Chapter 62.1
“အပြန်အလှန်ပေးသော အံ့အားသင့်စရာများ”
ကံကောင်းထောက်မစွာ ရှန်းယုဟန်၏အေးစက်မှုက မပြင်းထန်တော့ပဲ တစ်ညလုံး သူ့ခင်ပွန်း၏အဖက်ခံထားရတာကြောင့် နောက်နေ့မနက်မှာ ပြဿနာကြီးကြီးမားမားမရှိပဲ နိုးလာခဲ့သည်။
ချီတိုင်းပြည်မှာ နှစ်နှစ်ဆယ်နီးပါးနေခဲ့ပြီးတော့ ရှန်းယုဟန်က အပြင်သိပ်မသွားချင်ခဲ့ပေ။ ပထမအချက်က သူက ကမ္ဘာသစ်နှင့် မရင်းနှီးသလို အပြင်ကမ္ဘာက သူစိမ်းများနဲ့လည်း အဆက်အဆံသိပ်မရှိတာကြောင့် ငယ်စဥ်ကတည်းက ရရှိခဲ့သော လိင်ပိုင်းဆိုင်ရာအယူအဆများသည် ခေတ်သစ်လူသားများထက် ပိုအားကောင်းခဲ့သည်။
သူက အိမ်မှာဆိုရင် ကိစ္စများကို သေချာစီမံပြီး အချိန်ကို အကျိုးရှိရှိအသုံးချလေ့ရှိသည်။
မနက်ခင်းစာလေ့လာခြင်း၊ ပန်းချီနှင့်လက်ရေးလှရေးဆွဲခြင်း ဒါမှမဟုတ် ချင်တီးခတ်ပြီး နေ့လည်မှာ ဂိုးကစားခြင်းနှင့် အလုပ်ရှုပ်နေသော ရှန်ချီဟွမ်းနဲ့ အနားယူချိန်မှာ ရံဖန်ရံခါစကားပြောခြင်း….
သူမသိလိုက်ခင်မှာ ခရစ်စမတ်ကရောက်လာခဲ့သည်။
ရှန်းယုဟန်က မနက်ခင်းမှာ အန်တီဝမ်နှင့်အတူ အနီးနားက ဟင်းသီးဟင်းရွက်စျေးကိုသွားခဲ့သည်။ စူပါမားကတ်က ဝယ်ခြမ်းပြီးနောက် သူက စိတ်ပူပန်မနေတော့ပေ။ သူက အသီးဝယ်ဖို့ စူပါမားကတ်ကို ကြိမ်ဖန်များစွာသွားဖူးပြီး ရှန်ချီဟွမ်းအတွက် သစ်သီးသုပ်တောင် လုပ်ပေးခဲ့ဖူးသည်။
ခရစ်စမတ်အကြိုနေ့မှာ ပန်းသီးများကို နေရာတိုင်းမှာရောင်းချနေပြီး ရှန်းယုဟန်က စုံစမ်းလိုက်တော့ ခရစ်စမတ်က ဒီဇင်ဘာ၂၅ရက်နေ့ဖြစ်ပြီး ၂၄ရက်ညက အနောက်တိုင်းခရစ်ယာန်များ၏ အားလပ်ရပ်ဖြစ်သော ခရစ်စမတ်အကြိုနေ့ဖြစ်သည်။ နောက်တော့ ၎င်းက အရှေ့ဘက်ကို ပျံ့နှံ့သွားပြီး ခေတ်မီပညာရေးကို လက်ခံရရှိထားသော လူတိုင်းက ဤအားလပ်ရက်ကို ကျင်းပရတာသဘောကျသည်။
ဒီနေ့မှာ စူပါမားကတ်က Jingle Bells နှင့် ခရစ်စမတ်သီချင်းများကို ဖွင့်ထားပြီး သူတို့ဝင်သွားတော့ အိတ်အသေးလေးမှာ သေသေသပ်သပ် ထုပ်ပိုးထားသော ပန်းသီးများကို တွေ့လိုက်ရသည်။ ခရစ်စမတ်အကြိုမှာ ပန်းသီးပေးခြင်းက ငြိမ်သက်အေးချမ်းခြင်းကို ကိုယ်စားပြုသည်။ ရှန်းယုဟန်က ကံကောင်းခြင်းကို ယူဆောင်လာချင်တာကြောင့် ပန်းသီးအနည်းငယ်ကို ဝယ်လာပြီး သူ့မိသားစုရှိ လူအားလုံးကို ပေးလိုက်မည်။
စူပါမားကတ်တွင် ရှန်းယုဟန်၏ ယနေ့သုံးဖြုန်းမှုက ပန်းသီးဖြစ်ပြီး သူအိမ်ရောက်တော့ သူ့ခင်ပွန်းကိုပေးမည့် ပန်းသီးကို သက်သက်ဖယ်ထားလိုက်ပြီး သူ့ကို အံ့သြအောင်လုပ်ဖို့ ရည်ရွယ်ထားသည်။ သူ့ခင်ပွန်းက မကျင်းပသော်ငြားလည်း အငွေ့အသက်ကတော့ ရှိဖို့လိုသည်။ တခြားသူမှာရှိတာ သူ့ခင်ပွန်းမှာလည်းရှိရမည်။
ယနေ့တွင် ရှန်ချီဟွမ်းက အပြင်မှာ ဒင်နာပါတီသွားခဲ့ပြီး ည၉နာရီမှ အိမ်ပြန်ရောက်သည်။ ရှန်းယုဟန်က ရေချိုးပြီး ဆိုဖာပေါ်တွင် {ခန်းဆောင်နီအိပ်မက်} စာအုပ်ကိုကိုင်ထားပြီး စောင်ခြုံကာဖတ်နေသည်။ အစ်မလင်းက လူတစ်ယောက်၏ခေါင်မိုးအောက်မှာ နေထိုင်ရတာကိုတွေ့တော့ သူက သူ၏ခတ်သစ်ကမ္ဘာမှာ တစ်ယောက်တည်းနေထိုင်ရပုံကို တွေးမိကာ ဝမ်းနည်းလာတာကြောင့် သူမနဲ့အတူငိုမိသွားသည်။
ရှန်ချီဟွမ်းက အိမ်ပြန်ရောက်တော့ စာဖတ်ခန်းထဲမှာ သူ့ကိုတွေ့သွားပြီး သူ့ဇနီးက စာရွက်လှန်ရင်း မျက်ရည်သုတ်နေတာကို တွေ့လိုက်ရသည်။
သူက {ခန်းဆောင်နီအိပ်မက်}ကို အသိအမှတ်ပြုထိုက်သော စာပေလက်ရာတစ်ခုအဖြစ် သတ်မှတ်ထားပြီး ပထဆုံးအကြိမ်အဖြစ် {ခန်းဆောင်နီအိပ်မက်}ကိုဖတ်ကာ ငိုနေသော သူ့ဇနီးကိုတွေ့ခဲ့ရသည်။
ရှန်းယုဟန်အတွက် ထိုစာအုပ်က ပုံပြင်စာအုပ်ဖြစ်ပြီး ကဗျာစာပေကိုနားလည်ဖို့ အခက်အခဲမရှိပေ။ သူက ထိုစာအုပ်ကို အလွန်စွဲလမ်းသွားတာကြောင့် ရှန်ချီဟွမ်း တံခါးဖွင့်ပြီး ဝင်လာတာကို သတိမထားမိပေ။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုတွေ့တော့ တစ်ရက်တာ အဆိုးမြင်စိတ်များ ပျောက်ကွယ်သွားခဲ့သည်။ “ဒီစာအုပ်က စိတ်ဝင်စားဖို့ကောင်းလား?”
