Chapter 19.1
“လူတစ်ယောက်ကိုသတ်ချင်ရင် သူတို့နှလုံးသားကို ဖယ်ရှားပစ်ရမည်။”
ရှန်ချီယွင်က စိတ်ထဲမှာဘယ်လိုတွေးနေပါစေ၊ ရှန်းယုဟန်၏ အကြည့်များက ရှန်ချီဟွမ်းအပေါ်မှာသာရှိနေသည်။
ရှန်ချီဟွမ်းက ရှန်းယုဟန် သရုပ်ဆောင်နေတာလားဆိုတာကို ဂရုမစိုက်ပဲ တစ်ဖက်လူက သူ့ကိုပဲကြည့်နေတာကို နှစ်သက်နေ၏။ ရှန်ချီယွင်၏ မျက်လုံးထဲကအကြည့်က မသက်မသာဖြစ်စေသော်ငြား ရှန်းယုဟန်က သူ့အပိုင်သာဖြစ်၍ သူ့နောက်ကွယ်မှာ ပြဿနာမရှာရင် အကောင်းဆုံးဖြစ်သည်။
ရှန်ချီယွင်က ရှန်းယုဟန်ကို ရုတ်တရက်တားလိုက်သည်။ “ယုဟန်၊ စောင့်ပါဦး၊ မင်းကိုပြောစရာရှိတယ်။”
သူက ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းကြားက ရင်းနှီးသောဆက်ဆံရေးက တစ်ချိန်က သူ့အပိုင်ဖြစ်ဖူးတာကြောင့် လျစ်လျူမရှုနိုင်ပေ။
ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က တစ်ပြိုင်တည်းအတူရပ်လိုက်ကြ၏။
ရှန်းယုဟန်သည် သူ့ယောက်ဖက သူ့ခင်ပွန်းရှေ့မှာ သူ့ကိုခေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေမယ့် သူ့သဘောတူလိုက်ရင်လည်း သူ့ဂုဏ်သတင်းအတွက် ကောင်းမှာမဟုတ်ပေ။
ခေတ်သစ်လူသားများတွင် တခြားသူတွေအတွက် ကိုယ့်ကိုယ်ကိုယ်စောင့်ထိန်းရန် ခိုင်မြဲသောကျင့်ဝတ်မျိုး မရှိသော်ငြား ရှန်းယုဟန်က ချီတိုင်းပြည်တွင် နှစ်နှစ်ဆယ်နေခဲ့ပြီး လူတိုင်းက သူ့ထဲတွင် ထိုကျင့်ဝတ်ကို ထည့်သွင်းထားသဖြင့် သူက တခြားအမျိုးသားများနှင့် တိတ်တဆိတ်ချိန်းတွေ့သည့် အပြုအမူမျိုးကို မလုပ်နိုင်ပေ။
ရှန်းယုဟန်က သူ့ခင်ပွန်း၏အမြင်ကို ထည့်စဥ်းစားလိုက်သည်။ ထိုလူက သူနဲ့အရင်းနှီးဆုံးလူဖြစ်ပြီး လက်ရှိမှာ သူမှီခိုယုံကြည်လို့ရသော တစ်ဦးတည်းသောလူဖြစ်၏။
“ယောကျာ်း.. ယောက်ဖက ကျွန်တော့်ကိုခေါ်နေတယ်၊ သူနဲ့စကားပြောလို့ရလား?”
ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့လက်ကိုဖယ်ပြီး ရှန်ချီယွင်ဆီ ပြေးသွားမယ်လို့ ထင်ထားပေမယ့် တစ်ဖက်လူ၏ ဤလှုပ်ရှားမှုကို မမျှော်လင့်ထားပေ။ သူက သူ့အမြင်ကို တကယ်လေးစားပြီး ဤ“ဇနီးလေး” သည် နေရာတကျရှိနေသည်။
“မပြောလို့မရတာမရှိပါဘူး။” ရှန်ချီဟွမ်းက သဘောထားကြီးသယောင် ပြုမူလိုက်သည်။ ရှန်ချီယွင်က ဘယ်လိုမကောင်းဆိုးဝါးမျိုး ဖြစ်ချင်နေတာလဲမသိပေ။
သူကလည်း ရှန်းယုဟန်၏ ရှန်ချီယွင်အပေါ် လက်ရှိသဘောထားကို စမ်းကြည့်ချင်နေတာဖြစ်၏။ သူ့ကို ‘ယောကျာ်း'လို့ နေ့တိုင်းခေါ်နေတာက အသုံးမဝင်ပေ။ သူက အမြတ်ထုတ်မခံချင်သလို တစ်ဖက်လူ၏ စိတ်ပိုင်းဆိုင်ရာ အသုံးချခံ နယ်ရုပ်လေးမဖြစ်ချင်ပေ။
ရှန်းယုဟန်က သူ့လက်ကိုမလွှတ်ပဲ ရှန်ချီယွင်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ “ယောက်ဖ၊ ပြောစရာရှိရင်..ဒီနေရာမှာပဲပြောပါ။”
ရှန်ချီယွင်က အစကတည်းက သူတို့နှစ်ယောက်၏ လက်တွဲထားပုံကိုကြည့်ပြီး ချဥ်စူးနေပေမယ့် ယခုတော့ သူ့နှလုံးသားက မသက်မသာပိုဖြစ်လာသည်။ ရှန်းယုဟန်၏ အပြောနှင့်လုပ်ရပ်ကို ရှန်ချီဟွမ်းက ချုပ်ကိုင်ထားသည်။ ဒါ့အပြင် ရှန်းယုဟန်က ရှန်ချီဟွမ်းရဲ့ လက်ကိုကိုင်ပြီး သူ့ကိုစကားပြောနေတာ ဘာသဘောလဲ?
အရင်က သူစကားအနည်းငယ်ပြန်ပြောရုံနဲ့ ရှန်းယုဟန်က ပျော်ရွှင်သွားလေ့ရှိပြီး အခု သူက ဒီခံစားချက်ကို မေ့သွားတာလား?
ရှန်ချီယွင်က သက်ပြင်းချလိုက်သည်။ “ငါမင်းနဲ့ ခဏလောက် စကားပြောချင်တယ်၊ မင်းရဲ့အချိန်ကို သိပ်မယူပါဘူး။”
ရှန်းယုဟန်က ရှန်ချီဟွမ်းကို ထပ်ကြည့်လိုက်သည်။ “သူက ကျွန်တော်နဲ့ နှစ်ယောက်တည်းစကားပြောချင်နေတယ်။”
ရှန်ချီယွင် စိတ်မဆိုးနိုင်ခင်မှာ ရှန်ချီဟွမ်းက ရယ်ချင်သွားသည်။ ရှန်းယုဟန်၏ လုပ်ဆောင်မှုက တကယ်ကို စိတ်ဝင်စားစရာကောင်းတာကြောင့် သူက စိတ်မဆိုးပဲ ရှန်းယုဟန်၏လက်ကို အရင်လွှတ်ပေးလိုက်သည်။
“မင်းအရင်သွား၊ ငါအထဲအရင်ဝင်နှင့်မယ်။ ပြီးမှလိုက်လာခဲ့။”
ရှန်းယုဟန်က ရှန်ချီဟွမ်း သူ့လက်ကိုလွှတ်ပေးလိုက်စဥ် စိတ်ပူလာပြီး သူက လက်ကိုပြန်ကိုင်လိုက်သည်။ “ဒီမှာပဲစောင့်နေလို့ရမလား?”
ရှန်ချီဟွမ်းက သူ၏ကပ်တွယ်နေသောပုံစံကိုကြည့်ကာ သူ့သရုပ်ဆောင်ချက်များက ပြိုင်ဘက်ကင်းပြီး အစစ်နှင့်တူနေသည်ဟု တွေးလိုက်သည်။ ရှန်ချီယွင်အကြောင်းကို စဥ်ဆက်မပြတ်တွေးတောနေသော သူက တစ်ဖက်လူက စကားစပြောလာတာတောင် ထိုလူဆီပြေးသွားခြင်းမရှိခဲ့ပေ။ သူက ရှန်ချီယွင်ထွက်သွားမှာ မကြောက်ဘူးလား?
သူက ရှန်းယုဟန် ဘာလုပ်ချင်တာလဲ တွေ့ချင်နေသည်။ “ကောင်းပြီ။”
ရှန်းယုဟန်က သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက ရှန်ချီယွင်ကို အနှေးနဲ့အမြန် ရင်ဆိုင်ရမှာကိုသိပေမယ့် သူ့ခင်ပွန်းက သူနဲ့အတူရှိနေမှသာ ရင်ဆိုင်နိုင်မည်။ မူလရှန်းယုဟန်က ရှန်ချီယွင်ကို စွဲလမ်းလွန်းခဲ့သဖြင့် သူ့ခင်ပွန်း ဒီမှာရှိနေစဥ် အနာဂတ်မှာအထင်လွဲမခံရအောင် သဘာဝကျကျပြုမူရမည်။ သူက ခင်ပွန်းနှင့်ဇနီးကြားရှိ ဖုံးကွယ်ထားသော အန္တရာယ်များကို ဖယ်ထုတ်ချင်သည်။
ရှန်ချီယွင်က ရှန်းယုဟန်၏ အပြုအမူကြောင့် မပျော်မရွှင်ဖြစ်နေသည်။ ရှန်ချီဟွမ်းကို အရာရာသံတော်ဦးတင်နေတာက သူ့ကို စိတ်ဆိုးအောင်လုပ်ချင်လို့လား?
ဟုတ်တယ်…သူက အောင်အောင်မြင်မြင် ဒေါသထွက်အောင်လုပ်နိုင်ခဲ့တာပဲ!
ရှန်းယုဟန်က တကယ်ကို စွမ်းဆောင်ရည်ပိုရှိလာသည်။
သူ့ခင်ပွန်း၏ခွင့်ပြုချက်ကိုရပြီးနောက် ရှန်းယုဟန်က သူ့လက်ကို တုံ့ဆိုင်းစွာလွှတ်ပေးလိုက်သည်။ သူ့ခင်ပွန်း၏ ဦးဆောင်လမ်းပြမှုကို ရဖို့မလွယ်ကူပေ။ ယင်းကို ရှန်ချီယွင်က ဖျက်စီးခဲ့တာဖြစ်ပြီး သူ့မှာ ဤ ရှန်ချီယွင်အတွက် ဘာခံစားချက်မှမရှိပေ။
သူက စိတ်မရှည်တော့ပဲ ရှန်ချီယွင်နှင့်အတူ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ရှန်ချီဟွမ်းနှင့် ငါးမီတာအကွာတွင်ရပ်လိုက်သည်။ သူက လေစုန်တွင်ရှိနေပြီး သူ့ခင်ပွန်းက အကြားအာရုံကောင်းသဖြင့် သူက သူတို့စကားများကိုကြားနိုင်ပြီး ဤနည်းဖြင့် သူက ရှန်ချီယွင်နဲ့ မနီးစပ်ကြောင်း သက်သေပြနိုင်လေသည်။
သူက ရှန်ချီဟွမ်းကို တစ်ချက်လှည့်ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “ခင်ဗျားဒီမှာပြောရင်.. ကျွန်တော့်ယောကျာ်းမြင်နိုင်လိမ့်မယ်။”
သူ့ကိုစိတ်ဆိုးနေသော ရှန်ချီယွင်ကပြောလိုက်သည်။ “ယုဟန်၊ မင်းအစ်ကိုဟွမ်းကို အသုံးချပြီး ငါ့ကိုစိတ်ဆိုးအောင်လုပ်ဖို့ မလိုပါဘူး။”
ရှန်းယုဟန်က မကြာခဏ သူ့ခင်ပွန်းကိုလှည့်ကြည့်နေသည်။ “ကျွန်တော်က ခင်ဗျားကို ဘာလို့စိတ်ဆိုးအောင်လုပ်ရမှာလဲ?”
ရှန်ချီယွင်က သူ၏စိတ်ပျံ့နေမှုကို တွေ့သွားကာ ပြောလိုက်သည်။ “အဲ့ဒါက မင်းငါ့ကိုကြိုက်နေလို့ ငါ့ကိုဒေါသထွက်အောင် လုပ်ချင်နေတာမဟုတ်ဘူးလား၊ မင်း အစ်ကိုဟွမ်းကို ဒီလိုဆက်ဆံနေတာ မကောင်းဘူး။” သူက တမင်တကာ ရှန်းယုဟန်ကို လှောင်ပြောင်နေခဲ့သည်။
ရှန်းယုဟန်က ထိုစကားတွေကိုလက်မခံရဲပဲ သူက ခြေတစ်လှမ်းဆုတ်ကာ ခေါင်းခါလိုက်သည်။ “ကျွန်တော်ခင်ဗျားကိုမကြိုက်ဘူး။ ကျွန်တော့်မှာ ယောကျာ်းရှိတယ်၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိပါ…ယောက်ဖ၊ တခြားလူတွေ အထင်လွဲနိုင်တဲ့စကားမျိုးကို မပြောပါနဲ့။”
ထိုကဲ့သို့ တိုက်ရိုက်ဆန်သောအဖြေမျိုးကို မမျှော်လင့်ထားသဖြင့် ရှန်ချီယွင်၏မျက်နှာက အနည်းငယ် တင်းမာသွားသည်။ “ကောင်းပြီ၊ မင်းမှာဒီအတွေးရှိရင်တော့ကောင်းတာပေါ့၊ မင်းနဲ့အစ်ကိုဟွမ်း ပျော်ရွှင်ဖို့ ဆုတောင်းပေးနေပါမယ်။ မင်းအရင်ကပေးခဲ့တဲ့ပစ္စည်းတွေကို မင်းအိမ်ကို ပြန်ပို့ပေးလိိုက်မယ်။” သူက ထိုပစ္စည်းတွေကို ပြန်ပို့ပေးရင် အစ်ကိုဟွမ်းက အခုလို သဘောထားကြီးပြီး ရှန်းယုဟန်က တည်ငြိမ်နေနိုင်မယ်လို့ သူမယုံပေ။
ရှန်းယုဟန်က သူဒါမျိုးလုပ်နိုင်သေးတာကို စဥ်းစားကာ ခဏလောက်တုံ့ဆိုင်းသွားသည်။ “ကျွန်တော် ခင်ဗျားကိုပေးခဲ့တဲ့ပစ္စည်းတွေက စျေးကြီးလား?” သာမန်လူမှုဆက်ဆံရေးမှာ လက်ဆောင်ပြန်ပို့ခံရတာက မူလရှန်းယုဟန်အတွက် ရှက်စရာအတိဖြစ်နေပေမယ့် သာမန်လူမှုဆက်ဆံရေးမဟုတ်ရင်တော့ တစ်ယောက်ယောက်က အနာဂတ်မှာ ဒါကိုအကြောင်းပြပြီး ခြိမ်းခြောက်လာရင် သူရင်ဆိုင်ဖို့လိုပေမည်။
ရှန်ချီယွင်က တစ်ချိန်ကရခဲ့ဖူးသော ယုံကြည်ချက်အချို့ကို ပြန်ရသွားကာ “စျေးကြီးမကြီးတော့မသိပေမယ့် အဲ့ဒါတွေဝယ်ဖို့ မင်းရဲ့စုဆောင်းငွေအကုန်သုံးခဲ့ရတယ်။”
ရှန်းယုဟန်က စိတ်ပိုင်းဖြတ်ကာ ပြောလိုက်သည်။ “ဒါဆိုပြန်ပေးပါ။” လက်ရှိမှာ သူပိုက်ဆံအရမ်းပြတ်နေပြီး သူ့ခင်ပွန်းက အိမ်အသုံးစရိတ်မထောက်ပံ့ရင် သူက လမ်းပေါ်ရောက်သွားမှာပင်။ အဲ့ဒါတွေက တန်ဖိုးကြီးပစ္စည်းဆိုရင်တော့ ပိုက်ဆံနည်းနည်းရဖို့ ပေါင်စားလို့ရပြီး ပြန်ပြီးအသုံးပြုလို့လည်းရသေးသည်။ ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်သလိုပဲ….
ရှန်ချီယွင်က ထပ်ပြီးဒေါသထွက်သွားသည်။ “....” မင်းတကယ်ပြန်ယူရဲတယ်ပေါ့? ငါ့ကိုလိုက်ဖို့ဆိုတာလိမ်ခဲ့တာလား?
ရှန်းယုဟန်က ရှန်ချီဟွမ်းကို ထပ်ကြည့်လိုက်ပြီး ရှန်ချီယွင်ကိုပြောလိုက်သည်။ “ဘာမှပြောစရာမရှိရင် သွားတော့မယ်။”
ရှန်ချီယွင်က ပြောစရာရှိသေးပေမယ့် ရှန်းယုဟန်က ရှန်ချီယွင်တွေးထားသော ယဥ်ကျေးမှုမရှိသည့်ပြေးနည်းဖြင့် ရှန်ချီဟွမ်းဆီကို ပြေးထွက်သွားကာ တိုးတိုးလေးပြောလိုက်သည်။ “ယောကျာ်း….စောင့်နေတာကြာပြီလား?”
လေစုန်တွင်ရပ်နေသော ရှန်ချီဟွမ်းက ဖြစ်စဥ်တစ်ခုလုံးကို နားထောင်နေပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။ “မကြာသေးပါဘူး၊ အထဲဝင်ရအောင်..အပြင်မှာလေထန်နေတယ်။” သူ့အတွက် လေသံကို ညင်သာအောင် ပြောင်းလဲသည်မှာရှား၏။
ရှန်းယုဟန်က သူ့မျက်နှာကိုထိလိုက်သည်။ “နည်းနည်းအေးနေပြီ၊ အရမ်းအေးနေပြီ။”
ရှန်ချီယွင်က သူတို့နှစ်ယောက်ထွက်သွားတာကိုကြည့်ပြီး လက်သီးဆုပ်ထားသည်။
ရှန်းယုဟန် မင်းက တကယ်ကိုတော်တာပဲ!
–
ဒင်နာက အခုထိမစသေးပဲ ပင်မအိမ်တော်ကလွဲရင် တခြားအိမ်တော်သုံးခုက ပြီးသွားလေပြီ။
အမျိုးသားအများစုက အပန်းဖြေရန်နေရာတွင် မာဂျောင်း*ကစားနေပြီး အသက်ကြီးသောအမျိုးသမီးအများစုက ခင်မင်သည်ဖြစ်စေ မုန်းတီးသည်ဖြစ်စေ အတူတူထိုင်ကာ စကားစမြည်ပြောနေကြပြီး တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းမဆိုင်နိုင်သော လူများက တခြားနေရာမှာ လုပ်စရာရှိတာလုပ်နေကြသည်။
(မာဂျောင်း* တရုတ်အမျိုးသားတွေကစားလေ့ရှိတဲ့ ဖဲချပ်ကစားနည်းတစ်မျိုး။)
ရှန်းယုဟန်က ပွဲတော်နှင့်စုဝေးပွဲကာလရှိ ဒီလိုပတ်ဝန်းကျင်မျိုးကို မစိမ်းပဲ ယင်းမှာ အိမ်မှာရှိနေသော အခြေအနေမျိုးနှင့်အတူတူပင်ဖြစ်၏။ ကောင်းမွန်သောဆက်ဆံရေးရှိသူများက အတူထိုင်ကြပြီး ကောင်းမွန်သောဆက်ဆံရေးမရှိသူများက တူညီသောတင်းမာမှုများဖြင့် တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်နေကြပြီး သူတို့၏စကားလုံးများက ပိုးချည်မျှင်နှင့်ဖုံးကွယ်ထားသော အပ်တစ်ချောင်းနှင့်တူ၏။ (အပြင်မှာသိမ်မွေ့ပေမယ့် အတွင်းမှာရက်စက်ပြီး နာကျည်းစရာကောင်းသော စကားလုံးများကို ဆိုလိုတာပါ။)
သူနဲ့ရှန်ချီဟွမ်းက ဧည့်ခန်းကိုဝင်သွားသည်နှင့် သူတို့တစ်ခါမှမမြင်ဖူးသော ဒုတိယမဒမ်က သူတို့ကိုချက်ချင်းနှုတ်ဆက်လာသည်။
“ချီဟွမ်းပြန်လာပြီ။”
ရှန်ချီဟွမ်းက ခေါင်းညိတ်လိုက်သည်။ သူက ရှန်းယုဟန်ကို တခြားသူများနဲ့ မိတ်ဆက်ပေးဖို့ မရည်ရွယ်ထားပဲ ဒုတိယမဒမ်ကိုလည်း အထင်မကြီးပေ။
သူက လူကြီးမျိုးဆက်၏ အချစ်ရေးကိစ္စများအပေါ် ထင်မြင်ချက်မရှိပေမယ့် ဤအခန်းထဲက လူတွေကိုကြည့်ကာ ရှန်ချီဟွမ်းက လုံးဝမပျော်တော့ပဲ ဘယ်သူ့ကိုမှလည်း ပြုံးမပြပေ။
ဒုတိယမဒမ်က ရှန်းယုဟန်ကိုကြည့်လိုက်သည်။ သူ့ကို ရှန်ချီဟွမ်းက အဝတ်အစားဆင်ထားပြီး ကားပေါ်ကမဆင်းခင် ဖိနပ်အသစ်လဲထားတာကြောင့် သူက လက်ရှိမှာ ကိုယ့်ကိုယ်ကိုယ် နိမ့်ချတတ်သော ခေတ်မီအမျိုးသားတစ်ဦးဖြစ်နေ၏။
ရှန်းယုဟန်၏ ဒုတိယမဒမ်အပေါ် သဘောထားက ရှန်ချီဟွမ်းနှင့်တူသည်။
ချီတိုင်းပြည်မှာ အမျိုးသားဇနီးသည်ကလွဲရင် ကျန်တာအားလုံးက တော်ဝင်ကိုယ်လုပ်တော် သို့မဟုတ် သာမန်ကိုယ်လုပ်တော်များသာဖြစ်ပြီး သူတို့က ပင်မစားပွဲမှာထိုင်ဖို့ အဆင့်မရှိပဲ ဘေးမှာသာရပ်နေရပြီး တစ်မိသားစုလုံး စားသောက်နေတာကို စောင့်ရသည်။
ဤရှန်မိသားစုက စည်းမျဥ်းများကို သေချာမလိုက်နာပဲ ဇနီးက ဇနီးနေရာမရှိ၊ ကိုယ်လုပ်တော်က ကိုယ်လုပ်တော်နေရာမရှိပဲ အကုန်ရောထွေးနေကြသည်။
သူက ရှန်ချီဟွမ်း၏ မိခင်ဘယ်ရောက်နေလဲဆိုတာကို မမေးပဲ သူတို့မင်္ဂလာပွဲမှာ ပေါ်မလာတာကိုတော့သိသည်။
သူတို့နှစ်ယောက်အထဲဝင်သွားတာနှင့် ဧည့်ခန်းရှိ လူအားလုံး၏အာရုံကို ဖမ်းစားလိုက်သည်။
ရှန်းယုဟန်က ဘယ်သူ့ကိုမှမသိတာကြောင့် ရှန်ချီဟွမ်းနောက်ကိုသာ လိုက်နေသည်။
အိမ်တော်ထိန်းက ရှန်ချီဟွမ်းကို ပြောလိုက်သည်။ “မင်းတို့နှစ်ယောက်လာရင် လက်ဖက်ရည်အန်းမှာ ထိုင်စောင့်နေဖို့ သခင်ကြီးက မှာထားပါတယ်။”
ရှန်ချီယွင်က သူတို့နောက်မှာပေါ်လာပြီး အတင်းအဖျင်းက သူတို့သုံးယောက်အပေါ်ကို ကျရောက်သွားသည်။ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လက်ဖက်ရည်ခန်းကို ခေါ်သွားသဖြင့် ရှန်ချီယွင်တစ်ယောက်တည်းက အရှက်ရနေခဲ့သည်။
ဒုတိယမဒမ်က ချဥ်စူးစရာမှတ်ချက်များကို အမြဲပေးလေ့ရှိသည်။ “ချီယွင်၊ မင်းနဲ့ချီဟွမ်းက တူတူပြန်လာတာလား? မင်းက ဒီနေရာမှာ ရှန်းယုဟန်ကို ကောင်းကောင်းသိတဲ့ တစ်ဦးတည်းသောလူပဲ၊ ငါတို့က သူ့အကြောင်းသိပ်မသိတော့ ငါတို့ကိုပြောပြဦးလေ။”
သူမ၏သမီးကလည်း သူမ၏စကားပြောဟန်ကို သင်ယူထားသည်။ “ငါလည်းကြားချင်တယ်။ သူက အတော်အစွမ်းအစရှိပုံရတယ်။ အစ်ကိုဟွမ်းက သူ့ကိုအရမ်းကာကွယ်ပေးနေတယ်။”
ရှန်ချီယွင်က ငြင်းခုံပွဲမှာမပါချင်သလို သူတို့နဲ့လည်း စကားမပြောချင်ပေ။ ရှန်းယုဟန်က အခုလေးတင် သူ့ကိုဒေါသထွက်အောင်လုပ်ထားသဖြင့် သူက စိတ်မကြည်သောလေသံဖြင့် “ကျွန်တော်လည်း မရီးအကြောင်းကို ကောင်းကောင်းမသိဘူး။”
ရှန်းယုဟန်က သူ့ကိုလိုက်ခဲ့တာကို လူတိုင်းသိကြသော်လည်း ရှန်ချီယွင်က လူတိုင်းရှေ့မှာ ပြောစရာမဖြစ်ချင်ပေ။ ဒါက သူနဲ့ ရှန်းယုဟန်ကြားက ကိစ္စဖြစ်ပြီး တခြားဘယ်သူနဲ့မှမဆိုင်ဘူး။
တတိယမဒမ်က သူမ၏အဖိုးတန်သားလေး စနောက်ခံနေရတာကို ကြားသောအခါ အပြေးထွက်လာသည်။ “ချီပိုင်က လွန်ခဲ့တဲ့နှစ်ရက်က အစောင့်မိန်းကလေးတစ်ဦးနဲ့ သတင်းထွက်ခဲ့တယ်ဆို….အတိုင်းအဆက အတော်ကြီးတာပဲ၊ အဲ့ဒါအမှန်လား အမှားလား?”
ရှန်ချီပိုင်က ဒုတိယမဒမ်၏အကြီးဆုံးသားဖြစ်ပြီး သူက ရှန်ချီဟွမ်းနှင့် ရှန်ချီယွင်ထက် အသက်ကြီးသည်။ သူက တခြားသူတွေဆီက လုပ်ငန်းစထောင်ဖို့ သင်ယူခဲ့ပြီး ကုမ္ပဏီတစ်ခုပြီးတစ်ခု ထောင်ခဲ့ပေမယ့် ဘာမှမအောင်မြင်သေးပေ။
ဒုတိယမဒမ်က တတိယမဒမ် သူမသားကိုပစ်မှတ်ထားနေတာကို ကြားသောအခါ ဒေါသကြောင့် အံကြိတ်မိသွားသည်။
စတုတ္တမဒမ်က သူမ၏ လေးနှစ်အရွယ်သမီးလေးကို ကိုင်ထားပြီး မုန့်စားနေကာ ကလေး၏ဆံပင်ကောက်ကို ထိနေသည်။ မိသားစု၏ လစဥ်ညစာစားပွဲမြင်ကွင်းကတော့ အရင်နှစ်ထက်ပင် ပိုစိတ်ဝင်စားစရာကောင်းနေသည်။
&&&&&&&&&&&&&&&&&&&
Chapter 19.2
ရှန်းယုဟန်က ရှိုးကိုသဘောမပေါက်နိုင်ပဲ သူက ရှန်ထျန်းဖုန်းနှင့်ဆက်ဆံရေးကို ဘယ်လိုကောင်းအောင်လုပ်ရမလဲ စဥ်းစားနေသည်။
သူတို့နှစ်ဦး အထဲကိုဝင်လာပြီးနောက် ရှန်းယုဟန်က ထိုအကြောင်းမတွေးတော့ပေ။ သူ့ခင်ပွန်းနှင့် ဖခင်ကြားက ဆက်ဆံရေးကလည်း သာမန်ဆန်သည်။
ရှန်ချီဟွမ်းထိုင်လိုက်သည်နှင့် ရှန်ထျန်းဖုန်းက သူ့ကို ဒေါသထွက်ကာ ဖုန်းနှင့်ပစ်ပေါက်လိုက်သည်။ “ဘာတွေဖြစ်နေတာလဲ? မင်းအခုမှလက်ထပ်ပြီးခါစကို တခြားသူတွေနဲ့ အရူးလိုလည်ပတ်နိုင်သေးတာလား?”
အမူအရာမဲ့ပြီးတည်ငြိမ်နေသော ရှန်ချီဟွမ်းက ဖုန်းထဲက ဖျော်ဖြေရေးသတင်းကို အမြန်ဖတ်လိုက်သည်။ ထိုသည်မှာ မနေ့က လျှိုထန်သွားခဲ့သော ကလပ်ဟောက်၏သတင်းသာဖြစ်သည်။ ပုံထဲတွင် နောက်ကျောကိုသာမြင်ရပြီး ဖျော်ဖြေရေးသတင်းထောက်က စာသားထဲမှာ ကွက်လပ်တချို့ကို တမင်ချန်ထားပြီး ခေါင်းစဥ်မှာ ‘ရှန်မိသားစုရဲ့သားဖြစ်သူ ရှန်ချီဟွမ်းက ကလပ်ထဲမှာ အပျော်ရှာပြီး ရဲတွေက ဖမ်းသွားခဲ့တယ်လို့ သံသယရှိပါတယ်’
နောက်ကျောပုံသဏ္ဍန်က သူနဲ့နည်းနည်းတူပေမယ့် သူမဟုတ်တာသေချာသည်။
တတိယအိမ်တော်ရဲ့ တတိယမဒမ် အကွက်ဆင်ထားတာ ဖြစ်ပေမည်။
“အဲ့ဒါကျွန်တော်မဟုတ်ဘူး။” ရှန်ချီဟွမ်းက အမှန်တရားကိုပြောခဲ့ပေမယ့် ရှန်ထျန်းဖုန်းက ယုံမလား မယုံဘူးလားဆိုတာကို ရွေးချယ်နိုင်သည်။
ရှန်ထျန်းဖုန်းက သူ့ကိုမကြည့်ပဲ ဘာတွေဖြစ်နေမှန်းမသိသေးသည့် ရှန်းယုဟန်ကို မေးလိုက်သည်။ “ယုဟန်၊ သူမနေ့ကအိမ်မှာရှိခဲ့လား?”
ရှန်းယုဟန်က အမှန်တရားကိုပြောလိုက်သည်။ “သူက အိမ်မှာရှိနေတာပါ၊ ကျွန်တော့်ကို မနက်ပိုင်းသင်တန်းကနေ လာကြိုပြီး နေ့လည်မှာစျေးဝယ်ဖို့ အဖော်လိုက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက်လုံး ညနေခင်း အိမ်မှာပဲရှိနေကြပြီး အပြင်မသွားခဲ့ပါဘူး။”
ရှန်ထျန်းဖုန်း၏အမူအရာက အနည်းငယ်ပျော့သွားပြီး သူက ရှန်ချီဟွမ်းကို အထင်လွဲမိတာကို သိသွားသည်။ “တကယ်အပြင်မထွက်ခဲ့ဘူးလား?”
ရှန်းယုဟန်က လိမ်တာရှားပြီး သူ့မျက်လုံးများက အလွန်ရိုးသားသည်။ “ကျွန်တော်တို့အပြင်မထွက်ပါဘူး၊ အိမ်မှာရုပ်ရှင်တောင်ကြည့်ခဲ့သေးတယ်၊ ဘာဖြစ်လို့လဲ?”
ရှန်းယုဟန်က ရှန်ချီဟွမ်းကို ကာပေးနေတာမဟုတ်ကြောင်း တွေ့ရစဥ် ရှန်ထျန်းဖုန်းက ပြောလိုက်သည်။ “ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်းမယုံရတဲ့ အတင်းအဖျင်းအချို့ပါပဲ။”
ရှန်ချီဟွမ်းက ဤအရာမျိုးကို ကျင့်သားရနေခဲ့ပြီး သူ့လုပ်ငန်းက ပိုကြီးမားလာပြီးနောက် ဒီလိုအရာမျိုးတွေကို မကြာခဏကြုံရလေ့ရှိပြီး အခုတော့ ရှင်းပြဖို့ပင် ပျင်းရိနေသည်။
ရှန်းယုဟန်: “ဒီလိုကိုး” လက်ရှိတွင် ရှန်မိသားစုက ချမ်းသာပြီး သြဇာကြီးမားသော မိသားစုဖြစ်သည်ကို သူသိသော်လည်း ယင်းမှာ သူ့အစ်ကိုဖြစ်သူ ဖောက်ပြန်ပြီး မိသားစုဓလေ့ထုံးစံကို ချိုးဖျက်ခဲ့တာကို သူ့အဖေက ကြားခဲ့ရတုန်းက ဖြစ်စဥ်နှင့်တူသည်ဟု တွေးလိုက်သည်။ သူ့အဖေက အခြေအနေကို အတိအကျသိချင်ပြီး တကယ်ဖြစ်ခဲ့တာဆိုရင် မိသားစုဥပဒေအရ ကိုင်တွယ်မှာဖြစ်ပြီး ဘာမှမဖြစ်ခဲ့ဘူးဆိုလျှင် ကောလာဟလဖြန့်သူကို ရှာပြီး ရိုက်ပစ်တာဖြစ်သည်။
ထိုကိစ္စကို ဤနေရာမှာတော့ ပေါ့ပေါ့တန်တန် ဖြေရှင်းခဲ့ပြီး ရှန်ထျန်းဖုန်းနှင့် ရှန်ချီဟွမ်းကြားရှိ အရင်က ပဋိပက္ခများထက် ယခုကိစ္စက ထူးခြားတာမရှိပဲ ရိုးရှင်းနေတာကြောင့် အဖေနဲ့သား၏ ရင်ဆိုင်ပုံက တစ်ခန်းရပ်သွားသည်။
ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်းအတွက် လက်ဖက်ရည်ကို အရင်လောင်းထည့်ပေးပြီး သူ့အတွက် ပြဿနာအသေးလေးကို ဖြေရှင်းပေးလို့ ကျေးဇူးတင်သည့်အနေဖြင့် ရှန်းယုဟန်အတွက် တစ်ခွက်ထည့်ပေးလိုက်သည်။
ရှန်ထျန်းဖုန်းက ထိုအခိုက်အတန့်မှာ ပျော်ရွှင်နေပြီး သူ့မှာ မြေးတွေ ပြတ်လတ်မနေတာကြောင့် သူက ရှန်ချီဟွမ်းနှင့် ရှန်းယုဟန် ကလေးမရနိုင်တာကို ဂရုမစိုက်ပေ။
“ငါ့ခေါင်းကိုကြည့်၊ ငါတစ်ခုမေ့သွားတယ်။” သူက အိတ်ကပ်ထဲက ကဒ်တစ်ခုကိုထုတ်ပေးပြီး ရှန်းယုဟန်ကို ပေးလိုက်သည်။ “ဒါက မင်းအတွက် မုန့်ဖိုး၊ ချွေးမတိုင်းမှာ ဒါရှိပြီး ဒီတစ်ခုက မင်းအတွက်။”
ချွေးမအားလုံးအတွက်ဆိုတော့ ရှန်းယုဟန်က အားနာမနေတော့ပေ။ အားလုံးမှာရှိလို့ သူငြင်းနိုင်သည့် အကြောင်းပြချက်မရှိပေ။
“ ကျေးဇူးတင်ပါတယ်..ဖေဖေ။”
ခေါင်းစဥ်ပြောင်းလဲမှုက သဘာဝဆန်ပြီး ရှန်ထျန်းဖုန်းက နားထောင်ရတာ သက်တောင့်သက်သာဖြစ်နေသည်။
ရှန်းယုဟန်က ‘ချွေးမ'ဆိုသော ဂုဏ်ပုဒ်ကို မကျေမနပ်မဖြစ်ပဲ မူလရှန်းယုဟန်သာဆိုလျှင် နှုတ်ခမ်းတွန့်သွားမှာပင်၊ သို့ပေသိ ရှန်းယုဟန်သည် ရှန်ချီဟွမ်း၏ဇနီးအဖြစ် နှလုံးသား၏ အောက်ခြေကနေ မှတ်ယူထားတာဖြစ်၍ သူက သာမန်အားဖြင့် ရှန်ထျန်းဖုန်း၏ ချွေးမဖြစ်သည်။
သူတို့က ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများအရှေ့မှာ လက်ထပ်ထားကြပြီး သူတို့က ဒီဆက်ဆံရေးကို ဘယ်လောက်ပင် ဟန်ဆောင်ငြင်းဆိုနေပါစေ ထည့်စဥ်းစားဖို့မလိုအပ်ပေ။
ရှန်ထျန်းဖုန်းနှင့် ခဏထိုင်ပြီးနောက် အိမ်တော်ထိန်းက သူတို့ကို ညစာစားဖို့ လာခေါ်ခဲ့သည်။
ရှန်ချီဟွမ်း၏ အစ်ကိုကြီးနှင့် အစ်မလတ်က အဝေးမှာနေကြပြီး နှစ်ယောက်လုံးက အလုပ်ခရီးထွက်နေသဖြင့် မလာနိုင်သော်လည်း ရှန်းယုဟန် တစ်ခါမှမမြင်ဖူးသည့် ရှန်ချီရှင်းက ကြေညာချက်အပြီးမှာ ပြန်ရောက်လာခဲ့သည်။
သူ့အသွင်အပြင်က အတော်လေးအံ့အားသင့်စရာကောင်း၏။
ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက လက်ဖက်ရည်ခန်းမှ ထွက်လာပြီး သူတို့ဆီလာနေသော ရှန်ချီရှင်းကို တွေ့လိုက်ရသည်။
“တတိယအစ်ကို.. ဒါက ကျွန်တော့်မရီး ဟုတ််တယ်မလား?”
ဒါဘယ်လိုမှားနိုင်မှာလဲ၊ ဒီအခန်းထဲမှာ သူမတွေ့ဖူးတဲ့သူမရှိသဖြင့် သူက အဖြေသိရဲ့သားနဲ့ မေးလိုက်သည်။
“အွန်း” ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုပြောလိုက်သည်။ “ရှန်ချီရှင်း…မင်း.ယောက်ဖ။”
“ဟယ်လို..ယောက်ဖ။” ရှန်းယုဟန်က သူ့ကိုပြုံးပြလိုက်သည်။ သူက သူ့ခင်ပွန်း၏ မွေးချင်းညီငယ်ဖြစ်သည်။
ရှန်ချီရှင်းက ရှန်းယုဟန်၏အကျင့်စရိုက်ကို ကြားသော်လည်း သူကြားဖူးတာနှင့် ကွဲပြားနေပြီး သူက အလွန်တက်ကြွနေကာ သူ့အပြုံးက ထောင်ချီသော မိန်းကလေးများကို ဆွဲဆောင်နိုင်သည်။ သူ့လှုပ်ရှားမှုတိုင်းက လေ့ကျင့်ပေးထားသလို မတူညီသော စိတ်နေသဘောထားများ ရှိနေသည်။
သို့သော် ရှန်ချီရှင်းက လက်ရှိတွင် ရှန်ချီဟွမ်းနှင့် အရေးကြီးပြောစရာရှိနေသည်။
သူက ရှန်ချီဟွမ်းကို တိုးတိုးလေးမေးလိုက်သည်။ “တတိယအစ်ကို.. ကောမှာ B@Xရဲ့ နောက်ဆုံးပေါ်ဝတ်စုံရှိလား၊ ကျွန်တော်မနက်ဖြန် ပွဲတစ်ခုတက်စရာရှိလို့ တစ်ရက်လောက်ငှားပေးဦး။”
ရှန်ချီဟွမ်း: “မင်းလိုချင်ရင် အပြန်ငါတို့နဲ့လိုက်ခဲ့။”
ရှန်ချီရှင်း: “ဒါဆိုကောရဲ့နေရာမှာပဲ ညအိပ်လိုက်မယ်။ အဆင်ပြေတယ်မလား?”
ရှန်ချီဟွမ်း: “မပြေဘူး။”
သူတို့နှစ်ယောက်သား အချိန်မီ စကားကိုအဆုံးသတ်ကာ ထိုင်လိုက်ကြသည်။
စားသောက်ချိန်တွင် စားပွဲဝိုင်းက လေထုက အလွန်လိုက်လျောညီထွေဖြစ်ပြီး ပထမဆယ်မိနစ်က ဘယ်လိုအသားမျိုးက အရသာရှိပြီး ဘယ်ဟင်းလျာက လတ်ဆတ်သလဲနှင့် အဲ့ဒီကိုရောက်ဖို့ ဘယ်လောက်ကြာနိုင်သလဲ ဆွေးနွေးခဲ့သည်။ ထိုသည်မှာ ဘေးကင်းသောခေါင်းစဥ်ဖြစ်သော်လည်း ချမ်းသာပြီး သြဇာကြီးသောမိသားစုက ညစာအတူစားကြစဥ် အကောင်းဆုံးအပိုင်းက နောက်မှသာဖြစ်ပေါ်လေ့ရှိသည်။
ကုမ္ပဏီရှိ ဒုတိယမဒမ်သား၏ တစ်ကိုယ်ကောင်းဆန်သောလုပ်ရပ်များကို ဘယ်သူက အစဖော်လိုက်လည်း မသေချာပေမယ့် ဒုတိယအိမ်တော်ကလည်း တတိယနှင့်စတုတ္တအိမ်တော်ကြားက ပြဿနာကို ဖော်ထုတ်ကာ ခွေးခွေးချင်းကိုက်ကြသလိုပင် ဘယ်သူမှအသာစီးမရကြပေ။
ရှန်းယုဟန်က ထိတ်လန့်စွာကြည့်နေသော်ငြား ထိုသို့ဆိုလျှင်တောင် ရှန်ထျန်းဖုန်းက အိမ်တော်ထိန်းယူလာသော ဂျင်ဆင်းဟင်းရည်ကို စိတ်အေးလက်အေး သောက်နေဆဲဖြစ်ပြီး သောင်းကျန်းနေသော မဒမ်နှင့်ကလေးများကို အပြစ်တင်ခြင်းမရှိခဲ့ပေ။
စားပွဲပေါ်ရှိမီးတောက်က ပိုပြင်းလာပြီး ရှန်ချီဟွမ်းဆီကို ရုတ်တရက်ပျံ့နှံ့သွားသည်။ ဒုတိယမဒမ်က ဘယ်သူ့ကိုမှစိတ်မပျက်စေရန် ‘ကလပ်က ပြည့်တန်ဆာ’ ကိစ္စရပ်ကို ဖော်ကာ မီးတောက်နှင့် ရှန်ချီဟွမ်းအား တောက်လောင်စေသည်။
ဒုတိယမဒမ်က ပြောလိုက်သည်။ “ငါတို့ချီပိုင်နဲ့ယှဥ်ရင် ချီဟွမ်းရဲ့လုပ်ရပ်က ပိုအံ့သြဖို့ကောင်းတယ်၊ အဲ့ဒါက သတင်းမှာပျံ့နေပြီး ချီပိုင်ရဲ့ကိစ္စက ဖျော်ဖြေရေးသတင်းတစ်ခုသာသာပဲ။”
အတင်းအဖျင်းကို နားထောင်နေသည့် ရှန်းယုဟန်က မတ်မတ်ထိုင်ကာ ဟင်းရည်ကို ပါးစပ်အပြည့်မျိုချလိုက်ပြီး စွပ်ပြုတ်ပန်းကန်နှင့် ဇွန်းကို ပန်းကန်ပြားပေါ်မှာ ညင်ညင်သာသာချလိုက်သည်။ သူက ဒုတိယမဒမ်ကိုကြည့်လိုက်စဥ် သူ့အကြည့်က အေးစက်နေသည်။ သူ့ခင်ပွန်းကို ဒုတိယမဒမ်ရဲ့ မျက်မှေးရှန်ချီပိုင်နဲ့ ဘယ်လိုတောင် လာယှဥ်နိုင်တာလဲ၊ မျက်နှာကလည်း ရှုံ့မဲ့နေပြီး အထူးသဖြင့်သူ့ကိုကြည့်တိုင်း ထူးဆန်းနေပြီး ရွံစရာကောင်းသော သန်ကောင်ရှည်က သူ့တစ်ကိုယ်လုံးမှာ တွားသွားနေသလိုပင်။
ရှန်ချီဟွမ်းက သူတို့၏ငြင်းခုံမှုကို လျစ်လျူရှုထားသည်။ ဒုတိယမဒမ်က ဘယ်သူ့ကိုမှမကြိမ်းမောင်းနိုင်သဖြင့် သူက စစ်ပွဲအဆုံးသတ်ဖို့ ရှန်ချီဟွမ်းကိုသာ အသုံးချချင်နေသည်။
“ခင်ဗျား ကျုပ်အစ်ကိုကို ဘယ်မှာတွေ့ခဲ့လို့လဲ? အစားအသောက်ကို ပေါ့ပေါ့တန်တန် စားလို့ရပေမယ့် စကားကို ပေါ့ပေါ့တန်တန်ပြောလို့မရဘူး။ အရာအားလုံးမှာ အထောက်အထားရှိရတယ်။” ရှန်ချီရှင်းက သူ့တတိယအစ်ကိုအကြောင်း အတင်းအဖျင်း အမြဲဖန်တီးပြီး ညစ်ပတ်သော ရေပေါင်းစုံနှင့် ပတ်ဖြန်းလေ့ရှိသော ဤမဒမ်များကို မကြိုက်ဆုံးဖြစ်သည်။
ဒုတိယမဒမ်: “လျှိုထန်နဲ့တခြားသူတွေက သူနဲ့မကစားလို့လား၊ မနေ့ညက လျှိုထန်နဲ့ တခြားသူတွေ ရဲစခန်းကထွက်လာတာကို မြင်တဲ့သူရှိတယ်၊ အဲ့ဒါ ပြဿနာကြီးမဟုတ်ဘူးလား?”
ရှန်ချီရှင်း: “လျှိုထန်ကလျှိုထန်ပဲ၊ ဘယ်မျက်လုံးနဲ့ ခင်ဗျားက ကျုပ်အစ်ကိုကို မြင်ခဲ့တာလဲ?”
ဒုတိယမဒမ်: “နောက်ကျောပုံစံက…”
ရှန်ချီရှင်းက မထီမဲ့မြင်ပြုကာ နှုတ်ခမ်းကိုတွန့်ကွေးလိုက်သည်။ “အဲ့ဒါကျွန်တော်အစ်ကိုလား? ခင်ဗျား မျက်စိအထူးကုနဲ့ သွားပြဖို့လိုနေပြီ။” သူက မနေ့ညက သူ့အစ်ကို အပြင်မထွက်ကြောင်း လက်ဖက်ရည်ခန်း၏ အပြင်ကနေကြားခဲ့သည်။
စွပ်ပြုတ်သောက်နေသော ရှန်ထျန်းဖုန်းက သူ့ပန်းကန်လုံးကို စားပွဲပေါ် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
“တော်ပြီ.. မင်းမှာ အတင်းအဖျင်းပြောဖို့ ကျန်နေသေးလား၊ အားနေရင် မင်းရဲ့သား ချီပိုင်ကို ဘာလို့မဆုံးမတာလဲ၊ မင်းအရှက်တကွဲဖြစ်ရတာ မလုံလောက်သေးလို့လား?”
ဒုတိယမဒမ်က အလွတ်မပေးပဲ ရှန်ချီဟွမ်းကို ပြဿနာထဲဆွဲသွင်းလိုက်သည်။ “ထျန်းဖုန်း…ဒါပေမယ့် ဒီကိစ္စက နေရာတိုင်းမှာရောက်နေပြီလေ.. မနေ့ကလေးတင်ဖြစ်ခဲ့ပြီးတော့..”
ရှန်ချီဟွမ်းက ဒုတိယမဒမ်ကို အေးစက်စက်ကြည့်လိုက်သည်။ “ကျုပ်က မနေ့က ရှောင်ဟန်နဲ့အတူ အိမ်မှာပဲရှိနေတာ၊ ခင်ဗျား ဗီဒီယို ဒါမှမဟုတ် ဓာတ်ပုံလိုချင်လား?”
ဒုတိယမဒမ်က မယုံနိုင်သလို သူမပါးစပ်ကို လှုပ်လိုက်သည်။
အဲ့ဒါက လူမှုရေးသတင်းအားလုံးနီးပါးမှာ ရောက်နေတာကို။
–
စားသောက်ပြီးနောက် ရှန်ချီဟွမ်းက အိမ်ပြန်တော့မည်ဟု ရှန်ထျန်းဖုန်းကို ပြောလိုက်သည်။ ရှန်ထျန်းဖုန်းက သူ့ကိုဘာမှမပြောတာရှားပြီး ရှန်းယုဟန်ကိုတောင် ဂရုစိုက်ခဲ့သည်။
ရှန်ထျန်းဖုန်းက ပြောလိုက်သည်။ “ချီဟွမ်း မင်းကိုအနိုင်ကျင့်ရင် ငါ့ကိုဖုန်းခေါ်လိုက်။”
ရှန်းယုဟန်က ပြုံးကာ ပြန်ပြောလိုက်သည်။ “သူက ကျွန်တော့်ကိုအနိုင်မကျင့်ပါဘူး။ ကျွန်တော့်အပေါ် ကောင်းပါတယ်။”
ရှန်ထျန်းဖုန်းက သူ၏သားများ အိမ်ထောင်ကျပြီးနောက် ရင့်ကျက်လာသည်ဟု ခံစားလိုက်ရပြီး သူက လူတွေကို ဘယ်လိုချီးကျူးရမလဲသိပေမယ့် ယင်းမှာ ရှန်းယုဟန်က ရှန်ချီဟွမ်း အနိုင်ကျင့်တာကို ခံနေရတယ်လို့ သူ့ကိုခံစားရစေသည်။
ဒုတိယမဒမ်ကလည်း သူတို့နဲ့အတူထွက်လာကာ စတုတ္တမဒမ်က ရှန်ထျန်းဖုန်းကို အဖော်ပြုပေးနေပြီး သူမ နေချင်ရင်တောင် ဒီမှာညအိပ်လို့မရပေ။
နှစ်ဖက်ဆုံသွားတော့ ဒုတိယမဒမ်က ရှန်းယုဟန်ကို စကားနာထိုးလိုက်သည်။ “ယုဟန်..ရှန်ချီဟွမ်း အပြင်မှာကစားနေတာကို မင်းစိတ်မဆိုးဘူးလား? အပြင်မှာ ဘယ်လိုလူတွေရှိလဲ မင်းသိရဲ့လား?”
ရှန်းယုဟန်၏ကိုယ်ဟန်က မတ်မတ်ရပ်နေကာ သူက ဒုတိယမဒမ်ကို တိုက်ရိုက်ကြည့်ပြီး ပေါ့ပေါ့တန်တန် ပြောလိုက်သည်။ “ကျွန်တော်တို့ ပင်မအိမ်တော်ရဲ့ကိစ္စတွေက ခင်ဗျားနဲ့ဘာဆိုင်လို့လဲ?”
ဒုတိယမဒမ်က ခဏလောက်စွန့်အသွားကာ သူမနှုတ်ခမ်းက ဒေါသကြောင့်တုန်ယင်လာပြီး စကားတစ်ခွန်းမှမပြောနိုင်ပဲ ယခုအချိန်တွင် အဖက်လုပ်ဖို့မတန်သလို ဆက်ဆံခံလိုက်ရလေသည်။
ရှန်ချီဟွမ်းနဲ့ တခြားသူတွေက ပင်မအိမ်တော်ကဆိုရင် သူမအိမ်ကဘာလဲ? ဘေးအိမ်လား*?
(**မယားငယ်အိမ်)
ဒီရှန်းယုဟန်က သူမကို အလွန်ဒေါသထွက်စေသဖြင့် သူမရင်ဘတ်က နာကျင်လာသည်။
ရှန်းယုဟန်ဘေးမှာရပ်နေသော ရှန်ချီဟွမ်းက သူ့အရေပြားတင်းမာသွားသည်။ ဒါက လူတစ်ယောက်ကိုသတ်ဖို့ သူတို့နှလုံးသားကို ဖျက်စီးပစ်လိုက်တာနဲ့ မတူဘူးလား။
အရမ်းမနာကျင်ရပေမယ့် ပြင်းထန်စွာ ညှဥ်းဆဲလိုက်ခြင်းဖြစ်ပေသည်။