no

Font
Theme

Chapter 54.1

“ကြမ်းတမ်းသော်လည်း ချစ်စရာကောင်းသောဇနီး”

ရှန်းယုဟန်က သူ့မျက်နှာပေါ်က တွဲလောင်းကျနေသော မျက်ရည်စက်များဖြင့် ခေါင်းမော့လိုက်တော့ သူ့မျက်လုံးများက စိုစွတ်နေဆဲဖြစ်ပြီး ကုတင်ပေါ်မှာ လဲလျောင်းနေသော ရှန်ချီဟွမ်းထက်ပင် ပိုသနားစရာကောင်းနေသည်။

သူက သူ့မျက်နှာကို ဘယ်လက်နဲ့ညာလက် တစ်ပြိုင်တည်းသုံးကာ သုတ်ပစ်လိုက်ပြီး ခဏလောက် ဘယ်လိုအမူအရာကိုသုံးရမလဲ မသိခဲ့ပေ။ ခဏလောက် နှေးကွေးစွာလှုပ်ရှားပြီးမှ ပြောလိုက်သည်။ “ယောကျာ်း၊ ခင်ဗျား…. ခင်ဗျားသတိရလာပြီလား?”

“အွန်း၊ ခေါင်းနည်းနည်းနာနေသေးတယ်။” ရှန်ချီဟွမ်းက သူဘယ်လောက်ထိအိပ်ခဲ့တာလဲမသိသဖြင့် သူ့လည်ချောင်းက ခြောက်သွေ့အက်ကွဲနေပြီး အသံဝင်နေသည်။

ရှန်းယုဟန်က အနည်းငယ်အံ့သြသွားသည်။ “ကျွန်တော်ဆရာဝန်သွားခေါ်လိုက်မယ်။”

သူစကားပြောပြီး အပြင်ထွက်ခါနီးမှာ ခုံကိုတိုက်မိလုနီးပါးဖြစ်ပြီး ရှန်ချီဟွမ်းက စိုးရိမ်နေသော သူ့အပြုအမူကြောင့် ရယ်မောမိသွားသည်။

“ရှန်းယုဟန်၊ သွားစရာမလိုပါဘူး။ ကုတင်ဘေးမှာ ဖုန်းခေါ်ခေါင်းလောင်းရှိတယ်။ မင်းနှိပ်လိုက်ရင် နောက်မှ တစ်ယောက်ယောက် ရောက်လာလိမ့်မယ်။” ရှန်ချီဟွမ်းက နောက်ဆုံးမှာ သူ့အသံကို​ ပြန်ရသွားကာ ပြောလိုက်သည်။ “ငါ့ကို ရေတစ်ခွက်ပေးပါ။”

ရှန်းယုဟန်က ယခုလေးတင် ထိတ်လန့်တုန်လှုပ်ကာ ​ပူဆွေးနေပြီး သူ့ခင်ပွန်းက ရုတ်တရက်နိုးလာပြီး သူ့ကိုအံ့သြစေခဲ့တာကြောင့် ဘာလုပ်ရမလဲမသိခဲ့ပေ။ သူအရင်က ရှန်းမိသားစုနဲ့ အတူရှိခဲ့တာ​ကြောင့် သူ့အဘွားဖျားသည့်အခါ ဘယ်လိုဂရုစိုက်ရမလဲသိသည်။

သူက ရှန်ချီဟွမ်းကို စေ့စေ့စပ်စပ်ကြည့်နေပြီး သူ့မျက်နှာက အနည်းငယ်နီရဲနေသော်လည်း သူသတိရလာတာကို နောက်တစ်​ကြိမ်အတည်ပြုလိုက်သည်။ ကံကောင်းစွာပင် သူ့ခင်ပွန်းက အသက်ရှင်နေပြီး သူကတော့ သေအောင်ကြောက်သွားခဲ့သည်။

ရှန်ချီဟွမ်း၏သတိပေးချက်ကြောင့် ရှန်းယုဟန်က ကုတင်ဘေးက လူခေါ်ခေါင်းလောင်းကိုနှိပ်ကာ ဖိလိုက်ပြီး အလင်းရောင်တစ်ခုကျလာပြီး​နောက် ရှန်ချီဟွမ်းအတွက် ရေထည့်ပေးဖို့သွားခဲ့သည်။

သူက ရှန်ချီဟွမ်း၏ပါးစပ်ထဲမှာ ရေအနည်းငယ်တိုက်ကျွေးလိုက်ပြီး စက္ကူခွက်ထဲကရေက အမြန်ကုန်သွားခဲ့သည်။

ရှန်းယုဟန်က သူရေဆာနေသေးလား စိုးရိမ်နေသည်။ “ယောကျာ်း၊ ခင်ဗျားရေသောက်ချင်သေးလား?”

ရှန်ချီဟွမ်းက ပြောလိုက်သည်။ “အခုမသောက်သေးဘူး။” သူ့ခေါင်းက အနည်းငယ်မူးဝေနာကျင်နေပြီး လှုပ်ရှားလိုက်တာနဲ့ မအီမသာဖြစ်လာပေမယ့် သူက ရှန်းယုဟန် အတွေးလွန်မှာကို စိုးရိမ်နေတာကြောင့် သိသိသာသာ ထုတ်မပြခဲ့ပေ။ “မင်းဘာလို့ဒီရောက်နေတာလဲ? မင်းကို မပြောဖို့ ရှန်ချီရှင်းကို ငါမှာထားခဲ့တာလေ။”

ရှန်းယုဟန်က ကုလားထိုင်ပေါ်မှာထိုင်ပြီး သူ့လက်ကိုတင်းတင်းဆုပ်ကာ ပြောလိုက်သည်။ “ယောက်ဖက ဒီမနက် Hot Searchကို မကြည့်ဖို့ပြောခဲ့တယ်။ ကျွန်တော်သွားစစ်ကြည့်တော့ ခင်ဗျား ကားမတော်တဆမှုဖြစ်တာကို တွေခဲ့ပြီး ကျွန်တော်အရမ်းကြောက်သွားလို့ ဒီကိုတစ်ယောက်တည်းလာခဲ့တာ။”

သူတို့လက်ထပ်ပြီးကတည်းက ရှန်ချီဟွမ်းက ရှန်းယုဟန် ကျန်းချန်မှ ထွက်ခွာတာကို မမြင်ဖူးခဲ့ပေ။ သူတစ်ယောက်တည်း လေယာဥ်စီးလာတာကိုကြား​တော့ သူက မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။

