လင်ရှူး မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး ယာယီမှင်တက်နေမိသည်။ သူ အဖြူရောင်ပြင်ကျယ်ကြီးကို မြင်နေရ၏။ အဖြူရောင်က နှင်းများထူထဲစွာ ကျဆင်းနေသောကောင်းကင်ကြီးအောက် ပြန်လည်ရောက်ရှိသွားသလို ရင်းနှီးနေသောခံစားချက်ကို ပေးစွမ်းနေသည်။ ထိုခံစားချက်က သူ၏မှတ်ဉာဏ်ထဲ၌ စွဲထင်နေလျက်ရှိ၏။
နှင်းများနှင့် အသားကျနေသောသူက အအေးဓာတ်ကို မခံစားရသော်လည်း သေးငယ်သောတံတားလေးများ၊ စီးဆင်းနေသော မြစ်ချောင်းများ၊ ပျော့ပျောင်းသောနှင်းဖွဲလေးများနှင့် လေပြည်လေးများကို အသားကျနေသောသူအတွက် နှင်းများလွှမ်းနေသော ကောင်းကင်ကြီး၏ သက်ရောက်မှုမှာ ဖော်ပြ၍မစွမ်းသာပေ။ အံ့သြတကြီး ဆွံအသွားသည်ဆိုသောစကားလုံးမှလွဲ၍ ၎င်းကိုဖော်ပြဖို့ အခြားစကားလုံးမရှိချေ။
သို့သော် ထိုခံစားချက်က ကြာရှည်မခံလိုက်ပေ။ အအေးဓာတ်က သိပ်မထူသည့် အဝတ်အစားများမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာပြီး အရေပြားများ၊ ကြွက်သားများကနေတစ်ဆင့် အရိုးထဲထိ စိမ့်ဝင်သွား၏။ နောက်ဆုံးတွင် အရိုးထဲထိစိမ့်နေတာပဲဆိုသည်မှာ ဖော်ပြချက်တစ်ခုမဟုတ်ဘဲ အခြေအနေတစ်ခုဖြစ်ကြောင်း နားလည်သွားခဲ့သည်။
တစ်စုံတစ်ယောက်၏လက်ကို အအေးဓာတ်နှင့် ငါးမိနစ်လောက်ထိတွေ့လိုက်လျှင်တောင် အေးခဲပြီး ကျင်သွားစေနိုင်၏။ သို့သော် ၎င်းတို့ကို နွေးထွေးသွားစေဖို့အတွက် ပြန်မရုပ်လိုက်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့က သေနတ်များကိုင်ထားဆဲဖြစ်ပြီး ကိုယ်ပေါ်ကနှင်းများကို ဖယ်ရှားရန် မလှုပ်ရှားနိုင်သလို နွေးထွေးသွားအောင် ထရပ်ပြီး ခုန်ပေါက်နေလို့လည်းမရပေ။ ၎င်းတို့က နှင်းတောထဲမှာပုန်အောင်းနေပြီး သေနတ်ပစ်လွှတ်လိုက်မည့် အခိုက်အတန့်အထိ နှင်းများကြားထဲ တစ်သားတည်းဖြစ်အောင် ရောနှောနေရမည်။
မူးဝေနေခြင်းက အချိန်နှင့် နေရာများကို လက်တွေ့နှင့် ပုံရိပ်ယောင်များကြား အပြန်အလှန် ကူးပြောင်းနေစေသည်။ ခန္ဓာကိုယ်က လဲလျောင်းနေဆဲဖြစ်သော်လည်း ရှုပ်ပွနေသောအတွေးများကို ထိန်းချုပ်ဖို့ခက်ခဲပေ၏။ လင်ရှူး မတတ်နိုင်တော့ဘဲ မျက်မှောင်ကြုတ်ကာ မျက်လုံးများမှိတ်ချလိုက်သည်။
"မင်း သတိရလာပြီ!" ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရသည်။
ထိုအသံက အနည်းငယ်စိတ်လှုပ်ရှားနေသော်လည်း ကျယ်လောင်သောအသံက သူ၏ဒဏ်ရာအဟောင်းများကို ပြန်ပြီးထိခိုက်စေမည့်အလား သတိထားနေဟန်လည်းပေါ်၏။
လင်ရှူးက မျက်လုံးမဖွင့်ခဲ့ပေ။ သူက လင်ယောင်ထံ လက်ကလေးမြှောက်ပြလိုက်သည်။
သူ၏လက်ဖမိုးက အနည်းငယ် စူးသွား၏။
"မလှုပ်ရှားနဲ့ဦး၊ မင်း IV ချိတ်ထားသေးတယ်!"
လင်ယောင်က သူ့ကိုတားဆီးကာ သူ၏လက်ကို ဖမ်းဆုပ်လိုက်ပြီး သိမ်မွေ့စွာဖြင့် ကုတင်ပေါ်ကို ပြန်တင်ပေးလိုက်သည်။
"အခု စကားပြောနိုင်လား။ တစ်နေရာရာက မသက်မသာဖြစ်နေသေးလား။"
၎င်းမှာ အမျိုးသားတစ်ဦး၏အသံဖြစ်ပြီး ငြိမ့်ညောင်းကာ နိမ့်ကျသော်လည်း လုံးဝကြီးနက်ရှိုင်းခြင်းမရှိပေ။
၎င်းမှာ အရည်ပျော်နေသောဆီးနှင်းများ၏ အေးစက်မှုနှင့် အလားသဏ္ဌာန်တူပြီး အခြားသောပြင်ပအားများဖြင့် အလွယ်တကူ မနှောင့်ယှက်နိုင်သည့် တည်ငြိမ်မှုတို့ ကိန်းဝပ်နေသည်။
နောက်ဆုံးတွင် လင်ရှူးတစ်ယောက် မျက်လုံးများဖွင့်ကြည့်လာ၏။
သူ၏လှုပ်ရှားမှုများက နှေးကွေးသော်လည်း သူ သက်သောင့်သက်သာမရှိနေမှန်း သိသာလှသည်။
လူနာဆောင်ထဲရှိ လူနှစ်ယောက်လုံး တိတ်ဆိတ်သွားကြပြီး သူ့ကို အစောတလျင်မလုပ်ရဲကြချေ။
၎င်းတို့က ပဟေဠိဖြစ်နေသော မျက်နှာအမူအရာနှင့် ၎င်းတို့ကို ဖြည်းဖြည်းချင်းကြည့်လာသော လင်ရှူးကို ကြည့်နေကြသည်။
လင်ယောင်၏နှလုံးသားက လေထုအလယ်မှာ ချိတ်ဆွဲခံရသလို ရုတ်တရက် ဆန်တက်လာခဲ့၏။
ထို့နောက် မမျှော်လင့်ထားသော်လည်း ကျိုးကြောင်းသင့်လျော်သော၊ သူ(မ) မယုံကြည်နိုင်သော်လည်း ယုံကြည်လို့မရနိုင်သော တစ်စုံတစ်ခုကို လင်ရှူးက ပြောလာခဲ့သည်။
"ခင်ဗျားတို့က ဘယ်သူတွေလဲ။"
လင်ယောင်၏ခြေထောက်များ ပျော့ခွေသွား၏။ ယွဲ့တင့်ထန်ကသာ သူ(မ)ကို အလျင်အမြန် မထိန်းပေးလိုက်လျှင် သူ(မ) ပြုတ်ကျသွားလိမ့်မည်။
"ရှောင်တိ!"
လင်ယောင်က မျက်ရည်ပေါက်ကြီးငယ် ကျလာတော့သည်။
ယွဲ့တင့်ထန်၏မျက်နှာက လေးနက်လာပြီး လင်ယောင်အား ထိုင်ရန် ကူညီပေးလိုက်သည်။
"မင်း ဘာမှမမှတ်မိဘူးလား။ မင်းက ဘယ်သူလဲဆိုတာ သိလား။"
လင်ရှူးက ဗလာကျင်းနေသောအမူအရာဖြင့် ခေါင်းယမ်းပြလာ၏။
လင်ယောင်က ကူကယ်ရာမဲ့စွာဖြင့် မျက်နှာကိုဖုံးအုပ်ကာ အကြည့်လွှဲလိုက်သည်။
လူနာက ဦးခေါင်းဒဏ်ရာရထားသောကြောင့် နိုးလာလျှင် ယာယီမှတ်ဉာဏ်ပျောက်တာမျိုး ဖြစ်နိုင်သည်ဟု ဆရာဝန်က ၎င်းတို့ကို ပြောထားပြီးသားဖြစ်၏။ သို့သော် အကြားနှင့် လက်တွေ့မြင်လိုက်ရသည်က လုံးဝကွဲပြားပေသည်။ လင်ယောင်သည် လင်မိသားစုကျရှုံးသွားပြီးကတည်းက ယခုလိုထိတ်လန့်မှုတို့ကို မခံစားခဲ့ရချေ။
"မင်းနာမည်က လင်ရှူး၊ လင်ပင်းရဲ့ လင်၊ ကြယ်တာရာရဲ့ ထျန်းရှူးက ရှူး။ ဒီပုဂ္ဂိုလ်က မင်းရဲ့အစ်မလင်ယောင်၊ ဝေးကွာတယ်ဆိုတဲ့ ယောင်။"
"ဆရာဝန်ပြောတာတော့ မင်းရဲ့ခေါင်းကို သစ်သားတုတ်နဲ့ အရိုက်ခံလိုက်ရလို့ ဆယ်ချက်ကျော်ချုပ်လိုက်ရတာမို့ ခဏလောက်တော့ မှတ်ဉာဏ်တွေ ရှုပ်ထွေးနေနိုင်တယ်တဲ့။"
