ယွဲ့တင့်ထန်နှင့် လင်ရှူးတို့ လူစုခွဲလိုက်ကြပြီး ယွဲ့တင့်ထန်က အရှေ့တံခါးကဝင်ကာ လင်ရှူးက အနောက်တံခါးဆီသွားခဲ့သည်။ စောစောကလူသာ ဟုန်ရှောင်ကွမ်းဖြစ်နေလျှင် နှစ်ဖက်လုံးကို ပိတ်ဆို့ထားသည့်အတွက် ရွေးချယ်စရာမရှိဘဲ အညံ့ခံရပေလိမ့်မည်။
ခေါက်ဆွဲဆိုင်၏ အနောက်တံခါးမှာ ပွင့်နေ၏။ ၎င်းက ကုန်ကြမ်းများ သယ်ယူပို့ဆောင်ရန်နှင့် ဆိုင်ပိုင်ရှင် ဝင်ထွက်ရန်အတွက် ရည်ရွယ်ပြီး စားသောက်ဆိုင်များနှင့် ဟိုတယ်များတွင် အရွယ်အစားမတူသော်လည်း ထိုသို့သော အနောက်တံခါးမျိုး ရှိတတ်ကြသည်။
မီးသည် ကနဦးတုန်းက အနောက်ဘက်ကို ကူးမသွားလောက်ပေ။ အဘယ့်ကြောင့်ဆိုသော် တံခါးမှာ လုံးဝလောင်ကျွမ်းသွားတာမဟုတ်ဘဲ တစ်ဝက်ပွင့်လျက်အနေအထားဖြင့် တံခါးဘောင်မှာ ရှိနေဆဲဖြစ်သောကြောင့်ပင်။ ကျိုးပဲ့နေသော သစ်သားကြားမှတစ်ဆင့် လေတိုက်ခတ်နေပြီး လောင်ကျွမ်းထားသော အနံ့အသက်တို့ကို သယ်ဆောင်လာ၏။
လင်ရှူး တံခါးကိုတွန်းဖွင့်လိုက်သည်။ ဒုန်း! သစ်သားတံခါးက တံခါးဘောင်ကနေ အောက်သို့ပြုတ်ကျလာ၏။ လင်ရှူးသာ မြန်မြန်ပြန်မဆုတ်လိုက်လျှင် သူ၏ခြေထောက်တစ်ဖက် ထိခိုက်သွားပေလိမ့်မည်။
သစ်သားတံခါး မရှိတော့ဘဲ အမှောင်ထုက သွေးများပေကျံနေသောပါးစပ်ကို ဖွင့်ဟကာ သူ့ကို ထောင်ချောက်ထဲကျဖို့ စောင့်နေသည့် သားရဲတစ်ကောင်အလား အပြေးဝင်ရောက်လာခဲ့၏။ လင်ရှူး ယွဲ့တင့်ထန်ဆီကယူခဲ့သော ဓာတ်မီးကိုထုတ်ကာ အထဲကို လှမ်းလာခဲ့သည်။
သူက လည်စည်းပဝါဖြင့် ပါးစပ်နှင့် နှာခေါင်းတို့ကိုအုပ်ထား၏။ ဓာတ်မီးမှလာသော မှိန်ဖျော့ဖျော့အလင်းရောင်က အရင်ကနှင့်မတူတော့သောခေါက်ဆွဲဆိုင်ကို ပြသနေခဲ့သည်။
သူနှင့် လောင်ရှောက်တို့ အထဲမှာထိုင်ပြီး အရက်သောက်ကာ ရယ်ရယ်မောမော စကားပြောနေခဲ့ကြချိန်ကို လင်ရှူး မှတ်မိပေသည်။ လောင်ရှောက်က လက်ဆန့်ကာ နောက်သုံးနှစ်အတွင်း ခေါက်ဆွဲဆိုင်အား ယခုထက်ပိုကြီးအောင် ပြုလုပ်ချင်ပြီး နိုင်ငံခြားသားများပါ တရုတ်ဟင်းလျာ၏အရသာကို မြည်းစမ်းနိုင်အောင် နိုင်ငံတကာစီးပွားရေးအဖြစ် ပြောင်းလဲချင်ကြောင်း ပြောပြခဲ့ဖူးသည်။
လောင်ရှောက်က လေကြီးမိုးကြီးပြောနေမှန်း သူသိသော်လည်း သူ့မှာ ကလေးမရှိသောကြောင့် အထီးကျန်မှုကိုဖြေဖျောက်ရန် ခေါက်ဆွဲများပြုလုပ်နေကြောင်း မြင်နေရပေသည်။ ထို့ကြောင့် သူ့ကို အဓိပ္ပာယ်မရှိတာတွေပြောသည်အား မည်သူက တားဆီးနိုင်မည်နည်း။
ယခု သူ ကြွားဝါပြောဆိုတာကို နားထောင်ဖို့ကတောင် မဖြစ်နိုင်တော့ပေ။ လင်ရှူး သက်ပြင်းချလိုက်၏။
ဤနေရာက လူသူကင်းမဲ့နေပြီး သူ၏သက်ပြင်းချသံက အကြိမ်အနည်းငယ်လောက် ပဲ့တင်ထပ်သွားရာ အမှောင်ထဲ၌ ဝိညာဥ်တို့က တုံ့ပြန်နေသယောင်။ သူ၏ခန္ဓာကိုယ်က ရုတ်တရက် ကြက်သီးမွေးညင်းများ ထလာခဲ့သည်!
ခေါက်ဆွဲဆိုင်သည် အရင်က ထိုမျှကြီးပုံမပေါ်သော်လည်း စားပွဲများ၊ ထိုင်ခုံများမရှိတော့သည့်အတွက် အရှေ့ပိုင်းခန်းမကနေ အနောက်ပိုင်းမီးဖိုချောင်ထိ ချက်ချင်း နေရာကျယ်သွားသလိုပင်။ ဓာတ်မီးအလင်းရောင်လေးက အလွန်သေးငယ်သောကြောင့် နေရာအများစုမှာ အမှောင်ထုက ကြီးစိုးနေသေး၏။
လင်ရှူးသည် စောစောကတွေ့လိုက်ရသောလူက ယခု ပုန်းအောင်းနေလောက်သည်ဟု ခံစားချက်ရနေပြီး အမှောင်ထဲ၌ လှုပ်ရှားမှုတိုင်းကို လေ့လာနေခဲ့သည်။
သူက တတ်နိုင်သလောက် တိတ်ဆိတ်နေရန် ကြိုးစားလိုက်ပြီး သူ၏အသက်ရှူသံကတောင် ထိုနေရာနှင့် ရောယှက်သွားလေသည်။ သို့သော် ဦးတည်ရာပေါင်းစုံမှ ငိုရှိုက်သံမျိုးကို ကြားနေရ၏။ ၎င်းမှာ အေးစက်သောညအချိန်၌ လေတိုက်ခတ်သံဖြစ်ပြီး သူ၏ပဝါအားဖြတ်သန်းကာ သူ၏အရေပြားကို ထိုးဖောက်သွားခဲ့သည်။
ရိုးရာပုံပြင်များအရ မတရားသဖြင့် သေဆုံးသွားသောဝိညာဥ်များသည် ဘဝမကူးပြောင်းနိုင်ဘဲ ၎င်းတို့သေဆုံးသောနေရာ၌ ရစ်ဝဲနေတတ်ပြီး ၎င်းတို့၏အငြိုးတရားများကို ဖွင့်ထုတ်ရန် အစားထိုးတစ်ယောက်ကို ရှာဖွေတတ်ကြသည်။ လင်ရှူး ဒုတိယထပ်ရှိ ပြတင်းပေါက်ကနေတွေ့လိုက်သောလူက တကယ့်လူလား သို့မဟုတ် ပုံရိပ်ယောင်လားဆိုသည်ကို သူ မသေချာပေ။
သို့မဟုတ် လောင်ရှောက်၏ မကျွတ်မလွတ်သေးသော ဝိညာဥ်ပေလော။
သူ များများစားစား မတွေးချင်ပါဘဲ သူ၏အတွေးများက ကျယ်ပြန့်သွားသည်နှင့် သူ၏ဆံပင်များက ထောင်မတ်သွားကြသည်။
ယွဲ့တင့်ထန်က အရှေ့မှာရှိသော်လည်း သူ ဝင်လာပြီလားဆိုသည်ကို သူမသိပေ။ လင်ရှူး သူ့ကိုမမြင်ရသလို မည်သူ့ကိုမှ မမြင်ရချေ။
လေတိုးသံအပြင် တစ်ခုတည်းသောအသံက သူ၏လေးလံနေသော အသက်ရှူသံသာ။
"လောင်ရှောက်၊ ငါတို့က သူငယ်ချင်းတွေပါ။ ငါ မင်းကိုသတ်သွားတဲ့သူကို ကူရှာပေးမလို့ ဒီကိုရောက်လာတာ။ မင်း ရန်သူနဲ့ မိတ်ဆွေကို ခွဲခြားသိဖို့လိုတယ်။ မင်း လူမှားပြီးတော့ လက်စားမချေရဘူးနော်!"
လင်ရှူးက သူ့ကိုယ်သူ တီးတိုးပြောဆိုရင်း ကျောက်တုံးတစ်တုံးပေါ် တက်နင်းမိသွားပြီး သူ၏ခြေထောက် နာကျင်သွားသည်။
ရုတ်တရက်ဆိုသလို သူ့အနောက်ကနေ တစ်စုံတစ်ခု ဖြတ်ပြေးသွား၏!
လင်ရှူး သူ့ခြေထောက်ကို အာရုံမစိုက်နိုင်ဘဲ အမြန်နောက်လှည့်ကာ မီးထိုးကြည့်လိုက်သည်။
ဘာမှမရှိပေ။
ရုတ်တရက်ဆိုသလို အိုးတစ်လုံးက မြေပြင်ပေါ် ပြုတ်ကျလာခဲ့သည်။
သူ့အရှေ့တည့်တည့်မှာပင်!
လင်ရှူး အမြန်နောက်ဆုတ်လိုက်၏။
"မြောင်!"
လင်ရှူး တုံ့ပြန်လိုက်ပြီးနောက် နက်မှောင်ပြီး အမြီးရှည်သောသတ္တဝါက မီးဖိုထဲကနေ ထွက်လာပြီး ထွက်ပြေးသွားခဲ့လေသည်။
ဒီတော့ ကြောင်တစ်ကောင်ဖြစ်နေတာပေါ့?
လင်ရှူးသည် အရှေ့ဘက်ကနေ ဆူညံသံများရှိသည်ဟု သံသယရှိနေ၏။
ဒိုင်း!
သေနတ်ပစ်သံတစ်သံ ကြားလိုက်ရ၏!
ယွဲ့တင့်ထန်က ထိုနေရာမှာရှိနေသည်!
လင်ရှူး ထိုသို့တွေးလိုက်ပြီး သူ၏နှလုံးသားက နစ်မြုပ်သွား၏။ သူ ထပ်ပြီးမတွေးနိုင်တော့ဘဲ အရှေ့တံခါးဆီသို့ ပြေးသွားခဲ့လေသည်။
ယွဲ့တင့်ထန်က ပါမောက္ခတစ်ဦးဖြစ်ပြီး လက်ရှိတွင် စမစ်က အကြံပေးအဖြစ် ယာယီခန့်အပ်ထားသော်လည်း သေနတ်သယ်လာဖို့ဆိုတာ မဖြစ်နိုင်ပေ။
ဒါဆို သေနတ်သံက ဘယ်ကလာတာလဲ။ တစ်ယောက်ယောက်က ယွဲ့တင့်ထန်ကို ပစ်လိုက်တာလား။
သို့သော် သူ အရှေ့သို့လှမ်းလိုက်သည်နှင့် သူ့အနောက်ကနေ လေလေးတစ်ချက်ဝှေ့တိုက်သွားပြီး သူ၏ဦးခေါင်းအနောက်အား တိုက်ရိုက်ချိန်ရွယ်ခံလိုက်ရသည်!
*****
Aurora Novel Translation Team