ရှန်ချီဟွမ်းက သူ၏အေးစက်နေသောလက်ကို ခါယမ်းကာ ပြောလိုက်သည်။ “မင်းဒီမနက်ထွက်လာတာလား? ဒီကိုရောက်ဖို့ အချိန်တော်တော်ယူခဲ့ရမှာပေါ့။” သူ့လည်ချောင်းက ရေသောက်ထားလို့ စိုစွတ်နေပြီး အခု သက်တောင့်သက်သာပိုရှိလာကာ သဘာဝပိုဆန်လာသည်။

“သိပ်မကြာပါဘူး။ ကျွန်တော်ရောက်တာမကြာသေးဘူး။ ​ရောက်တော့ ခင်ဗျားသတိရလာတာပဲ။” ရှန်းယုဟန်က သူ့နှုတ်ခမ်းကိုဖိလိုက်ပြီး သူ့မျက်လုံးများမှာ နာကျင်မှုအရိပ်အမြွက်ရှိနေသည်။ “ယောကျာ်း၊ ခင်ဗျား ဒဏ်ရာရခဲ့တာကို ကျွန်တော့်ကို ဘာလို့မပြောပြခဲ့တာလဲ? ကျွန်တော် ခင်ဗျားနဲ့ ဗီဒီယိုကောလ်မပြောရလို့ စိတ်မကောင်းဖြစ်နေတာ။”

“မင်းသိသွားရင် ပိုဝမ်းနည်းသွားမှာကို ကြောက်လို့ပါ။” ရှန်ချီဟွမ်းက သူမေ့မျောသွားတာကို မပြောဖို့လည်း မှာခဲ့သည်။ အကြောင်းမှာ သူအရမ်းငိုပြီး အသက်ရှူမဝဖြစ်မှာစိုးလို့ပင်။ “နောက်တစ်ခါ ဒီလိုမဖြစ်စေရပါဘူး။”

“ခင်ဗျားက နောက်တစ်ခါဖြစ်ချင်သေးတာလား?” ရှန်းယုဟန်၏မျက်လုံးများက ရုတ်တရက် ပြင်းထန်လာပြီး သူ့ကိုစိုက်ကြည့်ကာ နောက်ဆုံးတစ်ကြိမ် သူ့လက်ဖဝါး ဒဏ်ရာရတုန်းက သူ့ခင်ပွန်းက သူ့ကို ဒီလိုစကားမျိုးပြောခဲ့ဖူးသည်။

ရှန်းယုဟန်က ကြမ်းတမ်းသော်လည်း ချစ်စရာကောင်းနေသည်။ ယင်းမှာ ရှန်ချီဟွမ်းကို ရယ်မောစေပြီး သူက သူ့ဇနီး၏အမူအရာကို မြင်သောအခါ သူ့နဖူးပေါ်က ဒဏ်ရာက သိပ်မနာတော့ပေ။

ရှန်ချီဟွမ်းက သူ့စကားကိုနာခံကာ ပြောလိုက်သည်။ “နောက်တစ်ကြိမ်ဆိုတာ မရှိစေရပါဘူး။”

သိပ်မကြာခင်မှာ ဒေါက်တာရောက်လာခဲ့ပြီး ရှန်းယုဟန်က ဒေါက်တာစစ်ဆေးနိုင်ဖို့ နေရာရွှေ့ပေးလိုက်သည်။

ဒေါက်တာက ရှန်ချီဟွမ်းကို မေးခွန်းအနည်းငယ်မေးပြီးနောက် ရှန်ချီဟွမ်းက ခေါင်းကိုက်နေသဖြင့် အထဲမှာဒဏ်ရာရှိနိုင်လောက်တယ်လို့ ပြောလာသည်။ နာကျင်မှုက ရှောင်လွှဲမရပဲ မူးဝေခြင်းနှင့် ပျို့အန်ခြင်းက ထိခိုက်မှုပြင်းထန်ခြင်း၏ လက္ခဏာဖြစ်ပြီး သူ့ကို များများအနားယူဖို့နှင့် စောင့်ကြည့်စစ်ဆေးရန် ဆေးရုံမှာနေဖို့ပြောခဲ့သည်။

ကျိုးသွားသောဘယ်လက်နှင့်ယှဥ်ရင် ​ဦးခေါင်းက ပို၍အရေးကြီးသည်။

ရှန်ချီဟွမ်း ဆေးရုံမှာမနေချင်ပေ။ “ဒေါက်တာ…. ကျွန်တော်ဘယ်လောက်ကြာအောင် နေရမှာလဲ?”

ဒေါက်တာက မှတ်စုစာအုပ်မှာ တစ်ခုခုကို အမူအရာမဲ့စွာ ရေးသားနေရင်း ပြောလိုက်သည်။ “သုံးငါးရက်လောက်လိုပါတယ်။ ဒါပေမယ့် မင်းရဲ့အခြေအနေပေါ်မှာ မူတည်တယ်။ မင်းပိုသက်သာလာရင် သုံးရက်အတွင်း ဆေးရုံဆင်းလို့ရပြီး မသက်သာရင်တော့ တစ်ပတ်လောက်ကြာနိုင်ပါတယ်။”

“ဆေးရုံက စောစောဆင်းနိုင်ဖို့ နည်းလမ်းရှိလား?” ရှန်ချီဟွမ်းက ထပ်မေးလိုက်သည်။

“ယောကျာ်း၊ ဆရာဝန်စကားနား​ထောင်ပြီး ဒဏ်ရာကို ဂရုစိုက်လိုက်ပါ။” ရှန်းယုဟန်က တစ်ခုခုပြောလိုက်ရသည်။ သူ့ခင်ပွန်းက ဆေးရုံအမြန်ဆုံးဆင်ချင်တာကို သူခံစားမိသည်။

ဒေါက်တာက ရှန်းယုဟန်ကို ကြည့်လိုက်သည်။ “မိသားစုဝင်လား? သူ့ကိုအကြံပေးလိုက်ပါ။ သူပြန်မကောင်းရင် စိတ်လွတ်ကိုယ်လွတ် ဘယ်လိုလှုပ်ရှားနိုင်မှာလဲ?”

