တုယွင်းနင်၏အလောင်းအား နောက်တစ်ခေါက်တွေ့လိုက်ရသည်က ၎င်းတို့နှစ်ယောက်လုံးအပေါ် တစ်စုံတစ်ခုသက်ရောက်သွားလေသည်။
ယွမ်အိမ်တော်အပြင်၌ ကားရပ်လိုက်ချိန်ထိ တစ်လမ်းလုံး စကားမပြောခဲ့ကြပေ။
ထိုနေရာအပြင်ဘက်၌ ကင်မရာကိုင်ထားသော လူအနည်းငယ်ရှိပြီး ထိုသူများက သတင်းထောက်များဖြစ်ကြောင်း သိသာပေသည်။
ယွဲ့တင့်ထန်ကို မြင်လိုက်ရသောအခါ ၎င်းတို့ကရောက်လာပြီး အင်တာဗျူးရန် ကြိုးစားနေကြ၏။
ယွဲ့တင့်ထန်က စကားမပြောဘဲ လက်ဝှေ့ယမ်းပြလိုက်ရာ ရဲသားများက ချက်ချင်း ၎င်းတို့ကိုလူစုခွဲ၍ သူတို့အား အနောက်ဆောင်ဆီ လိုက်ပို့ခဲ့ကြသည်။
ယွမ်မိသားစုက ချမ်းသာပေ၏။ အစေခံများအတွက် နှစ်ထပ်အိမ်တစ်လုံးရှိသော်လည်း ပင်မအအောက်အအုံရှိ ခမ်းနားမှုတို့နှင့် ဆန့်ကျင်စွာ အနည်းငယ်အိုဟောင်းနေပေသည်။
ယွမ်ပင်းသောက် ဆုံးပါးသွားကတည်းက ယွမ်ပင်းသည် စီမံခန့်ခွဲမှု၌ အသုံးမကျ၍ ယွမ်မိသားစုက အရင်ကလို မဟုတ်တော့ဘဲ အခန်းတော်တော်များများက လွတ်နေလေ၏။ ယခု အဆောက်အအုံသေးသေးလေးထဲမှာ အိမ်တော်ထိန်းအပါအဝင် အစေခံခြောက်ယောက်ရှိပြီး တုယွင်းနင်၏ ကိုယ်ပိုင်အစေခံဖြစ်သူ အားလန်က အထူးခြားဆုံးသူပင်။
"ငါ မင်းကို မှတ်မိတယ်။ ယွင်းနင် ငါနဲ့တွေ့တုန်းက မင်းလည်း သူ(မ)နဲ့အတူ ပါလာဖူးတယ်။ ငါသိသလောက်ဆိုရင် သူ(မ)က သူ(မ)မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားပြီးကတည်းက မင်းက သူ(မ)ရဲ့လူယုံဖြစ်မှာပဲ။" သူ(မ)ကိုမြင်လိုက်ရသောအခါ လင်ရှူးက ပြောလာခဲ့သည်။
အားလန်က ရှက်ရွံ့စွာဖြင့် ခေါင်းယမ်းပြကာ လက်ဟန်အမူအရာလုပ်ပြလာ၏။
အိမ်တော်ထိန်းက လက်ဟန်ဘာသာစကားကို နားလည်သည့်အတွက် ဘာသာပြန်ပေးနေသည်။
"အားလန်ကပြောတယ်၊ ခင်ဗျားရဲ့ချီးကျူးမှုကို မခံယူဝံ့ပါဘူးတဲ့။"
လင်ရှူး: "အဲ့ဒီနေ့က သူ(မ)မသေခင် ကော်ဖီဆိုင်ကပြန်သွားပြီးတော့ ဘာလုပ်ခဲ့သေးလဲ။"
ထိုမေးခွန်းက ရဲစခန်းရှိလူများလည်း မေးပြီးလောက်ပြီထင်၏။ အားလန်သည် မစဥ်းစားဘဲ ပြန်ဖြေပေးခဲ့ပြီး အိမ်တော်ထိန်းက အမြန်ပြန်ပြောလာခဲ့သည်။
"သူ(မ)ပြောတာတော့ မဒမ်က စိတ်အခြေအနေမကောင်းဖြစ်နေပြီး ညစာကောင်းကောင်းမစားခဲ့ဘဲ ပင်ပန်းနေလို့ အနားယူချင်တယ်ဆိုပြီး ပြောခဲ့တယ်တဲ့။ ညသန်းခေါင်လောက် မဒမ်ကို ညလယ်စာစားချင်မလားဆိုပြီး တံခါးသွားတော့ မဒမ်က ပြန်မဖြေခဲ့တာနဲ့ သူ(မ)လည်း မနှောင့်ယှက်ရဲခဲ့ဘူး။ နောက်တစ်နေ့ မဒမ် ပုံမှန်ထနေကျချိန်မှာ သူ(မ)ကိုသွားနှိုးဖို့သွားတော့မှ ဖြစ်ပျက်ခဲ့တာတွေကို ရှာတွေ့ခဲ့တာပါ။"
လင်ရှူး: "သူ(မ)မှာ ရင်းနှီးတဲ့သူငယ်ချင်းတွေရှိလား။"
အိမ်တော်ထိန်းအိုကြီး: "မဒမ်က ကပွဲတွေတော့ မကြာခဏတက်ပေမဲ့ အပြင်သွားဖို့ မေးတဲ့သူတော့မရှိဘူး။ သူ(မ)မှာ ရင်းနှီးတဲ့သူငယ်ချင်းရှိတယ်လို့ ကျွန်တော်တစ်ခါမှမကြားဖူးပေမဲ့ သိပ်မကြာသေးခင်ကတော့ မစ္စတာလင်အကြောင်းကို နှစ်ခါလောက်တော့ ပြောဖူးတယ်။"
လင်ရှူး: ...
ယွဲ့တင့်ထန်: "သူ(မ)က ဘာပြောခဲ့တာလဲ။"
အိမ်တော်ထိန်းအိုကြီး: "သူ(မ)ပြောတာတော့ အရင်က အတန်းဖော်ဟောင်းနဲ့ တွေ့ခဲ့တယ်၊ မစ္စတာလင်က အရင်ကလို ချောနေတုန်းပဲလို့ ပြောခဲ့တာပါ။"
ယွဲ့တင့်ထန်က မေးပင့်ကာ လင်ရှူးအား တစ်ချက်ကြည့်လိုက်သည်။ "အဲ့ဒါ သူလေ၊ ဒီမစ္စတာလင်ပဲ။"
စကားတစ်ခွန်းမှမပြောဘဲ စကားလုံးထောင်ချီပြောလိုက်သလို လင်ရှူးအပေါ် အိမ်တော်ထိန်းအိုကြီး၏အကြည့်က ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
လင်ရှူး: ...
သူက ရှင်းမပြနိုင်သလို ငြင်းလည်းမငြင်းနိုင်ဘဲ မမြင်ချင်ယောင်သာ ဆောင်နေခဲ့သည်။
"သူတို့ကို အခင်းဖြစ်တဲ့နေရာကို တစ်ချက်ကြည့်ဖို့ ခေါ်သွားချင်တယ်။"
ယွဲ့တင့်ထန်က ခေါင်းညိတ်ပြလိုက်၏။ "အမှုဖြစ်ပြီးတော့ သူတို့တွေ အခင်းဖြစ်တဲ့နေရာကို ချက်ချင်းချိတ်ပိတ်လိုက်တယ်။ ပြတင်းတံခါးဘောင်ပေါ်က ခြေရာတွေကိုတောင် ထိမထားဘူး။"
သို့သော် သူပြောလိုက်ပြီးမှ သတိရလိုက်၏။
အရင်နေ့က နှင်းကျခဲ့ပြီး လေတိုက်ခဲ့သောကြောင့် မူရင်းခြေရာများကို နှင်းလွှာတစ်ထပ်ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ထိုမျှမကသေး၊ ပြတင်းတံခါးကနေ နှင်းများ၊ ဖုန်မှုန့်များဝင်ရောက်လာပြီး အိပ်ရာအောက်မှာတောင် မြင်နေရပေ၏။
ဤသည်မှာ သက်ဆိုင်ရာကင်းလှည့်အရာရှိများ၏ တာဝန်လစ်ဟင်းမှုဖြစ်သော်လည်း ယခုခေတ်တွင် ထိုကဲ့သို့ကိစ္စများက ပုံမှန်ဖြစ်သောကြောင့် ပြောလည်းမသုံးမဝင်ကြောင်း ယွဲ့တင့်ထန်သိပေသည်။
လူတိုင်း၏အကြည့်က နေရာတိုင်းကို ဖြတ်ပြေးသွား၏။
အခန်းမှာ တုယွင်းနင်သဘောကျသောပုံစံဖြစ်ပြီး နေရာတိုင်းက ပျော့ပျောင်းကာ လက်ရာမြောက်ပြီး ခမ်းနားလှသည်။
ယွမ်ပင်းက ဤနေရာကို သဘောမကျလောက်ပေ။ အခန်းထဲ၌ အမျိုးသားသုံးပစ္စည်းများကို လုံးဝမတွေ့ရဘဲ ဗီရိုထဲမှာတောင် တုယွင်းနင်၏ ကိုယ်ပိုင်အဝတ်အစားများသာ ပြည့်နှက်နေ၏။
တစ်နည်းဆိုရသော် ထိုဇနီးမောင်နှံက သီးသန့်ခွဲအိပ်ကြခြင်းပင်။
တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ချိန်က တုယွင်းနင်ကို သတိမထားမိကြသည်မှာ အံ့သြစရာမရှိတော့ပေ။
"သူခိုးရောက်လာပြီး ပြတင်းပေါက်ကနေ ကျော်လာတဲ့အချိန်မှာ လုံးဝကို လှုပ်ရှားသံမကြားခဲ့ရတာလား။"
ယခုတစ်ခေါက်တွင် လင်ရှူးက အိမ်တော်ထိန်းကို မေးလိုက်ခြင်းပင်။
အိမ်တော်ထိန်းအိုကြီးက ခါးသက်စွာ ပြုံးလိုက်သည်။ "အရင်သခင်ကြီးရှိတုန်းက အိမ်ကို အစောင့်အကြပ်တွေထားခဲ့ဖူးတယ်။ ဒါပေမဲ့ အခု သခင်လေးတာဝန်ယူတဲ့အချိန်ကျ ဒီနေရာက ငှားရမ်းတဲ့နယ်မြေတွေဖြစ်လို့ လုံခြုံမှုရှိတယ်ဆိုပြီး တော်တော်များများကို အလုပ်ထုတ်ပစ်ခဲ့တယ်လေ။ လူသတ်မှုမဖြစ်ခင်က ညတိုင်း အလှည့်ကျကင်းစောင့်ရတဲ့ အစေခံတွေရှိပေမဲ့ တစ်ခါတလေ လူမရှိရင် ကျွန်တော်က ယာယီတာဝန်ယူရပါတယ်။ အဲ့ဒီနေ့က စန်းချိုင်က အစာအိမ်နာနေပြီး လောင်သျယ်ကလည်း အိမ်ပြန်သွားတာကြောင့် ကျွန်တော်က အစားထိုးစောင့်ခဲ့ပေမဲ့ အသက်ကလည်းကြီးနေပြီဆိုတော့ သိပ်လည်းအသုံးမဝင်ပါဘူး။ ကျွန်တော် ညသန်းခေါင်ကျ အိပ်ပျော်သွားပြီး ပြန်နိုးလာတော့ မိုးသောက်ချိန်တောင် ရောက်ရောပေါ့။ အိမ်ထဲမှာ လှုပ်လှုပ်ရှားရှား ဘာသံမှမကြားရတာနဲ့ ကျွန်တော်လည်း အလေးအနက်မထားခဲ့မိဘူး။ ဒီလိုကိစ္စကြီးဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။"
သူက အသက်ခုနစ်ဆယ်နီးပါးရှိနေပြီး သူ၏ဆံပင်များက အားလုံးအဖြူရောင်ဖြစ်ကာ သူ၏ဝတ်ရုံရှည်က အနည်းငယ်ကုန်းနေသောခါးကို ထောက်ပံ့မပေးနိုင်ချေ။
ထိုကဲ့သို့ လူအိုကြီးက တစ်စုံတစ်ယောက်ကို သတ်ဖို့မပြောနှင့် ပြတင်းပေါက်ကိုတောင် မကျော်နိုင်ပေ။
အိမ်တော်ထိန်းနှင့် အစေခံများ၏အပြောအရ တုယွင်းနင်သည် လက်ဖက်ရည်သောက်ရန် ကော်ဖီဆိုင်သွားခြင်း၊ ကုန်တိုက်များသို့သွားခြင်းနှင့် မျိုးရိုးမြင့်အမျိုးသမီးများကြား စကားပြောပါတီတက်ခြင်းတို့ကို ပြုလုပ်တတ်သည်။
၎င်းကသာ လက်စားချေခြင်းဆိုလျှင် အများဆုံးမှ အမျိုးသမီးများနှင့် နှုတ်အရစကားများခြင်းသာ ဖြစ်ပေလိမ့်မည်။ အမျိုးသမီးများက မကြာခဏဆိုသလို စကားများတတ်ကြသော်လည်း လူသတ်ဖို့ထိတော့ မဖြစ်နိုင်ပေ။
"ဒီနေရာကိုရောက်တဲ့ ပထမဆုံး ကင်းလှည့်ရဲဆီကနေကြားခဲ့တာ--"
ယွဲ့နင့်ထန်က အိပ်ရာဘေးကိုလျှောက်သွားကာ အံဆွဲကိုဆွဲဖွင့်လိုက်၏။
"အဲ့အချိန်တုန်းက အံဆွဲကို ပွင့်လျက်သားတွေ့ခဲ့တယ်တဲ့။"
လင်ရှူး အလိုလိုမေးမိသွား၏။ "အထဲမှာ ဘာရှိတာလဲ။"
ယွဲ့တင့်ထန်: "လက်ဝတ်ရတနာတွေ၊ ရွှေနာရီတွေ၊ ဒီထဲမှာရှိတဲ့အရာတွေအားလုံး ခြေရာလက်ရာမပျက်ရှိနေတယ်။"
လင်ရှူး: "ဒါဆို လူသတ်သမားက ဒီနေရာကို ပိုက်ဆံရှာဖို့မဟုတ်ဘဲ လူသတ်မှုကျူးလွန်ဖို့ လာခဲ့တာပေါ့။"
ယွဲ့တင့်ထန်: "အင်း။ တကယ်တော့ မင်းမေးတဲ့မေးခွန်းတွေကို ငါတို့ မေးပြီးသွားပြီ။"
သူသည် လင်ရှူးကို မတားခဲ့ဘဲ သူလွတ်သွားသည့် တစ်စုံတစ်ခုကို ရှာတွေ့နိုင်မလားဟု သိချင်နေခဲ့၏။
အိမ်တော်ထိန်းအိုကြီးနှင့် အစေခံများက တံခါးမှာရပ်နေပြီး အခန်းထဲမှာ ၎င်းတို့စစ်ဆေးနေသည်အား စောင့်နေခဲ့ကြသည်။ ထို့နောက် ကင်းလှည့်ရဲများနောက်လိုက်က လှေကားကနေ ဆင်းလာခဲ့ကြ၏။
တုယွင်းနင်ဆီက စာသုံးစောင်ကို လင်ရှူး မှတ်မိပါသေး၏။ သူ တစ်စုံတစ်ခုကို မေးရန်ပြင်လိုက်ချိန်မှာ သူ့အနောက်ကနေ ကျယ်လောင်သောအသံတစ်ခုကို ကြားလိုက်ရသည်။
သူ နောက်လှည့်ကြည့်လိုက်ရာ အစေခံတစ်ယောက်က လှေကားကနေ ချော်နင်းမိပြီး လျှောကျသွား၏။
ကံကောင်းထောက်မစွာဖြင့် ကင်းလှည့်သမားတစ်ယောက်က မျက်စိလျင်ပြီး လက်သွက်သောကြောင့်သာ။ မဟုတ်လျှင် သူ(မ)အရှေ့မှာရှိနေသော အိမ်တော်ထိန်းအိုကြီးကလည်း ဒုက္ခရောက်သွားပေမည်။
"ဘာဖြစ်နေတာလဲ။ လှေကားတောင် မဆင်းနိုင်တော့ဘူးလား။" ကင်းလှည့်သမားက ဆူငေါက်လိုက်သည်။
အစေခံအားလန်က ၎င်းအား ကြားပုံမပေါ်ဘဲ သူ(မ)၏မျက်နှာမှာ အကြောက်တရားများ ပြည့်နှက်နေပြီး အလွန်အမင်း ကြောက်လန့်စရာကောင်းသော တစ်စုံတစ်ခုကို တွေ့လိုက်ရသည့်နှယ်။
လင်ရှူး သူ(မ)၏အကြည့်နောက် လိုက်ကြည့်လိုက်ရာ အခုလေးတင်မှ ပိတ်ထားသော်လည်း ဘယ်အချိန်က ပွင့်သွားမှန်းမသိသော အခန်းတစ်ခန်းကို တွေ့လိုက်ရသည်။
လေပြည်က ပြတင်းတံခါးရှိကန့်လန့်ကာစကို တိုက်ခတ်သွားပြီး အလင်းနှင့် အရိပ်က တလှည့်စီပြောင်းလဲကာ နှင်းများက ပွင့်နေသောအခန်းကနေ လှေကားဆီကို အအေးဓာတ်များ သယ်ဆောင်ပေးလာ၏။
စိုက်ကြည့်လိုက်ရာ အိပ်ရာဘေးတွင် ပုံရိပ်တစ်ခုရှိနေဟန်ပေါ်သော်လည်း ၎င်းမှာ ခန်းစီးလိုက်ကာ၏ တစ်လွင့်လွင့်ဖြစ်နေမှုကြောင့် ပေါ်ပေါက်လာသော ပုံရိပ်ယောင်တစ်ခုသာ။
*****
Aurora Novel Translation Team