ယနေ့ခေတ်တွင် ကပွဲများကို အမျိုးအစားများခွဲခြားထားပြီး ကပွဲများသို့သွားရောက်သူဧည့်သည်များကို အတန်းသုံးတန်းနှင့် အဆင့်ကိုးဆင့်ခွဲခြားထားလေသည်။ ကော်တရာကပ်စေး ဧည့်သည်များကတောင် အကသမားများအတွက် ဝိုင်ပုလင်းဖွင့်ဖောက်ပေးကာ ဘောက်ဆူးပေးတတ်ကြသည်။ ရက်ရောသူများကတော့ အကသမားများကို လမ်းမထက်ဆွဲခေါ်လာပြီး ဟိုတယ်အခန်းငှားခြင်း သို့မဟုတ် ၎င်းတို့အတွက် အိမ်တစ်လုံးတောင် ဝယ်ပေးတတ်ပေသည်။
သို့သော်လည်း ဧည့်သည်များကို ဘောက်ဆူးပြန်ပေးတတ်သည့်အကသမားဟူ၍ သူ(မ)မတွေ့ခဲ့ဖူးပေ။ သို့သော် သူ(မ)ခံစားနေရသော အံ့သြမှုတို့က လင်ရှူးကိုတွေ့လိုက်ချိန်မှာ ပျောက်ကွယ်သွားလေသည်။
ရိုစီ သူ(မ)ကို နားလည်ပေးနိုင်သည်ဟုတောင် ခံစားနေရ၏။ သူ(မ)သာဆိုလျှင်လည်း ထိုသို့လုပ်မိလောက်သည်...
ကပွဲက အဆုံးသတ်သွား၏။ ယာချီတစ်ယောက် ဆက်ပြီးကချင်နေသေးသော်လည်း ချန်စစ်က ရိုစီ၏လက်ကိုလွှတ်ကာ လင်ရှူးထံ လျှောက်လာခဲ့သည်။
"ဟိုဘက်က ကတုံးပြောင်နဲ့လူကိုကြည့်လိုက်။" ချန်စစ်က လင်ရှူးကိုတံတောင်ဖြင့်တွက်ကာ မေးငေါ့ပြလိုက်သည်။
"ဘာလို့လဲ။"
"ဒီမနက်တုန်းက သုံးဘီးမောင်းတဲ့သူတစ်ယောက် လမ်းကိုမကြည့်ဘဲမောင်းခဲ့လို့ သူ့ကို အသာလေးဝင်တိုက်မိသွားတာကြောင့် မတော်တဆတစ်ခုဖြစ်ခဲ့တယ်။ အဲ့ဒါကို အဲ့ဒီထိပ်ပြောင်ကောင်က ဟိုဘက်ကလူကို ပြင်းပြင်ထန်ထန် ပြန်ရိုက်လိုက်တယ်။ တစ်ဖက်လူက အခု ထော့ကျိုးဖြစ်သွားပြီး တော်တော်လေးအခြေအနေဆိုးတဲ့ပုံပဲ။"
သူ့ကြည့်ရတာ ထိုကတုံးပြောင်ကောင်ကို ကိုင်တွယ်ချင်နေပုံပင်။
လင်ရှူး: "စစ်ဆေးကြည့်ပြီးပြီလား။"
ချန်စစ်က မချေမငံပြုံးလိုက်၏။ "သူက သောက်ရမ်းမောက်မာနေလို့ သူ့မှာ နောက်ခံတစ်ခုခုရှိမယ်ထင်လို့ ငါ စစ်ဆေးခဲ့သေးတယ်။ ရလဒ်ကတော့ သူ့ရဲ့ဦးလေးက ရဲဌာနချုပ်မှာ အလယ်တန်းဆင့် ရဲအရာရှိတစ်ယောက်တဲ့။ သူ့ရဲ့နောက်ခံက မင်းလောက်တောင် မကောင်းပါဘူးကွာ!"
လင်ရှူးမှာ မျက်နှာသေကြီးဖြစ်သွား၏။ "ငါ့မှာ ဘာနောက်ခံရှိရမှာလဲ။ ငါက သေဖို့စောင့်နေတဲ့ ရဲအရာရှိငယ်လေးပဲရှိသေးတာ။ ဒီကိစ္စမှာ ငါ့ကိုဆွဲမထည့်နဲ့။"
ချန်စစ်: "သွားမယ်၊ ငါ့ကို မတားနဲ့တော့! ငါ နောက်ကျ သူ့ကိုသွားရှာပြီး ပြန်ရိုက်ပေးလိုက်မယ်၊ ဘယ်လိုလဲ။"
လင်ရှူးက မျက်ခုံးပင့်ကာ ရုတ်တရက် ညစ်ကျယ်ကျယ်ပြုံးလိုက်လေသည်။ "ငါ့မှာ ပိုကောင်းတဲ့အကြံရှိတယ်။"
ကတုံးပြောင်ဟွမ်က သူ၏အကပါတနာကို သိပ်ပြီးစိတ်တိုင်းကျမနေချေ။
သူက ယာချီကို မျက်စိကျနေတာဖြစ်၏။
သူ(မ)၏နံဘေးမှာ ဧည့်သည်တစ်ယောက်ရှိနေပြီးသားဖြစ်ပြီး ထိုဧည့်သည်၏နောက်ခံကို သူမသိရာ လက်လွတ်စပယ် မချဥ်းကပ်ရဲပါချေ။
ရှန်ဟိုင်းက ပုန်းလျှိုးနေသောနဂါးများ၊ တွင်းဝပ်နေသည့်ကျားများ ပျော်စံရာနေရာဖြစ်ပြီး ခြေလမ်းမှားသွားတာနှင့် သတိမထားလျှင် ချမ်းသာသောသခင်လေး သို့မဟုတ် တိုင်းတစ်ပါးစီးပွားရေးသမားများနှင့် ခြေရှုပ်မိသွားမည်ဖြစ်ရာ ကတုံးပြောင်ဟွမ် ရန်စဖို့ မတတ်နိုင်ပေ။
ကတုံးပြောင်ဟွမ်က အခွင့်အရေးကိုဆုပ်ကိုင်ပြီး အရက်လာချသောစားပွဲထိုးကို ဆွဲခေါ်ကာ ပိုက်ဆံအနည်းငယ်ပေး၍ ထိုနှစ်ယောက်အကြောင်းကို မေးမြန်းလိုက်သည်။
ချန်စစ်ရော၊ လင်ရှူးရောကပါ ချမ်းသာသည့်ဧည့်သည်များမဟုတ်သလို ဘာနောက်ခံမှမရှိတာကို သိလိုက်ရပြီးနောက် သက်ပြင်းချကာ ၎င်းတို့ဆီကိုလျှောက်သွားခဲ့သည်။
"ညီအစ်ကိုတို့ ခင်ဗျားတို့ရဲ့မျိုးရိုးနာမည်က ဘာလဲ။ ကျုပ်ရဲ့မျိုးရိုးနာမည်က ဟွမ်ပါ။ ဆေးလိပ်လေးသောက်ပါဦးလား။"
ကတုံးပြောင်ဟွမ်က စီးကရက်ကို ဖော်ရွေသောအမူအရာဖြင့် ကမ်းပေးလာ၏။ မြစ်များ၊ ကန်များထဲ ခြေဆန့်လာသည့် သူ၏အတွေ့အကြုံများအရ ဤအကွက်က အချိန်တိုင်းလိုလို အလုပ်ဖြစ်ပေသည်။
တစ်ဖက်လူက သူ့ကို ဘယ်ကလဲဟု ပြန်မေးလျှင် သူက သူ့ဦးလေးနာမည်ကို ထုတ်ပြောပြီး လှပသောအကမိန်းမပျိုလေးကို ယနေ့ညအတွက် ရယူဖို့ကြိုးစားပေမည်။
သို့သော် နောက်ဆက်တွဲအဖြစ်အပျက်က သူမျှော်လင့်ထားတာနှင့် လုံးဝမကိုက်ညီပေ။
ချန်စစ်က ဆေးလိပ်ကိုယူကာ ရုတ်တရက် မေးလာ၏။ "ငါတို့ အရင်က တစ်နေရာရာမှာတွေ့ဖူးလား။"
ကတုံးပြောင်ဟွမ်က အံ့သြသွားပြီး ပြုံးလိုက်လေသည်။ "မဖြစ်နိုင်တာ၊ ညီအစ်ကို အမှတ်မှားတာပဲဖြစ်မယ်။"
"လွန်ခဲ့တဲ့ငါးနှစ်က မိသားစုငါးယောက်ကိုသတ်ခဲ့တဲ့ ရာဇဝတ်ကောင်နဲ့ဆင်သလိုပဲ။"
ချန်စစ်က သူ့ပေါင်ကိုထုရိုက်ကာ လင်ရှူး၏လက်မောင်းကိုဆွဲလိုက်သည်။ "ကြည့်လိုက်စမ်း ဟေ့ရောင်၊ ရာဇဝတ်ကောင်ရဲ့ပုံတူက တကယ့်လူအစစ်တိုင်းပဲမဟုတ်ဘူးလား။"
လင်ရှူးက အနီးကပ်စစ်ဆေးကာ လေးလေးနက်နက်ပြောလာ၏။ "တော်တော်လေးဆင်သလိုပဲ။"
ကတုံးပြောင်ဟွမ်က ဒေါသတကြီးပြောလာခဲ့သည်။ "ဘယ်လိုတောင် အဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ! ကျုပ်ရဲ့မျိုးရိုးက ဟွမ်၊ နာမည်က စုန့်၊ ကျုပ်ပြောတာကို သေချာနားထောင်၊ စုန့်ရှန်းတောင်ရဲ့ စုန့်ဗျ။ အဲ့ဒါက ဘယ်လိုဖြစ်ပြီး အလိုရှိတဲ့ရာဇဝတ်ကောင်ဖြစ်ရမှာလဲ။ ကျုပ်ဦးလေးက ဘယ်သူလဲသိကြလား။"
ချန်စစ်က လေးလေးနက်နက်ပြောလာခဲ့သည်။ "မင်းရဲ့ဦးလေးက မြို့တော်ဝန်ဖြစ်နေရင်တောင် မင်းက အပြစ်သားဆိုတာနဲ့ ဘာမှမဆိုင်ဘူး။ ငါတို့က ကျန်းဝမ်ခရိုင်ရဲစခန်းက ရဲအရာရှိတွေ။ ကျေးဇူးပြုပြီး ငါတို့နဲ့လိုက်ခဲ့ပါ။ မင်းမှာ အပြစ်မရှိဘူးဆိုတာကို သက်သေပြနိုင်ရင် မင်းကို ပြန်လွှတ်ပေးမှာပါ။"
ထိုသို့ပြောကာ ကတုံးပြောင်ဟွမ်၏လက်ကောက်ဝတ်ကိုဆွဲ၍ လက်ထိပ်ကိုထုတ်လိုက်ပြီး ခတ်ဖို့ရာအဆင်သင့်ဖြစ်နေလေပြီ။
ကတုံးပြောင်ဟွမ်က အံ့သြသွားသလို ဒေါသလည်းထွက်လာ၏။ သူသည် ယခုလိုမျိုး လှုပ်ရှားဖို့အခွင့်အရေးတောင်မရသည့်အခြေအနေမျိုးနှင့် မကြုံဖူးပါချေ။
"ကျုပ်ရဲ့ဦးလေးက ဟွမ်မင်၊ ခင်ဗျားတို့တွေ ရဲဌာနချုပ်က ဟွမ်မင်ကို သိကြလား။ ဘယ်လိုလုပ်ပြီး လူကို အသားလွတ်ဖမ်းရဲရတာလဲ။ ခင်ဗျားတို့ သတိသာထားနေကြ။ သူပြန်လာရင် ခင်ဗျားတို့ကို နှိပ်ကွပ်လိမ့်မယ်နော်။ သောက်ကျိူးနည်း၊ ခင်ဗျားတို့ အသိတရားလေးတချို့..."
လင်ရှူးက သူ၏ဒူးခေါက်ကွေးကို ကန်ထည့်လိုက်သည်။
ရုန်းကန်ကာ အော်ဟစ်နေသော ကုတုံးပြောင်ဟွမ်က ဒူးထောက်လျက်သား လဲကျသွားပြီး သူ့လက်ကောက်ဝတ်မှာ လက်ထိပ်၏အထိအတွေ့ကို ခံစားလိုက်ရပေသည်။ ချန်စစ်က ကတုံးပြောင်ဟွမ်ကိုကြည့်ကာ ပြုံးလိုက်၏။
"သွားကြစို့ ဘရို!"
ကတုံးပြောင်၏ဦးလေးက ရဲဌာနာချုပ် သို့မဟုတ် မြို့တော်ဝန်ကြီးဌာနမှ မည်သူပဲဖြစ်ပါစေ၊ ၎င်းတို့သည် သူ့ကို သင်ခန်းစာပေးဖို့ ခေါ်သွားခဲ့ကြပေမည်။ တစ်စုံတစ်ယောက် ရောက်လာလျှင်တောင် တာဝန်ထမ်းဆောင်နေတာပါဟု ဆင်ခြေပေးလိုက်လို့ရ၏။ မည်သူက ၎င်းတို့နှင့် အငြင်းပွားလို့ရမည်နည်း။
ကတုံးပြောင်ဟွမ်က လိုက်ပါဖို့ ငြင်းဆန်နေပြီး သူ့ခန္ဓာကိုယ်ကို ခြေကန်ထားကာ သူ့ပါးစပ်ကနေလည်း အဆက်မပြတ်ဆဲရေးနေခဲ့သည်။
ယာချီနှင့် ရိုစီတို့မှာ ထိတ်လန့်နေကြပြီး မန်နေဂျာကတောင် ၎င်းတို့အား ဖျန်ဖြေဖို့ ရောက်လာပြီး ဤနေရာမှာ ပြဿနာမဖြစ်ပါစေနှင့်ဟု တောင်းပန်လာခဲ့၏။
လင်ရှူးက နံဘေးရှိပေါင်မုန့်လုံးကိုကောက်ယူကာ ဆဲရေးနေဆဲဖြစ်သော ကတုံးပြောင်ဟွမ်၏ပါးစပ်ထဲ ထိုးထည့်လိုက်သည်။
ထို့နောက် ကမ္ဘာမြေက ပြန်လည်ပြီး အေးချမ်းသွားလေ၏။
"သူက အခု သံသယရှိတရားခံမို့ ဥပဒေအရ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရှင်းလင်းအောင်လုပ်ဖို့ သူ ပူးပေါင်းပေးဖို့လိုအပ်တာပါ။ စိတ်မပူပါနဲ့၊ ကျွန်တော်တို့က လူကောင်းတစ်ယောက်ကို မတရားစွပ်စွဲမှာမဟုတ်ပါဘူး။"
လင်ရှူးတစ်ယောက် မန်နေဂျာကို စကားပြောပြီးနောက် ချန်စစ်အား ပြောလိုက်သည်။ "ကောင်းပြီ၊ မင်း လူကိုအရင်ခေါ်ပြီး ပြန်သွားနှင့်၊ ငါ နောက်ကလိုက်ခဲ့တယ်။"
ချန်စစ်က သူ့ကို စူးစိုက်ကြည့်ခဲ့သည်။ "မင်း မတရားဘူး ဟေ့ရောင်!"
"မိန်းကလေးယာချီက ချိန်းတွေ့ဖို့ ခဲယဥ်းတဲ့သူကွ၊ ငါ ဒီတိုင်းထွက်သွားနိုင်ပါ့မလား။ ငါတို့တွေ ခဏလောက်တော့ အတူတူရှိနေသင့်တာပေါ့၊ ဟုတ်တယ်ဟုတ်?"
လင်ရှူးက ယာချီကိုပြုံးပြလိုက်ရာ သူ(မ)၏မျက်နှာက ချက်ချင်းဆိုသလို နီမြန်းသွားလေသည်။
ချန်စစ်က အံတကြိတ်ကြိတ်ဖြင့် သူ့အနားကိုတိုးကပ်ကာ သူ၏လေသံကိုလျှော့၍ ပြောလာ၏။ "သယ်ရှင့်ကွမ်မှာ သုံးနပ်၊ ဒါဆို ငါ ချက်ချင်းလှည့်ထွက်သွားလိုက်မယ်!"
လင်ရှူးမှာ မပျော်တော့ချေ။ "မင်းဟာက ဓားပြတိုက်နေတာလား။ တစ်နပ်ပဲ၊ အဲ့ထက်ပိုမရဘူး!"
ချန်စစ်: "နှစ်နပ်ကွာ၊ အဲ့ထက်လျှော့ရင် ငါမသွားတော့ဘူး၊ ဒီမှာပဲ ကတုံးပြောင်ဟွမ်နဲ့ မင်းတို့ကောင်တွေကတာကို ထိုင်ကြည့်နေမှာ။"
လင်ရှူးက ယင်ကောင်မောင်းသလို သူ့လက်ကို ဝှေ့ယမ်းပြခဲ့သည်။ "အေးကွာ၊ နှစ်နပ်၊ မြန်မြန်လစ်လိုက်တော့!"
ချန်စစ်က ရယ်မောကာ ယနေ့ည ရိုစီနှင့်အချိန်မဖြုန်းလိုက်ရသည့်အတွက် နောင်တရမနေဘဲ ကတုံးပြောင်ဟွမ်ကိုဆွဲကာ ကျေနပ်စွာဖြင့် ထွက်ခွာသွားခဲ့၏။
"ကောင်းပါပြီဗျာ၊ အခုကစပြီး ညနေခင်းလေးက ကိုယ်တို့နှစ်ယောက်ရဲ့အချိန်ပဲ။"
ထို့နောက် လူကြီးလူကောင်းတစ်ယောက်နှယ် သူ့လက်ကို မိန်းကလေးယာချီထံ ကမ်းပေးလိုက်သည်။
"မိန်းကလေးယာချီ ကျွန်တော်နဲ့အတူ နောက်ထပ်တစ်ခေါက်လောက် ထပ်ကချင်ပါသလား။"
"ဝမ်းမြောက်စွာနဲ့ပေါ့ရှင်။" မိန်းကလေးယာချီက အပြုံးလေးဖြင့် ပြန်ပြောခဲ့သည်။
သို့သော် သူ(မ)အပျော်က ထိုညနေခင်းမှာ ကြာရှည်မခံခဲ့ပါချေ။
ကခုန်ရင်း တစ်ဝက်တစ်ပျက်တွင် အပြင်ဘက်ကနေ အထဲထဲထိ ဆူဆူညံညံဖြစ်လာခဲ့၏။
အကစင်မြင့်မှာရှိသော အဖွဲ့ဝင်များက အရင်ဆုံးထွက်သွားကြပြီး မကြာခင် ပြန်ရောက်လာကြသော်လည်း မျက်နှာတွေက မသာမယာဖြစ်ကာ နှုတ်ခမ်းထောင့်များကို အတင်းဆွဲတင်ပြီး အားတင်းကာ ကြိုးစားပြုံးနေရသလိုပင်။
ဘုမသိဘမသိဖြစ်နေသော ရိုစီကို ဘေးဖယ်ထားလိုက်လျှင် ပါတီနယ်ပယ်မှာ ကျင်လည်နေတာ ကြာပြီဖြစ်သော ယာချီကတော့ တစ်ခုခုဖြစ်နေပြီဆိုတာကို ချက်ချင်းသိလိုက်ပါ၏။
ဆရာသခင်တစ်ယောက် ရောက်လာလေပြီ။
လေလုံးထွားသော ကတုံးပြောင်ဟွမ်နှင့်မတူဘဲ ရန်စလို့မဖြစ်နိုင်သည့် တကယ့်အကောင်ကြီးကြီး ဆရာသခင်အစစ်ပင်။
ဘာဖြစ်နေမှန်းမသိသော ဧည့်သည်တော်များနှင့် အကသမားများက အလိုလိုပင် ဘေးတစ်ဖက်ဆီသို့ ဆုတ်ခွာကာ လမ်းရှဲပေးလိုက်ကြ၏။
အရှေ့ဘက်တွင် အရပ်ရှည်ကာ နှာတံခပ်မြင့်မြင့်နှင့် အနောက်တိုင်းရဲအရာရှိနှစ်ဦးပါပြီး တိုင်းတစ်ပါးအာဏာလွှမ်းမိုးသော ကျူးကျဲ့ဒေသ*တို့၌ နိုင်ငံခြားရဲများဟု အများအားဖြင့် သိကြပေသည်။
(ကျူးကျဲ့ဒေသဆိုတာ နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ အာဏာလွှမ်းမိုးထားတဲ့ဒေသပါ။ ဒီနေရာမှာကျ အနောက်တိုင်းသားတွေရော တရုတ်တွေပါ စိုးစံကျက်စားတဲ့နယ်မြေပေါ့။)
သို့သော် ပိုပြီးအာရုံဖမ်းစားသည်မှာ ၎င်းတို့အနောက်က လူနှစ်ယောက်ပင်။
တစ်ယောက်က အနောက်တိုင်းသားဖြစ်ပြီး တစ်ယောက်က တရုတ်လူမျိုးဖြစ်သည်။
အနောက်တိုင်းသားက ရဲအရာရှိယူနီဖောင်းကို ဝတ်ဆင်ထားပြီး ကျူးကျဲ့ဒေသတွင် တော်တော်လေးရာထူးမြင့်သည့် အဆင့်မြင့်ရဲအရာရှိဖြစ်သည်။
ယခုခေတ်တွင် ရှန်ဟိုင်းနှင့် တရုတ်နိုင်ငံတစ်ဝှမ်း၌ အနောက်တိုင်းသားများသည် သွားရှုပ်လို့ရသည့် အုပ်စုများမဟုတ်ကြပါချေ။
အနောက်တိုင်းသားများ ရောယှက်လာလျှင် ရိုးရှင်းသောအရာများကတောင် ရှုပ်ထွေးလာတတ်ပေ၏။
အလင်းနှင့် အမှောင်ရိပ်တို့ ရောယှက်မှုအောက်မှာ မျက်နှာတစ်ဝက်ခန့်ကွယ်နေသော သူ့ဘေးကနေ လျှောက်လာခဲ့သည့် တရုတ်အမျိုးသား၏ပုံရိပ်မှာ မသဲကွဲသော်လည်း ထိုအရာကပင် ကြည့်ရှုနေသူတို့၏စပ်စုချင်စိတ်ကို ပိုပြီးလှုံ့ဆော်ပေးနေ၏။
ထို့နောက် သူက ဖြည်းဖြည်းချင်း ခေါင်းမော့လာခဲ့သည်။
အလင်းရောင်ထဲမှာ သူ့မျက်နှာတစ်ခုလုံး ပေါ်ပေါက်လာခဲ့၏။
ကြည့်နေသူတော်တော်များများက နှလုံးသားထဲမှာ အသံတိတ် ချီးကျူးနေကြသော်လည်း မကြာမီပင် ၎င်းတို့၏ချီးမွမ်းမှုတို့က တစ်ဖက်လူ၏အရှိန်အဝါကြောင့် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့လေသည်။ ၎င်းက သူ၏အရှိန်အဝါကြောင့်လား သို့မဟုတ် ပုံပန်းသွင်ပြင်ကြောင့်လားတော့ မပြောတတ်ပါချေ။
လင်ရှူးနှင့် ယာချီတို့လည်း ကတာကိုရပ်တန့်လိုက်ပြီး တစ်ဖက်လူက သိပ်သည်းနေသောလူအုပ်ကိုဖြတ်ကာ ၎င်းတို့ဆီဦးတည်လာတာကို ကြည့်နေခဲ့ကြ၏။
ယာချီမှာ အနည်းငယ်ထိတ်လန့်နေပြီး သူ(မ) အနောက်တိုင်းရဲများကိုများ စော်ကားမိခဲ့သလားဟူ၍ သူ(မ)မှတ်ဉာဏ်ထဲမှာ ရှာဖွေနေခဲ့သည်။
လင်ရှူးက မျက်လုံးများ မှေးကျဥ်းလိုက်၏။
တောက်ပြောင်နေသော သားရေဖိနပ်တစ်ရံသည် ခြစ်ရာဗရပွနှင့် အကကြမ်းပြင်ထက် နင်းလျှောက်လာပြီး ခုခံ၍မရသော ရောင်ဝါကို ထုတ်လွှတ်နေခဲ့သည်။
ယာချီတစ်ယောက် ကြောက်လန့်လွန်းလို့ တစ်ဖက်လူ၏အကြည့်က အစမှအဆုံးထိ လင်ရှူးထံမှာပဲရှိသည်ကို သူ(မ) သတိမပြုမိခဲ့ချေ။
လင်ရှူးက ရုတ်တရက် ပျင်းတိပျင်းရွဲ ရယ်မောလိုက်သည်။
"အာ၊ ဒါက မစ္စတာယွဲ့မဟုတ်ဘူးလား။ မင်းရဲ့အဆင့်အတန်းနဲ့ဆို ပိုင်လဲ့မန်းနဲ့ နတ်မိမယ်တေးဂီတနန်းတော်လိုနေရာတွေသွားရမဲ့အစား ဖေလုံချွေ့လိုနေရာသေးသေးလေးကို ဘာလို့ရောက်လာရတာလဲ။"
ယာချီ စိတ်ရှုပ်ထွေးသွား၏။
ထိုစကားစုအရဆို နှစ်ဦးသားက အသိအကျွမ်းများ ဖြစ်ရမည်။
၎င်းတို့က နီးကပ်နေသော်လည်း နှစ်ဦးသားကြားရှိလေထုမှာ တင်းမာနေသည်။
ယာချီတစ်ယောက် အတွေးများနေစဉ် ထိုလူပြောလာတာကို ကြားလိုက်ရလေ၏။
"တုယွင်းနင် သေပြီ။"
လင်ရှူး၏ ဂရုမစိုက်သောအမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
ထို့နောက် ထိုလူ့ဘေးရှိ အဆင့်မြင့်ရဲအရာရှိက ပြောလာ၏။ "လူသတ်တရားခံက မင်းပဲလို့ ငါတို့သံသယရှိတယ်။"
*****
Aurora Novel Translation Team