ရဲအရာရှိမှာ ဆွံအသွားလေသည်။ "ခင်ဗျား၊ လာနောက်နေတာမလား။"
လင်ရှူးက ပခုံးတွန့်ပြလိုက်၏။ "ခင်ဗျားမေးလို့ ကျွန်တော်က အမှန်တိုင်းပြောပြတာလေ။ ပြီးတော့ ကျွန်တော်က ယွမ်ပင်းလို အခွင့်အရေးသမားမဟုတ်ဘူး။ တုယွင်းနင်က ကျွန်တော့်အပေါ် စိတ်ခံစားချက်တွေရှိနေသေးတာ၊ ဘာတွေများ ထူးဆန်းနေလို့လဲ။"
တစ်ဖက်လူက မေးရန်ပြင်လိုက်ချိန်မှာ ရုတ်တရက် သူ့ဘေးနားက ချောင်းဟန့်သံကို ကြားလိုက်ရပြီး အသိပြန်ဝင်လာခဲ့သည်။ သူ အတင်းအဖျင်းများ၊ လျှို့ဝှက်ချက်များနှင့် ကွေ့ဝိုက်မနေတော့ဘဲ ချက်ချင်းကျောကိုမတ်ကာ မေးခွန်းများ ဆက်လက်မေးမြန်းခဲ့သည်။
"နောက်ထပ် ဘာဆက်ဖြစ်ခဲ့တာလဲ။"
လင်ရှူး: "သူ(မ)က သိပ်ကိုဝမ်းနည်းနေခဲ့တာ၊ ကျွန်တော့်ကိုဆွဲထားပြီး ကျောင်းမှာတုန်းက ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ပြောပြခဲ့တယ်။ နောက်တော့ သူ(မ) စိတ်အခြေအနေမကောင်းတာကို ကျွန်တော်မြင်လိုက်ရတာနဲ့ သူ(မ)ကို အိမ်ပြန်ပို့ပေးခဲ့လိုက်တယ်။"
ရဲအရာရှိ: "ယွမ်အိမ်တော်မှာရှိတဲ့သူတွေပြောစကားအရ အိမ်တော်ဝင်ပေါက်မှာ ခင်ဗျား ယွမ်ပင်းနဲ့ စကားများခဲ့ကြသေးတယ်ဆို။"
လင်ရှူး: "သူက ကျွန်တော့်ကြောင့် အရှက်ရနေခဲ့တာလေ။ ကျွန်တော်က ငယ်ရွယ်ပြီး သူ့ထက်စွမ်းဆောင်နိုင်နေတော့ ကျွန်တော့်ကို သဘောမတွေ့ဘူးဖြစ်နေတာပေါ့။"
ရဲအရာရှိက မကျေနပ်ပေ။ "အတည်ပြောစမ်း!"
လင်ရှူးက အပြစ်ကင်းမဲ့စွာ ပြောလာခဲ့၏။ "ဘယ်သူကရော စနောက်နေလို့လဲ။"
ရဲအရာရှိ: "မင်းတို့နှစ်ယောက် စကားများတာ ဘယ်လောက်ကြာလဲ။"
လင်ရှူး: "ကျွန်တော် မမှတ်မိတော့ဘူး၊ နာရီဝက်လောက်ဖြစ်မယ်။"
ရဲအရာရှိ: "အဲ့ဒါပြီးတော့ ဘယ်သွားခဲ့သေးလဲ။"
လင်ရှူး: "ရှောက်ကျိ*ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲသွားစားခဲ့တယ်။"
(TN/ ဆွေမျိုးမေ့ခေါက်ဆွဲဆိုင်)
ရဲအရာရှိ: "ယွမ်အိမ်တော်ကနေ ဘယ်အချိန်မှာထွက်လာခဲ့ပြီး ဘယ်အချိန်မှာ အိမ်ပြန်ရောက်တာလဲ။"
လင်ရှူး: "ညနေ ခြောက်နာရီလောက်က ထွက်လာခဲ့ပြီး အိမ်ပြန်ရောက်တာကတော့ ဆယ့်တစ်နာရီ ဒါမှမဟုတ် ညသန်းခေါင်လောက်ပေါ့။"
ရဲအရာရှိက နှာမှုတ်လိုက်သည်: "မင်းက ခေါက်ဆွဲဆိုင်မှာ ငါးနာရီတောင်နေခဲ့တာလား။ ဒါဆို အနည်းဆုံးတော့ ခေါက်ဆွဲ ဆယ်ပွဲလောက် စားခဲ့ရမှာပဲ၊ ဟုတ်တယ်မလား။"
လင်ရှူးက သက်ပြင်းချလိုက်သည်။ "ညီအစ်ကိုရေ၊ ခင်ဗျား ကြက်သွန်မြိတ်ခေါက်ဆွဲကို စားဖူးလား။ သူ့ရဲ့အရသာက ရှယ်ပဲဗျ။ ကျွန်တော်က ခေါက်ဆွဲဆိုင်ပိုင်ရှင်နဲ့ မိတ်ဆွေတွေလေ။ မှောင်ရီပျိုးတော့၊ သူက အိုးတစ်လုံးတည်ပြီး ပူပူစပ်စပ်ဖြစ်အောင် ပါးပါးလှီးထားတဲ့ ငရုပ်သီးတချို့နဲ့ ဟော့ပေါ့အရည်လုပ်တယ်။ ပြီးတော့ အမဲသား၊ ဆိတ်သား၊ တို့ဖူး၊ ငါးအသားလွှာတွေကို ထည့်တယ်..."
ရှန်းရန်ကျယ်က အိမ်ပြန်ရောက်ခါစဖြစ်ပြီး ဖင်ပူအောင်မထိုင်ရသေးခင် ထွက်ဆိုချက်ကို မှတ်တမ်းတင်ရန် ပြန်ခေါ်ခံခဲ့ရ၏။ သူ့မှာ ညစာတောင် စားချိန်မရခဲ့သည့်အတွက် ဒေါသထွက်နေခဲ့သည်။
ထိုကဲ့သို့အခိုက်အတန့်တွင် တစ်ဖက်လူက ဟင်းလျာအကြောင်းကို ထိုကဲ့သို့အသေးစိတ်ပုံဖော်ပြလာသောအခါ သူ့ရှေ့မှာ အငွေ့တထောင်းထောင်ထနေသော ဟော့ပေါ့အိုးကြီးတစ်လုံး ရောက်လာသလို ခံစားလိုက်ရပြီး သွားရည်ကျလာတော့သည်။
"ရပ်လိုက်တော့!" ရှန်းရန်ကျယ်က အော်လိုက်၏။ "ဒါဆို အဲ့ဒီငါးနာရီလုံး မင်းက ကြက်သွန်မြိတ်ခေါက်ဆွဲနဲ့ ဟော့ပေါ့စားနေခဲ့တာပေါ့?"
လင်ရှူးက ခေါင်းညိတ်ပြလိုက်၏။ "ကျွန်တော်တို့က စားရင်းသောက်ရင်း စကားစမြည်ပြောနေခဲ့တာမို့ ညနက်မှပြန်လာတာ ဘာများထူးဆန်းလို့လဲ။"
"မင်းအတွက် သက်သေခံပေးနိုင်တဲ့သူရှိလား။" ရှန်းရန်ကျယ်က မေးလာ၏။
"ရှောက်ကျိခေါက်ဆွဲဆိုင်ပိုင်ရှင်ရဲ့ သူဌေး ရှောက်ကော်ဝေ့ရှိတယ်။ ခင်ဗျား သူ့ကို မေးလိုက်ရင် သိမှာပဲ။" လင်ရှူးက ပြောလိုက်သည်။
"အဲ့ဒါ ဟုန်ထုံးလမ်းမပေါ်ကဆိုင်လား။" ရှန်းရန်ကျယ်က မေးလာ၏။
"အင်း။" လင်ရှူးက ပြန်ဖြေခဲ့သည်။
"အဲ့ဒီခေါက်ဆွဲဆိုင်ရဲ့ဘေးကအိမ်၊ ဒီနေ့မနက်အစောပိုင်း ၃ နာရီလောက်က မီးလောင်မှုဖြစ်ခဲ့ပြီး အိမ်ရှင်လင်မယားနဲ့ အိပ်ပေါ်တွေတင်မကဘူး၊ သူတို့ရဲ့ကလေးတွေလည်း အချိန်မီ မထွက်နိုင်ခဲ့လို့ မီးလောင်ပြီးသေဆုံးသွားခဲ့ရတယ်။ မီးက အဲ့ဒီခေါက်ဆွဲဆိုင်ကိုပါ ကူးသွားသေးတယ်။ မီးငြိမ်းပြီးတော့ အဲ့ဒီခေါက်ဆွဲဆိုင်မှာ ဘယ်သူဘယ်ဝါမှန်း မသိနိုင်လောက်အောင် မီးလောင်ထားတဲ့ အမျိုးသားတစ်ယောက်ရဲ့အလောင်းကို တွေ့ခဲ့ရတယ်။ အဖြစ်နိုင်ဆုံးကတော့ ခင်ဗျား စောစောကပြောတဲ့ ရှောက်ကော်ဝေ့ပဲ။" ရှန်းရန်ကျယ်က ပြောလာ၏။
လင်ရှူးမှာ ခုံခေါက်နေသောလက်တို့ ရုတ်ခြည်း ရပ်တန့်သွားတော့သည်။
"မဖြစ်နိုင်တာ။" လင်ရှူးတစ်ယောက် အံ့သြသွားသည်။
'ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ။' ဟု သူတွေးလိုက်မိသည်။
သူသည် ဤစစ်ကြောရေးက သာမန်လုပ်ရိုးလုပ်စဥ်တစ်ခုပဲဟု ထင်နေခဲ့၏။
ယွဲ့တင့်ထန်က သူနှင့် တုယွင်းနင်၏အတိတ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး သူ့အပေါ်မှာ ဖိအားပေးဖို့ စမစ်အား တောင်းဆိုခဲ့တာလည်း ဖြစ်နိုင်သည်ဟူ၍။
သို့သော် ယခုတွင် ထိုသို့မဟုတ်တော့ပေ။
တုယွင်းနင်က သေဆုံးသွားပြီး မသေခင်မှာ လင်ရှူးနှင့် ခိုးရာလိုက်ပြေးချင်နေခဲ့၏။ လင်ရှူးကလည်း သူ(မ)၏ခင်ပွန်း ယွမ်ပင်းနှင့် စကားများခဲ့သေးသည်။ ကိစ္စများက ပြင်းထန်လာခဲ့လေပြီ။
အပြင်လူများအတွက် လင်ရှူးနှင့် တုယွင်းနင်တို့ကြားဆက်ဆံရေးက မရှင်းမလင်းဖြစ်နေပုံပင်။
ယွဲ့တင့်ထန်ပြောပုံအရ တုယွင်းနင်သေဆုံးခဲ့သည်မှာ နှစ်နာရီကျော်နေပြီဖြစ်ရာ ဆိုလိုသည်က ယနေ့မနက်အစောပိုင်း သို့မဟုတ် ယမန်နေ့ညပိုင်းအချိန်မှာ ဖြစ်ပျက်ခဲ့သည်ပင်။
(TN/ မနေ့က လင်ရှူး ယွမ်အိမ်တော်ကနေ ထွက်လာပြီးနောက်ပိုင်း ညနေ ၆ နာရီကနေ ၁၁ နာရီအတွင်း၊ ဒါမှမဟုတ် မီးလောင်မှုဖြစ်တဲ့အချိန် မနက် ၃ နာရီဝန်းကျင်။ ဆိုတော့ အချိန်အပိုင်းအခြားက ညနေ ၆ နာရီကနေ နောက်နေ့မနက် ၃ နာရီအတွင်း အသတ်ခံရတာပါ။)
တစ်ချိန်တည်းမှာပင် လင်ရှူးက အိမ်မှာလည်းမရှိသလို တာဝန်ထမ်းဆောင်နေတာလည်းမဟုတ်ဘဲ ငါးနာရီကြာ တစ်နေရာရာမှာ ရှိနေခဲ့သည်။
သူက ရှောက်ကျိခေါက်ဆွဲဆိုင်မှာ သူဌေးနှင့် ပေါ့ပေါ့ပါးပါးစကားစမြည်ပြောရင်း အချိန်ဖြုန်းနေခဲ့တာဖြစ်၏။
သို့သော် ယခု သူဌေးက သေဆုံးသွားပြီ။
သူ၏စကားများက စစ်မှန်ပါသည်ဟု မည်သူကမှ သက်သေမပြနိုင်တော့ပေ။
"ဘာလို့ ကျွန်တော့်ကို သံသယဝင်တာလဲ။"
လင်ရှူးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ကျွန်တော့်မှာ တုယွင်းနင်ကိုသတ်ဖို့ ဘာအကြောင်းမှမရှိဘူး။ ကျွန်တော်က သူ(မ)ကိုသတ်လို့ ဘာရမှာမို့လဲ။"
ထို့နောက် စကားပြောလာသူက ယွဲ့တင့်ထန်ဖြစ်၏။
"တုယွင်းနင်က မင်းနဲ့အတူ ခိုးရာလိုက်ပြေးချင်ပါတယ်ဆိုတာက မင်းရဲ့ တစ်ဖက်သတ်စကားပဲ။"
"အဲ့ဒါက ဒီလိုရော မဖြစ်နိုင်ဘူးလား: မင်းက တုယွင်းနင်နဲ့ ထွက်ပြေးချင်ခဲ့ပေမဲ့ သူ(မ)က သဘောမတူခဲ့ဘူး။ လက်ထပ်ပြီးတာတောင်မှ သူ(မ)က မင်းနဲ့ တစ်ခုခုပတ်သက်နေတာကို ယွမ်ပင်းသိသွားတာကြောင့် မနေ့က မင်းထွက်သွားပြီးတဲ့နောက်မှာ တုယွင်းနင်နဲ့ အကြီးအကျယ်ရန်ဖြစ်ပြီး ယွမ်အိမ်တော်ကနေ ထွက်သွားခဲ့တယ်။ သူထွက်သွားတာကို အခွင့်ကောင်းယူပြီး မင်းက သူ(မ)ဆီကိုပြန်သွား၊ သူ(မ)ကို မင်းနဲ့အတူလိုက်ခဲ့ဖို့ ဖျောင်းဖျခဲ့ပေမဲ့ သူ(မ)က ငြင်းခဲ့တာကြောင့် မင်းက ဒေါသထွက်ပြီး သူ(မ)ကို လည်ပင်းညှစ်သတ်လိုက်တယ်။"
လင်ရှူးက သက်ပြင်းချလိုက်သည်။ "လောင်ယွဲ့၊ ငါတို့က အတန်းဖော်ဟောင်းတွေပါကွာ။ မင်းက မျက်လုံးဖွင့်လျက်သားနဲ့ အဓိပ္ပာယ်မရှိတာတွေ ပြောနိုင်တယ်ဆိုတာကို ငါ ဘယ်လိုလုပ်ပြီး သတိမထားခဲ့မိရတာပါလိမ့်။"
ယွဲ့တင့်ထန်က တည်ငြိမ်စွာ ပြန်ပြောလာခဲ့သည်။ "ဒါက အကျိုးကြောင်းသင့်တဲ့ ထင်ကြေးတစ်ခုပဲ။ ပြီးတော့ ငါတို့တွေ သိပ်ကိုအရေးကြီးတဲ့အရာကို ရှာတွေ့ထားတယ်။"
လင်ရှူးက လက်မြှောက်လိုက်၏။ "နေဦး၊ မင်းပြောတော့ မင်းက ရဲအရာရှိမဟုတ်ဘူး၊ မင်းရဲ့ အသိမိတ်တွေဟောင်းကြောင့် ဒီနေရာကို ရောက်လာခဲ့တာဆို။ ဒါဆို အခု ဒီနေရာမှာ မင်းကဘာလုပ်နေတာလဲ။"
သူ၏နံဘေးမှာရှိသောစမစ်က ပြောလာခဲ့သည်။ "ပရော်ဖက်ဆာယွဲ့က ဘယ်အမှုကိစ္စမှာမဆို ဆွေးနွေးတိုင်ပင်ပြီး စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ဆောင်ရွက်နိုင်တဲ့ ကျွန်တော်တို့ဌာနက အထူးခန့်အပ်ထားတဲ့ အတိုင်ပင်ခံတစ်ယောက်ပါ။"
လင်ရှူး: ...
"ဒီအတိုင်ပင်ခံကို နောက်ဆုံးစက္ကန့်လေးတင်မှ အလုပ်ခန့်လိုက်တာ၊ ဟုတ်တယ်မလား။"
စမစ်က သူ၏လှောင်ပြောင်မှုကို လျစ်လျူရှုကာ ထရပ်လိုက်ပြီး ယွဲ့တင့်ထန်၏ပခုံးကို ပုတ်လိုက်၏။
"ငါ လုပ်စရာရှိလို့ ဒီကိစ္စကို မင်းတို့နဲ့ပဲ လွှဲထားခဲ့မယ်။"
သံတံခါးက ပွင့်လာပြီးနောက် နောက်တစ်စက္ကန့်မှာ ပြန်ပိတ်သွားလေသည်။
အမြဲတမ်း ဆန့်ကျင်ဘက်နေရာမှာ ထိုင်ခဲ့ရသည့်လင်ရှူးတစ်ယောက် တစ်နေ့နေ့မှာ သံသယတရားခံဖြစ်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့မိပေ။
၎င်းမှာ ထူးဆန်းလွန်းသော အတွေ့အကြုံတစ်ခုပင်။
ယခုအချိန်တွင် သူသည် ရှောက်ကျိခေါက်ဆွဲဆိုင်မှာ ထိုင်နေသင့်တာဖြစ်၏။
ယွဲ့တင့်ထန်: "ဒီအမှုက ပြည်သူ့သက်သာချောင်ချိရေးအောက်မှာဖြစ်သွားတာဆိုတော့ တုယွင်းနင်ရဲ့ အနေအထားရယ်၊ ယွမ်ပင်းရဲ့ အဆက်အသွယ်တွေနဲ့ဆို မကြာခင် မီဒီယာတွေရှေ့ ရောက်သွားပြီး အာရုံစိုက်ခံရမှာပဲ။ စမစ်က ဒါကို နိုင်ငံရေးကိစ္စတစ်ခုလို ကိုင်တွယ်နေပြီး မြို့တော်အစိုးရထဲမှာရှိတဲ့ မင်းရဲ့ယောက်ဖက ဝင်ပါချင်ရင်တောင် တတ်နိုင်မှာမဟုတ်ဘူး။ မင်း ဒါကို လေးလေးနက်နက်ရင်ဆိုင်ပြီး အမှန်တရားကိုပြောပြဖို့ ငါ အကြံပေးချင်တယ်။"
လင်ရှူး: "မင်း စောစောကပြောတဲ့ အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုဆိုတာ ဘာကိုပြောတာလဲ။"
ယွဲ့တင့်ထန်: "အမှုဖြစ်ပွားခဲ့တဲ့ တုယွင်းနင်ရဲ့အိပ်ခန်းပြတင်းပေါက်မှာ ခြေရာတစ်ခုတွေ့ခဲ့တယ်။ စစ်ဆေးကြည့်ပြီးနောက်မှာ အဲ့ဒါက ရဲဘွတ်ဖိနပ်ဖြစ်နေတယ်။ ပြီးတော့ သူ့ရဲ့ ဖိနပ်အရွယ်အစားက-"
သူက လင်ရှူး၏ဖိနပ်တို့ကို ကြည့်လာခဲ့သည်။
ရှန်းရန်ကျယ်တစ်ယောက် ရှေ့ကိုတက်လာပြီး လင်ရှူး၏ခြေထောက်များမှ သားရေဖိနပ်များကို ဆွဲချွတ်ကာ အမှုဖြစ်ပွားရာနေရာမှ ဓာတ်ပုံနှင့်ကိုက်ညီကြောင်း ခေါင်းညိတ်ပြလိုက်၏။
ယွဲ့တင့်ထန်: "ကံမကောင်းစွာနဲ့ပဲ မင်းရဲ့ ဖိနပ်အရွယ်အစားနဲ့ တစ်ထပ်တည်းကျနေတယ်။"
တရုတ်နှစ်သစ်ကူး အကြိုနေ့မတိုင်ခင်တစ်ရက်တွင် လာမည့်အားလပ်ရက်အတွက် ပျော်ရွှင်နေရမည့်အစား လင်ရှူးတစ်ယောက် ဝင်္ကပါထဲကို ခြေချမိသွားသည်။
သူ့ဘေးပတ်ပတ်လည်မှာ ရှုပ်ထွေးပွေလီသော ထောင်ချောက်များဖြင့် ဝန်ရံထားရာ သူ လုံးဝကို အသက်ရှူကျပ်သွားတော့သည်။
*****
Aurora Novel Translation Team