no

Font
Theme

Chapter 23.1

“ကျွန်တော်ခင်ဗျားကိုမလိုချင်တော့ဘူး။”

[သတိပေးချက်/ သတ်သေရန်ကြိုးစားမှုနှင့် စိတ်ကူးတို့ပါဝင်သည်။]

ဆောင်းဦးညနှောင်းပိုင်းတွင် ကျန်ရှိသောနွေးထွေးမှုက ပျောက်ကွယ်သွားသည်။

ရှန်းယုဟန်က စိတ်ပျံ့လွင့်စွာ သူ့အခန်းကိုပြန်သွားပြီး ကုတင်ပေါ်ဘယ်လိုရောက်သွားမှန်းတောင် မသိပေ၊ စောင်ထဲကိုဘယ်လိုရောက်သွားမှန်းလဲမသိခဲ့ပဲ သူက အသက်ရှူရခက်နေပြီး သည်းမခံနိုင်ဖြစ်လာသည်။

ကြည့်ရတာ လေးစားထိုက်သောပုဂ္ဂိုလ်တစ်ဦးက သူ့ဘဝချောမွေ့နေတာကိုတွေ့သွားသဖြင့် ဤကဲ့သို့ ကံဆိုးမှုမျိုးကိုခံစားရစေဖို့ ဒီကမ္ဘာကိုခေါ်လာခဲ့တာ ဖြစ်ဖို့များသည်။

သူသေသွားရင်.. ဟုတ်တယ် သူသေသွားရင်..သေခြင်းတရားက ဒုက္ခအားလုံးကို ငြိမ်းချမ်းစေမှာပဲ.. သူက ဘာလို့သေရာကပြန်နိုးထလာရတာလဲ.. ပြီးတော့လည်း နှစ်ပေါင်းများစွာ နောက်ကျပြီး သူမသိတဲ့နေရာမျိုးမှာလေ။

သူက ခေတ်သစ်ကမ္ဘာကိုလုံးဝမကြိုက်ပဲ သူ့နားကလူတွေကိုလည်းမကြိုက်ပေ၊ ဘယ်သူကမှ မရိုးသားကြဘူး။

ရှန်ချီဟွမ်းက အရမ်းဆိုးတယ်..သူက သေချာပေါက် ထိုလူကို ရိုးရိုးသားသားဆက်ဆံခဲ့ပေမယ့် ထိုလူကတော့ သရုပ်ဆောင်နေတယ်လို့ထင်နေသည်။ ဒါပေမယ့် ထိုလူကသာလျှင် သူ့ကိုအကောင်းဆုံးဆက်ဆံပြီး အကောင်းဆုံးကိုပေးခဲ့ပေမယ့် အခုချိန်မှာ သူ့နှလုံးသားကို အနာကျင်ဆုံးဖြစ်စေခဲ့သည်။

သူက မူလရှန်းယုဟန်ဆိုတဲ့အချက်ကို မပြောင်းလဲနိုင်ပေမယ့် သူဒီလောက်ဖော်ရွေတာကို ဘာလို့မမြင်နိုင်ရတာလဲ? အချိန်ကတိုလွန်းလို့လား?

အခုကစပြီး သူတို့က တစ်ယောက်နဲ့တစ်ယောက် ဘာမှမဆိုင်တော့ပေမယ့် ခေါင်မိုးတစ်ခုအောက်မှာနေရမှာလား?

သူက ထိုလူကိုခင်ပွန်းလိုဆက်ဆံပေမယ့် ထိုလူကတော့ သူ့ကိုဝမ်းနည်းအောင်လုပ်ခဲ့သည်။

ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ?

ဘုရားသခင်ကိုအပြစ်တင်ရမှာလား?

ရှန်းယုဟန်က စောင်အောက်မှာ သူ့မျက်နှာကိုမြုပ်ထားပြီး အထိန်းအကွပ်မဲ့စွာ ငိုနေသည်။

သူ့မိသားစုကိုလွမ်းသည်၊ သူ့အမေက သူ့ကိုစည်းကမ်းတင်းကျပ်ပေမယ့် ဒီလိုကြမ်းတမ်းသောစကားမျိုး မပြောခဲ့ဖူးပေ၊ သူ့အဖေကလည်း သူ့ကိုအရမ်းချစ်ပြီး ဧကရာဇ်အမိန့်ပြန်တမ်းမရှိခင်က သူက သူ့လက်ထပ်ပွဲအတွက် စိတ်ပူနေခဲ့တာဖြစ်သည်။ သူ့အစ်ကိုတွေ… သူတို့မှာ ကိုယ်ပိုင်စရိုက်အသီးသီးရှိကြပေမယ့် ဘယ်သွားသွား ပြန်လာတဲ့အခါ သူ့အတွက် လက်ဆောင်ယူလာပေးလေ့ရှိသည်။

သူလက်မထပ်ခင်ညက သူ့အစ်ကိုအားလုံးငိုခဲ့သည်။

ဆိုရိုးစကားအတိုင်း ယောကျာ်းတစ်ယောက်က မျက်ရည်လွယ်လွယ်မကျပေမယ့် ယင်းမှာ ဝမ်းနည်းသည့်အဆင့်ကို မရောက်သေးသောကြောင့်ဖြစ်သည်။

အဝေးမှာအိမ်ထောင်ကျနေသော သူ့ကိုမြင်ရင် သူတို့အရမ်းဝမ်းနည်းကြမှာပဲ၊ သူကလည်းဝမ်းနည်းနေပေမယ့် သူတို့ထာဝရခွဲခွာရမယ်ဆိုတာကို ဘယ်တုန်းကမှမတွေးဖူးပေ၊ သူသာ ချီတိုင်းပြည်မှာရှိနေခဲ့ပြီး ဓားပြတွေရဲ့ လုယက်မှုကို မခံခဲ့ရရင် နောင်မှာ သူတို့မိသားစုပြန်ဆုံနိုင်ခဲ့မှာပဲ။

သို့သော်..သူကချမ်းနေပြီ ဗိုက်ဆာကာ ဝမ်းနည်းနေတာကို သူ့မိသားစုကမသိပဲ သူ့မှာ သူ့မိသားစုအခြေအနေကိုသိနိုင်တဲ့ နည်းလမ်းလည်းမရှိပေ။ သူတို့က ချီတိုင်းပြည်မှာ ရှိနေမှ တုံ့ပြန်နိုင်မှာဖြစ်သည်။

ကြောက်စရာကောင်းသော ချူနိုင်ငံ၏အာဏာရှင်ကို လက်ထပ်လိုက်တာကမှ ကောင်းဦးမည်၊ သူက အသက်ကြီးတော့ဘာဖြစ်လဲ..အနည်းဆုံးတော့ သူ့ခံစားချက်ကို အဲ့အဘိုးကြီးဆီ ထည့်ပေးလိုက်မှာမဟုတ်တာ။

မဟုတ်ဘူး..သူက တခြားသူ၏ခန္ဓာကိုယ်ထဲမှာ အသက်ရှင်နေဆဲဖြစ်ပြီး သူ့မိသားစုဝင်များက သေသွားတာကြာခဲ့ပြီ!