ဆရာဝန်ကောင်းတစ်ယောက်က လေးစားမှုနဲ့ထိုက်တန်သည်။ ရှန်းယုဟန်က ခေါင်းညိတ်ပြသည်။ “ဒေါက်တာ၊ သူ့ကောင်းကောင်းကုသနိုင်စေဖို့ ကျွန်တော်စောင့်ကြည့်နေပါမယ်။”

“အင်း၊ မင်း အခုမှသတိရလာတာဆိုတော့ အရည်နည်းနည်းစားပြီး အရင်အနားယူလိုက်ပါ။ အချိန်မှန်ဆေးထိုးဆေးသောက်ပြီး တစ်ခုခုလိုရင် ငါ့ကိုခေါ်လိုက်ပါ။” ဆရာဝန်က နာခံမှုမရှိသော လူနာကို ပြောပြီးတာနဲ့ ထွက်သွားခဲ့သည်။

ရှန်းယုဟန်က တံခါးမပိတ်ခင် ဒေါက်တာနဲ့ သူနာပြုများ ထွက်သွားတာကို ကြည့်လိုက်ပြီး ထိုအချိန်မှာ ရှန်ချီရှင်းနှင့် ကျော့ရုံက နေ့လည်စာဘူးနဲ့ ရောက်လာခဲ့သည်။

သူက လူနာဆောင်မှာ ဒေါက်တာထွက်လာတာတွေ့တော့ တစ်ခုခုဖြစ်ခဲ့တယ်ထင်သွားပေမယ့် သူ့တတိယအစ်ကို နိုးနေတာကို တွေ့လိုက်ရ၏။

ရှန်ချီရှင်း၏ ပထမဆုံးတုံ့ပြန်မှုက ရှန်းယုဟန်ကိုကြည့်ကာ သက်ပြင်းချခြင်းဖြစ်သည်။ “မရီး၊ ခင်ဗျားက တတိယအစ်ကိုရဲ့ အံ့ဖွယ်ဆေးဆိုတာကို ကျွန်တော်သိသားပဲ။ ပထမရက်တည်းက ခေါ်ခဲ့သင့်တာ။ သူက ခင်ဗျားရောက်လာတာနဲ့ နိုးလာတာပဲ။”

ရှန်ချီဟွမ်းက ရင်ထဲကနေပြောလိုက်သည်။ သူက ရောက်လာတာနဲ့ငိုနေလို့ သူ့ငိုသံကြောင့် ငါနိုးလာတာကွ!

သို့သော် ထိုစကားကို သူဘယ်လိုပြောရဲမှာလဲ၊ သူက သူ့ဇနီးလေး၏ ကြမ်းတမ်းပြီးချစ်ဖို့ကောင်းသောပုံစံကို ယခုလေးတင်မြင်ခဲ့ရပြီး စိတ်ဆိုးဖို့က မဖြစ်နိုင်တော့ပေ။ ရှန်းယုဟန်က သူ့ကိုနှိပ်စက်ဖို့ ဆရာဝန်နဲ့​တောင် ပူးပေါင်းခဲ့ပြီး သူမူးဝေနေသေးတာတောင် အဆူခံလိုက်ရသည်။ ရှန်ချီဟွမ်းက သူ့ကိုယ်သူ နှိမ့်ချတတ်တယ်လို့ ခံစားလိုက်ရ၏။

ရှန်းယုဟန်က ရှန်ချီရှင်း၏စကားကို စိတ်မဆိုးပဲမနေနိုင်ပေ။ “သူက ဒီလိုဒဏ်ရာရနေတာကို မင်းငါ့ကိုဘာလို့မ​ပြောခဲ့တာလဲ၊ ​ယောက်ဖ….မင်းက ဒဏ်ရာရထားတဲ့သူရဲ့စကားကို ဘယ်လိုနား​ထောင်နိုင်တာလဲ။ သူတစ်ခုခုဖြစ်သွားရင်…ဖက်ဖက်ဖက်… မဖြစ်ပါဘူး။ ငါပြောချင်တာက မင်းတို့တွေ အနာဂတ်မှာ ငါ့ကိုဘာမှဖုံးကွယ်ထားခွင့်မရှိဘူး!” သူက သူ့ခေါင်းကိုလှည့်ကာ ရှန်ချီဟွမ်းကို​ကြည့်လိုက်တော့ သူ့ခင်ပွန်းက သူ့ကိုတည့်တိုးစိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ “ကျွန်တော်ပြောတာမှားလို့လား?”

ရှန်ချီဟွမ်းက အပြုံးတစ်ခုကို အတင်းတပ်ဆင်လိုက်ရပြီး “ဟုတ်တယ်၊ ဟုတ်တယ်။ မင်းပြောသမျှမှန်တယ်။ မှားတာကိုယ်ပါ။”

ရှန်ချီရှင်းက ရှန်းယုဟန်ဆီက အဆူခံရသောအခါ ခဏတာအံ့အားသင့်သွားပြီး သူ့မရီးက ပုံမှန်ဆိုရင် နူးနူးညံ့ညံ့ ပြောတတ်သူဖြစ်ပေမယ့် သူစိတ်ဆိုးသောအခါ အတော်​လေးကြောက်စရာကောင်းသည်။

သူက ချက်ချင်း ခေါင်းစဥ်ပြောင်းလိုက်သည်။ “နောက်တစ်ခါ ကျွန်တော် တတိယအစ်ကိုအတွက် လုံးဝဖုံးဖိမပေးတော့ဘူး။ မရီး…. နေ့လည်စာစားလိုက်ဦး”

ရှန်ချီဟွမ်းက သူ့ညီလေး ဒီတစ်ခါတော်တယ်လို့ ခံစားလိုက်ရသည်။ “ရှန်းယုဟန်၊ မြန်မြန်စားတော့။ မင်း ကောင်းကောင်းစားမှ ငါ့ကိုဂရုစိုက်နိုင်မှာပေါ့။”

“ဘယ်သူက ခင်ဗျားကိုဂရုစိုက်မှာလဲ?” ရှန်းယုဟန်က အပြောတခြား အဓိပ္ပါယ်တခြားဖြစ်သော ရှန်ချီဟွမ်း၏စကားကြောင့် ဒေါသထွက်သွားသည်။ “ခင်ဗျားက ဒေါက်တာရဲ့စကားကို အခုထိနားမထောင်ဘူးပဲ။”

“ကိုယ်နားထောင်ပါတယ်၊ မင်းမြန်မြန်စားပါ။” ရှန်ချီဟွမ်းက သူစိတ်ဆိုးမှာကို တကယ်ကြောက်နေသည်။ “ကိုယ်ကမင်းပြောတာလည်း နားထောင်မှာပါ။”

ရှန်ချီဟွမ်းက သူ့တတိယအစ်ကို အလျော့ပေးတာကို မြင်ရတာရှား၏။ သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ သူ့မရီးက တကယ်ကိုအံ့သြစရာကောင်းသည်။ သူ့တတိယအစ်ကို၏ မယား​ကြောက်မျက်နှာကို ပုံမှန်ဆိုရင် မြင်နိုင်မှာမဟုတ်ပေ။

ရှန်းယုဟန်က သူ့ဆီက အာမခံချက်ရပြီးမှ ထမင်းစားလိုက်ပြီး သူက ရှန်ချီဟွမ်းက အရည်သာစားနိုင်ကြောင်း ရှန်ချီရှင်းကိုပြောပြလိုက်၏။

ကျော့ရုံက သဘောပေါက်သွားပြီး သူ အောက်ဆင်းပြီး သွားဝယ်လိုက်မယ်လို့ ချက်ချင်းပြောခဲ့ကာ သူတို့သုံးယောက်ကို အေးအေးဆေးဆေး စကားပြောခွင့်ပေးလိုက်သည်။

ရှန်းယုဟန်က လေယာဥ်ပေါ်မှာ ဘာမှမစားခဲ့ပေမယ့် ယခု သူက သူ့ခင်ပွန်း ထိခိုက်မိထားသော်လည်း အသက်ရှင်နေကာ ပြန်ကောင်းလာတာကိုတွေ့တော့ သူက စားသောက်ချင်စိတ်ပြန်ဖြစ်လာသည်။ ရှန်ချီရှင်းယူလာသော အစားအစာက အေးသွားပေမယ့် အရသာရှိသည်။ သူက စိတ်ကြည်နေပြီး ဗိုက်ဆာနေကာ အစားအသောက်မဖြုန်းတီးချင်တာကြောင့် ကုန်အောင်စားလိုက်သည်။

ရှန်ချီဟွမ်းက ယခုလေးတင်နိုးလာပြီး စကားပြောသည့်အခါ မူးဝေလာတာ​ကြောင့် သူက ရှန်းယုဟန်၏ စားသောက်နေသောပုံစံကိုသာ ကြည့်နေသည်။ ရှန်ချီရှင်းက သူ့ကိုစကားပြောချင်ပေမယ့် ရေခပ်ဖို့ အခိုင်းခံရတာကြောင့် ရှန်းယုဟန်က စားသောက်ပြီးသောအခါ ရှန်ချီဟွမ်းက သူ့ဆီးအိမ်က ရေသောက်များလို့ ဖောင်းလာ​ကြောင်း တွေ့လိုက်ရသည်။

ရှန်ချီရှင်းက သူ့ကို ကုတင်ပေါ်ကထဖို့ ကူပေးပြီး ရှန်းယုဟန်က ခေတ်သစ်ဆေးရုံကုတင်မှာ ဒီလိုလုပ်ဆောင်ချက်မျိုးပါတာကို အံ့အားသင့်သွား၏။ အရမ်းမိုက်တာပဲ!

ရှန်းယုဟန်က ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်း၊ ကူညီပေးပါရစေ”

“မင်းပဲကူညီတော့” ရှန်ချီဟွမ်းက ခေါင်းကိုက်တာကိုသည်းခံကာ ပြောလိုက်သည်။

ဘေးကနေ နား​ထောင်နေသော ရှန်ချီရှင်းက မကျေမနပ်ရေရွတ်လိုက်သည်။ “ကျွန်တော်က ဘာလို့ကူလို့မရတာလဲ၊ ကျွန်တော်က တတိယအစ်ကိုရဲ့ညီပါ။”

ရှန်ချီဟွမ်းက သူ့ညီကို ကန်ထုတ်ပစ်ချင်နေသည်။ “အမှိုက်သွားပစ်စမ်း၊ မင်းမရီးက အမှိုက်ပုံးရှိတဲ့နေရာကို မသိဘူး။”

ရှန်ချီရှင်းက ခေါင်းကုတ်ကာ အမှိုက်ပစ်ဖို့ ထွက်သွားပြီး သူ့တတိယအစ်ကိုက အားနည်းနေတာကြောင့် သူ့စကားနားထောင်သင့်တယ်လို့ တွေးလိုက်သည်။

အဆင့်မြင့်လူနာဆောင်ရှိ ရေချိုးခန်းက အလွန်သန့်ရှင်းပြီး ဆေးရုံ၏ သီးသန့်ပိုးသတ်ဆေးအနံ့ကိုရပေမယ့် သန့်ရှင်းနေဆဲဖြစ်သည်။

ရှန်းယုဟန်နှင့်ရှန်ချီဟွမ်းက ရုပ်ပိုင်းဆိုင်ရာရင်းနှီးခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် အလွန်ရိုးသားကြသော်လည်း သူက သူ့ခင်ပွန်းကိုတော့ အဝတ်အစာ​ကူမချွတ်ပေးဖူးချေ။

သူက ရှက်နေပြီး သူ့ခေါင်းက တစ်ဝက်အောက်စိုက်နေကာ ရှန်ချီဟွမ်းကို တိုက်ရိုက်စိုက်ကြည့်ဖို့ သတ္တိမရှိပဲ သူ့အသံကလည်း အနည်းငယ်ကျဆင်းသွားသည်။

ရှန်းယုဟန်က တိုးတိုးလေးမေးလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်ဘာလုပ်ရမလဲ?”

ရှန်ချီဟွမ်းက ရှန်းယုဟန်၏နားရွက်တွေနီလာတာကို ဘယ်လိုလုပ်မမြင်နိုင်မှာလဲ၊ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ခါးက ခါးပတ်ကူချွတ်ပေး။”

“အို” ရှန်းယုဟန်က နာနာခံခံ သူ့ကိုခါးပတ်ကူချွတ်ပေးပြီး ခေါင်းမော့လိုက်သည်။ “ဒီလိုဆိုရပြီလား?”

ရှန်ချီဟွမ်းက အားမရှိသလိုပြောလိုက်သည်။ “ငါအားမရှိလို့ အောက်နည်းနည်းဆွဲချပေးပါ။”

ရှန်းယုဟန်က သူပြောသလိုလုပ်ဖို့ကလွဲ၍ ရွေးချယ်စရာမရှိပေ။ သူက မော့မကြည့်ရဲပဲ သူ့နားရွက်တွေနီလာရုံမကပဲ သူ့မျက်နှာကလည်း နီရဲတွတ်နေပြီး သူက ရှန်ချီဟွမ်း ဆေးရုံဂါဝန်ကို မနိုင်ရန် လက်တစ်ဖက်ဖြင့်ကူပေးခဲ့ပြီး နောက်တစ်ဖက်က အိုဗာဆိုဒ်ဘောင်းဘီချွတ်ဖို့ ကူပေးလိုက်သည်။

“ဒီလိုဆိုရင်ရော?”

“အွန်း” ရှန်ချီဟွမ်းက သူ့ကိုဆက်မစနိုင်တော့ပဲ ကိုယ်တိုင်လုပ််လိုက်သည်။

&&&&&&&&&&&&&&

Chapter 54.2

“ကြမ်းတမ်းသော်လည်း ချစ်စရာကောင်းသောဇနီး”

ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းတို့က အိမ်က ရေချိုးခန်းမှာတောင် အရမ်းမရင်းနှီးခဲ့ကြပဲ သူတို့နှစ်ယောက်က မနက်မှာ အိပ်ရာထကာ ညဆို သီးသန့်ရေချိုးကြပြီး နေ့လည်ခင်းမှာ သူ့ခင်ပွန်းနဲ့ ရေချိုးခန်းကိုသွားတာက အရမ်းထူးဆန်းနေသည်။

သူက မျက်နှာလွှဲကာ အသံကိုနားထောင်နေသည်။ သူ့ခင်ပွန်းက ဖြေရှင်းပြီးသွားပြီဖြစ်မည်။

ရှန်းယုဟန်က သူ့ဘောင်းဘီကို ပြန်ဝတ်ပေးလိုက်သည်။

သူတို့နှစ်ယောက် လက်ဆေးပြီးနောက် ရှန်ချီဟွမ်းက သူ့နားထဲမှာ တမင်တကာ​ပြောလိုက်သည်။ “ရှန်းယုဟန်၊ ဒီညရေချိုးဖို့ကူပေးပါ။ ငါနံစော်နေတယ်လို့ ခံစားရတယ်။”

ရှန်းယုဟန်က ရုတ်တရက် ခေါင်းမော့လိုက်သည်။ “ရေကူချိုးပေးရမှာလား?”

ရိုးသားရရင် ရှန်ချီဟွမ်းက သူတို့နှစ်ယောက်ကြားမှာ သူကသာ အချိန်တိုင်းစတင်ခဲ့ရသူဖြစ်ပြီး ရှန်းယုဟန်က သူ့ခင်ပွန်း၏နောက်ကျောပွတ်ပေးဖို့ အစမပြုခဲ့ဖူးပေ။

ရှန်ချီဟွမ်းက သူ့ကို အပြုံးမမည်သောအပြုံးဖြင့် ကြည့်လိုက်သည်။ “အွန်း၊ မင်းက ငါ့ကို ယားပြီးသေစေချင်တာလား၊ နံစော်ပြီးသေစေချင်တာလား?.

သူ့စကားထွက်လာတာနဲ့ ရှန်းယုဟန်က စိတ်ပူသွားပြီး သူက သူ့ပါးစပ်ကို ကမန်းကတန်းပိတ်ကာ အလေးအနက်ပြောလိုက်သည်။ “​သေတယ်ဆိုတဲ့စကားကိုမပြောနဲ့။ ကျွန်တော် ခင်ဗျားကို ရေကူချိုးပေးပါ့မယ်။”

“အဲ့လိုလုပ်စမ်းပါ။” ရှန်ချီဟွမ်းက သူ့လက်ဖဝါးကိုနမ်းလိုက်သည်။

ရှန်းယုဟန်က ရှန်ချီဟွမ်းကို ရေချိုးခန်းမှ ထွက်လာနိုင်ဖို့ ကူပေးပြီး ရှန်ချီရှင်းက အမှိုက်ပစ်ပြီး ပြန်လာခဲ့သည်။

ကားမတော်တဆမှုမှာ ထိခိုက်ဒဏ်ရာရခဲ့သော ရှန်ချီဟွမ်း၏အဖြစ်က ဆက်လက်ဆိုးရွားနေဆဲဖြစ်ပြီး Hot Search ဝင်ပြီး ထိပ်တန်းရှာဖွေရေးစာရင်းမှ ပါဝင်နေဆဲပင်။

လက်ထောက်ချွီက ဒဏ်ရာရပြီး ထိုကိစ္စကို ရှန်မိသားစုသာ ကိုင်တွယ်နိုင်သည်။

ရှန်ချီရှင်းက Hot Search မှာပေါ်လာပြီး သူ့ဖုန်းက ​ပေါက်ကွဲလုနီးပါးပင်။

“တတိယအစ်ကို၊ သူတို့အားလုံးသိနေကြတယ်။ ပြီး​တော့ သူတို့က အစ်ကို့ရဲ့အခြေအနေကိုမေးဖို့ ကျွန်တော့်ကိုခေါ်နေကြတယ်။ ဘာပြောလိုက်ရမလဲ?” ရှန်ချီရှင်းက သူ့အစ်ကိုနှစ်ယောက်၏ ကာကွယ်ပေးမှုအောက်မှာ ကြီးပြင်းလာပြီး သူက ဒီလိုအရာမျိုးကို ကြုံ ရခဲတာကြောင့် ခဏတာထိတ်လန့်နေခဲ့သည်။

ရှန်ချီဟွမ်းက ခေါင်းကိုအုပ်ကာပြောလိုက်သည်။ “ငါဆေးရုံကိုရောက်နေတယ်လို့ပဲပြောလိုက်၊ ကျန်တာဘာမှမပြောနဲ့၊ သရုပ်ဆောင်တာက မင်းရဲ့အတော်ဆုံးအရာမလား? ဝမ်းနည်းနေသလိုဟန်ဆောင်လိုက်။”

ရှန်ချီရှင်းက ပြောလိုက်သည်။ “အိုကေ၊ အစ်ကိုကြီးနဲ့ အစ်မလတ်က ကျွန်တော့်ကို မက်ဆေ့ပို့ပြီး ဒီညလာမယ်လို့ပြောခဲ့တယ်။ အစ်ကိုကြီးလာရင် ကူရှင်းပေးန်ိုင်မှာပါ။”

“အင်း၊ ဒါနဲ့ အိမ်တော်သုံးအိမ်က ဘယ်သူက မင်းကိုအရင်ဆက်သွယ်ခဲ့တာလဲ။” ရှန်ချီဟွမ်းက သူနိုးလာတာနဲ့ ဤစိတ်ပျက်စရာကောင်းသော ပြဿနာများကို ရင်ဆိုင်နေရသည်။ ဒဏ်ရာက ပိုနာလာတယ်လို့ သူခံစားလိုက်ရသည်။

“ဒုတိယအိမ်တော်က ရှန်ချီပိုင်က တတိယအစ်ကို ICU ထဲကထွက်လာပြီလားမေးခဲ့တယ်။ ပြီးတော့ ရှန်ချီယွင်က နောက်မှလာကြည့်မယ်လို့ ပြောပေမယ့် ကျွန်တော်ငြင်းလိုက်တယ်။ စတုတ္ထအိမ်တော်က ဘာလှုပ်ရှားမှုမှမရှိသေးဘူး။” ရှန်ချီရှင်းက ရှန်ချီဟွမ်းကို တစ်ခုချင်း အစီရင်ခံခဲ့သည်။

ရှန်းယုဟန်က သူတို့နှစ်ယောက်ကြား အပြန်ပြန်အလှန်လှန် ပြောနေတာကို နားထောင်ကာပြောလိုက်သည်။ “ယောကျာ်း၊ ခင်ဗျားအရင်အနားယူသင့်တယ်။ ဒီကိစ္စတွေကို အလျင်မလိုသင့်ဘူး။ နေပြန်ကောင်းမှ ကျွန်တော်တို့ သူတို့နဲ့ရင်ဆိုင်လို့ရပါတယ်။”

ရှန်ချီဟွမ်းက အိမ်တော်များစွာ ရှန်းယုဟန်ကြောင့် ခံစားခဲ့ရတာကို တွေးမိသွားပြီး ပြောလိုက်သည်။ “ဒါဆို သူတို့လာရင် မင်းပဲ သူတို့ကို အေးဆေးကိုင်တွယ်လိုက်ပါ။”

“အင်း၊ရတယ်လေ။” သူက ပုဇွန်ဆိတ်နှင့် ငါးလေး​များကို ကိုင်တွယ်ရာမှာ ကျွမ်းကျင်သည်။

ကျော့ရုံက ထမင်းရည်ယူလာခဲ့ပြီး ဤနေရာမှာ အိမ်လောက်မကောင်းသလို အိမ်ကချက်ပြုတ်ပြီး ယူလာလို့လည်းမရတာကြောင့် သူက အပြင်ကသာဝယ်ခဲ့သည်။

ရှန်းယုဟန်က ရှန်ချီဟွမ်းကို ထမင်းရည်ခွံ့ကျွေးပြီး လှဲခိုင်းထားလိုက်သည်။

ရှန်ချီဟွမ်းက သွေးအများကြီးဆုံးရှုံးခဲ့ရပြီး ပထမနှစ်ရက်မှာ သတိလစ်ကာ အထူးကြပ်မတ်ရေးကုသဆောင်မှာ နေခဲ့ရပြီး အကြောဆေးသွင်းပြီးသာ အာဟာရကိုရရှိခဲ့သဖြင့် ကိုယ်အလေးချိန်အများကြီး ကျဆင်းသွားခဲ့သည်။ ရှန်းယုဟန်က ၎င်းကို​ကြည့်ကာ အလွန်စိတ်မကောင်းဖြစ်နေပြီး သူကအများကြီးမတွေးချင်ပဲ သူ ရှန်ချီဟွမ်းကို ယခုလိုပုံစံမြင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

လူနာဆောင်မှ တစ်ဦးတည်းသောလူနာ အနားယူပြီးနောက် ရှန်ချီရှင်းက ဘောဒီဂတ်နှစ်ယောက်ကို တံခါးမှာစောင့်ခိုင်းထားပြီး သတင်းထောက်များစွာ ဆေးရုံကိုရောက်နေတယ်လို့ ခန့်မှန်းလို့ရသည်။ ရှန်းယုဟန်ရောက်လာတော့ သူက ကားပါကင်ကို တိုက်ရိုက်လျှောက်သွားသဖြင့် အပြင်က သတင်းထောက်များက မတွေ့နိုင်ခဲ့ပေ။ သူက သတင်းထောက်တွေ လူနာဆောင်ကို ခိုးဝင်လာပြီး အမှတ်တမဲ့ဓာတ်ပုံရိုက်လိုက်မည်ကို စိုးရိမ်နေသည်။

ရှန်းယုဟန်က လေယာဥ်တစ်ယောက်တည်းစီးခဲ့ပြီးတော့ သူ၏ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက အနည်းငယ်မြှင့်တက်လာပြီး သူက ရှန်ချီဟွမ်းကို ဒီနှစ်ရက်မှာ တောက်လျှောက်ဂရုစိုက်ပေးနေသော ရှန်ချီရှင်းအား ဟိုတယ်ပြန်ပြီးအနားယူရန်ပြောခဲ့သည်။

ရှန်ချီရှင်းက စိတ်မသက်မသာဖြစ်ကာ “မရီး၊ ခင်ဗျားအဆင်ပြေရဲ့လား?”

ရှန်းယုဟန်ကပြောလိုက်သည်။ “​ပြေပါတယ်။ ငါကိုင်တွယ်နိုင်တယ်။ ဒီမှာ ဘော်ဒီဂတ်တွေလည်းရှိတော့ မင်းပြန်နားလိုက်ပါ။”

ရှန်ချီရှင်းက နှစ်ရက်​ကြာတော့ တကယ်ကိုပင်ပန်းနေပြီး သူ့အသားအရောင်က ရှန်ချီဟွမ်းနဲ့ ကွဲပြားမနေပေ။ “ဒါဆို ကျွန်တော်ပြန်နားလိုက်မယ်။ ဟိုတယ်က ဆေးရုံနဲ့မဝေးဘူး။ တစ်ခုခုလိုရင် ကျွန်တော့်ကိုခေါ်လိုက်ပါ”

ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ “အွန်း ဘာမှမဖြစ်ပါဘူး။”

သူ့ခင်ပွန်းထိခိုက်သွားပြီးနောက်မှာ သူက အမြန်ကြီးပြင်းလာပြီး သူကာကွယ်ပေးချင်သော လူတွေကို ကာကွယ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားရမယ်လို့ အသိစိတ်ဝင်လာသည်။

အစကတော့ ထိုသည်မှာ ရှန်ချီဟွမ်းက သူ့ခင်ပွန်းဖြစ်နေတာကြောင့် သူက သူ့အပေါ်ကောင်းပေးချင်တာဖြစ်ပြီး သူ့အသွင်အပြင်ကလည်း သူ့ကိုဆွဲဆောင်နိုင်ပေမယ့် အချိန်အတော်ကြာ ပေါင်းသင်းဆက်ဆံပြီးနောက် သူ့ခင်ပွန်းက သူ့ကိုကောင်းကောင်းဆက်ဆံပြီး သူကလည်း သူ့ခင်ပွန်းကို ချစ်မိသွားသဖြင့် သူက သူနဲ့အတူ ဘဝကောင်းတစ်ခုရချင်ခဲ့သည်။ သို့သော် သူက ဒီလိုမျိုးတော့ မဖြစ်ချင်ခဲ့ပေ။ သူ့ခင်ပွန်းက ထိခိုက်မိတာကို သူ့ကိုမသိစေချင်ခဲ့၊ သူ့ခင်ပွန်းက သူဝမ်းနည်းမှာကြောက်လို့ သူ့ကို ဖုံးကွယ်ထားမယ့်အစား သူအပေါ်မှီခိုလာဖို့ မျှော်လင့်နေသည်။

ဒီလိုလုပ်တာကကောင်းပေမယ့် သူ့ကိုပိုပြီးစိတ်မကောင်းဖြစ်စေသည်။ အကြောင်းမှာ သူက သူ့ခင်ပွန်းမျက်လုံးထဲမှာ နုနယ်အားနည်တယ်ဆိုတာကို ပြသနေလို့ပင်။

သူက ဤလူ့အဖွဲ့အစည်းထဲမှာ ပေါင်းစည်းကာ ပို၍ သန်မာလာချင်သည်။

သူ အခန်းထဲလှည့်ကြည့်လိုက်တော့ နေ့စဥ်သုံးပစ္စည်းများက မပြည့်စုံပဲ ရှန်းယုဟန်က လိုအပ်သောပစ္စည်းများကို ချရေးလိုက်ပေမယ့် သူ့ယောက်ဖကို အကူအညီမတောင်းခဲ့ပေ။ ယခုခေတ်မှာ အွန်လိုင်းမှာရှာဖို့ မိုဘိုင်ဖုန်းကိုသုံးတာက အဆင်အပြေဆုံးအရာဖြစ်ပြီး ရှန်းယုဟန်က ထိုအရာကို အခွင့်ကောင်းယူခဲ့သည်။

ရှော့ပင်းဆော့ဖ်ဝဲလ်ကိုဒေါင်းဖို့ သူ့အတွက်တစ်နာရီလောက်ကြာခဲ့ပြီး သူလိုချင်သောပစ္စည်းများက သတ်မှတ်နေရာကို တစ်နာရီအတွင်း ရောက်လာမှာဖြစ်သည်။

ခေတ်သစ်က တကယ်ကိုအဆင်ပြေလွန်းသည်။

ရှန်းယုဟန်က အကောင့်မှတ်ပုံတင်ရာမှာ ပိုတော်လာပြီး သွားတိုက်ဆေး၊ သွားပွတ်တံ၊ သဘက်၊ အတွင်းခံ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သစ်သီး စသဖြင့် ပစ္စည်းများကိုမှာသည့် လုပ်ငန်းစဥ်ကို လုပ်ဆောင်ပြီးနောက် သူက သူစဥ်းစားလို့ရသမျှအားလုံးကို ဝယ်လိုက်ပြီး ပန်းများကိုလည်း ဝယ်ခဲ့သေးသည်။ သို့သော် ပစ္စည်းပို့သမားက လူနာဆောင်ကို လာပို့လို့မရတာကြောင့် သူက အောက်ဆင်းပြီး သွားယူရမည်။

ဒါက သူ ပထမဆုံးအကြိမ် အွန်လိုင်းရှော့ပင်းထွက်ဖူးတာဖြစ်ပြီး သူချောချောမွေ့မွေ့ရနိုင်ပါ့မလားတော့မသိပေ။ ထိုသည်မှာ ပစ္စည်းပို့သမားဆီက ဖုန်းကောလ်ကိုရရှိခဲ့လို့ ရှန်းယုဟန်က သူအောင်မြင်သွားတယ်ဆိုတာ သိလိုက်ပြီး တစ်ခုခုကို လုပ်ဆောင်နိုင်သွားသည့် အာရုံက အလိုအလျောက်ပေါ်မလာခင်အထိဖြစ်သည်။

အပြင်မှာ သတင်းထောက်များရှိတာကို စဥ်းစားကာ သူက သူ့ခင်ပွန်းအနားယူနေတာကို အနှောင့်အယှက်ပေးမိမှာ စိုးရိမ်တာကြောင့် ဘော်ဒီဂတ်ကိုထားခဲ့ပြီး ပစ္စည်းယူဖို့ ေအာက်ထပ်ဆင်းသွားခဲ့သည်။

အတွင်းလူနာဌာနက ရှာရလွယ်ကူပြီး ပစ္စည်းပို့ပေးသောအစ်ကိုက အတွင်းနေရာ အောက်ထပ်ထိ ဝင်ပို့ပေးနိုင်သည်။ ရှန်းယုဟန်က ပထမထပ်မှာ သူဝယ်ခဲ့သောပစ္စည်းများကို လက်ခံခဲ့ပြီး သူက အပြင်မထွက်ပဲ ဝယ်နိုင်ခဲ့တာကိုတွေးမိတော့ အရမ်းပျော်နေသဖြင့် သူတို့အပေါ်ထပ်ထိ ပို့မပေးနိုင်တာကိုပင် ဂရုမစိုက်တော့ချေ။

ပို့ဆောင်ပေးသောအကိုအား ကျေးဇူးတင်စကားပြောပြီးနောက် သူက အိတ်အကြီးတစ်လုံးနှင့် အပေါ်ကိုတက်လာခဲ့သည်။

တစ်ခါတစ်ရံ တချို့လူတွေက အရေးကြီးသော အခိုက်အတန့်များမှာ အမြဲပေါ်လာတတ်ပြီး တခြားသူများ၏ ကြည်လင်နေသောစိတ်ကို ဖျက်စီးပစ်လေ့ရှိသည်။

“ကူသယ်ပေးရမလား?”

ရှန်းယုဟန်က မော့ကြည့်လိုက်တော့ ရှန်ချီယွင်၏ တည်မြဲသောမျက်နှာကိုတွေ့လိုက်ရသည်။

“ခင်ဗျားကိုး” သူက သတိရှိရှိ နောက်ကိုခြေတစ်လှမ်းဆုတ်ကာ “ကျွန်တော့်ခင်ပွန်းကိုတွေ့ဖို့လား?”

ရှန်ချီဟွမ်းက ပြောလိုက်သည်။ “မဟုတ်ဘူး။ မင်းကိုတွေ့မလို့လာခဲ့တာ။ ငါ ရှန်ချီဟွမ်းကို ဂရုမစိုက်ဘူး။” သူက ရင်ထဲကနေ ချဥ်စူးသွားသည်။ “မင်းရှန်ချီဟွမ်းကို ယောကျာ်းလို့ခေါ်နေတာ ရပ်ပေးလို့ရမလား?”

“အဲ့ဒါ ခင်ဗျားနဲ့ဘာဆိုင်လို့လဲ?” ရှန်းယုဟန်က လှည့်ထွက်ကာ သူ့ပစ္စည်းများနှင့်အတူ ဓာတ်လှေကားထဲဝင်လိုက်ပြီး ရှန်ချီယွင်နဲ့ ဝေးဝေးနေဖို့ ဆုံးဖြတ်လိုက်သည်။ “ပြီးတော့ အဲ့လိုအထင်လွဲစရာစကားမျိုးတွေ ထပ်မပြောပါနဲ့”

ရှန်ချီယွင်က ရှန်းယုဟန်အနောက်ကနေ ဓာတ်လှေ​ကားထဲလိုက်လာပြီး သူ့ပစ္စည်းများကို သယ်ပေးဖို့ ကြိုးစားပေမယ့် တစ်ဖက်လူက သူနဲ့ ရှစ်ပေလောက် ခွာခွာနေဖို့ မစောင့်နိုင်ဖြစ်နေ၍ သူ့နှလုံးသားက မသက်မသာပိုဖြစ်လာသည်။

အတိတ်မှာ ရှန်းယုဟန်၏မျက်လုံးများက သူ့ကိုသာ တစ်ချိန်လုံးစွဲလမ်းနေပေမယ့် အခု ဒီနောက်လိုက်က သူ့ပုံစံကိုပြောင်းကာ တခြားတစ်ယောက်၏ ပိုင်ဆိုင်မှုဖြစ်နေသည်။ သူက ပြန်လုယူချင်ပေမယ့် ရှန်းယုဟန်က သူနဲ့ဝေးဝေးနေပြီး သူ့ကို မြွေတစ်ကောင်လို ဒါမှမဟုတ် ကင်းမြီးကောက်တစ်ကောင်လို ရှောင်နေသည်။ သူအရင်က ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပေမယ့် နောက်ပိုင်းမှာ ရှန်းယုဟန်က သူ့ဆီပြန်လာဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို နည်းအမျိုးမျိုးဖြင့် သက်သေပြနေခဲ့သည်။

သူက ရှန်ချီဟွမ်း ပန်းချီကားအသစ်ကို တင်နေပြီလားကြည့်ဖို့ ဝေ့​ပေါ်ကိုနေ့တိုင်းသုံးခဲ့ပြီး ရှန်းယုဟန်၏ လက်ရေးလှနှင့် တရုတ်ပန်းချီက အဆင့်မြင့်တာကို သူလုံးဝမသိခဲ့ပေ။ သူပိုကြည့်လေ သူက ရှန်းယုဟန်လိုက်တာကို လက်ခံခဲ့သင့်တယ်လို့ တွေးမိလေဖြစ်ကာ အခုချိန်မှာ ဝေ့ပေါ်ပို့စ်တင်ရမယ့်သူက သူဖြစ်သင့်သည်။

ရှန်ချီယွင်က နှလုံးသားထဲက မေးခွန်းတစ်ခုကိုမေးလိုက်သည်။ “ရှန်းယုဟန်၊ မင်းရှန်ချီဟွမ်းကို ချစ်နေတာလား?”

ရှန်းယုဟန်က သူ့ကိုအရူးတစ်ယောက်လိုကြည့်ကာ ပြောလိုက်သည်။ “ကျွန်တော် သူ့အတွက် ကလေးမွေးပေးဖို့တောင် ဆန္ဒရှိတယ်။”

ကလေးမွေးပေးဖို့?

ဓာတ်လှေကားပွင့်လာတော့ ရှန်းယုဟန်က ထွက်လာခဲ့ပြီး ရှန်ချီယွင်က ဓာတ်လှေကားထဲမှာ အာစေးမိကာ ဓာတ်လှေကားပိတ်သွားတာ​တောင် သူက ခြေတစ်လှမ်းမလှုပ်နိုင်ခဲ့ချေ။

လူတစ်ယောက်က တခြားတစ်ယောက်ကို ဘယ်လောက်ထိကြိုက်တာမို့ သူ့ကလေးလွယ်ပေးဖို့တောင် ဆန္ဒရှိတာလဲ?

သူက ရှန်ချီဟွမ်းကိုချစ်​ကြောင်းဖော်ပြသည့် ရှန်းယုဟန်၏အဖြေကို ကြားရမယ်လို့ တွေးထားပေမယ့် 'သဘောကျတယ်’ ‘ချစ်တယ်’ ဆိုသော အပေါ်ယံအသုံးအနှုန်းများနှင့် နှိုင်းယှဥ်ကာ 'ကိုယ်တိုင်ကလေးမွေးပေးဖို့'ဆိုသော အဖြေကိုတော့ မမျှော်လင့်ထားပေ။

ဒါပေမယ့် ရှန်းယုဟန်က အမျိုးသားမဟုတ်ဘူးလား?

ရှန်းယုဟန်က ရှန်ချီဟွမ်းကို အဲ့လောက်တောင်ချစ်တာလား?

မဟုတ်ဘူး၊ သူရှန်ဂရုကို အမွေဆက်ခံပြီးရင် ရှန်းယုဟန်က ​နောင်တရမှာပဲ! သူ သေချာပေါက်နောင်တရမှာ!

ရှန်ချီဟွမ်းက အိပ်ပျော်ပြီးနိုးလာတော့ သူ့ခေါင်းက ဆိုးဆိုးရွားရွား နာကျင်မယ်လို့ထင်ထားပေမယ့် တကယ်တော့ သူမျက်လုံးဖွင့်လိုက်သောအခါ သူ့နဖူးပေါ်ရှိနာကျင်မှုက သူ့ရှေ့ကမြင်ကွင်းကြောင့် လွဲချော်သွားခဲ့သည်။

သူ့ဇနီးက ပြတင်းပေါက်မှာရပ်နေပြီး ကပ်ကြေးတစ်စုံကိုင်ကာ အကိုင်းအခက်တချို့ကိုဖြတ်တောက်ရန် အာရုံစိုက်နေပြီး သူက ပန်းအကိုင်းအခက်များကို ပန်းအိုးထဲသို့ထည့်ကာ ဘယ်ညာကြည့်နေသည်။ ကိုယ်ဟန်အနေအထားက အတော်လေးကြော့ရှင်းပြီး ကျဆင်းနေသောဆံပင်များကို နားရွက်နောက်မှာ ချိတ်ထားကာ အနည်းငယ်ယိမ်းနွဲ့နေသည့် နားကပ်ကိုပေါ်လွင်စေပြီး နားကပ်များက နေရောင်ထဲမှာ တောက်ပြောင်နေကာ ရှန်းယုဟန်ကို ဖြူဖွေးလှပစေသည်။

သူက ပတ်ပတ်လည်ကို ကြည့်နေပြီး ခံစားချက်က အိပ်မပျော်ခင်ကနှင့် ကွာခြားကာ အပိုရေခွက်များ၊ ရေနွေးအိုးများနှင့် တစ်ဝက်ပွင့်ဗီဒိုထဲမှာ ချိတ်ဆွဲထားသော အတွင်းခံအားလုံးက သူ့အတွက်လိုပင်။

သူက ကုတင်ဘေးက စားပွဲပေါ်မှာ အပြုံးတစ်ခုဖြင့် ပန်းအိုးနေရာချနေသော ရှန်းယုဟန်ကို တိတ်တဆိတ်ကြည့်နေပြီး ပန်းများက လူနာဆောင်ကို အရောင်အသွေးစုံလင်စေသည်။

ရှန်ချီဟွမ်းက သူ့ရင်ထဲမှာ နွေးထွေးမှု လျှ​ပ်စီးကြောင်းလေးတစ်ခု ဖြတ်ပြေးသွားပြီး နှုတ်မှ လွှတ်ခနဲထွက်သွားသည်။ “ဇနီးလေး”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment