ထက်မံစစ်ဆေးရန် အိမ်ထဲပြန်သွားခဲ့ကြသော်လည်း အသုံးဝင်သည့် အချက်အလက်တို့ကို ရမလာခဲ့ချေ။
ယွမ်မိသားစု ကျဆင်းလာပြီးနောက် ၎င်းတို့ကို ယွမ်ပင်းလစာပေးသောအချိန်က ကြန့်ကြာလာတတ်သည်။ အိမ်တော်ထိန်းအိုကြီးမှလွဲ၍ အခြားသူများက သီးသန့်တွင် အခြားသောအလုပ်များကိုတောင် လုပ်ကိုင်ခဲ့ကြပြီး နောက်ဆုံးသော ကောက်ရိုးမျှင်ကို ဆုပ်ကိုင်ဖို့ စောင့်ဆိုင်းနေကြရုံသာ။
သို့သော် အခြားသောလှုပ်ရှားမှုများနှင့် ပတ်သက်လာလျှင် ၎င်းတို့ထဲရှိ မည်သူကမှ ၎င်းတို့၏သခင်မကိုသတ်ရန် အပြင်လူများနှင့် ပူးပေါင်းဖို့ သတ္တိမရှိကြပေ။
ယခုရက်ပိုင်းတွင် ကောလာဟလများနှင့်အတူ ယွမ်မိသားစု၏အလုပ်သမားအစေခံများအား အပြင်ထွက်ရန် ပိတ်ပင်ထား၏။ လူတိုင်းမှာ အလွန်ထိတ်လန့်နေကြပြီး ကင်းလှည့်အရာရှိများမေးသော သက်ဆိုင်ရာမေးခွန်းအားလုံးကို တတ်နိုင်သမျှ ဖြေကြားပေးခဲ့ကြသည်။
လင်ရှူးက မေးလိုက်၏။ "ယွမ်ပင်းက ဘာပြောလဲ။"
ယွဲ့တင့်ထန်က သူမေးသည့်အရာကို သဘောပေါက်ပြီး ခေါင်းယမ်းပြလိုက်သည်။ "ငါတို့တတ်နိုင်သလောက် အရာအားလုံးမေးပြီးသွားပြီ။ သူနဲ့ တုယွင်းနင်က ဟိုးအရင်ကတည်းက အခန်းခွဲပြီးနေကြတာ။ နေ့ခင်းဘက်ဆို အချင်းချင်းတွေ့ကြဖို့ဆိုတာ ကြုံတောင့်ကြုံခဲပဲ။ အမှုဖြစ်တဲ့နေ့တုန်းက ယွမ်ပင်းက အမျိုးသမီးတစ်ယောက်နဲ့တွေ့ဖို့ ကျင်းဖန်းလုံကိုသွားခဲ့ပြီး အိမ်မပြန်ဘဲ အဲ့မှာညအိပ်နေခဲ့တယ်။ အဲ့ဒါကို သက်သေခံပေးနိုင်တဲ့သူရှိတယ်။ ပြီးတော့ ငါတို့ သူ့ကိုစစ်ဆေးတုန်းက ဘိန်းကိုတောင့်တနေတဲ့အခြေအနေဖြစ်နေတာကြောင့် ဘာမေးခွန်းကိုမှ တိတိပပမဖြေနိုင်ခဲ့ဘူး။"
ဘိန်းကို တောင့်တနေသည့်လူတစ်ယောက်က စကားကောင်းကောင်းပြောဖို့မဆိုထားနှင့် စိတ်လွတ်နေပြီး မိတ်ဆွေနှင့်ရန်သူကိုတောင် မခွဲခြားနိုင်တော့ပေ။
လင်ရှူးက မေးလိုက်သည်။ "ယွမ်ပင်းက တုယွင်းနင်နဲ့ ရင်းနှီးတဲ့သူတစ်ယောက်ယောက်အကြောင်းကို ပြောခဲ့သေးလား။
တုယွင်းနင်က ပြန်ပြောလာ၏။ "အင်း။"
လင်ရှူး: "ဘယ်သူလဲ။"
တုယွင်းနင်: "မင်း။"
လင်ရှူးမှာ တိတ်ဆိတ်သွားလေသည်။
ယွဲ့တင့်ထန်က ဆက်ပြောလာခဲ့သည်။ "တပ်မှူးချုပ်ဟောင်းတစ်ယောက်ရဲ့ ချွေးမက လျှို့ဝှက်ဆန်းကြယ်စွာနဲ့ သေဆုံးခဲ့ရပြီး သူ့သားက သူ(မ)ရဲ့ ချစ်သူလို့သံသယရှိနေတဲ့သူကို လူသတ်သမားအဖြစ် စွပ်စွဲတယ် - သတင်းစာတွေမှာ ဘယ်လိုခေါင်းစဥ်တပ်မလဲဆိုတာ စဥ်းစားနေစရာတောင် မလိုဘူး။ သေချာပေါက် သတင်းကပေါက်သွားမှာပဲ။ တချို့သတင်းစာတွေဆို အာရုံစိုက်ခံချင်တာနဲ့ 'သံသယရှိတယ်' ဆိုတဲ့စကားလုံးတောင် ထည့်မှာမဟုတ်ဘူး။"
လင်ရှူးက စိုးရိမ်နေ၏။ "ငါ့ရဲ့ အဖိုးတန်ဘဝလေးအတွက် ဒီအမှုကိစ္စကို အမြန်ဆုံး ဖြေရှင်းရမယ်။"
ယွဲ့တင့်ထန်က သူ၏ပခုံးကို ပုတ်ပေးလိုက်သည်။ "ဒါက ခက်ခဲကြမ်းတမ်းတဲ့ ခရီးရှည်ကြီးပဲ။"
*****
Aurora Novel Translation Team