Chapter 61.1
“အော်ဒါပယ်ဖျက်ခြင်း”
သိသိသာသာကို ဒုတိယမဒမ်က ပြင်ဆင်ပြီးလာခဲ့တာပင်။
ရှန်းယုဟန်က ဆံပင်ရှည်ရှည်နှင့် သိမ်မွေ့သောရုပ်သွင်ရှိသော အမျိုးသမီးကို တစ်ချက်ကြည့်ပြီး သူက အပေါ်ထပ်သွားဖို့ အလျင်လိုမနေတာကြောင့် ဒုတိယမဒမ် ဘယ်လိုလှည့်ကွက်ကို ကစားနေလဲသိချင်သည်။ မရင်းနှီးသောအမျိုးသမီးကို အိမ်ခေါ်လာတာ တစ်ခုခုပဲလို့တွေးမိပေမယ့် သူမကလည်း သူ့ကိုစောင့်နေပုံရသည်။
သူက စကားတစ်ခွန်းပြောလိုက်သည်။ “ငါမှတ်မိတော့ဘာဖြစ်လဲ၊ မမှတ်မိရင်ဘာဖြစ်လဲ၊ မင်းကိုမှတ်မိသင့်လား?” ဒီအမျိုးသမီးက ဒုတိယမဒမ်နဲ့လာမှတော့ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မဖြစ်နိုင်ဘူး။ အဲ့လိုအမျိုးသမီးတစ်ယောက်က သူ့ကိုကောင်းနိုင်ပါ့မလား? ဒါမှမဟုတ် သူက အရူးလုပ်ရလွယ်တယ်လို့ ထင်နေကြတာလား?
ရှန်းယုဟန်က အမျိုးသမီး၏အဖြေကိုမလိုအပ်ပဲ ဒုတိယမဒမ်ကို တိုက်ရိုက်မေးလိုက်သည်။ “ဒုတိယမဒမ်က ဘာလုပ်ချင်တာလဲ?”
ဒုတိယမဒမ်က သူမလက်သည်းကိုကြည့်ကြီး လွန်ခဲ့တဲ့တစ်မိနစ်က ကိုယ်ဟန်အနေအထားကို ရုတ်ခြည်းပြောင်းလိုက်ကာ သူမ၏အာဏာကိုပြလာခဲ့သည်။ သူမက ရှန်းယုဟန်ကို ခေါ်သည့်ပုံစံကိုပါ ပြောင်းခဲ့သည်။ “ရှန်းယုဟန်၊ မင်းအတိတ်ကကိစ္စတွေကို ရှန်ချီဟွမ်းသိသွားမှာ မကြောက်ဘူးလား?”
“ကျွန်တော့်ကို ခြိမ်းခြောက်နေတာလား?” ရှန်းယုဟန်က လုံးဝမကြောက်ပေ။ ရှန်ချီဟွမ်းက သူ့အတိတ်ကိုမသိပဲ ဘယ်လိုနေမှာလဲ၊ သူက အစောကတည်းက စုံစမ်းထားလောက်သည်။
“ငါမင်းကို ခြိမ်းခြောက်နေတာ။” ဒုတိယမဒမ်၏မျက်နှာက တွန့်လိမ်နေ၏။ “မင်းငါ့ကိုမကူညီမှာကိုသိတယ်။ ဒါပေမယ့် ငါ့မှာမင်းနဲ့ပတ်သတ်တာတစ်ခုရှိတယ်။ မင်းငါ့ကိုကူညီရမယ်။”
ရှန်းယုဟန်က ဒုတိယမဒမ်၏အတွေးကို မအံ့သြပေ။ သူက ဒေါသထွက်ရမယ့်အစား ပြုံးလိုက်သည်။ “ဒါဆို ခင်ဗျားမှာဘာရှိလဲပြောကြည့်ပါဦး၊ ကျွန်တော်နားထောင်နေပါတယ်။” သူက ဒုတိယမဒမ် ဘာတွေးနေလဲတကယ်နားမလည်နိုင်ပေ။ ရှန်ချီပိုင်က တခြားသူကို အရင်အနိုင်ကျင့်ခဲ့တာဖြစ်ပေမယ့် သူမက သူ့ကို ခြိမ်းခြောက်ဖို့ ကိုယ်တိုင်လာခဲ့သည်။ အတော်ရယ်စရာကောင်းတာပဲ….
ခင်ဗျားက နံရံပေါ်အမြန်ခုန်တက်ချင်တာလား၊ ကြက်ဥအကုန်လုံးကို ခြင်းထဲ တစ်ပြိုင်နက်ထည့်ချင်တာလား?
ဒုတိယမဒမ်က ရှန်းယုဟန် တည်ငြိမ်နေတာကိုတွေ့တော့ သူမအထဲဝင်လာစဥ်က ယုံကြည်မှုရှိခဲ့ပေမယ့် အခုတော့ မသေချာဖြစ်နေ၏။ သူမက ရှန်းယုဟန်ကို လျှာစောင်းထက်သူလို့ အမြဲတမ်းထင်ခဲ့သည်။ သူ့ရဲ့ရှက်စရာကိစ္စတွေပေါ်သွားမှာကို မကြောက်တာဖြစ်နိုင်ပါ့မလား?
“ရှန်းယုဟန်၊ ဟန်ဆောင်နေတာရပ်လိုက်တော့၊ မင်းသူမကိုတကယ်မမှတ်မိဘူးလား? အနီးကပ်ကြည့်ပါဦး.. မင်းတို့နှစ်ယောက်က ရုပ်ဆင်တယ်။”
ရှန်းယုဟန်၏အကြည့်ခံနေရသော မိန်းကလေးကပြောလာသည်။ “ရှန်းယုဟန်၊ ငါက နင့်ရဲ့ဝမ်းကွဲပါ။ ငါ့ကိုမမှတ်မိဘူးလား?”
ဝမ်းကွဲ?
ရှန်းယုဟန်က ခေတ်သစ်ရောက်လာတာ အချိန်ကြာနေပြီး ရှန်းယုဟန်၏ ဆွေမျိုးတစ်ယောက်မှ သူ့ကိုဆက်မသွယ်ခဲ့ဖူးပေ။ ဝမ်းကွဲတစ်ယောက်က ရုတ်တရက်ရောက်လာတော့ ထိုကိစ္စကို စီစစ်သင့်သည်။
အကယ်၍ သူ့ဝမ်းကွဲတစ်ယောက်က တံခါးဝကို တစ်ယောက်တည်း ရောက်လာခဲ့ရင် သူမကိုငြင်းဖို့ အကြောင်းပြချက်ရှိမှာမဟုတ်ပေမယ့် ယခုအခါ သူမက ဒုတိယမဒမ်နဲ့အတူလာခဲ့တာကြောင့် ဒီလူမှာ ရည်ရွယ်ချက်ရှိတာကို စဥ်းစားကြည့်နိုင်သည်။
“ဒီအချိန်ကျမှ အမျိုးစပ်ဖို့လား…. သူငယ်ချင်းဖွဲ့ဖို့လား မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ?” ရှန်းယုဟန်က သူမကိုသိသလား မသိဘူးလားဆိုသည့် မေးခွန်းကိုကျော်ချလိုက်၏။
“ဒီနေ့လာတာက နင့်အဖေဆုံးတော့ သူလုပ်ခဲ့တဲ့လုပ်ရပ်အတွက် သက်သေတစ်ခုကျန်နေခဲ့တယ်။ ဒီအချက်အလက်ကို လူသိရှင်ကြားဖော်လိုက်ရင် သူ့ရဲ့နောက်ဆုံးကျန်တဲ့ ဂုဏ်သိက္ခာကို ထိန်းထားနိုင်တော့မှာမဟုတ်ဘူး။”
တကယ်တော့ ရှန်းယုဟန်က မူလရှန်းယုဟန်၏ဖခင် ဘာလုပ်ခဲ့မှန်းတောင်မသိပေ။ သူ့ဝမ်းကွဲက သူနဲ့ခံစားချက်ဖဲချပ်ဂိမ်းကို ကစားဖို့လာတာမဟုတ်ပဲ သူမ၏ရည်ရွယ်ချက်ကို တိုက်ရိုက်ထုတ်ဖော်ခဲ့တာကြောင့် ရှန်းယုဟန်က စိတ်သက်သာရာရသွားသည်။
သူက ဤဝမ်းကွဲ၏ခြိမ်းခြောက်မှုကိုမကြောက်ပေ။ “ကြွက်တွေမှာသွားတွေပဲရှိပြီး လူတွေမှာတော့ ကန့်သတ်ချက်မရှိဘူး*။ မင်းလိုဝမ်းကွဲမျိုးက မရှိတာပဲကောင်းတယ်။)
(ကြွက်မှာ လူတွေကိုအန္တရာယ်ပေးနိုင်တာက သွားပဲရှိပြီး လူတွေကတော့ ကန့်သတ်ချက်မရှိဘူး။ ဘာစည်းမှမထားပဲ နည်းမျိုးစုံနဲ့ ယုတ်မာတတ်ကြတာကို ပြောတာပါ။)
ဒုတိယမဒမ်က သူမ၏သစ္စာဖောက်သော အစီအစဥ် အောင်မြင်သွားတာကို ကြည့်နေသည်။ “ငါ့လက်ထဲမှာအချက်အလက်ရှိတယ်။ ရှန်းယုဟန်… မင်းအဖေကို သေပြီးတာတောင် မငြိမ်းချမ်းစေဘူးဆိုရင် ငါ့သားကုမ္ပဏီကို ရှန်ချီဟွမ်း တံတွေးထွေးနေတာ ခွင့်ပြုပေးလိုက်။”
ရှန်းယုဟန်က သူ့လက်ကောက်ကြိုးအသစ်ကို လှည့်နေပြီး ခဏလောက်စဥ်းစားလိုက်သည်။ သူ့မျက်နှာချင်းဆိုင်လူတွေက သူတို့ကိုယ်သူတို့ ဇာတ်လမ်းတွဲရိုက်နေတယ်လို့ တွေးနေစဥ် သူက ရုတ်တရက်ပြောလိုက်သည်။ “မင်းတို့ ငါ့ကိုကွယ်လွန်သွားတဲ့သူနဲ့ ဘယ်တော့မှ မခြိမ်းခြောက်သင့်ဘူး။”
မူလရှန်းယုဟန်က ထိုအချက်အလက်များကို ဂရုစိုက်တာဖြစ်နိုင်ပေမယ့် သူကတော့ မူလရှန်းယုဟန် လုံးဝမဟုတ်ပေ။ သူ့အတွက် စိုးရိမ်ပူပန်နေဖို့ မဖြစ်နိုင်ပဲ ခြိမ်းခြောက်ခံရဖို့ဆို ဝေးသေးသည်။ သူတို့က လူမှားပြီးလာရှာတာပဲ။
ရှန်းယုဟန်က သူမကိုပြန်ကြည့်ပြီး နောက်တစ်ခွန်းပြောလိုက်သည်။ “သူတို့သာ ပရလောကမှာရှိနေရင် သူတို့မင်းကို အိမ်မက်ပေးမှာကို စိုးရိမ်မိတယ်။ ငါ့အတွက်တော့ ငါ့မိသားစုက အရာအားလုံးကိုဆုံးရှုံးခဲ့ရတာ။ သူတို့ ဘယ်အရာကိုဂရုစိုက််မယ်ထင်လဲ?”
ဒုတိယမဒမ်က ရှန်းယုဟန်၏ အလွန်အကျွံတည်ငြိမ်နေသော အပြုအမူကြောင့် စကားမပြောနိုင်ဖြစ်သွားသည်။ ဆူပူကြိမ်းမောင်းဖို့က မဖြစ်နိုင်ဘူး။ ရိုက်နှက်ဖို့က ပိုလို့တောင်မဖြစ်နိုင်ဘူး။
“ကောင်းပြီ၊ ရှန်းယုဟန်….မင်းတော်တယ်!”
ဒုတိယမဒမ်က အိမ်ထဲကနေ ဒေါသတကြီး ပြေးထွက်သွားပြီး ဝမ်းကွဲကလည်း လိုက်သွား၏။
ရှန်းယုဟန်၏အိမ်ကနေ ပြေးထွက်လာသော ဒုတိယမဒမ်က သူ့ဒေါသကို ဖြည်းဖြည်းချင်း ထိန်းချုပ်လိုက်ပြီး ရှန်းယုဟန်၏ ဝမ်းကွဲဖြစ်သူကို မေးလိုက်သည်။
ဒုတိယမဒမ်က ဒေါသထွက်နေသောမျက်နှာကို ချက်ချင်းပြောင်းလဲပစ်လိုက်သည်။ “ဘယ်လိုလဲ၊ မင်းသိခဲ့တဲ့ ရှန်းယုဟန်နဲ့တူလား?”
ဝမ်းကွဲကခေါင်းခါသည်။ “မတူဘူး။ ကျွန်မဝမ်းကွဲက ကျွန်မတို့အတွက် ဘာမှမထူးခြားဘူး။ အခုသူက ကြော့ရှင်းလာတယ်။ သူ့စကားပြောပုံကလည်း မတူတော့ဘူး။ သူနဲ့လုံးဝကိုမတူတာ၊ သူက တခြားတစ်ယောက်လိုပဲ။ လူတစ်ယောက်က အဲ့လောက်ကြီးပြောင်းလဲသွားဖို့ ဖြစ်နိုင်ပါ့မလား၊ သူက ဟန်ဆောင်နေတာလား?”
ဒုတိယမဒမ်က အေးစက်စွာပြောလိုက်သည်။ “ဟန်ဆောင်နေတာလား? ဒါငါလိုချင်တဲ့အဖြေမဟုတ်ဘူး။ သူက ရှန်းယုဟန်ဟုတ်လား မဟုတ်ဘူးလားဆိုတာကို သိချင်တာ”
ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းတို့လက်မထပ်ခင် ဒုတိယမဒမ်က ရှန်းယုဟန်ကို တစ်ခါတွေ့ဖူးသည်။ သူမက သူ့ကို သူမသားအတွက် လိုချင်ခဲ့ပေမယ့် သူ့အမူအကျင့်မကောင်းတာကိုတွေ့တော့ သူမက ထိုအကြံကိိုစွန့်လွှတ်ခဲ့သည်။ ထိုအချိန်က ရှန်းယုဟန်က ယခုရှန်းယုဟန် သေချာပေါက်မဟုတ်ပေ။ ထိုအချိန်က သူ့စကားတိုင်းက ယုတ္တိမရှိ၊ အာရုံစူးစိုက်မှုမရှိပဲ ရှက်ရွံ့နေတတ်သည်။ လက်ရှိရှန်းယုဟန်နှင့် ယှဥ်ကြည့်ရာမှာ ဤရှန်းယုဟန်က မူလရှန်းယုဟန် လုံးဝမဟုတ်တာကို သူမသံသယဝင်မိသည်။ သူမက မကြာသေးခင်က ရှန်းယုဟန် ဝေဖန်တာကို အများကြီးခံခဲ့ရသည်။ ရှန်းယုဟန်အစစ်ကို ရှန်ချီဟွမ်းက အစားထိုးခဲ့တာလား?
ဝမ်းကွဲကပြောလာသည်။ “သူ့အပြုအမူနဲ့ စကားပြောတဲ့ပုံစံကိုကြည့်ပြီး သူက ကျွန်မရဲ့ဝမ်းကွဲမဟုတ်ဘူးလို့ ခံစားမိတယ်။ ကျွန်မဝမ်းကွဲပုံစံက သိပ်အဆင်မပြေခဲ့ဘူး။ ကျွန်မသူနဲ့တွေ့တိုင်း သူက အလွန်အကျွံဝတ်ဆင်ထားပြီး တစ်ခါတစ်လေ သူ့မိတ်ကပ်က ကျွန်မထက်တောင် အရောင်စုံသေးတယ်။”
ဒုတိယမဒမ်က စိတ်ပျက်သွား၏။ “ယှဥ်ကြည့်ဖို့ သူ့ဆံပင်တစ်မွေးလောက် ယူခဲ့သင့်တာ။ သူနဲ့အရင်းနှီးဆုံးလူတွေက အကုန်ထွက်သွားကြပြီ။ အခုငါ့အတွက်ဒီကိစ္စဖြေရှင်းပေးနိိုင်တာ မင်းပဲရှိတော့တယ်။” ရှန်ချီဟွမ်းလို ဇီဇာကြောင်တဲ့သူက ရိုင်းစိုင်းတဲ့သူတစ်ယောက်ကို လက်ထပ်ပြီး ဘယ်လိုပျော်နိုင်မှာလဲ၊ သူက သူ့ကိုကောင်းကောင်းမွန်မွန်လည်း ဆက်ဆံသည်။ အထဲမှာ သင်္ကာစရာတစ်ခုခုရှိနေမှာကို သူမစိုးရိမ်မိသည်။
ပင်မအိမ်တော်ကိုဖိနှိပ်ဖို့ ရှန်ချီဟွမ်း၏အားနည်းချက်ကို ဖမ်းမိချင်သော အတွေးအားလုံးကြောင့် ဒုတိယမဒမ်က အကြောင်းပြချက်မရှိ စိတ်ကြည်လင်သွားခဲ့သည်။
ဝမ်းကွဲ: “ဒုတိယမဒမ်၊ ကျွန်မရှင့်အတွက် ထပ်သွားစစ်ဆေးပေးရမလား?”
ဒုတိယမဒမ်က ပြုံးကာပြောလိုက်သည်။ “မလိုဘူး။ ငါကတော့ သူကမူလရှန်းယုဟန် လုံးဝမဟုတ်ဘူးလို့ ခန့်မှန်းမိတယ်။ ရေနစ်ပြီးသွားတဲ့အချိန်မှာ ရှန်းယုဟန်အစစ်ကို ပြောင်းခဲ့တာဖြစ်နိုင်တယ်။”
ဝမ်းကွဲ: “ဒါဆို ကျွန်မတို့ စောင့်ကြည့်ကြမှာလား?”
သူမက အလွန်တက်ကြွနေသည်။ အကြောင်းမှာ ရှန်မိသားစုက ရှန်းမိသားစုကိုပေးမယ့် အမြတ်ဝေစုတစ်ပိုင်းကို စိတ်ဝင်စားလို့ဖြစ်သည်။ သူမနှင့် ဒုတိယမဒမ်က ပူးပေါင်းထားပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီနေကြသည်။
–
ရှန်းယုဟန်က သူ၏ပြောင်မြောက်သော လုပ်ရပ်က ဒုတိယမဒမ်၏သံသယကို နှိုးဆွပေးခဲ့မယ်လို့ မတွေးခဲ့ပေ။
သူတို့ရောက်လာတာက သူ့ကိုသတိပေးသလိုဖြစ်ခဲ့သည်။ သူက ရှန်းမိသားစုအကြောင်းကို ပိုလေ့လာဖို့လိုသည်။ အနာဂတ်မှာ သူနဲ့ပတ်သတ်တဲ့လူတွေပေါ်လာပြီး သူကဘာမှမသိရင် စိတ်အနှောင့်အယှက်ဖြစ်နေရမည်။
ဒါပေမယ့် ရှန်းမိသားစုနဲ့ပတ်သတ်ပြီး ဘယ်သူ့ဆီက စုံစမ်းရမလဲ?
သူက ရှန်းမိသားစုအကြောင်းကို သူ့ခင်ပွန်းလိုတောင် သိပ်မသိပေ။ သူသိသမျှက ကောလာဟလများသာဖြစ်သည်။
ဝမ်းကွဲနှင့် ဒုတိယမဒမ်၏ စကားများက ယုံကြည်လို့မရပေ။ သူတို့က သူ့ကိုလှည့်ဖြားဖို့လာတာဖြစ်နိုင်သည်။ သူက ယခုလေးတင် သူလုပ်ခဲ့တာကိုပြန်တွေးလိုက်သည်။ အမှားတစ်ခုမှမရှိပေ။ ရှန်းယုဟန်၏ ဖခင်ကိစ္စကတော့ သူ့ခင်ပွန်းနဲ့ တိုင်ပင်လိုက်မည်။
သို့သော် ဒီလိုအရာမျိုး အနာဂတ်မှာ ထပ်ဖြစ်လာမှာကို စိုးရိမ်မိသည်။ ရှန်ချီဟွမ်းကို သူဘယ်ကလာခဲ့တာလဲ အသေးစိတ်မပြောပြခင်အထိ ဒီလိုကိစ္စဖြစ်လာတိုင်း သူ့အတွက် စမ်းသပ်မှုတစ်ခုလို ဖြစ်နေပေမည်။
မဖြစ်သေးဘူး….အခုလုပ်လို့မရဘူး!
သူက တခြားတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှာ ပြန်လည်မွေးဖွားလာတာကို ဘယ်သူ့ကိုမှပြောလို့မရပေ။ အမည်မသိနေရာတစ်ခုကလာသောသရဲကို လက်ထပ်ထားတယ်ဆိုသည့်အချက်ကို ဘယ်သူမှလက်ခံနိုင်မှာမဟုတ်ဘူး။ ဟုတ်တယ်မလား?
ရှန်းယုဟန်က မူလရှန်းယုဟန်၏ ကလေးဘဝကနေ လူကြီးဘဝထိ အကြောင်းအရာအားလုံးကို ရှာဖွေရမည်။
ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ?
မူလရှန်းယုဟန်က လူသားတစ်ယောက်အနေနဲ့ အရှုံးသမားတစ်ယောက်ပင်။ သူ့မှာငယ်ငယ်ကတည်းက သူငယ်ချင်းဖြစ်ထိုက်တဲ့သူ တစ်ယောက်မှမရှိဘူးလား?
ထားလိုက်တော့…. ဒီကိစ္စတွေကို အခုချိန်တွေးဖို့က အသုံးမဝင်ဘူး။ ခေတ်သစ်ဗဟုသုတတွေကို လေ့လာနေတာပိုကောင်းတယ်။ အဲ့ဒါကို နောက်မှစုံစမ်းလို့ရတယ်။ ဆိုးတာက သူ မူလရှန်းယုဟန်မဟုတ်တာကို သူ့ခင်ပွန်းက ရှာတွေ့သွားပြီး သရဲကြောက်တဲ့လူဖြစ်နေရင် သူ့ခင်ပွန်းက သူ့ကိုကွာရှင်းမှာပဲ။ အဲ့ဒီနောက်မှာ သူက တစ်ယောက်တည်းနေရလိမ့်မယ်။
ထိုအကြောင်းစဥ်းစားကြည့်တော့ အရေးကြီးဆုံးအရာက ရှန်းမိသားစု၏ကိစ္စမဟုတ်ပဲ ခေတ်သစ်မှာ တစ်ယောက်တည်းနေနိုင်အောင် ပြင်ဆင်ထားဖို့ဖြစ်သည်။.
ရှန်ချီဟွမ်းကို တစ်နေ့လက်လွှတ်ရမည့် ဖြစ်နိုင်ချေကိုတွေးမိတော့ သူဝမ်းနည်းလာသည်။
သူက ဗဟုသုတအသစ်တွေကို သင်ယူဖို့လည်း စိတ်မဝင်စားတော့ပေ။
အပြင်ကရာသီဥတုက သာယာနေတော့ ခဏကြာမှ နေဝင်မှာဖြစ်သည်။
ရှန်းယုဟန်က ကုတ်ကိုဝတ်လိုက်ပြီး သူ၏ငြီးငွေ့မှုကို ဖြေလျော့ရန် အပြင်သွားချင်တာကြောင့် သူက နယ်မြေတစ်လျှောက် လမ်းလျှောက်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက ပုံမှန်ဆိုရင် ကားနဲ့ဝင်ထွက်ပေမယ့် သူနေထိုင်သော နယ်မြေကို လေးလေးနက်နက် မလည်ပတ်ရသေးပေ။
&&&&&&&&
Chapter 61.2
“အော်ဒါပယ်ဖျက်ခြင်း”
ဒုတိယမဒမ်ရောက်ရှိလာခြင်းက သူ့စိတ်ဓာတ်ကို တကယ်ထိခိုက်စေခဲ့သည်။
ခေတ်သစ်မှာ သူစကားပြောနိုင်သော လူတွေရှိသော်ငြား အဆုံးမှာတော့ သူတို့နဲ့ နှလုံးသားချင်းစကားပြောဖို့ နည်းလမ်းမရှိပေ။ ကိစ္စတော်တော်များများအတွက် သူက သူ့ကိုယ်သူသာအားကိုးရမည်။
ရှန်းယုဟန်က ကုတ်အင်္ကျီကို အလျင်စလိုဝတ်ပြီး အပြင်ထွက်သွားသည်။
သူနဲ့ရှန်ချီဟွမ်း၏အိမ်က နွေးထွေးသော ယာယီကောင်းကင်ဘုံနဲ့တူပေမယ့် တစ်နေ့ကျရင် ပျောက်ကွယ်သွားမှာကို ကြောက်မိသည်။
လတ်လလောမှာ အရာအားလုံးက အဆင်ပြေနေပြီး ဤလက်တွေ့ကျသော ပြဿနာကို မစဥ်းစားခဲ့တာ ကြာခဲ့ပြီဖြစ်၍ ရှန်းယုဟန်၏စိတ်က အရှိန်အဟုန်နဲ့ ကျဆင်းနေသည်။
ကန်နားမှာလမ်းလျှောက်ရမလား…… နယ်မြေအများစုမှာ ရေကန်အတုများရှိပြီး သူက ကြားသာကြားဖူးပေမယ့် တစ်ခါမှမမြင်ဖူးချေ။
ဖုန်းပေါ်က ဝီချက်မက်ဆေ့က မြည်လာပြီး ရှန်းယုဟန်က ဖုန်းကိုထုတ်ကာကြည့်လိုက်သည်။ ယင်းက သူတို့လက်ရေးလှနဲ့ပန်းချီအဖွဲ့ကဖြစ်ပြီး တစ်စုံတစ်ယောက်က ‘ကမ္ဘာပေါ်ကစိတ်ဝင်စားစရာကိစ္စတစ်ရာ'ဟူသော စကာလုံးပါသည့် ဓာတ်ပုံကြီးကိုပို့ခဲသည်။ ထို့နောက် ပထမလူက စကားစပြောခဲ့ပြီး ဒုတိယလူနှင့် တတိယလူက အသီးသီးရောက်လာကာ အဖွဲ့က ဆိတ်ညံမှုကို စွန့်ခွာပြီး တက်ကြွသက်ဝင်လာခဲ့၏။
လူတိုင်းက အလောတကြီး စကားပြောနေစဥ် ဝမ်းယိုက သူနဲ့သူ့ငယ်ချင််းတွေ ခရစ်စမတ်ပါတီကျင်းပမှာမို့ လူတိုင်းကို လာကစားဖို့ ခေါ်ခဲ့သည်။
ဝမ်းယိုကို အရင်အဖြေပေးသူက လျန်ချီဖြစ်ပြီး လျန်ချီက ရှန်းယုဟန်ကို မန်းရှင်းခေါ်ပြီး သူသွားမှာလားလို့မေးခဲ့သည်။
ရှန်းယုဟန်က လောလောဆယ်မှာ ခေတ်သစ်လူသားလို လမ်းလျှောက်နေတာကြောင့် စာပြန်လို့မရသေးပေ။ သူက တခြားသူများကို အသံမက်ဆေ့ပို့တာလည်း ကျင့်သားမရတာကြောင့် ရေကန်အတုကိုရှာပြီးနောက် ရေကန်ဘေးက ခုံတန်းလျားမှာထိုင်ကာ စာပြန်ခဲ့သည်။ သူတို့စကားစမြည်ပြောနေတာကို ကြည့်ခြင်းဖြင့် သူ့စိုးရိမ်မှုကို အများကြီးသက်သာစေသည်။ သူ ခေတ်မီလူငယ်လေးတွေနဲ့ ပိုပြီးထိတွေ့ဆက်ဆံသင့်လား?
သူက ခရစ်စမတ်ဆိုတာကို အရင်ရှာကြည့်ပြီး ဂရုထဲမှာမေးလိုက်သည်။ “မင်းတို့အားလုံးသွားမှာလား?”
ဝမ်းယိုက ရှန်းယုဟန်ကို အရင်ဆုံးဖြေလိုက်ပြီး သူ့ကို နောက်တစ်ကြိမ်ရှင်းပြလိုက်သည်။ “လက်ရှိမှာ လာမယ့်သူငါးယောက်ရှိတယ်။ ခရစ်စမတ်ပါတီက ရိုးရှင်းပါတယ်။ စကားပြောမယ်၊ သီချင်းဆိုမယ်၊ ဂိမ်းကစားမယ်၊ စားမယ်၊ သောက်မယ်။”
လျန်ချီက ဘယ်နေရာမှာလဲမေးတော့ ဝမ်းယိုက သူတို့ဗီလာတစ်ခုငှားထားကြောင်းပြောကာ တည်နေရာကို တိုက်ရိုက်ပို့ပေးခဲ့သည်။
ရှန်းယုဟန်က မြေပုံကြည့်တာကို သင်ယူထားပြီး ဤနေရာက သူနဲ့သိပ်မဝေးသည့်ပုံပင်။
သူမသွားရင် လူမှုရေးမရှိသလို ဖြစ်သွားမလား?
ဝမ်းယိုက ရှန်းယုဟန်ကို မန်းရှင်းခေါ်လိုက်ပြန်သည်: ယုဟန်၊ မင်းလာမှာလား?
ရှန်းယုဟန်က သတိထားပြီးဖြေလိုက်သည်: မသိသေးဘူး။ ငါ ငါ့မိသားစုနဲ့ ဆွေးနွေးဖို့လိုတယ်။
ဝမ်းယိုက နောက်ဆုံးအကြိမ် ရှန်းယုဟန်ကို ခေါ်သွားသော ခန့်ညားသည့်အမျိုးသားကို တွေးမိသွားသည်။: မင်းကအရွယ်ရောက်နေပြီ.. မင်းမိသားစုကို အကုန်ပြောပြစရာမလိုပါဘူး။
လျန်ချီကလည်း အဲ့လိုတွေးမိသည်: ဟုတ်တယ်၊ နင့်အစ်ကိုက အရမ်းစည်းကမ်းကြီးတာပဲ။
ရှန်းယုဟန်က ရှန်ချီဟွမ်း သူ့ကို တင်းကြပ်ထားတာမဟုတ်ဘူးလို့တွေးကာ တိတ်တဆိတ်ရယ်မောလိုက်၏။ သူ့ကို အစ်ကိုလို့လည်း သတ်မှတ်လို့ရသည်။ သူက တစ်ခါတစ်ရံ အစ်ကိုကြီးတစ်ယောက်လို ချစ်ပေးကာကွယ်ပေးတတ်သည်။ သူနဲ့တစ်နေ့ကျရင် ခွဲရနိုင်သော ဖြစ်နိုင်ချေကိုတွေးမိတော့ သူ့နှလုံးသားက နာကျင်လာသည်။
ရှန်းယုဟန်ကဖြေလိုက်သည်: “ငါစဥ်းစားလိုက်မယ်။
လျန်ချီက ရှန်းယုဟန်၏ ကြီးစိုးနေသောပုံစံကို အရမ်းသဘောကျသည်။ : နင်လာရမယ်နော်၊ နင့်ကိုမတွေ့ရတာကြာပြီ!
ခဏလောက်ထိုင်ပြီးတော့ ရှန်းယုဟန်က နေဝင်ပြီး လေတိုက်လာလို့ သူ့မျက်နှာအေးသွားတာကို ခံစားလိုက်မိသည်။
ဒီနေ့အလုပ်စောစောဆင်းလာသော ရှန်ချီဟွမ်းက သူ့ကိုမတွေလို့ လန့်သွားတာကို သူမသိခဲ့ပေ။
–
ရှန်ချီဟွမ်းက အန်တီဝမ်ကိုမေးလိုက်သည်။ “ရှောင်ဟန်ဘယ်မှာလဲ?”
အန်တီဝမ်က ညစာပြင်ဖို့အလုပ်ရှုပ်နေပြီး သူမက ခေါင်းခါလိုက်သည်။ “သူ ခုနလေးတင် အိမ်ထဲမှာပဲရှိတာ၊ ကျွန်မသတိမထားမိဘူး။ ဖန်လုံအိမ်မှာလားမသိဘူး?”
ပုံမှန်ဆိုရင် ရှန်ချီဟွမ်းက အပေါ်ထပ်မှာ လူမရှာတတ်ပေ။ ရှန်းယုဟန်က ပုံမှန်ဆိုရင် ကားသံကြားတာနဲ့ သူ့ကိုလာကြိုပေမယ့် ဒီနေ့ဘယ်သူ့ကိုမှမတွေ့ခဲ့ရပေ။
သူက ဖန်လုံအိမ်မှာလည်းရှာပြီး ဘယ်သူမှမရှိပေ။ အပြင်မှာလည်း အရမ်းအေးနေတာကို သူဘယ်သွားတာလဲ?
ရှန်ချီဟွမ်းက ဖုန်းတန်းခေါ်လိုက်သည်။ ကံကောင်းစွာပင် ရှန်းယုဟန်က သူ့ဖုန်းကိုကိုင်ခဲ့ပြီး ဖုန်းကောလ်က ချိတ်ဆက်သွားသည်။
ကန်ဘေးမှာ လေစိမ်းတိုက်ခံနေရသော ရှန်းယုဟန်က ဖုန်းကိုင်လိုက်တာနဲ့ နှာချေမိသွားသည်။ “ယောကျာ်း”
“မင်းဘယ်မှာလဲ? ငါအိမ်ပြန်ရောက်လာတော့ မင်းကိုမတွေ့ဘူး” ရှန်ချီဟွမ်းက ပါးစပ်ဖွင့်လိုက်တာနဲ့ စိတ်ပူနေသည်။
ရှန်းယုဟန်က သူ့နှာခေါင်းကို ပွတ်လိုက်သည်။ “နေသာနေလို့ ရေကန်ဘေးမှာ ခဏထိုင်နေတာပါ။”
ရှန်ချီဟွမ်းက ချိတ်မှာချိတ်ထားသော လည်စည်းပုဝါကိုကြည့်ကာပြောလိုက်သည်။ “လည်စည်းပုဝါမဝတ်ထားဘူးလား?”
ရှန်းယုဟန်က သူ့လည်ပင်းကိုထိလိုက်သည်။ “အား..ကျွန်တော်မေ့သွားတယ်” ပုံမှန်ဆိုရင် အပြင်သွားတိုင်း သူ့ခင်ပွန်းက ပတ်ပေးတာဖြစ်ပေမယ့် ယနေ့မှာ သူက မေ့သွားပြီး ဘယ်အချိန်တည်းက သူက သူ့ခင်ပွန်းလုပ်ပေးတာကို နေသားကျနေခဲ့လဲ မသိချေ။
ရှန်ချီဟွမ်းက လည်စည်းပုဝါကို ယူလိုက်သည်။ “မင်းကိုယ်မင်းရော ဘာလို့မမေ့လိုက်တာလဲ၊ ငါ့ကိုတည်နေရာပို့ပေး၊ မင်းကိုလာရှာမယ်။”
“ကျွန်တော်ပြန်တော့မှာ။” ရှန်းယုဟန်က မျက်တောင်တစ်ချက်ခတ်ပြီး သူအတွေးလွန်နေတယ်ဆိုတာကို သိလိုက်သည်။ သူက ဘယ်ကလာခဲ့မှန်းတောင် မမှတ်မိတော့ပဲ လှည့်ပတ်ကြည့်လိုက်တော့ ဗီလာအားလုံးကတူနေပြီး သူလာခဲ့သော လမ်းခွဲကိုတောင် မသိတော့ချေ။ ဒါကြောင့် သူက ချက်ချင်း စကားပြောင်းပြောလိုက်သည်။ “ယောကျာ်း၊ ခင်ဗျားလာကြိုတာပိုကောင်းမယ်၊ ကျွန်တော်လမ်းပျောက်နေပြီ။”
“အရမ်းတုံးတာပဲ၊ အပြင်ကို တစ်ယောက်တည်း လျှောက်သွားရဲသေးတယ်လား? ရှန်ချီဟွမ်းက သူလဲထားသော ဖိနပ်ကိုပြန်ဝတ်လိုက်သည်။
“ကျွန်တော်မတုံးပါဘူး။ ဉာဏ်ကောင်းပါတယ်။” ရှန်းယုဟန်က မတ်တပ်ရပ်ကာ သူ့လက်နဲ့ခြေကို ဆန့်ပြီး ရေကန်ဘေးမှာ သူ့ခင်ပွန်းကိုစောင့်နေသည်။ သူက သူ့ခင်ပွန်းဖိနပ်ဝတ်ပြီး တံခါးပိတ်ကာ အပြင်ထွက်လာသော အသံကိုကြားခဲ့သည်။
သူ့ခင်ပွန်းက သူ ရှေးခတ်လူသားဖြစ်ပြီး ဖုန်းသုံးနည်း၊ စီရီသုံးနည်းနှင့် အင်တာနက်သုံးနည်းကို လေ့လာထားတာကို သိသွားရင် အံ့အားနေမှာလား… ထိတ်လန့်သွားမှာလား… သူက ကြွားနေတာတော့မဟုတ်ပေမယ့် အတော်လေးဉာဏ်ကောင်းတယ်လို့ထင်၏။
ဤဖြစ်နိုင်ချေကိုတွေးမိသောအခါ ရှန်းယုဟန်က နှာထပ်ချေလိုက်သည်။
“ရှန်းယုဟန်၊ မင်း တစ်ရက်လေးတောင် ဒုက္ခမရောက်လို့ မရဘူးလား?” ရှန်ချီဟွမ်းက လမ်းလျှောက်လာရင်း သူ့ဇနီးကိုဆုံးမနေသည်။ “မင်းအအေးမိရင် အရိုက်ခံရမယ်နော်”
“ကျွန်တော် အအေးမမိလောက်ပါဘူး။” ရှန်းယုဟန်က သူ့နှာခေါင်းအနည်းငယ်ယားယံနေသလို ခံစားလိုက်ရသည်။ “အအေးမိသွားရင်… ယောကျာ်းက တကယ်ရိုက်မှာလား?”
“မင်းဘယ်လိုထင်လဲ? မင်းကိုရိုက်မရိုက် စမ်းကြည့်မလား?” ရှန်ချီဟွမ်းက သူ့ကို ပါးစပ်နဲ့သတိပေးနေသည်။
ရှန်းယုဟန်က ထိုင်ချလိုက်ကာ မြေပြင်ပေါ်က သစ်ကိုင်းကို ကောက်လိုက်ပြီး ကန်ထဲက ရေကိုဆွကာ ရေခဲပုံဆွဲနေသည်။ “ကျွန်တော်အရိုက်မခံချင်သေးဘူး။ ယောကျာ်း…ကျွန်တော်နာမှာကြောက်တယ်။”
ရှန်ချီဟွမ်းက ပြုံးလိုက်သည်။ “ဒါဆို အခြေအနေကိုကြည့်မယ်လေ၊ မင်းဘယ်မှာလဲ၊ ငါဒီမှာ။”
ရှန်းယုဟန်က သူ့လက်ထဲက သစ်ကိုင်းကို ချက်ချင်းလွှင့်ပစ်လိုက်ပြီး ရှန်ချီဟွမ်းလာနေသော လမ်းကြောင်းကို လက်ဝေ့ယမ်းပြလိုက်၏။ “ယောကျာ်း၊ ကျွန်တော်ဒီမှာ”
သူရှေ့တိုးလာတာနဲ့ ရှန်ချီဟွမ်းက သူ့လည်ပင်းပေါ်မှာ လည်စည်းပုဝါပတ်ပေးလိုက်သည်။ ရှန်းယုဟန်က သူ့အရှေ့မှာရပ်နေပြီး သူ့ခင်ပွန်းနဲ့အတူရပ်နေတော့ သိပ်မအေးတော့လို့ ခံစားလိုက်ရသည်။ ဤနေရာမှာ တစ်ယောက်တည်းရပ်နေတာက အတော်လေးအေးစက်သည်။
ရှန်ချီဟွမ်းက ရှေ့တိုးကာ သူ့ကိုဖက်လိုက်ပြီး လက်နွေးနွေးကို သူ့မျက်နှာပေါ်တင်လိုက်သည်။ “အရမ်းအေးတယ်။ မင်းဒီမှာဘာလုပ်နေတာလဲ?”
ရှန်းယုဟန်က ရှန်ချီဟွမ်း၏ ကုတ်အင်္ကျီအိတ်ကပ်ထဲမှာ သူ့လက်ကိုထည့်လိုက်သည်။ “ကျွန်တော် ရုတ်တရက် နေဝင်တာကို ကြည့်ချင်လာလို့။”
“မင်းအခုပြန်လို့ရပြီ၊ နေမရှိတော့ဘူး။” ရှန်ချီဟွမ်းက ကန်ပေါ်မှာပေါ်နေသည့် ရေခဲကိုကြည့်လိုက်ပြီး ကြည့်ကောင်းတယ်လို့မထင်ပေ။ အကြောင်းမှာ သူ့ဇနီးက အနုပညာပါရမီရှင်ဖြစ်ပြီး သူတွေ့သမျှက ရှုခင်းနှင့် ပန်းချီကားဖြစ်ပေမယ့် သူမြင်တာက ပိုက်ဆံသင်္ကေတသာဖြစ်သည်။
“အွန်း” ရှန်းယုဟန်က ခေါင်းညိတ်ပေမယ့် မလှုပ်ပေ။
“မသွားဘူးလား?” ရှန်ချီဟွမ်းက တွေးလိုက်သည်။ သူတို့နှစ်ယောက်က တစ်နေ့လုံးမတွေ့ရသေးတာကြောင့် သူက အရမ်းကပ်တွယ်ပြီး ကပ်တွယ်လွန်းသော ဝိညာဥ်လေးဝင်စားလာပုံရသည်။
ရှန်းယုဟန်က သူ့ခင်ပွန်းကိုမှီကာ နွေးသွားသလိုခံစားလိုက်ရပြီး သူက ရှန်ချီဟွမ်းကို လွှတ်ပေးလိုက်ကာ သူ့လက်ကိုကိုင်ထားလိုက်သည်။ ရှန်ချီဟွမ်းက သူ့လက်ကိုကိုင်ကာ အိတ်ကပ်ထဲထည့်လိုက်ပြီး သူတို့နှစ်ယောက်က သူတို့အိမ်ကို လမ်းလျှောက်ပြန်သွားကြသည်။
ရှန်းယုဟန်က သူ့ကို ဒီနေ့လာခြိမ်းခြောက်သော ဒုတိယမဒမ်ကိုတွေးမိသွားသည်။ “ယောကျာ်း၊ ဒီနေ့ဒုတိယမဒမ်က ကျွန်တော့်ဝမ်းကွဲဆိုတဲ့တစ်ယောက်ကို ကျွန်တော်နဲ့တွေ့ဖို့ အိမ်ခေါ်လာခဲ့တယ်။”
“သူမက ရှန်ချီပိုင်ကိစ္စကြောင့်လာတာလား? သူမင်းကို အသနားခံသွားတာလား ခြိမ်းခြောက်သွားတာလား?” သူက ထိုစကားကြားသည်နှင့် ရှန်ချီဟွမ်းက ဒုတိယမဒမ်၏လှည့်ကွက်ကို တွေးမိသွားသည်။ သူမက လှည့်ကွက်မျိုးစုံကိုသိသည်။ ထိုလှည့်ကွက်များကို ဆယ်နှစ်ကျော်ကြည့်ခဲ့ရသဖြင့် သူက ပင်ပန်းလုနီးပါးပင်။
“ကျွန်တော့်ကိုခြိမ်းခြောက်ဖို့” ရှန်းယုဟန်က သူ့ခင်ပွန်း ခန့်မှန်းမိသွားပြီမို့ ဖုံးကွယ်ထားစရာမလိုတော့ပေ။ “အဲ့ဒီဝမ်းကွဲက ကျွန်တော့်အဖေဂုဏ်သိက္ခာကျဆင်းနိုင်တဲ့ အချက်အလက်တချို့ရှိတယ်လို့ ပြောခဲ့တယ်။”
“မင်းယုံလား? ငါကတော့ မယုံဘူး။ သူမမှာ အဲ့လိုအချက်အလက်ရှိရင် သုံးခဲ့တာကြာလောက်ပြီ၊ အခုမှလာဖော်နေတာ သံသယဖြစ်စရာကောင်းတယ်။ မင်းဘယ်လိုကြည့်ကြည့် အဲ့ဒါကအတုပဲ… စိတ်ပူစရာမလိုဘူး။ သူတို့မင်းကိုထပ်နှောင့်ယှက်ရင် ငါ့ဆီလာခိုင်းလိုက်။”
ထိုအကြောင်းနဲ့ပတ်သတ်ပြီး ရှန်ချီဟွမ်းက သူဝယ်ထားသော အိမ်နှစ်လုံးအကြောင်းပြောပြလိုက်သည်။
“အိမ်ကို မင်းနာမည်နဲ့ပြန်လွှဲပြီးပြီ၊ သော့ကလည်း ငါ့နေရာမှာပဲ၊ အဲ့ဒီအိမ်နှစ်လုံးကို ဘာလုပ်ချင်လဲဆိုတာ မင်းအပေါ်မူတည်တယ်။”
ရှန်းယုဟန်၏မျက်လုံးများက တောက်ပနေပြီး နေ့လည်က ဒုတိယမဒမ် သူ့ကိုပေးခဲ့သော ပြဿနာက ချက်ချင်းဖြေရှင်းပြီးလေပြီ။ “ဒါဆို ကျွန်တော်အားတဲ့အချိန် သွားကြည့်လိုက်မယ်။”
ရှန်ချီဟွမ်းက သူအိမ်လွမ်းနေတာဖြစ်မယ်လို့ ခန့်မှန်းလိုက်သည်။ “အွန်း”
ယခုလေးတင် သူရောက်လာတော့ ရှန်းယုဟန်၏ အထီးကျန်နေသော နောက်ကျောကိုတွေ့ခဲ့ရသည်။ ထိုအချိန်က ရှန်ချီဟွမ်းက သူ့ကိုဖမ်းမမိရင် ပျောက်သွားတော့မည့်အတိုင်း အထီးကျန်နေခဲ့ပြီး ရှန်ချီဟွမ်း၏နှလုံးသားက ထိတ်လန့်သွားခဲ့သည်။
စိတ်ရှုပ်စရာများကို ဖြေရှင်းပြီးနောက် ရှန်းယုဟန်က စိတ်ကြည်လင်သွားသည်။ “ယောကျာ်း၊ ဝမ်းယိုနဲ့ တခြားသူတွေက ခရစ်စမတ်လုပ်ဖို့ ကျွန်တော့်ကိုဖိတ်ခဲ့တယ်။ ကျွန်တော်သွားလို့ရမလား?”
“ဒါဆို မင်းသွားချင်လား?” ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ထိန်းချုပ်ထားဖို့ ရည်ရွယ်ချက်မရှိချေ။ အထီးကျန်နေသော သူ့နောက်ကျောကိုကြည့်ပြီး သူက သူ့ကို စကားပြောစရာသူငယ်ချင်းမရှိပဲ တစ်ယောက်တည်း မနေစေချင်တော့ပေ။ ရှန်ချီဟွမ်းက သဘောထားကြီးချင်ယောင်ဆောင်ကာ ပြောလိုက်သည်။ “မင်းသွားချင်ရင်သွားပါ။”
“တကယ်လား?” ရှန်းယုဟန်က ခရစ်စမတ်ကို သေချာနားမလည်ပေမယ့် သူက ရှန်ချီဟွမ်း၏ စကားများကို အကြွင်းမဲ့ယုံကြည်သည်။
ရှန်ချီဟွမ်းက ခပ်တိမ်တိမ် အပြုံးတစ်ခုကိုထုတ်ကာ တုံ့ဆိုင်းစွာပြောလိုက်၏။ “အွန်း၊ ငါက အနောက်တိုင်းပွဲတော်တွေကို မကြိုက်ဘူး။”
ရှန်းယုဟန်က သက်ပြင်းချလိုက်သည်။ တကယ်တော့ သူက သူ့ခင်ပွန်းစိတ်မဆိုးသရွေ့ ခေတ်သစ်လူသားများ၏ ဘဝနေထိုင်မှုပုံစံကို ကြုံတွေ့ချင်သည်။
အိမ်ပြန်ရောက်တော့ ရှန်းယုဟန်က သူလာမယ်ဆိုတာကို ဝမ်းယိုနဲ့လျန်ချီအား စာပြန်ခဲ့သည်။
အဖွဲ့က စိတ်လှုပ်ရှားမှုများနဲ့ နောက်တစ်ကြိမ်ဆူညံသွားပြန်သည်။
ရှန်ချီဟွမ်းက ဘေးမှာထိုင်ပြီး ရှန်းယုဟန် စာပြန်တာကိုကြည့်နေသည်။ သူက တောက်ပစွာပြုံးနေပြီး သူ့ဘေးမှာ သူ့ခင်ပွန်းရှိတာကိုတောင် သတိမထားမိတော့သဖြင့် ရှန်ချီဟွမ်း၏ရင်ထဲမှာ ချဥ်စူးသွားခဲ့သည်။
သူက သူ့ကိုယ်သူ ထပ်ခါထပ်ခါပြောနေသည်။: ရှန်းယုဟန် သူငယ်ချင်းလုပ်တာကို တားလို့မရဘူး။
ရှန်ချီဟွမ်းက ခေါင်းငုံ့ကာ လက်ချောင်းများကိုရွှေ့လိုက်ပြီး အွန်လိုင်းရှော့ပင်း APP ကိုဖွင့်ကာ နေ့လည်ကမှာထားသော ခရစ်စမတ်သစ်ပင်အော်ဒါကို ဖျက်သိမ်းလိုက်သည်။
ဒါက တုံးအတဲ့ ခရစ်စမတ်လေးပါပဲ၊ ဘာဂရုစိုက်စရာလိုလဲ၊ သူလည်း လုံးဝမကျင်းပချင်ပါဘူး!
ညရောက်တော့ ရှန်းယုဟန်က ချောင်းဆိုးလာပြီး နေ့လည်က အအေးမိသွားတာဖြစ်နိုင်သဖြင့် ရှန်ချီဟွမ်းက မတ်တပ်ထရပ်ကာ သူ့ကိုဆေးပေးလိုက်သည်။
ရှန်းယုဟန်က ဆေးသောက်ပြီး စောင်ကိုဖက်ကာ လဲလျောင်းလိုက်သည်။ သူက ရှန်ချီဟွမ်းကို တောက်ပသောမျက်လုံးများဖြင့် ကြည့်ကာ နူးနူးညံ့ညံ့ မေးလိုက်၏။ “ယောကျာ်း၊ ကျွန်တော်အအေးမိရင် ခင်ဗျားတကယ်ရိုက်မှာလား?”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “တကယ်ရိုက်မှာ။” နောက်တစ်စက္ကန့်မှာ သူက ကုတင်ပေါ်တက်ကာ သူ့ဖင်ကို ပုတ်လိုက်ပြီး ရှန်းယုဟန်၏ နားကိုနမ်းကာ ခြိမ်းခြောက်လိုက်သည်။ “အခုတော့သိမ်းထားလိုက်မယ်။ နောက်မှ မင်းကို တစ်ရှိန်ထိုး ရိုက်ပစ်ဦးမယ်။”
ရှန်းယုဟန်က ရှက်သွေးဖြာသွားသည်။ “ခင်ဗျား”
ဤ “ရိုက်နှက်ခြင်း” က ထိုရိုက်နှက်ခြင်းနှင့် မတူကြောင်းသိလိုက်ရသည်။