ထိုအကြောင်းပိုတွေးလေလေ သူပိုဝမ်းနည်းလာလေဖြစ်ပြီး ရှန်းယုဟန်က မျက်နှာကျက်ကို စိုက်ကြည့်ကာ တိတ်တဆိတ်ငိုနေသည်။ ခဏအကြာတွင် သူက ကျယ်လောင်စွာငိုကြွေးပြီး ပြောမပြတတ်အောင် ဝမ်းနည်းနေသည်။

အဆုံးတွင် ချောင်းဆိုးလာခဲ့သည်။

သူညနေကပြန်ရောက်စဥ် ချောင်းနည်းနည်းဆိုးနေခဲ့ပြီး အခုငိုလိုက်တော့ စိတ်မသက်မသာဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာပါ ပိုဆိုးလာခဲ့သည်။

ရှန်းယုဟန်၏မျက်နှာက ချောင်းဆိုးရာမှနီရဲလာပြီး အသက်ရှူကြပ်ကာ ထထိုင်လိုက်ရသည်။ သူ့လည်ချောင်းက ပိုယားယံကာ ချောင်းပိုဆိုးလာသည်။

သူအိမ်ပြန်ချင်သည်၊ ခေတ်သစ်မှာမနေချင်ပေ၊ ဒီမှာကပွင့်လင်းပြီး လူတိုင်းကလွတ်လပ်ကြသည်။ သူကဘာမှနားမလည်လို့ ဘာမှမသင်ယူနိုင်ချေ။ ခေတ်သစ်လူသားများက မွေးကတည်းက ဒီပတ်ဝန်းမှာနေလာခဲ့ပြီး အတတ်မြန်ကြပေမယ့် သူက မရင်းနှီးသော စကားကိုကြားသည့်အခါ အချိန်အတော်ကြာအောင်​ သေချာစဥ်းစားရသည်။ ဒီနေရာက ခေတ်သစ်လူသားအတွက်သာ အဆင်ပြေပြီး အမည်မသိ မျိုးဆက်တစ်ခုမှလာသော သူ့အတွက် မသင့်တော်ပေ။

ဤနေရာရှိလူများက သူတို့မကြိုက်သည့်သူများနှင့် ခွဲခွာခြင်းအပေါ် ကွဲပြားသောအမြင်ရှိကြပြီး အချိန်မရွေးကွာရှင်းနိုင်ကြသည်။ ရက်အနည်းငယ်အတွင်း လူသစ်များနှင့်တွေ့ကာ ထပ်ချစ်နိုင်ကြပြီး မိသားစုအသစ်ပြန်လည်ထူထောင်နိုင်သည်။

သို့သော် သူက.. သူကတော့မလုပ်နိုင်ပေ၊ ရှန်ချီဟွမ်းက မူလရှန်းယုဟန် တခြားတစ်ယောက်ကို လိုက်ခဲ့တယ်လို့ ထောက်ပြခဲ့ပြီး ထိုအကြောင်းကိုဂရုစိုက်လို့ သူနဲ့အတူမရှိချင်တော့ပေမယ့် သူကရော ဘယ်လိုလုပ်ရမလဲ.. သူတို့က ကုတင်တစ်ခုတည်းမှာ အိပ်ခဲ့ကြပြီး သူတို့လက်ထပ်ထားတာကို လူများစွာကသိကြသည်။

သူက အိမ်ထောင်မပြုဖူးသလို ရှန်ချီယွင်ကို လိုက်ခဲ့သူက သူမဟုတ်ပေမယ့် ရှင်းပြဖို့လည်း နည်းလမ်းမရှိချေ။

ဒါပေမယ့် ရှန်ချီဟွမ်းက သူ့ကိုဘာလို့ ဒီလိုဆက်ဆံနိုင်ရတာလဲ? သူက ခံစားချက်မရှိသလိုပင် လူတွေနဲ့ ပြတ်ပြတ်သားသားခွဲခွာကာ တိုက်ရိုက်လမ်းခွဲခဲ့သည်။

ဒါပေမယ့် သူက ခေတ်နောက်ကျနေတဲ့ ရှေးခတ်လူသားတစ်ဦးဖြစ်ပြီး ဒီမှာလည်းမနေချင်ပေ၊ ဒီကမ္ဘာမှာသူကအပြင်လူဖြစ်သည်။

သူက ဝမ်းနည်းဒေါသကြီးစွာတွေးလိုက်သည်။ မူလရှန်းယုဟန်က ဆွေမျိုးနှင့်သူငယ်ချင်းမရှိလို့ သူဒီကမ္ဘာက ထွက်သွားရင်တောင် သူ့အတွက်ဘယ်သူမှဝမ်းနည်းကြမှာမဟုတ်။

သူ​သေသွားရင် ထပ်ပြီးပြန်ရှင်လာနိုင်လား?

ဟုတ်တယ်၊ သူက သေရာကပြန်ရှင်လာသူပဲ၊ သူသေရာကပြန်ရှင်ပြီး ချီတိုင်းပြည်ကိုပြန်လို့ရတယ်!

အိမ်ပြန်ပြီးရင် ခေတ်သစ်အသိပညာကို နေ့တိုင်းလေ့လာစရာမလိုတာ့ဘူး၊ အထင်လွဲတာလည်း မခံရတော့ဘူး။ သူ့ခင်ပွန်းရဲ့မနှစ်မြို့မှုကို ခံရဖို့ဝေးစွ… သူကတစ်ကြိမ်သေပြီးတာကြောင့် ထပ်သေရလည်းဂရုမစိုက်ဘူး။

သူက ခေတ်သစ်မှာမနေချင်တော့ဘူး.. ဘာမှမလိုချင်တော့ဘူး!

ဒါပေမယ့် ဘယ်လိုသေရမလဲ?

ဒီပြဿနာကိုတွေးကြည့်လိုက်တော့ ရှန်းယုဟန်၏မျက်ရည်များက ချက်ချင်းရပ်သွားပြီး ကုတင်ပေါ်မှခြေဗလာဖြင့်ခုန်ချကာ လသာဆောင်ကိုပြေးသွားသည်။ တချို့လူတွေက အဆောက်အဦး၏ထိပ်ဆုံးကိုတက်ပြီး ခုန်ချကာ သတ်သေလေ့ရှိသည်ဟု သတင်းမှာတွေ့ဖူးသည်။ ဆယ်လွှာအထက်ဆိုရင်ရှင်ဖို့မလွယ်ပေ.. ဒါက သတ်သေဖို့ပထမနည်းလမ်းဖြစ်ပေမယ့် ဤနေရာက သုံးလွှာပဲရှိပြီး အများဆုံးမှ ခြေကျိုးပြီး ခြေလက်အင်္ဂါချို့တဲ့ရုံသာရှိပြီး သေတာထက်ပိုဆိုးမှာမို့ လက်မခံနိုင်ပေ။

သတ်သေဖို့ဒုတိယနည်းကတော့ ကားတိုက်ခံဖို့ဖြစ်ပေမယ့် ဟိုက်ဝေးလမ်းမပေါ်မှာ သေဖို့ကလွယ်သော်လည်း ဤနယ်မြေမှာ ကားမရှိပဲ အပြင်လမ်းများက အနှေးယာဥ်များသာ ပြည့်နေပြီး လမ်းကိုလည်းမသိပေ။ ဒီနည်းနဲ့သေတာက ယုံလို့မရပဲ ခြေလက်သာကျိုးရင် ရှေ့နည်းနှင့်ဆင်တူကာ သေတာထက်ဆိုးမည်ဖြစ်၍ လက်မခံနိုင်ပေ။

သတ်သေဖို့တတိယနည်းက ရေနစ်တာပဲ၊ မူလရှန်းယုဟန်က ရေထဲတွန်းချခံရတာကို သတိရသွားပေမယ့် သူက အနီးနားမှာ ရေကန်ရှာမတွေ့သဖြင့် မသေနိုင်ပဲ ကြင်နာတတ်သော ဖြတ်သွားဖြတ်လာတစ်​ယောက်က လာကယ်တာမျိုးလည်း ဖြစ်နိုင်၍ ဒါကိုလည်း လက်မခံနိုင်ပေ။

သတ်သေဖို့စတုတ္တနည်းက သူ့သွေးကြောကိုလှီးဖြတ်ဖို့ပင်။ မီးဖိုချောင်မှာဓားတွေရှိတယ်!

ရှန်းယုဟန်က ချမ်းစိမ့်သောလသာဆောင်မှ အိမ်ထဲပြန်ရောက်လာကာ အငိုရပ်သွားပေမယ့် သူ့ကုတ်ကိုမယူလာပဲ ခြေဗလာနဲ့အောက်ဆင်းသွားသည်။ ထို့နောက် ဓားရှာရန် မီးဖိုချောင်ကိုတန်းသွားခဲ့သည်။

ဘေးခန်းက ရှန်ချီဟွမ်းကလည်း စိတ်မသက်မသာဖြစ်နေသည်။

သူက တစ်ညလုံးတွေးခဲ့ပြီး ဒီလိုအေးစက်တဲ့ စကားမျိုးပြောရင် ရှန်းယုဟန်ဘာဖြစ်သွားမလဲဆိုတာကို သိခဲ့သည်၊ သူက ငိုရတာအလွန်ကြိုက်ပြီး ဝမ်းနည်းတိုင်း ငိုတတ်သည်။

သူက ဒီတစ်ကြိမ် ရှန်းယုဟန်ငိုလိုက်တာ ကောင်းတယ်လို့ တွေးလိုက်သည်။ ဒါမှ အနာဂတ်မှာ သူ့စကားကြောင့် မငိုတော့မှာပင်။

တကယ်တော့ ရှန်းယုဟန်က သူတွေးထားသလို မဆိုးပဲ စိတ်ထားလည်းအတော်ကောင်းကာ သူဒေါသထွက်တာကို တစ်ခါမှမမြင်ဖူးပေ။ သူက အနည်းငယ်နူးညံ့ပြီး ချွဲရတာကြိုက်ကာ ငိုရတာလည်း​ကြိုက်သည်။ သူရှေ့မှာ အရမ်းနာခံပြီး သူပြောသမျှလုပ်ကာ အလွန်အကျွံတောင်းဆိုတာမျိုးလည်း မရှိပေ။

ဒါဆို ရှန်းယုဟန်က ဘယ်လိုလုပ်တိုက်ခိုက်တာ၊ ရန်ဖြစ်တာ၊ ဆဲဆိုတဲ့နေရာမှာ တော်နေတာလဲ? သူ့မိဘတွေဆုံးသွားတာက သူ့စိတ်နေသဘောထားကို ပြင်းပြင်းထန်ထန် ပြောင်းလဲစေခဲ့တာဖြစ်နိုင်သည်။ အခု သူ့အဘိုးကလည်း ဆုံးသွားတော့ ထောက်ပံ့သူမရှိတော့ပဲ တည်ငြိမ်သွားကာ အရင်ပုံစံကိုပြန်ပြောင်းသွားသည်ဟု နားလည်လို့ရသည်။

ရှန်ချီဟွမ်းက အိပ်ဖို့အာရုံမစိုက်ပဲ ကုတင်ပေါ်မှာလှဲကာ ဖုန်းထဲက ဗီဒီယိုကိုလည်း မဖွင့်ရဲပေ။ ဘေးခန်းက ငိုသံကိုကြားနေရပြီး မျှော်လင့်ထားသလိုပင် သူက ဆိုးဆိုးရွားရွားငိုကြွေးကာ ချောင်းဆိုးနေသည်။ ဒီနေ့ အဝတ်အစားလည်း သေချာမဝတ်ခဲ့၍ အအေးမိနေပြီလား မသိချေ။

သူက စောင်ကို အကြိမ်အနည်းငယ် မြှောက်ဖို့လုပ်နေပေမယ့် အဆုံးမှာ စောင်ကိုကိုင်ကာ ပြန်ချလိုက်သည်။

သူက စောင်ကို​မြှောက်ထားသောလက်ကို ငါးကြိမ်မြောက်ချလိုက်ပြီး ဘေးခန်းက ငိုသံကလည်းရပ်သွားသည်။ ထို့နောက် ရှန်းယုဟန် ကုတင်ပေါ်မှဆင်းကာ လသာဆောင်တံခါးဖွင့်နေတာကို ကြားလိုက်သည်။ ဘေးအခန်းက လသာဆောင်နှင့်နီးတာကြောင့် အသံကရှင်းနေသည်။

ညသန်းခေါင်မှာ ပြတင်းပေါက်ကိုဘာလို့ဖွင့်တာလဲ?

သူက ပြတင်းပေါက်ပိတ်တာလား ဖွင့်တာလားမသိပေမယ့် ရှန်ချီဟွမ်းက ရှန်းယုဟန် တံခါးဖွင့်ကာ အောက်ထပ်ဆင်းသွားသည်ကို ကြားလိုက်သည်။

သူဘာလုပ်ပြန်ပြီလဲ?

ရှန်ချီဟွမ်းက သူ့စိတ်ကိုမတားနိုင်တော့တာကြောင့် စောင်ကိုမကာ အပြင်ထွက်ရန် တံခါးဖွင့်လိုက်သည်။

ဟုတ်တယ် သူက ရေသောက်ဖို့အောက်ဆင်းတာ။ ရှန်းယုဟန် ညသန်းခေါင်မှာ ဘာလုပ်နေလဲဆိုတာကို ကြည့်ဖို့မဟုတ်ဘူး။

သူက အောက်ထပ်ကိုဆင်းသွားတော့ လမ်းတစ်လျှောက်မီးတွေက မဖွင့်ထားပဲ မှောင်မဲနေသည်။ လှေကားထစ်မှာ ညအလင်းရောင်ရှိပေမယ့် လင်းထိန်မနေချေ။ ရှန်းယုဟန် အောက်ဆင်းသွားတာ သိသာတာကို ဘာလို့အောက်ထပ်ကမီးကို ဖွင့်မထားတာလဲ.. သူဘာလုပ်နေတာလဲ?

သူက ဒေါသထွက်ကာ ငိုနေတော့ ဧည့်ခန်းကိုသွားပြီး တီဗီကြည့်မှာတော့ မဟုတ်.. ကြည့်ချင်ရင် ဖုန်းထဲမှာ အလွယ်တကူကြည့်လို့ရတယ်မလား ဒါမှမဟုတ် အပြင်မှာ လေညင်းခံနေတာလား?

ရှန်းချီဟွမ်း၏အတွေးက သေချာပေါက်မှားနေသည်။ ဧည့်ခန်းထဲက တီဗီကပိတ်ထားသည်။

ဒါဆို ရှန်းယုဟန်က ရေသောက်ဖို့ဆင်းသွားတာလား?

ခုနလေးတင်ငိုနေတဲ့သူက ရုတ်တရက် အောက်ထပ်ဆင်းကာ ရေသောက်ဖို့က ယုတ္တိမရှိဘူး။

ထို့နောက် ရှန်ချီဟွမ်းက မီးဖိုချောင််မှ ချောင်းဟန့်သံကိုကြားလိုက်ရပြီး ဓားသံထွက်ပေါ်လာသည်။

မီးဖိုချောင်မှာဓားနဲ့ဘာလုပ်နေတာလဲ?

ရှန်ချီဟွမ်းက ဧည့်ခန်းထဲက မီးကိုအရင်ဖွင့်လိုက်ပြီး မီးဖိုချောင်အသံလာရာကို သွားကာ မီးဖိုချောင်မီးကိုလည်း ဖွင့်လိုက်သည်။

&&&&&&&&&&&&

Chapter 23.2

“ကျွန်တော်ခင်ဗျားကိုမလိုချင်တော့ဘူး။”

ရှန်းယုဟန်က ရှန်ချီဟွမ်း သူ့နောက်လိုက်လာတာကိုမသိပဲ ရုတ်တရက်ပွင့်လာသောမီးကြောင့် ထိတ်လန်သွားကာ သူက သစ်သီးဓားကို အချိန်အတော်ကြာအောင် ရှာနေခဲ့ပြီး အန်တီက ဓားကိုဘယ်မှာထားခဲ့လည်းမသိပေ။ သစ်သီးဓားက ထက်ကာ ကိုင်ရတာမလေးပဲ လှီးရလွယ်သည်။

ထိုအချိန်တွင် သူက အသားခုတ်ဓားကို ကိုင်ထားဆဲဖြစ်ပြီး လရောင်ကိုအသုံးပြုကာ လက်ကောက်ဝတ်ကိုလှီးဖို့ ချိန်ထားသည်။ ဝက်အရိုးကိုလှီးနိုင်ရင် အရေခွံကိုလည်း လှီးနိုင်လိမ့်မည်။

သို့သော် သူက မီးဖိုချောင်ထဲမှာ သူ့ဘဝကို အဆုံးမသတ်ချင်ပဲ မီးဖိုချောင်မှာ သွေးစွန်းလျှင် အန်တီဝမ် သန့်ရှင်းရေးမလုပ်နိုင်မှာစိုးရိမ်နေသည်။ အန်တီဝမ်က သူ့ကိုကောင်းကောင်းဆက်ဆံပြီး သူကြိုက်တာတွေကို ဂရုတစိုက်ချက်ပေးသည်။

ဘယ်နေရာမှာ သူ့ဘဝကိုအဆုံးသတ်ရမလဲတွေးရင်း မမျှော်လင့်ထားစွာ မီးပွင့်လာခဲ့တာဖြစ်၏။

ရှန်ချီဟွမ်းက ဓားကိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ်လှီးဖို့လုပ်နေသော ရှန်းယုဟန်ကြောင့် ချက်ချင်းထိတ်လန့်သွားခဲ့သည်။

သူက အမြန်တုံ့ပြန့်ပီး ရှေ့တိုးကာ ရှန်းယုဟန်လက်ထဲက မီးဖိုချောင်ဓားကိုဆွဲယူပြီး ကောင်တာပေါ်ပစ်ချကာ ဤအန္တရာယ်ရှိသောနေရာကနေ သူ့ကိုချက်ချင်းသယ်သွားခဲ့သည်။

ရှန်ချီဟွမ်းက ဒေါသထွက်ကာ စိတ်လည်းပူနေသည်။ “ရှန်းယုဟန်…မီးဖိုချောင်မှာ ဓားနဲ့ဘာလုပ်နေတာလဲ?”

ရှန်းယုဟန်၏ခြေထောက်များက ​ကြမ်းပြင်နှင့်လွတ်သွားပြီး မီးဖိုချောင်ထဲက ချီမခံလာရဖို့ အချိန်မကြာခဲ့ပဲ သူအသိစိတ်ပြန်ဝင်လာသောအခါ ထမင်းစားစားပွဲပေါ်မှာ တင်ခံထားရပြီး ရှန်ချီဟွမ်းက ကုလားထိုင်ပေါ်မှာထိုင်နေသည်!

ရှန်းယုဟန်၏ နီရဲနေသော မျက်လုံးများက သူ့အကြည့်ကြောင့် ပိုနီရဲလာပြီး မျက်ရည်များ လှိမ့်ဆင်းလာသည်။

သူ့ကိုသေခွင့်တောင်မပေးဘူး။ လွန်လွန်းတယ်!

ရှန်းယုဟန်က ရှန်ချီဟွမ်းကိုစိတ်ဆိုးနေပြီး ငိုနေရင်း ရူးမိုက်သောစကားပြောလာခဲ့သည်။ “ကျွန်တော်ဘာလုပ်လုပ် ခင်ဗျားနဲ့ဘာဆိုင်လဲ?”

ရှန်းယုဟန်က အခုချိန်မှာ အရမ်းခက်ထန်နေပေမယ့် ရှန်ချွီဟွမ်း၏ အမြင်မှာ သူကတကယ်ကို သနားစရာကောင်းပြီး မခက်ထန်ပဲ စိတ်ဆိုးနေခဲ့သည်။

ယင်းမှာ သူအမှားကြောင့်ဖြစ်တာမို့ နားလည်ပေးလို့ရသည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်ရှေ့တွင် အပြစ်၊ နောင်တ၊ အကြောက်တရားနှင့် တခြားခံစားချက်မျိုးစုံကို ခံစားခဲ့ရပြီး ရှန်းယုဟန်ဆီမှ ခက်ထန်စွာဆက်ဆံခံရပြီးနောက် သူ့စိတ်က မရေရာဖြစ်လာခဲ့သည်။

“ညသန်းခေါင်မှာ ကိုယ့်လက်ကိုလှီးပြီး ဖီးနစ်ခြေသည်းပေါင်း လုပ်မလို့လား? ဖိနပ်လည်းဝတ်မထားဘူး။” ရှန်ချီဟွမ်းက သူ့ကြောင့် ထိတ်လန့်နေပြီး အမူအရာက မညင်သာတော့ပေမယ့် သူ့လေသံကိုလည်း မမာရဲပဲ စိုးရိမ်စိတ်တွေကို ထိန်းချုပ်ဖို့ကြိုးစားလိုက်သည်။ “ရှန်းယုဟန်၊ မင်းငါ့ကိုဒေါသထွက်အောင်လုပ်ချင်ရင်တောင် ကိုယ့်ဘဝကိုယ်တော့ မလှောင်ပြောင်လိုက်နဲ့!”

“ခင်ဗျားကို ဘယ်သူက ဒေါသထွက်အောင်လုပ်နေလို့လဲ.. ခင်ဗျားက ကျွန်တော့်အတွက် ဘာမို့လို့လဲ?” ရှန်းယုဟန်က တစ်ခွန်းပြီးတစ်ခွန်း​ပြောကာ တစ်ညလုံးငိုထားလို့ အသံကအက်ကွဲနေပြီး ကျိန်ဆဲဖို့တောင့်မလုပ်နိုင်ခဲ့ပေ။

ရှန်ချီဟွမ်း: “....” သူက ရှန်းယုဟန်က ထက်​မြက်ပြီး လျှာစောင်းထက်သူဖြစ်ကြောင်း မေ့လုနီးပါးပင်။

လွန်ခဲ့တဲ့တစ်နာရီခွဲက သူတို့နှစ်ယောက် အနာဂတ်မှာ တစ်ယောက်ကိုတစ်ယောက် ဝင်မစွက်ဖက်ကြဖို့ သူပဲပြောခဲ့တာဖြစ်ပြီး ရှန်းယုဟန်က ထိုစကားကို ချက်ချင်းအသုံးပြုခဲ့၍ ပြဿနာမရှိပေ။

ပါးစပ်ပိတ်ဆို့ခံရပြီး စကားမပြောနိုင်တော့သော ရှန်ချီဟွမ်းက ရှန်းယုဟန်ရှေ့မှာ ထိုင်ချလိုက်ပြီး အင်္ကျီလက်နဲ့ မျက်ရည်ကိုသုတ်ပေးလိုက်သည်။ သူ့အသံက ပျော့သွားကာ “မင်းဘာကိုလုပ်ချင်နေတာလဲ?”

ဒါပေါ့၊ ရှန်းယုဟန်က ချီတိုင်းပြည်ကို ပြန်သွားချင်ပြီး အိမ်ပြန်ချင်သည်။ သူက နှာရှုံ့ကာ ပြောလိုက်သည်။ “ကျွန်တော်အိမ်ပြန်ချင်တယ်။ ကျွန်တော်ခင်ဗျားကိုမလိုချင်တော့ဘူး။”

ရှန်ချီဟွမ်းက သူ့ကိုကြည့်လိုက်သည်။ သူ့ကိုမလိုချင်တော့ဘူးဆိုသည့် စကားက သူ့နှလုံးသားကိုနာကျင်စေပေမယ့် ဒီညသူပြောခဲ့သော ရက်စက်သောစကားများနှင့်ယှဥ်လျှင် သူ့ရွေးချယ်မှုက လက်ရှိရလဒ်ကို ဦးတည်ခဲ့ခြင်းဖြစ်ပေသည်။

ထို့အပြင် ရှန်းယုဟန်က အိမ်ပြန်ချင်ပြီး သူ့အိမ်ကလည်းဆုံးသွားတာကို သူ့မှာ အိမ်ဘယ်ရှိနိုင်မလဲ၊ သူဝမ်းနည်းတကြီးငိုနေတာ မအံ့သြတော့ပေ၊ ရှန်ချီဟွမ်း၏နှလုံးသားက မသက်မသာဖြစ်လာပြီး သူက သေချာမစဥ်းစားခဲ့သူဖြစ်၏။

ရှန်ချီဟွမ်း၏လေသံက နောက်တစ်ကြိမ်ထပ်ပျော့သွားသည်။ “ဒါဆိုလည်း မင်းလက်ကောက်ဝတ်ကို ဓားနဲ့လှီးလို့မရဘူး.. မတော်တဆလှီးမိလို့သွေးထွက်လာရင် သေလိမ့်မယ်။”

“ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ဝင်စွက်ဖက်စရာမလိုလို့ ကျွန်တော်သေသေရှင်ရှင် ခင်ဗျားဂရုစိုက်စရာမလိုဘူး။” ရှန်းယုဟန်က သူ့နဲ့ငြင်းခုံလိုက်သည်။

လွန်ခဲ့တဲ့တစ်နာရီခွဲလောက်က သူတို့ရဲ့ အခန်းကဏ္ဍက ပြောင်းပြန်ဖြစ်သွားသည်။

ရှန်ချီဟွမ်းက သက်ပြင်းချလိုက်သည်။ ရှန်းယုဟန် သူ့ကိုဒေါသထွက်အောင်လုပ်ချင်ရင် သူဒေါသထွက်ပြီး စိတ်ပူတာက အောင်မြင်သွားပေမယ့် ဒီလိုပုံစံမျိုးတော့ မဖြစ်ချင်ခဲ့ပေ။

ရှန်းယုဟန်က ရှန်ချီဟွမ်းကို စကားမပြောချင်တော့လို့ ဘေးကိုလှည့်လိုက်သည်။ သူက သူ့ခြေထောက်ကိုခုံပေါ်ဆွဲတင်ကာ သူ့ကိုယ်သူကွေးထားလိုက်သည်။

“ဒီည စကားပြောတာကြမ်းတမ်းသွားပြီး မင်းကိုစိတ်ဆိုးအောင် လုပ်မိတာကိုသိပါတယ်။” ရှန်ချီဟွမ်းက အခြေအနေကိုကယ်တင်ချင်သည်၊ သူက သူ့နဲ့အတူ ရွှေ့လိုက်ချင်ပေမယ့် ရှန်းယုဟန်ရှေ့မှာ ထမင်းစားစားပွဲခံနေ၍ ထိုနေရာထိမရွှေ့နိုင်ခဲ့ပေ။

ရှန်းယုဟန်က သူပြောတာကိုမကြားချင်သယောင် ငှက်ကုလားအုတ်တစ်ကောင်လို နားရွက်ကိုအုပ်ထားလိုက်သည်။

ရှန်ချီဟွမ်းက ခဏလောက် ပြောစရာမရှိဖြစ်သွားပေမယ့် အဲ့ဒါက သူ့အပြစ်သာဖြစ်သည်။

တကယ်တော့ သူပြောခဲ့သည့်စကားများကို နောင်တရခဲ့သည်။ အထူးသဖြင့် ဘေးခန်းမှာ ရှန်းယုဟန်ငိုနေတာကို ကြားရစဥ် သူမနေနိုင်ပဲ သူ့ကိုချော့ပြီးတောင်းပန်ဖို့ ပြေးသွားခဲ့သည်။

သူက ဘာလို့ဒီလိုလုပ်ချင်ခဲ့လဲသိသည်။ ယင်းမှာ ထိုစကားများကို ပြောဖို့ဆုံးဖြတ်ခဲ့လို့ဖြစ်ပြီး တစ်ခါတစ်ရံ တည်ငြိမ်နေတာက သူ့ကိုယ်သူနှိပ်စက်နေသလိုပင်။

ဖြစ်နိုင်တာက သူသည် အခြေအနေအားလုံးကို တူညီသောနည်းဖြင့် မကိုင်တွယ်သင့်ပေ။ သူက သူ့ကိုယ်သူထိန်းချုပ်ခဲ့သလို ရှန်းယုဟန်ကိုလည်း သူ့ဘဝထဲဝင်ခွင့်မပေးခဲ့ချေ။ လွန်ခဲ့သည့်ရက်အနည်းငယ်က ရှန်းယုဟန် သူ့ကို​ကြည့်သောအကြည့်များနှင့် ရှန်အိမ်တော်မှာ သူ့ကိုကာကွယ်ပေးခဲ့သည့်ပုံစံက လျစ်လျူရှုဖို့ခက်ခဲသည်။

ဖြစ်နိုင်တာက သူတို့တစ်ကြိမ်လောက် ကြိုးစားသင့်သည်။ တစ်ယောက်အကြောင်း တစ်ယောက်သိလာဖို့ အခွင့်အရေးပေးသင့်ပြီး တစ်ယောက်ကိုတစ်ယောက် ဝင်စွက်ဖက်တာကို တားဖို့မလိုပေ။

ရှန်းယုဟန်က သူ့ကိုအဖော်ပြုကာ ဘေးခုံမှာထိုင်နေသော ရှန်ချီဟွမ်းကို လျစ်လျူရှုလိုက်သည်။

ယင်းမှာ မျက်နှာရှုံ့မဲ့ပြီး သူ့ခေါင်းသူကိုင်ထားသော ရှန်းယုဟန်က အကြိမ်များစွာချောင်းဆိုးပြီး မရပ်တော့သဖြင့် ရှန်ချီဟွမ်းက တစ်ခုခုမှားနေမှန်း သတိမထားမိခင်အထိဖြစ်၏။

“ရှန်းယုဟန်..မင်းဘာဖြစ်လို့လဲ?”

သူက ရှန်းယုဟန်၏လက်ကောက်ဝတ်ကို လှမ်းထိလိုက်တော့ အေးစက်နေပြီး ရေခဲလိုအေးစက်နေသော ခြေထောက်ကိုလည်း လှမ်းထိလိုက်သည်။

ရှန်ချီဟွမ်းက သူစိတ်ဆိုးနေတာကို ဂရုမစိုက်ပဲ ချောင်းဆိုတာရပ်သွားတော့ အပေါ်ကို ပွေ့ချီလာခဲ့သည်။

ရှန်းယုဟန်၏ခန္ဓာကိုယ်က ရုတ်တရက်လေထဲမြှောက်သွားပြီး သူက ရှန်ချီဟွမ်း၏ လည်ပင်းကို တင်းတင်းဖက်ထားသည်။ “ခင်ဗျားဘာလုပ်နေတာလဲ?”

ရှန်ချီဟွမ်းက ငိုနေသောမျက်နှာကို တစ်ချက်ကြည့်ပြီး သူ့နှလုံးသားက တင်းမာသွားသည်။ “အခန်းထဲပြန်သွားပြီး မင်းခန္ဓာကိုယ်ကိုလှောင်မလို့လေ၊ ဆိုးကျိုးက ကောင်းကျိုးထက်ပိုများနေတယ်။” ပထမတစ်ခွန်းက ရှန်းယုဟန်ကိုပြောနေတာဖြစ်ပြီး နောက်တစ်ခွန်းက သူ့ကိုယ်သူပြောနေတာဖြစ်သည်။ ယင်းမှာ တစ်ခုခုကို ကြိုးစားလုပ်ဆောင်ပြီးမှ နှစ်ဆဆုံးရှုံးသလိုပင်။

“မင်းပြန်သွားချင်ရင် ကိုယ့်ဘာကိုယ်ထသွား” ရှန်းယုဟန်က သူ့ကို နီရဲသောမျက်လုံးများနှင့် စိုက်ကြည့်လိုက်သည်။ “အောက်ချပေး၊ အဟွတ်” ထိုချောင်းဆိုးခြင်းက အရှိန်အဟုန်အားလုံးကို ဖယ်ရှားပစ်လိုက်သည်။

ဒါပေါ့.. ရှန်ချီဟွမ်းက သူ့စကားကိုလျစ်လျူရှုပြီး သူက ပါးလွှာသောညဝတ်အင်္ကျီကို ဝတ်ထားကာ လက်နှင့်ခြေက အေးစက်နေပြီး ချောင်းဆိုးနေဆဲပင်။ ဒါတွေက ရောဂါလက္ခဏာဖြစ်ပြီး သူက ရှန်းယုဟန် အောက်ထပ်မှာ အေးခဲသွားမှာကိုမလိုလားချေ။

ရှန်းယုဟန်ကလည်း ပေါ့ပါးသဖြင့် သူ့ကိုအပေါ်သယ်သွားဖို့ အားထုတ်စရာမလိုပေ။

ရှန်းယုဟန်က စိတ်ဆိုးနေပြီး သူ့ခင်ပွန်း၏လက်မောင်းက သန်မာလို့ သူ့ကို တတိယထပ်ထိ သယ်နိုင်တာလို့တွေးနေသည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်အား သူတို့မင်္ဂလာအခန်းသို့ မသယ်သွားပဲ သူ့အခန်းကိုခေါ်သွားခဲ့သည်။ ရှန်းယုဟန်က သူ့စောင်ကို မျက်ရည်များနှင့်စိုရွှဲအောင် လုပ်ထားမယ်ဆိုတာကို သူသိ၍ဖြစ်သည်။ ထို့အပြင် အခန်းထဲက ပြတင်းပေါက်က မပိတ်ထားပဲ အကျယ်ကြီးဖွင့်ထား၍ နွေးထွေးမှုလုံးဝမရှိချေ။

ရှန်းယုဟန်၏ တစ်ကိုယ်လုံးက မသက်မသာဖြစ်လာပြီး သူစိတ်ငြိမ်သွားစဥ် ခေါင်းမူလာကာ လည်ချောင်းခြောက်ပြီး မျက်လုံး၊နှာခေါင်းနှင့် လည်ချောင်းက နာကျင်လာသည်။

ရှန်ချီဟွမ်းက သူ့ကို စောင်ထဲဆွဲသွင်းထားပြီး သူ့လှုပ်ရှားမှုများက ညင်သာနေသည်။

ရှန်ချီဟွမ်းက သဘက်နွေးနွေးလေးကိုယူရန် ရေချိုးခန်းသို့သွားခဲ့သည်။ “မင်းမျက်နှာကိုသုတ်လိုက်။”

ရှန်းယုဟန်က စိတ်ပျက်အားငယ်စွာ သူ့မျက်နှာကိုသုတ်လိုက်ပြီး ရှန်ချီဟွမ်းကို သဘက်ပြန်ပေးကာ မျက်နှာလွှဲလိုက်သည်။

ရှန်ချီဟွမ်းက စိတ်မဆိုးပဲ သဘက်ကိုပြန်လျှော်ဖို့ ရေချိုးခန်းကိုသွားကာ အပြင်ထွက်လာတော့ စောင်ကိုမကာ ပြောလိုက်သည်။ “မင်းခြေထောက်ကိုဆန့်လိုက်။”

ရှန်းယုဟန်က စောင်ကိုဆွဲလိုက်ပြီး ခြေထောက်ကိုနောက်ဆုတ်ကာ ရှန်ချီဟွမ်းကိုကြည့်လိုက်သည်။ “မဆန့်ဘူး” သူက တခြားသူများကို ပေါ့ပေါ့တန်တန် ခြေထောက်မပြချင်ပေ။

ရှန်ချီဟွမ်းက ရွေးချယ်စရာမရှိပဲ ခြေထောက်ကို သူ့ဘာသူဆွဲထုတ်ဖို့ ဆုံးဖြတ်လိုက်သည်။ ရှန်းယုဟန်၏ ခြေထောက်က ရှန်ချီဟွမ်း၏လက်လောက်တောင် မသန်မာပဲ ခဏရုန်းကန်ပြီးနောက် အရှုံးပေးလိုက်သည်။ ထိုအချိန် သူက ဒေါသထွက်လာပြီး ရှန်ချီဟွမ်းက သူ့ခြေထောက်ကို သဘက်နွေးနွေးဖြင့် သန့်ရှင်းပေးနေကာ အိပ်ရာထဲပြန်မသွင်းခင် စောင်ပြန်ခြုံပေးလိုက်သည်။

ရှန်းယုဟန်က စောင်ကို မျက်နှာနားထိဆွဲကာ အုပ်ထားလိုက်သည်။ သူကရှက်သွေးဖြာကာ ဒေါသကြောင့်လား အရှက်ရမှုကြောင့်လား မသဲကွဲတော့ပေ။

စိတ်ပျက်စရာပဲ.. ခြေထောက်ကိုမထိဖို့ပြောတာတောင် ထိရဲသေးတယ်!

“စောင်ကိုဖိပြီး ခေါင်းကိုမြှုပ်မထားနဲ့။” ရှန်ချီဟွမ်းက ရေချိုးခန်းထဲက ထွက်လာပြီး သူ့လက်ကို ရှန်းယုဟန်၏နဖူးပေါ်တင်လိုက်သည်။ ကံကောင်းစွာပင် အဖျားမရှိသဖြင့် သူက ရှန်းယုဟန်ကိုပြောလိုက်သည်။ “မင်းမအိပ်ခင် ငါပြန်လာတာကိုစောင့်နေပါ။”

ရှန်းယုဟန်က သူ့နှာခေါင်းအောက်က စောင်ကိုဆွဲကာ သူအပြင်သွားမှာကိုတွေ့တော့ မှုန်ကုပ်ကုပ်မေးလိုက်သည်။ “ဘယ်သွားနေတာလဲ?”

“အောက်ထပ်သွားပြီး မအိပ်ခင်သောက်ဖို့ ဆေးဖျော်ပေးမလို့” ရှန်ချီဟွမ်းက သူအခန်းထဲကထွက်သွားတာနဲ့ ရလဒ်အတွက် တာဝန်ယူရမည်ကိုသိသည်။ သူဘာလို့ဒါကို ခံစားနေရတာလဲ…မဟုတ်ဘူး.. ဒါက သူစိုက်ပျိုးတာကို ရိပ်သိမ်းနေရတာပဲ..

“အို” ရှန်းယုဟန်က စောင်ကို သူ့လက်ထဲမှာကိုင်ထားပြီး ရှန်ချီဟွမ်းထွက်သွားတာကို ကြည့်နေသည်။

ဒီညမှာ သူက ခင်ပွန်းဖြစ်သူ အိပ်လေ့ရှိသော အိပ်ခန်းထဲကို ဒုတိယအကြိမ်ဝင်ခဲ့ပြီး ကုတင်က သူတို့နှစ်ယောက်အိပ်သော ကုတင်ထက် အများကြီးကျယ်ဝန်းသည်။

သူက ရှန်ချီဟွမ်း ခြေထောက်ဆေးပေးခဲ့တာကို အရင်တွေးပြီး ရှန်ချီဟွမ်းပြောခဲ့သော ရူးမိုက်သောစကားများကို ပြန်တွေးမိသွားပြီး အနည်းငယ်ရှုပ်ထွေးသွားကာ သူ့စိတ်က အတွေးပေါင်းစုံဖြတ်ပြေးနေပေမယ့် ရှန်ချီဟွမ်းကိုစိတ်ဆိုးနေဆဲပင်။

သိပ်မကြာခင်မှာ ရှန်ချီဟွမ်းပြန်ရောက်လာပြီး တရုတ်ဆေးတစ်ခွက် ယူလာခဲ့သည်။

ရှန်ချီဟွမ်းက သူ့ကိုထပြီး ဆေးသောက်ဖို့ပြောလိုက်သည်။ “ထပြီးအရင်သောက်လိုက်။”

ခွက်က ဖောက်ထွင်းမြင်နေရပြီး ရှန်းယုဟန်က ဆေးမဲကြီးကိုတွေ့တော့ နောက်ပြန်ဆုတ်ကာ မသောက်ချင်တော့ပေ။ “ခါးတယ်။”

ရှန်ချီဟွမ်းက တစ်ငုံအရင်သောက်ပြလိုက်သည်။ “မခါးပါဘူး။ ချိုတယ်။”

ရှန်းယုဟန်က ယုံသွားပြီး ယူသောက်လိုက်သည်။ တစ်ငုံသောက်ပြီးနောက် မခါးတာကိုသိသွားပြီး တစ်ကျိုက်တည်းအပြီးသောက်လိုက်ပြီးမှ ပြန်လှဲလိုက်သည်။

ရန်လည်းဖြစ်ပြီး ဆေးလည်းသောက်ပြီးကာ ညက နောက်ကျနေပြီ။

သတိထားစရာဘာမှမကျန်တော့ကြောင်း သေချာသွားမှ ရှန်ချီဟွမ်းက ကုတင်ပေါ်မှာ ပြန်လှဲလိုက်သည်။

သူက ရှန်းယုဟန်ကိုမေးလိုက်သည်။ “မင်းအိပ်နေပြီလား? ညသန်းခေါင်မှာ မသက်သာရင် ခေါ်လိုက်ပါ။”

ရှန်းယုဟန်က သူ့ကိုမဖြေပေ၊ ရှန်ချီဟွမ်းက အဖြေမရပဲ ခဏစောင့်နေပြီး မီးမပိတ်ခင် သူ့မျက်နှာကို အကြိမ်များစွာကြည့်ကာ အဆင်ပြေလား အတည်ပြုလိုက်သည်။

မီးပိတ်သွားတော့ သူက ရှန်းယုဟန်ကို နှာခေါင်းဖြင့် ပွတ်သပ်လိုက်ပြီး နဖူးကိုနမ်းကာ ကွဲအက်နေသောအသံ​ဖြင့် တိုးတိုးလေးပြောလိုက်သည်။ “တောင်းပန်ပါတယ်။ မင်းကိုအဲ့လိုမပြောခဲ့သင့်ဘူး။” သူက ခဏရပ်ကာ ခက်ခက်ခဲခဲပြောလိုက်ရသည်။ “မင်းကိုယ့်ကိုလိုချင်သေးတယ်မလား?”

ရှန်းယုဟန်က လုံးဝအိပ်မနေပဲ ရှန်ချီဟွမ်း၏ အနမ်းခံလိုက်ရပြီးနောက် ခဏလောက်သည်းခံကာ တိတ်တဆိတ်လှည့်ပြီး မျက်နှာကိုစောင်နှင့်အုပ်ထားလိုက်သည်။

ယောကျာ်းက ဉာဏ်နီဉာဏ်နက်များလိုက်တာ၊ ဒီလိုအချိန်မှာ တကယ်လာနမ်းရတယ်လို့!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment