Chapter 40.1
“အမှတ်အများဆုံးလူ”
“ဟယ်လို..ကျွန်တော်က ရှန်ချီဟွမ်းရဲ့သူငယ်ချင်းချူးရှို့ပါ။ မနေ့ညက ဟိုတယ်အခန်းမရခဲ့လို့ ခင်ဗျားတို့အိမ်မှာ တစ်ညနေလိုက်ရတာပါ။ အနှောင့်အယှက်ပေးမိလို့ စိတ်မကောင်းပါဘူး။” ချူးရှို့က သဘာဝဆန်ဆန် ပေါ့ပေါ့ပါးပါးမိတ်ဆက်လိုက်သည်။
“အာ၊ဟယ်လို” ရှန်းယုဟန်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူက ဒီလူရောက်လာတာကို သူ့ယောက်ဖကမပြောသွားလို့ အနည်းငယ်ထိရှလွယ်သွားတာပင်။ “ကျွန်တော်က ရှန်ချီဟွမ်းရဲ့လက်တွဲဖော် ရှန်းယုဟန်ပါ။ ခင်ဗျားတို့နှစ်ယောက် မနေ့ညက နောက်ကျမှပြန်ရောက်ပြီး သူကလည်း ကျွန်တော့်ကို မပြောပြထားလို့ ဧည့်သည်ကို လျစ်လျူရှုမိသွားတယ်။ ခင်ဗျားမနက်စာဘာစားချင်လဲ?”
သူက အိမ်ရှင်ဖြစ်တာကြောင့် အရမ်းစိတ်ပူနေဖို့မလိုပေ။ သူ့ခင်ပွန်းက ညံ့ဖျင်းသော လူမျိုးမဟုတ်လို့ လူတွေကို ပေါ့ပေါ့တန်တန် အိမ်ခေါ်လာမှာမဟုတ်ပေ။
“ကျွန်တော်က ချေးမများပါဘူး။ ဘာပဲဖြစ်ဖြစ်စားပါတယ်။” ချူးရှို့က တွေးနေသည်။ မျှော်လင့်ထားသလိုပင် တခြားသူပြောတာထက် ကိုယ်တိုင်မြင်တာက ပိုစိတ်ချရသည်။ သူက ကျန်းလောလင်းနှင့် ဝမ်းယန်တို့ အရင်နှစ်ရက်လောက်က ပြောခဲ့တာကို ကြားခဲ့စဥ် ရှန်ချီဟွမ်းက ဒီလိုနူးညံ့သိမ်မွေ့ပြီး အကျင့်စာရိတ္တကောင်းသည့် လူမျိုးကို ရှာတွေ့သွားမယ်လို့ မယုံနိုင်ခဲ့ပေ။ အခုတွေ့လိုက်ရစဥ််မှာ သူက အတော်လေးငယ်ပုံရသည်။
ရှန်းယုဟန်က မီးဖိုချောင်ကိုသွားကာ မနက်စာတစ်ယောက်စာ ပိုပြင်ပေးဖို့ အန်တီဝမ်ကို မှာလိုက်သည်။ သူအပြင်ထွက်လာတော့ သူက ချူးရှို့အကြောင်း သိချင်နေပြီး ချူးရှို့က သူ့မျက်လုံးကို ဖတ်နိုင်ပုံရသည်။
သူက ရှင်းပြလာသည်။ “ကျွန်တော်က ရှန်ချီဟွမ်းရဲ့ အထက်တန်းကျောင်းက အတန်းဖော်ပါ။ မနေ့ကနေ့လည်မှာ ဟိုတယ်မှာ တိုက်တိုက်ဆိုင်ဆိုင် ပြန်တွေ့ခဲ့ပြီး အပြန်လေယာဥ်လည်း တူခဲ့ကြတယ်။”
“တိုက်ဆိုင်လိုက်တာ…တွေ့ဆုံမှုက ကံကြမ္မာပဲ။” ရှန်းယုဟန်က ချူးရှို့၏ ကြင်နာတတ်သော မျက်နှာကိုကြည့်ကာ သူက စိတ်ထားမကောင်းသည့် လူတစ်ယောက်မဖြစ်နိုင်ပေ။ “ဒါဆို အကိုဝမ်းယန်နဲ့ တခြားသူတွေကိုရောသိလား?”
“သိတယ် သူတို့ကျွန်တော့်ကို ခင်ဗျားအကြောင်း ပြောပြခဲ့သေးတယ်။” ချူးရှို့က ပြုံးကာပြောလိုက်သည်။ “ခင်ဗျားက ဂိုးစစ်တုရင်ကစားတာတော်ပြီး အဘိုးကျန်းက ခင်ဗျားကိုအရမ်းသဘောကျတဲ့အကြောင်း ပြောခဲ့တယ်။”
“ကျွန်တော်သူတို့ကိုတစ်ခါပဲတွေ့ဖူးတာ။” ရှန်းယုဟန်က သူ တခြားသူအပေါ်မှာ ထိုမျှလောက်ကြီးမားသည့် အမြင်ကောင်းတစ်ခုကို ချန်ထားခဲ့နိုင်မယ်လို့ မထင်ထားခဲ့ပေ။ “ကျွန်တော်က ဂိုးကစားတာတော့ ကျွမ်းပါတယ်။ ခင်ဗျားကစားတတ်လား?”
ချူးရှို့ကပြောလိုက်သည်။ “ကလေးတုန်းက အချိန်ပိုလှုပ်ရှားမှုအတန်းက ဆရာတွေဆီကနေ နည်းနည်းသင်ဖူးတယ်၊ မိသားစုက ပြိုင်ပွဲဝင်ဖို့ ဖိအားပေးခဲ့တာ”
“ဒါဆို အနိုင်ရခဲ့လား?” ရှန်းယုဟန်က ခေတ်သစ်မှာ ပြိုင်ပွဲများစွာရှိတာကိိုသိသည်။
ချူးရှို့က မေးခွန်းအားလုံးကို ဖြေပေးသည်။ “ပထမဆုရတဲ့ထိ ကံကောင်းခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ပြိုင်ပွဲဝင် ကလေးငါးယောက်ပဲရှိတာ၊ သူတို့ကလည်း အချိန်ပိုလှုပ်ရှားမှုအတန်းကပဲ။”
“ဒါဆိုခင်ဗျားကအရမ်းတော်မယ်ထင်တယ်၊ အန်တီက မနက်စာပြင်လို့မပြီးသေးဘူး၊ ကျွန်တော့်ခင်ပွန်းကလည်း မနိုးသေးဘူးဆိုတော့ ဂိမ်းကစားကြမလား?” ရှန်းယုဟန်က ဆော့တာကျွမ်းသူနဲ့ ဂိုးကစားရတာကြိုက်သည်။ သူတို့က ဂိုးသူငယ်ချင်းအဖြစ် အဆင့်တက်သွားရင် ပိုကောင်းမည်။
“ဒါဆို ကျွန်တော့်ကို ညှာတာပေးဖို့ မမေ့ပါနဲ့။” ချူးရှို့က ပြောလိုက်သည်။ “ကျွန်တော်က လူသစ်**လေးပါ”
(ဂိမ်းကစားရာမှာလူသစ်၊ တစ်နည်း ဟင်းသီးဟင်းရွက်လို့ခေါ်ကြသည်။).
“ဟင်းသီးဟင်းရွက်?” ရှန်းယုဟန်က ဟင်းသီးဟင်းရွက်ဆိုတာကိုနားမလည်ပေ။
“အဲ့ဒါက အားနည်းသူလို့ဆိုလိုတာပါ” ချူးရှို့ကရှင်းပြသည်။ သူ့ရှေ့က သခင်လေးက ကမ္ဘာကြီးကို မတွေ့ကြုံဖူးသေးဘူးလို့ ခံစားလိုက်ရပြီး ရှန်းယုဟန်ရှေ့ရောက်ရင် ရှုပ်ယှက်ခတ်နေသောအတွေးများကို ပြစရာမလိုကြောင်း သိလိုက်ရသည်။ အကြောင်းမှာ သူက ထိုအတွေးများကို မေ့အောင်လုပ်ပေးနိုင်လို့ပင်။
တချို့လူတွေက ဒီလိုကံကောင်းမှုမျိုးနဲ့ မွေးဖွားလာပုံရသည်။ သူက ဖြူစင်သောချစ်သူကို ရထားသည့်ရှန်ချီဟွမ်းကို အားကျသွားသည်။
ရှန်းယုဟန်က အန်ကယ်ကျန်းပေးခဲ့သော ဂိုးဘုတ်ပြားကိုယူလာသည်။ သူက နောက်ဆုံးတော့ သုံးခွင့်ရတော့မှာဖြစ်၍ ပျော်ရွှင်နေသည်။ သူတို့နှစ်ယောက်က ဧည့်ခန်းထဲက လက်ဖက်ရည်စားပွဲပေါ်မှာ ကစားနေပြီး ဖန်လုံအိမ်မှာ လက်ဖက်ရည်စားပွဲမရှိတာ နှမြောစရာပင်။ မဟုတ်ရင် သူတို့အဲ့မှာကစားလို့ရသည်။
ဂိုးဂိမ်းက သူစိမ်းနှစ်ယောက်ကြားရှိ အကွာအဝေးကို ကျဥ်းအောင်လုပ်ပေးခဲ့ပြီး ရှန်းယုဟန်က ခေတ်သစ်ကလူစိမ်းများနဲ့ ဆက်ဆံနည်းကို တဖြည်းဖြည်းသင်ယူနေခဲ့သည်။
–
ထိုအချိန်တွင် ရှန်ချီဟွမ်းက အတည်တကျသတ်မှတ်ထားသော အချက်ပေးနာရီသံကြောင့် နိုးလာပြီး ရှန်းယုဟန်ကို ချက်ချင်းရှာလိုက်သည်။ သို့သော် သူ့ဘေးမှာ ဘယ်သူမှမရှိပဲ သူက သူ့ကို တစ်ခုခုပြောပြဖို့ မေ့သွားပုံရသည်။
အဲ့ဒါက ချူးရှို့ပဲ!
သူက ဧည့်သည်ခေါ်လာတာကို ရှန်းယုဟန်အား ပြောပြဖို့မေ့နေခဲ့ပြီး အိပ်ပျော်သွားခဲ့သည်။
ရှန်ချီဟွမ်းက မျက်နှာအမြန်သစ်ကာ အောက်ထပ်ဆင်းသွားသည်။
မနေ့က သူသည် ဝီချက်သတိပေးချက်ကြောင့် ရှန်းယုဟန် နိုးသွားမှာကို စိုးရိမ်ခဲ့သဖြင့် သူက သူ့ကိုမက်ဆေ့တောင်မပို့ခဲ့ပေ။ သူငယ်ချင်းတစ်ယောက်ကို ရုတ်တရက်ခေါ်လာတော့ စိတ်ဆိုးသွားမလားမသိဘူး။
သို့သော် အောက်ထပ်ရောက်သွားတော့ သူထင်သလိုမြင်ကွင်းရှိမနေချေ။ ရှန်းယုဟန်က ချူးရှို့ကို သူခိုးလို့မသတ်မှတ်ပဲ နှစ်ယောက်သား ဧည့်ခန်းထဲမှာ လိုက်ဖက်ညီညီ ဂိုးဂိမ်းကစားနေကြသည်။ ခြေတင်ခုံမှာထိုင်နေသော ရှန်းယုဟန်က အတော်လေး လေးနက်စွာကစားနေပြီး ရှန်ချီဟွမ်းအောက်ဆင်းလာတာကို သတိမထားမိခဲ့ပေ။ ယင်းမှာ သူ ဂိုးဂိမ်းကို ဘယ်လောက်ချစ်လဲ ပြသနေသည်။
ထိုသည်မှာ ရှန်ချီဟွမ်း သူ့ဆီလာပြီး သူ့ပါးကိုမထိခင်ထိဖြစ်သည်။ သူက ခေါင်းမော့လိုက်တော့ သူ့မျက်လုံးများက တောက်ပနေပြီး စိတ်ဆိုးမနေချေ။
“ယောကျာ်း၊နိုးပြီလား?” ရှန်းယုဟန်က သူ့လက်ကိုဆွဲကာ အပြင်လူတွေကြည့်နေတယ်လို့တွေးမိပြီး ဖယ်ထုတ်လိုက်သည်။
သို့သော် ရှန်ချီဟွမ်းက သူ့လက်ချောင်းကိုကိုင်ကာ ပြောလာသည်။ “အင်း.မင်းတို့ ဂိုးကစားနေတာလား? ငါမနေ့က နောက်ကျမှပြန်ရောက်တော့ မင်းနဲ့စကားပြောဖို့ မနက်အစောထချင်ခဲ့ပေမယ့် မထနိုင်ခဲ့ဘူး။ ချူးရှို့က ငါ့ရဲ့အထက်တန်းကျောင်းအတန်းဖော်လေ၊ မင်းတို့နှစ်ယောက် သိပြီးသွားပြီဆိုတာ ငါတွေ့ပါတယ်။” ရှန်ချီဟွမ်း၏စိုးရိမ်မှုက ပြေလျော့သွားသည်။
ချူးရှို့က ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်၏ ရင်းနှီးမှုကိုကြည့်ကာ သူတို့နှစ်ယောက်ကြားက လေထုထဲကို တခြားသူဝင်ဖို့ခက်နေသည်။
ရှန်းယုဟန်က ခေါင်းလေးစောင်းပြီး ရှန်ချီဟွမ်းကို ပြောလိုက်ပုံမှာ နမ်းဖို့ဖိတ်ခေါ်နေပုံနှင့်တူသည်။ “အင်း၊ အကိုချူးရှို့က ဂိုးကစားတာကျွမ်းတယ်လို့ ပြောခဲ့တယ်။ ကျွန်တော်ဂရုမစိုက်ရင် သူက တစ်ခုကိုစားသွားလိမ့်မယ်။”
“ကျွန်တော်က ခင်ဗျားလောက်မတော်ပါဘူး။ နည်းနည်းနောက်ကျနေသေးတယ်။” ချူးရှို့က လက်မထောင်ကာ အမှန်အတိုင်းပြောလိုက်သည်။ “သူကတကယ်ကိုတော်တာ၊ နိုင်ငံ့ကစားသမားနဲ့တောင်တူတယ်။”
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဂုဏ်ယူနေပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။ “သူက ငါတို့ကျောင်းကိုယ်စား နိုင်ငံတကာလူငယ်ဂိုးဂိမ်းပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပြီး တတိယဆုရခဲ့တယ်။”
“ယုဟန်သာ ဒီမှာရှိခဲ့ရင် ငါနိုင်ဖို့ မဖြစ်နိုင်လောက်ဘူး။” ချူးရှို့က ဝမ်းသာအားရပြောလိုက်သည်။
ရှန်းယုဟန်က ရှန်ချီဟွမ်း၏စကားကို ရုတ်တရက်သဘောပေါက်သွားသည်။ ယင်းမှာ သူ့ကိုချီးကျူးနေခြင်းဖြစ်၏။ “ဒါဆို ကျွန်တော်က အဲ့လောက်တော်တာလား?”
“ဒါပေါ့ မင်းက အရမ်းတော်တယ်။ မင်းက နိုင်ငံရဲ့ တတိယအဆင့်ကိုတောင် အနိုင်ရခဲ့တာလေ။” ရှန်ချီဟွမ်း၏လေသံမှာ အလိုလိုက်သော အရိပ်အမြွက်တစ်ခုပါနေခဲ့သည်။
သူ့ခင်ပွန်း၏ ချီးကျူးခံရတာရှားသဖြင့် ရှန်းယုဟန်က ရှက်ကိုးရှက်ကန်း အောက်ကိိုကြည့်ကာ ပြောလိုက်သည်။ “မဟုတ်ပါဘူး။ ကျွန်တော်သူ့ကိုမနိုင်ခဲ့ပါဘူး။ ပြီးမှမပြီးသေးတာ။”
“ဆက်ကစားရင် ငါသေချာပေါက်ရှုံးမှာပါ။” ချူးရှို့က အချိန်မှန်မှာ ဝင်ပြောလိုက်သည်။
ချူးရှို့က အတွေ့အကြုံရှိပြီး အများကြီးမြင်တွေ့ဖူးတာကြောင့် ရှန်းယုဟန်က သူနဲ့စကားပြောနေစဥ် စိတ်မသက်မသာမဖြစ်ပဲ သူက ဆင်ခြင်တုံတရားရှိပြီး ညင်သာသည်။ ရှန်းယုဟန်က သူ့ထဲမှာ သူ့တတိယအစ်ကို၏ပုံစံကို မြင်ခဲ့ရသဖြင့် သူတို့က စိတ်အေးလက်အေး အတူထိုင်နိုင်ခဲ့သည်။
အန်တီက ရှန်ချီဟွမ်းနိုးလာတာကို တွေ့လိုက်ရစဥ် သူမက သူတို့ကို မနက်စာစားဖို့ လာခေါ်ခဲ့ပြီး မပြီးသေးသော ဂိုးဂိမ်းကို ဒီတိုင်းထားကာ ဂိမ်ပြီးအောင်ကစားဖို့မလိုတော့ပဲ မတူညီသော ဆက်ဆံရေးနည်းလမ်းတစ်ခု ရှိနေခဲ့သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏လက်ကို ရက်အတော်ကြာ မကိုင်ခဲ့ရတာကြောင့် သူက စားပွဲမှာမထိုင်ခင်အထိ လွှတ်မပေးခဲ့ပေ။
သူတို့သုံးယောက်က မနက်စာအတူစားခဲ့ကြသည်။
ချူးရှို့က အထက်တန်းကျောင်းတုန်းက သူနဲ့ရှန်ချီဟွမ်းကြားက ဖြစ်ပျက်ခဲ့သမျှကို တမင်တကာပြောမနေတော့ပဲ ရှန်းယုဟန်ကို ဂရုစိုက်ပေးနေစဥ် ရှန်ချီဟွမ်းကလည်း စကားသိပ်မပြောပဲ သူ့ဇနီးလေးကို ရက်အတော်ကြာမတွေ့ခဲ့ရသဖြင့် လက်ရှိမှာ သူ့အကြောင်းပဲတွေးနေကာ တခြားအတွေးမရှိခဲ့ပေ။
မနက်စာစားပြီးနောက် ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ချူးရှို့ဆင်းလာသည်ကိုတွေ့လိုက်ရပြီး ဒရိုက်ဘာက သူ့ကိုလိုက်ပို့ပေးခဲ့သည်။
ချူးရှို့က ထွက်မသွားခင် လှည့်ကြည့်လိုက်သည်။ သူ့မှာ ဘာစွဲလမ်းမှုမှမရှိပဲ သူ့သူငယ်ချင်းဟောင်းကို တွေ့ချင်ရုံသာဖြစ်ပြီး လူငယ်ဘဝ၏ အရေးမကြီးသော လျှို့ဝှက်ချက်များကို တိတ်တဆိတ်မြှုပ်နှံပစ်လိုက်သည်။
သူတို့နှစ်ဦးအတူရပ်နေတာကိုကြည့်လိုက်တော့ သူတို့က အတော်လိုက်ဖက်ညီတယ်လို့ တွေးမိသည်။
ရှန်းယုဟန်က ရပ်နေပြီး အချိန်အတော်ကြာအောင် စောင့်နေသည်။ သူက ချူးရှို့နှင့်တူသော သူ့အစ်ကိုကြီးကို မတွေးပဲမနေနိုင်ချေ။
သူ၏တုံ့ဆိုင်းမှုကိုတွေ့သွားသော ရှန်ချီဟွမ်းက သူ့မျက်လုံးများကို နောက်ကနေ အုပ်ထားလိုက်သည်။ “ဘာတွေကြည့်နေတာလဲ? ချူးရှို့က မင်းယောကျာ်းလောက် ကြည့်ကောင်းလို့လား?”
ရှန်းယုဟန်က သူ့လက်ကိုဖယ်ကာ နောက်လှည့်ကြည့်ပြီး ပြောလိုက်သည်။ “မဟုတ်ပါဘူး။ သူငယ်ချင်းဟောင်းတစ်ယောက်ကို သတိရသွားလို့။”
ရှန်ချီဟွမ်းက တိုးတိုးလေးမေးလိုက်သည်။ “ယောကျာ်းလား မိန်းမလား?”
“ယောကျာ်းလေး” ရှန်းယုဟန်က ဇာတ်လမ်းတစ်ခုလုံးကို တမင်တကာမပြောပြပဲ ခေါင်းလှည့်ကာ သူ့ခင်ပွန်းကို အပြုံးလေးဖြင့်ကြည့်လိုက်သည်။ “ကျွန်တော့်ရဲ့ဆွေမျိုး”
ရှန်ချီဟွမ်းက သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်လိုက်သည်။ “ရှန်းယုဟန်”
“အွန်း?”ရှန်းယုဟန်က သူ့ခင်ပွန်း၏ နက်ရှိုင်းသောမျက်လုံးများဖြင့် ညို့ယူခံလိုက်ရသည်။
သူက ရှန်ချီဟွမ်းပြောတာကိုကြားလိုက်သည်။ “ငါလည်း မင်းကိုနည်းနည်းလွမ်းခဲ့သလိုပဲ”
ရှန်းယုဟန်၏နှလုံးသားလေး မနွေးသွားခင်မှာ ရှန်ချီဟွမ်းက သူ့အနားကိုဆွဲလိုက်ပြီး ခေါင်းငုံ့ကာ နှုတ်ခမ်းကိုနမ်းလာခဲ့သည်။
ရက်အနည်းငယ်လောက် သူ့ကိုမထိခဲ့ရသဖြင့် သူက သူ့ကိုအရမ်းလွမ်းနေသည်။
ထိုအနမ်းက ပြင်းထန်ပြီး ပူလောင်သည်။
ပထမဆုံးအကြိမ်အဖြစ် ရှန်းယုဟန်က ရှန်းချီဟွမ်း၏ ရက်ပေါင်းများစွာ ထိန်းချုပ်ခဲ့ရသော အတွေးများကို သည်းခံကာ ထိုအတွေးအားလုံးက ဤအနမ်းမှာ အငမ်းမရ ထင်ပြန်ဟပ်နေခဲ့သည်။
သူက ရှန်ချီဟွမ်း၏လည်ပင်းကိုဖက်ကာ ပိုပြီးလိုချင်လာသည်။
အဖြူရောင်အစက်များက လေထဲမှပျံ့လွင့်လာပြီး သူတို့ပခုံးပေါ်ကျလာကာ အေးစက်မှုနှင့်အတူ သူတို့၏ အကြောင်းပြချက်ကို သယ်ဆောင်လာခဲ့သည်။
သူတို့နှုတ်ခမ်းတွေကွာသွားပြီးနောက် ရှန်းယုဟန်၏မျက်လုံးများက အရည်များဖြင့် ရီဝေနေကာ သူ့နှုတ်ခမ်းက အနမ်းကြောင့် နီရဲရောင်ရမ်းနေသည်။ ရှန်ချီဟွမ်းက သူ့ကိုထပ်နမ်းဖို့ အခွင့်အရေးယူလိုက်သည်။
ရှန်းယုဟန်က သူ့အနမ်းကြောင့် အံ့အားသင့်သွားပြီး ရှန်ချီဟွမ်းက ခေါင်းမော့ကာ နှင်းဖြူဖြူများ ဖုံးလွှမ်းနေသော ကောင်းကင်ကိုကြည့်လိုက်သည်။ “ရှန်းယုဟန်…နှင်းတွေကျနေပြီ။”
“ယောကျာ်း…တကယ်ကိုနှင်းကျနေတာပဲ။” ရှန်းယုဟန်က ကျဆင်းနေသော နှင်းပွင့်ကိုဖမ်းဖို့ လက်ဆန့်လိုက်ပြီး ကမ္ဘာသစ်က ပထမဆုံးနှင်းပွင့်က သူနဲ့ သူ့ခင်ပွန်းကိုနှုတ်ဆက်လာသည်။
နှင်းပွင့်များက ကျဆင်းနေပြီး ရှုခင်းကလှနေသည်။
ရှန်းယုဟန်က အအေးဓာတ်ကို မခံစားမိတော့ပေမယ့် ရှန်ချီဟွမ်းက သူအေးခဲသွားမှာကို စိုးရိမ်နေသည်။ ထို့ကြောင့် နှင်းကျတာကို ခဏလောက်ကြည့်ပြီး သူ့ကိုအိမ်ထဲပြန်ခေါ်သွားခဲ့သည်။
ထို့နောက် ရှန်းယုဟန်က မျက်နှာကျက်ကြမ်းပြင်ဆက် ပြတင်းပေါက်ကိုပြေးသွားကာ နှင်းကျနေသော ရှုခင်းကို ဆက်ကြည့်နေခဲ့သည်။
ကိုယ်ချစ်ရသောသူနှင့် နှင်းကျတာကို ကြည့်ရတာ ရှားပါးသော ပျော်ရွှင်မှုဖြစ်သည်။
သူက ရှန်ချီဟွမ်းကိုရှာဖို့ လှည့်လိုက်ပြီး သူထွက်သွားပြီလို့ ထင်လိုက်ပေမယ့် ရှန်ချီဟွမ်းက သူ့ဘေးမှာရပ်နေတာကို တွေ့ခဲ့ရသည်။
“ယောကျာ်း…ဒီနေ့ကုမ္ပဏီသွားမှာလား?”
ရှန်ချီဟွမ်း၏မူလအစီအစဥ်က ကုမ္ပဏီသွားဖို့ဖြစ်ပေမယ့် ရှန်းယုဟန်၏ သခင်မျက်လုံးများကို တွေ့သောအခါ ဒီနေ့ကုမ္ပဏီသွားလည်း ကိစ္စမရှိတော့ချေ။
“မသွားဘူး၊ မင်း ပရိဘောဂမှာချင်တယ်မလား၊ ဒီနားမှာ စီးပွားရေးလုပ်နေတဲ့ ငါ့သူငယ်ချင်းတစ်ယောက်ရှိတယ်၊ သူက ရာစုနှစ်သက်တမ်းရှိတဲ့ ပရိဘောဂဆိုင်ကို ညွှန်းပေးထားလို့ ငါတို့သွားကြည့်လို့ရတယ်။”
ထိုစကားကြားတော့ ရှန်းယုဟန်က ချက်ချင်းပြောလိုက်သည်။ “အင်တာနက်ပေါ်မှာ ကြိုက်တာမတွေ့ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်ဆွဲထားတာတော့ရှိတယ်။”
“မင်းဆွဲထားတာကိုပြကြည့်၊ တစ်နေ့က ပန်းချီကားကရော?” သူက ထိုနွေရာသီပန်းချီကားအကြောင်း တွေးနေတုန်းပင်။
“ပန်းချီကားက ပြီးသွားပြီ” ရှန်းယုဟန်က သူ့ပန်းချီကိုပြဖို့ မစောင့်နိုင်တော့ချေ။ “အပေါ်ထပ်သွားပြီး ကြည့်ကြမလား?”
“အင်း” ရှန်ချီဟွမ်းက သူ ရှန်းယုဟန်၏ပန်းချီကားကို ဖုန်းထဲကနေ ကြည့်စရာမလိုတော့ဘူးလို့ တွေးနေပြီး သူ့ပန်းချီကိုကြည့်လိုက်တိုင်း သူ့စိတ်ဝိညာဥ်ကို ထိမိသွားသလို ရှန်းယုဟန်ကို ကောင်းကောင်းနားလည်လာသည်။ ပန်းချီကားက တရုတ်ရိုးရာပန်းချီဆိုတာ သိသာနေပြီး ခေတ်သစ်နဲ့ဘာမှမဆိုင်ပဲ ထူးခြားနေသည်။
ပန်းချီဆွဲတာ အရမ်းတော်နေလို့လား?
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ပန်းချီကားအသစ်ကို အောင်အောင်မြင်မြင် တွေ့လိုက်ရပြီး အရင်က အရောင်မခြယ်ထားလို့ အရသာပေါ့နေပေမယ့် အခုတော့ အရောင်အသေးစိတ်ခြယ်ထားသောအခါ ပန်းချီထဲက ဇာတ်ကောင်တွေက ပိုပြီးပေါ်လွင်နေပြီး အစစ်နဲ့တူနေသည်။
“ဒီဝတ်စုံက လက်ရှိဟန်ဖူရိုးရာဝတ်စုံနဲ့ သိပ်မတူဘူး။” ရှန်ချီဟွမ်းက အသေးစိတ်ရှာဖွေရာမှာတော်ပြီး သူက ခြံဝင်းထဲမှာ ထိုင်နေသော ပန်းချီကားထဲက အမျိုးသားကို ထိုးပြလိုက်သည်။ သူ့မှာ ဆံပင်ရှည်ရှိပြီး ခေါင်းပေါ်မှာ ပန်းပွင့်များသီထားသော ပန်းကုံးရှိပြီး သူ့ခေါင်းက တစ်ခြမ်းငုံ့ထားပေမယ့် လူတွေက သူ၏ နွေဦးပျော်ရွှင်မှုနဲ့ ပြင်းပြသောဆန္ဒကို ခံစားနိုင်သည်။ “ဒါက ခြံဝင်းရဲ့ပိုင်ရှင်မလား?”
“အွန်း” ရှန်းယုဟန်က သူ့ကိုယ်သူဆွဲထားပေမယ့် မျက်နှာကိုဝါးထားသည်။ ပန်းချီကားကို အလေးအနက်ကြည့်နေသော သူ့ခင်ပွန်းကို ကြည့်လိုက်သောအခါ သူက အတိတ်ဘဝတင်မကပဲ သူ့ခင်ပွန်းပန်းချီကိုပါ ဆွဲနိုင်ကြောင်း ရုတ်တရက်အတွေးပေါ်လာခဲ့သည်။
ပန်းချီကားနောက်တစ်ခုကိုတော့ ဆုံးဖြတ်ပြီးလေပြီ
&&&&&&&&&&&&
Chapter 40.2
“အမှတ်အများဆုံးလူ”
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ပန်းချီကားများကို အသေးစိတ်အသိအမှတ်ပြုနေစဥ် ရှန်းယုဟန်က သူဆွဲထားသောပန်းချီကားများကို ထုတ်ကာ ရှန်ချီဟွမ်းကိုပြလိုက်သည်။ “ကျွန်တော်ဒါတွေလိုချင်တယ်၊ ရနိုင်ပါ့မလားတော့မသိဘူး။”
“ကိစ္စမရှိဘူး။” ရှန်ချီဟွမ်းက ပရိဘောဂပုံများကိုကြည့်ကာ ရိုးရှင်းသောပုံများဖြစ်သော်လည်း ပန်းချီဆရာ၏ ဆွဲဆောင်မှုရှိနေတာကို သတိထားမိသည်။ စားပွဲတစ်လုံး၊ လက်ဖက်ရည်စားပွဲတစ်လုံး၊ ဆိုဖာတစ်ခုနှင့် ချင်တူရိယာစားပွဲတို့ပါဝင်သည်။
သူက ရှန်းယုဟန်၏ ပန်းချီကားများကို တင်ဖို့တွေးထားပေမယ့် အခုသူ့မှာ လက်ရေးလှ၊ ပန်းချီကားနှင့် ပရိဘောဂပုံတွေတောင် ရှိနေပြီဆိုတော့ ကိုးထောင့်ဇယားကွက်နှင့် မဆန့်တော့ပေ။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုမေးလိုက်သည်။ “မင်းရဲ့ပန်းချီကားနဲ့ လက်ရေးလှကို တခြားသူတွေကို မျှဝေဖို့တွေးဖူးလား?”
“အဲ့လိုဖြစ်နိုင်လား?” ရှန်းယုဟန်က သေချာပေါက် မျှဝေချင်ပေမယ့် ဘယ်လိုလုပ်ရမလဲမသိပဲ သူက ယုံကြည်ချက်လည်းမရှိပေ။ “လူတွေကကြိုက်ပါ့မလား? ကျွန်တော့်ပန်းချီကားက သာမန်ပါပဲ”
“ကိုယ့်ကိုယ်ကိုယ် အထင်မသေးနဲ့၊ ပန်းချီပြပွဲကို ရောက်သွားခဲ့တဲ့ ပန်းချီကားကိုမှတ်မိသေးလား၊ သူက hot search မှာရှိနေတုန်းပဲ၊ လူတွေ ဘယ်လောက်ကြိုက်ကြလဲသိသာတယ်။ မဟုတ်ရင် အဲ့ဒီတစ်ယောက်က ပန်းချီကားကို သူ့အပိုင်ပါလို့ ဘာလို့ငြင်းခဲ့မှာလဲ။ မင်းရဲ့ပန်းချီမှာ ကိုယ်ပိုင်ပုံစံရှိလို့ မြင်ဖူးတဲ့လူတိုင်းကြိုက်ကြတယ်။” ရှန်ချီဟွမ်းက ရှန်းယုဟန်က 2G ခေတ်မှာနေထိုင်ကြောင်း တွေ့ရှိသွားပြီး အင်တာနက်နှင့် ဝေ့ပေါ်မသုံးပဲ ဗုဒ္ဓဘာသာဝင်ဘဝတစ်ခုကို လုံးလုံးလျားလျားနေထိုင်နေသလိုပင်။
“အဲ့ဒါကြောင့်ပြောတာလေ၊ ဘယ်လိုမျှဝေလို့ရမှာလဲ…ကျွန်တော်က လူအများကြီးမသိဘူး။” ရှန်းယုဟန်က ခဏလောက်တုံ့ဆိုင်းပြီးမှမေးလိုက်သည်။
“ကိစ္စမရှိဘူး၊ ငါရှိတာပဲ။” ရှန်ချီဟွမ်းက ထိုကိစ္စကို သေချာပေါက်အာမခံနိုင်သည်။ “ငါ့ဝေ့ပေါ်မှာ Followers တချို့ရှိလို့ မင်းအတွက်တင်ပေးနိုင်တယ်။ မင်းက နောက်မှ ဝေ့ပေါ်အကောင့်တစ်ခုဖွင့်လိုက်။”
“တကယ်လား?” ရှန်းယုဟန်က သူ ဝေ့ပေါ်အကြောင်း ထပ်ပြောတာကိုကြားလိုက်ရသည်။ ကြည့်ရတာ သူ ဝေ့ပေါ်သုံးနည်းလေ့လာဖို့လိုအပ်ပုံပဲ။ Followers ဆိုတာ အားပေးသူလို့ ဆိုလိုတာလား?
“အင်း..မင်းငါ့ကိုမယုံဘူးလား?” ရှန်ချီဟွမ်းက ရှည်လာသော သူ့ဆံပင်ကို နားရွက်နောက်သို့ သပ်တင်ပေးလိုက်သည်။
“ကျွန်တော်ခင်ဗျားကိုယုံပါတယ်။” ရှန်းယုဟန်၏ မျက်လုံးများက သူ့ကိုယုံကြည်ကြောင်း ပြသနေသည်။
အားပေးခံလိုက်ရသော ရှန်ချီဟွမ်းက မနေ့က ရှန်းယုဟန်ဆွဲခဲ့သောပုံကို သူ့ဖုန်းနဲ့ပုံရိုက်လိုက်ပြီး လေ့ကျင့်နေစဥ် သူရေးလေ့ရှိသော လက်ရေးလှပန်းချီအချို့ကို ရွေးလိုက်သည်။ ယနေ့ပရိဘောဂပုံများအပါအဝင် ပန်းချီကားအားလုံးက ရိုးသားမှုနဲ့ပြည့်နေသည်။ အရင်ကဆို ရှန်ချီဟွမ်းက ရှန်းယုဟန်အတွက် တင်ပေးချင်ပေမယ့် အခုတော့ တခြားသူများကိုပါ ကြွားချင်နေသည်။
ကိုးထောင့်ကွက်နဲ့ထည့်ဖို့ တစ်မိနစ်သာလိုပြီး ရှန်ချီဟွမ်းက နောက်ဆုံးအကြိမ်ကထက် ပန်းချီကား၏ရလဒ်ကို ဝေ့ပေါ်မှာ သေချာပြင်နေပြီး ကောင်လေးတစ်ယောက်နှင့် ကြောင်လေးတစ်ကောင်၏ ပန်းချီကိုလည်း ထပ်ထည့်လိုက်သည်။
{ ငါ့မိသားစုရဲ့သူငယ်ချင်းလေးက အားတဲ့အချိန်မှာ ပေါ့ပေါ့ပါးပါးဆွဲထားတာ။ မှတ်ချက်: သူငယ်ချင်းလေးက ကောင်လေးတစ်ယောက်နဲ့ ကြောင်လေးတစ်ကောင်ရဲ့ပန်းချီကို (ဆောင်းယဥ်စွန်းချိန်)လို့ပေးထားတယ်၊ ပြီးတော့ အဲ့ဒါက ကောင်မလေးမဟုတ်ဘူး။} ပုံကိုးပုံကိုတွဲထားပြီး ပန်းချီအသစ်များကြားမှာ ကျောက်စိမ်းလက်စွပ်ပုံလေးရှိနေသည်။
ဝေ့ပေါ်မှာတင်ပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို သူ့သူငယ်ချင်းညွှန်းပေးသော ရိုးရာပရိဘောဂစတိုးကို ခေါ်သွားခဲ့ပြီး သူ့ဝေ့ပေါ်က ပို့စ်တစ်ခုကြောင့် ပွက်လောရိုက်နေသော ဆွေးနွေးမှုများကို ဂရုမစိုက်တော့ပေ။
စုစုပေါင်း အချက်နှစ်ချက်ရှိသည်။
ပထမအချက်က ရှန်ချီဟွမ်းမိသားစုရဲ့ သူငယ်ချင်းလေးက ဘယ်သူလဲ? ကြင်စဦးလက်တွဲဖော်လား? အစ်ကိုနဲ့အစ်မလား?
ဒုတိယအချက်က ပန်းချီဆရာက (နွေဦးစတင်ချိန်)ဆိုသော လက်ရာအသစ်ကို တင်ခဲ့သည်။
လှိုင်းပေါ်ရှိအလှက သူတို့မျက်လုံးထက်ဝက် နိမ့်ကျသွားစေသည်။ သူတို့ပုံစံက ညှို့ဓာတ်ပြင်းပြီး ရင်ခုန်သွားစေနိုင်သည်။ မြင်သူတိုင်းက သူတို့ကို ချစ်ကျွမ်းဝင်သွားမှာပင်!
လက်ရာအသစ် (နွေဦးစတင်ချိန်) သည် ချစ်စရာကောင်းသော ဇာတ်ကောင်များပါဝင်ရုံတင်မဟုတ်ပဲ ရှုခင်းအသေးစိတ်က စေ့စပ်မှုရှိသည်။ ရှေးခတ်က ချမ်းသာသောမိသားစု၏ ပြတင်းပေါက်လက်ရန်းများ၊ ဆံထုံးထုံးထားသော အစေခံကောင်လေးနှစ်ယောက်နှင့် အစေခံကောင်လေးများကို တစ်ခုခုရှင်းပြနေသော အစေခံတစ်ယောက်…. ထိုသည်မှာ နွေဦးရာသီတစ်ရက်ဖြစ်ပုံရပြီး ချမ်းသာသောမိသားစုက သခင်လေးက ခြံဝင်းထဲမှာ နွေဦးရာသီကို ပေါ့ပေါ့ပါးခံစားနေသည်။ သူ့စိတ်ထဲမှာ ဘယ်လိုလှပတဲ့အရာမျိုးကို တွေးနေမလဲမသိနိုင်ပေ။
သူ့ကိုကြည့်ကာ မပြုံးပဲမနေနိုင်ပေ။
ပန်းချီဆွဲခြင်းက အနုပညာစွမ်းရည်ကို လိုအပ်ရုံတင်မကပဲ အပြစ်ကင်းပြီး ရိုးသားသောစိတ်ရှိဖို့လိုသည်။
ရုပ်ရည်အလှ၊ ရှုခင်းအလှနှင့် နှလုံသားအလှ………
ဓာတ်ပုံထဲက နူးညံသိမ်မွေ့ပြီး သွယ်လျသောလက်ကို ဖျတ်ခနဲမြင်လိုက်ရတာက အဆုံးမရှိသော အတွေးများကိုဖြစ်ပေါ်စေပြီး သုံးမိနစ်အတွင်းမှာ ဒီစွဲမက်ဖွယ်ကောင်းတဲ့သူရဲ့ အချက်အလက်အားလုံးကို သိချင်လာသည်!
မှန်ဘီလူးသုံးကာကြည့်နေကြသော အင်တာနက်သုံးစွဲသူများက ထိုစွဲမက်ဖွက်ကောင်းသောလူ၏ လက်စွပ်က လွန်ခဲ့တဲ့နှစ်ရက်က ဘုရားကျောင်းမှာ ဓာတ်ပုံရိုက်ခဲ့သည့် ရှန်းယုဟန်ဝတ်ထားသော လက်စွပ်နှင့်ဆင်တူတာကို တွေ့သွားခဲ့သည်။
သူငယ်ချင်းလေးက ရှန်ချီဟွမ်းရဲ့ အိမ်ထောင်ဖက်ပဲ!
ဒါမမှန်ဘူး။ ရှန်းယုဟန်က ဘာကျွမ်းကျင်မှုမှမရှိတဲ့ လူတစ်ယောက်မလား? ဒီပန်းချီနဲ့ လက်ရေးလှက သူ့ဟာလား?
ထိုအချိန်မှာ စွဲမက်ဖွယ်ကောင်းသောသူက သူလိုချင်သောပရိဘောဂနဲ့ပတ်သတ်ပြီး လက်သမားဆရာနှင့် လေးလေးနက်နက်ဆွေးနွေးနေသည်။
ဖြစ်စဥ်တစ်ခုလုံးမှာ ရှန်ချီဟွမ်းက စကားတစ်ခွန်းမှမပြောပဲ ရှန်းယုဟန်က လက်သမားဆရာနှင့် ကိုယ်တိုင်ပြောခဲ့သည်။ သူက သူလိုချင်သောဒီဇိုင်းကိုယူလာကာ လက်သမားဆရာက တစ်ချက်ကြည့်လိုက်ရုံနှင့် ရှန်းယုဟန်လိုချင်တာ သာမန်ပစ္စည်းမဟုတ်မှန်းမသိလိုက်ပြီး သစ်သားအနည်းငယ်ကို အကြုံပြုပေးခဲ့သည်။
ရှန်းယုဟန်က သူ့မှတ်ဉာဏ်ထဲမှာရှိနေသော သစ်သားကိုအခြေခံကာ ရွေးချယ်လိုက်သည်။
လက်သမားဆရာက သူ့မှာအမြင်ရှိတယ်လို့ ပြောလာသည်။
ရှန်ချီဟွမ်းသည် ဤနယ်ပယ်မှာ အတွေ့အကြုံနည်းသူဖြစ်သော်လည်း သူက ရှန်းယုဟန်အတွက် ငွေပေးချသည့် အတွေ့အကြုံတော့ အများကြီီးရှိသည်။
အော်ဒါမှာပြီးနောက် သူတို့အလျင်လိုနေတာကိုတွေ့တော့ လက်သမားဆရာက တစ်လအတွင်း ပြီးအောင်လုပ်ပေးမယ်လို့ ပြောလာသည်။
ပရိဘောဂဆိုင်ကထွက်လာတော့ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လိုချင်တာရှိသေးလားမေးခဲ့သည်။ အပြင်ထွက်ရတာရှား၍ သူက အကုန်ဝယ်ပေးချင်နေသည်။
ကားပေါ်မှာ ရှန်းယုဟန်က အေးခဲနေသော သူ့လက်များကို ပွတ်သပ်ကာ လက်ဖဝါးထဲ လေမှုတ်နေသည်။ “ယောကျာ်း…ကျွန်တော် ချင်တူရိယာလိုချင်တယ်။”
“ကောင်းပြီ..ဝယ်ဖို့ခေါ်သွားပေးမယ်။” ရှန်ချီဟွမ်းက တွေးလိုက်သည်။ သူက လက်ရေးလှနှင့် ပန်းချီမှာတော်ပြီး ချင်တီးခတ်တတ်သည်မှာ ကျိုးကြောင်းသင့်လျော်သည်။ သို့သော် သူက ရှန်းယုဟန် အအေးဒဏ်ကိုကြောက်တာတွေ့တော့ လက်ကိုခါယမ်းကာ ပြောလိုက်သည်။ “မင်းလက်က ဘာလို့အမြဲအေးနေတာလဲ?”
“မသိဘူး။” ရှန်းယုဟန်က ခေါင်းခါလိုက်သည်။ “ယောကျာ်း.. ခဏကိုင်ထားပေး”
အိုကေ၊ အဲ့ဒါကိုဂရုစိုက်ပေးဖို့ တရုတ်ဆေးဆရာဝန်ကို သွားရှာရအောင်။ အရင်က ရှန်းယုဟန်၏ဘဝက တကယ်ကိုပုံမှန်မဟုတ်ပဲ သူ့ခန္ဓာကိုယ်က ငယ်ငယ်လေးနဲ့ အားနည်းကာ တခြားလူငယ်များက အားအင်ပြည့်ဝနေပေမယ့် သူကတော့ ဆန့်ကျင်ဘက်ဖြစ်သည်။
သို့သော် ရှန်ချီဟွမ်းက ရှန်းယုဟန်၏ လတ်တလောအပြုအမူကို ပြန်စဥ်းစားကာ ပြောလိုက်သည်။ “မင်းက ချင်၊ ဂိုး၊ လက်ရေးလှနဲ့ ပန်းချီအားလုံးကိုသင်ထားတယ်။ မင်း ရှေးခတ်မှာဆိုရင် အမှတ်အများဆုံးသူဖြစ်နိုင်တယ်။”
ရှန်းယုဟန်က ထိုစကားကြားတော့ သူက ခဏလောက်စဥ်းစားကာ လေးလေးနက်နက်ဖြေလိုက်သည်။ “မဖြစ်နိုင်ဘူး။ အမှတ်အများဆုံးသူဖြစ်ဖို့ခက်တယ်။” သူ့ဒုတိယအစ်ကိုတောင် စာမေးပွဲမှာ နှစ်ကြိမ်သာ ဒုတိယနေရာရဖူးသည်။ သို့သော် သူက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ “ကျွန်တော်က အမှတ်အများဆုံးသူရဲ့ ဇနီးတောင်မဖြစ်နိုင်ဘူး။”
သူ့အဖေက အရင်က အမှတ်အများဆုံးသူအတွက် အမြင်ရှိခဲ့ပေမယ့် နောက်တော့ အမှတ်အများဆုံးသူက ရုပ်ဆိုးပြီးအသက်မငယ်ဘူးလို့ ပြောကြသည်။ သူ့မိသားစုမှာ တရားဝင်ဇနီးမရှိပေမယ့် ကိုယ်လုပ်တော်နှစ်ယောက်ရှိခဲ့သည်။ ထိုအကြောင်းကြားတော့ ရှန်းယုဟန်က သူ့အမေကိုပြောခဲ့ဖူးသည်၊ အမေတို့ကောက တခြားတစ်ယောက်နဲ့ သူ့ယောကျာ်းကို မျှဝေမှာမဟုတ်ဘူးဆိုတာပင်။
“ဒါဆို မင်းအခု အမှတ်အများဆုံးသူရဲ့ ဇနီးဖြစ်နေပါပြီ။” ရှန်ချီဟွမ်းက ကားကိုခဏရပ်လိုက်တော့ နှင်းထူနေကာ အေးစက်နေသည်။ ကားကိုအရင်ဆုံး အပူပေးလိုက်ပြီး ရှန်းယုဟန်၏လက်ကလည်း ဖြည်းဖြည်းချင်း နွေးလာကာ ထို့နောက်မှသာ သူက စမောင်းလိုက်သည်။
ရှန်းယုဟန်က သူ့ခေါင်းကိုစောင်းကာ သူ့ကိုကြည့်လိုက်သည်။ “ယောကျာ်း၊ ခင်ဗျားက အမှတ်အများဆုံးသူမှ မဟုတ်တာ၊ ကျွန်တော်က ဘယ်လိုလုပ်အမှတ်အများဆုံးသူရဲ့ ဇနီးဖြစ်နိုင်မှာလဲ?”
“မင်းမသိပါဘူး။ ငါက ကောလိပ်ဝင်ခွင့်စာမေးပွဲအတွင်း ကျန်းချန်မြို့ရဲ့ သိပ္ပံပညာမှာ အမှတ်အများဆုံးရခဲ့တဲ့လူဖြစ်ခဲ့တာ၊ အခုမင်းဆန္ဒပြည့်သွားပြီ၊ မင်းက အမှတ်အများဆုံးသူရဲ့ ဇနီးပဲ။ ဘယ်လိုခံစားရလဲ?” ရှန်ချီဟွမ်းက မေးစေ့ကိုမော့ကာ ဂုဏ်ယူစွာပြောလိုက်သည်။
ရှန်းယုဟန်က အနည်းငယ်အံ့သြသွားသည်။ “တကယ်? ယောကျာ်း…ခင်ဗျားက ချူးရှို့ထက်ပိုတော်တာလား?” သူက အမှတ်အများဆုံးသူရဲ့ ဇနီးဖြစ်သွားပြီလား?
“ချူးရှို့က ငါ့လောက်မတော်ဘူး။ သူက ငါ့အဖြေတွေကို သိချင်လို့ ငါ့စာအုပ်ကိုငှားလေ့ရှိတယ်။” ရှန်ချီဟွမ်းကပြောလိုက်သည်။ “ငါကျောင်းမှာတုန်းက အမြဲတမ်းပထမပဲ ..သူကတော့ဒုတိယ၊ သူက ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ တတိယနေရာပဲရခဲ့တယ်။ သူ နိုင်ငံခြားသွားခဲ့တာက သူတက်ချင်တဲ့ကျောင်းကို မတက်နိုင်ခဲ့လို့ပဲ။”
ရှန်းယုဟန်က သူ့ခင်ပွန်းကို အထင်မကြီးပဲ မနေနိုင်တော့ချေ။ သူက ရုတ်တရက်ကြီး အမှတ်အများဆုံးသူရဲ့ ဇနီးဖြစ်သွားတာကြောင့် ပျော်ရွှင်သွားသည်။ သူက အဖေ့ရဲ့ဆန္ဒသေးသေးလေးကို ဖြည့်ဆည်းပေးလိုက်တာလို့ သတ်မှတ်လို့ရလား?
ရှန်းယုဟန်က သိလိုစိတ်ပြင်းပြကာ သူ့ကိုမေးလိုက်သည်။ “ဒါဆို ခင်ဗျားက ချူးရှို့နဲ့ ဆက်ဆံရေးကောင်းရှိလား?”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “မဆိုးပါဘူး။ သာမန်သူငယ်ချင်းနဲ့ သူငယ်ချင်းကောင်းရဲ့ကြားမှာရှိပေမယ့် ငါတို့က မတွေ့ရတာ နှစ်များစွာကြာပြီမို့ ဆက်ဆံရေးက ကျန်းလောလင်းနဲ့ တခြားသူတွေလို တူတူပါပဲ။ မနေ့ညက သူ့ကိုတစ်ညအိပ်ဖို့ ခေါ်လာတာကို မင်းကိုမပြောမိလို့ ဒီမနက်စိတ်ဆိုးခဲ့သေးလား?”
ရှန်းယုဟန်က ခေါင်းခါလိုက်သည်။ “စိတ်မဆိုးပါဘူး။ ယောကျာ်းက အကူအညီလိုလို့ ကူညီပေးခဲ့တာပဲ။ နောက်တစ်ခါဆို မက်ဆေ့ပို့ပေးပါ။ အဲ့ဒါမှကျွန်တော်သိမှာ။” သူက တွန့်တိုတတ်သူမဟုတ်ပေ။ လူတစ်ယောက်တည်းက ကိစ္စရပ်တိုင်းကို ဂရုစိုက်ဖို့ မဖြစ်နိုင်ပေ။
ရှန်ချီဟွမ်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “မတွေးခဲ့မိတာငါပါ၊ အစက မင်းကို ဝီချက်မက်ဆေ့ပို့ချင်ပေမယ့် ဝီချက်မက်ဆေ့မှာ အချက်ပေးသံပါတော့ မင်းထပြီး ဖတ်နေရလိမ့်မယ်။”
သူ့ခင်ပွန်းက စဥ်းစားပေးတတ်လွန်းပြီး အမှတ်အမြင့်ဆုံးသူ၏ ရာထူးတိုးခံရသော ကြင်စဦးဇနီးလေး၏ နှလုံးသားက နွေးထွေးသွားသည်။ နှင်းကျတဲ့နေ့တွေကလည်း နွေးထွေးပုံရသည်။
ရှန်းယုဟန်က သူ့ဖုန်း၏သတိပေးချက်ကို မပိတ်ထားပေ၊ အကြောင်းမှာ သူ့ခင်ပွန်းမက်ဆေ့ပို့ရင် အမြန်ဆုံးမြင်နိုင်လို့ပင်။
ဒါပေါ့၊ သူက ဝီချက်သတိပေးချက်အသံကို ဘယ်နားပိတ်ရမလဲမသိပေ။ လောလောဆယ်တော့ အသံကိုတိုးပြီး ညှိထားလိုက်မည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို နေ့လည်မှာ ဟော့ပေါ့စားဖို့ ခေါ်သွားသည်။ စားပြီးနောက် သူ့တစ်ကိုယ်လုံးက နွေးလာခဲ့သည်။
ထို့နောက် နေ့လည်မှာ သူက ချင်တူရိယာကိုဝယ်ဖို့သွားခဲ့သည်။
ဒါက ရှန်ချီဟွမ်းမသိသည့် အရာတစ်ခုဖြစ်တာကြောင့် ချင်တူရိယာဆိုင်ကို လျှိုထန်ကညွှန်းပေးခဲ့သည်။ နောက်ဆုံးအကြိမ်က ချင်တီးခတ်နည်းသင်ယူနေသည့် မိန်းကလေးကိုလိုက်ဖို့ လျှိုထန်က ချင်တူရိယာကို ဝယ်ပေးခဲ့သေးသည်။ အရည်အသွေးက ဆိုးမယ့်ပုံမပေါ်တာကြောင့် ရှန်ချီဟွမ်းက သူညွှန်းပေးသော ဘရန်းဆိုင်ကို သွားခဲ့သည်။
ရှန်းယုဟန်က ဆိုင်ကိုရောက်တာနဲ့ သူက တူရိယာကိုရွေးလိုက်ပြီး ချင်ကိုဝယ်တဲ့အခါ ပစ္စည်းနှင့် အသံအရည်အသွေးပိုင်းကို ကြည့်သင့်သည်။ ဒါပေါ့ အရေးကြီးဆုံးက ကြိုးကို စစ်ဆေးဖို့ဖြစ်ပြီး အမျိုးအစားကောင်းက တော်ရုံရှာမတွေ့နိုင်ပေ။
သူက ချင်နှစ်မျိုးကို စမ်းကြည့်ပြီး ကြိုးက သာမန်ဖြစ်နေ၍ သူက သူတို့ကိုမကြိုက်ပေ၊ သူသုံးဖူးသော အမျိုးအစားနှင့်ကွာနေသည်။
သူဌေးက နောက်ထပ်ချင်တစ်မျိုးကို ညွှန်းပေးသည်။ “ညီလေး၊ ဒီတစ်ခုကို ဘာလို့မစမ်းကြည့်တာလဲ၊ အဲ့ဒါက နာမည်ကျော် မစ္စတာရှီးကိုယ်တိုင် လက်နဲ့လုပ်ထားတာ”
ရှန်းယုဟန်က ချင်၏ကိုယ်ထည်ကို ညင်ညင်သာသာ ထိကြည့်ပြီး ချင်၏ပုံစံက အရင်နှစ်ခုထက်ပိုကောင်းသည်။ သူက ထိုင်လိုက်ပြီး notes တချို့ကိုတီးကြည့်လိုက်သည်။ သူက ချင်ကိုမထိတာကြာပြီမို့ သူ့လက်က နာလာပြီး ဆက်မတီးနိုင်တော့ချေ။
ရှန်ချီဟွမ်းက သူ့ဘေးမှာရပ်နေပြီး သူမကြားဖူးသော ချင်အသံကိုနားထောင်နေပြီး သူ့နှလုံးသားက အေးချမ်းသွားသည်။ ထို့နောက် သူက ချင်ကိုအလေးအနက်တီးနေသော ရှန်းယုဟန်ကိုကြည့်ကာ အနည်းငယ်မိန်းမောသွားသည်။ ထိုအချိန်မှာ ရှန်းယုဟန်က ချင်တီးခတ်ရင်း ပျော်ရွှင်နေသော ရှေးခတ်က လူငယ်လေးတစ်ယောက်နှင့်တူနေပြီး သူက သူ့ပန်းချီကားကို မတွေးပဲမနေနိုင်ချေ။ (နွေဦးစတင်ခြင်း) သူက သူ၏ ထူးဆန်းသော ရင်ခုန်သံကို ကြားလိုက်ရသည်။
ရှန်းယုဟန်က သီချင်းတစ်ပုဒ် မပြီးလိုက်ပေမယ့် အသံကိုတော့စစ်ဆေးခဲ့သည်။ ကြိုးက ပြေလျော့နေပြီး ခံစားချက်ကကောင်းနေကာ သူက ဒီချင်ကိုလိုချင်သွားသည်။
“ယောကျာ်း၊ ကျွန်တော်ရွေးပြီးပြီ၊ ဒီတစ်ခုပဲ။”
ရင်ခုန်သံကြောင့် ထိတ်လန့်နေသော သူ့ခင်ပွန်းက ငွေမချေခင် ခဏလောက် အေးခဲသွားသည်။
ငွေပေးချေတာကတော့ စဥ်းစားဖို့ပင်မလို…သူက အလွန်ရင်းနှီးနေသည်။
ရှန်ချီဟွမ်းကတွေးလိုက်သည်။ သူ ရှန်းယုဟန်ကို အစတည်းက စန္ဒယားသင်တန်း ဘာလို့မအပ်ခဲ့တာလဲ?
သူက အသိစိတ်ဝင်သွားသည်။ လက်ရေးလှ၊ ပန်းချီ၊ ပန်းအလှဆင်သင်တန်း၊ အချက်အပြုတ်သင်တန်းတွေက လိုမှမလိုခဲ့တာ!
ကားပေါ်ပြန်ရောက်ပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန် စိတ်ကြည်နေတာကို သတိထားမိသဖြင့် မေးလိုက်သည်။ “ဒီလောက်တောင်ပျော်လား?”
ရှန်းယုဟန်က အပြုံးလေးနဲ့ပြောလိုက်သည်။ “ပျော်တယ်၊ ကျွန်တော် ဒီနေ့ ချင်ရခဲ့ပြီ၊ ပြီးတော့ အမှတ်အများဆုံးသူရဲ့ ဇနီးလည်းဖြစ်ခဲ့တယ်။”
ရှန်ချီဟွမ်းက ရှေ့တိုးကာ အသေးစားတောင်းဆိုလိုက်သည်။ “ဒါဆို..အမှတ်အများဆုံးသူရဲ့ဇနီးလေးရေ… မင်းရဲ့အရှင်ခင်ပွန်းကို မနမ်းချင်ဘူးလား”
ရှန်းယုဟန်က သူ့ခုံမှာနောက်မှီထားကာ သူ့မျက်နှာက နီမြန်းနေပြီး သူ့ခင်ပွန်းစကားကို နားထောင်ကာ တီးတိုးရေရွတ်လိုက်သည်။ “အရှင်ခင်ပွန်း၊ အပြင်ရောက်နေတယ်လေ”
ရှန်ချီဟွမ်းက သူ့ကိုစချင်သေးပေမယ့် ဘယ်အလိုက်မသိတဲ့ကောင်က သူ့ကိုဖုန်းခေါ်ခဲ့တာလဲ မသိပေ။
ခေါ်ဆိုသူမှာ သူ့အစ်ကိုကြီးဖြစ်တာကိုတွေ့တော့ ရှန်ချီဟွမ်းက ရွေးချယ်စရာမရှိတော့ပဲ ဖုန်းမဖြေခင် ရှန်းယုဟန်၏ နှုတ်ခမ်းကို ဖွဖွနမ်းလိုက်သည်။
သူ့အစ်ကိုကြီးက ပြောလာသည်။ “ချီဟွမ်း၊ အဖေလဲကျသွားလို့ ဆေးရုံကိုရောက်နေတာ တစ်နေရာကြာပြီ၊ ဆေးရုံကိုအခုလာခဲ့။”