Chapter 66.1
“နတ်ဆိုးကို မြန်မြန်နှိမ်နှင်းလိုက်”
ရှန့်ယွီလင်းက ရှန်းယုဟန်၏ အသွင်အပြင်ကိုတွေ့သောအခါ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သူက ထိုချစ်စရာကောင်းသော ပန်းချီကိုဆွဲခဲ့သူမှာ အရမ်းငယ်မယ်လို့ မမျှော်လင့်ထားသည့်အပြင် သူ့အသွင်အပြင်က အတော်လေးထူးကဲပြီး မေ့မရနိုင်သော မျက်နှာမျိုးဖြစ်သည်။
သူက ရှန်းယုဟန် ရေရွတ်လိုက်တာကို ကြားတော့ ပြုံးလိုက်သည်။ “မစ္စတာရှန်းက ကျွန်တော်တတိယမှန်းဘယ်လိုသိတာလဲ၊ သူတို့အားလုံး ကျွန်တော့်ကိုတတိယအစ်ကိုလို့ ခေါ်ရတာကြိုက်တယ်လေ၊ ခင်ဗျားစိတ်မရှိရင်လည်း အဲ့လိုခေါ်လို့ရပါတယ်။ ကျွန်တော်က အသက်ပိုကြီးတာဆိုတော့”
ထိုမှသာ ရှန်းယုဟန်က တုံ့ပြန်နိုင်ပြီး တစ်ဖက်လူ၏ လုပ်ငန်းကတ်ကိုယူကာ တစ်ချက်ကြည့်လိုက်သည်။ ကုမ္ပဏီဒါရိုက်တာ..
ဒါရိုက်တာရာထူးက မနိမ့်ပေ။ ရှန်းယုဟန်က သူ့ခင်ပွန်း ဒါရိုက်တာများစွာနဲ့ အစည်းအဝေးကျင်းပတာကို မှတ်မိပြီး ဒါရိုက်တာရာထူးက သူဌေးထက်အနည်းငယ်နိမ့်မယ်လို့ ယူဆလိုက်သည်။
“တောင်းပန်ပါတယ်။ ကျွန်တော်လူမှားသွားတာပါ။ ခင်ဗျားက ကျွန်တော့်ဆွေမျိုးတစ်ယောက်နဲ့တူတယ်။ အဲ့ဒါကြောင့်ပါ။” ရှန်းယုဟန်က နောက်တစ်ကြိမ် အနီးကပ်ကြည့်လိုက်တော့ သူတို့က နည်းနည်းပဲတူတာဖြစ်သည်။
ရှန့်ယွီလင်းက ခမ်းနားသောအသွင်အပြင်ရှိပြီး သူ့မျက်နှာပေါက်က လမ်းမပေါ်တွင် လမ်းလျှောက်သောအခါ ၉၀% သောလူများ၏ ခေါင်းကိုလှည့်သွားစေနိုင်၏။ သူ့ရုပ်သွင်က သဘာဝဆန်ဆန် ထူးကဲပေမယ့် ဤသည်မှာ သူတခြားတစ်ယောက်နဲ့တူတယ်ဆိုတာကို ပထမဆုံးအကြိမ်ကြားဖူးတာဖြစ်၏။ ရှန်ယုဟန်ကို ဂရုတစိုက်ကြည့်ပြီးတော့ သူက စိတ်သက်သာရာရသွားသည်။ သူ့ဆွေမျိုးကလည်း ရုပ်မဆိုးတာကြောင့် သူက ရှန့်ယွီလင်းကိုနှိမ်နေတာတော့မဟုတ်ပေ။
ရှန့်ယွီလင်းက စိတ်မဆိုးပေ၊ ဤအစပြုခြင်းက သူစိမ်းနှစ်ယောက်ကြားက အကွာအဝေးကို ကျဥ်းမြောင်းသွားစေမည်။ “ရပါတယ်..မစ္စတာရှန်း… ထိုင်ပါ၊ ဘယ်လိုလက်ဖက်ရည်မျိုးသောက်ချင်လဲ? လုံကျင့်၊ တဟုန်ဖောင် ဒါမှမဟုတ် ဖူအာလား?
“လုံကျင့်ပါ။” သူက မကြာသေးမီက လက်ဖက်စိမ်းကိုသောက်ခဲ့ပြီး ရှန့်ယွီလင်းက သူ့တတိယအစ်ကိုနဲ့တူတာကြောင့် သူက စိတ်သက်သာရာရသွားတာဖြစ်ပေမည်။ ထို့အပြင် ရှန့်ယွီလင်းက ချဥ်းကပ်ရလွယ်ကူသည်ဟု ထင်မိသည်။
ရှန့်ယွီလင်းကစကားများပေမယ့် ရှန်းယုဟန်၏အကြောင်းကို သိပြီးနောက် သူက တစ်ဖက်လူ၏ ကိုယ်ရေးကိုယ်တာအခြေအနေကို သိပ်မစုံစမ်းခဲ့ပေ။ ရှန်းယုဟန်နှင့်အတူလာခဲ့သူက တစ်ချက်ကြည့်ရုံနဲ့ အထက်တန်းစားဖြစ်ကြောင်း သိနိုင်ပြီး အရူးလုပ်ရမလွယ်သဖြင့် သူတို့က အဓိကခေါင်းစဥ်ကိုသာ တိုက်ရိုက်သွားခဲ့ကြသည်။
ရှန်းယုဟန် ကားပေါ်မှာရှိနေစဥ် လက်ထောက်ချွီက ရှန့်ယွီလင်း၏ကုမ္ပဏီအကြောင်း အကြမ်းဖျင်းမိတ်ဆက်ပေးနေတာကို ကြားခဲ့ရသဖြင့် သူ့ပန်းချီကို ယုံကြည်မှုရှိရှိ အပ်နိုင်ဆဲဖြစ်သည်။ ထို့အပြင် သူတို့ကုမ္ပဏီက ပန်းချီကားနှင့် ပန်းချီဆရာ အများအပြားကို ပံ့ပိုးပေးခဲ့ပြီး အချုပ်ဆိုရရင် ရှန့်ယွီလင်းက စီးပွားရေးသမားသာဖြစ်၏။
ရှန်းယုဟန် ရှန့်ယွီလင်းနဲ့မဆက်သွယ်နိုင်ခင်မှာ ရှန်ချီဟွမ်းက သူ့နောက်ခံနှင့်အားသာချက်ကို အကဲဖြတ်ခဲ့သည်။
ရှန်းယုဟန်က နားထောင်ဖို့သာတာဝန်ရှိပြီး လက်ထောက်ချွီက အဓိကညှိနှိုင်းသူဖြစ်သည်။ ရှန့်ယွီလင်းက အစက သူ့ကို ရိုးရိုးလက်ထောက်လို့ထင်ခဲ့ပေမယ့် မမျှော်လင့်ထားစွာ လက်ထောက်ချွီက သူ့အလုပ်မှာ အလွန်သတိရှိပြီး သူ့အပြုအမူက အတော်လေးခိုင်မာမှုရှိသည်။ အရာအားလုံးက ရှန်းယုဟန်အတွက် အသင့်လျော်ဆုံးထောက်ပံ့မှုကို ရရှိဖို့ပင်။
“လောလောဆယ်မှာ ကျွန်တော်တို့ရဲ့ လက်မှတ်အရောင်းကို မျှဝေနိုင်တဲ့ ပန်းချီဆရာမရှိသေးပါဘူး။”
“ဒါပေမယ့် ကျွန်တော်တို့မစ္စတာရှန်းက သုံးလို့ရပါတယ်။ လက်ရှိက အထွတ်အထိပ်ရောက်နေတဲ့အချိန်ပါ။ ရှန်ဂရုလက်အောက်က Ski အပန်းဖြေစခန်းက လတ်တလောလှုပ်ရှားမှုလုပ်နေတဲ့အပြင် ကျွန်တော်တို့ကုမ္ပဏီကလည်း ပံ့ပိုးပေးလို့ရပါတယ်။ မစ္စတာရှန်းက နာမည်သိပ်မကြီးပေမယ့် သူ့နာမည်ကရှိပြီးသားပါ။ လူအများကြီးလည်းလာမှာဆိုတော့ ကျွန်တော်တို့က အနုပညာပြပွဲကို ကြော်ညာပေးမှာမို့ တူညီတဲ့အကျိုးအမြတ်အဖြစ် လက်မှတ်အရောင်းကို ပမာဏလေးတစ်ခုလောက် မျှဝေဖို့တောင်းဆိုချင်ပါတယ်။ မစ္စတာရှန်းရဲ့ပန်းချီကားတွေရောင်းထွက်ရင် ခင်ဗျားတို့ကုမ္ပဏီလည်း ဝေစုရမှာပါ။ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးပါ။”
ရှန့်ယွီလင်းက ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆပြီးတော့ သူက သူဘာမှမနစ်နာတာကိုတွေ့ခဲ့ရသည်။ ဆန့်ကျင်ဘက်မှာ ရှန်းယုဟန်က သူ့ကိုယ်ပိုင်လမ်းကြောင်းကို ယူဆောင်လာကာ သူတို့က သူ့လက်ရာပြပွဲအတွက် နေရာနှင့် ဝန်ထမ်းကိုသာထောက်ပံ့ခဲ့ပြီး ရှန်းယုဟန်၏ဘက်က အကောင်းဆုံးရုပ်သံလိုင်းကို ဝယ်ပြီးပြီဖြစ်၏။
ရှန်းယုဟန်က တကယ့်ရွှေတုံးကြီးဖြစ်၏။
ရှန့်ယွီလင်းက နောက်ဆုံးမှာ လက်ထောက်ချွီ၏တောင်းဆိုမှုကို လက်ခံခဲ့ပြီး လုပ်ငန်းစဥ်တစ်လျှောက် ရှန်းယုဟန်က နားထောင်ဖို့နဲ့ သူဖြေနိုင်သောမေးခွန်းများကိုဖြေဖို့ပဲ တာဝန်ရှိသည်။ မေးခွန်းကတော့ ပြပွဲနေရာမှာ တိုက်ရိုက်ပန်းချီဆွဲဖို့ လိုအပ်ချက်နှင့် သူပြသမည့် ပန်းချီအရေအတွက်တို့ဖြစ်၏။ ရှန့်ယွီလင်းကလည်း {နွေဦးစတင်ချိန်} နှင့် {ဆောင်းယဥ်စွန်းချိန်} တို့ကို ပြသဖို့တောင်းဆိုခဲ့သည်။
ရှန်းယုဟန်က ကိုယ်ပိုင်ခံယူချက်ရှိသည်။ “ဟုတ်ကဲ့ ဒါပေမယ့် ဒီပန်းချီကားနှစ်ချပ်က ရောင်းဖို့မဟုတ်ပါဘူး။”
ရှန့်ယွီလင်းက ခေါင်းညိတ်ပြသည်။.. “ကောင်းပါပြီ၊ အခြေခံအားဖြင့် ကျွန်တော်တို့အားလုံးပြင်ဆင်ပြီးပါပြီ။ မစ္စတာရှန်းက ကျွန်တော်နဲ့အတည်ပြုတဲ့ နောက်ဆုံးပန်းချီဆရာပါ။ ပြသဖို့ တခြားလက်ရာတွေရှိသေးလား သိလို့ရမလား”
ဒါပေါ့…ရှန်းယုဟန်မှာ အများကြီီးရှိသည်။ သူကပုံမှန်ဆို စာရေးလေ့ကျင့်နေတာကြောင့်ပင်။ “ခင်ဗျားဘယ်လောက်လိုတာလဲ”
ရှန့်ယွီလင်း: “{နွေဦးစတင်ချိန်}နဲ့ {ဆောင်းယဥ်စွန်းချိန်}ကို ဖယ်လိုက်ရင် ပန်းချီကားသုံးချပ်လိုပြီး ဒီသုံးချပ်ကိုရောင်းလို့ရဖို့ လို့အပ်ပါတယ်။”
ရှန်းယုဟန်: “ကောင်းပါပြီ၊ ကျွန်တော် နောက်မှပုံအရင်ပို့ပေးလိုက်ပါမယ်။”
ရှန့်ယွီလင်း: “အတည်ပြုပြီးရင် အနုပညာပြပွဲစင်တာကို ပန်းချီကားပို့ဆောင်ပေးဖို့ ကျွန်တော့်ဝန်ထမ်းတစ်ယောက်ကို ခင်ဗျားဆီလွှတ်လိုက်ပါမယ်။”
ရှန်းယုဟန်က ခေါင်းညိတ်သည်။ သူက အရံထားဖို့ ပန်းချီကားတစ်ချပ်နှစ်ချပ်လောက် ထပ်ဆွဲရမလားတွေးနေသည်။ ဘာပဲဖြစ်ဖြစ် ပန်းချီဆွဲတာ အချိန်သိပ်မပေးရတာမို့ မရှုပ်ထွေးသရွေ့ သူအလွယ်တကူဆွဲလို့ရသည်။
“ရှုခင်းကရော? အပြင်အဆင်ကရော? ကျွန်တော်ကြိုက်တာဆွဲလို့ရလား?”
“တိုက်ရိုက်ရေးဆွဲပြမယ့် ပန်းချီက အရမ်းရှုပ်ထွေးစရာမလိုပါဘူး။ ရိုးရှင်းတာပဲဆွဲပါ။ ခင်ဗျားရဲ့ပန်းချီကားတွေကို လေလံတင်ရောင်းရဖို့ ပြပွဲမှာ အခမ်းအနားမှူးရှိပါမယ်။ ခင်ဗျားကအဲ့ဒီကိုသွားပြီး တစ်နာရီလောက်နေပေးရုံပါ။ ပြပွဲနေရာပေါ်မူတည်ပြီး ခင်ဗျားကြိုက်သလောက်ဆွဲလို့ရပါတယ်။” ရှန့်ယွီလင်းက ကျောင်းသားတစ်ယောက်လို နားထောင်နေသော ရှန်းယုဟန်ကို တွေ့လိုက်ရသဖြင့် သူက စကားတချို့ထပ်ပြောလိုက်၏။ “တချို့ပန်းချီဆရာတွေက နာမည်သိပ်မကြီးသေးတော့ တိုက်ရိုက်ရေးဆွဲမှုရဲ့ အကျိုးသက်ရောက်မှုက သိပ်မကြီးဘူး။ ပြီးတော့ သူတို့က ရှုခင်းရဲ့အငွေ့အသက်ကို ဆောင်ကြဥ်းမပေးနိုင်လောက်ဘူး။ ဒါပေါ့ ဒါက ချွင်းချက်တစ်ခုပါပဲ။”
သူပြောတာကိုကြားတော့ ရှန်းယုဟန်က အနည်းငယ်စိုးရိမ်သွားသည်။ “ကျွန်တော်လည်းနာမည်မကြီးပါဘူး။”
ရှန့်ယွီလင်းက ခဏလောက်အံ့အားသင့်ပြီး ပြုံးပြလိုက်သည်။ ထိုကဲ့သို့ရိုးသားသောမျက်လုံးများဖြင့် ထိုစကားလုံးကိုပြောတာက အထင်ကြီးစရာကောင်း၏။
သူကရှင်းပြခဲ့သည်။ “အဲဲဒါအတွက်စိတ်ပူနေဖို့မလိုပါဘူး။ တိုက်ရိုက်ပန်းချီဆွဲတာက အပြန်အလှန်ဆက်သွယ်နိုင်ဖို့ လုပ်ငန်းစဥ်တစ်ခုပါပဲ။”
“ကျွန်တော်အဲ့ဒီနေရာမှာသိပ်မတော်ဘူး။” ရှေးခတ်ဝိဉာဥ်တစ်ခုက ခေတ်သစ်လူသားတွေနဲ့ ဘယ်လိုဆက်ဆံနိုင်မှာလဲ…
“မင်းသူတို့နဲ့စကားမပြောချင်ရင် ပန်းချီပဲဆွဲနေလို့ရပါတယ်။” ရှန်းယွီလင်းက ဘယ်လိုပဲဖြစ်ဖြစ် ရှန်းယုဟန်ကို ပြပွဲ၏ပေါ်လွင်မှုဖြစ်စေချင်သည်။ သူက တကယ်ချောမောသလို ဆံပင်ရှည်နှင့်အတူ ရှေးခတ်အလှလေးတစ်ယောက်ဖြစ်၏။
ရှန်းယုဟန်နှင့် ရှန့်ယွီလင်းတို့ လမ်းမခွဲခင် သူတို့က ဝီချက်အက်ဒ်ခဲ့ကြသည်။
ပူးပေါင်းဆောင်ရွက်မှုအကြောင်းပြောတာကလွဲရင် လက်ထောက်ချွီက တစ်ချိန်လုံးနားထောင်နေပြီး သူဌေး၏ဇနီးနှင့် ဥက္ကဋ္ဌရှန့်တို့ စကားကောင်းခဲ့တာကို သူဌေးကိုပြောပြရမလား စဥ်းစားနေသည်။
ထားလိုက်ပါတော့ အဲ့ဒီအကြောင်းထပ်တွေးလို့မရဘူး။
–
နောက်ရက်အနည်းငယ်မှာ ရှန်းယုဟန်က အလုပ်ရှုပ်နေပြီး ရှန့်ယွီလင်းနှင့် အများကြီးဆက်သွယ်ခဲ့သည်။ သူက ပန်းချီကားအသစ်နှစ်ချပ်ကို ဆွဲခဲ့ပြီး ပုံမှန်လေ့ကျင့်ခဲ့သော ပန်းချီကားတစ်ချပ်ကိုရွေးကာ မဆိုးဘူးထင်ထားသည့် ထိုသုံးချပ်ကို အတူထည့်ထားလိုက်၏။
လုပ်စရာတစ်ခုရှိတော့ အထီးကျန်မှုက လျော့သွားပြီး သူ့ခင်ပွန်းက ညဆိုအဖော်ပြုပေးသော်ငြား သူ့အချိန်က အကန့်အသတ်သာရှိ၏။ တစ်ခါတစ်လေ သူ့မျက်လုံးအောက်က အပြာရင့်ရောင်ကိုတွေ့သောအခါ ရှန်းယုဟန်က သူ့နဲ့စကားပြောဖို့ အခွင့်အရေးကို စွန့်လွှတ်လိုက်ရသည်။
ဤမနက်ခင်းမှာ သူက ရှန်ချီဟွမ်း ဘောင်ခတ်ပေးထားသော {နွေဦးစတင်ချိန်}နှင့် {ဆောင်းယဥ်စွန်းချိန်}တို့ကို အောက်ထပ်သယ်လာပြီး ကျန်သုံးချပ်ကို ပန်းချီပြွန်ထဲထည့်ထားသည်။ ရှန်ချီဟွမ်းက မနက်စာစားပြီး၍ အပြင်သွားတော့မှာဖြစ်ပြီး သူ့မှာဒီမနက်အစည်းအဝေးရှိသည်။
ရှန်ချီဟွမ်းက ကော်ဖီစားပွဲပေါ်က ပန်းချီကားကိုကြည့်ကာ သူ့ကိုမေးလိုက်၏။ “ဘယ်လောက်ထိယူသွားချင်တာလဲ?”
ရှန်းယုဟန်က ရေတွက်လိုက်၏။ “မရှိတော့ဘူး။ ဒီငါးချပ်ပဲ။ ဒါကို ပြပွဲခန်းမကိုယူသွားဖို့ လူတစ်ယောက်လာလိမ့်မယ်။”
“အနုပညာပြပွဲက ဘယ်အချိန်စမှာလဲ? မင်းကိုလာအားပေးဖို့ အချိန်ယူလိုက်မယ်။” ရှန်ချီဟွမ်းက ဒီရက်တွေမှာ အတော်အလုပ်ရှုပ်နေပြီး နှစ်သစ်ကူးပြီးတည်းက သူနဲ့အတူနေ့လည်စာသေချာမစားနိုင်ခဲ့ပေ။
“နောက်သုံးရက်နေရင်” ရှန်းယုဟန်က ရှေ့တိုးကာ သူ့ခင်ပွန်း၏ရှပ်ကော်လာကို တည့်ပေးလိုက်သည်။ “ယောကျာ်း၊ ဒီည ညစားဖို့ အိမ်ပြန်လာမှာလား?”
ရှန်ချီဟွမ်းက သူ့စိတ်ထဲမှာအချက်အလက်ရှာခဲ့သည်။ သူဒီသောကြာမှာ မအားတဲ့ပုံပဲ….
သူက ခဏစဥ်းစားပြီး ပြောလိုက်သည်။ “ဒီညတော့မသေချာဘူး။ ဒင်နာပါတီရှိနိုင်တယ်။ ဖျက်သိမ်းခဲ့ရင်တော့ ပြန်လာမယ်။”
“ကောင်းပြီ” ရှန်းယုဟန်က သူ့ကိုတံခါးနားလိုက်ပို့ခဲ့သည်။ “ယောကျာ်း…လမ်းခရီးဂရုစိုက်ပါ။”
ရှန်ချီဟွမ်းက သူ့နှုတ်ခမ်းကိုနမ်းလိုက်သည်။ “အွန်း”
ရှန်းယုဟန်က သူ့ခင်ပွန်းအပြင်သွားတိုင်း အနမ်းခံရတာကို အသားကျနေပေမယ့် အနမ်းပြီးတိုင်း သူ့မျက်နှာက ပူနွေးနေဆဲပင်။
ဒါက ခေတ်သစ်စုံတွဲတွေကြားက ကျင့်ဝတ်ဖြစ်ရမယ်လို့ သူတွေးမိသွားသည်။
ရှန်ချီဟွမ်းထွက်ခွာပြီး နာရီဝက်အကြာမှာ ပန်းချီကားလာသယ်ရမယ့် လူကရောက်လာခဲ့သော်လည်း ထိုလူက ဝန်ထမ်းမဟုတ်ပဲ ရှန့်ယွီလင်းကိုယ်တိုင်ဖြစ်သည်။
ရှန်းယုဟန်က အံ့အားသင့်သွားသည်။ “ခင်ဗျားဘာလို့ကိုယ်တိုင်လာခဲ့တာလဲ?”
ရှန့်ယွီလင်းက ဒီနေ့မှာ အလွန်ဖက်ရှင်ကျနေပြီး ပေါ့ပေါ့ပါးပါး အကွက်ဝတ်စုံကိုဝတ်ထားပြီး သူက ရှန်ချီဟွမ်းနှင့် လုံးလုံးကွဲပြားသောပုံစံဖြစ်နေသည်။ ထိုသည်မှာ သူက မတူညီသောလုပ်ငန်းမှာ ကျင်လည်နေရလို့ဖြစ်ပေမည်။
သူက ညင်ညင်သာသာ ပြောလိုက်သည်။ “ဝန်ထမ်းကလုပ်စရာရှိလို့ မလာနိုင်ခဲ့ဘူး။ ကျွန်တော်ကလည်းအားနေပြီး ပန်းချီပြပွဲခန်းမကို သွားကြည့်စရာရှိတာနဲ့ ပန်းချီကားယူဖို့ လမ်းကြုံဝင်ခဲ့တာ”
ရှန်းယုဟန်ကပြောလိုက်သည်။ “အို..အဲ့လိုလား…ခဏစောင့်ပါ။ ကျွန်တော်ထုတ်လာခဲ့မယ်”
ရှန့်ယွီလင်းက ဒရိုက်ဘာထိုင်ခုံမှဆင်းလာသည်။ “ကျွန်တော်ယူပေးမယ်။”
ရှန်းယုဟန်က ရင်းနှီးသော သူ့မျက်နှာကိုကြည့်ကာ ခေါင်းညိတ်ပြသည်။ “ကောင်းပါပြီ”
ရှန့်ယွီလင်းက ပန်းချီကားကို ထုပ်ပိုးပြီး အိမ်ထဲတစ်ချက်ကြည့်လိုက်သည်။ “ဥက္ကဋ္ဌရှန် အိမ်မှာမရှိဘူးလား?”
ရှန်းယုဟန်ကပြုံးပြသည်။ “အာ၊ သူအလုပ်သွားတယ်။ ခင်ဗျားအိမ်ထဲဝင်ပြီး လက်ဖက်ရည်သောက်ချင်လား?”
ရှန့်ယွီလင်းက သူ့ဖိတ်ခေါ်မှုကို လက်ခံလိုက်သည်။ “ခင်ဗျားအချိန်ကို နှောင့်နှေးအောင် မလုပ်မိသရွေ့ပေါ့”
“မနှောင့်နှေးပါဘူး၊ ကျေးဇူးပြုပြီး အထဲဝင်ခဲ့ပါ။” ဤသည်မှာ ရှန်းယုဟန်က လူတစ်ယောက်ကို သူ့အိမ်ထဲ ပထမဆုံးအကြိမ် ဖိတ်ဖူးတာဖြစ်၏။
ဖြစ်နိုင်တာက သူက သူ့မိသားစုကို အရမ်းလွမ်းနေပြီး ရှန့်ယွီလင်း၏မျက်နှာကိုကြည့်ရင်း ပိုပိုပြီး မြင်ချင်နေသည်။ ဒါမှ သူက သူ၏တောင့်တမှုအနည်းငယ်ကို ဖြည့်ဆည်းနိုင်မှာပင်။
ရှန့်ယွီလင်းက ရှန်းယုဟန် ဘာတွေတွေးနေလဲမသိပေ။ ရှန်းယုဟန်က သူ့ကို နူးညံ့သောအကြည့်ဖြင့် ထူးထူးခြားခြားကြည့်နေတာတော့ သိသည်။ သူက ဒီလိုအလှလေးရဲ့ဖိတ်ခေါ်မှုကို ဘယ်လိုငြင်းနိုင်မှာလဲ?
&&&&&&&&&&
Chapter 66.2
“နတ်ဆိုးကို မြန်မြန်နှိမ်နှင်းလိုက်”
ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းတို့၏အိမ်ကို ဝင်သွားပြီးနောက် ရှန့်ယွီလင်းက အကြမ်းဖျင်းကြည့်ရှုလိုက်သည်။ သူတို့အိမ်က နွေးထွေးသောအငွေ့အသက်ရှိပြီး အသေးစိတ်က စဥ်းစားတတ်ပြီး လက်ရာမြောက်သည်။ အသေးအမွှားတိုင်းက နေရာတကျရှိပြီး ဧည့်ခန်းထဲမှာ ခရစ်စမတ်သစ်ပင်လည်းရှိ၏။
ရှန်းယုဟန်က သူ ခရစ်စမတ်သစ်ပင်ကို သတိထားမိသွားတာတွေ့တော့ ဝင့်ကြွားလိုက်၏။ “ကျွန်တော့်ခင်ပွန်းကိုယ်တိုင် ပြင်ဆင်ထားတာလေ” ရှန်းယုဟန်က အင်တာနက်မှာ စစ်ဆေးကြည့်တော့ သူက သူ့ခင်ပွန်း၏အခေါ်ဝေါ်ကို ပြောင်းခဲ့သည်။ ယခုခတ်မှာ လူတွေက သူတို့ခင်ပွန်းကို ရည်ညွှန်းရာမှာ ‘အရှင်ခင်ပွန်း相公’အစား ‘ခင်ပွန်း先生'ကို သုံးလို့ရပြီး သူ့ခင်ပွန်းကို နာမည်တပ်ခေါ်ရတာထက် ပိုလွယ်ကူသည်။
“ဥက္ကဋ္ဌရှန်က အတော်လေး တွေးခေါ်နိုင်တာပဲ။” ရှန့်ယွီလင်းက ယဥ်ယဥ်ကျေးကျေး ချီးမွမ်းလိုက်သည်။
“အပြင်လူတွေက သူ့ကို တည်ကြည်လေးနက်တယ်လို့ ပြောကြပေမယ့် တကယ်တော့ သူက အတော်လေး တွေးခေါ်တတ်တယ်။” သူအလွန်အကျွံပြောမိတာကို သတိထားမိလိုက်တော့ ခဏရပ်ပြီး ပြောလိုက်သည်။ “ခင်ဗျားဘယ်လိုလက်ဖက်ရည်ကို သောက်ချင်လဲ? အသီးဖျော်ရည်လည်းရတယ်။ ကျွန်တော့်ခင်ပွန်းက ကော်ဖီကြိုက်တယ်။ ခင်ဗျားသောက်ချင်ရင် အန်တီကို တစ်ခွက်ယူလာခိုင်းလိုက်မယ်။”
“ကိစ္စမရှိပါဘူး။ လက်ဖက်ရည်က အဆင်ပြေပါတယ်။” ရှန့်ယွီလင်းက ရှန်းယုဟန် သူ့အပေါ်မှာ ဘာလို့ စိတ်အားထက်သန်နေလဲ နားမလည်ပေ။ ရှန်းယုဟန်က သူ့ခင်ပွန်းအကြောင်းသာ ပြောမနေရင် သူအထင်လွဲတော့မှာပင်။
အန်တီက လက်ဖက်ရည်တစ်ခွက်ယူလာပေးပြီး ရှန့်ယွီလင်းက ရှန်းယုဟန်ကို ဝေ့ပေါ်ကိစ္စပြောပြလိုက်သည်။ “မစ္စတာရှန်း၊ ခင်ဗျားဝေ့ပေါ်ဖွင့်ပြီးပြီလား? ကျွန်တော်တို့ နှစ်ရက်လောက်ဆိုရင် စကြေညာတော့မှာ။”
ရှန်းယုဟန်က သူ့နဖူးကိုပုတ်လိုက်သည်။ “ကျွန်တော်အရမ်းအလုပ်ရှုပ်နေလို့ အဲ့ဒီအကြောင်းမေ့သွားတယ်။”
ရှန့်ယွီလင်းက ပြောလိုက်သည်။ “ဒါနဲ့ ခင်ဗျား မှတ်ပုံတင်ထားရင်ကောင်းမယ်။”
ရှန်းယုဟန်က နားမလည်ပေ။ “မှတ်ပုံတင်ရမယ်?” ဘာလို့အဲ့ဒါက အရမ်းရှုပ်တာလဲ?
ရှန့်ယွီလင်းက ခဏလောက်စဥ်းစားပြီး ပြောလိုက်သည်။ “မှတ်ပုံမတင်ရသေးရင်လည်း အဆင်ပြေပါတယ်။ အရေးမကြီးဘူး။ ဒါနဲ့ ခင်ဗျားဝေ့ပေါ်နာမည်ကဘာလဲ?”
ရှန်းယုဟန်က သူ့ဖုန်းကိုကြည့်လိုက်တော့ ဝေ့ပေါ်နာမည်ကမပြောင်းရသေးသဖြင့် ရှန့်ယွီလင်းကို နံပါတ်တစ်ကြောင်း ဖတ်ပြလိုက်သည်။
ရှန့်ယွီလင်းက သူအရမ်းချစ်ဖို့ကောင်းတယ်လို့ တွေးနေပြီး တကယ်ကို ရယ်ချင်နေသည်။ “ခင်ဗျားနာမည်မပြောင်းဘူးလား?”
“ဘယ်လိုပြောင်းရမလဲ?” သူအခုစီရီကိုလည်း မေးလို့မရဘူး။ “ကျွန်တော်ဝေ့ပေါ်သိပ်မသုံးဘူး”
ရှန့်ယွီလင်းက သူ့ထက်အများကြီးငယ်သော ရှန်းယုဟန်နှင့် စကားပြောနေစဥ် သူက ချစ်ဖို့ကောင်းတယ်လို့ ခံစားရသည်။ “ကျွန်တော် ပြောင်းပေးမယ်။”.
ရှန်းယုဟန်က သူ့ကို ဖုန်းထိုးပေးလိုက်၏။
ရှန့်ယွီလင်းက သူ့ဘေးရွှေ့ကာ ပြောလိုက်သည်။ “ခင်ဗျားဘာနာမည်ပြောင်းချင်တာလဲ? သင်ပေးမယ်။”
“အို” ရှန်းယုဟန်က ရှေ့တိုးကာ ရှန့်ယွီလင်း၏ ဝေ့ပေါ်လုပ်ဆောင်ချက်ကိုကြည့်လိုက်တော့ သူက အရမ်းကျွမ်းကျင်သည်။
ရှန့်ယွီလင်းကပြောလိုက်သည်။ “ခင်ဗျားနာမည်ကို ဒီဆက်တင်မှာပြောင်းလို့ရတယ်။ နောက်တစ်ခါနာမည်ပြောင်းချင်ရင် ဒီကနေလုပ်လို့ရတယ်။ ပထမဆုံးဝေ့ပေါ်အကောင့်က အရမ်းအရေးကြီးတယ်။ အဲ့ဒါက အတော်လေး အမှတ်ရစရာကောင်းတယ်လို့ထင်တယ်။ ခင်ဗျားပြန်ကြည့်ပြီး ထပ်စဥ်းစားပေါ့။” တကယ်တော့ ရှန်းယုဟန်က ထိုရိုးရှင်းသောလုပ်ဆောင်ချက်ကို နားမလည်ဘူးလို့ သူမယုံပေ။ ရှန်းယုဟန်က သူ့အကြောင်းတစ်ခုခုတွေးနေတာလား?
ရှန်းယုဟန်က အလေးအနက်ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ နားလည်ပါပြီ”
ဘန်းဆိုသောမြည်သံနှင့်အတူ တံခါးကပွင့်လာပြီး ရှန့်ယွီလင်းနှင့် ရှန်းယုဟန်က တစ်ပြိုင်တည်း လှည့်ကြည့်လိုက်သည်။
တံခါးလက်ကိုင်ဘုကို ကိုင်ထားဆဲဖြစ်သော ရှန်ချီဟွမ်းက သူတို့နှစ်ယောက်ကို ခက်ထန်သောမျက်နှာဖြင့်ကြည့်ပြီးတော့ တည်ငြိမ်မှုပြန်ရလာသည်။
ရှန်းယုဟန်က မတ်တပ်ထရပ်ပြီး မေးလိုက်သည်။ “ခင်ဗျားဘာလို့ပြန်လာတာလဲ?”
ရှန်ချီဟွမ်းက သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ “စာရွက်စာတန်းတစ်ခု မေ့ကျန်ခဲ့လို့ လာယူတာ။”
ရှန်းယုဟန်က သူ့ခင်ပွန်း၏အမူအရာ ပြောင်းလဲနေတာကို သတိထားမိပြီး သတိလက်လွတ် ရှင်းပြလိုက်သည်။ “ဒါက ပန်းချီပြပွဲတာဝန်ခံ မစ္စတာရှန့်၊ သူက ပန်းချီကားယူဖို့ ဒီကိုရောက်လာတာ။”
ရှန်ချီဟွမ်းနှင့် ရှန့်ယွီလင်းက တစ်ယောက်နဲ့တစ်ယောက် ခေါင်းညိတ်ပြပြီးနောက် သူက ရှန်းယုဟန်ကို ပြောလိုက်သည်။ “အပေါ်ထပ်မှာ စာရွက်စာတမ်းသွားယူလိုက်ဦးမယ်။” သူက ရှန်းယုဟန်ကို အကြည့်တစ်ချက်တောင်မပေးပဲ အပေါ်ထပ်တက်သွားသည်။ သူအိမ်ထဲဝင်လာတာနဲ့ ရှန်းယုဟန်က သူစိမ်းယောကျာ်းတစ်ယောက်နဲ့ စကားတီးတိုးပြောကာ ရယ်မောနေတာကို တွေ့ခဲ့ရသည်။ သူ့အိမ်မှာဖြစ်နေတာကြောင့် ရှန်ချီဟွမ်းက မပျော်မရွှင်ဖြစ်သွားပေမယ့် သူက ရှန်းယုဟန်ကို ယုံကြည်ပေးဖို့ သူ့ကိုယ်သူပြောလိုက်သည်။ သူက နေရာတိုင်းမှာ ရှာလကာရည်သောက်နေလို့မရပေ။
သူက စာရွက်စာတမ်းယူပြီး အောက်ဆင်းလာတော့ ဧည့်ခန်းထဲမှာ ဖုန်းငုံ့ကြည့်နေသော ရှန်းယုဟန်ပဲရှိတော့သည်။
ရှန်ချီဟွမ်းကမေးလိုက်သည်။ “ဟိုလူဘယ်ရောက်သွားလဲ?”
ရှန်းယုဟန်က ခေါင်းမော့ကာ ပြောလိုက်သည်။ “မစ္စတာရှန့်ကိုပြောနေတာလား? သူက ထွက်သွားပြီ။” သူက ထရပ်ကာ ရှန်ချီဟွမ်းဆီ လျှောက်သွားလိုက်သည်။ “ယောကျာ်း၊ ကုမ္ပဏီသွားဖို့ အလျင်လိုနေတုန်းလား?”
ရှန်ချီဟွမ်းကခေါင်းညိတ်လိုက်သည်။ “အွန်း၊ ငါသွားတော့မယ်။ ဘယ်သူ့ကိုမှ အိမ်ထဲမခေါ်နဲ့တော့၊ မင်းလည်း သူ့ကိုကောင်းကောင်းသိတာမဟုတ်ဘူး။”
ရှန်းယုဟန်၏မျက်နှာပေါ်က အပြုံးက ဖျော့တော့သွားသည်။ “ဒါပေမယ့် မစ္စတာရှန့်က ပန်းချီကားလာယူလို့ သူ့ကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ခဲ့ရုံပဲလေ”
ရှန်ချီဟွန်းက အေးစက်စက် ဖိပြောလိုက်၏။ “ရှင်းရှင်းပြောရရင် အိမ်ကိုဘယ်သူ့ကိုမှဖိတ်နဲ့ ငါသိပ်မကြိုက်ဘူး။”
“ကျွန်တော်နားလည်ပါပြီ။” ရှန်းယုဟန်က သူ့နှုတ်ခမ်းကိုဖိလိုက်သည်။ သူက အိမ်ကို လူတွေဖိတ်ခဲ့တာမှမဟုတ်တာ။
ရှန်ချီဟွမ်းက ကုမ္ပဏီကို အလျင်စလို ပြန်သွားခဲ့ပေမယ့် ရှန်းယုဟန်က တံခါးနားမှာရပ်နေပြီး သူထွက်သွားတာကိုကြည့်နေသည်။ သူ ရှန်းယုဟန်၏ မျက်လုံးထဲက စိတ်ပျက်မှုကို မမြင်ခဲ့ပေ။
–
နှစ်ရက်ဆက်တိုက် ရှန်ချီဟွမ်းက အလုပ်အရမ်းရှုပ်နေပြီး သူက စောစောသွားကာ နောက်ကျမှပြန်သည်။ ရှန်းယုဟန်ကလည်း မကောင်းသောစိတ်ခံစားချက်များကို ဖိနှိပ်ထားသည်။ သူက ရှန့်ယွီလင်းဆီက လက်မှတ်တောင်းကာ ပန်းချီနှင့်လက်ရေးလှအသိုင်းအဝိုင်းက အန်ကယ်တွေကိုပေးလိုက်ပြီး အန်ကယ်တို့က အချိန်ရရင် သွားကြည့်မယ့်အကြောင်းပြောလာသည်။ အထူးသဖြင့် သခင်ကြီးကျန်းက သေချာပေါက်သွားမည်ဟု ပြောခဲ့သည်။
ပန်းချီပြပွဲက မနက်ဖြန်မှာစတင်မည်။
ရှန်းယုဟန်က အိမ်မှာ နည်းနည်းစိုးရိမ်နေတာကြောင့် သူက ရှန်ချီဟွမ်းကို ဝီချက်မက်ဆေ့ပို့ကာ မေးလိုက်သည်။ “ယောကျာ်း၊ ပန်းချီပြပွဲက မနက်ဖြန်စမှာ၊ ခင်ဗျားအားလား?”
ရှန်ချီဟွမ်းက အစည်းအဝေးမှာ ရှန်ချီယွင်နှင့် စကားအနည်းငယ်ပြောနေပြီး သူ့မျက်နှာပေါ်က အရေးမစိုက်မှုက မပျောက်သေးပဲ စိတ်မကြည်တာကြောင့် သူက ရှန်းယုဟန်၏ဝီချက်မက်ဆေ့ကို မဖြေခဲ့ပေ။ ဒါကြောင့် သူက အလုပ်အရင်လုပ်ပြီး အလုပ်ရှုပ်လွန်းတာကြောင့် ရှန်းယုဟန်ကို စာပြန်ပြီးပြီလို့ ထင်ခဲ့သည်။
အချိန်ပိုလုပ်ပြီးနောက် ညနေ၇နာရီမထိုးခင်မှာ ရှန်ချီဟွမ်းက သက်ပြင်းချပြီး သူ့ဇနီးက သူ့မက်ဆေ့ကို ဘာလို့ပြန်မဖြေတာလဲ တွေးနေသည်။
ဝီချက်ကိုနှိပ်ပြီးတော့ လူတစ်ကိုယ်လုံး ထခုန်လုနီးပါးဖြစ်သွားသည်။ ရှန်းယုဟန်က မျိုးရိုးနာမည်ရှန့်နဲ့ အပြင်မှာ ထမင်းစားဖို့ထွက်သွားတယ်!
ထိုစဥ် ရှန်းယုဟန်က တစ်နေ့လုံးစိတ်ဓာတ်ကျနေပြီး စိတ်ဓာတ်ကျရုံတင်မကပဲ နှစ်ရက်ဆက်တိုက်ဝမ်းနည်းနေသည်။ ထိုနေ့က ရှန့်ယွီလင်းကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ပြီးကတည်းက သူ့ခင်ပွန်းက သူ့ကိုဂရုမစိုက်တော့ပေ။ အိမ်ပြန်လာရင် ရေချိုးပြီးတော့ စကားတစ်ခွန်းမှမပြောပဲ အိပ်ပျော်သွားပြီး ဒီနေ့ဆိုရင် စာတောင်မပြန်ခဲ့ပေ။
သူက မနက်ဖြန် သူ့ကိုအားပေးဖို့ အချိန်ချန်ထားမယ်လို့ ကတိပေးထားသည်။
နေ့လည်မှာ ရှန့်ယွီလင်းက မနက်ဖြန်ပြပွဲမှာ ပန်းချီဆရာနှစ်ယောက်က တိုက်ရိုက်ပန်းချီဆွဲကာ ဖျော်ဖြေမှာဖြစ်၍ သူက သူတို့ကို ညစာစားဖို့ ဖိတ်ခဲ့တာကြောင့် ရှန်းယုဟန်မှာ အချိန်ရှိရင် လာခဲ့ဖို့ပြောထားသည်။
ရှန်းယုဟန်က အိမ်မှာ အတွေးများနှင့် ချာချာလည်မနေချင်တာကြောင့် လက်ခံလိုက်သည်။
သူတို့ဆုံတော့ ရှန့်ယွီလင်းက သူ့ကို လူငယ်ပန်းချီဆရာနှစ်ယောက်နဲ့ မိတ်ဆက်ပေးပေမယ့် သူတို့က သူ့ထက်အသက်ကြီးသည်။ တစ်ယောက်က အသက်နှစ်ဆယ်ကျော် ပန်းချီဆရာမဖြစ်ပြီး နောက်တစ်ယောက်က သုံးဆယ်အရွယ်ဖြစ်သည်။ သူတို့နှစ်ယောက်က မြို့ပြင်မှ လာတာဖြစ်ပြီး သူတို့ကို သေချာအကြောင်းကြားထားတယ်လို့ ယူဆလို့ရသဖြင့် ရှန်းယုဟန်က သူတို့နှစ်ယောက်ကို သဘောကျသွား၏။
သူတို့က ဂျပန်အစားအစာကို စားခဲ့ပြီး စားနေစဥ် ရှန်းယုဟန်က သစ်သီးဝိုင်တစ်ငုံသောက်ခဲ့သည်။ သူက ချီတိုင်းပြည်မှာဆိုရင် သစ်သီးဝိုင်သောက်ပြီး လုံးဝမမူးတာကြောင့် နည်းနည်းလောက် သောက်နိုင်မယ်လို့ထင်ခဲ့သည်။
သောက်ပြီးနောက် မူးဝေလာပြီး ထိန်းမနိုင်တော့ပဲ သူ့စိတ်က ဝိုးတိုးဝါးတားဖြစ်နေသော်လည်း သူက မတ်မတ်ထိုင်ကာ သူတို့စကားကို အာရုံစိုက်နားထောင်ပြီး ရံဖန်ရံခါ စကားလုံးအချို့ဝင်ပြောခဲ့သည်။
ဤဟင်းပွဲကို ဧည့်သည်နှင့်အိမ်ရှင်နှစ်ဖက်လုံးက နှစ်သက်ခဲ့ကြသည်။ သူတို့လေးယောက်က အောက်ထပ်ဆင်းသွားပြီး ပန်းချီဆရာနှစ်ယောက်က သူတို့ဆန့်ကျင်ဘက်က ဟိုတယ်ဆီကို တိုက်ရိုက်လျှောက်သွားခဲ့ပြီး ရှန်းယုဟန်က အနည်းငယ်မူးဝေနေကာ သူ့ခန္ဓာကိုယ်က ရပ်နေရင်း ယိမ်းထိုးနေသည်။
ရှန့်ယွီလင်းက သူ့ကိုအချိန်မှီ ကူညီခဲ့သည်။ “ခင်ဗျားအဆင်ပြေရဲ့လား?”
ရှန်းယုဟန်က ခေါင်းခါပြီး ရှန့်ယွီလင်း၏အရိပ်ကို ခါထုတ်ဖို့ ကြိုးစားနေသည်။ “အာ? ကျွန်တော်အဆင်ပြေပါတယ်။ အိမ်ပြန်တော့မယ်။”
ရှန့်ယွီလင်းက ပြောလိုက်သည်။ “ကျွန်တော် လိုက်ပို့ပေးရမလား?”
ရှန်းယုဟန်က သူ့မှာဒရိုက်ဘာရှိပြီး လိုက်ပို့စရာမလိုဘူးလို့ ပြောချင်ပေမယ့် သူက မူးဝေနေကာ ထင်းရှူးရနံ့ရင်ခွင်တစ်ခု၏ ဆွဲဖက်ခြင်းကို ခံလိုက်ရ၏။
သူက သူ့ခင်ပွန်း၏ သာယာနာပျော်ဖွယ်အသံကို ကြားလိုက်ရသလိုပင်။
ရှန်ချီဟွမ်းက လေးလံသောအသံဖြင့် ပြောလိုက်သည်။ “ခင်ဗျား သူ့ကိုလိုက်ပို့စရာမလိုပါဘူး။”
ရှန်းယုဟန်က သူ့ကို တိုးတိုးလေးခေါ်လိုက်သည်။ “ယောကျာ်း?”
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ပခုံးပေါ်မှာ သူ့လက်မောင်းကို တင်လိုက်၏။ “အိမ်ပြန်မယ်။”
“အို့၊ အိုကေ” သူက ရှန့်ယွီလင်းကို ရုတ်တရက်တွေးမိသွားပြီး နောက်လှည့်ကာ တာ့တာပြလိုက်၏။ “တတိယအစ်ကို၊ ထပ်တွေ့မယ်နော်။”
ရှန့်ယွီလင်းက တာ့တာပြန်ပြဖို့လုပ်ခါနီး ရှန်းယုဟန်က ရှန်ချီဟွမ်း၏ သေသေသပ်သပ် ထိန်းကိုင်ခြင်းကို ခံလိုက်ရသည်။ ရှန်ချီဟွမ်းက သူ့ခေါင်းကိုညှိပေးကာ မထိခိုက်မိပဲ ကားပေါ်တက်နိုင်ဖို့ ကူညီပေးလိုက်သည်။
သူက ထိုင်ခုံပေါ် တွန်းတင်ခံလိုက်ရစဥ် ရှန်းယုဟန်က သူ့ရှေ့မှာ သူ့ယောကျာ်းနှစ်ယောက်တောင် တွေ့ခဲ့ရသည်။
ရှန်းယုဟန်က သူ့လက်ကို လေပေါ်ယမ်းကာ ပခုံးကိုကျုံ့ပြီး အလန့်တကြားပြောလိုက်သည်။ “ယောကျာ်း၊ ယောကျာ်း! ခင်ဗျားက ဘာလို့နှစ်ယောက်ဖြစ်နေတာလဲ၊ ခင်ဗျားထဲဝင်နေတဲ့ နတ်ဆိုးကိုနှိမ်နှင်းဖို့ တာအိုဘုန်းကြီးကို မြန်မြန်သွားရှာ!
ရှန်ချီဟွမ်းက နှစ်စက္ကန့်လောက် အံ့သြနေပြီး သူ့မျက်နှာပေါ်က နှင်းခဲက တဖြည်းဖြည်းအရည်ပျော်ကာ ပျောက်ကွယ်သွားသည်။
သူက အသံတိုးတိုးလေးဖြင့် တစ်ခုခုကို ရေရွတ်လိုက်၏။ “အမူးသမား”