no

Font
Theme

Chapter 63.1

“မြစ်များအားလုံးပင်လယ်ထဲကို စီးဝင်သည်”

ရှန်ချီဟွမ်းက ရုတ်တရက် ဆိုရိုးတစ်ခုကိုသတိရသွားသည်။ ‘လေထုထဲက ရုတ်တရက် တိတ်ဆိတ်မှုက ကြောက်ဖို့အကောင်းဆုံး’

သူက အက်ကွဲကြောင်းထဲကို လျှိုဝင်ရန်တွေးနေစဥ် သူ့ခင်ပွန်းအရှက်မရအောင် ကယ်တင်လေ့ရှိသော ရှန်းယုဟန်က သူ့ကို ထွက်ပေါက်တစ်ခု တိတ််တဆိတ်ပေးခဲ့သည်။

ရှန်းယုဟန်က သူ့ခင်ပွန်း၏မျက်လုံးထဲက ထိတ်လန့်မှုကို မမြင်သလို ဝမ်းသာအားရပြောလိုက်၏။ “ယောကျာ်း၊ ခရစ်စမတ်သစ်ပင်က အရှင်လား?”

ထိုအချိန်မှာ ရှန်ချီဟွမ်း၏မျက်နှာက အမူအရာမဲ့နေပြီး တည်ငြိမ်စွာပြောလိုက်၏။ “ဘယ်ဟုတ်မလဲ၊ တံခါးနားက သစ်ပင်နှစ်ပင်က အစစ်တွေ”

“အွန်း” ရှန်းယုဟန်က သစ်ပင်ထိပ်က ဧရာမငါးဖက်ချွန်ရွှေကြယ်ပွင့်ကိုကြည့်လိုက်သည်။ “ဒီတော့ ဒါက ခရစ်စမတ်ပေါ့”

သူက လက်ရှိမှာ ဝမ်းယိုနှင့် တခြားသူများ ပါတီလုပ်နေသော ဗီလာရှိ ခရစ်စမတ်သစ်ပင်ကိုလည်း အဝေးကတွေ့ခဲ့ရပေမယ့် အနီးကပ်မကြည့်ခဲ့ပေ။ အိမ်ပြန်လာမှ သူက လေးလေးနက်နက် ချီးကျူးမိသည်။ သူ့ခင်ပွန်းက ဤမီးသီးများနှင့် လက်​ဆောင်များကို ကိုယ်တိုင်ချိတ်ဆွဲထားတာကြောင့် သူက ဂရုတစိုက်လေ့လာနေသည်။

သူက အပြုံးတစ်ပွင့်ဖြင့် ရှေ့တိုးကာ ရှန်ချီဟွမ်းကို တမင်တကာမေးလိုက်၏။ “ယောကျာ်း၊ ပြော​တော့ အနောက်တိုင်းပွဲတော်တွေကို မကြိုက်ဘူးဆို?” သူက ရှန်ချီဟွမ်းဆောက်ထားသော စင်ပေါ်ကိုတက်သွားသည်။

ရှန်ချီဟွမ်းက သူ့ဇနီး သူ့စင်ကို ဒီလောက်မြန်မြန်ဖြိုချပစ်မယ်လို့ မမျှော်လင့်ထားပေ။ သူကမျက်နှာလွှဲကာ တပ်ဆင်ထားသော လက်ဆောင်ဘူးဘေးကိုကြည့်ပြီး သရော်လိုက်၏။ “တချို့လူတွေက အပြင်မှာသွားပျော်နေပြီး ယောကျာ်းကို အိမ်မှာထားခဲ့တာလေ။ ငါက တစ်ယောက်တည်း လုပ်စရာရှာရတာပေါ့။”

ရှန်းယုဟန်က သူ့ခင်ပွန်းကိုဖက်ဖို့ ရှေ့တိုးလိုက်ပေမယ့် ရှန်ချီဟွမ်းက သူ့ကို လက်ညိုးနဲ့ ပိတ်ဆို့လိုက်သည်။ “ငါ့ကိုလာမဖက်နဲ့”

“ဘာလို့ဖက်ခွင့်မပြုတာလဲ?” ရှန်းယုဟန်က နားမလည်နိုင်ဖြစ်သွားသည်။ “ယောကျာ်း၊ စိတ်မဆိုးပါနဲ့၊ ကြည့်….ကျွန်တော်ပြန်လာပြီလေ”

ရှန်ချီဟွမ်းက သူ့အဝတ်အစားကို ညွှန်ပြလိုက်သည်။ “ဖုန်တွေနဲ့ ညစ်ပတ်နေတယ်။”

“အို” ထိုမှသာ ရှန်းယုဟန်က သူ့ခင်ပွန်းကိုဖက်တော့မည့် လက်ကိုဖယ်လိုက်ပြီး အပေါ်ထပ်ကိုတက်ကာ အိမ်တွင်းဝတ်လဲလိုက်သည်။

ထိုအချိန်တွင် အောက်ထပ်မှာရှိသော ရှန်ချီဟွမ်းက သူဝယ်လာသော ခရစ်စမတ်သစ်ပင်ကို ​သေချာချိတ်ဆွဲထားလား စစ်ဆေးပြီးနောက် ဘာပြဿနာမှမရှိသောအခါ သူက ဂိုထောင်ကိုသွားလိုက်သည်။ သူထွက်လာတော့ လက်ပေါ်မေးထောက်ကာ ဆိုဖာနောက်ကျောကိုမှီပြီး ခရစ်စမတ်သစ်ပင်ကို ကြည့်နေသော သူ့ဇနီးကိုတွေ့လိုက်ရသည်။

ရှန်ချီဟွမ်းက သူ့ကိုယ်ပေါ်က ရောင်စုံစက္ကူကို ပုတ်ထုတ်ကာ ပြောလိုက်သည်။ “ဘာလို့စောစောပြန်လာတာလဲ၊ မင်းကို ညမှပြန်လာမယ်ထင်တာ။”

ရှန်းယုဟန်က အမှန်အတိုင်းပြောလိုက်သည်။ “သူတို့နဲ့မရင်းနှီးတော့ ပျင်းလို့ပြန်လာတာ။ ကျွန်တော်က ကျွန်တော့်ယောကျာ်းနဲ့ ခရစ်စမတ်ကျင်းပဖို့ ပြန်လာတာ။”

ရှန်ချီဟွမ်းက သူ့ကိုပြန်မေးလိုက်သည်။ “ငါအိမ်မှာရှိနေတာမင်းဘယ်လိုသိလဲ၊ ငါလည်း လျှိုထန်တို့နဲ့အတူ သွားသောက်ချင်သောက်မှာပေါ့”

ရှန်းယုဟန်က သူ့ဆံပင်ကို ကုတ်လိုက်ပြီး သူ ဒီကိစ္စကို ထည့်မစဥ်းစားခဲ့ပေမယ့် ယုံကြည်မှုရှိရှိ ဂုဏ်ယူစွာပြောလိုက်၏။ “ဒါပေမယ့် ခင်ဗျားအိမ်မှာရှိမှာကို ကျွန်တော်သိတယ်။” သူက သူ့ပင်ကိုယ်သိစိတ်ကို အားကိုးခဲ့သည်။

ရှန်ချီဟွမ်းကပြောလိုက်သည်။ “ငါဒီမှာမရှိရင်ရော?”

“ဒါဆိုတစ်ယောက်တည်ဖြတ်သန်းလိုက်မှာပေါ့၊ အဲ့ဒါက အနောက်တိုင်းပွဲတော်ဆိုတော့ ကျွန်တော်လည်း မကျင်းပတော့ဘူးလေ။” ရှန်းယုဟန်က လဲလျောင်းကာ ရှန်ချီဟွမ်းကို သနားစရာ​ကောင်းစွာကြည့်လိုက်၏။

ရှန်ချီဟွမ်းက ထိုသနားစရာမျက်လုံးလေးများကို ခံနိုင်ရည်မရှိသဖြင့် သူက ရှန်းယုဟန်ကို တည့်ပြောလိုက်သည်။ “မင်းလည်းအထီးကျန်နေ​တော့ စားပွဲပေါ်က ရီမုတ်ကိုယူပြီး မီးပိတ်လိုက်၊ မင်းကိုပြစရာရှိတယ်။”

ရှန်းယုဟန်က သူ့အမူအရာကို ချက်ချင်းဘေးချိတ်ကာ ရှီမုတ်ကိုရှာပြီး ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “အခုပိတ်ရတော့မလား?”

ရှန်ချီဟွမ်း၏လက်ထဲမှာလည်း ရီမုတ်အသေးလေးရှိနေသည်။ “အွန်း၊ မီးပိတ်ပြီးကြည့်လိုက်”

ရှန်းယုဟန် စောစောပြန်မလာရင် ခရစ်စမတ်သစ်ပင်၏ မီးလုံးများကို ကိုယ်တိုင်စမ်းရမှာဖြစ်ပေမယ့် သူပြန်ရောက်လာပြီဆိုတော့ ဤအံ့အားသင့်လက်ဆောင်ကို ပေးလိုက်တော့သည်။ သူ၏အလုပ်ရှုပ်ခဲ့သော နေ့လည်ခင်း၏ရလဒ်ကို အတူတူစမ်းကြည့်ကြတာပေါ့……

ကျန်းချန်၏ဆောင်းရာသီမှာ ငါးနာရီထိုး၍ မှောင်နေပြီဖြစ်သည်။ ရှန်းယုဟန် မီးပိတ်လိုက်တော့ ဧည့်ခန်းကမှောင်သွားပြီး သူ့ခင်ပွန်းက နည်းနည်းဝေးနေတာကြောင့် ရှန်းယုဟန်က နည်းနည်း​ကြောက်နေပေမယ့် မီးသီးသေးသေးလေးက တစ်အိမ်လုံးမှာ လင်းထိန်သွားခဲ့သည်။ ထိုအလင်းရောင်က ခရစ်စမတ်သစ်ပင်ဘေးရှိ အဖြူရောင်ခြံစည်းရိုးထိ ဖြန့်ကျက်သွားပြီး အိမ်ကနွေးလာခဲ့သည်။

ရှန်းယုဟန်၏မျက်လုံးများက အလင်းရောင်အတိုင်း တစ်နေရာမှတစ်နေရာသို့ ကူးပြောင်းသွားကာ ခရစ်စမတ်သစ်ပင်ထိပ်က ရွှေကြယ်ပွင့်မှာ အဆုံးသတ်သွားခဲ့သည်။ တခြားသောမီးသီးလေးများက အရောင်အသွေးစုံကာ တောက်ပနေပြီး လကိုဝန်းရံထားသော ကြယ်များအလားပင်…၊ သူက ဘယ်လိုဖော်ပြရမလဲမသိပေမယ့် ဤသည်မှာ ကွဲပြားသောအလှတရားမျိုးဖြစ်ပြီး သဘာဝရှုခင်းနဲ့မတူသည့်အပြင် အားလုံးက သူ့ခင်ပွန်း၏နှလုံးသားဖြစ်သည်။ ယင်းမှာ စဥ်းစားပေးတတ်လွန်းတော့ ခရစ်စမတ်လက်ဆောင်ဖြစ်၏။

ရှန်းယုဟန်က စိတ်ခံစားမှုနဲ့ပတ်သတ်ပြီး ခေတ်သစ်ဝေါဟာရများကိုလေ့လာထားလျှင် လက်ရှိသူ့ခံစားချက်ကို ရိုမန်တစ်လို့​ဖော်ပြရမှာကို သူသိပေမည်။

သူက သူ့ခေါင်းကိုလှည့်လိုက်တော့ ရှန်ချီဟွမ်း၏ စူးရှသောအကြည့်ကို တွေ့လိုက်ရသည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်၏ဘေးကိုလျှောက်သွားပြီး သူနဲ့အတူရပ်ကာ ရှားရှားပါးပါး နူးညံ့သောအပြုအမူဖြင့် သူ့ကို​မေးလိုက်သည်။ “ကြည့်ကောင်းလား?”

“အွန်း၊ ကြည့်ကောင်းတယ်၊ နွေကြယ်တွေတောင် သူတို့လောက် တောက်ပမနေဘူး။” ရှန်းယုဟန်က တကယ်ကိုအံ့အားသင့်နေပြီး ဒီနေ့အလင်းရောင်က ထိုကဲ့သို့ လှပသောအလင်းတန်းကို ဖန်တီးပေးနိုင်တာတွေ့ခဲ့ရသည်။

ရှန်ချီဟွမ်းက ယခုချိန်တွင် အတောင်ဖြန့်ထားသော ဒေါင်းတစ်ကောင်နဲ့တူပြီး ရှန်းယုဟန်က သူ့ကို ချီးကျူးလိုက်သောအခါ သူက ရှန်းယုဟန်ကို စတင်ဖိတ်ခေါ်လိုက်သည်။ “ငါမင်းကို ဒီည အနောက်တိုင်းဟင်းလျာချက်ကျွေးမယ်။”

ရှန်းယုဟန်က ရှန်ချီဟွမ်း ချက်ပြုတ်တာ တစ်ခါမှမမြင်ဖူးပေ။ ရှန်ချီဟွမ်းက ထိုနေရာမှာ မသင့်တော်သည့်အပြင် လူကြီးလူကောင်းတစ်ယောက်က မီးဖိုချောင်နဲ့ ဝေးဝေးနေသင့်တယ်လို့ သူကိုယ်တိုင်ယူဆထားသူဖြစ်ပြီး ယခုတော့ သူက ပိုပြီးအံ့အားသင့်စရာကောင်းနေ၏။

“ခင်ဗျားလည်း ချက်ပြုတ်တတ်တာလား?”

“ဘာလို့မတတ်ရမှာလဲ? ငါချက်တဲ့ တရုတ်အစားအစာက မင်းလောက်မကောင်းတာမှန်ပါတယ်။ ငါချက်တာက စားလို့ရရုံလောက်ပဲကောင်းတာ။ ဒါပေမယ့် အနောက်တိုင်းအစားအစာချက်ဖို့တော့ ယုံကြည်မှုပို​ရှိတယ်။”

ရှန်ချီဟွမ်းင ထိုစကားပြောပြီးသည်နှင့် မီးဖိုချောင်ဘက်ကို လျှောက်သွားပြီး ရှန်းယုဟန်က သူ့နောက်ကနေလိုက်သွားကာ ပြောလိုက်သည်။ “ယောကျာ်း၊ ဒီညချက်ဖို့အဆင့်သင့်ပဲလား?”

“ဘယ်သူပြောလဲ” ရှန်ချီဟွမ်းက ဝန်ခံဖို့ ငြင်းနေ၏။

ရှန်းယုဟန်က ရှန်ချီဟွမ်းမေးသော မေးခွန်းကိုပြန်မေးလိုက်၏။ “ကျွန်တော်သာ အိမ်တန်းပြန်မလာရင် ခင်ဗျားတစ်ယောက်တည်းမစားဘူးလား?”

ရှန်ချီဟွမ်းက ပြန်မေးလိုက်သည်။ “မင်းအိမ်မှာမရှိရင် ဘာလို့ကိုယ်တိုင်ချက်ရမှာလဲ?”

ရှန်းယုဟန်က ဝမ်းသာအားရပြောလိုက်၏။ “ဒါဆို မှာစားမှာလား?”

ရှန်ချီဟွမ်းက နေ့လည်ကရောက်လာသော စတိခ်ကိုထုတ်လိုက်သည်။ “ရှန်းယုဟန်၊ မင်းနောက်တစ်ခွန်းမေးရင် မင်းကို ဆိုင်ကပဲမှာကျွေးလိုက်တော့မယ်။”

“ကျွန်တော့်ယောကျာ်းက အပြင်စာကျွေးမှာမဟုတ်ပါဘူး။” ရှန်းယုဟန်က စတိခ်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နေသော ရှန်ချီဟွမ်းကိုကြည့်ပြီး သူ့ရှေ့က မြင်ကွင်းလွတ်သွားမှာကို စိုးရိမ်နေသည်။ သူက ရှန်ချီဟွမ်း၏ခြိမ်းခြောက်မှုကို လုံးဝမ​ကြောက်ပေ။ သူ့ရှေ့မှာဆိုရင် သူ့ခင်ပွန်းက အန္တရာယ်မဖြစ်စေသော စက္ကူခေါက်ကျားနှင့်တူ၏။

ရှန်းယုဟန်က သူ့ခင်ပွန်းလုပ်ကျွေးသော စတိခ်ကိုစားရသည့် ချီတိုင်းပြည်၏ ပထမဆုံးကောဖြစ်နိုင်သည်ဟု တွေးလိုက်၏။

ခင်ပွန်းအသစ်ဖြစ်သော ရှန်ချီဟွမ်းက သူ့ဇနီးကို မှာမကျွေးချင်တာတော့ သေချာသည်။ ထိုအစား သူက သူ့လက်နဲ့ကိုယ်တိုင်လုပ်ကျွေးပြီး ဖယောင်းတိုင်ပါ ပြင်ဆင်ထားသည်။ ရှန်းယုဟန်က သူ့ခင်ပွန်း မင်္ဂလာဦးညအတွက် ပြင်ဆင်နေသလားဟု တွေးနေမိသည်။

သူတို့လက်ထပ်ခဲ့သောညက လှပသောညမဟုတ်ခဲ့ပေမယ့် ယခုချိန်မှာတော့ ဖယောင်းတိုင်မီး၊ စတိခ်နှင့် ဝိုင်ရှိနေ၏။

ရှန်ချီဟွမ်းက သူတို့နှစ်ယောက်အတွက် ဝိုင်နှစ်ခွက်ထည့်ပေးလိုက်ပြီး သူ့ခွက်ကိုမြှောက်လိုက်၏။ “ခွက်တိုက်မယ်?”

သို့သော် သူ့ခင်ပွန််းက ဝိုင်ခွက်ကို တခမ်းတနား တိုက်လိုတာကိုတွေ့သော ရှန်းယုဟန်က ရှန်ချီဟွမ်း၏လက်ကောက်ဝတ်မှာ သူ့လက်ကိုချိတ်လိုက်ပြီး ခေါင်းစောင်းကာမေးလိုက်သည်။ “ဒီလိုမျိုးလား?”

ရှန်ချီဟွမ်းက ကစားသည့်နေရာမှာ ရှန်းယုဟန်က အကောင်းဆုံးပဲလို့တွေးနေသည်။ သူက ဤအဆင့်ထိရောက်နေခဲ့ပြီး သူအမှီလိုက်လို့တောင် မရတော့ပေ။ သူက ဝိုင်ခွက်ကို တခမ်းတနားဖလှယ်နေသည့်အပြင် ရှန်းယုဟန်၏မျက်လုံးထဲမှာ ဤဝိုင်ခွက်ထင်ဟပ်နေတာကို တွေ့နိုင်သည်။ ရှန်ချီဟွမ်းက အနီရောင်ဝိုင်ကို ညင်ညင်သာသာ သောက်နေ​သော ရှန်းယုဟန်ကိုကြည့်ပြီး သူလည်းတစ်ငုံသောက်လိုက်၏။

ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ဝိုင်ခွက်ကို တခမ်းတနားဖလှယ်ပြီီးနောက် ရှန်းယုဟန်၏မျက်နှာက ပန်းရောင်သန်းလာပြီး သူက မင်္ဂလာဦးညပြန်ရောက်နေသလို ခံစားရ၏။

ရှန်ချီဟွမ်းက ဝိုင်သောက်ပြီး ပန်းရောင်သန်းလာသော သူ့ဇနီး၏မျက်နှာကိုကြည့်ကာ ‘မျက်စိအစာကျွေးသောမိန်းမလှလေး'နှင့် ‘ဝိုင်ကအမျိုးသားတွေကို မူးရစ်စေတာမဟုတ်ပဲ အမျိုးသားတွေက သူတို့ကိုယ်သူတို့ ရီဝေအောင် လုပ်ကြတာ’ ဆိုသော စကားနှစ်ခွန်း အဓိပ္ပါယ်ကို နက်နက်ရှိုင်းရှိုင်း နားလည်သွားသည်။

ရှန်းယုဟန်က သူ့ခင်ပွန်းကိုယ်တိုင်ကင်ထားသော စတိခ်ကိုစားပြီး တောက်လျှောက်ချီးကျူးနေခဲ့သည်။ ထိုစကားကြားတော့ ရှန်ချီဟွမ်း၏နှလုံးသားက ပျော်ရွှင်သွားပြီး သူ့မျက်လုံးတွေက ပိုပိုနက်ရှိုင်းလာခဲ့သည်မှာ နောက်စက္ကန့်အတွင်း တစ်ခုခုဖြစ်တော့မလိုပင်။

ဒါပေါ့ .. ရှန်ချီဟွမ်းက ပရိုဂရမ်လေးတစ်ခုလည်း စီစဥ်ထားတာကြောင့် ချက်ချင်းဆက်လုပ်စရာမလိုပေ။

သူက သောက်ထားလို့ မူးဝေနေသော ရှန်းယုဟန်ကို ခရစ်စမတ်သစ်ပင်နားကို ခေါ်သွားသည်။ “ဒီဘူးတွေကိုတွေ့လား? ဒါတွေကမင်းအတွက်”

ရှန်းယုဟန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်ဆောင်အပုံများကိုကြည့်ကာ ရှန်ချီဟွမ်းကိုမော့ကြည့်လိုက်၏။ “အားလုံးကျွန်တော့်အတွက်လား?”

“အင်း.. မင်းအပိုင်” ရှန်ချီဟွမ်းက သူနဲ့အတူ ထိုင်ချလိုက်၏။

“အများကြီးပဲ” ရှန်းယုဟန်က ဤလက်ဆောင်များက တစ်ရက်တည်းနဲ့ ဝယ်ထားတာမဟုတ်ပဲ အချိန်အ​ကြာကြီး စီစဥ်ထားခဲ့တာလို့ တွေးနေသည်။

ရှန်းယုဟန်က ဆောင့်ကြောင့်ထိုင်တာ ညောင်းသွားလို့ ကော်ဇောပေါ်မှာ ထိုင်ချလိုက်ပြီး လက်ဆောင်များကို စတင်ဖွင့်ကြည့်နေသည်။

လက်ဝတ်ရတနာတစ်စုံ၊ ရတနာလေးပါးတစ်စုံ၊ ဂိုးဘုတ်တစ်စုံ၊ ကျောက်စိမ်းလက်ကောက်တစ်စုံ၊ နာရီတစ်လုံးနှင့် သူမသိသော အီလက်ထရွန်နစ်ပစ္စည်းများ…

ရှန်းယုဟန်က သူ့လက်မနာမချင်းဖွင့်ကာ သူ့ခင်ပွန်းကိုမှီလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်ပင်ပန်းနေပြီ။”

“မင်းဆက်ဖွင့်ချင်သေးလား?”

“မဖွင့်တော့ဘူး။ ဘာပဲဖြစ်ဖြစ် အကုန်လုံးက ကျွန်တော့်ဟာပဲ”

ဝိုင်ကြောင့် ရှန်းယုဟန်၏ တစ်ကိုယ်လုံးက ပူနွေးပြီး မူးဝေနေသည်။ သူက တစ်နေကုန်အပြင်မှာ လည်ပတ်ခဲ့ပြီး ယခုအခါ သူ့တစ်ကိုယ်လုံးနှင့် စိတ်က လုံးလုံးလျားလျား ပြေလျော့သွားတာကြောင့် သူက ရှန်ချီဟွမ်းကိုမှီကာ မျက်လုံးမှိတ်လိုက်သည်။

အိပ်မပျော်ခင် ရှန်းယုဟန်က ရှန်ချီဟွမ်းကို မေးလိုက်သည်။ “ယောကျာ်း၊ ကျွန်တော် ရှေးခတ်လူသားနဲ့တူတယ်ထင်လား?”

ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ဆံပင်ရှည်ကိုသပ်တင်ပေးကာ ပေါ့ပေါ့တန်တန် ပြောလိုက်၏။ “တူတယ်”

ရှန်းယုဟန်: “ဘယ်နေရာတူတာလဲ?”

ရှန်ချီဟွမ်းက သူ့မျက်ခုံး၊ နှာခေါင်းထိပ်နှင့် နှုတ်ခမ်းကို လက်ဖြင့်ထိကာ ပြောလိုက်၏။ “နေရာတိုင်းပဲ”

ရှန်းယုဟန်က သူ့လက်ချောင်းထိပ်ကို အသာအယာကိုက်ပြီးမှ လွှတ်ပေးကာ သူ့ခင်ပွန်း၏ပေါင်ပေါ်မှာ သက်တောင့်သက်သာ နေရာတစ်ခုကိုရှာပြီး လှဲအိပ်သွားသည်။

ရှန်ချီဟွမ်းက သူ့ကိုငုံ့ကြည့်ကာ သက်ပြင်းချလိုက်၏။

မမျှော်လင့်ထားက သူ့ဇနီးလေးက ဒဏ္ဍာရီလာ ‘တစ်ခွက်မူးသမား'ဖြစ်လာတာပဲ… အသုံးမဝင်တာလေး..ဒီလိုအသောက်စွမ်းရည်မျိုးနဲ့ ဝိုင်ခွက် တခမ်းတနားဖလှယ်ခဲ့သေးတယ်လား?”

သို့သော် သူက လုံးဝစိတ်မကောင်းမဖြစ်ပေ။ သူက ရှန်းယုဟန်ကိုပွေ့ချီကာ အခန်းထဲပြန်သယ်သွားခဲ့သည်။

&&&&&&&&&

Chapter 63.2

“မြစ်များအားလုံးပင်လယ်ထဲကို စီးဝင်သည်”

ခရစ်စမတ်ပြီးတော့ ရှန်ချီဟွမ်းက နှစ်ကုန်အလုပ်များသောကာလကို ရောက်လာခဲ့ပြီး တချိန်တည်းမှာ ရှန်းယုဟန်၏ ‘သူငယ်ချင်းဟောင်းများ'က သူ့ကို တစ်ခုပြီးတစ်ခု ဖိတ်ခေါ်လာသည်။ ထိုထဲတွင် သူ့ကို အော်ပရာကြည့်ဖို့ တိုက်ရိုက်ခေါ်ခဲ့သော ကျန်းလောင်လည်း ပါဝင်၏။

အော်ပရာကြည့်ဖို့?

ထိုစကားကြား​တော့ ရှန်းယုဟန်၏မျက်ခုံးက ပင့်တက်သွားသည်။ အပြင်မှာ အော်ပရာကြည့်လို့ရ​သေးတာလား? သူက တီဗီထဲက တရုတ်ရိုးရာအော်ပရာကိုပဲ ကြည့်နိုင်တယ်လို့ ထင်ခဲ့၏။

တခြားသူများနှင့်ယှဥ်လျှင် ကျန်းလောင်က ရာထူးနှင့် အဆင့်အတန်းရှိတာကြောင့် ရှန်းယုဟန်က သူနဲ့အော်ပရာသွားကြည့်ဖို့ စိတ်ပူစရာမလိုပေ။ ကျန်းလောင်က သူ့ကိုမေးလာတော့ သူကလက်ခံလိုက်ပြီး ဝမ်းယိုတို့နဲ့အတူ အပြင်ထွက်တုန်းကလို သူ့ခင်ပွန်းကို အရင်မေးစရာမလိုပေ။

သူက အော်ပရာကြည့်ချင်သည်။ ဤသည်မှာ သူနဲ့ရင်းနှီးသောနယ်ပယ်ဖြစ်၏။

လက်ခံပြီးတော့ ရှန်းယုဟန်က သူ့ခင်ပွန်းကို သူအော်ပရာသွားကြည့်ချင်တယ်လို့ ပြောခဲ့သည်။ ရှန်ချီဟွမ်းက အော်ပရာကြည့်ဖို့ သူ့ဇနီးကိုဖိတ်ခဲ့တာက အဘိုးကြီးကျန်းဆိုတာကို သိသွားသည်။ အို… ကောင်းပြီ…သွားလေ…

အဘိုးကြီးတွေက သူ့ဇနီး၏သူငယ်ချင်းများဖြစ်တာကြောင့် စိတ်ပူစရာမလို…လူငယ်တွေအတွက်ကတော့ သူစိတ်ပူဖို့လိုအပ်သည်။

ထိုအချိန်တွင် ရှန်ချီဟွမ်းက သူ့ဇနီး အော်ပရာကြည့်ရတာကို သဘောကျကြောင်း သိလိုက်သည်။ သူက ဤဝါသနာကို ငယ်ငယ်တည်းကသာ ပျိုးမထောင်ခဲ့ရင် တိုးတက်အောင်လုပ်ဖို့ ခက်ခဲပေမည်။

အော်ပရာနေ့က ပိတ်ရက်မဟုတ်ပဲ ရှန်ချီဟွမ်းမှာ အလုပ်ရှိတာကြောင့် ရှန်းယုဟန်က အော်ပရာကျင်းပသော လက်ဖက်ရည်ဆိုင်ကို တစ်ယောက်တည်းသွားခဲ့သည်။

ပိတ်ရက်မဟုတ်သော်လည်း လက်ဖက်ရည်ဆိုင်က လူအဝင်အထွက်နှင့် အသက်ဝင်​နေသည်။ ရှန်းယုဟန်က သီးသန့်ခန်းနေရာကိုရှာဖို့ စားပွဲထိုးကိုမေးလိုက်သည်။

“ရှောင်ရှန်းရောက်လာပြီ” သခင်ကြီးကျန်းက ရှန်းယုဟန်ကိုတွေ့တော့ ဝမ်းသာအားရပြုံးသည်။ “ထိုင်ပါ”

“အန်ကယ်ကျန်း.. မတွေ့ရတာကြာပြီ။” ရှန်းယုဟန်က အိမ်လုပ်ဂျုံမုန့်ကိုပေးလိုက်သည်။ “ဒါက ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ လက်ဖက်စိမ်းကိတ်၊ စားကြည့်ချင်လား?”

“အို? မင်းက ဒါလည်းလုပ်တတ်တာပဲလား?” သခင်ကြီးကျန်းက စက္ကူအိတ်လေးကိုဖွင့်ကာ တစ်ပိုင်းဖဲ့ပြီး သူ့ပါးစပ်ထဲထည့်လိုက်၏။ “အွမ်း… အရသာရှိလိုက်တာ”

ရှန်းယုဟန်က ပြုံးကာပြောလိုက်သည်။ “ကြိုက်လို့တော်ပါသေးတယ်။” အဘိုးကြီးမှာ အရာအားလုံးရှိပြီး သူ့ခင်ပွန်းကိုလည်း ကူညီပေးထားတာကြောင့် သူက ကျေးဇူးဆပ်ချင်သည်။

“မင်းနားထောင်ချင်တာ တစ်ခုခုရှိရင် Playlistထဲကတောင်းဆိုလို့ရတယ်။ ငါက ဒီနေ့ရုံတစ်ခုလုံးကို ငှားထားတာ၊ ပြီး​တော့ အော်ပရာလာကြည့်ဖို့ သူငယ်ချင်းဟောင်းတချို့ကိုလည်း ခေါ်ထားတယ်။” ကျန်းလောင်က ကိတ်ကိုထပ်ဖဲ့ပြီး သူ့ပါးစပ်ထဲထည့်ကာ လက်ဖက်ရည်နှင့် မျောချလိုက်တော့ အရသာပိုရှိနေ၏။

“ဒီတော့ အန်ကယ်က ဒီနေရာကို ကြိုးငှားထားတာကို” ရှန်းယုဟန်က စင်ပေါ်က ရင်းနှီးသော သီချင်းဆိုသံကို နားထောင်နေပြီး ကျန်းလောင် ကိတ်စားနေရသလို သူလည်း နေလို့ကောင်းနေ၏။

“အခုခေတ်မှာ အော်ပရာနားထောင်တဲ့ လူငယ်တွေမရှိတော့ဘူး။ ကျန်းလောလင်းနဲ့ ဝမ်းယန်ကလည်း နားထောင်ရတာမ​ကြိိုက်ဘူး။ သူတို့ကို ဒီကိုခေါ်နိုင်ဖို့ကခက်တယ်။ ခဏလောက်နားထောင်ပြီးရင် သူတို့က ဖုန်းနှိပ်နေကြတော့ ငါဒေါသထွက်ရတယ်။ အဲဲ့ဒီနောက်ပိုင်း ငါသူတို့ကိုမခေါ်တော့ဘူး။” ကျန်းလောင်က ရှန်းယုဟန်ကို အလေးအနက်ရှင်းပြနေသည်။ ထိုစဥ် ရှန်းယုဟန်က သူနားထောင်ချင်သော အပုဒ်ကိုရွေးပြီးတာကြောင့် Playlistအဆုံးမှာ အကျဥ်းချုံးစာညွှန်းကို ရှင်းအောင်ရေးပေးလိုက်သည်။

“ဒါဆို နောင်မှာ ခင်ဗျားအော်ပရာကြည့်ချင်ရင် ကျွန်တော့်ကိုခေါ်လို့ရတယ်။ ကျွန်တော်နားထောင်ရတာကြိုက်တယ်။”

“ကောင်းပြီ”

ရှန်းယုဟန်က ရိုမန့်စ်ဒရာမာတောင်းဆိုလိုက်သည်။

တောင်းဆိုပြီးနောက် လူတစ်ယောက်က ကျန်းလောင်ကိို နှုတ်ဆက်ဖို့လာခဲ့သည်။ ရှန်းယုဟန်က ပြဇာတ်ကို သေချာနားထောင်နေပြီး ခေါင်းကိုမလှည့်ပေ။ ထို့နောက် လက်ဖက်ရည်သောက်ဖို့ ခွက်ကိုယူလိုက်သောအခါ ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

တစ်ဖက်လူက သူ့ကိုတွေ့သောအခါ သူ့သူငယ်အိမ်က လှုပ်ရှားနေပြီး သူက ချက်ချင်းခုန်ပေါက်မတ်တပ်ရပ်ကာ ပြောလာသည်။ “ရှန်းယုဟန်..မင်းဘာလို့ဒီရောက်နေတာလဲ?”

ရှန်းယုဟန်က တစ်ဖက်လူကို ခဏလောက်မမှတ်မိနိုင်ဖြစ်ပြီး ရှုပ်ထွေးနေကာ သူ့အမူအရာက တစ်ဖက်လူကို စော်ကားသလိုဖြစ်နေ၏။

ကျန်းလောင်က တစ်ဖက်လူ၏မေးခွန်းကို မကျေနပ်ပဲ ပြောလာသည်။ “ရှောင်ရှန်းက ပြဇာတ်ကြည့်ဖို့ ငါဖိတ်ထားတဲ့ သူငယ်ချင်းပဲ”

ရောက်လာသူက ကျန်းထုံနှင့် သူ့အဖိုးဖြစ်ပြီး သူ့အဖိုးက သူ့သူငယ်ချင်းရှေ့မှာ သူ့မြေးမျက်နှာပျက်နေတာကိုတွေ့​တော့ အသာအယာပုတ်ပေးကာ ကျန်းလောင်ကိုပြောလိုက်၏။ “ကလေးက တုံးလို့ပါ၊ လောင်ကျန်း.. သူ့ကိုဂရုမစိုက်ပါနဲ့။ ဒီသူငယ်ချင်းလေးကို ရင်းနှီးသလိုပဲ…”

ကျန်းထုံ၏အဖိုးကလည်း ရှန်းယုဟန်ကိုမှတ်မိသွားသည်။ ဒီကလေးက အရင်တစ်ခေါက် လက်ရေးလှနဲ့ပန်းချီမှာ ပထမဆုရသွားတဲ့ လူငယ်မလား?

“မင်းက သူ့ကိုတွေ့ဖူးတာလား?”

“ဒီသူငယ်ချင်းလေးက အရင်တစ်ခေါက် ငါတို့ကျင်းပတဲ့ လက်ရေးလှနဲ့ပန်းချီမှာ အကောင်းဆုံးလုပ်နိုင်ခဲ့တာလေ။ ဒါကြောင့် ငါသူ့ကိုမြင်ဖူးနေတာ”

တစ်ဖက်လူက ထိုအကြောင်းပြောလာတော့ ရှန်းယုဟန်က မှတ်မိသွားသည်။ ဒီတော့ ဒါက ပါးစပ်ဆိုးတဲ့ ကျန်းထုံပေါ့၊ ရှန်းယုဟန်က တစ်ဖက်လူကို စကားမပြောချင်ပေ၊ သူ့ပါးစပ်ကကြမ်းသည်။

ကျန်းထုံ၏အဖိုးက ထိုနေ့ကဖြစ်ခဲ့တာကိုပြောပြပြီး ကျန်းလောင်နှင့် စကားအချို့ပြောပြီးနောက် သူက ကျန်းထုံကိုဆွဲခေါ်သွားကာ သူ့ကိုမျက်နှာပျက်အောင် မလုပ်ဖို့ပြောနေသည်။

“သူနဲ့စကားမပြောဘူးလား?” ကျန်းလောင်က မျက်စိမှုန်မနေပေ။ ရှန်းယုဟန်က ထိုလူငယ်ကို လေးစားမှုမပြခဲ့သလို စကားပြောဖို့တောင် စိတ်မဝင်စားခဲ့ပေ။

ရှန်းယုဟန်က ပေါ့ပေါ့ဆဆ ပြောလိုက်၏။ “စကားများခဲ့တာမို့ပါ။”

ကျန်းလောင်က ရှန်းယုဟန်၏ စကားလှသုံးလိုက်ပုံကိုကြည့်ကာ ထိုမျှလောက်မရိုးရှင်းမှန်းသိသည်။ သူက ရှန်းယုဟန်နှင့် အဆက်အသွယ် သိပ်မရှိသော်ငြား ဂိုးကစားတာက လူတွေကိုလေ့လာဖို့ဖြစ်လို့ တစ်ဖက်လူ၏စိတ်နေစိတ်ထားကို လေ့လာနိုင်သည်။ ရှောင်ရှန်းက အေးချမ်းသော စိတ်နေစိတ်ထားရှိပြီး သဘောထားကြီးသည်။ လူတွေနဲ့ စကားများငြင်းခုံဖို့ဆိုဝေးသေး…သေချာတာက တစ်ဖက်လူက ပြဿနာရှာခဲ့တာ ဖြစ်ပေမည်။

“အဲ့လိုလူတွေနဲ့ နောက်မပတ်သတ်နဲ့။ အန်ကယ်မင်းကိုအားပေးမယ်။”

“ကျေးဇူးပါအန်ကယ်”

သူတို့နှစ်ယောက်က ကျန်းထုံအကြောင်းမပြောတော့ပဲ အော်ပရာဆက်နား​ထောင်လိုက်သည်။

တခြားတစ်ဖက်တွင် ဆန့်ကျင်ဘက်အခန်းကိုပြန်လာသော ကျန်းထုံက ဒေါသူပုန်ထနေသည်။ “အဘိုး၊ ကျန်းလောင်ဘေးက ရှန်းယုဟန်ရဲ့ နောက်ခံကဘာလဲ?”

ပန်းချီနှင့်လက်ရေးလှအသင်း၏ လှုပ်ရှားမှုတွင် သူက လျှိုမိသားစုသားအဖ၏ အထင်သေးခြင်းကို ခံခဲ့ရပြီး အခု သူ့ကိုနောက်တစ်ကြိမ်တွေ့ခဲ့ရသည်။ ထို့အပြင် သူဆန့်ကျင်ဘက်မှာရပ်နေသူက ကျန်းလောင်ဖြစ်ပြီး နောက်ဆုံးတစ်ခေါက် သူက ဝမ်းယိုရှေ့မှာ သူ့ကို ထေ့ငေါ့လှောင်ပြောင်ခဲ့သည်။

ကျန်းထုံ၏အဖိုးက သံမဏိမဖြစ်သောသံကို မုန်းတီးတာကြောင့် သူ့မြေးကိုပြောလိုက်သည်။ “အာဏာရှိလူချမ်းသားအသိုင်းအဝိုင်းရဲ့ဆက်ဆံရေးက ရှုပ်ထွေးတယ်လို့ မင်းကိုငါပြောခဲ့သားပဲ။ ဒီတော့ မင်းရဲ့စိတ်ကိုထိန်းချုပ်ထား! အရင်တစ်ခေါက် လက်ရေးလှနဲ့ပန်းချီအသင်းကနေ သင်ခန်းစာမရသေးဘူးလား? မင်းကောင်းကောင်းပြုမူရင် ကျန်းယန်လင်းက မင်းကိုမှတ်မိဖို့ ခက်ခဲမှာမဟုတ်ဘူး။ အခုတော့ ကောင်းသား… ရောက်လာတာနဲ့ ရိုင်းစိုင်းပြနေတာ၊ မင်းကိုစိတ်ပူပေးလို့ အသုံးမဝင်ဘူး။” ရှန်းယုဟန်ပေါ်လာမယ်လို့ ကျန်းထုံကဘယ်လိုသိမှာလဲ? ကျန်းလောင်က သူ့ကိုဖိတ်ခဲ့တာလို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့တာလေ…. ဒါက သူ့ကိုမြေတောင်မြှောက်ပေးနေတာလား?

ကျန်းထုံကမေးလိုက်သည်။ “သူ့နာမည်ကိုအရင်ကမကြားဖူးပါဘူး။ ချမ်းသာပြီး အာဏာရှိတဲ့မိသားစုမှာ ရှန်းနာမည်နဲ့ လူရှိလို့လား?”

ကျန်းထုံ၏အဖိုးက ခေါင်းခါလိုက်သည်။ “ဘယ်ဟုတ်မလဲ.. အဲ့ဒီနေ့က သူ့ကိုလာကြိုတဲ့သူကို မင်းမှတ်မိတယ်မလား?”

ကျန်းထုံ: “ဘယ်သူလဲ?”

ကျန်းထုံ၏အဖိုး: “ရှန်မိသားစု”

ကျန်းထုံ: “ရှန်မိသားစုလား? သူက ရှန်မိသားစုနဲ့ ဘယ်လိုပတ်သတ်နေတာလဲ?”

ကျန်းထုံ၏အဖိုး: “မင်းမေးလို့ရတယ်၊ လူငယ်မျိုးဆက်ထဲမှာ သိတဲ့သူတစ်ယောက်ယောက်ရှိလိမ့်မယ်။”

ကျန်းထုံက နောက်ဆုံးတစ်ခေါက်ကိစ္စ ပြီးသွားပြီလို့ တွေးခဲ့ပေမယ့် ဒီနေရာမှာထပ်ပြီး ရှန်းယုဟန် ဖြတ်ရိုက်တာခံရမယ်လို့ မမျှော်လင့်ခဲ့ပေ။ သူက မျိုမသိပ်နိုင်တာကြောင့် ပြဇာတ်မကြည့်တော့ပဲ အသိုင်းအသိုင်းတူသော သူငယ်ချင်းများကိုမေးဖို့ ဝီချက်ကိုသွားကာ ရှန်းယုဟန်နာမည်နဲ့ လူတစ်​ယောက်ကိုသိလားလို့ ချက်ချင်းမေးခဲ့သည်။

တစ်ယောက်က ရှန်းယုဟန်ကိုသိတယ်လို့ပြောခဲ့ပြီး နောက်တစ်ယောက်က ‘ရှန်းယုဟန်'၏ ဂုဏ်သရေရှိသော အောင်မြင်မှုကို ပြောပြခဲ့သည်။

ထိုအကြောင်းကြားပြီးတော့ ကျန်းထုံက ဝမ်းသာအားရဖြစ်ခဲ့သည်။ သူက မိသားစုတစ်ခုက သခင်လေးတစ်ယောက်မဟုတ်ပဲ ရှန်မိသားစု၏ချွေးမဖြစ်ကာ ရန်ဖြစ်လို့ ကျောင်းထွက်ခဲ့ရပြီး ရှန်ချီဟွမ်း၏ အဖေတူအမေကွဲညီ ရှန်ချီယွင်ကိုတောင် လိုက်ခဲ့ဖူးသည်။

အပြင်လူများ၏မျက်လုံးထဲမှာ ရှန်မိသားစု၏ဘိုးဘေး ရှန်းထျန်းဖုန်းက ရိုမန်တစ်ဆန်သော သဘာဝရှိတာကြောင့် လူတော်တော်များများ၏ ပထမဆုံးတုံ့ပြန်မှုက သူ့သားတွေလည်း ရိုမန်တစ်ဆန်တယ်လို့ ထင်နေသည်။ ရှန်းယုဟန်က ရှန်မိသားစု၏သားနှစ်ယောက်နှင့် သုံးပွင့်ဆိုင်ဆက်ဆံရေးရှိပြီး ကျန်းထုံက ယောက်ဖနှင့် မရီးကြားက ဆက်ဆံရေးနဲ့ပတ်သတ်ပြီး ဒရာမာခင်းဖို့ ဆုံးဖြတ်လိုက်၏။ သခင်ကြီးကျန်း အဲ့ကိစ္စကိုသိသွားရင် ဘာဆက်ဖြစ်မလဲ သူသိချင်သေးတယ်….

သူက ရှန်းယုဟန်၏ အပြစ်ကင်းသော မျက်နှာဖုံးကို ခွာချချင်သည်။

ကျန်းယန်လင်းက ဒီနေ့မှာ သူငယ်ချင်းဟောင်းအများစုကို ဖိတ်ခေါ်ခဲ့ပြီး သူက အော်ပရာကိုနှစ်သက်သည့်အပြင် လက်ရေးလှနှင့်ပန်းချီကိုလည်း သဘောကျသည်။

ကျန်းထုံက သူ့အဖိုးဆီက ဒီအကြောင်းသိခဲ့ရသဖြင့် သူတို့ဘက်ကနေ မှတ်စုတစ်ခုကမ်းပေးဖို့ ဝိတ်တာကိုပြောခဲ့သည်။

မှတ်စုထဲမှာ ရှန်းယုဟန်၏ ထူးချွန်သောလက်ရေးလှနဲ့ပန်းချီကို ချီးကျူးထားသည်။ မင်းရဲ့အရမ်းလှတဲ့ လက်ရေးလှကို ဒီနေရာမှာ ဘာလို့မချန်ခဲ့ရမှာလဲ?

ကျန်းလောင်က တစ်ဖက်သား၏ လွန်ကဲသောအကြံအစည်ကို မအံ့သြပေမယ့် သူက ရှန်းယုဟန်ကိုမေးလိုက်သည်။ “မင်းလက်ရေးလှကမဆိုးဘူးလို့ ဒီထဲမှာပြောထားတယ်”

ရှန်းယုဟန်က ကျိုးနွံစွာပြုံးပြလိုက်သည်။ “သာမန်ပါပဲ၊ အဆင့်မြင့်လက်ရာကိုရောက်ဖို့ ခက်ပါတယ်။”

ကျန်းလောင်က ပြောလိုက်သည်။ “လုပ်ပါ၊ ငါ့အတွက်နည်းနည်းရေးပေး”

ထိုအချိန်တွင် ကျန်းထုံနှင့် သူ့အဖိုးက စောင့်နေကြသည်။

ကျန်းလောင်က စိတ်လှုပ်ရှားနေတော့ သူ့သူငယ်ချင်းတွေကလည်း စိတ်လှုပ်ရှားလာသည်။ လူငယ်လေးတစ်ယောက်က ကျန်းလောင်အတွက် လက်ရေးလှရေးပေးမယ်ဆိုတာကို သူတို့ကြားခဲ့ရပြီး ဘယ်သူလဲစိတ်ဝင်စားနေကြသည်။

အော်ပရာနားထောင်ပြီး စာလုံးရေးတာက ရှန်းယုဟန်၏ ရင်းနှီးသောနယ်ပယ်ဖြစ်တာကြောင့် သူက မစိုးရိမ်ပေ။

သူက ပုံမှန်လို ကြော့ရှင်းသောပုံစံကိုပြောင်းပြီး စုတ်တံထူထူကို ရွေးချယ်ခဲ့သည်။

ညာဘက်လက်၏ အင်္ကျီလက်ကို ဘယ်လက်နှင့် အသာအယာကိုင်ပြီး ဘောပင်နှင့် စာလုံးကြီးများကိုရေးကာ သူ့ဘောပင်က ရေစီးလိုလှုပ်ရှားနေပြီး သူ့အရှိန်က သက်တန့်နှင့်တူသည်။

အဆုံးမှာ စက္ကူပေါ်မှာ စကားလုံးလေးလုံးပေါ်လာသည်။: 海納百 (မြစ်များအားလုံးပင်လယ်ထဲကို စီးဝင်သည်။)

ကျန်းထုံနှင့်သူ့အဖိုး၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ပြဿနာရှာချင်သော သူတို့ဆန္ဒက ရပ်သွားသည်။ ဒါက သူတို့ကို အမြင်ကျဥ်းတယ်လို့ စောင်းပြောလိုက်တာလား?

ညနေခင်းတွင် ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုကြိုဖို့ လက်ဖက်ရည်ဆိုင်ကို ကိုယ်တိုင်သွားရောက်ခဲ့သည်။

ရှန်းယုဟန်က ကားပေါ်တက်တာနဲ့ ဟန်ဆောင်သည်းခံခဲ့သော သူ့အပြုအမူကို ချက်ချင်းပြောင်းကာ သူ့ညာလက်ကို ရှန်ချီဟွမ်းအား ပေးလိုက်သည်။ “ယောကျာ်း၊ ကျွန်တော့်လက်တွေနာနေတယ်”

“လက်ဖက်ရည်သောက်ပြီး အော်ပရာနားထောင်တာကို လက်ကဘယ်လိုနာလာတာလဲ?” ရှန်ချီဟွမ်းက သူ့ကိုဘေးစောင်း​ကြည့်လိုက်၏။ “မင်းဘာလုပ်ခဲ့တာလဲ?”

ရှန်းယုဟန်က သူ့ခင်ပွန်းရဲ့အတွေးတွေ အရောင်စုံနေတာကို ဘယ်လိုသိမှာလဲ: “အခုလေးတင် အန်ကယ်ကြီးတွေက လက်ရေးလှရေးခိုင်းခဲ့တာ.. ပင်ပန်းလိုက်တာ ယောကျာ်းရယ်… နည်းနည်းလောက်နှိပ်ပေးပါဦး”

ရှန်ချီဟွမ်းက သူ့လက်ကောက်ဝတ်ကိုပွတ်ကာ အပြုံးတစ်ခုဖြင့် ​မေးလာသည်။ “မင်းသူတို့အတွက်ရေးပေးခဲ့တော့ သူတို့က မုန့်ဖိုးပေးခဲ့လား?”

ရှန်းယုဟန်က ‘အား’ အာမေဋိတ်ပြုသည်။ “မပေးဘူး။ ဒါပေမယ့် သူတို့က ကျွန်တော့်ကို ဝီချက်အက်ဒ်ထားတယ်။ ကျွန်တော် အများကြီးဆုံးရှုံးခဲ့ရတာလား?”

ရှန်ချီဟွန်းက သူ့ကိုမေးလိုက်သည်။ “မင်းဘယ်သူ့ကိုအက်ဒ်ထားလဲ ကြည့်ရအောင်။” သူက ရှန်းယုဟန် လူရှုပ်တွေကို အက်ဒ်ထားလား စစ်ဆေးနေသည်။

ရှန်းယုဟန်က သူ့လက်ထဲ ဖုန်းထိုးပေးလိုက်သည်။

ရှန်ချီဟွမ်းက တစ်ချက်ငုံ့ကြည့်ပြီး ရင်းနှီးသောနာမည်များကို တွေ့ပြီး စွန့်အသွားသည်။ ဇနီးလေး မင်းကိုနှောင့်ယှက်မိတာ ဆောရီးကွာ..

သူ့အမူအရာပြောင်းသွားတာကိုတွေ့တော့ ရှန်းယုဟန်က မအက်ဒ်သင့်သူကို အက်ဒ်််မိသွားတယ်လို့ ထင်လိုက်ပြီး စိတ်ပူသွားသည်။ “ဘာဖြစ်လို့လဲ?”

ရှန်ချီဟွမ်းက ရင်ထဲမှာ သက်ပြင်းချလိုက်သည်။ “ဘာမှမဟုတ်ဘူး၊ မင်းတော်တယ်။”

ပြဇာတ်နားထောင်ပြီးတော့ သူ့ဇနီးက သူလိုချင်သော အဆက်အသွယ်တစ်ဝက်လောက်ကို စုဆောင်းနိုင်ခဲ့သည်။ သူ့ဇနီးက စီးပွားရေးလေ့လာနေတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။ ဂီတ၊ စစ်တုရင်၊ လက်ရေးလှနဲ့ပန်းချီလေ့လာတာ မလုံလောက်သေးလို့လား? သူ့ဘဝက လူသား ၉၀ ရာခိုင်နှုန်းထက် သိသိသာသာ ပိုကောင်းပေမယ့် သူ့ဇနီးနဲ့ယှဥ်ရင် သူ့ဘဝက ခက်ခဲမှုအဆင့်ဆယ်ဆင့်ရှိနေခဲ့သည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ချီးကျူးပြီးတော့ သတင်းတချို့ပြောပြခဲ့သည်။ “စကားမစပ်၊ ငါ့မှာမင်းအတွက် သတင်းနှစ်ခုရှိတယ်၊ တစ်ခုက ငါ့အဖေ မနက်ဖြန်ကျရင် ခွဲစိတ်တော့မှာမလို့ သဘက်ခါ ဆေးရုံကိုအတူသွားရမယ်။”

ရှန်းယုဟန်က မေးလိုက်သည်။ “နောက်တစ်ခုကဘာလဲ?”

ရှန်ချီဟွမ်းက သူ့လက်ကောက်ဝတ်ကို ဆွဲဖျစ်ကာ ပြောလိုက်သည်။ “ငါ့အစ်ကိုကြီးက အသည်းရောဂါရပြီး ဆေးရုံတက်နေရတယ်။ သူတစ်လလောက်နေရမယ်။ ငါက သူ့အစား ရှန်မိသားရဲ့ တရားဝင်လုပ်ငန်းကို ကိုင်တွယ်ရမှာမို့ အနာဂတ်မှာ မင်းနဲ့ အတူနေဖို့ အချိန်နည်းလာတော့မှာ။”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment