Chapter 65.1
“တတိယအစ်ကို”
ရှန်ချီဟွမ်းက နောက်လှည့်ကာ သူ့လက်ကို ရှန်းယုဟန်၏ခါးပေါ်တင်ပြီး ရှန်းယုဟန်ကို စိုက်ကြည့်လိုက်သည်။ သူက လူကပ်လွန်းတဲ့ သူဇနီးလေးကြောင့် အကူအညီမဲ့နေသည်။
သူက ရှန်းယုဟန်ကို ကူကယ်ရာမဲ့မေးလိုက်၏။ “မင်းအခုမှမေးတာ နောက်ကျမနေဘူးလား?”
“ဘာနောက်ကျလို့လဲ?” ရှန်းယုဟန်က သူ၏ဝတ်စားဆင်ယင်မှုအပြောင်းအလဲမှာ နစ်မြုပ်နေဆဲဖြစ်ပြီး သူ့ခင်ပွန်းက ထိုအဝတ်အစားကို သိပ်ကြိုက်ပုံမပေါ်ပေမယ့် သူက စိတ်ထဲမှာပျော်နေသည်။ အကြောင်းမှာ သူ့ခင်ပွန်းက မူလရှန်းယုဟန်မဟုတ်ပဲ သူ့ကိုသဘောကျတာဖြစ်ကြောင်း သက်သေပြခဲ့လို့ပင်။ သို့သော် သူကမရေရာဖြစ်နေတာကြောင့် မေးလိုက်တာဖြစ်၏။
“မင်းကမင်းပဲလေ၊ ရှန်းယုဟန်က နှစ်ယောက်ရှိလို့လား?” ရှန်ချီဟွမ်းက သူ့ခါးကိုဆွဲဖျစ်လိုက်ပြီး ကုတ်အင်္ကျီခံနေတာတောင် ပိန်ပါးလွန်းသည်။
ထိုစကားကြားတော့ ရှန်းယုဟန်က ပါးနပ်စွာမေးလိုက်၏။ “တကယ်လို့ ဒုတိယရှန်းယုဟန်ရှိခဲ့ရင်ရော?”
ရှန်ချီဟွမ်းက သူ့လက်ကို ရှန်းယုဟန်၏ပခုံးပေါ်တင်လိုက်ပြီး သူ့အနားကိုပိုနီးအောင်ဆွဲကာ ဘယ်ညာကြည့်လိုက်သည်။ “ကြည့်ပါရစေဦး” သူက ရှန်းယုဟန်၏ ဖြူဖွေးနုနယ်သောပါးကို ဆွဲဖဲ့လိုက်ပြီး စနောက်သောလေသံဖြင့် မေးလိုက်၏။ “မင်းက ရှန်းယုဟန်မဟုတ်တာဖြစ်နိုင်တယ်။ ရှန်းယုဟန်နဲ့တူအောင် ဆာဂျရီလုပ်ထားတာလား? ဒါမှမဟုတ် ငါ့ကိုလက်မထပ်ချင်တဲ့ ရှန်းယုဟန်နာမည်နဲ့ ညီတစ်ယောက်ရှိနေလို့ သူ့အစား ငါ့ကိုလက်ထပ်ခဲ့တာလား? ဒါဆို မင်းရဲ့နာမည်အစစ်ကဘာလဲ?”
ရှန်ချီဟွမ်းက အွန်လိုင်းဝတ္ထုများ၏ ဇာတ်ကွက်များကိုဆွဲထုတ်ကာ ဖြစ်နိုင်ချေရှိတယ်လို့ တွေးနေသည်။ အတိတ်မှာ ရှန်းယုဟန်က နမော်နမဲ့နိုင်ပေမယ့် သူ့ဇနီးလေးက အပြုအမူကောင်းပြီး ကပ်ချွဲတတ်သည်။ ထိုသည်မှာ မတူညီသောလူနှစ်ဦးလို့ ထင်ရပေမယ့် သူ့တို့က တစ်ဦးတည်းသာဖြစ်၏။
ရှန်းယုဟန်က သူ့လက်ကို ပုတ်ထုတ်လိုက်သည်။ “အဲ့လိုမဟုတ်ပါဘူး။ ကျွန်တော်က ရှန်းယုဟန်ဖြစ်ပြီး ရှန်းယုဟန်က ကျွန်တော်ပါ။ ယောကျာ်း၊ ကျွန်တော်က မူလရှန်းယုဟန်မဟုတ်ပါစေနဲ့လို့ မျှော်လင့်လား?”
ရှန်ချီဟွမ်းက ခဏလောက်စဥ်းစားလိုက်သည်။ “အရင်ကမင်းဖြစ်ဖြစ် လက်ရှိမင်းဖြစ်ဖြစ်၊ မင်းကမင်းပါပဲ။ မျှော်လင့်တာတို့ မမျှော်လင့်တာတို့မရှိဘူး။”
ရှန်းယုဟန်က ရှန်ချီဟွမ်းကို လူကောင်းကတ်တစ်ခု ပေးလိုက်သည်။ “ယော်ကျာ်း၊ ခင်ဗျားကအရမ်းကောင်းတာပဲ”
အချိန်အတော်ကြာစကားပြောပြီးတော့ ရှန်းယုဟန်က သူ့ခင်ပွန်း နားလည်မယ်လို့ မမျှော်လင့်ထားခဲ့ပေမယ့် ယခု သူက အရိပ်အမြွက်လေးပေးထားတော့ တစ်နေ့မိသွားခဲ့ရင် ရှင်းပြရလွယ်ကူလောက်သည်။ အရာအားလုံးကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေးဖြေးမှန်မှန်လုပ်ဆောင်ရမည်။
ရှန်ချီဟွမ်းက အရောင်သုံးရောင်ပေးရုံနဲ့ ဆိုးဆေးအလုပ်ရုံဖွင့်နိုင်သော လူစားမျိုး***ဖြစ်သည်။ သူက ချက်ချင်းမြှောက်တက်သွားသလို ပြောလိုက်သည်။ “ဒါပေါ့၊ ငါက ဒီလောက်ကောင်းတာ၊ မင်းယောကျာ်းကို မြန်မြန်လေးဆုချပါလား?” သူက သူ့နှုတ်ခမ်းကိုထိုးပြကာ ရှန်းယုဟန်ကို အချိုကျွေးဖို့ အချက်ပြနေသည်။
(***နည်းနည်းချိီးကျူးပေးရင် လေပေါ်မှာလမ်းလျှောက်မယ့်လူစား)
သို့သော် ရှန်းယုဟန်က သူ့ဖိနပ်ကိုယူဖို့ လှည့်လိုက်ပြီး ရှန်ချီဟွမ်း၏ ပွင့်လင်းသောအပြုအမူကို မမြင်ချင်ယောင်ဆောင်နေသည်။
သူ့ဇနီးက ယခုချိန်မှာ တက်ကြွမှုနည်းပါးလာသဖြင့် ရှန်ချီဟွမ်းက အရင်အစပြုကာ သူ့ကို တံခါးမှာဖိထားပြီး ထပ်တလဲလဲနမ်းလိုက်သည်။ ထိုသည်မှာ ရှန်းယုဟန်၏နှုတ်ခမ်းနီရဲပြီး ရွှန်းစိုလာလို့ လွှတ်မပေးခင်အထိပင်။
သူတို့နှစ်ယောက်က ရှန်းထျန်းဖုန်း၏ လူနာဆောင်ကိုရောက်လာပြီး ရှန်ချီယွမ်တင်မကပဲ လူတိုင်းက ထိုနေရာမှာရှိနေပြီး လူနာဆောင်က ပြည့်ကျပ်နေသည်။ သို့သော်လေထုက တစ်ခုခုမှားနေ၏။ အရင်ကဆိုရင် လူတိုင်းက အလိုက်အထိုက်နေကာ ဂုဏ်မောက်နေကြပြီး ရှန်းထျန်းဖုန်းက မမြင်ချင်ယောင်ဆောင်နေပေမယ့် ဒီနေ့မှာ သူ့မျက်နှာကမှုန်ကုပ်ပြီး စကားတစ်လုံးမှမပြောပဲ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန် ဝင်လာတာတောင် လှည့်မကြည့်ပေ။
ရှန်ချီဟွမ်းက တည်ငြိမ်နေသော ရှန်ချီယွမ်ကိုကြည့်လိုက်သည်။
ရှန်းယုဟန်ကလည်း အလိုက်အထိုက် တိတ်ဆိတ်နေသည်။
စက္ကန့်အနည်းငယ်တိတ်ဆိတ်မှုအပြီးမှာ ရှန်ထျန်းဖုန်းက သူ့ပါးစပ်ကိုဖွင့်လာပြီး သူ့လေသံကအေးစက်နေကာ နွေးထွေးမှုအရိပ်အယောင်မရှိချေ။ “ငါမသေခင် မိသားစုပိုင်ဆိုင်မှုခွဲမယ်လို့ ဆိုလိုချင်တာလား?”
ဒါက ရှန်းယုဟန် ရှန်ထျန်းဖုန်းကို ဒီလိုပုံစံနဲ့ ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်သည်။ ဒါသူ့ရဲ့မျက်နှာအစစ်လား?
ပင်မအိမ်တော်က မိသားစုဝင်အနည်းငယ်ကလွဲရင် တခြားအိမ်တော်သုံးအိမ်က ခေါင်းငိုက်စိုက်ကျကာ တိတ်ဆိတ်နေသည်။ ယခုချိန်မှာ စကားပြောရဲသူက သေချာပေါက်ဆူခံရမှာပင်။
ရှန်ထျန်းဖုန်းက လူတိုင်း၏မျက်နှာကို တစ်ချက်ကြည့်ပြီး သူတို့အမူအရာများကိုလေ့လာကာ သူက ဒေါသူပုန်မထသလို ဘယ်သူ့ကိုမှလည်းမအော်ပေ။ ထို့အစား သူက ထေ့ငေါ့လိုက်သည်။ “ဘယ်လိုခွဲချင်တာလဲ၊ မင်းတို့ထဲကဘယ်သူက အကြံပေးမလဲ၊ ရှန်ဂရုက ငါ့ရှယ်ယာတွေကို မင်းတို့ကိုပဲ ခွဲဝေပေးဖို့က တရားမျှတလား?” သူက နာမည်တိုက်ရိုက်ခေါ်လိုက်သည်။ “ချီယွင်၊ ချီဟွမ်းကမသင့်တော်ဘူးလို့ မင်းအမေကပြောနေတယ်။ ကုမ္ပဏီရဲ့ဘယ်အပိုင်းကို မင်းတာဝန်ယူချင်လဲ၊ ငါမင်းအတွက်စီစဥ်ပေးမယ်။”
နာမည်အခေါ်ခံလိုက်ရသော ရှန်ချီယွင်က တိတ်ဆိတ်ရုံသာတတ်နိုင်ပြီး သူယခုချိန်ဘာပြောပြော အသုံးမဝင်ပေ။ ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းတို့ အတူရပ်နေတာကိုတွေ့တော့ သူက သူတို့ကိုမမြင်နိုင်သော တစ်ဖက်ခြမ်းကို ခေါင်းလှည့်လိုက်သည်။
တတိယမဒမ်က သူမသားအတွက် စိုးရိမ်နေသည်။ “ထျန်းဖုန်း၊ ကျွန်မအဲ့လိုပြောချင်တာမဟုတ်ဘူး။ ကုမ္ပဏီကိစ္စကြောင့် ချီယွမ်က ဆေးရုံတက်နေရတော့ ချီယွင်ကို သူ့ဖိအားတွေ မျှဝေပေးနေနိုင်အောင်လို့ပါ။”
ရှန်ထျန်းဖုန်းက သူမစကားပြောကောင်းနေတာကို ဘယ်လိုလုပ်မသိနိုင်မှာလဲ? မဟုတ်ရင် သူ့ကိုရာထူးကဆင်းခိုင်းဖို့ သူတို့အားလုံးပေါင်းပြီး ဖိအားပေးမှာမဟုတ်ဘူး။
သူ့မျက်နှာက ပင်ပန်းနွမ်းနယ်မှုအရိပ်အယောင်ကိုပြနေသည်။ “ရည်ရွယ်လား..မရည်ရွယ်လားက မင်းတို့စိတ်ကို မင်းတို့သိကြမှာပါ။”
ရှန်ချီဟွမ်းက လူနာကြည့်ဖို့ လာခဲ့ပေမယ့် ယခုတော့ ရှန်းယုဟန်ကို လမ်းလျှောက်ဖို့ ခေါ်သွားတာက ပိုကောင်းမည်ဟု တွေးမိသွားသည်။
ရှန်ထျန်းဖုန်းကြောင့် တတိယမဒမ် အရှက်ကွဲသွားတာကို ဒုတိယမဒမ်ကတွေ့ခဲ့ရပြီး သူမမျက်နှာက မပြောင်းမလဲရှိနေပေမယ့် သူမ၏ဒုတိယသမီးကို ဝမ်းသာအားရ မျက်ခုံးပင့်ပြလိုက်သည်။ အမြဲတမ်းစေစေ့စပ်စပ်ပြုမူတတ်သော တတိယမဒမ်မှာ ဒီလိုစိတ်သောကရောက်သည့်နေ့ ရှိလာတာ အားရစဖွယ်ပင်။
ရှန်ထျန်းဖုန်းက စကားလုံးအနည်းငယ်ဆူလိုက်ပေမယ့် ရှန်ချီယွင်က သူချစ်ရသောသားဖြစ်တာကြောင့် သူက ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ သူ့ကို ကုမ္ပဏီ၏ တစ်နေရာမှာတာဝန်ပေးပြီး ဒုတိယမဒမ်၏ ဒုတိယသမီးကို ရာထူးအသစ်ခန့်အပ်လိုက်သည်။ ရှန်ချီယွမ်၏ အမူအရာက မပြောင်းမလဲရှိနေသည်။
ရှန်းယုဟန်က ကုမ္ပဏီ၏စီးပွားရေးကို သိပ်မသိပေမယ့် သူတို့အဖေနဲ့ အစ်ကိုကြီးတို့ ရာထူးတက်လာသော ပုံစံနှင့်တူသည်။ ချမ်းသာပြီးလစာကောင်းသော ယာမန်**ဖြစ်စေ ငွေမကိုင်ရသော ယာမန်ဖြစ်စေ ပြောခွင့်ဆိုခွင့်ရှိသူမှာ ရှန်ထျန်းဖုန်းသာဖြစ်သည်။ သူတို့ရှန်းမိသားစုက ဧကရာဇ်ကိုယ်စားအလုပ်လုပ်ရပြီး အပြင်လူများနှင့်ရင်ဆိုင်ရစဥ် ရှန်မိသားစုကတော့ ညီအစ်ကိုမောင်နှမဝမ်းကွဲများနှင့် ရင်ဆိုင်ဖြေရှင်းရသည်။
(ယာမန်** လုပ်ငန်းထဲမှာထဲထဲဝင်ဝင်လုပ်ကိုင်စရာမလိုပဲ အာဏာရှိတဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အစိုးရရုံးတစ်ခုခုကို ဆိုလိုပါသည်။)
မိသားစုဆိုတာ သဟဇာတဖြစ်မှသာ ကြီးပွားချမ်းသာနိုင်ပြီး ရှန်မိသားစုကတော့ ထိုအမျိုးအစားထဲမှာ မပါပေ။
ရှန်ထျန်းဖုန်းက တခြားအိမ်တော်သုံးအိမ်ကြောင့် ဒေါသအလွန်ထွက်နေပေမယ့် ဒီနေ့မှာ အကူအညီမဲ့နေတာ သိသာသဖြင့် သူက လူတိုင်းကိုမောင်းထုတ်လိုက်ပြီး ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်တို့ကလည်း မနေခဲ့ကြချေ။
ရှန်းယုဟန်က ဒီလူအကြောင်း ပိုသိလာခဲ့ပြီး ရှန်ထျန်းဖုန်း၏ ယနေ့အပြုအမူက မိသားစု၏ အရည်အချင်းပြည့်မီသော သခင်ကြီးတစ်ယောက်လို့ မထင်ရပေ။ မယားငယ်နှစ်ယောက်၏ ကလေးများကို အလုပ်ခွဲဝေပေးခြင်းက ပင်မအိမ်တော်၏ ရပိုင်ခွင့်ကို ခွဲဝေပေးသလိုဖြစ်ကာ သူက ပင်မအိမ်တော်ရှိ ကလေးများအပေါ် လေးစားမှုမရှိခဲ့ပေ။ အတိတ်မှာ ရှန်ထျန်းဖုန်း စုဆောင်းခဲ့သမျှ နာမည်ကောင်းက ဤလုပ်ရပ်ကြောင့် လုံးလုံးပျက်စီးသွားခဲ့လေပြီ။
သူ့ခင်ပွန်းက သူ့အဖေကို သဘောမကျတာလည်း မပြောလေနှင့်၊ ရှန်ထျန်းဖုန်းကို သူလည်းသဘောကျမှာမဟုတ်ပေ။
သူ့အဖေနှင့်နှိုင်းယှဥ်ကြည့်သည့်အခါ ရှန်းယုဟန်က သူ့ခင်ပွန်းကို နည်းနည်းလောက် စာနာနိုင်ခဲ့သည်။
ကားပေါ်ပြန်ရောက်တော့ ရှန်းယုဟန်က သူ့ခင်ပွန်း၏ခေါင်းကို ရုတ်တရက်ကိုင်လိုက်ပြီး သူ့မျက်နှာက သနားကြင်နာမှုနဲ့ပြည့်နေသည်။ “ယောကျာ်း၊ ခင်ဗျားတော်တော်ပင်ပန်းခဲ့မှာပဲ။”
ရှန်ချီဟွမ်းက သူ့အထိအတွေ့ကြောင့် ရှုပ်ထွေးသွားသဖြင့် သူက သူ့လက်ချောင်းကို ဆွဲကိုက်လိုက်သည်။ သူ့ဇနီးက သူ့ကိုသနားနေတာကို သိလိုက်ပြီး သူက ပြုံးကာ ရှေ့ကိုတိုးသွားပြီး ရှန်းယုဟန်၏နားထဲမှာ တိုးတိုးလေးပြောလိုက်တော့ ရှန်းယုဟန်၏မျက်နှာက နီရဲလာသည်။
နေ့ခင်းကြောင်တောင် အိပ်ရာဝင်မယ့်အကြောင်း ဘာလို့လာပြောတာလဲ….ရှက်ဖို့ကောင်းလိုက်တာ!
–
ဆေးရုံကထွက်လာပြီးတော့ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို စားသောက်ဆိုင်ကို တန်းခေါ်သွားခဲ့သည်။
သူတို့နှစ်ယောက်စားလို့ပြီးတော့ လမ်းလျှောက်လာကြသည်။
ရှန်းယုဟန်က လမ်းမပေါ်က ယာဥ်ကြောပိတ်ဆို့မှုကိုတွေ့သောအခါ အလွန်အမင်း မအံ့သြတော့ပေမယ့် ညက နေ့လိုပဲ အပြင်ထွက်လည်ပတ်လို့ရပြီး လုံခြုံရေးပြဿနာကို စိတ်ပူစရာမလိုတာကို သူတွေ့တိုင်း သူ့ဘဝအသစ်က အရမ်းအဓိပ္ပါယ်ရှိတယ်လို့ ခံစားမိသည်။
ဒီနေ့နှင်းမကျသလို လေလည်းသိပ်မတိုက်ပေ။ ရှန်ချီဟွမ်းက သူနဲ့အတူ လူသွားလူလာလမ်းမအပေါ်ကို လျှောက်လာပြီး ပိတ်ရက်ဖြစ်၍ နေရာတိုင်းမှာ လူတွေပြည့်နေသည်။ အရသာရှိသောစားသောက်ဆိုင်နှင့်မုန့်ဆိုင်များ၊ လေထုထဲပျံ့နှံ့လာသော မုန့်ရနံ့များက စားသောက်ပြီးသော ရှန်းယုဟန်ကိုတောင် ဗိုက်ဆာလာအောင် လုပ်ဆောင်ပေးသည်။
သူက နေရာတိုင်းမှာ ကိုယ်အလေးချိန်လျှော့ချဖို့ ကြော်ညာတွေ ဘာလို့များနေလဲဆိုတာကို နားလည်သွားသည်။ အရသာရှိသော အစားအသောက်များက နေရာအနှံ့ရောင်းချသဖြင့် လူတစ်ယောက်က နေ့တိုင်းအများကြီးစားကြီး ဝိတ်တက်မလာရင် ထူးဆန်းနေပေမည်။
ရှန်းယုဟန်က ရင်းနှီးသောဆိုင်အမည်ကိုတွေ့တော့ လက်မြှောက်ပြီး ခေတ်သစ်လူငယ်များ၏အဆင့်သို့ ချက်ချင်းဝင်ရောက်သွားခဲ့သည်။ “ယောကျာ်း၊ ကျွန်တော်နို့လက်ဖက်ရည်သောက်ချင်တယ်။”
“မင်းအခုလေးတင်ဗိုက်ပြည့်နေတာ ဘယ်နို့လက်ဖက်ရည်ကိုသောက်ချင်တာလဲ” ရှန်ချီဟွမ်းက နို့လက်ဖက်ရည်ဆိုင်က ရှည်လျားသောတန်းကိုကြည့်လိုက်သည်။
“ဒါပေမယ့် ကျွန်တော်သောက်ချင်တယ်လေ၊ ဒီတစ်ခါ စပျစ်အရသာသောက်ချင်တယ်။” ရှန်းယုဟန်၏မျက်လုံးများက နို့လက်ဖက်ရည်ဆိုင်၏ ဆိုင်းဘုတ်ကို စိုက်ကြည့်နေပြီး သူ့ခြေထောက်တွေက နည်းနည်းလေးတောင်မရွေ့တော့ပေ။
ရှန်ချီဟွမ်းက ရှည်လျားသောတန်းကို စိတ်ပျက်လက်ပျက်ကြည့်လိုက်သည်။ “အိုကေ၊ သွားတန်းစီကြတာပေါ့။”
ကံကောင်းစွာပင် သူတို့က အော်ဒါမှာဖို့ QR Code ဖတ်နိုင်ပြီး နာရီဝက်စောင့်ပြီးရင် ရမှာဖြစ်သည်။
ရှန်းယုဟန်က သူ့မျက်နှာတစ်ဝက်ကို ဖုံးထားသော လည်စည်းပုဝါကိုဆွဲချကာ သက်ပြင်းချသည်။ “အခုအဆင်ပြေသွားပြီ။”
ရှန်ချီဟွမ်းက သူ့ဖုန်းကို အိပ်ကပ်ထဲထည့်ကာ ရွံရှာသလို လုပ်ပြလိုက်သည်။ “နို့လက်ဖက်ရည်တစ်ခွက်သောက်ဖို့ နာရီဝက်တောင်စောင့်ရမယ်။”
သို့သော်ရှန်းယုဟန်က သူ့ကိုဖော်ထုတ်လိုက်သည်။ “ဒါပေမယ့် ခင်ဗျားက နို့လက်ဖက်ရည်ရွေးတဲ့နေရာမှာ ဗဟုသုတတော်တော်ရှိတယ်ပဲ။ ယောကျာ်း… တကယ်တော့ ခင်ဗျားလည်း နို့လက်ဖက်ရည်သောက်ရတာ ကြိုက်တယ်မလား?”
“ပေါက်ကရ၊ မကြိုက်ပါဘူး။” ရှန်ချီဟွမ်းက သူ့နှုတ်ခမ်းထောင့်တွန့်ကွေးနေတာကို ရှန်းယုဟန်မမြင်စေရန် ရှေ့မှထွက်သွားခဲ့သည်။
“ခင်ဗျားကြိုက်တာသိသာတယ်။” ရှန်းယုဟန်က သူ့ခင်ပွန်း ဟန်ဆောင်နေတာကို အကျင့်အရဖော်ထုတ်လိုက်သည်။
သူတို့နှစ်ယောက်က လမ်းလျှောက်လာရင်း တာကိုယာကီ၊ကင်ဘတ်၊ ဝက်နံရိုးကြော်၊ တို့ဖူးကြော်၊ ဟန်ကျိုးဖက်ထုပ်၊ လတ်ဆတ်သောအအေးနှင့် တခြားမုန့်မျိုးစုံကိုတွေ့လိုက်ရသည်။ သူတို့ စားသောက်ပြီး လမ်းနည်းနည်းထပ်လျှောက်ပြီးမှ အထည်ဆိုင်တစ်ခုကိုတွေ့လိုက်ရသည်။
Lolita စတိုင်ဝတ်စုံ၊ ရှေးဆန်ရည်မွန်သောမန်ချူးဂါဝန်၊ အမျိုးမျိုးသောခေတ်မီအားကစားဝတ်စုံ စသဖြင့် ပုံစံမျိုးစံရှိကြပြီး ရှန်းယုဟန်ကို ရပ်အောင်လုပ်နိုင်သည်မှာ ဟန်ဖူရိုးရာဝတ်စုံဆိုင်ဖြစ်သည်။
သူ့မင်္ဂလာပွဲနေ့မှာ ဝတ်ခဲ့သော ဝတ်စုံတစ်စုံက ဤနေရာရှိ ဝတ်စုံနှင့်တူ၏။
သူ၏စူးစမ်းချင်စိတ်ကို မြင်သွားသော ရှန်ချီဟွမ်းကပြောလိုက်သည်။ “ကြည့်ချင်လား?”
ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ “အွန်း” သူက သူဝတ်ဖူးသော အဝတ်အစားများကို ပြန်အမှတ်ရသွားပေမယ့် အရင်ဝတ်စုံက ဤနေရာရှိဝတ်စုံနှင့်ကွာခြားပြီး အသေးစိတ်ကျသည်။ သို့သော် ယေဘုယျအားဖြင့် ကွဲပြားမှုသိပ်မရှိပေ။
&&&&&&&&&&&
Chapter 65.2
“တတိယအစ်ကို”
သူတို့နှစ်ယောက်ဝင်လာတော့ ဆိုင်ဝန်ထမ်းများက ချောမောခန့်ညားသော လူငယ်အမျိုးသားနှစ်ယောက် ရောက်လာမယ်လို့ မမျှော်လင့်ထားပေ။ အနည်းငယ် လူကောင်သေးသော တစ်ယောက်က ဆိုင်ထဲရှိ တန်ဖိုးအကြီးဆုံးပစ္စည်းဖြစ်သည့် ဟန်ဖူအမျိုးသားဝတ်ရိုးရာဝတ်စုံကို စိုက်ကြည့်နေ၏။
ရှန်းယုဟန်က ထိုဝတ်စုံကိုဝယ်ဖို့ စုံစမ်းခါနီးမှာ ဆိုင်ဝန်ထမ်းက စိတ်ကြိုက်ပြင်ဆင်ပေးလို့ရပေမယ့် ထိုအဖိုးတန်ပစ္စည်းက ရောင်းချဖို့မဟုတ်ကြောင်းပြောလာခဲ့သည်။
ရှန်းယုဟန်က ထိုဝတ်စုံ၏အသားကို နောက်တစ်ကြိမ်ထိလိုက်ပြီး အလွန်သာမန်ဆန်တာကို တွေ့ရှိခဲ့တာကြောင့် သူက ခေါင်းခါကာ ရှန်ချီဟွမ်းကို ဆွဲခေါ်သွားခဲ့သည်။
“မင်းဟန်ဖူကိုကြိုက်လား?” ရှန်ချီဟွမ်းက ထိုဝတ်စုံကို ရှန်းယုဟန်တကယ်လိုချင်နေတယ်လို့ တွေးမိပြီး သူက ဝယ်ပေးဖို့ ပိုက်ဆံတိုက်ရိုက်ဖြုန်းလိုက်ချင်သည်။
အနည်းငယ်ထပ်လျှောက်ပြီးတော့ ရှန်းယုဟန်က ပြောလာသည်။ “အွန်း၊ ဒါပေမယ့် အဲ့ဒီဆိုင်က အသားအရမ်းညံ့တယ်။ အရည်အသွေးမြင့်တဲ့ပိတ်စကိုရရင် ကျွန်တော်ကိုယ့်ဘာကိုယ်ချုပ်နိုင်တယ်။”
“မင်းက အဝတ်အစားလည်းချုပ်နိုင်တာလား?” ဤအရာက ရှန်ချီဟွမ်းကို အံ့အားသင့်စေသည်။ ပရော်ဖက်ရှင်နယ် ဖက်ရှင်ဒီဇိုင်နာများအပြင် ဒီခေတ်မှာ ဘယ်သူက အဝတ်အစားချုပ်ကြလို့လဲ။
“ဘာများခက်လို့လဲ၊ ကျွန်တော်က ကိုယ့်အဝတ်အစားကိုယ်ချုပ်ခဲ့တာ။ ပြီးတော့ပေးလည်းပေး….” ကျွန်တော့်အစ်ကိုကြီးတွေကို ကိုယ်တိုင်ပဲချုပ်ပေးခဲ့တာ။
ရှန်ချီဟွမ်း၏နားက စူးရှပြီး သဝန်တိုစိတ်က ပေါ်ထွက်လာသည်။ “မင်းတခြားသူတွေအတွက်လည်း အဝတ်အစားချုပ်ပေးခဲ့တာလား?”
“ကျွန်တော့်အတွက်ပါပဲ။” သူတော်တာကို ပြောချင်ဇောနဲ့ သူ့ကိုယ်သူ ထုတ်ဖော်မိမလိုဖြစ်သွားခဲ့သည်။ “ဒါဆို ကျွန်တော့်ယောကျာ်းအတွက် နောက်ကျရင် တစ်စုံချုပ်ပေးမယ်။”
“ဒီလိုမှပေါ့၊ ငါမင်းကို အပ်ချုပ်စက်ဝယ်ပေးမယ်။” ရှန်ချီဟွမ်းက စိတ်အားထက်သန်နေပြီး ရှန်းယုဟန် ဘာလုပ်နိုင်တာလဲ သူမသိရင်တောင် သဖန်းရွက်မချုပ်သရွေ့ သူစမ်းဝတ်ကြည့်နိုင်ပါတယ်။
ထိုအချိန်မှာ နို့လက်ဖက်ရည်ကို ပါဆယ်ထုပ်ပြီးကြောင်း ဖုန်းသတိပေးချက်ဝင်လာသဖြင့် သူတို့က နို့လက်ဖက်ရည်ယူဖို့သွားခဲ့သည်။
သူတို့နို့လက်ဖက်ရည်ဆိုင်ရောက်တော့ လူတိုင်းက တူညီသောလမ်းကြောင်းတစ်ခုကို ပြေးနေတာတွေ့လိုက်ရသည်။
ရှန်းယုဟန်က ဖြတ်သွားဖြတ်လာတစ်ယောက် ‘နှစ်သစ်ကြိုဆိုပွဲ'လို့ပြောတာကို ကြားလိုက်သည်။ သူက ချိုမြိန်သောနို့လက်ဖက်ရည်ကိုသောက်ကာ ပြောလိုက်၏။ “ယောကျာ်း၊ နှစ်သစ်ကြိုဆိုပွဲကဘာလဲ?”
ရှန်ချီဟွမ်းက သူတို့ရှေ့က ကျန်းချန်မြို့အထင်ကရမျှော်စင်ကို လက်ညိုးထိုးကာပြောလိုက်သည်။ “ဒီနေ့က နှစ်သစ်ကူးအကြိုပဲ။ ပြီးတော့ သူတို့က နှစ်သစ်ကိုကြိုဆိုဖို့ မျှော်စင်ကိုသွားကြမှာ။ မနက်ဖြန်နှစ်သစ်ကူးရုံးပိတ်ရက်။” သူသာ နားရက်မရှိခဲ့ရင် နှစ်သစ်ကူးနေ့ရှိတာကိုပင် မေ့နေလောက်ပြီ။
ရှန်းယုဟန်က နှစ်သစ်ကူးရုံးပိတ်ရက်ကိုသိသွားပြီး သူက ရှန်ချီဟွမ်းအနောက်ကနေလိုက်သွားကာ မျှော်စင်ပေါ်က အချိန်တိုင်းစက်ကိုတွေ့သွားပြီး မရေတွက်ခင် နှစ်နာရီလိုသေးသည်။
“ဒီတော့ဒီလိုပေါ့” သူက လူအုပ်ကြီးကိုကြည့်ကာ သူ့ခင်ပွန်းကိုမေးလိုက်သည်။ “ဒီတော့ ကျွန်တော်တို့ရော ရေတွက်ကြမလား?”
“မင်းအိမ်ပြန်ပြီး မအိပ်ချင်ဘူးလား?” ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဖြတ်သွားဖြတ်လာများနှင့် မတိုက်မိစေရန် သူ့ဘက်ကိုဆွဲလိုက်သည်။
သာမန်အခြေအနေအရ အိမ်ပြန်သွားဖို့က နောက်ကျလိမ့်မယ်။
“မအိပ်ချင်ဘူး၊ ယောကျာ်း၊ ခင်ဗျားအိပ်ချင်ပြီလား?” ရှန်းယုဟန်က တက်ကြွနေပြီး သူက ခေတ်သစ်လူသားများ၏ ဘဝနေထိုင်မှုပုံစံကို နားလည်သွားပြီထင်သည်။ မမျှော်လင့်ထားစွာပင် သူက အပြင်ထွက်တာနဲ့ တိုးတက်မှုများစွာရခဲ့သည်။ ခေတ်သစ်လူသားတွေမှာ အားလပ်ရပ်ရှိပြီး နောက်နှစ်ကိုကြိုဆိုဖို့ ကွဲပြားသောလှုပ်ရှားမှုများလည်းရှိသည်။
သူက မီးပုံးပွဲတော်မှာ သူ့အစ်ကိုကြီးများနှင့်အတူ မီးပုံးလွှတ်လေ့ရှိပြီး သူ့နှလုံးသားက နှစ်သစ်ကူးကြိုဆိုတာနှင့်ပတ်သတ်ပြီး သိလိုစိတ်များပြည့်နေ၏။
“မင်းသွားချင်သွားလေ” လက်ထပ်ပြီးကတည်းက သူအပြင်မှာတစ်ညလုံးနေတာ ဘယ်နှစ်ရက်ရှိခဲ့လို့လဲ.. သူအပြင်မှာသွားသောက်သည့်ရက်တွေကတောင် တဖြည်းဖြည်းလျော့ပါးလာပြီး လွန်ခဲ့သည့်နှစ်ရက်က လျှိုထန်က သူ့ကို ခင်ပွန်းဝတ္တရား၂၄ပါး စောင့်ထိန်းသည့် ခင်ပွန်းကောင်းလို့ နောက်ပြောင်ခဲ့သေးသည်။
သူတို့နှစ်ယောက်က လူအုပ်နောက်ကိုလိုက်လာပြီး မျှော်စင်ဆီကို လျှောက်သွားကြသည်။ လမ်းပေါ်မှာလူအများကြီးရှိသဖြင့် သူတို့ရောက်ဖို့ နာရီဝက်ကြာခဲ့ပြီး ထိုင်စရာတွေ့သွားတော့ နို့လက်ဖက်ရည်သောက်ရင်း စောင့်ခဲ့ကြသည်။
ရင်ပြင်မှာ တိရစ္ဆာန်နားရွက်ဘီးကုပ်များကို ရောင်းချနေသော ထက်မြက်သောလူငယ်များရှိပြီး ရှန်းယုဟန်က အရာအားလုံးကို စိတ်ကူးယဥ်ဆန်တယ်လို့တွေးကာ ငေးကြည့်နေစဥ် ရှန်ချီဟွမ်းက နားလည်သွားသည်။
“မဝယ်နဲ့၊ အဲ့ဒါကအသုံးမဝင်ဘူး။” သူကတော့ သူ့ခေါင်းပေါ်မှာ လုံးဝမတပ်ဘူးလို့ဆုံးဖြတ်ထားသည်!
“ဒါပေမယ့် တပ်ထားတဲ့သူတွေအများကြီးပဲ၊ စိတ်ဝင်စားစရာကောင်းတယ်။ ယောကျာ်း၊ ကျွန်တော်တို့နှစ်ယောက်အတွက် ဝယ်ရအောင်နော်။” ရှန်းယုဟန်က သူ့လက်မောင်းကိုခါပြီးပြောလိုက်သည်။ “ဝယ်လိုက်မယ်၊ ဒီနေ့က ကျွန်တော်တို့ရဲ့ပထမဆုံးနှစ်သစ်ကူးနေ့ပဲ။ အမှတ်တရအဖြစ် သိမ်းထားရအောင်။”
‘ငါတို့ရဲ့ပထမဆုံးနှစ်သစ်ကူးနေ့'ဆိုသော စကားက ရှန်ချီဟွမ်းကို အောင်အောင်မြင်မြင် သိမ်းသွင်းနိုင်ခဲ့သည်။ “ကောင်းပြီ၊ ဒါပေမယ့် ဝယ်ပြီးရင် မင်းပဲတပ်ရမယ်။”
ရှန်းယုဟန်က ကောင်မလေးဆီပြေးသွားကာ ယုန်နားရွက်ဘီးကုပ်ကိုဝယ်လိုက်ပြီး ဤတစ်ခုက စျေးပိုကြီးပြီး ပိုပေါ်လွင်သည်။
သူက ရှန်ချီဟွမ်း၏ခေါင်းပေါ်မှာ တစ်ခုတပ်ပေးပြီး ရှန်ချီဟွမ်းက သူ့ကို အမူအရာမဲ့စွာကြည့်လိုက်သည်။ ရှန်းယုဟန်က ကျယ်လောင်စွာရယ်မောလိုက်ပြီး ရှန်ချီဟွမ်းက သူ ဟက်ဟက်ပက်ပက်ရယ်မောနေတာကို တွေ့သောအခါ သူဂရုစိုက်သောမျက်နှာလေးက လေနဲ့အတူ ပျောက်ကွယ်သွားခဲ့သည်။ တော်သေးတာပေါ့….ဒီနေရာမှာ သူ့ကိုသိတဲ့လူမရှိလို့…
ကြည့်လိုက်ဝယ်လိုက်နှင့် နှစ်သစ်ကြိုဆိုမယ့်အချိန်က စတင်လာပြီး ရှန်းယုဟန်က သူ့လက်ထဲမှာ မြေခွေးဖြူမျက်နှာဖုံးအပိုတစ်ခုကို ကိုင်ထားသည်။
လူအများကြီးက ဖုန်းနဲ့ ဗီဒီယိုဓာတ်ပုံရိုက်နေကြပြီး ရှန်းယုဟန်ကလည်း နောက်ကျမကျန်ပဲ သူက Selfie ရိုက်နည်းပါသင်ထားသည်။
ရှန်းယုဟန်က ဖုန်းကင်မရာကိုဖွင့်ကာ ရှန်ချီဟွမ်းကိုပေးလိုက်သည်။ “ယောကျာ်း၊ ဂရုဓာတ်ပုံရိုက်ရအောင်။”
Selfie က ရှန်ချီဟွမ်းအတွက် မခက်ခဲသဖြင့် သူက ရှန်းယုဟန်ကိုဖက်ကာ LandMark မျှော်စင်ကို နောက်ခံထားပြီး သူတို့နှစ်ယောက်ပုံကိုရိုက်လိုက်သည်။ ရှန်းယုဟန်က အွန်လိုင်းပေါ်က သင်ယူထားသော ရှေးရိုးဆန်သောပို့စ်ပေးကာ V အမူအရာကိုပြုလုပ်ခဲ့သည်။
ရှေ့က လူတစ်ယောက်က အငွေ့အသက်ကိုဦးဆောင်ကာ Countdown လို့ စအော်လိုက်ပြီး အခမ်းအနားမှာ မပါဝင်သူနှစ်ဦးကလည်း ဝင်ပျော်လိုက်ကြသည်။
“ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်! ဟက်ပီးနယူးရီယား!”
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို နောက်ကနေဖက်ထားပြီး ရှန်းယုဟန် ပါးစပ်ဖွင့်ခါနီးမှာ သူ့ခင်ပွန်းပြောတာကို ကြားလိုက်ရသည်။ “ရှန်းယုဟန်၊ ဟက်ပီးနယူးရီယား!”
“ယောကျာ်း၊ ဟက်ပီးနယူးရီးယား” သူက သူ၏စိတ်လှုပ်ရှားမှုနှင့် ပျှော်ရွှင်မှုကို ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့သည်။ “ယောကျာ်း…ကျွန်တော်ဒီနေ့အရမ်းပျော်တာပဲ။”
ရှန်ချီဟွမ်းက သူ့ကိုနောက်ကနေဖက်ပြီး သူ့နားကိုနမ်းကာ ညင်ညင်သာသာ ပြောလိုက်၏။ “ငါသိပါတယ်။ ငါတို့နောက်နှစ်လည်း ပြန်လာကြမယ်။”
ရှန်းယုဟန်၏မျက်နှာက အနည်းငယ်ပူနွေးနေပြီး သူက တခြားသူများမြင်သွားမှာကို စိုးရိမ်နေပေမယ့် သူ့ခေါင်းကို အားကြိုးမာန်တက်ညိတ်လိုက်၏။ “အွန်း”
ဒါက သူ့ခင်ပွန်း သူ့ကို ပထမဆုံးအကြိမ် ကတိပေးခဲ့တာဖြစ်ကြီး သူတ်ို့နောက်နှစ်မှာ အတူရှိနေသရွေ့ သေချာပေါက်လာလို့ရသည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏နားရွက် ဖြည်းဖြည်းချင်း ပန်းရောင်သန်းလာတာကို ကြည့်နေပြီး မကိုက်ပဲမနေနိုင်တော့ပေ။ အမှောင်ထဲမှာ သူက ရှန်းယုဟန်၏ နူးညံ့သောလက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ့လက်ချောင်းများနှင့် ယှက်ထားသည်။
ရှန်းယုဟန်က သူ့ကိုမှီကာ သူ့ခင်ပွန်းကို တိုးတိုးလေးခေါ်လိုက်သည်။
ရှန်ချီဟွမ်းက တွေးလိုက်သည်။: သူက အလွယ်တကူ ရှက်သွေးဖြာတတ်တဲ့ လူကပ်တဲ့ဟာလေးပဲ။
–
နောက်တစ်နေ့တွင် လူတိုင်း မနေ့ညက Countdown ဗီဒီယိုတင်နေကြတာကို တွေ့လိုက်ရပြီး တချို့တွေက ဘားမှာရှိနေပြီး တချို့မှာရင်ပြင်မှာရှိသလို တချို့ကတော့ သူငယ်ချင်းများနှင့် လည်ပတ်စားသောက်နေပြီး လူအားလုံးက သူတို့လုပ်ချင်တာကို လုပ်နေကြသည်။ အချိန်အတော်ကြာ စဥ်းစားပြီးနောက် သူက သူ့ဘဝကို Moments မှာတင်ဖို့ ဆုံးဖြတ်လိုက်ပြီး ခေတ်သစ်လူ့အဖွဲ့အစည်းကို ဝင်ရောက်ပေါင်းစည်းဖို့ ကြိုးစားနေသည်။
ခဏလောက်ဟိုဟိုသည်သည်နှိပ်ကာ သူက စာတစ်ကြောင်းနှင့်အတူ မနေ့ညက သူ့ခင်ပွန်းနှင့်ရိုက်ခဲ့သောပုံကို တင်လိုက်သည်။
ပို့ပြီး မိနစ်ဝက်အကြာမှာ ရှန်ချီဟွမ်း၏ဖုန်းထဲတွင် မရေမတွက်နိုင်သော မက်ဆေ့များပေါ်လာခဲ့သည်။
လျှိုထန်က ရှန်းယုဟန်၏ ဝီချက်အကောင့်ကို အက်ဒ်ထားသဖြင့် သူက ရှန်ချီဟွမ်းနှင့် သူ့ဇနီး၏ဓာတ်ပုံကိုတွေ့တော့ ဂရုထဲပို့လိုက်ပြီး လူတိုင်းက သေမတတ်ရယ်မောနေကြ၏။
– လောင်ရှန်၊ မင်းကို မင်းမိန်းမနဲ့ဆို အဲ့လိုဖြစ်နေမယ်လို့ မထင်ထားဘူး!
— ဟားဟားဟား…လောင်ရှန်…မင်းဇနီးက အရမ်းတော်တာပဲ!
— ဒီနှစ်တွေမှာ လောင်ရှန်ကို ဒီပုံစံနဲ့ တစ်ခါပဲတွေ့ဖူးသေးတယ်၊ ဒေါင်းလုဒ်လုပ်ပြီး သိမ်းလိုက်ပြီ…
ဒေါင်းလုဒ်လုပ်ပြီး သိမ်းဆည်းလိုက်သည် +1
ဒေါင်းလုဒ်လုပ်ပြီး သိမ်းဆည်းလိုက်သည် +2
ရှန်ချီဟွမ်း: သေနတ်!
သူက ညည်းတွားကာ မျက်ခုံးပင့်လိုက်သည်: ရှက်ဖို့ကောင်းလိုက်တာ!
မနေ့ညက ဒီလိုလုံးဝမဖြစ်ခဲ့ပေ။ သူက သူစိမ်းများ၏ ဖုန်းကင်မရာကိုရှောင်ခဲ့သည်။ အပြင်မှာ နှစ်သစ်ကူးနေသော သူ့သူငယ်ချင်းများကိုလည်း ရှောင်ခဲ့သည်။ သို့သော် သူ့ဇနီး၏ Moments ကိုတော့ မရှောင်နိုင်ခဲ့ပေ။
သို့သော် သူ့ဇနီးတင်လိုက်တာကို တွေ့ပြီးတော့ သူက ရုတ်တရက်ရှက်စရာမလိုဘူးလို့ ခံစားမိသွားသည်။
သူ့ဇနီး၏ Moments မှာ စာရေးထားသည် ‘နောက်နှစ်လည်း ထပ်သွားဦးမှာ’
–
နှစ်သစ်ကူးပိတ်ရက်သုံးရက်က တကယ်ကိုအားလပ်ရက်ဖြစ်ပေမယ့် ရှန်ချီဟွမ်းက ရှန်ချီယွမ်၏အလုပ်ကို လွှဲပြောင်းယူထားသဖြင့် ဒီသုံးရက်အတွင်းမှာ ရှန်းယုဟန်နှင့်ဖြတ်သန်းဖို့ အချိန်မရှိခဲ့ပေ။ မနက်ခင်းမှာ သူက ရှန်ချီယွမ်နှင့် ဗီဒီယိုထဲမှ ဆွေးနွေးခဲ့ရပြီး နေ့လည်မှာ ကုမ္ပဏီကိစ္စရပ်များကို ကိုင်တွယ်ရသည်။ သူက မနားရအောင် အလုပ်ရှုပ်နေခဲ့ပြီး ထိုအလုပ်ရှုပ်နေသော နေ့ရက်များတွင် ရှန်းယုဟန်က ကုမ္ပဏီမှာ သူနဲ့နေ့လည်စာလာစားပြီး အဖော်ပြုပေးခဲ့သည်။
ရှန်းယုဟန်က သူ့ခင်ပွန်း၏အလုပ်ရှုပ်သော နေ့ရက်များကို ကျင့်သားရနေခဲ့ပြီး ယခုချိန်မှာ သူလည်း အလုပ်ရှုပ်နေခဲ့သည်။
နှစ်သစ်ကူးအားလပ်ရက်၏ တတိယမြောက်နေ့မှာ ရှန်ချီဟွမ်း၏ သူငယ်ချင်းဖြစ်သူ တင်းချွမ်က ရှန်းယုဟန်ကို ချဥ်းကပ်ခဲ့သည်။
ကိစ္စကဒီလိုဖြစ်သည်။ တင်းချွမ်မှာ အနုပညာပြပွဲလုပ်ငန်းက သူငယ်ချင်းတစ်ယောက်ရှိပြီး သူက ရှန်းယုဟန်၏ ပန်းချီကို သဘောကျခဲ့ပေမယ့် ရှန်းယုဟန်ကို ဆက်သွယ်ရမယ့် အချက်အလက်ကို ရှာမတွေ့ခဲ့ပေ။ အလှည့်အပြောင်းအများကြီးပြီးမှ သူက ရှန်ချီဟွမ်းကို သိသော တင်းချွမ်ကိုရှာတွေ့ခဲသည်။
ရှန်းယုဟန်က ရှာဖို့အတော်ခက်ပြီး သူနဲ့ပူးပေါင်းဆောင်ရွက်လို့ရသော တစ်ခုတည်းသောနည်းလမ်းမှာ ရှန်ချီဟွမ်းဖြစ်သည်။
ရှန်းယုဟန် တစ်ဖက်လူနှင့်မဆက်သွယ်ခင်မှာ ရှန်ချီဟွမ်းက တစ်ဖက်လူ၏အချက်အလက်ကို အရင်စစ်ဆေးခဲ့သည်။ ထိုမှသာ သူအနားမှာမရှိရင် သူ့ဇနီးက ပစ်မှားခံရခြင်းမှ ရှောင်နိုင်မှာဖြစ်သည်။ ထိုအကြောင်းပြချက်အတွက် ပန်းချီပြပွဲပြသသူနှင့်တွေ့ဆုံနိုင်ရန်နှင့် အခြေအနေသဘောတရားကို နားလည်နိုင်ရန် ရှန်ချီဟွမ်းက လက်ထောက်ချွီကို ရှန်းယုဟန်နှင့်အတူ စေလွှတ်ခဲ့သည်။
ရှန်းယုဟန်နှင့်ပန်းချီပြပွဲတင်ပြသူက နောက်ဆုံးမှာ အောင်အောင်မြင်မြင် ဆက်သွယ်နိုင်ခဲ့သည်။
လက်ထောက်ချွီက ရှန်ချီဟွမ်းနှင့် နှစ်ပေါင်းများစွာ အတူရှိလာခဲ့သည့် လက်ထောက်ဖြစ်ဖို့ ထိုက်တန်၏။ သူကားပေါ်ရောက်တာနဲ့ မျက်မှန်ကိုပင့်တင်ကာ ပန်းချီပြပွဲတင်ပြသူ သူ့ကို ရှာခဲ့သည့် အကြောင်းအရင်းကို တင်ပြနေခဲ့သည်။
“မစ္စတာရှန်း၊ ဒီပန်းချီပြပွဲတင်ပြသူရဲ့နာမည်က ရှန့်ယွီလင်းပါ။ သူ့ကုမ္ပဏီက အနုပညာပြပွဲကျင်းပရာမှာ အတော်လေးအောင်မြင်တယ်။ အခုသူက ခင်ဗျားကိုရှာနေတာ ခင်ဗျားရဲ့ပန်းချီကားကို သူ့ပြပွဲမှာထည့်မလို့ပါ။ ကျွန်တော်သိသလောက်ဆိုရင် သူတို့က ဒီတစ်ကြိမ်မှာ စုစုပေါင်း ပန်းချီဆရာဆယ့်ရှစ်ယောက်ရဲ့ ပန်းချီကားကို မိတ်ဆက်သွားမှာပါ။ ပြီးတော့ ခင်ဗျားက သူ့ဖိတ်ခဲ့တဲ့လူထဲကတစ်ယောက်ပါ။ ဒါ့အပြင် သူက ခင်ဗျားကို ပြပွဲကျင်းပမယ့်နေ့မှာပဲ ပန်းချီတိုက်ရိုက်ဆွဲပေးဖို့ ဖိတ်ခဲ့ပါတယ်”
ရှန်းယုဟန်က အနည်းငယ်တုံ့ဆိုင်းသွားသည်။ “အဲ့နေရာမှာ ဆွဲရမှာလား? လူအားလုံးအရှေ့မှာလား?”
လက်ထောက်ချွီကဆိုသည်။ “ဟုတ်ပါတယ်။ အဲ့လိုပဲနားလည်ထားလိုက်ပါ။ အဲ့ဒါက ခင်ဗျားရဲ့ကျော်ကြားမှုကို တိုးစေနိုင်လို့ ဝင်ပါဖို့ အကြံပေးချင်ပါတယ်။ ပြီးတော့ ခင်ဗျားဝေ့ပေါ်ဖွင့်ပြီး ပရိသတ်တွေနဲ့ ဆက်သွယ်လို့ရတယ်။ ဒါဆို အနာဂတ်မှာ တစ်ယောက်ယောက်က ပြပွဲကျင်းပပေးဖို့ တောင်းဆိုလာရင် အဲ့ဒါက ခင်ဗျားရဲ့ ဝင်ငွေအရင်းအမြစ်ဖြစ်လာနိုင်တယ်။ ပြပွဲနေ့မှာ ခင်ဗျားပန်းချီဆွဲနေတာကို ဗီဒီယိုရိုက်ဖို့ လူတစ်ယောက်စီစဥ်ပေးပါမယ်။”
သူ့ပရိသတ်များက သူ့ဝင်ငွေလမ်းကြောင်း ဘယ်လိုဖြစ်လာမှာလဲ သူမသိသော်ငြား ရှန်းယုဟန်က လက်ထောက်ချွီ၏ကျွမ်းကျင်မှုကိုယုံသည်။ ဝေ့ပေါ်လည်းဖွင့်ရမည်။ အရင်က အသုံးမဝင်လို့ မလိုအပ်ခဲ့ပေမယ့် ယခုချိန်မှာ မုန့်ဖိုးရှာဖို့ သုံးလို့ရသဖြင့် လျစ်လျူရှုလို့မရတော့ချေ။
လက်ထောက်ချွီက ရှန်းယုဟန်ကို သူတို့ဒီနေ့တွေ့ကြမည့် ကော်ဖီဆိုင်ကို ခေါ်သွားခဲ့သည်။
တစ်ဖက်လူက ရောက်နှင့်နေပြီးဖြစ်သည်။
တစ်ယောက်ယောက် တံခါးတွန်းဖွင့်လာတာကိုကြားတော့ တစ်ဖက်လူက မတ်တပ်ရပ်ကာ သူတို့ကိုနှုတ်ဆက်လာပြီး သူ့အပြုအမူက စိတ်အားထက်သန်နေပေမယ့် မရိုင်းပေ။ “ဟယ်လို၊မစ္စတာရှန်း၊ ကျွန်တော်က ရှန့်ယွီလင်းပါ။ ဒါက ကျွန်တော့်လုပ်ငန်းကတ်”
ဆန့်ကျင်ဘက်အနေနဲ့ ကျင့်ဝတ်များကို လိုက်နာလေ့ရှိသော ရှန်းယုဟန်က တစ်ဖက်လူကိုတွေ့သောအခါ အံ့အားသင့်သွားပြီး မသိစိတ်က ရေရွတ်မိလိုက်၏။ “တတိယအစ်ကို”