Chapter 41.1
“ကိုယ်ကျင့်တရားကောင်းတဲ့ဇနီး”
“ယောကျာ်း..ဘာဖြစ်လို့လဲ?” ရှန်းယုဟန်က တစ်စက္ကန့်အတွင်း သူ့ခင်ပွန်း၏ မျက်နှာပြောင်းလဲနိုင်စွမ်းကို လေးစားနေသည်။ ယခုလေးတင် သူက သူ့နဲ့ကစားနေပေမယ့် သူ့မျက်လုံးများက အေးစက်သွားကာ အမူအရာမဲ့သွားခဲ့သည်။
“အဖေလဲကျသွားလို့ ဆေးရုံရောက်နေတယ်၊ ဘာလို့လဲကျခဲ့တာလဲတော့မသိဘူး။ သွားကြည့်ရအောင်။” ရှန်ချီဟွမ်း၏စကားများမှာ အေးစက်နေပြီး မွေးဖခင်ဆေးရုံရောက်သွားလို့ ဖြစ်နေရမယ့် ပုံစံမျိုးမရှိသလို စိတ်ပူပင်မှုလည်း ရှိမနေချေ။
“ခင်ဗျားသူ့ကိုစိတ်မပူဘူးလား?” ယခုအခါ ရှန်းယုဟန်က ရှန်ချီဟွမ်းနှင့် ပိုရင်းနှီးလာပြီး သူက ပိုလေးနက်သော မေးခွန်းများကို မေးရဲလာသည်။ ဒါက သူ့ခင်ပွန်း၏ ထိရှလွယ်သောနေရာကို ထိစေမှာမဟုတ်တာကို သူသိသည်။
ရှန်းမိသားစုမှာဆိုရင် သူ့အဖေဖျားရင် ညီအစ်ကိုသုံးယောက်လုံးက နေ့တိုင်းဝတ်ပြုဆုတောင်းဖို့ ရောက်နေကြပြီး ဝတ်ပြုဖို့က အဓိကဖြစ်သည်။ သို့သော် သူ့ယောက္ခထီး၏အပြုအမူက မရှင်းသလို သူက သူ့ခင်ပွန်းကိုလည်းဂရုစိုက်ပုံမပေါ်ပေ။ နောက်ဆုံးအကြိမ်က အတင်းအဖျင်းတစ်ခုကိုကြားပြီး အကြောင်းအရာ ရှင်းရှင်းလင်းလင်းမသိပါပဲ သူ့ခင်ပွန်းကိုဝေဖန်ဖို့ ခေါ်ခဲ့ပြီး သူက သူ့ခင်ပွန်းအပေါ်လေးစားမှုမရှိချေ။ ဒါကြောင့် ရှန်ချီဟွမ်းက သူ့အတွက်ခံစားချက်မရှိတာက ကျိုးကြောင်းဆီလျော်သည်။
ရှန်းယုဟန်နှင့်ရင်းနှီးသော ဝတ်ပြုကိုယ်ကွယ်ခြင်းနိယာမကို ဆန့်ကျင်နေသော်လည်း သူက ရူးမိုက်သောသူမဟုတ်တာကြောင့် သူ့ခင်ပွန်းဘက်ကဖြစ်သည်။
“စိတ်မပူပါနဲ့၊ သူ့ကို ငါတို့ထက် စိတ်ပူနေတဲ့သူတွေရှိတယ်။ ပြီးတော့ အဘိုးကြီးက ငါတို့စိတ်ပူပေးတာကို မလိုအပ်ပါဘူ။” ရှန်ချီဟွမ်းက ပြောလိုက်သည်။ သူက တခြားသူများရှေ့မှာ ဤစကားများကို ပြောခဲသော်ငြား ရှန်းယုဟန်ရှေ့မှာတော့ အရှက်အကြောက်မရှိဘူးလို့ထင်သည်။ တချို့အကြောင်းပြချက်ကြောင့် သူက ရှန်းယုဟန် သူ့ကိုယုံပေးမှာကို သိနေသည်။ “မင်းရောစိတ်ပူလား?”
ရှန်းယုဟန်က သူ့ကိုအာမခံလိုက်သည်။ “ကျွန်တော်က ယောကျာ်းရဲ့စကားပဲနားထောင်တာ။”
ရှန်ချီဟွမ်းက ကူကယ်ရာမဲ့ မပြုံးပဲမနေနိုင်တော့ချေ။ ဒါက ရှန်းယုဟန် တကယ်ပြောခဲ့တာဖြစ်ပြီး ထိုစကားကြားပြီးနောက် သူက စိတ်သက်သာရာရသွားပြီး အိမ်တော်သုံးခု၏ပြဿနာကြောင့် စိတ်ရှုပ်နေစရာမလိုတော့ပေ။ လွန်ခဲ့သောရက်အနည်းငယ်က Hot Search ကို ဒီနေ့မှာ ဆွေးနွေးကြဖို့ ဖြစ်နိုင်သည်။
“ဆေးရုံမှာ အိမ်တော်သုံးအိမ်က လူတစ်စု သေချာပေါက်ရှိမှာပဲ။ မင်းဘာမှမပြောနဲ့နော်။” သူက ရှန်းယုဟန်ကို သတိပေးလိုက်သည်။ ရှန်းယုဟန်က hot search ကိုဖတ်ပြီး hot search နဲ့ပတ်သတ်တာကို သိနေတယ်လို့ သူကထင်နေသည်။ “မင်းဘာမှမသိသလိုဟန်ဆောင်လိုက်။ သူတို့နဲ့ငြင်းခုံလို့ဘာမှအကျိုးမရှိဘူး။”
ရှန်းယုဟန်က သူ့ကိုမေးလိုက်သည်။ “သူတို့ကျွန်တော့်ကိုရန်စရင်ရော?”
“ငါရှိတယ်၊ ဒါပေမယ့် အမှတ်အများဆုံးအောင်နိုင်သူရဲ့ ဇနီးကလည်း သက်သက်လွတ်သမားမှမဟုတ်ပဲ စကားတစ်ခွန်းနဲ့ ဆယ်ယောက်ကိုအနိုင်ယူနိုင်တယ်လေ။” အရင်တစ်ခေါက်က ပါးစပ်ပိတ်ခံလိုက်ရသည့် ဒုတိယမဒမ်၏ ရှက်ရွံ့နေသောမျက်နှာကို ပြန်တွေးကာ ရှန်ချီဟွမ်းက ကွက်ကွက်ကွင်းကွင်း မှတ်မိနေပြီး ထိုအချိန်က ကြိမ်းမောင်းမှုက အတော်လေးကောင်းတာကို ခံစားမိခဲ့သည်။
ရှန်းယုဟန်က သူ့အသုံးအနှုန်းကြောင့် သဘောကျသွားသည်။ “ကျွန်တော့်မှာအဲ့လိုအရည်အချင်းမရှိပါဘူး။ ဒါပေမယ့် ကျွန်တော့်ခင်ပွန်းကိုကူညီဖို့ တခြားသူတွေနဲ့ ပါးပါးနပ်နပ်ပြောဆိုနိုင်တယ်။” မဒမ်များစွာနှင့် ပါးနပ်စွာပြောဆိုခြင်းက သူ့ကိုအောင်မြင်မှုတစ်ခုကိုရစေပြီး သူ့ခင်ပွန်းက ထိုနေရာမှာမတော်တာကြောင့် သူက ထိုကွက်လပ်ကိုဖြည့်ပေးနိုင်သည်။
“ရှန်းယုဟန်၊ မင်းက မင်းယောကျာ်းနဲ့ သဟဇာတဖြစ်အောင် သင်ယူထားတဲ့ဇနီးလေးပဲ” ရှန်ချီဟွမ်းက ထိုစကားလုံးကို လုံးဝမရှက်ရွံတော့ပေ။
ရှန်းယုဟန်က အလွန်လေးနက်သော အပြုအမူဖြင့်ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ ယောကျာ်း၊ ခင်ဗျားရဲ့ချီးကျူးမှုအတွက် ကြိုးစားပါ့မယ်။”
ရှန်ချီဟွမ်းက သူတို့နှစ်ယောက်ကြားက စကားများမှာ အထက်လူကြီးနှင့် လက်အောက်ငယ်သားကြားက စကားနဲ့တူတာကြောင့် ခေါင်းခါပြီး ရယ်မိသွားသည်။
သူတို့က ချင်တူရိယာဆိုင်မှထွက်လာခဲ့ပြီး ရှန်ထျန်းဖုန်းသွားခဲ့သော ဆေးရုံနဲ့သိပ်မဝေးတာကြောင့် ဆယ်မိနစ်ယာဥ်ကြောပိတ်ဆို့မှုအပြီးမှာ နာရီဝက်မပြည့်မီရောက်သွားခဲ့ကြသည်။
ဒီနှင်းကျသည့်ရက်တွေက တကယ်ကိုရက်စက်သည်။
ကားပေါ်ကမဆင်းခင် ရှန်ချီဟွမ်းက ရှန်းယုဟန် ဦးထုပ်ဆောင်းကာ မတ်စ်တပ်ထားကိုကြည့်ပြီးမှ တံခါးဖွင့်ကာ ထွက်လိုက်သည်။
ရှန်ထျန်းဖုန်းက ဒဏ်ရာရထားပြီး သတင်းထောက်များသိသွားလျှင် သူတို့က တံခါးပေါက်မှာပိတ်ဆို့ပြီး ကြုံရာကျပန်း မေးမြန်းကြမှာဖြစ်သည်။ သူက ရှန်ထျန်းဖုန်းကိစ္စကို မေးမှာကြောက်လို့မဟုတ်ပဲ ရှန်းယုဟန်နှင့် ပတ်သတ်သော အတင်းအဖျင်းဖန်တီးမှာကို မကြိုက်လို့ဖြစ်သည်။
သူ့ကိုအချိန်အကြာပြီးသိလာပြီးနောက် သူက တကယ်ကို ပြောင်းလဲနေခဲ့ပြီး အပြောင်းအလဲများကို တစ်ချက်ကြည့်ရုံနှင့်မြင်နိုင်သည်။ သူက စုံစမ်းထားသည့် အချက်အလက်များမှာ ဖော်ပြထားတာနှင့် လုံးဝမတူပေ။ ရှန်းယုဟန် အလေအလွင့်သားဖြစ်လာရခြင်း အကြောင်းမှာ သူ့မိဘများ၏ ရုတ်တရက်သေဆုံးမှုကြောင့်ဖြစ်သည်။
သတင်းထောက်က အခြေအနေကို သိထားပုံမရသဖြင့် သူတို့က ဆေးရုံထဲကို ချောချောမွေ့မွေ့ ဝင်လာနိုင်ခဲ့သည်။
ဒါက ရှန်းယုဟန် ဆေးရုံကိုလာသော ပထမဆုံးအကြိမ်မဟုတ်ပဲ သူနိုးလာတုန်းက ဒီကနေထွက်သွားခဲ့ရဖူးသည်။ သို့သော်ထိုအချိန်က သူက စိတ်တွေတင်းမာနေပြီး အပြင်ကမ္ဘာကိုကြောက်နေခဲ့သဖြင့် သူက စိတ်ငြိမ်ဖို့သာအာရုံစိုက်ခဲ့ပြီး ဆေးရုံပတ်ဝန်းကျင်ကို လေ့လာဖို့အချိန်မရှိခဲ့ပေ။
ပိုးသတ်ဆေးနံ့က မနှစ်မြို့စရာကောင်းနေပြီး ဆေးကုဖို့လာသည့် နေရာအနှံ့က လူနာများစွာရှိနေသည်။
အရေးပေါ်အဆောင်ကို ဖြတ်လာတော့ အတွင်းလူနာဆောင်ရှိပြီး အတွင်းလူနာဆောင်က အရေးပေါ်ဆောင်လောက် လူပြည့်မနေပဲ အပြင်ကနဲ့ယှဥ်ရင် ငြိမ်သက်သည်။
ရှန်းယုဟန်က အိမ်ကထွက်လာစဥ် ဖုန်းကိုအမြဲယူလာပြီး သူ့ခင်ပွန်းအနားမှာရှိရင် သူကကိုင်ထားရမည်။ မဟုတ်ဘူး…သူ့ခင်ပွန်းက သူ့ကို ဦးဆောင်လမ်းပြပေးမှာသေချာသည်။ ရှန်းယုဟန်ကလည်း လမ်းမပျောက်ချင်ပေ။ ဘုရားကျောင်းခရီး၏ အတွေ့အကြုံနောက်ပိုင်းမှာ ရှန်ချီဟွမ်းက သူပျောက်သွားမှာကို စိုးရိမ်နေခဲ့သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ လက်ကို သူ့ကုတ်ထဲထည့်ထားပြီး ဒီလူက သူ့ကိုကပ်တွယ်လွန်းသဖြင့် သူလုပ်နိုင်တာဘာမှမရှိပေ။
ရှန်ထျန်းဖုန်း၏လူနာဆောင်က မှတ်မိဖို့လွယ်ပြီး သူတို့က အခန်းနံပါတ်ကိုကြည့်စရာပင်မလိုပေ။ ဒီမှာက ဗီအိုင်ပီအဆင့်မြင့် လူနာဆောင်များရှိပြီး သွားလာနေသော လူနာနှင့် မိသားစုဝင် သိပ်မများပေ။ ယှဥ်ကြည့်ရင် ရှန်မိသားစုက ထင်ရှားပြီး ရှန်မိသားစုမှ လူတိုင်းကလည်း ကြည့်ကောင်းကြကာ ရပ်နေရင်တောင် သာမန်မိသားစုကလို့ ထင်မှာမဟုတ်ပေ။
ဒါက ရှန်းယုဟန်၏လေ့လာမှုရလဒ်ဖြစ်သည်။ အခုတော့ သူက ပတ်ဝန်းကျင်က သယ်ဆောင်လာသော အကြောက်တရားကို စိတ်မပူတော့ပဲ သူ့မှာ ရှန်မိသားစုကိုလေ့လာဖို့ အချိန်ပိုရှိသည်။
မြို့ပြင်ရောက်နေသူကလွဲရင် အိမ်တော်သုံးအိမ်က လူအားလုံးက လက်ရှိမှာ ကျန်းချန်ကိုရောက်နေပြီး သူတို့က အမြန်ရောက်လာကြသည်။
အစ်ကိုကြီးရှန်ချီယွမ်နှင့် ရှန်ချီဟွမ်းကသာ ပင်မအိမ်တော်ကလာခဲ့တာဖြစ်ပြီး အစ်မလတ်ရှန်ချီပင်းက အလုပ်ခရီးရောက်နေသည်။ ရှန်ချီရှင်းကလည်း လာနိုင်မှာမဟုတ်၊ သူ့အလုပ်က ပုံမှန်အားဖြင့် မသေချာမှုရှိနေတာကြောင့် ရှန်ချီယွမ်နှင့် ရှန်ချီဟွမ်းက မလာခိုင်းခဲ့ချေ။ သူက စိတ်ထားရိုးရှင်းပြီး တခြားညီများနှင့်မတူတာကို ရှန်းယုဟန်တောင်သိသည်။
အစ်ကိုကြီးက သူ့ကိုခေါ်ခဲ့သည်မှာ အဘိုးကြီးကိုစိတ်ပူလို့မဟုတ်ပဲ ပင်မအိမ်တော်၏ နာမည်ပျက်မှာစိုး၍ လာခဲ့ခိုင်းတာဖြစ်သည်။
ထိုအချိန်မှာ ဒုတိယမဒမ်က အပြင်ဘက်ရှိ ကုလားထိုင်ပေါ်မှာထိုင်နေပြီး သူ့ခင်ပွန််းသေသွားသလို ဆို့နင်အောင်မငိုသော်ငြား သူမက အသည်းအပိုင်းပိုင်း လှီးခံရသလိုငိုနေသည်။ မျက်ရည်က အတုလား အစစ်လားမသိပေမယ့် သူ့သားရှန်ချီပိုင်နှင့် သူမသမီးက ဘေးကနေနှစ်သိမ့်နေပြီး အဖေအဆင်ပြေသွားမှာပါလို့ နှစ်သိမ့်နေပြီး ဒရာမာအပြည့်ခင်းနေသည်။
တတိယမဒမ်ကတော့ ရှန်ချီယွင်နှင့်အတူရပ်နေပြီး မျက်လုံးထောင့်ကို လက်ကိုင်ပုဝါဖြင့်သုတ်ကာ ငိုတာလား မငိုတာလား မသဲကွဲပေ။
စတုတ္တမဒမ်ကတော့ အမူအရာမဲ့စွာရပ်နေပြီး ရှန်ထျန်းဖုန်းက လွန်ခဲ့သည့်နှစ်နှစ်အတွင်းမှာ သူ့မကို သူနဲ့အတူ အချိန်ပြည့်ခေါ်သွားလေ့ရှိပြီး ရှု့ထောင့်တစ်ခုအရ သူက သူမကို တုန်နေအောင်ချစ်သေးပေမယ့် Hot Search ပေါ်လာပြီးနောက်မှာ သူက စိတ်ဖိစီးနေခဲ့သည်။ ရှန်ထျန်းဖုန်းက ဘာမှမပြောပေမယ့် သူမကလိပ်ပြာမလုံသဖြင့် သူမသားနဲ့သမီးကိုတောင် သူမနဲ့ခေါ်မထားရဲပေ။ သူမက လက်ရှိအချိန်မှာ တစ်ယောက်တည်းရပ်နေသည်။ သူမကငယ်ရွယ်လှပပြီး သပ်ရပ်စွာဝတ်စားတတ်သည်။ သူမ၏အသားအရေက မိတ်ကပ်ကြောင့်မမြင်နိုင်ပဲ သူမက ဆောင်းတွင်းမှာ အဝတ်စားအနည်းငယ်သာဝတ်ထားပေမယ့် နုပျိုပြီး စွဲမက်ဖွယ်ကောင်းဆဲဖြစ်သည်။ သူမက နိုင်ငံတစ်ဝှမ်းရေပန်းစားနေသော ပထမတန်းစား အမျိုးသမီးကြယ်ပွင့်နှင့်တူသည်။
ရှန်ချီဟွမ်းနှင့် ရှန်းယုဟန် ရောက်လာတာနဲ့ လူတိုင်း၏မျက်လုံးများက သူတို့အပေါ်ကျရောက်နေကာ ဒုတိယမဒမ်က ငိုတော့မတတ်ပင်။
သူတို့က ရှန်ချီယွမ်ဆီ လျှောက်သွားပြီး အခြေအနေအကြောင်းမေးခဲ့သည်။
ရှန်ချီယွမ်က ဖုန်းထဲမှာအသေးစိတ်မပြောပဲ အခုမှသာ သူတို့တွေးထားတာထက် ပိုလေးနက်တယ်လို့ပြောလာသည်။
“အစ်ကိုကြီး၊ အဖေ့အခြေအနေဘယ်လိုလဲ? သူဘာလို့ ဆေးရုံတက်ရတဲ့အထိ လဲကျသွားတာလဲ… ပြင်းထန်လား?” ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်းကို ဂရုမစိုက်သော်လည်း ဒီကိုရောက်နေပြီဆိုတော့ ဟန်ဆောင်ပြရဦးမည်။
“ပြင်းထန်တယ်၊ တစ်ကိုယ်လုံးပစ်လဲသွားတာ၊ သူ့နဖူးပေါက်သွားတယ်၊ ညဘက်ခြေထောက်မှာလည်း ကျိုးတဲ့လက္ခဏာရှိနေလို့ ဆရာဝန်က သူ့အခြေအနေကိုစစ်ဆေးဖို့ အထဲမှာရှိနေတယ်။ ဆေးရုံတက်ဖို့က ရှောင်လွှဲလို့မရဘူး၊ ကံကောင်းတာက အိမ်တော်ထိန်းက အချိန်မီတွေ့ခဲ့လို့ မဟုတ်ရင် တော်တော်အန္တရာယ်ရှိတယ်။” ရှန်ချီယွမ်က ရှန်ချီဟွမ်းထက် အသက်ပိုကြီးပြီး တည်ငြိမ်သည်။ ရှန်ချီရှင်းလိုလည်းတက်ကြွမှုမရှိ၊ ရှန်ချီဟွမ်းလိုလည်း ရဲရင့်တဲ့အသွင်အပြင်မရှိပဲ သူက သာမန်အစ်ကိုကြီးတစ်ယောက်နဲ့တူကာ ပိုကြီးအသက်ကြီးတာကြောင့် အတွေ့အကြုံပိုရှိပြီး တခြားအစ်ကိုကြီးများထက် ဘဝ၏ကံကြမ္မာအပြောင်းအလဲ ရှိခဲ့ပုံရသည်။
သူက ရှန်ချီဟွမ်းနောက်ကလိုက်လာသော ရှန်းယုဟန်ကိုတွေ့တော့ အနည်းငယ်အံ့သြနေသည်။ “ယုဟန်လည်းရောက်နေတာလား?”
သူပြောလိုက်မှ ရှန်းယုဟန်က ပြန်ဖြေလာသည်။ “အစ်ကိုကြီး” သူက သူ့အနားမှာရှိသော လူအားလုံးနှင့်ဖြစ်ရပ်ကို တိတ်တဆိတ် လေ့လာနေတာဖြစ်ပြီး လူတိုင်းမှာ သူတို့၏ ကိုယ်ပိုင်လျှို့ဝှက်အစီအစဥ်များရှိကြသည်။
သူပြောပြီးတာနဲ့ တတိယမဒမ်ဘေးက ရှန်ချီယွင်က ခေါင်းလှည့်ကြည့်လာပြီး တတိယမဒမ်က သူ့ကိုတစ်ချက်ကြည့်ကာ သူ့သား၏အင်္ကျီထောင့်ကို တိတ်တဆိတ်ဆွဲကာ တိုးတိုးလေးပြောလိုက်သည်။ “ချီယွင်…ရှန်းယုဟန်နဲ့ဝေးဝေးနေ”
ကမ္ဘာပေါ်က ဘယ်သူကမှ သူမသားကို အမေတစ်ယောက်ထက် ပိုမသိနိုင်ချေ။ တတိယမဒမ်က သူမသား၏အတွင်းစိတ်မှ နောင်တနဲ့ မလိုလားမှုများကို မြင်နိုင်သည်။ ရှန်းယုဟန်က သူမသားကို ဘယ်လိုဆွဲဆောင်ခဲ့လည်း မသိပေမယ့် သူက မျိုးရိုးနောက်ခံမရှိသလို ဘွဲ့လည်းမရထားပေ၊ သူ့မှာ သခင်ကြီးခွဲဝေပေးခဲ့သော အမြတ်ဝေစု၏ တစ်စိတ်တစ်ပိုင်းရှိသော်လည်း သူမသားအတွက်အကျိုးမရှိချေ။ ရှန်းယုဟန်က ပင်မအိမ်တော်၏ မိသားစုဝင်တစ်ယောက်ဖြစ်နေတာကြောင့် သူနဲ့ဝေးနိုင်သမျှဝေးဝေးနေရမည်။
ရှန်ချီယွင်၏နှလုံးသားက ဆန္ဒမရှိသလို သူက Hot Search အတွက် တာဝန်မရှိသော်ငြား အချိန်မီမရှင်းခဲ့ပဲ အခြေအနေကို ပိုဆိုးအောင်လုပ်ဖို့ စိတ်အားထက်သန်နေခဲ့သည်။ သူက ရှန််းယုဟန်က သူ့အပိုင်ဆိုတာကို လူတိုင်းသိသွားဖို့ မျှော်လင့်ခဲ့ပေမယ့် ရှန်ချီဟွမ်းက ထိုရှုပ်ထွေးသောအခြေအနေမှာ ပါးနပ်သော ဆုံးဖြတ်ချက်ကိုချကာ ဒုတိယနှင့် စတုတ္တအိမ်များကို သူနဲ့အတူ ရေထဲတိုက်ရိုက်ဆွဲချခဲ့တာ နှမြောစရာပင်။
သူက ရှန်းယုဟန်၏ ဘေးတိုက်မျက်နှာကို တိတ်တဆိတ်ကြည့်နေပြီး ရှန်းယုဟန်က မတ်စ်တပ်ထားသော်လည်း သူ့လက်ရှိအသွင်အပြင်ကို ခန့်မှန်းနိုင်သည်။ သူ့ဆံပင်က အတော်လေးရှည်လာပြီး နားရွက်ပေါ်ကဆံပင်ကို ဦးထုပ်အောက်ကနေ မြင်နိုင်သည်။ သူက ရှန်ချီဟွမ်းဘေးမှာ ငြိမ်ငြိမ်လေးရပ်နေပြီး သူ့အသံက သူတို့သုံးယောက်သာကြားနိုင်အောင် ထိန်းချုပ်ထားပြီး မကျယ်သလို မတိုးပဲ တခြားသူများကို အနှောင့်အယှက်မဖြစ်စေပေ။
သူနာပြုတစ်ဦးက ကော်ရီဒါကိုဖြတ်၍ လှည်းကိုတွန်းလာပြီး ရှန်ချီဟွမ်းက ရှန်းယုဟန်ကို သူ့လက်မောင်းထဲဆွဲဖက်လိုက်သည်။ သူ့ခန္ဓာကိုယ်ကိုမှီထားပြီး သူက ရှန်းယုဟန်ကို သတိထားဖို့ပြောခဲ့သည်။ ရှန်းယုဟန်က ရှန်ချီဟွမ်းကိုကြည့်ကာ မျက်လုံးထဲက အပြုံးအသေးလေးတစ်ခုဖြင့် ကျေးဇူးတင်ပါတယ်လို့ တိုးတိုးလေးပြောခဲ့သည်။ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အလွယ်တကူဖက်နိုင်တာကို ရှန်ချီယွင်ကတွေ့သွားပြီး သူ့မျက်လုံးထဲက မလိုလားမှုက ပိုတိုးလာခဲ့သည်။
သူသာ ရှန်းယုဟန်လိုက်တာကို လက်ခံခဲ့ရင် လက်ရှိ ရှန်းယုဟန်ကို ဖက်ထားတဲ့သူက သူဖြစ်နေမှာပင်။
&&&&&&&&&&&&&&&
Chapter 41.2
“ကိုယ်ကျင့်တရားကောင်းတဲ့ဇနီး”
ထိုစဥ် ဒေါက်တာက လူနာဆောင်မှထွက်လာသည်။
ဒုတိယနှင့် တတိယအိမ်တော်က လူများက တစ်ပြိုင်တည်းပြေးသွားကြပြီး တစ်ချိန်တည်းမှာ စကားပြောနေတာ ဆူသံလွန်းတာကြောင့် ဒေါက်တာက ဘယ်လိုဖြေရမလဲပင် မသိတော့ချေ။
အဆုံးမှာ ရှန်ချီယွမ်က ဒေါက်တာကိုကူညီဖို့ ရှေ့တိုးလာပြီး သူက ဤနေရာမှာ အာဏာရှိပြီး ရှန်မိသားစုကုမ္ပဏီ၏ အရေးကြီးရာထူးကို ကိုင်ထားသလို ရှန်ချီပိုင်နှင့် ရှန်ချီယွင်က သူ့လက်အောက်မှာ အလုပ်လုပ်ရသည်။ သူက တခြားညီအစ်ကိုများထက် အသက်ကြီးပြီး တခြားမဒမ်များထက် စကားပြောဖို့အာဏာရှိသဖြင့် သူက အရှိန်အဝါကြီးသော လေသံဖြင့်ပြောလာသည်။ “ဘာလို့ဆူညံနေတာလဲ၊ ဒေါက်တာကိုတောင် ပြောခွင့်မပေးဘူး!”
ဒုတိယနှင့် တတိယအိမ်တော်က ထပ်ပြီး မဆူညံရဲတော့ပဲ သူတို့မေးခွန်းများကို ထိန်းချုပ်ထားကာ ဘာမှမပြောရဲတော့ပေ။
ရှန်ချီယွမ်က ဒေါက်တာကိုပြောခွင့်ပေးလိုက်သည်။ “ဒေါက်တာ၊ ခင်ဗျားပြောပါ။”
လူနာက ပြုတ်ကျထားလို့ ဒဏ်ရာရထားပေမယ့် သိပ်မစိုးရိမ်ရပဲ အာဟာရဓာတ်ပြည့်သွားရင် ပြန်ကောင်းသွားမှာပါလို့ ဒေါက်တာကပြောလာသည်။ သို့သော် သူ့ကို ဆေးရုံတင်ပြီး တစ်ပတ်လောက် စစ်ဆေးဖို့လိုသည်။ သူတို့အားလုံးကို အသံတိတ်ခိုင်းပြီးနောက် လူနာကြည့်ရန် ခွင့်ပြုလိုက်သည်။
ဒုတိယနှင့် တတိယအိမ်တော်က ချက်ချင်းအထဲဝင်လိုက်ပြီး ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က နောက်ဆုံးမှ အထဲဝင်သွားကြသည်။
လူများနေတာကြောင့် ကျယ်ဝန်းတောက်ပသော လူနာဆောင်က သိသိသာသာ ပြည့်ကျပ်နေသည်။
ရှန်ထျန်းဖုန်းက ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေပြီး ညာဘက်ခြေထောက်ကို ပလာစတာကပ်ထားကာ နဖူးမှာ ပတ်တီးရှိနေသည်။ သူ့ပုံစံက နောက်ဆုံးအကြိမ် ရှန်းယုဟန် တွေ့တုန်းကထက် အများကြီးအိုစာနေပြီး ဆံပင်နက်၏အလယ်မှာ ဆံပင်အဖြူတွေထောင်နေသည်။
မကြာသေးခင်က ရှန်မိသားစုက ဖရိုဖရဲအခြေအနေကို ရောက်နေခဲ့ပြီး လက်ရှိမှာ Hot Search ပေါ်မှာ မကြာခဏပေါ်လာသော ခေါင်းစဥ်များဖြစ်လာပြီး ရှန်ထျန်းဖုန်းက အနည်းငယ်ထိခိုက်ခဲ့သည်။ အိမ်တော်တိုင်းမှာ ဆိုးရွားတာတွေရှိနေပြီး အရင်က မဖော်ပြဖူးပေမယ့် ယခုတော့ ရေခဲတောင်၏အဖျားကို ဖော်ထုတ်ခဲ့ကာ သူတို့၏ဂုဏ်သတင်းကို ပျက်စီးဖို့လုံလောက်ခဲ့သည်။
သူက အိမ်တော်သုံးအိမ်က လူတွေကိုမြင်လိုက်ရစဥ် မျက်နှာမကောင်းပဲ စိတ်ပူစရာမလိုဘူးလို့ ပြီးစလွယ်ပြောခဲ့သည်။ သူက ရှန်းယုဟန် ဝင်လာတာကိုတွေ့တော့ သူ့ကိုလက်ယမ်းပြပြီး သူ့မျက်နှာပေါ်က အပြုံးက ပိုကြီးလာခဲ့သည်။
“ယုဟန်လည်းဒီရောက်နေတာလား?”
သူ့သားနဲ့ဇနီးတွေကို စကားမပြောပဲ သူ့ကိုခေါ်ခဲ့မယ်လို့ ရှန်းယုဟန်က မမျှော်လင့်ထားပေ။
သို့သော် အတိတ်က ဒီလိုအရာမျိုးတွေဖြစ်ဖူးတာကြောင့် သူကမစိုးရိမ်ပေ၊ တစ်ခါတစ်လေ သူ့အဘွားဖျားရင် သူမသားနဲ့မြေးများက လာကြည့်ကြပေမယ့် သူမကတော့ ရှန်းယုဟန်ကို ခေါ်ရတာကြိုက်သဖြင့် တခြားလူတွေက ဘာမှမပြောရဲချေ။
ထိုအချိန်မှာ လူတိုင်းက ရှန်းယုဟန်ကို ထူးဆန်းသလိုကြည့်နေကြသည်။
ရှန်းယုဟန်က ပင်မအိမ်တော်နဲ့ပေါင်းစည်းပြီး ပေါ့ပေါ့ပါးပါးနှင့် သဘာဝဆန်သောကိုယ်ဟန်ဖြင့် သတ္တိရှိရှိရှေ့တိုးလာကာ တတိယမဒမ်က သူ့ကိုပုံစံအသစ်တစ်မျိုးနဲ့ မြင်လိုက်ရသည်။ အရင်က ဧည့်ခံပွဲမှာ သူမတွေ့ခဲ့ရသော ရှန်းယုဟန်က အခုနဲ့ အနည်းငယ်ကွာခြားနေသည်။ အမြင်မှားတာလား? သူမ ရှန်းယုဟန်ဆီကနေ ဘာလို့အရောင်အဝါတစ်ခုကို ခံစားမိခဲ့တာလဲ….
“ဟုတ်ကဲ့အဖေ၊ အရင်ဆုံး ရေသောက်ချင်လား?” ရှန်းယုဟန်က ရှန်ထျန်းဖုန်းကိုမေးဖို့ ရှေ့တိုးလိုက်ပြီး မြင်ကွင်းထဲဝင်လာပုံက တခြားသူများနှင့် ကွာခြားသည်။
တခြားသူများက ရိုးသားလား ဟန်ဆောင်နေတာလားဆိုတာမသိပေမယ့် သူတို့က ရှန်ထျန်းဖုန်းကို ဒဏ်ရာနာနေလား ဒါမှမဟူတ် ဘယ်လိုခံစားနေရလဲမေးနေစဥ် ရှန်းယုဟန်က ရှန်ထျန်းဖုန်း၏ ခြောက်သွေ့နေသော နှုတ်ခမ်းကို သတိထားမိခဲ့သည်။
ဒဏ်ရာအတွက် ထုံဆေးပေးထားတာ…နာလား မနာလား မတွေးတတ်ဘူးလား?
ရှန်ချီဟွမ်း အိမ်မှာရှိနေစဥ် သူရေဆာတယ်ပြောတိုင်း ရှန်းယုဟန်က ရေခပ်ပေးလေ့ရှိသည်။ သူက ရေပူရေအေးစက်အောက်မှ ရှန်ထျန်းဖုန်းအတွက် ရေနွေးတစ်ခွက် ခပ်ပေးလိုက်သည်။
သူက ရှန်ချီဟွမ်းအတွက်လည်း ရေယူပေးပြီး ရှန်ထျန်းဖုန်းက တကယ်ကို ရေဆာနေခဲ့သည်။
“ကျေးဇူးတင်ပါတယ်၊ အခု နေရထိုင်ရပိုကောင်းသွားပြီ။” ရှန်ထျန်းဖုန်းက ကျေကျေနပ်နပ်ပြောလိုက်ပြီး ရှန်းယုဟန်ကို မေးလိုက်သည်။ “ငါမင်းရဲ့အန်ကယ်ကျန်းကို အရင်ရက်အနည်းငယ်က တွေ့ခဲ့သေးတယ်၊ သူက မင်းသူနဲ့ ဂိုးကစားခဲ့တယ်လို့ပြောပြီး နောက်တစ်ခါကစားဖို့ မင်းကိုခေါ်လာပေးဖို့ ငါ့ကိုပြောနေတယ်။”
ရှန်းယုဟန်က လူအများကြီးကိုမသိချေ၊ အန်ကယ်ကျန်းက သူတို့ထဲမှတစ်ယောက်ဖြစ်တာကြောင့် သူက ထိုနေ့က အကြောင်းအရာကို ချဲ့ကားခြင်းမရှိပဲ ပြောပြလိုက်သည်။ “အဖေမသိပါဘူး၊ ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ၊ အန်ကယ်ကျန်းက အဲ့မှာတစ်ယောက်တည်းရှိနေပြီး သူနဲ့ဆော့ပေးမယ့်လူမရှိလို့ ကျွန်တော်က ကူညီခဲ့တာ၊ နောက်တော့ အကိုချီဟွမ်းနဲ့ အကိုလောလင်းက အထက်တန်းကျောင်းက အတန်းဖော်တွေဆိုတာကို သိခဲ့ရတယ်။”
“ဟားဟားဟား…အဲ့ဒီကောင်မှာလည်း အထီးကျန်တဲ့ရက်ရှိတာပဲ။” ရှန်ထျန်းဖုန်းက ရှန်းယုဟန်ကြောင့် ရွှင်မြူးသွားပြီး အထိန်းအကွပ်မရှိ ရယ်မောလိုက်ကာ အခန်းအပူချိန်က ခဏလောက် သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။
ရှန်းယုဟန်နဲ့ပြောနေစဥ် ရှန်ထျန်းဖုန်းက ရှန်းယုဟန်နောက်မှာ အစောင့်နတ်သားလိုရပ်နေသည့် သူ့သားရှန်ချီဟွမ်းကို သတိထားမိပြီး ရှန်ချီဟွမ်းက မြေကွက်တချို့ဝယ်ချင်နေတာကို သတိရသွားကာ ဖျတ်ခနဲမေးလိုက်သည်။ “မင်းရဲ့မြေကဘယ်လိုလဲ? အဘိုးကြီးကျန်းရဲ့ ဆွေမျိုးတွေကလည်း ဝယ်ချင်နေတယ်လို့ကြားတယ်။”
ထိုအကြောင်းပြောတော့ ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်းကို အိမ်တော်သုံးအိမ်၏ အေတီအမ်ဖြစ်နေတာနဲ့ ပတ်သတ်ပြီး မလှောင်ခဲ့ပေ၊ အကြောင်းမှာ သူ့ဇနီးဖန်တီးထားသော ကောင်းမွန်သည့်လေထုကို မဖျက်စီးချင်လို့ပင်။
သူက စိတ်ရှည်ရှည်ဖြေပေးလိုက်သည်။ “အခုဆွေးနွေးနေဆဲပါ၊ သူတို့ဘက်က ကျွန်တော်တို့နဲ့မပြိုင်တော့ဘူး။ ဒီတော့ မမျှော်လင့်ထားတာတစ်ခုခု ဖြစ်မလာရင် ကျွန်တော်တို့ ချောချောမွေ့မွေ့ အနိုင်ရမှာ။”
ရှန်ထျန်းဖုန်းက ခေါင်းညိတ်ကာပြောလိုက်သည်။ “ဟုတ်ပါပြီ၊ တစ်ခုခုရှိရင် ငါ့ကိုရှာလို့ရတယ်၊ ငါက အဘိုးကြီးကျန်းကိုပြောပေးမယ်၊ အဲ့ဒါက မြေကွက်အသေးလေးပါပဲ။”
ရှန်ချီဟွမ်းက သူ့ကိုအရင်ကဘာလုပ်နေလဲလို့ စိတ်ထဲကနေပြောလိုက်သည်။ သူက ရှန်းယုဟန်၏ပခုံးပေါ်မှာ လက်တင်ကာ ပြောလိုက်သည်။ “အဆင်ပြေပါတယ်၊ ယုဟန်က သွယ်ဝိုက်ပြီးကူညီပေးခဲ့တယ်။”
ရှန်ထျန်းဖုန်းက ပြောလာသည်။ “ငါတို့ယုဟန်က ကံကောင်းတဲ့ကြယ်ပွင့်လေးဖြစ်ပုံပဲ။”
ရှန်းယုဟန်က ပြုံးကာ ငြင်းလိုက်သည်။ “မဟုတ်ရပါဘူး။ အဲ့တာက ယောကျ..အဲ့ဒါက အကိုဟွမ်းမှာ အရည်အချင်းရှိလို့ပါ။” သူက လူကြီးတွေရှေ့မှာ ယောကျာ်းလို့ခေါ်မိမတတ်ပင်၊ သူက ထိုနာမည်ကို ကျင့်သားရနေခဲ့သည်။
တခြားအိမ်တော်သုံးအိမ်က အန်ကယ်ကျန်းနာမည်ကို ကြားသောအခါ သူတို့က တွေးနေကြသည်။ ကျန်းမိသားစုကလား? ရှန်းယုဟန်က ကျန်းမိသားနဲ့ ဘယ်လိုပတ်သတ်ခဲ့တာလဲ?
ရှန်ထျန်းဖုန်းက ပင်ပန်းနေသဖြင့် ရှန်ချီယွမ်ကိုနေခွင့်ပြုကာ ကျန်တဲ့သူများကို ထွက်သွားခိုင်းခဲ့သည်။
သူရှေ့မှာ ရှန်ချီဟွမ်းနဲ့ပတ်သတ်ပြီး ဘယ်သူမှမတိုင်ရဲချေ၊ ဒီရှန်းယုဟန်က တကယ်ကိုစွမ်းဆောင်ရည်ရှိတာပဲ…. စကားတစ်ခွန်းနှစ်ခွန်းလောက်နဲ့ လေထုကို ပြောင်းလဲပစ်နိုင်တယ်၊ သူတို့က ပြောချင်ရင်တောင် မပြောနိုင်သဖြင့် အရင်ထွက်လာခဲ့ရသည်။
ဆေးရုံက ဓာတ်လှေကားက ကြီးလွန်းပြီး လူတိုင်းက တူတူစီးကြရ၏။
ဒီနေ့မှာ ရှန်းယုဟန်ကြောင့် ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်း၏အာရုံကိုရသွားခဲ့ပြီး ဒုတိယမဒမ်က ပါးစပ်ကိုမထိန်းထားနိုင်တော့ပဲ ရန်ဖြစ်ချင်စိတ်ပြည့်နေသည်။ ထိုသည်မှာ ယခုလေးတင် ရှိုက်ကြီးတငင် အော်ဟစ်ငိုယိုခဲ့သူက သူမ မဟုတ်သည့်အတိုင်းပင်။
သို့သော် သူမတိုက်ခိုက်ခဲ့တာ ရှန်ချီဟွမ်းမဟုတ်ပဲ ရှန်းယုဟန်ဖြစ်သည်။ သူမက နောက်ဆုံးအကြိမ်က သူမရင်ထဲက အာဃာတကိုမှတ်မိသေးသည်။ ရှန်းယုဟန်က ဒီနေ့မှာ ထူးထူးခြားခြား လုပ်ဆောင်နိုင်ခဲ့သဖြင့် သူမရင်ထဲက ဒေါသက ပိုတိုးလာခဲ့သည်။
“ရှန်းယုဟန်…မင်းကအရမ်းတော်တယ်လို့ ငါပြောရမယ်။ သခင်ကြီးက စကားပြောရမလွယ်ဘူး၊ မင်းပါးစပ်ဖွင့်တာနဲ့ မင်းကို သေချာပေါက်ကူညီမှာပဲ။ ချီဟွမ်း မင်းကိုလက်ထပ်ခဲ့တာ အချည်းနှီးမဖြစ်ဘူးပဲ။” ဒုတိယမဒမ်က ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လက်ထပ်ခဲ့လို့ လှောင်ပြောင်နေတာဖြစ်သည်။ လူကြီးနှစ်ယောက် လက်ထပ်ခဲ့ကြပေမယ့် တစ်ယောက်က အတင်းပေးစားခံခဲ့ရတာဖြစ်၍ ယင်းမှာ ရှန်ချီဟွမ်းကိုစော်ကားတာလို့ သူမက တွေးနေသည်။
သို့သော် ရှန်းယုဟန်က ခေတ်သစ်လူသားတစ်ယောက် မဟုတ်တာကြောင့် သူက ဒုတိယမဒမ် သူ့ကိုလှောင်ပြောင်နေတာကိုသိသည်။ သူမ၏စကားအဓိပ္ပါယ်ကိုနားလည်ပေမယ့် သူလုံးဝစိတ်မဆိုးချေ။ ထိုအစား သူက မျက်လုံးကို ညင်ညင်သာသာ မော့လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ “ဟုတ်ပါ့ဗျာ၊ လူတစ်ယောက်က ကိုယ်ကျင့်သိက္ခာကောင်းတဲ့ ဇနီးကိုပဲလက်ထပ်သင့်တယ်လို့ ပြောလေ့ရှိကြတယ်။ ခင်ဗျားနားလည်တာကောင်းပါတယ်။”
နောက်တစ်ကြိမ် အာစေးမိသွားသော ဒုတိယမဒမ်က ဒေါသထွက်လွန်းလို့ သူမလက်ချောင်းများတုန်ယင်လာသည်။ “..... မင်း”
ဒါက သူမ ရှန်ထျန်းဖုန်းကို တရားဝင်လက်ထပ်မထားလို့ စော်ကားလိုက်တာလား? သူမကို ဇနီးဖြစ်ဖို့တောင် မတန်ဘူးလို့လေ!
သို့သော် ရှန်ထျန်းဖုန်းက ရှန်ချီဟွမ်း၏မိခင်တစ်ယောက်တည်းကိုပဲ တကယ်လက်ထပ်ထားတယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ဖြစ်သည်။
တတိယမဒမ်က ပိုပြီးစွန့်အနေသည်။ ဒုတိယမဒမ်၏ ရန်ဖြစ်နည်းစွမ်းရည်က အလွန်ဆိုးရွားသဖြင့် သူမက သူနဲ့ငြင်းခုံဖို့တောင် စိတ်မဝင်စားခဲ့ချေ။ ဒီရှန်းယုဟန်က တစ်ချက်လှုပ်ရုံနဲ့ သေစေနိုင်တဲ့သူပဲ…. စကားတစ်ခွန်းက ဒုတိယမဒမ်ကို အကြိမ်ပေါင်းများစွာ စော်ကားဖို့အတွက်လုံလောက်သည်။ တည့်တိုးဆန်တာက တည့်တိုးဆန်တာဆိုပေမယ့် ထိုသည်မှာ သူတို့သုံးယောက်၏ အနာကျင်ရဆုံးနေရာကို ထိခဲ့သည်။ သူတို့က ဇနီးလား မယားငယ်လားဆိုတာကို သူတို့ကိုယ်သူတို့ ကောင်းကောင်းသိကြသည်။
ထိုအချိန်မှာ ထက်မြက်သော လူတွေက ရှန်းယုဟန်ကို မစရဲတော့ချေ၊ ဒီပါးစပ်က တကယ်ကိုအဆိပ်ပြင်းတာပဲ။
ရှန်ချီဟွမ်းက တိတ်တဆိတ်ပြုံးလိုက်ပြီး ဘေးကနေ ဖက်ထားလိုက်သည်။ သူ့ဇနီးမှာ စကားတစ်ခွန်းနဲ့ လူဆယ်ယောက်ကို သတ်နိုင်သည့် စွမ်းဆောင်ရည် တကယ်ရှိပြီး ထိုအရာမှာ ချဲ့ကားနေတာမဟုတ်ချေ။
ဓာတ်လှေကားမှထွက်လာပြီးနောက် ဒုတိယမဒမ်က နှာမှုတ်ကာ ရှန်းယုဟန်ကို ဒေါသတကြီးကြည့်နေပြီး အရင်ဆုံးထွက်သွားသည်မှာ ပြေးသွားသလိုပင်။
သူမသားရှန်ချီပိုင်က ရေရွတ်လိုက်သည်။ “အမေ၊ ဘာကိုစိတ်ဆိုးနေတာလဲ၊ ကျွန်တော့်ကိုစောင့်ဦးလေ!” သူ့အမေက ရှန်းယုဟန်ကို ဒေါသထွက်လွန်း၍ အတွင်းဒဏ်ရာတောင် ရခဲ့တယ်ဆိုတာ သူလုံးဝသတိမထားမိခဲ့ပေ။
ရှန်းယုဟန်ကို ရင်ဆိုင်နေစဥ် ဒုတိယမဒမ်က ချည်ထိုးနေသလိုပင် သူမ လုံးဝအားမစိုက်နိုင်ခဲ့ပေ။
တတိယမဒမ်က ရှန်းယုဟန်ကို တစ်ချက်ကြည့်ကာ ရှန်ချီယွင်ကို ဆွဲခေါ်သွားပြီး သူမသားကို အရှက်မကွဲစေချင်ပေ!
တခြားသူများကလည်း သူတို့မိခင်နောက်လိုက်သွားကာ ဆေးရုံဝင်ပေါက်မှ ပျောက်ကွယ်သွားသည်။
ထိုနောက်မှသာ စတုတ္တမဒမ်၊ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ကျန်ခဲ့သည်။ သူမက အပြုံးမမည်သော အပြုံးဖြင့် ရှန်ချီဟွမ်းကို မေးလိုက်သည်။ “ရှန်ချီဟွမ်း၊ လောင်အာ*က မင်းကိုရှုပ်ခဲ့တာကို ငါ့ကို ဘာလို့ရေထဲဆွဲချခဲ့တာလဲ?”
(** မိသားစုရဲ့ ဒုတိယအကြီးဆုံးကလေး)
ရှန်ချီဟွမ်းက သူမကိုတစ်ချက်ကြည့်ကာ စကားတစ်ခွန်းပြောလိုက်သည်။ “တခြားသူတွေသိသွားတာကို မလိုချင်ရင် ကိုယ်တိုင်က မလုပ်မိစေနဲ့၊ ကျုပ်ကိုရန်မစနဲ့၊ အကျိုးဆက်က ခင်ဗျားအတွက် ကောင်းမှာမဟုတ်ဘူး၊ ပြီးတော့ ခင်ဗျားအဲ့ဒါကို ကောင်းကောင်းသိပါတယ်။”
စတုတ္တမဒမ်၏မျက်နှာမှာ အပ်ကွဲကြောင်းတစ်ခုပေါ်လာခဲ့သည်။
ရှန်ချီဟွမ်းက သူမ၏ဖျော်ဖြေမှုကိုကြည့်ဖို့ ပျင်းလွန်းတာကြောင့် သူက ရှန်းယုဟန်ကို ဒုက္ခသည်ဆေးရုံမှ ပြန်ခေါ်သွားခဲ့သည်။
သူတို့ ကားပေါ်ပြန်ရောက်တော့ ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုကြည့်ကာ မရယ်မောပဲ မနေနိုင်တော့ချေ။
ရှန်းယုဟန်က နားမလည်နိုင်စရာကောင်းသော ရယ်သံကြောင့် သူ့မျက်နှာသူထိကာ ရှုပ်ထွေးမှုဖြင့် မေးလိုက်သည်။ “ယောကျာ်း၊ ဘာကိုရယ်နေတာလဲ?”
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “မင်းကိုရယ်နေတယ်၊ အရမ်းရယ်ရလို့။”
ရှန်းယုဟန်က စိတ်ဆိုးသလို ဟန်ဆောင်ကာ ပြောလိုက်သည်။ “ကျွန်တော်က ဘာရယ်ရလို့လဲ၊ ထပ်ရယ်ရင် လျစ်လျူရှုလိုက်မှာ။”
ထို့နောက် သူ့ခင်ပွန်းက ရှေ့တိုးကာ သူ့ပါးစပ်ထောင့်ကို နမ်းလာသည်။ “ကိုယ်ကျင့်သိက္ခာကောင်းတဲ့ ဇနီးကို လက်ထပ်ထားတာလား? ဒီတော့ မင်းက ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကောင်းတဲ့ ဇနီးပေါ့။”
“ကျွန်တော်က ကိုယ်ကျင့်သိက္ခာကောင်းတဲ့ ဇနီးမဟုတ်လို့လား?” ရှန်းယုဟန်က သူ့ပါးစပ်ကို ကာထားသည်။ “မနမ်းနဲ့၊ ခင်ဗျားကျွန်တော့်ကိုလှောင်နေတာ။”
ရှန်ချီဟွမ်းက သူ့လက်ဖဝါးကိုနမ်းကာ အဓိပ္ပါယ်ဖတ်လို့မရသည့် မျက်လုံးများဖြင့် ကြည့်လာသည်။
ငယ်ရွယ်ပြီး လှပတဲ့ဇနီးဆိုရင် ပိုမှန်လိမ့်မည်။