"အခု စိတ်မပူပါနဲ့။ မင်း သက်သာလာတဲ့အခါကျ ဖြည်းဖြည်းချင်း မှတ်ဉာဏ်တွေ ပြန်ရလာနိုင်ပါတယ်။"
ယွဲ့တင့်ထန်၏အမူအရာက ပျော့ပျောင်းနေပြီး သူ၏လေသံက တစ်ဖက်လူ မကြားလိုက်ရမည်ကို စိုးရိမ်နေသည့်အလား နှေးကွေးနေ၏။
ကံမကောင်းစွာဖြင့် လင်ရှူး၏အမူအရာက ရှုပ်ထွေးနေလျက်သားပင်။
"ဒါဆို ခင်ဗျားက ဘယ်သူလဲ။"
သူက ယွဲ့တင့်ထန်ကို ကြည့်လိုက်၏။
"ငါ့နာမည်က ယွဲ့တင့်ထန်ပါ။ ယွဲ့ဖေးရဲ့ ယွဲ့။ ငါတို့မိသားစုထဲမှာ ယောက်ျားလေးသုံးယောက်နဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။ ယောက်ျားလေးအားလုံးရဲ့နာမည်တွေမှာ မင်းဆက်အမည်တွေပါတယ်။ ငါက တတိယမြောက်မင်းဆက်လေ။ ငါ့အစ်ကိုနှစ်ယောက်က တင့်ချင်နဲ့ တင့်ကျင်းတဲ့။ ငါ့ရဲ့တတိယအစ်မနာမည်က ယွဲ့ချွင်းရှောင်။ မင်း သူ(မ)နဲ့ အရင်တုန်းက ဆုံဖူးတယ်။ သူ(မ)က မင်းအပေါ်ကို အမြင်ကောင်းရှိပြီး ငါတို့အိမ်ကိုတောင် ထမင်းစားဖိတ်ခဲ့သေးတယ်လေ။"
ယွဲ့တင့်ထန်က စိတ်ရှည်လက်ရှည်ဖြင့် မငြိုငြင်ဘဲ သူ့နာမည်၏ဇာစ်မြစ်ကိုတောင် အသေးစိတ်ရှင်းပြနေခဲ့သည်။
လင်ရှူးက ပဟေဠိဖြစ်သွား၏။ "ယွဲ့ဖေးက ဘယ်သူလဲ။"
ယွဲ့တင့်ထန်: "သမိုင်းမှာ ကျင့်မင်းဆက်ကို တိုက်ခိုက်ခဲ့တဲ့ နာမည်ကျော်စစ်သူကြီး။"
လင်ရှူး: "မင်းနဲ့ငါက ဘာတော်တာလဲ။"
ယွဲ့တင့်ထန်က သက်ပြင်းချလိုက်၏။ "ငါတို့က အထက်တန်းကျောင်းမှာကတည်းက အတန်းဖော်တွေဖြစ်ခဲ့တာ။ အရင်ကဆို တစ်ယောက်ဘောင်းဘီတစ်ယောက်ဝတ်တဲ့အထိ အရမ်းရင်းနှီးကြတယ်။ အရသာရှိတဲ့အစားအသောက်တွေဆို မင်းက ငါ့ကိုစားခိုင်းပြီး စာမေးပွဲတွေမှာဆိုလည်း ငါ့ကို အမြဲတမ်း အဖြေတွေပြောပြတတ်တယ်။ တစ်ခါက ငါကျောင်းနောက်ကျတော့ ဆရာမမသိအောင် မင်းကကူဖုံးပေးခဲ့သေးတယ်။ နောက်ပိုင်းကျ မင်း ကမ္ဘာလောကကြီးကို ကြည့်ချင်လို့ ဟုန်ဖန်ဂေဟာ*ကို သွားချင်တယ်လို့ပြောပြီး ငါ့ဆီကနေ ယွမ် ၅၀၀ ချေးခဲ့လို့ ငါလည်း မင်းကို ချေးပေးခဲ့တယ်။ အဲ့နောက်ပိုင်း မင်း ငါ့ကို ပြန်မပေးပေမဲ့ ငါလည်း ပြန်မတောင်းခဲ့ပါဘူး။"
(TN/ ဆောင်ကြာမြိုင်ပါ)
လင်ယောင်က ငိုနေတာကိုရပ်တန့်ကာ ရုတ်တရက် ခေါင်းထောင်လာခဲ့သည်။
"ဟုန်ဖန်ဂေဟာက ဘာလဲ။ ပြီးတော့ ယွမ် ၅၀၀ ကရော?"
ယွဲ့တင့်ထန်က လေးနက်နေဟန်။ "ကျဲ၊ လင်ရှူးက အခု ဒီလိုဖြစ်နေတာကို အဲ့ဒါတွေ နောက်မှပြောကြရအောင်ပါ။ ယွမ် ၅၀၀ ကလည်း ကျွန်တော် အရေးပေါ်လိုနေတာမျိုးမှ မဟုတ်တာ။"
(TN/ ဒီနေ့ဘာသာပြန်တဲ့နေ့မှာ 1 ယွမ်ကို 0.14 ဒေါ်လာရှိပါတယ်။ 500 ယွမ်ဆိုတော့ 70.48 ဒေါ်လာရှိပါတယ်နော်။ ဒါပေမဲ့ ဒီဝတ္ထုက ခေတ်ကာလမတူတာကြောင့် ယွမ် 500 ဆိုတဲ့ပမာဏက များနေနိုင်ပါတယ်။)
*****
Aurora Novel Translation Team