ရှန်းယုဟန်က သူ့ခင်ပွန်း၏ရုတ်တရက်ပေါ်လာမှုကြောင့် ထိတ်လန့်သွားပြီး မျက်လုံးမှမျက်ရည်ကို သုတ်လိုက်သည်။ “ယောကျာ်းက အသံမထွက်အောင် လမ်းလျှောက်လာတာပဲ၊ ကျွန်တော်က ပန်းပင်မြှုပ်နှံနေတဲ့ သိုက်ယွီအကြောင်းဖတ်နေတာ။ သူစိမ်းတစ်ယောက်ရဲ့ အမိုးအောက်မှာနေရတဲ့ သူမဘဝက အရမ်းသနားဖို့ကောင်းတာပဲ။”
သိုက်ယွီက အရည်အချင်းရှိသော ပညာရှိတစ်ယောက်၏သမီးဖြစ်ပြီး ချမ်းသာသောမိန်းမပျိုတစ်ယောက်ဖြစ်သည်။ သူမ၏ဝင်ခွင့်ကိုငြင်းဆိုခံရသောအခါ သူမကိုစိတ်မကောင်းဖြစ်စေခဲ့သည်။ ပြီးတော့ သူကလည်း ထင်ရှားသောမိသားစုမှ ကောတစ်ယောက်ဖြစ်ပြီး တစ်ချိန်က အစေခံများနှင့် ဝန်းရံခံထားရသော အတိတ်၏ကြီးကျယ်မှုကို သတိရသွားပေမယ့် ယခုအခါ သူက သာမန်လူတစ်ယောက်သာဖြစ်ပြီး သူ့ရင်ထဲက လစ်ဟာမှုက သိသာနေသည်။
ရှန်ချီဟွမ်းက ဒီနေ့အနည်းငယ်ပင်ပန်းနေသဖြင့် သူက ဆိုဖာပေါ်မှာထိုင်လိုက်ပြီး ရှန်းယုဟန်၏ပခုံးပေါ်မှာ ခေါင်းတင်ထားသည်။ “သူသနားစရာကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ မင်းငိုလို့မရဘူး။ မနက်ဖြန် မင်းအပြင်ထွက်ရမှာ၊ ပြီးတော့ မျက်လုံးတွေဖောင်းနေရင် ကြည့်ကောင်းမှာမဟုတ်ဘူး။”
ရှန်းယုဟန်က ဤနည်းဖြင့် သူ့ခင်ပွန်း၏ အမှီခံထားရပြီး အိမ်မှာတစ်ယောက်တည်းနေရခြင်း၏ သူ့ရင်ထဲက လစ်ဟာမှုက ရုတ်ချည်းပြည့်စုံသွားခဲ့သည်။ သဘာဝအတိုင်း သူ၏စိတ်ကူးယဥ်ဆန်သော စိတ်ဓာတ်က ပျောက်သွားခဲ့ပြီး သူက ရှန်ချီဟွမ်း၏မျက်နှာကိုထိကာ မေးစေ့ပေါ်မှ ရှည်လာသောအမွေးသစ်များကို ခံစားမိလိုက်သည်။ ထိုအမွှေးများက ကြမ်းတမ်းပြီး ရွစိရွစိဖြစ်နေ၏။
သူ့နှလုံးသားက ရေးတေးတေး လှုပ်ရှားသွားသည်။ “မဖြစ်ဘူး၊ ယောကျာ်း၊ ကျွန်တော် ခင်ဗျားကို မနက်ဖြန် မုတ်ဆိတ်ရိတ်ပေးမယ်။”
“အွန်း” ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုမှီထားပြီး မလှုပ်ရှားချင်ပေ။ သူ့ဇနီးကလည်း အမျိုးသားတစ်ယောက်ဖြစ်ပြီး ဘာလို့အဲ့လောက်တောင် မွှေးကြိုင်ပြီး နူးညံ့နေရတာလဲ၊ သူက သူ့ကိုဖက်ပြီး မှီထားစဥ် အရမ်းနေလို့ကောင်းနေ၏။
ရှန်းယုဟန်က သူ့ခင်ပွန်း မျက်လုံးမှေးထားတာကိုတွေ့တော့ မေးလိုက်သည်။ “ခင်ဗျားပင်ပန်းလို့လား”
ရှန်ချီဟွမ်းက သူ့ဇနီး၏ပေါင်ပေါ်မှာ လှဲလိုက်သည်။ “နည်းနည်းပါ၊ ဒီနေ့ အရမ်းခက်ခဲတဲ့ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ဆွေးနွေးခဲ့ရတာ။ သူတို့ဆီက ညှိနှိုင်းရတာ ခေါင်းအရမ်းမူးတယ်။ ကိုယ်သာဂရုမစိုက်ရင် သူတို့ဆီမှာ မိသွားတော့မှာ။”
ရှန်းယုဟန်က စီးပွားရေးကိစ္စအကြောင်း သိပ်မသိတာကြောင့် သူက ရှန်ချီဟွမ်း၏နားထင်ကို ညင်ညင်သာသာ ပွတ်ပေးကာ ရှန်ချီဟွမ်းက ဇနီးလေးတစ်ယောက်ရှိတာ အလွန်ကောင်းသည်ဟု ရင်ထဲမှာ သက်ပြင်းချလိုက်၏။
ခဏလောက်ဖိပေးပြီးနောက် ရှန်းယုဟန်က သူ့ချင်တူရိယာကို ကြည့်လိုက်သည်။ “ယောကျာ်း၊ ကျွန်တော် ခင်ဗျားအတွက် ချင်တီးပေးရမလား?”
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ကောင်းပြီ။”
ရှန်းယုဟန်က ပုံမှန်ဆိုရင် ချင်တီးခတ်ကာ ကိုယ်တိုင်နားထောင်လေ့ရှိပြီး သူ့ခင်ပွန်းက အိမ်မှာအရမ်းအလုပ်ရှုပ်နေတာကြောင့် သူချင်တီးပြတာကိုနားထောင်ဖို့ အချိန်ရှားပါးသည်။
သူက ချင်စားပွဲမှာထိုင်လိုက်ပြီး ဂီတနုတ်နှစ်ခုကိုစမ်းကြည့်ကာ ခေါင်းမော့ပြီး ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်းက ဘယ်လိုဂီတကို နားထောင်ရတာကြိုက်လဲ?”
ရှန်ချီဟွမ်းက ဤကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမသိပေ။ “အဆင်ပြေပါိတယ်။ ကိုယ်ချေးမများဘူး။”
ရှန်းယုဟန်က ခေါင်းငုံ့ပြီး ချီတိုင်းပြည်မှာ တရားထိုင်စဥ် သူတီးလေ့ရှိသော သီချင်းတစ်ပုဒ်ကို တီးခတ်လိုက်သည်။
ချင်သံက သာယာနေပြီး တေးသွားပြောင်းလိုက်စဥ် ရှန်ချီဟွမ်းက သူ၏ဂနာမငြိမ်ဖြစ်နေသောစိတ် သက်သာသွားသလို ခံစားလိုက်ရသည်။ သူက ခေါင်းထောင်ကာ ချင်တီးခတ်နေသော သူ့ဇနီး၏ကိုယ်ဟန်အနေအထားကို ချီးကျူးလိုက်သည်။
ရှန်းယုဟန်က သိုးမွှေးဆွယ်တာကိုဝတ်ထားပြီး ကြမ်းပြင်ပေါ် ဖြန့်ကျနေသော အဝတ်အစားက စကပ်နဲ့တူပြီး သူ့ဆံပင်က အနည်းငယ်ရှည်လာပုံရသည်။ ချင်ကိုတီးခတ်သွားသည့်ပုံစံက ဝေးကွာသောခေတ်တစ်ခုက အလှလေးတစ်ယောက်နဲ့တူသည်။
ဇနီးလေးက နှလုံးသားကိုနွေးထွေးစေပြီး မျက်လုံးကိုအေးစေသည်။
သူ့ဇနီး၏ချင်သံက လေထဲမှာ ဆင်းသက်နေသည်။
ရှန်ချီဟွန်းက ဖုန်းကိုထုတ်ကာ ရှန်းယုဟန်တီးခတ်သော တေးသွားကို ရိုက်ကူးထားလိုက်သည်။ သူ အလုပ်ခရီးထွက်ရသောနေ့မှာ အိပ်မပျော်ရင် ဗီဒီယိုကြည့်ပြီး သီချင်းနားထောင်လို့ရသည်။
သီချင်း၏အဆုံးသတ်မှာ ရှန်းယုဟန်က ခေါင်းလှည့်လိုက်တော့ ဖုန်းကိုင်ထားသော သူ့ခင်ပွန်းကိုတွေ့လိုက်ရသည်။ “ယောကျာ်း၊ ခင်ဗျားဘာတွေလုပ်နေတာလဲ?”
“မင်းရဲ့သီချင်းကို ရိုက်ကူးနေတာ။” ရှန်ချီဟွမ်း၏ စိတ်ဓာတ်က သူပြန်ရောက်လာစဥ်ကထက် အများကြီးကောင်းသွားခဲ့သည်။
တစ်ယောက်တည်းသီချင်းနားထောင်ပြီး ပျော်ရတာက နှစ်ယောက်အတူနားထောင်ပြီးပျော်ရတာလောက် မကောင်းပေ။ ရှန်းယုဟန်က တေးဂီတ၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီမှာ ပါရမီရှိကြောင်း သိပြီးကတည်းက သူက ဝေ့ပေါ်မှာ စတင်ကြွားခဲ့ပြီး အင်တာနက်သုံးစွဲသူများ၏ အားကျမနာလိုသော မှတ်ချက်များကိုတွေ့သောအခါ သူ့ကိုအလွန်ပျော်ရွှင်စေသည်။
ဆောင်းယဥ်စွန်းချိန်ပွဲတော်ရက်က တင်ခဲ့သော အတွေ့အကြုံကိုသင်ယူကာ သူက သူ့ဇနီး၏လက်ကိုသာပြပြီး တခြားဘာမှ ကြည့်ခွင့်မပေးတော့ချေ။
ပြီးတော့ ဂီတက အတော်လေးကောင်းတယ်လို့ သူထင်သည်။ သူလည်း ငယ်ငယ်တုန်းက စန္ဒယားကို နှစ်ပေါင်းများစွာသင်ယူခဲ့ပြီး နောက်တော့ စန္ဒယားသင်ရခြင်း၏ နေ့ရက်များကို ပြန်မမှတ်မိချင်တာကြောင့် သူက အိမ်မှာ စန္ဒယားလုံးဝမဝယ်ခဲ့ပေ။ ထို့ကြောင့် ရှန်းယုဟန်ကိုပြောင်းလဲဖို့ သူ့ကို စန္ဒယားသင်ယူစေခဲ့ပေမယ့် သူ့ဇနီးက သူ့ကို အံ့အားသင့်စရာများ တစ်ခုပြီးတစ်ခုပေးလာမယ်လို့ မမျှော်လင့်ခဲ့ပေ။ လက်ရှိအင်တာနက်ဘန်းစကားအရဆိုရင် 'ငါဟာလူရွှင်တော်တစ်ယောက်ပါ’လို့ ရှင်းပြနိုင်ဖွယ်ရှိသည်။
ကံကောင်းစွာပင် သူက ရှန်းယုဟန်ကို မလိုမုန်းထားစိတ်သိပ်မရှိခဲ့ပေ။ မဟုတ်ရင် အငိုသန်၊ အချွဲသန်၊ အကပ်သန်သော စွယ်စုံရဇနီးလေးကို ရနိုင်ခဲ့မှာမဟုတ်ချေ။
သူက ဝေ့ပေါ်မှာမတင်ခင် တည်းဖြတ်ခဲ့သော ဗီဒီယိုကိုစစ်ဆေးလိုက်သည်။
ရှန်ချီဟွမ်း: ဒီနေ့နည်းနည်းပင်ပန်းနေလို့ ငါ့သူငယ်ချင်းလေးက သီချင်းတစ်ပုဒ်တီးပြခဲ့တယ်။ တစ်ယောက်ယောက်များ နာမည်ကိုသိကြလား….
အင်တာနက်သုံးစွဲသူများက အကုန်နားလည်သွားသည်။
– ဥက္ကဋ္ဌရှန်က သူ့ဇနီးလေးကို ထပ်ကြွားနေပြီ၊ အရှက်မရှိလိုက်တာ!
– ရှင့်ရဲ့ သူငယ်ချင်းလေးမျက်နှာကို ပြလို့ရမလား၊ ငါတို့ကြည့်ချင်တယ်။
– နားမထောင်ဘူး။ ကျမ်းဂန်ရွတ်နေတဲ့ ဘုန်းကြီးကို ငါမယုံဘူး။ ငါ့ကိုလက်ထပ်ချင်လာအောင် လှည့်ဖြားနေတဲ့ နောက်ထပ်နေ့ရက်တစ်ရက်ပဲ။ အိပ်မက်ဆက်မက်နေလိုက်၊ ငါလှည့်စားတာမခံဘူး။
– ငါ ဒီလက်ကို နှစ်တစ်ရာလောက် ကိုးကွယ်ထားနိုင်ပါတယ်။ အရမ်းလှတာပဲ.. ဥက္ကဋ္ဌရှန်က ဂီတ၊ လက်ရေးလှ၊ ပန်းချီနဲ့ စစ်တုရင် အားလုံးကျွမ်းတဲ့ ဇနီးလေးကို လက်ထပ်ထားတာလား? ငါအထင်ကြီးသွားပြီ။
– ပန်းချီကားအသစ်ကို ဘယ်တော့သင်မှာလဲ? ပန်းချီကားစတိုင်က အရမ်းချစ်ဖို့ကောင်းတယ်။
–
ကောင်းဖုန်းက ကူချင်ဖျော်ဖြေရေးမှာ ပါရဂူဘွဲ့ယူထားသော ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူက ကူချင်တီးခတ်ခြင်းကို စွဲလမ်းနေခဲ့သည်။ သူက နစ်မျောစရာ ကူချင်ဂီတကို ရှာရတာလည်းကြိုက်သည်။ ထူးချွန်သောဂီတစွမ်းရည်နှင့် ပါရမီကြောင့် သူက ရှေးဟောင်းအုတ်ဂူတစ်ခုမှာ ရှာတွေ့ခဲ့သော ချင် Score (တေးဂီတရမှတ်) ကိုလေ့လာရန် ရှေးဟောင်းသုတေသနပညာရှင်များ၊ ဂန္တဝင်ဂီတသုတေသနပရော်ဖက်ဆာများနှင့်အတူ မကြာသေးမီက လက်တွဲလုပ်ဆောင်ခဲ့သည်။ သို့သော် တေးဂီတရမှတ်က စိုထိုင်းသောခေါင်းတလားထဲမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တာကြောင့် စာလုံးရေ ဆယ်ပုံတစ်ပုံကိုသာ ရှင်းရှင်းလင်းလင်း ဖတ်နိုင်ခဲ့သည်။ ထို့အပြင် သူတို့သည် ထိုတေးဂီတရမှတ်များကို မျက်လုံးနီရဲလာသည်အထိ တစ်လကျော်ကြာအောင် လေ့လာခဲ့ပြီးနောက် ဆယ်ပုံတစ်ပုံကိုသာ သေချာသိခဲ့ကြသည်။
ဒီနေ့အနားယူဖို့က မလွယ်တာကြောင့် သူက အိပ်ရာစောစောဝင်ကာ မအိပ်ခင် ဝေ့ပေါ်ဆိုဒ်ကို အပေါ်အောက်ပွတ်နေတုန်း သူ့အတန်းဖော်များ ပို့ပေးခဲ့သော ဝေ့ပေါ်ကို ရှာတွေ့ခဲ့သည်။
ကောင်းဖုန်းက ချင်နှင့်ပတ်သတ်သော အရာအားလုံးကို စိတ်ဝင်စားပြီး သူ့အတန်းဖော်က သူတို့မေဂျာမှာ အတော်ဆုံးတစ်ယောက်ဖြစ်သည်။ ဒီတော့ သူက ဘာလို့ ဆယ်လီတစ်ယောက်ရဲ့ ဝေ့ပေါ်ပို့စ်ကို ပို့ထားရတာလဲ? သူက ကွန်းမန့်များကိုဖတ်ကြည့်လိုက်တော့ ထူးဆန်းသလို ခံစားလိုက်ရသည်။ ဂီတရမှတ်ကို တောင်းဆိုဖို့အရမ်းကောင်းတယ်!
သူတို့မကြားဖူးတဲ့ ကူချင်တေးဂီတရမှတ်မလား? ဒါကကိုယ်တိုင်ရေးထားတာလား?
ထို့နောက် ကောင်းဖုန်းက စက္ကန့်ငါးဆယ်ဗီဒီယိုကို နှိပ်လိုက်၏။
ပထမတော့ နားထောင်ရတာ သာယာပြီး သက်တောင့်သက်သာရှိပေမယ့် ဆက်နားထောင်တော့ ရင်းနှီးသလိုခံစားလိုက်ရပြီး ဉာဏ်အလင်းပွင့်သွားခဲ့သည်။
ဤအပိုင်း၏ တေးသွားလေးက သူတစ်လလောက် နားထောင်ပြီး သူတစ်လလုံးရှာဖွေခဲ့ရသည့် တုံ့ပြန်မှုအခြေအနေကို တိုးတက်လုနီးပါးဖြစ်စေခဲ့သည်။ ဒါကိုဘယ်သူတီးတာလဲ?
ဒါက တိုက်ဆိုင်မှုသက်သက်လား? ဒါက သူတို့ရဲ့ တေးဂီတရမှတ်နဲ့ ဘာလို့တူနေတာလဲ?
သူက ဆက်နားထောင်ချင်ပေမယ့် ထပ်မရှိတော့ပေ!
ကောင်းဖုန်းက အလွန်စိတ်လှုပ်ရှားနေသည်။ ရှေးဟောင်းသုတေသနပညာရှင်တွေ ရရှိထားတဲ့ တေးဂီတရမှတ်က လူထုကြားမှာ ရှိနှင့်ပြီးသားလား?
သူက ရှန်ချီဟွမ်း၏ဝေ့ပေါ်ကို နှိပ်လိုက်ပြီး တီးခတ်ခဲ့သောသူက ရှန်ချီဟွမ်း၏ချစ်သူဆိုတာကို သိလိုက်ရသည်။ သူက အကြာကြီးရှာခဲ့ပေမယ့် ရှန်ချီဟွမ်းချစ်သူ၏အကောင့်ကို ရှာမတွေ့ခဲ့ချေ။
ဗီဒီယိုကိုအရင်သိမ်းထားတာကောင်းမည်။ ပြီးရင်တော့ မနက်ဖြန်မှာ သူတို့ရဲ့ တေးဂီတရမှတ်နဲ့တူလား အတည်ပြုဖို့ ဆရာများကိုပို့လိုက်မည်။
တူတယ်ဆိုရင် နိုင်ငံရဲ့ ဂန္တဝင်သံစဥ်တေးစုတွေ တိုးလာတော့မှာလား….အဲ့လိုဆိုရင် အရမ်းကောင်းသွားမှာပဲ..
&&&&&&&&&&&&&&
Chapter 62.2
“အပြန်အလှန်ပေးသော အံ့အားသင့်စရာများ”
ရှန်းယုဟန်က ချင်တီးခတ်လို့ပြီးသွားပြီး သူ့ခင်ပွန်းကို ပန်းသီးပေးဖို့ မေ့နေတာကို ရုတ်တရက် သတိရသွား၏။
ရှန်ချီဟွမ်းက သူ့အခန်းပြန်ပြီး အနားယူတော့မယ်လို့ ပြောခါနီးမှာ သူ့ဇနီးက ပုံမှန်နှေးကွေးသော လမ်းလျှောက်ဟန်ကိုပြောင်းပြီး တစ်ခုခုလုပ်တော့မလို အောက်ထပ်ပြေးဆင်းသွားတာကို တွေ့လိုက်ရသည်။ သူက ဆိုဖာမှထကာ သူ့နောက်လိုက်သွားပြီး ကော်ရီဒါမှရပ်ကာ အိတ်အသေးတစ်လုံးကိုကိုင်ကာ ပြေးလာသောဇနီးလေးကို ကြည့်နေလိုက်သည်။
ရှန်းယုဟန်က အသက်ရှူထုတ်လိုက်ပြီး သူ့မျက်နှာက ပြေးထားလို့ နီမြန်းနေသည်။ “ယောကျာ်း၊ ဒါခင်ဗျားအတွက်ပါ၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်။”
ရှန်ချီဟွမ်းက ယူလိုက်ပြီး အထဲက ပန်းသီးအလုံးကြီးကို တွေ့လိုက်ရသည်။ “ကိုယ့်အတွက် ပန်းသီးတစ်လုံး?”
“အွန်း” ရှန်းယုဟန်က ခေါင်းညိတ်ပြသည်။ “ခရစ်စမတ်မှာ ပန်းသီးပေးဖို့ မလိုဘူးလား?”
ရှန်ချီဟွမ်းက ကျယ်လောင်စွာရယ်မောလိုက်သည်။ “ငါတို့နိုင်ငံမှာပဲ ပန်းသီးပေးတဲ့ အလေ့အထထွက်လာတော့တယ်။ ဒီပွဲတော်က ဒီလိုအယူအဆမရှိဘူးကွ၊ အဲ့ဒါက ကုန်သည်တွေ စီစဥ်ထားတဲ့ လှုပ်ရှားမှုတစ်ခုပါ။” သူ့ဇနီးလေး စိတ်ဆိုးလာသည်ကိုတွေ့တော့ သူကချက်ချင်းပြောလိုက်သည်။ “ဒါပေမယ့် ကျေးဇူးတင်ပါတယ်။ ကိုယ်အလုပ်ရှုပ်နေလို့ မင်းအတွက် လက်ဆောင်ပြင်ဖို့ မေ့သွားတယ်။”
သူ့ခင်ပွန်း၏ ကျေးဇူးတင်စကားကို နားထောင်ပြီးတော့ ရှန်းယုဟန်က ကျေနပ်သွားသည်။ “ကိစ္စမရှိဘူး၊ ခင်ဗျားက ကျွန်တော့်အတွက် အမြဲဝယ်ပေးနေတာပဲကို”
ရှန်ချီဟွမ်းက သူ့ရင်ထဲမှာတွေးလိုက်သည်။ သူ့ဇနီးက စိတ်ကျေနပ်ဖို့လွယ်တာပဲ….. သူက ခေါင်းငုံ့ကာ တောက်ပြောင်နေသော နှုတ်ခမ်းကိုနမ်းလိုက်ပြီး သူ့ကို တစ်ခါတည်းပွေ့ချီကာ ပြောလိုက်သည်။ “အခန်းထဲသွားကြမယ်။”
ရှန်းယုဟန်က ရုတ်တရက် ပွေ့ချီခံရတာကြောင့် ထိတ်လန့်သွားကာ သူ့လည်ပင်းကို တင်းတင်းဖက်ထားလိုက်၏။ “အား၊ ယောကျာ်း…. အောက်ချပေး!”
ရှန်ချီဟွမ်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့အကျင့်အတိုင်း ပြောလိုက်သည်။ “မချပေးဘူး။”
ထို့နောက် ရှန်းယုဟန်က သူ့ခင်ပွန်း၏ လွယ်လွယ်ကူကူ အခန်းထဲပွေ့ချီသွားတာကို ခံလိုက်ရပြီီး နူးညံ့သော ကုတင်ပေါ်ကိုကျသွားသည်နှင့် ရှန်းယုဟန်၏နှုတ်ခမ်းက အနမ်းခံလိုက်ရသည်။
နွေဦးညက တစ်မိနစ်ကို ရွှေစင်တစ်ထောင်တန်လေသည်**။
(***မင်္ဂလာဦးညက မိနစ်တိုင်းတန်ဖိုးရှိတယ်)
သူ့ခင်ပွန်း၏ကောင်းချီးကြောင့် ရှန်းယုဟန်၏ ခရစ်စမတ်ပွဲတော်က ‘ကိုယ်ဟန်အနေအထား'နှင့် အရောင်အသွေးစုံသွားလေသည်။
–
သူ့ခင်ပွန်းက ထုံးစံအတိုင်း အိပ်နေသော်လည်း ရှန်းယုဟန်က သူ့ခင်ပွန်းထက်စောစောထပြီး မနေ့ညက သူ့ခင်ပွန်းကို မုတ်ဆိတ်ရိတ်ပေးဖို့ ကတိပေးခဲ့သည်။
ရှန်ချီဟွမ်းက ပုံမှန်အတိုင်းနိုးလာပြီး သူ့ဇနီးက သူ့အတွက် သွားတိုက်ဆေးညှစ်ပေးထားကာ မုတ်ဆိတ်ရိတ်ခရင်ခ်ကိုလည်း ထုတ်ထားသည်။ မနေ့ညက သူက အနေအထားစုံခဲ့သော်လည်း သူ့ဇနီးက အိပ်ရာထပြီး သွက်လက်နေတာကိုတွေ့တော့ ရှန်ချီဟွမ်းက မနေ့ညက သူသိပ်မကြိုးစားခဲ့ဘူးလို့ ခံစားလိုက်ရသည်။
“ယောကျာ်း၊ ကျွန်တော်ရိတ်ပေးမယ်။”
ရှန်းယုဟန်မှာ ဘယ်လိုဖွဲ့စည်းပုံရှိလဲတော့မသိပေမယ့် သူက မုတ်ဆိတ်ရိတ်ဖို့မလိုပဲ သူ့နှုတ်ခမ်းပေါ်တွင် အနီးကပ်မကြည့်ရင် မြင်နိုင်မှာမဟုတ်သော အမွေးနုများသာရှိ၏။ သို့သော် တချို့လူတွေက မွေးကတည်းက အမွေးနည်းတာဖြစ်ပြီး သူတို့မုတ်ဆိတ်က သိပ်မရှည်ကြပေ။ ဒါကြောင့် ရှန်းယုဟန်ကလည်း ဒဏ္ဍာရီလာ Azure Dragon လို အမွေးနည်းပါး၏။
(Azure Dragon - မြှေးမွေးမရှိသောအမျိုးသားကိုရည်ညွှန်းတဲဲ့ဗန်းစကား)
ရှန်းယုဟန်၏ဖွံ့ဖြိုးမှုက အဖက်ဖက်က ကျန်းမာပြီး သူ့မှာလည်စလုတ်ရှိပေမယ့် သိပ်မထင်ရှားသည်မှာ သူ့သဘာဝကြောင့်ဖြစ်နိုင်၏။ သူ့လေသံက သူ့ထက်နူးညံ့ပြီး ရေလိုပျော့ပျောင်းသည်။ အမျိုးသမီးများကို ရေနဲ့ဖွဲ့စည်းထားတယ်လို့ ပြောကြပေမယ့် သူ့ဇနီးက ပိုလို့တောင် တူသေးသည်။
“မင်းပုံမှန်ဆိုမရိတ်ဘူးမလား၊ ရိတ်ဖြစ်လား?” ရှန်ချီဟွမ်းက သူ့ခါးကိုကိုင်ကာ မှန်တင်ခုံကိုမှီထားသည်။
ရှန်းယုဟန်က သူရိတ်ရမယ်လို့ တစ်ခါမှမတွေးဖူးတာကြောင့် ခဏလောက်စဥ်းစားပြီးပြောလိုက်၏။ “ကျွန်တော်သင်ပြီးပါပြီ၊ ကောင်းကောင်းရိပ်ပေးမယ်လို့ အာမခံတယ်။”
ရှန်ချီဟွမ်းက သူ့မျက်နှာက ဘယ်သူ့ကိုမှ ပေးမကိုင်ဖူးပေမယ့် သူဇနီးဆိုတော့ ကိစ္စမရှိပေ။
ရှန်းယုဟန်က သူ့ခင်ပွန်း အရင်က သင်တုန်းဓားသုံးတာကို မမြင်ဖူးပေ။ သူ့ကို မုတ်ဆိတ်ရိတ်ခရင်ခ်လိမ်းပေးပြီးနောက် ရှန်းယုဟန်က စိတ်ဝင်စားစရာကောင်းတာတစ်ခုကို တွေ့ရှိသွားပြီး သူကတော့ မုတ်ဆိတ်ရိတ်ဖို့မလိုတာ ကံကောင်းတယ်လို့တွေးနေသည်။
“လုပ်စမ်းပါ” ရှန်ချီဟွမ်းက အကြောက်တရားမရှိပဲ သေခြင်းတရားကို ရင်ဆိုင်နေသောအကြည့်ဖြင့် ပြောလိုက်၏။ “မင်းငါ့မျက်နှာကို ခြစ်မိရင် ငါအိမ်ကထွက်လို့ရတော့မှာ မဟုတ်ဘူးနော်၊ မင်းအကျိုးဆက်ကိုသိပါတယ်။”
ရှန်းယုဟန်က သူ့ကိုလျှာဖျားလေး ထုတ်ပြပြီး ရက်စက်တော့မလိုဟန်ဆောင်ကာ လက်ထဲက ဓားကိုမြှောက်လိုက်သည်။ “မလုပ်ပါဘူး။ ယောကျာ်းက ကျွန်တော့်ကို တကယ်မယုံတာပဲ။”
ဓားက မျက်နှာပေါ်ရောက်လာတော့ ရှန်ချီဟွမ်းက မျက်လုံးမှိတ်လိုက်ပြီး သူ့ဇနီးလေး တကယ်ညင်သာတာကို သိလိုက်သည်။ ညတွင်းချင်းပေါက်လာသောအမွေးကို စိတ်ရှည်ရှည်ရိတ်ပေးပြီး သူ့မျက်နှာက ဖြည်းဖြည်းချင်းသန့်ရှင်းသွားပြီး အချိန်မရလို့ ပုံမှန်ဆိုရင် မရိပ်ဖြစ်သော အပိုင်းကလည်း ဒီနေ့မှာ သန့်ရှင်းသွားခဲ့၏။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ လေးနက်သောအမူအရာကိုကြည့်ကာ သူ့နှလုံးသားက နူးညံ့လွန်းလို့ ရှုပ်ထွေးသွားသည်။
သူ့ကို လူတစ်ယောက်က မုတ်ဆိတ်ရိတ်ပေးမယ်လို့ ဘယ်တုန်းကမှမတွေးဖူးပေ။
“ရပြီ။” ရှန်းယုဟန်က ရင်ထဲကနေ သက်ပြင်းချလိုက်သည်။ သူက အားသိပ်မသုံးမိအောင် ဂရုစိုက်နေပြီး သူ့ခင်ပွန်း၏မျက်နှာကို မတော်တဆထိမိမှာ ကြောက်နေခဲ့သည်။ သူက ချီးကျူးခံချင်သလို ရှန်ချီဟွမ်းကိုမေးလိုက်၏။ “ယောကျာ်း၊ သန့်ရှင်းသွားပြီလား?”
ရှန်ချီဟွမ်း၏မျက်လုံးများက တောက်လောင်နေပြီး သူက ရှန်းယုဟန်၏ အလွန်ကြည့်ကောင်းသော အမူရာလေးကို သေချာစိုက်ကြည့်နေ၏။ “ရှင်းတယ်။”
ရှန်းယုဟန်က သူ့ကို ပုံမှန်မဟုတ်သော အမူအရာဖြင့် ကြည့်လိုက်ပြီး သူ့ခေါင်းကို မှန်ရှေ့လှည့်ပေးလိုက်သည်။ “မှန်ကိုကြည့်၊ ဘာလို့ ကျွန်တော့်ကိုကြည့်နေတာလဲ၊ ကျွန်တော်ကမှန်မဟုတ်ဘူး။”
ရှန်ချီဟွမ်းက ကျယ်လောင်စွာရယ်မောလိုက်ပြီး သူ့မျက်နှာကို သန့်ရှင်းဖို့လုပ်ရန် ရှန်းယုဟန်ကမ်းပေးသော သဘက်ကိုယူလိုက်သည်။
ဒါက သူ့ခင်ပွန်းကို မုတ်ဆိတ်ရိတ်ပေးသော ပထမဆုံးအကြိမ်ဖြစ်သည်။ ရှန်းယုဟန်က အတန်ငယ်စိတ်လှုပ်ရှားနေပြီး မနက်စာမစားခင်အထိ သူ့မျက်နှာကိုငေးကြည့်နေသည်။
“ယောကျာ်း၊ ခင်ဗျားမျက်နှာကရှင်းနေတာပဲ”
ရှန်ချီဟွမ်း၏အမူအရာက ယခုအချိန်မှာ မူမမှန်ဖြစ်လာခဲ့သည်။
သူက ပုံမှန်မဟုတ်သလို မျက်နှာလွှဲလိုက်သည်။ “မင်း မနက်စာစားမှာလား မစားဘူးလား?”
“အို..စားမယ်” သူက သူ့ခင်ပွန်း၏နေရခက်နေမှုက ချစ်စရာကောင်းတယ်လို့ တွေးမိသွားသည်။
ပထမဆုံးအကြိမ် တခြားသူများနဲ့ အပြင်မှာကစားခဲ့စဥ် ရှန်းယုဟန်က စိတ်မလှုပ်ရှားခဲ့ပေမယ့် အနည်းငယ်လန်းဆန်းသွားခဲ့သည်။ အရင်က သူ့ခင်ပွန်းက သူ့ကို အပြင်ခေါ်သွားတာဖြစ်လို့ စိတ်ပိုလှုပ်ရှားခဲ့ပေမယ့် ဒီနေ့မှာ သူက အမှားလုပ်မိမှာကို ကြောက်နေပြီး နေရခက်နေ၏။
ရှန်ချီဟွမ်းက ရှန်းယုဟန် သူငယ်ချင်းလုပ်နိုင်ဖို့ မျှော်လင့်နေတာကြောင့် သူက သူ့ကို ဒီနေ့လိုက်မပို့ပေးခဲ့ပဲ ဒရိုက်ဘာကိုသာ လိုက်ပို့ခိုင်းခဲ့သည်။ တကယ်တော့ ထိုနေရာက အရမ်းမဝေးပဲ သူတို့အိမ်ကနေ သုံးငါးကီးလိုမီတာလောက်သာ ဝေး၏။
ရှန်းယုဟန်အပြင်ထွက်သွားတော့ ရှန်ချီဟွမ်းက ဖုန်းတစ်ကောလ်ပြောခဲ့ပြီး နာရီဝက်အကြာမှာ လူတစ်စုက အိမ်ကိုရောက်လာခဲ့သည်။
ထိုအချိန်မှာ ရှန်းယုဟန်က ဝမ်းယိုပေးသောလိပ်စာမှာ ရပ်နေပြီး ဂရုထဲက သူငယ်ချင်းများက သူတို့ရောက်နေပြီလို့ပြောခဲ့သည်။
သူက တံခါးခေါက်လိုက်တော့ ရင်းနှီးသောမျက်နှာတစ်ခုပေါ်လာသည်။ ထိုသူက လျန်ချီဖြစ်သည်။
“ယုဟန်၊ နင်ရောက်လာပြီ!”
သူမအော်လိုက်တာနဲ့ ဝမ်းယိုက ထွက်လာသည်။ “မြန်မြန်လာ”
ရင်းနှီးသောလူများကို တွေ့လိုက်ရသော ရှန်းယုဟန်က ဤမရင်းနှီးသောနေရာနဲ့ပတ်သတ်ပြီး စိတ်အေးသွားခဲ့သည်။
သူက အိမ်ထဲဝင်ပြီး အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်လိုက်သည်။ “မတွေ့ရတာကြာပြီ။”
လျန်ချီကရယ်မောကာပြောလိုက်သည်။ “ငါတို့ဂရုမှာနေ့တိုင်းမတွေ့လို့လား?”
ရှန်းယုဟန်က သူမပြောတာမှန်တယ်လို့ တွေးလိုက်သည်။ သူခေါင်းကိုလှည့်လိုက်တော့ ဝမ်းယိုက သူ့ကိုကြည့်နေတာ တွေ့လိုက်ရသဖြင့် သူက ပြုံးပြလိုက်၏။
ဝမ်းယိုက ချောင်းဟန့်ကာပြောလိုက်သည်။ “ဒီနေ့ ဂရုထဲက သူငယ်ချင်းတွေပဲရှိတာမဟုတ်ဘူး။ ငါ့အတန်းဖော်တွေလည်း လာကြတယ်။ မင်းမုန့်စားချင်ပြီလား.. ငါယူလာပေးမယ်။”
ရှန်းယုဟန်က ခေါင်းခါကာပြောလိုက်၏။ “ကျေးဇူးပါ၊ ငါဗိုက်မဆာသေးဘူး။”
လျန်ချီကပြောလိုက်သည်။ “ဝမ်းယို.. နင်ဘာတွေအလျင်လိုနေတာလဲ၊ သွားရအောင်..ယုဟန်၊ တခြားသူတွေနဲ့ တွေ့ပေးမယ်။ သူတို့က အထဲမှာ ဝံပုလွေဂိမ်းကစားနေတယ်။”
ဝံပုလွေကဘာလဲ?
ဝမ်းယိုက ရှန်းယုဟန် ထွက်သွားတာကို ကူကယ်ရာမဲ့ကြည့်နေပြီး ခေါင်းကုတ်ကာ သူ့နောက်လိုက်သွားခဲ့သည်။
ရှန်းယုဟန်က အထဲဝင်သွားတော့ သူက ဂရုထဲက သူငယ်ချင်းများစွာကို တွေ့လိုက်ရပြီး တစ်ယောက်ပဲမလာခဲ့တာဖြစ်သည်။ လူတိုင်းက ဤနေရာမှာရှိနေပြီး လေထုက သက်တောင့်သက်သာဖြစ်ကာ သူမသိတဲ့လူတွေအများကြီးရှိပေမယ့် အားလုံးက သဘောကောင်းကြပြီး လူတစ်ယောက်က သူထိုင်ဖို့ ကုလားထိုင်ယူလာပေးသည်။
ထို့နောက် သူက ဖဲချပ်ပေါ်က သေတ္တာကတစ်ဆင့် ‘ဝံပုလွေသတ်ဖြတ်ဂိမ်း’ဆိုတာကို သိသွားခဲ့သည်။
သူက ဘယ်လိုကစားရမလဲမသိတာကြောင့် တခြားသူတွေ ကစားတာကိုပဲကြည့်နေပြီး လျှာထက်သောလူငယ်လေးက နှုတ်တိုက်ပွဲများမှာ ပါဝင်နေပြီး ဝံပုလွေတစ်ကောင်အဖြစ် အထောက်အထားကို ဖုံးကွယ်ကာ ဂိမ်းကိုနိုင်သွားခဲ့သည်။
ရှန်းယုဟန်က ကြည့်ပြီးနားလည်သွားပေမယ့် ဝင်မဆော့ခဲ့ပေ။ သူက ဤလူငယ်လေးများ၏ စကားနှင့်လုပ်ရပ်များကို ဘေးကနေလေ့လာနေပြီး ထိုသည်မှာ ရိုးရှင်းပြီး နားလည်ရလွယ်ကူသည်။
ဘေးခန်းမှာ ခေတ်သစ်သီချင်းများကို အော်ဆိုနေကြသော လူများရှိပြီး စာသားများက တည့်တိုးဆန်ပေမယ့် ရှန်းယုဟန်ကို ရှက်သွေးမဖြာစေတော့ပေ။ သူ့ခင်ပွန်း၏ တီးတိုးပြောသော ချစ်စကားများ**က ဤစာသားများထက် စိတ်လှုပ်ရှားစရာပိုကောင်းသည်။
(***Dirty Talk ကိုဆိုလိုသည်)
ဝမ်းယိုက ရှန်းယုဟန်ကို အအေးတစ်ခွက်ပေးဖို့ အခွင့်အရေးရှာတွေ့ခဲ့သည်။ “ရော့”
ရှန်းယုဟန်က ဆိုဖာပေါ်မှာထိုင်ကာ သူ့ကိုကျေးဇူးတင်လိုက်သည်။
ဝမ်းယိုက သဲ့သဲ့ကလေး ရယ်မောကာပြောလိုက်သည်။ “မင်းက အမြဲယဥ်ကျေးနေတာပဲ။”
ရှန်းယုဟန်က ခေါင်းမော့လိုက်သည်။ “အာ၊ အဲ့လိုဖြစ်သွားလား?”
ဝမ်းယိုက သူနည်းနည်းရှက်နေတယ်လို့ ထင်ခဲ့သည်။ “မင်းက ဆူညံတဲ့ပတ်ဝန်းကျင်ကို မကြိုက်ဘူးလား?”
ရှန်းယုဟန် ချောချောမွေ့မွေ့ ပြန်ဖြေသည်။ “အဆင်ပြေပါတယ်။ ငါက ကစားတာသိပ်မတော်လို့ သူများကစားတာကို မနှောင့်ယှက်ချင်လို့ပါ။
ဝမ်းယိုထင်တာမမှားပေ။ သူက ငြိမ်သက်သောလေထုကိုကြိုက်ပြီး သူကြီးပြင်းလာသော အလေ့အထနှင့် ပတ်ဝန်းကျင်ကြောင့် သူက သူတို့လို ကျယ်ကျယ်လောင်လောင် စကားမပြောနိုင်သလို ဟက်ဟက်ပက်ပက်မရယ်မောနိုင်ပဲ ဒီလိုပတ်ဝန်းကျင်မျိုးက သူ့ကို နေရခက်စေတာဖြစ်ပေမည်။
ဝမ်းယိုက ထပ်ပြောလိုက်၏။ “တကယ်တော့ မင်းတစ်ကြိမ်ကစားကြည့်ပြီး သင်လို့ရပါတယ်။ အတော်လေးရိုးရှင်းတယ်။”
“မဟုတ်ဘူး။” ရှန်းယုဟန်က ခေါင်းခါလိုက်သည်။ “မင်းသွားဆော့ပါ။ ငါဒီအတိုင်းကြည့်နေပါ့မယ်။” သူကဟန်ဆောင်နေတာမဟုတ်ပဲ လူစိမ်းများနှင့် စုနေရတာတကယ်မကြိုက်ပေ။ လာရင်းအကြောင်းမှာ ဝမ်းယိုက သူနဲ့ကြိမ်ဖန်များစွာ ဆက်သွယ်ဖူးပြီး သူက ယဥ်ကျေးပြီး သတိရှိသလို လူကြီးလူကောင်းအပြုအမူရှိလို့ပင်။
“ဒါဆို ငါမင်းနဲ့ဒီမှာထိုင်မယ်။” သူက ပေါ့ပေါ့ပါးပါး ခေါင်းစဥ်တစ်ခုကို ရှာတွေ့သွားသည််။ “ငါ့မှာလည်း အစ်ကိုတစ်ယောက်ရှိတယ်။ ဒါပေမယ့် ငါ့အစ်ကိုက မင်းအစ်ကိုလို မတင်းကြပ်ဘူး။”
“ငါ့အစ်ကို?” ရှန်းယုဟန်က ထိုမှသာ အစ်ကိုဆိုတာ ဘယ်သူ့ကိုရည်ညွန်းလဲသိသွား၏။ “သူက ငါ့အစ်ကိုမဟုတ်ဘူး။”
ဝမ်းယို၏နှလုံးသားက ထိုးနှက်ခံလိုက်ရ၏။ “မင်းအစ်ကိုမဟုတ်ဘူးလား? ဒါဆို သူက မင်းအမေဘက်က ဝမ်းကွဲလား ဒါမှမဟုတ် အဖေဘက်က ဝမ်းကွဲလား?”
“မဟုတ်ဘူး၊ သူကငါ့ရဲ့…” ရှန်းယုဟန်က စကားလုံးကို စဥ်းစားလိုက်ပြီး သူ့ခင်ပွန်းကိုတွေးကာ ချိုချိုသာသာပြုံးလိုက်၏။ “သူက ငါ့လက်တွဲဖော်၊ ငါက အိမ်ထောင်ကျပြီးပြီ။”
ဝမ်းယိုက နားကြားမှားသလို သူ့အသံက ပြောင်းလဲသွားသည်။ “မင်း… မင်းကလက်ထပ်ပြီးပြီလား?”
ရှန်းယုဟန်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ “အွန်း… ငါကမင်းသိတယ်ထင်လို့.. သူက အရင်တစ်ခေါက်က ငါ့ကိုလာကြိုတာလေ။”
ဝမ်းယို၏နှလုံးသားက အေးစက်သွားပြီး သူက ခါးသီးသောအပြုံးတစ်ခုကို တပ်ဆင်လိုက်၏။ “ငါမသိခဲ့ဘူး။”
ရှန်းယုဟန်က အအေးတစ်ငုံသောက်ကာ ပြောလိုက်သည်။ “ဒါဆို မင်းအခုသိသွားပြီ။”
သတင်းဆိုးကြားလိုက်ရသော ဝမ်းယိုက သူ့ရင်ထဲမှာပြောလိုက်၏။ မသိတာက ပိုကောင်းဦးမယ်!
သူက အခု ရှန်းယုဟန်နှင့် ဘယ်လိုရှေ့ဆက်ရမလဲ မသိတော့ချေ။ အစက သူက ဒီနေ့မှာ… ချင်ခဲ့တာ… ထားလိုက်တော့…
ရှန်းယုဟန်က ခဏလောက်ထိုင်ပြီး ဤပတ်ဝန်းကျင်က သူနဲ့မသင့်တော်သလို ခံစားရတာကြောင့် သူက ဆုံးဖြတ်လိုက်ပြီး လျန်ချီနှင့် ဝမ်းယိုကို အိမ်ပြန်ချင်တယ်လို့ ပြောလိုက်သည်။
လျန်ချီက ဂိမ်းဆော့ရာမှထွက်လာပြီး တအံ့တသြပြောလိုက်သည်။ “ဘာလို့ပြန်မှာလဲ?”
ရှန်းယုဟန်က ခေါင်းခါကာပြောလိုက်၏။ “အိမ်မှာရုတ်တရက် တစ်ခုခုပေါ်လာလို့၊ ငါအရင်ပြန်ရမယ်။ မင်းတို့ပျော်ကြပါ။”
လျန်ချီနှင့် ဝမ်းယိုက သူ့ကိုတံခါးဆီိလိုက်ပို့ပြီး ရှန်းယုဟန်က သူတို့ကိုနှုတ်ဆက်ကာ သူ့ဒရိုက်ဘာက တံခါးနားမှာ စောင့်နေတာကြောင့် သူက ကားပေါ်တက်ကာ ထွက်သွားခဲ့သည်။
ကားပေါ်ရောက်တော့ ရှန်းယုဟန်က သူအိမ်ပြန်တာကို သူ့ခင်ပွန်းကိုမပြောဖို့ ဦးလေးလီကို မှာလိုက်သည်။
သူက သူ့ခင်ပွန်းနှင့် ခရစ်စမတ်ကျင်းပချင်သေးသည်။
ရှန်းယုဟန် အိမ်ကိုရောက်တော့ သူနေရာမှားသွားလားလို့ ထင်မိသွား၏။
ဝင်ပေါက်မှာ လူတစ်ယောက်ထက်ရှည်သော ခရစ်စမတ်သစ်ပင်ရှိနေပြီး မီးလုံးလေးများကို ချိတ်ဆွဲထားကာ လင်းထိန်နေသည်။
သူက တံခါးကိုတွန်းဖွင့်ပြီး အထဲကိုဝင်လိုက်သည်။ ဧည့်ခန်းက အသစ်စက်စက်နဲ့တူပြီး အလယ်မှာ နှစ်မီတာရှည်သော ခရစ်စမတ်သစ်ပင်ရှိသည်။ Jingle Bells နှင့် ခရစ်စမတ်သီချင်းများကို အိမ်မှာဖွင့်ထားပြီး သူ့ခင်ပွန်းက လက်ဆောင်လေးကို ချိတ်ဆွဲဖို့ ငါးရိုးလှေကားပေါ်တက်နေသည်။ သူက ချိတ်ပြီးတော့ ခဏလောက်ကြည့်ပြီးမှ ပြဿနာမရှိသောအခါ လှေကားပေါ်က ဆင်းလာသည်။
ရှန်ချီဟွမ်းက လှည့်ကြည့်လိုက်တော့ နောက်မှာရပ်နေသော ရှန်းယုဟန်ကို တွေ့လိုက်ရသည်။
သူ့တစ်ကိုယ်လုံးက ထိုအခိုက်အတန့်မှာ အေးခဲသွားသည်။ “......”
ဒါက သူ့ဘဝရဲ့ဒုတိယအကြိမ်မြောက် ကြမ်းပြင်ပေါ်က အက်ကွဲကြောင်းကိုရှာပြီး ဝင်ပုန်းလိုက်ချင်သည့် အခိုက်အတန့်ဖြစ်၏!!!