Chapter 29.1
“သူများမှာရှိတာ မင်းမှာလည်းရှိရမယ်”
တစ်နာရီကြာတော့ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ရဲစခန်းမှာ တူတူထိုင်နေကြပြီး လက်ထောက်ချွီက သူတို့အတွက် သောက်စရာယူလာပေးကာ ရှန်းယုဟန်ကို coke တစ်ဘူးကမ်းပေးခဲ့သည်။
ရှန်းယုဟန်က သူ့လက်ထဲက အနီရောင်ဘူးကိုကြည့်ကာ ဘယ်လိုဖွင့်ရမလဲမသိသဖြင့် ရှန်ချီဟွမ်းကို ဖွင့်ခိုင်းလိုက်သည်။ “ယောကျာ်း၊ ဖွင့်ပေးပါ။”
ရှန်ချီဟွမ်းက သူ့ကို အကူအညီမဲ့စွာကြည့်လိုက်ပြီး ကူဖွင့်ပေးလိုက်သည်။ “မင်းအအေးမိတာ မပျောက်သေးလို့ အရမ်းအေးတာသောက်လို့မရဘူး။”
Coke ဘူးကိုပထမဆုံးအကြိမ်သောက်ဖူးသော ရှန်းယုဟန်က ဘယ်လိုနားထောင်နိုင်မှာလဲ၊ သူက တစ်ငုံစီသောက်ကာ လေချဥ်တက်သွားခဲ့သည်။ သူက ရှန်ချီဟွမ်း မကြားဘူးလို့ထင်လိုက်ပေမယ့် ရှန်ချီဟွမ်းက သူ့လက်ထဲက cokeဘူးကို လုယူလိုက်ပြီး အကုန်သောက်ပစ်လိုက်သည်။
ရှန်းယုဟန်က သူ့ကို မကျေမနပ်ကြည့်လိုက်သည်။ “နည်းနည်းလေးတောင် မချန်ထားဘူး။”
ရှန်ချီဟွမ်းက လေးလေးနက်နက်ပြောလိုက်သည်။ “မင်းက သိပ်သောက်လို့မရဘူးလေ”
ရှန်းယုဟန်က အပြစ်ကင်းသလို မျက်တောင်ခပ်လိုက်သည်။ “အရသာကောင်းတယ်။”
လက်ထောက်ချွီက ဖြစ်စဥ်တစ်ခုလုံးကို ကြည့်ကာ သူက သူ့သူဌေးက အရင်းရှင်ဖြစ်ပြီး သူ့ဇနီးအတွက် သင်တန်းတောင် အပ်ပေးခဲ့တာကို သတိမရတော့သလိုဖြစ်သွားသည်။
သူတို့ဆီက အချက်အလက်ယူသောလူက ရဲမေဖြစ်ပြီး သူမက အရပ်ရှည်ကာ ရှန်းယုဟန်ထက်သန်မာပြီး သုံးဆယ်အရွယ်ဖြစ်သည်။
ရဲမေက သူမကိုယ်သူမမိတ်ဆက်ကာ သူမ၏အိုင်ဒီကတ်ကို ပြခဲ့သည်။
ရှန်းယုဟန်က မိန်းကလေးကလည်း စုံထောက်..မဟုတ်ဘူး.. ရဲဖြစ်နိုင်တာကို သိရှိခဲ့ပြီး သူက သူမကိုပြုံးပြကာ ခေတ်သစ်အမျိုးသမီးများက သူတို့အလုပ်ကို စိတ်ကြိုက်ရွေးချယ်လို့ရသည့်အချက်ကြောင့် သူက စိတ်လှုပ်ရှားသွားသည်။
ရဲမေက သူ့အပြုံးကြောင့် ရင်ခုန်သွားပြီး လူငယ်လေးက အတော်ကြည့်ကောင်းတယ်လို့ တွေးနေသည်။
ရှန်ချီဟွမ်းက အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။ ရှန်းယုဟန်က သူ့ကို အဲ့လိုတစ်ခါမှမပြုံးပြဖူးတာကြောင့် စိတ်ထဲကနေ ဗလောင်ဆူနေသည်။ သူက ဘာလို့တခြားသူတွေကို ဒီလိုပျော်ပျော်ရွှင်ရွှင် ပြုံးပြနေရတာလဲ။
ယခုအချိန်တွင် ရဲစခန်းကို ခေါ်သွားခံခဲ့ရသော ဟွမ်ချွမ်က သူပန်းချီကို မခိုးခဲ့ဘူးလို့ ငြင်းနေခဲ့ပြီး သူက ပန်းချီဆရာလို့ပြောနေသော်လည်း ရဲများက သက်သက်လွတ်သမားမဟုတ်ပဲ မေးခွန်းအနည်းငယ်မေးပြီးနောက် သူ့အဖြေများက လစ်ဟာမှုများနှင့် ပြည့်နေခဲ့သည်။
သူတို့ဘက်က လေထုက အတော်လေး လိုက်လျောညီထွေဖြစ်ကာ ရဲမေက ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်ကို ခိုင်လုံသော အထောက်အထားပြဖို့ပြောခဲ့သည်။ ရဲမေက ပန်းချီပေါ်က လက်ဗွေရာကိုလည်း စစ်ဆေးကာ ရှန်းယုဟန်၏ လက်ဗွေရာကို ယှဥ်ကြည့်ခဲ့ပြီး တခြားသက်သေရှိသေးလားမေးခဲ့သည်။
ရှန်ချီဟွမ်းက ပန်းချီကား၏အကြောင်းအရာကို ထပ်ပြီး မဖော်ပြခဲ့ပေ၊ အကြောင်းမှာ လုပ်ကြံဖန်တီးလာနိုင်ပြီး အခိုင်လုံဆုံး အထောက်အထားကတော့ ငြင်းဆန်လို့မရသော ရုပ်ပိုင်းဆိုင်ရာ အထောက်အထားဖြစ်သည်။
“အိမ်မှာသုံးတဲ့ရွှမ်းစာရွက်က စုန့်ကျူးကျိုက်က ဝယ်ခဲ့တဲ့ လက်လုပ်စာရွက်အစစ်တွေပါ၊ တစ်ရွက်ကို ယွမ်ရှစ်ထောင်ကျပါတယ်။ စျေးကွက်ထဲမှာလည်း သိပ်မရှိလို့ အတည်ပြုရလွယ်ကူပါတယ်။ အကဲဖြတ်ဖို့ ပရော်ဖက်ရှင်နယ်တစ်ယောက်ကို ရှာဖို့လိုရင် ကျွန်တော်က အခကြေးငွေရှင်းပေးလို့ရပါတယ်။”
တစ်ရွက်ယွမ်ရှစ်ထောင်ကျသော ရွမ်းစက္ကူစာရွက်ကိုသုံးတယ်လို့ ကြားလိုက်ရစဥ် ရဲမေ၏လက်တွေတုန်ယင်လာပြီး မတည်ငြိမ်နိုင်တော့ပေ၊ ရွှမ်းစက္ကူတစ်ရွက်က တစ်ချက်ထိရုံနဲ့ ပျက်စီးလွယ်ပြီး တစ်ရွက်ပျက်စီးရင် ယွမ်ရှစ်ထောင်က ပလုံမည်၊ သူဌေးကမ္ဘာက တကယ်ကို ကြောက်စရာကောင်းတာပဲ။
ရဲမေက သူမ၏အံ့သြမှုကို ထိန်းချုပ်ဖို့ကြိုးစားလိုက်ပြီး “တခြားသက်သေရှိလား?”
“ဗီဒီယိုတစ်ခုရှိတယ်၊ ကျွန်တော့်ဘက်က လက်ရေးလှပန်းချီသင်တန်းကနေ ဗီဒီယိုကို တိုက်ရိုက်ယူခိုင်းထားပါတယ်။” သူက လက်ထောက်ချွီကို လှည့်မေးလိုက်သည်။ “လက်ထောက်ချွီ၊ ခင်ဗျားဗီဒီယိုရခဲ့လား?”
လက်ထောက်ချွီက ပြောလိုက်သည်။ “ဟုတ်ကဲ့၊ တစ်ဖက်လူက မစ္စတာရှန်းရဲ့ စာမူနှစ်ခုကိုယူခဲ့တာပါ။” ထို့နောက် သူက ရဲမေစစ်ဆေးနိုင်ရန် ဗီဒီယိုကိုပေးလိုက်သည်။
အကြောင်းမှာ လက်ရေးလှနှင့်ပန်းချီသင်တန်းမှာ ပြဿနာမရှိခဲ့၍ ဗီဒီယိုကို အလွယ်ရခဲ့ပြီး ရဲမေက အများကြီးမပြောခဲ့ပေ။ ပြီးတော့ ရှန်းယုဟန်က လက်ရေးလှနှင့် ပန်းချီသင်တန်းက သင်တန်းသားတစ်ယောက်ဖြစ်ပေမယ့် ဒီလိုအရာမျိုးက ဖြစ်တတ်သည်။ လက်ရေးလှနှင့် ပန်းချီသင်တန်းက လျစ်လျူရှုထားသော စီမံခန့်ခွဲမှုကြောင့် ပြဿနာတက်နေသည်။
ရဲမေက ရှန်းယုဟန်ကိုမေးလိုက်သည်။ “နောက်တစ်ခုကလည်း ပန်းချီလား?” သူမက တကယ့်ပိုင်ရှင်က စကားနည်းပြီး ရှန်ချီဟွမ်းက သူ့အတွက်ဖြေပေးနေတာကို တွေ့ခဲ့ရသည်။
ရှန်းယုဟန်က သူမကို လေးနက်စွာဖြေလိုက်ပြီး ခေါင်းခါပြလိုက်သည်။ “မဟုတ်ဘူး၊လက်ရေးလှပါ။”
လက်ထောက်ချွီက ပြပွဲမှာ လက်ရေးလှကိုမတွေ့ခဲ့ဘူးလို့ ပြောခဲ့သည်။ တစ်ဖက်လူက အသုံးချခဲ့လား၊ အသုံးမဝင်လို့ ပစ်လိုက်ပြီလား မသိသေးပေ။
–
ပုံမှန်မေးခွန်းအချို့ကိုမေးပြီးနောက် သူတို့ ထိုအမှုကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး သက်သေလုံလောက်ရင် အမှုပိိတ်ပြီး အမှန်ဖြစ်ခဲ့ရင် ပန်းချီကို မူလပိုင်ရှင်ကို ပြန်ပေးမည်ဖြစ်ကြောင်း ရဲမေက ပြောပြခဲ့သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်နှင့်အတူ ထွက်ခွာသွားပြီး ကျန်တာကို ရဲကိုသာပုံအပ်လိုက်သည်။
သူတို့ ရဲစခန်းကထွက်သွားတာနဲ့ သတင်းထောက်တစ်စုက သူတို့ဆီ ပြေးလာနေတာကြောင့် ရှန်ချီဟွမ်း၏ ပထမဆုံးတုံ့ပြန်မှုက ရှန်းယုဟန်၏မျက်နှာကို ကာပေးတာဖြစ်၏။
ရှန်းယုဟန်က ရှန်ချီဟွမ်း သူ့ကိုကာကွယ်ပေးနေတာကို သိလိုက်သဖြင့် အနီးကပ်သွားကာ သူ့ခင်ပွန်းပြောသလိုလုပ်လိုက်သည်။
သတင်းထောက်များကလည်း သတင်းကြားပြီးနောက် လိုက်လာခဲ့သည်။
လွန်ခဲ့သည့်တစ်နာရီခွဲတွင် ပန်းချီပြပွဲက သတင်းထောက်တစ်ယောက်က ရှန်ချီဟွမ်း၏ ပုံကို ရိုက်ခဲ့ပြီး ဝေ့ပေါ်မှာ တင်ခဲ့တာကြောင့် သတင်းတွင် ပေါ်လာလေ့ရှိသော သူ့မျက်နှာကို အင်တာနက်သုံးစွဲသူများက ချက်ချင်းမှတ်မိသွားပြီး အမှန်တရားကို စတင်ရှာဖွေခဲ့ကြသဖြင့် အခုချိန်မှာ သတင်းထောက်က သူတို့ကိုဝန်းရံခဲ့တာဖြစ်သည်။
သတင်းထောက်များက အလျင်လိုနေပြီး ရှန်ချီဟွမ်းကို မိသွားသောအခါ အတင်းအဖျင်းကိုမေးလိုက်သည်။ “မစ္စတာရှန်၊ ဒီနေ့ဘယ်သူနဲ့ပြပွဲကိုသွားခဲ့တာလဲ? မင်းနဲ့ လက်ထပ်ထားတဲ့ အမျိုးသားနဲ့ ဆက်ဆံရေးကရော ဘယ်လိုလဲ? မင်းတို့ကွာရှင်းတော့မယ်လို့ ကြားခဲ့တယ်!”
ရှန်ချီဟွမ်းက ဒီမေးခွန်းများကို မဖြေချင်ပေ။
ဒီနေ့ဖြစ်ရပ်မှာ ရှန်းယုဟန်က နစ်နာသူဖြစ်ပြီး ရှန်ချီဟွမ်းက အများကြီးမပြောခဲ့ပေ။ သတင်းထောက်များက အတင်းအဖျင်းကို လှည့်ဖြားပြောဆိုတာကတော့ အဆိုးဆုံးပင်၊ သူတို့ကို စကားတစ်ခွန်းပေးလိုက်တာနဲ့ လှည့်ဖြားပြောဆိုကြလိမ့်မည်။ သူတို့က အသက်ရှင်ဖို့ သူတို့မျက်နှာပေါ်မှာ မှီခိုနေရတာမဟုတ်သဖြင့် သူတို့နဲ့ရင်ဆိုင်ဖို့က တိတ်ဆိိတ်နေခြင်းဖြစ်ပြီး သူက ရှန်းယုဟန်ကိုလည်း ကာကွယ်နိုင်သော အကောင်းဆုံးနည်းလမ်းဖြစ်သည်။
သက်တော်စောင့်များရှေ့မှာ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ကာကွယ်ပေးနေသဖြင့် သတင်းထောင်က သူ့ခေါင်းထိပ်ကိုသာ ပုံရိုက်နိုင်ပြီး ရှန်ချီဟွမ်းက သတင်းထောက်များကို ကြည့်တောင်မကြည့်ပဲ ကားထဲဝင်သွားခဲ့သည်။ သက်တော်စောင့်များက ကားပြင်မှာရပ်နေပြီး ကင်မရာများက လစ်လပ်နေသောနေရာကို အခွင့်အရေးမယူနိုင်ပဲ သက်တော်စောင့်များက ကားတံခါးကို အမြန်ပိတ်ကာ သတင်းထောက်များကို တားဆီးလိုက်သည်။
ရှန်းယုဟန်က ကျယ်ဝန်းသော ကားထိုင်ခုံမှာထိုင်ပြီး ကားနောက်ကလိုက်လာသော သတင်းထောက်များကိုကြည့်နေကာ ဒီလူတွေဘာလုပ်နေတာလဲဟု တွေးနေသည်။
သူသိသလောက်တော့ သတင်းထောက်ဆိုတာ ကန်းနေသူများဖြစ်သည်။
“သူတို့မမှီတော့ဘူး” သူက ထိတ်လန့်နေကာ ဒီလူတွေက နွမ်းပါးသူကို စွန့်ကြဲနေစဥ် ပေါင်မုန့်ဖုတ်ဖို့ကြိုးစားနေသော ဒုက္ခသည်နှင့်တူသည်။
“သူတို့မှီလာမှာကိုစိတ်မပူနဲ့၊ သက်တောင့်စောင့်တွေရှိတယ်။” နောက်မှာ သက်တော်စောင့်ချန်ခဲ့ခြင်းက သတင်းထောက်များကို ထိန်းချုပ်ဖို့ဖြစ်ပြီး ရှန်ချီဟွမ်းက အများကြီးမရှင်းပြတော့ပေ။ ရှန်းယုဟန်က သူတို့မိသားစုက ထူးခြားတာကို သိထားလို့ သတင်းထောက်များက သူတို့ကိုကြည့်တာ အဆန်းမဟုတ်ပေ။
“ဒါဆို နောက်တစ်ခါသူတို့ကိုတွေ့ရင် ထွက်ပြေးလိုက်မယ်၊ ကြောက်စရာကြီး။” သူ့ခင်ပွန်းက သူ့ကိုကာကွယ်မပေးခဲ့ရင် သူက ဒီလူများ၏သောင်းကျန်းမှုကြောင့် လမ်းမပေါ်လဲကျသွားနိုင်သည်။ ဘယ်လောက်တောင် အန္တရာယ်များလိုက်လဲ..တွေးဖို့တောင်ကြောက်စရာကောင်းသည်။ သူက သတင်းထောက်တစ်ယောက်၏ မေးခွန်းကိုသတိရသွားကာ မျက်မှောင်ကြုတ်ပြီး ရှန်ချီဟွမ်းကိုကြည့်လိုက်သည်။ “ကျွန်တော်တို့က ကွာမရှင်းရသေးပဲနဲ့ သူတို့ဘာလို့မဟုတ်တာတွေ ပြောနေတာလဲ?”
“ဖျော်ဖြေရေးသတင်းထောက်တွေက အဲ့လိုပဲ၊ စိတ်ထဲမထားနဲ့။” ရှန်ချီဟွမ်းက သူတို့အပြုအမူကို ကျင့်သားရနေပြီး ရှန်းယုဟန်က နာမည်ကြီးချင်လို့ သတင်းထောက်ကို အမှန်တရားပြောပြလိုက်မှာကို ကြောက်နေသည်။ သူပြောနိုင်တာဘာမှမရှိပေမယ့် သူက အပြင်လူတွေ သူတို့ကိုယ်ရေးကိုယ်တာကိစ္စကို နှောင့်ယှက်မှာကိုမလိုလားပေ။ “နောက်တစ်ခါ သူတို့ကိုတွေ့ရင် ပုန်းနေလိုက်။”
“အွန်း..နားလည်ပါပြီ” ရှန်းယုဟန်က သူ့ခင်ပွန်း၏စကားကို နားထောင်ဖို့ဆုံးဖြတ်လိုက်သည်။
သူတို့စကားပြောတာရပ်သွားတော့ လက်ထောက်ချွီက ကြားဖြတ်ကာ သူတို့ကိုမေးလိုက်သည်။ “သူဌေး၊ အိမ်ပြန်မှာလား၊ တခြားလုပ်စရာရှိသေးလား?”
ပန်းချီပြပွဲကြောင့် ရှုပ်ယှက်ခတ်နေသဖြင့် နေ့လည်စာစားချိန်ကျော်သွားခဲ့သည်။
ရှန်ချီဟွမ်းက လက်ထောက်ချွီကိုမေးလိုက်သည်။ “အရင်သွားစားရအောင်၊ ဒီနားမှာ စတိခ်ဆိုင်ရှိလား?”
လက်ထောက်ချွီကပြောလိုက်သည်။ “တစ်ခုတော့ရှိတယ်၊ လမ်းမပိတ်လို့ ဆယ်မိနစ်ပဲဝေးပါတယ်။”
ရှန်ချီဟွမ်း: “ဒါဆိုသွားမယ်”
လက်ထောက်ချွီက ထပ်မေးခဲ့သည်။ “သက်တော်စောင့်တွေက နေ့လည်ထိ နောက်ကလိုက်ဦးမှာလား?”
ရှန်ချီဟွမ်းက သတင်းကြားပြီး နောက်ကလိုက်လာသော သတင်းထောက်များအကြောင်းကိုတွေးလိုက်သည်။ “သူတို့အဝေးကနေပဲ လိုက်ပါစေ၊ ညနေ ငါတို့လမ်းလျှောက်ထွက်မယ်။”
ယခင်က ဘိုကင်လုပ်ထားသော စားသောက်ဆိုင်မဟုတ်သော်လည်း စတိခ်စားသောက်ဆိုင်၏ အရသာနှင့် ဝန်ဆောင်မှုက သိပ်မကွာပဲ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်သည်။
နေ့လည်တစ်နာရီကျော်နေပြီဖြစ်သည်။
ရှန်းယုဟန်က သကြားပါသော cokeကိုသောက်ထားလို့ ဗိုက်မဆာခဲ့ပေမယ့် အခုအားကုန်သွားတော့ ဗိုက်ဆာလာခဲ့သည်။ သူက ချီတိုင်းပြည်မှာ သိပ်မစားခဲ့ပဲ ခေတ်သစ်ကိုရောက်မှ မစားထားရင် လူကြီးတစ်ယောက်လို အလွယ်တကူဗိုက်ဆာလာသည်။
လက်ထောက်ချွီက သူတို့ကို ဝင်ပေါက်ထိပို့ပေးခဲ့ပြီး ရှန်းယုဟန်၏ အခိုးခံခဲ့ရသော လက်ရေးလှပန်းချီနဲ့ပတ်သတ်ပြီး ကိုင်တွယ်စရာရှိနေ၍ သူဌေးဒိတ်နေတာကို မကြည့်တော့တာပဲကောင်းသည်၊ ဆင်ဂယ်ခွေးများ၏ နှလုံးသားက ဤမြင်ကွင်းကိုမခံနိုင်ပေ။
လာချပေးသောစတိခ်ကိုမြင်ကာ ရနံ့ကိုရှူလိုက်ပြီး ရှန်းယုဟန်က မနက်ခင်းမှာ သူကြုံတွေ့ခဲ့ရသည့် ဒုက္ခအကြောင်းမေ့သွားခဲ့သည်။
သူက ရှန်ချီဟွမ်း အကင်ပေါ်မှာ ဆော့လောင်းသည့်အတိုင်း ဆက်လုပ်လိုက်သည်။ ဘယ်ဘက်လက်က ခရင်းနှင့် ညာဘက်လက်က ဓားကိုကိုင်ကာ အသားကိုစတင်လှီးဖြတ်လိုက်ပြီး အတတ်မြန်ကာ ကြည့်ကောင်းနေသည်။ တကယ်တော့ သူ့ခင်ပွန်း မနေ့က စတိခ်လိုက်ကျွေးမယ်လို့ ပြောထားပြီးနောက် သူက စီရီကို စတိခ်စားနည်းမေးခဲ့ပြီး ရေချိုးခန်းထဲမှာလည်း ဘာအရာဝတ္ထုမှမသုံးပဲ လေ့ကျင့်ခဲ့တာကြောင့် သူ့ခင်ပွန်းက ဟာကွက်ကိုမတွေ့ခဲ့ပေ။
သူက ခေတ်သစ်လူသားတွေက အသားစားတာနဲ့ပတ်သတ်ပြီး အထူးတလည်လုပ်ကြမယ်လို့ မမျှော်လင့်ထားပဲ ချီတိုင်းပြည်က သူ့အစ်ကိုများက အသားကိုလက်ဖြင့်ကိုင်ကာ အရက်ဖြင့်မြည်းပြီး ပါးစပ်အပြည့်စားကြသည်ဟု ကြားဖူးသည်။
စားနေစဥ် ဘေးခန်းက တယောသံထွက်ပေါ်လာပြီး ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုမေးလိုက်သည်။ “မင်းတယောသံကို နားထောင်ချင်လား?”
တယောက ဂီတတူရိယာဖြစ်လိမ့်မည်၊ ရှန်းယုဟန်က ခေတ်သစ်ဂီတတူရိယာများနှင့် မရင်းနှီးပဲ အသိပညာနောက်တစ်မျိုး လိုအပ်နေပြီး သူက ဤမရင်းနှီးသော ဂီတတူရိယာအမည်ကို စိတ်ထဲကနေမှတ်သားခဲ့သည်။
ရှန်းယုဟန်က မျှော်လင့်တကြီး ခေါင်းညိတ်လိုက်သည်။ “ကျွန်တော်နားထောင်ချင်တယ်၊” သူက အရာအားလုံးနဲ့ပတ်သတ်ပြီး သိချင်နေကာ ရှန်ချီဟွမ်းမေးရဲသမျှကို ဖြေရဲသည်။
ရှန်ချီဟွမ်းက ဝန်ဆောင်မှုခေါင်းလောင်းကိုနှိပ်ကာ စားပွဲထိုးက တယောပညာရှင်ကို ဖိတ်ခေါ်လိုက်သည်။ သူက ရှန်းယုဟန်နှင့် ရွယ်တူဖြစ်ပြီး တစ်ဖက်လူက ပုံစံတူအပေါ်အင်္ကျီကို ဝတ်ထားကာ ရှန်းယုဟန်က ထူးခြားသောဝတ်စုံကို ပထမဆုံးမြင်လိုက်ရပြီး နောက်တစ်ခါထပ်ကြည့်လိုက်သည်။
“လူကြီးမင်းတို့က ဘယ်လိုဂီတမျိုးကို နားထောင်ချင်တာလဲ?”
“သာယာနူးညံ့တာတစ်ခုခုပေါ့” ရှန်ချီဟွမ်းက ထိုလှပသောကောင်လေးကို ကြည့်နေသော ရှန်းယုဟန်ကို သတိထားမိပြီး စိတ်ကြည်မနေတော့ပဲ သေချာလေ့လာကြည့်တော့ ဖျော်ဖြေနေသောကောင်လေး၏မျက်နှာပေါက်က ရှန်ချီယွင်နှင့်တူနေသည်။ သူက ရှန်ချီယွင်နဲ့ပတ်သတ်ပြီး စိုးရိမ်နေတုန်းမို့လား?
ဖျော်ဖြေသူက ဂျိုးဟီဆိုင်ရှီး၏ မိုးရေသီချင်းကိုရွေးချယ်ကာ တင်ဆက်မှုက ဝမ်းနည်းစရာကောင်းသော်လည်း နောက်ဆုံးမှာ ပျော်ရွှင်ဖွယ်အဆုံးသတ်ကိုရခဲ့သည်။
ရှန်းယုဟန်က လက်ရှိမှာ ထိရှလွယ်သောကာလကိုရောက်နေပြီး သီချင်းနားထောင်ပြီးနောက် သူကမိသားစုကိုသတိရသွားကာ သူ့နှလုံးသားက တင်းကျပ်သွားပြီး သူရှေ့က စတိခ်ကမမွှေးတော့ပေ။ သူ့မိဘတွေက ဒီလိုကင်ပြီးသားစတိခ်နဲ့ နူးညံ့သောအာလူးထောင်းကို မစားဖူးတာကြောင့် သူက သူတို့စားဖို့ ယူသွားပေးချင်သည်။
သီချင်းဆုံးသွားတာနဲ့ စားပွဲထိုးက သူတို့ကို ကောင်းကောင်းစားသုံးပါလို့ပြောကာ ထွက်သွားသည်။ သို့သော် မှတ်ဉာဏ်ဟောင်းမှာ နစ်မြောနေသော ရှန်းယုဟန်က ပြန်ထွက်မလာနိုင်ပဲ သူ့နှာခေါင်းက ချဥ်တူးကာ မျက်ရည်မကျအောင် ထိန်းချုပ်နေသည်။
ရှန်ချီဟွမ်းက ရှန်းယုဟန် ဘာတွေးနေလဲဆိုတာကိုသိသွားပြီး သူက သီချင်းကိုနားထောင်နေစဥ် စိတ်ကူးယဥ်နေကာ ရှန်ချီယွင်အကြောင်း တွေးမိသွားတာဖြစ်မည်ဟု ထင်လိုက်ပြီး သူ့နှလုံးသားက မွန်းကျပ်သွားသည်။
“ဘာတွေတွေးနေတာလဲ? အရင်စား”
ရှန်ချီဟွမ်း၏ ရင်ထဲက စိတ်ပျက်မှုက အပြင်ကိုထွက်လာပြီး သူ့အသံက အေးစက်နေသည်။
“ကျွန်တော်ဘာမှတွေးမနေပါဘူး။” ရှန်းယုဟန်၏ မျက်လုံးများက အနည်းငယ်ရဲနေပြီး မျက်ရည်ကိုထိန်းဖို့ မျက်တောင်ခတ်ကာ သူ့ခင်ပွန်းအထင်လွဲသွားမှာကို စိုးရိမ်သဖြင့် တီးတိုးပြောလိုက်သည်။ “ကျွန်တော့်အဖေကိုလွမ်းလို့ပါ၊ အဖေနဲ့အမေကို”
ရှန်ချီဟွမ်းက စိတ်ခံစားချက်အကြောင်းကိုတွေးနေပြီး ဘယ်သူမှန်လဲ ဘယ်သူမှားလဲ ပြောဖို့ခက်နေသည်။ တစ်ယောက်က လိုလားနေလို့ တစ်ယောက်ကအပ်နှံနေသည်။ သူက ရှန်းယုဟန်၏ စကားများကိုကြားသည်နှင့် မကျေနပ်မှုက ပျောက်သွားခဲ့သည်။
ထိုအာရုံများကိုဖယ်ရှားပြီးနောက် ရှန်းယုဟန်သည် စတိခ်ပြီးအောင်စားဖို့သာ အာရုံစိုက်လိုက်သည်။
ရှန်းယုဟန်က စိတ်အေးသွားပြီး မှိုဟင်းချိုကို တစ်စွန်းချင်းသောက်နေတာကို ကြည့်ပြီးနောက် ရှန်ချီဟွမ်း၏ နှုတ်ခမ်းထောင့်က တင်းမာမှုပြေလျော့သွားကာ သူက စိတ်ထဲကနေ ဤစားသောက်ဆိုင်ကို အမည်ပျက်စာရင်းထည့်သွင်းလိုက်သည်။ သူတို့က ဧည့်သည်ကို စိတ်မကောင်းဖြစ်အောင် ဘယ်လိုလုပ်ရဲတာလဲ!
&&&&&&&
Chapter 29.2
“သူများမှာရှိတာ မင်းမှာလည်းရှိရမယ်”
ရှန်းယုဟန်မှာ အကျင့်ကောင်းတစ်ခုရှိသည်။ သူက သူရှေ့က အစားအစာကို ကုန်အောင်စားတတ်ပြီး မဖြုန်းတီးတတ်ပေ၊ သူက အိမ်ပြင်မထွက်သော ကောဖြစ်တာကြောင့် သူ့မိသားစုက အစားစာကို မဖြုန်းတီးရကြောင်း သတိပေးကာ သင်ပေးလေ့ရှိသည်။
နောက်ကျသောနေ့လည်စာမှာ အနည်းငယ်ကြို့ထိုးနေသော်လည်း အဆုံးမှာ ချောမွေ့နေခဲ့သည်။
စားသောက်ဆိုင်မှထွက်ခွာပြီးနောက် ရှန်းယုဟန်နှင့်ရှန်ချီဟွမ်းက အောက်ဆင်းဖို့ ဓာတ်လှေကားကိုစောင့်နေကာ သူက ရှန်ချီဟွမ်းကို ဒွိဟဖြစ်စေသော မျက်လုံးများဖြင့်ကြည့်နေသည်။
“ယောကျာ်း၊ ကျွန်တော်တို့ ဘယ်သွားကြမှာလဲ?”
“မင်းဘယ်သွားချင်လဲ?” ရှန်ချီဟွမ်းက အစက သူ့ဆုံးဖြတ်ချက်အတိုင်း လုပ်ချင်ခဲ့ပေမယ့် သူက ရှန်းယုဟန်၏ အတွေးကို လေးစားနေဆဲဖြစ်သည်။
ရှန်းယုဟန်က အရင်အပတ်ဆန်းဒေးက ဖြတ်သွားခဲ့သောရင်ပြင်ကိုတွေးကာ ပြောလိုက်သည်။ “ကျွန်တာ် လူတွေသီချင်းဆိုကပြတာကိုကြည့်ချင်တယ်။”
ရှန်ချီဟွမ်းက သူ့စကားကို နားလည်မှုလွဲသွားသည်။ “လတ်တလောမှာ အဆိုတော်တွေရဲ့ ရှိုးပွဲမရှိသေးလို့ ဒီနေ့သွားလို့မရဘူး။”
မရည်ရွယ်ပဲ ရှန်းယုဟန်က ရှိုးပွဲဟူသော စကားလုံးအသစ်ကို သင်ယူခဲ့ပြီး အိမ်ပြန်ရောက်ရင် စီရီကိုမေးလိုက်မည်။
ခေတ်သစ်လူသားတွေ သီချင်းဆိုပြီး ကပြတာကို ရှိုးပွဲလို့ခေါ်ပုံရသည်။
သူက ဝမ်းနည်းကာ မျက်နှာပေါ်က အပြုံးတစ်ဝက်က ပျောက်ကွယ်သွားသည်။ “အရင်တစ်ခေါက်က ဖြတ်သွားခဲ့တဲ့ ရင်ပြင်ကိုသွားလို့မရဘူးလား”
“ရင်ပြင်ကလူတွေ ကတာကိုကြည့်ချင်တာလို့တော့ မပြောနဲ့။” ရှန်ချီဟွမ်းက သူ့အကြိုက်က လွန်ကဲနေသည်ဟု တွေးလိုက်သည်။
ကွာခြားချက်ရှိပုံရသည်၊ ရှန်းယုဟန်က ရှန်ချီဟွမ်း၏ စကားအဓိပ္ပါယ်ကို နားလည်သွားပြီး သူက ရှိုးပွဲ သို့မဟုတ် ရင်ပြင်အကကို မကြားဖူးသဖြင့် သွားကြည့်ချင်သည်။
ရှန်ချီဟွမ်းက သူပြောချင်တာကို တားလိုက်သည်။ “မင်းကြည့်ချင်တာကိုသိတယ်၊ မင်းအရင်က မမြင်ဖူးဘူးလား”
သူက ဒီတစ်ကြိမ်မှာ ရှန်ချီဟွမ်း သူ့ကိုသံသယဖြစ်သွားတာကို မလိုချင်သဖြင့် ရှန်းယုဟန်က သူ့လက်သန်းကို ကိုင်လိုက်သည်။ “ကျွန်တော့်ယောကျာ်းနဲ့ မကြည့်ဖူးဘူးလေ” အခု သူက ခေတ်သစ်လူသား၏ ဆက်ဆံရေးနည်းလမ်းများနှင့် ဖြည်းဖြည်းချင်းရင်းနှီးလာပြီး သူက သူ့ခင်ပွန်းနှင့် အပြင်မှာလက်ကိုင်ထားဖို့ သတ္တိရှိလာသည်။
ရှန်ချီဟွမ်းက စိတ်ဓာတ်ကျသလိုတွေးလိုက်သည်။ -အရမ်းကောင်းတယ်၊ အဲ့ဒါသူ့လှည့်ကွက်ပဲ။
အခုလေးတင် သူက ရှန်ချီယွင်နှင့် ရုပ်ဆင်သည့် ဖျော်ဖြေသူကိုကြည့်လာပြီး အခုတော့ သူ့ကိုမြှူစွယ်ဖို့ ထပ်ကြိုးစားနေသည်။ စိတ်နှစ်ခွရှိတဲ့မြေခွေးလေးကတော့….
ရှန်ချီဟွမ်းက နောက်ဆုံးမှာ သဘောတူလိုက်သည်။ သူက သူ့လက်ကိုကိုင်ခံထားရစဥ် မငြင်းနိုင်ခဲ့ပေ။ “ကောင်းပြီ၊ ဒါပေမယ့် ရင်ပြကပွဲက ညနေမှာပဲရှိတာ၊ ငါတို့အနီးနားဝန်းကျင်ကို လည်ပတ်ပြီး သရေစာစားလို့ရတယ်၊ ညစျေးက အရင်တစ်ခေါက်ဖြတ်လာတဲ့ နေရာထက် စည်ကားတယ်။”
သူက ပုံမှန်ဆို အလုပ်ရှုပ်နေပြီး စျေးဝယ်ထွက်ဖို့ အချိန်မရှိခဲ့ပေ၊ ရှန်းယုဟန်၏ အပြင်ထွက်ချင်စိတ်ကို ကျေးဇူးတင်ရမည်၊ သူ့မှာ သာမန်ပိတ်ရက်ရှိလာ၍ဖြစ်သည်။
ရှန်းယုဟန်က သူညစျေးကို လည်ပတ်နိုင်တာကို ကြားလိုက်ရတော့ စိတ်ရွှင်သွားသည်။
“ဒါဆို ဒီနေ့အိမ်မပြန်ခင် အပြင်မှာညစာစားကြမလား?” သူကလည်း ခေတ်သစ်ညစျေးကို ကြုံဖူးချင်သည်။
“အင်း”
ရှန်းယုဟန်က အရင်တစ်ခေါက်က ကားထဲကနေရခဲ့သော ဘာဘီကျူးအနံ့ကိုမှတ်မိပြီး ဒီနေ့တွေ့ရင် စားကြည့်ရမည်။
လက်ရှိမှာ နေ့လည်နှစ်နာရီထိုးပြီဖြစ်၍ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အောက်ထပ်သို့ အရင်ခေါ်လာပြီး ထိုနေရာကို တိုက်ရိုက်လျှောက်သွားလိုက်သည်။
မြေပုံကိုကြည့်တော့ ဆယ့်ငါးမိနစ်လျှောက်ရမှာဖြစ်သည်။
သို့သော် ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က မိနစ်ငါးဆယ်လျှောက်ခဲ့တာတောင် မရောက်သေးပေ။
သူတို့နောက်လိုက်လာသော သက်တော်စောင့်များက စကားစမြည်ပြောလာခဲ့သည်။
ဘောဒီဂတ်အေ: “သူဌေးနှင့် သူဌေးဇနီးက ဘာလို့လမ်းကြားထဲကို လျှောက်နေတာလဲ.. မပျင်းကြဘူးလား? စာငှက်တစ်ကောင်တောင် မမြင်ရဘူး။”
ဘော်ဒီဂတ်ဘီ: “ဒါက လူသိပ်မရှိတဲ့နေရာမှာ ဒိတ်တာမျိုးမဟုတ်ဘူးလား?”
ဘော်ဒီဂတ်အေ: “ဒါပေမယ့် သူတို့ကလက်တွဲပြီး ဘာမှလည်းမလုပ်ကြဘူး။”
ဘော်ဒီဂတ်ဘီ: “မဖြစ်နိုင်..”
မှန်တယ်.. ရှန်ချီဟွမ်းက လမ်းပြစနစ်အတိုင်းသွားခဲ့ပေမယ့် လမ်းမှားသွားတာကြောင့် သူတို့နှစ်ယောက်က လမ်းကြားထဲမှာ လမ်းပျောက်နေပြီး တဝဲလည်လည်ဖြစ်နေသည်။
အကြောင်းမှာ ရှန်းယုဟန်က လမ်းကြောင်းဆိုင်ရာ အသိပညာကို မတတ်ကျွမ်းသေးတာကြောင့် သူက လမ်းဘယ်လောက်လျှောက်ရမလဲဆိုတာကို မမေးခဲ့ပဲ လျှောက်လာခဲ့လို့ဖြစ်သည်။
လမ်းလျှောက်ရင်း သူ့ခြေထောက်များ နာလာသဖြင့် သူက နှာခေါင်းရှုံ့ကာ ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်တို့ဘယ်လောက်ကြာအောင် သွားရဦးမှာလဲ၊ ကျွန်တော်တို့ ဘာလို့ပိုဝေးလာသလို ခံစားနေရတာလဲ?”
သရေစာဆိုင်က လှုပ်လှုပ်ရှားရှား စည်ကားနေရမှာ မဟုတ်ဘူးလား?
သူက ရှန်ချီဟွမ်း၏လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ကြောက်နေတာကြောင့် အပြင်မှာရောက်နေတာကိုလည်း ဂရုမစိုက်တော့ပေ။
ဤလမ်းကြားတွင် ဗေဒင်ဆရာများစွာ ထိုင်နေကြပြီး သူတို့အားလုံးက သူတို့နှစ်ယောက်ကို အမူအရာမဲ့သော မျက်နှာဖြင့်ကြည့်နေကြသည်မှာ ဗိုက်ဆာနေသော ဝံပုလွေက အဆီပြည့်အသားကိုကြည့်နေသလိုပင်၊ ရှန်းယုဟန်က သူ့ကံကြမ္မာကိုပြောနိုင်သော ဗေဒင်ဆရာများ၏ ဗေဒင်ဟောခံရမည်ကို ကြောက်နေသည်။
လိမ္မော်သီးခြောက်နှင့်တူသော မျက်နှာရှိသည့် အဘိုးကြီးက ရုတ်တရက်ပါးစပ်ကိုဖွင့်လိုက်သည်။ “လူငယ်လေး၊ မင်းဗေဒင်တွက်ချင်လား? မင်းမှာ ထူးခြားတဲ့ကံကြမ္မာရှိတာကို ငါမြင်နေရတယ်၊ ပြီးတော့ မကြာသေးခင်က ကြီးမားတဲ့ကိစ္စကြောင့် မင်းစိုးရိမ်နေတာကို ငါမြင်နေရတယ်။”
ရှန်းယုဟန်က ခေါင်းခါကာ ပြောလိုက်သည်။ “မတွက်ဘူး၊ မတွက်ဘူး၊ ကျွန်တော်ပိတ်မိနေတာမဟုတ်ဘူး။” သူက ထိတ်လန့်နေပြီး ဖုန်းထဲကနေ လမ်းကြောင်းရှာနေသော ရှန်ချီဟွမ်းကို ကမန်းကတန်းဆွဲလိုက်သည်။
ထို့နောက် လမ်းကြားထဲကနေ လျှောက်ထွက်လာခဲ့ကြသည်။
လမ်းကြားထဲမှာက တိတ်ဆိတ်နေပေမယ့် အပြင်မှာ ဆန့်ကျင်ဘက်အဖြစ် ကားအသွားအလာရှိနေသည်။
ရှန်းယုဟန်က ဗေဒင်ဆရာကြောင့် ထိတ်လန့်ကာ နဖူးမှချွေးများထွက်လာသည်။
ရှန်ချီဟွမ်းက သူလမ်းမှားသွားတာကို ဝန်ခံဖို့ငြင်းနေပြီး ရှန်းယုဟန်၏ စိုးရိမ်မှုကို သတိမထားမိခဲ့ပေ။ သူက တည်ငြိမ်ချင်ယောင်ဆောင်ကာ ခေါင်းမာနေခဲ့သည်။ “ဒီနေရာက အရမ်းထူးခြားတာပဲ”
စိတ်ထဲမှာ လျှို့ဝှက်ချက်ကို ဖုံးထားရသော ရှန်းယုဟန်က ဖြစ်သလို ခေါင်းညိတ်လိုက်သည်။ “အွန်း၊ အွန်း ဒါပေမယ့် ကျွန်တော်က ဗေဒင်တွက်တာကို စိတ်မဝင်စားဘူး။”
ရှန်ချီဟွမ်းက မုန့်စျေးတန်း၏ ခုံးကျော်ကို ညွှန်ပြလိုက်သည်။ “အရှေ့မှာ မုန့်စျေးတန်းပဲ၊ အချိန်အကြာကြီး လမ်းလျှောက်ပြီးလို့ ငါဗိုက်ဆာနေပြီ။”
သေချာတာကတော့ ရှန်းယုဟန်၏အာရုံက ပြောင်းသွားပြီး ရှန်ချီဟွမ်းက တိတ်တဆိတ် သက်ပြင်းချကာ အရှက်ရခြင်းမှ သူ့ကိုယ်သူကာကွယ်နိုင်ခဲ့သည်။
တိုက်ဆိုင်စွာပင် သူတို့နှစ်ယောက်က လမ်းကြားကိုလျှောက်ခဲ့ပြီး ဗေဒင်ဆရာအား တွေ့ခဲ့တာကို မေ့သွားခဲ့ကြသည်။
–
လူအများကြီးစုဝေးနေသောနေရာကို ပထမဆုံးအကြိမ်လာခဲ့သည့် ရှန်းယုဟန်က ဗိုက်ဆယ်ခု၊ မျက်လုံးဆယ်စုံနှင့် ခြေထောက်ဆယ်ချောင်းရှိဖို့ မျှော်လင့်နေသည်။
သူက ဆိုင်များရှိ သရေစာအားလုံးကို မြည်းစမ်းကြည့်ချင်နေပြီး ဖွင့်ထားသော စတိုးဆိုင်များကို သွားချင်နေသည်။
စားနေရင်း စျေးဝယ်ထွက်တာက လူတွေကို မပင်ပန်းစေပဲ ဗိုက်ပြည့်နေမှသာ ပင်ပန်းတာဖြစ်၏။
ရှန်းယုဟန်က ဘာဘီကျူး၏အနံ့ကိုရှူလိုက်သည်။ ထိုသည်မှာ ရာစုနှစ်ကြာပြီဖြစ်သော ရှေးဟောင်းဝက်ကင်ဆိုင်ဖြစ်သည်။ အပြင်မှာ လူအများကြီးတန်းစီနေပြီး ရှန်းယုဟန်က သူ့ဗိုက်ကိုထိကာ ထပ်မစားနိုင်တော့ပေ။
မဟုတ်ဘူး၊ အဲ့ဒါက သူ့ခင်ပွန်းက သူ့ကို ထပ်စားနိုင်အောင် မကူညီပေးလို့ပဲ။
ရှန်ချီဟွမ်းက သူ တခြားနေရာကိုကြည့်နေတာကို တွေ့သွားပြီး ချက်ချင်းတားဆီးလိုက်သည်။ “ရှန်းယုဟန်၊ မင်းစားနေတဲ့ သရေစာတွေက အကန့်အသတ်ကျော်နေပြီ”
“အို” ရှန်းယုဟန်က သူ့လေသံထဲက နောင်တကို မဖုံးဖိနိုင်ပဲ “ကျွန်တော်ဗိုက်ပြည့်နေပြီ၊ ယောကျာ်း.. သွားပြီးအနားယူရအောင်”
ရှန်ချီဟွမ်းက သူ့ကို မုန့်စျေးတန်းမှ ချက်ချင်းဆွဲခေါ်သွားသည်။ သူထပ်စားရင် ဆီနဲ့ဆားပမာဏကိုကျော်လွန်သွားလိမ့်မည်။ သူတို့နှစ်ယောက်က ရင်ပြင်ကိုလျှောက်လာပြီး ထိုအချိန်မှာ ညရောက်သွားကာ ဘယ်တော့မှ မအိပ်သည့် မြို့အလင်းရောင်က ဖြည်းဖြည်းချင်း လင်းထိန်လာကာ လူများ၏ မျက်နှာပေါ်မှာ ရောင်ပြန်ဟပ်နေသည်။
ဒီနေ့ရာသီဥတုက မမျှော်လင့်ထားစွာ နွေးထွေးနေပြီး နေဝင်သွားလို့ နည်းနည်းအေးနေပေမယ့် ရင်ပြင်မှာ ကစားကာ အလုပ်လုပ်နေကြသော လူများ၏ စိတ်အားထက်သန်မှုအပေါ်ကိုတော့ သက်ရောက်မှုမရှိပေ။
တစ်နေ့လုံးလမ်းလျှောက်ပြီးနောက် ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ပင်ပန်းသွားသဖြင့် သူတို့က ထိုင်ဖို့ခုံရှာကာ အနားယူလိုက်သည်။
ရှန်းယုဟန်က ထိုနေ့က သူဝယ်ချင်ခဲ့သော ဘောလုံးကိုထပ်တွေ့ခဲ့သည်။ “ယောကျာ်း၊ ကျွန်တော်အဲ့ဒါလိုချင်တယ်၊ ခင်ဗျားဝယ်ပေးမယ်လို့ ပြောထားတယ်လေ”
ရှန်ချီဟွမ်းက သူ့ခေါင်းကိုပုတ်လိုက်သည်။ “မင်းကငါ့ကို ဘယ်လိုအမိန့်ပေးရမလဲဆိုတာပဲသိတယ်။”
ရှန်းယုဟန်က စားပြီးလမ်းလျှောက်ခဲ့ရလို့ ပင်ပန်းနေသဖြင့် အသံကိုပျော့ပျောင်းစေပြီး “ဝယ်ပေးပါ၊ လိုချင်တယ်၊ ကျွန်တော် အဲ့ဒီယုန်ဖြူကြီးကို လိုချင်တယ်။”
“ကလေးဆန်လိုက်တာ” ရှန်ချီဟွမ်းက တွန့်ဆုတ်နေသော်လည်း သူက မတ်တပ်ရပ်ကာ ဘောလုံးရောင်းနေသော အန်ကယ်ဆီကို သွားလိုက်သည်။ သူက ရှန်းယုဟန်လိုချင်သော ယုန်ဖြူကိုယူလိုက်ပြီး သူ့ဘေးမှာ သူ့လက်ထဲက ဘောလုံးကိုကြည့်နေသော ကလေးတစ်ယောက်ရှိသည်။ ရှန်ချီဟွမ်းက ထိုကလေး၏မျက်လုံးသည် ရှန်းယုဟန်လို ကြည်ရှင်းတယ်လို့ ခံစားလိုက်ရတာကြောင့် သူ့အတွက်တစ်လုံးဝယ်ပေးလိုက်တော့ ကလေးက ကျေးဇူးတင်စကားပြောခဲ့သည်။ “ကျေးဇူးပါ၊ အန်ကယ်”
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ရပါတယ်၊ သွားကစားတော့”
ရှန်ချီဟွမ်းက ခုံတန်းလျားကိုပြန်လာစဥ် ရှန်းယုဟန်က သူ့ကိုမကြည့်ပဲ နားရွက်တွေက နီနေသည်။ အေးလို့လားတော့မသိပေမယ့် သူက ရှန်းယုဟန်ကြည့်နေသော ထိုင်ခုံနောက်တစ်လုံးကို လိုက်ကြည့်မိတော့ စုံတွဲတစ်တွဲက နမ်းရှိုက်နေကြသည်။
ရှန်းယုဟန်က ခဏလောက် မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားကြီး ခေါင်းကိုပြန်လှည့်လိုက်သည်။ ရှက်စရာကြီး!
ရှန်ချီဟွမ်းက ချဥ်စူးစူးပြောလိုက်သည်။ “ကြည့်စရာဘာရှိလို့လဲ?”
ရှန်းယုဟန်က သူ့အနားကိုတိုးသွားပြီး တိုးတိုးလေးပြောလိုက်သည်။ “သူတို့က အပြင်မှာ ရင်းနှီးတာတွေလုပ်နေကြတယ်။”
ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့အနားထပ်ကပ်လာပြီး မျက်နှာက ပန်းရောင်သန်းနေတာကို တွေ့လိုက်ရသည်။ သူက ရှန်းယုဟန်၏ နှုတ်ခမ်းကိုကြည့်ပြီး သူ့ပါးစပ်ထောင့်ကိုလျက်ကာ ပြောလိုက်သည်။ “ဘာတွေအံ့သြစရာကောင်းလို့လဲ?”
ရှန်းယုဟန်ု တကယ်ကိုသိချင်နေသဖြင့် သူလှည့်ကာ နောက်တစ်ခါကြည့်လိုက်သည်။ ဝေါင်း.. အဲ့အတွဲက နမ်းနေတုန်းပဲ။
သူခေါင်းကိုလှည့်လိုက်တော့ သူ့ကိုစောင့်နေသည်မှာ ရှန်ချီဟွမ်း၏ ခန့်ညားသောမျက်နှာဖြစ်ပြီး ရှန်ချီဟွမ်းက သူတို့ရှေ့မှာ ဘောလုံးကို ပိတ်ဆို့လိုက်ကာ ပုစဥ်းတစ်ကောင်က ရေမျက်နှာပြင်ကို ထိနေသလို သူ့နှုတ်ခမ်းဖြင့် ရှန်းယုဟန်၏ နှုတ်ခမ်းကိုထိလိုက်သည်။
သူက ထုံထိုင်းနေသော ရှန်းယုဟန်၏လက်ထဲကို ဘောလုံးထည့်ပေးကာ “ဒီမှာ မင်းဘောလုံး”
တခြားသူမှာရှိတာ မင်းမှာလည်းရှိရမယ်။ အားကျစရာမလိုဘူး။
ထို့နောက် ရှန်ချီဟွမ်းက ဂရုမစိုက်သလို ဟန်ဆောင်လိုက်ပြီး ရင်ပြင်မှာ ကနေသောအန်တီကိုကြည့်ကာ ကြည့်မိတာနောင်တရသွားသည်။
ခဏကြာတော့ ရှန်းယုဟန်က အသံထွက်လာပြီး တိုးတိုးလေးရေရွတ်လိုက်သည်။ “ယောကျာ်း.. ခင်ဗျား.. ခင်ဗျားကျွန်တော့်ကိုနမ်းလိုက်တယ်။”
ရှန်ချီဟွမ်းက မျက်နှာတည်ဖြင့် လိမ်ပြောလိုက်သည်။ “မဟုတ်ဘူး။ မင်းဘာမင်း အနားကပ်လာတာ”
ရှန်းယုဟန်က ကြီးမားသော အဖြူအနက် မျက်လုံးကြီးများနှင့် သူ့ကို မျက်တောင်ခတ်ပြလိုက်သည်။ “...” အဲ့ဒါက အနမ်းဆိုတာ သိသာနေတာကို!