no

Font
Theme

Chapter 64.1

“ခင်ဗျားစိတ်မခုဘူးလား”

ရှန်းယုဟန်က အနည်းငယ် အံ့အားသင့်နေသော်လည်း သူစိတ်ပူတာက လုပ်ငန်းအကြောင်းမဟုတ်ပဲ သူ့လုပ်ငန်းခွင်ဖြစ်သည်။

“ဒါဆို ခင်ဗျားက နှစ်ဖက်လုံးရဲ့ လုပ်ငန်းကိုဦးဆောင်ရမှာလား.. လုပ်ငန်းခွင်​က မတူဘူးမလား?”

“အင်း၊ ဂရုကနည်းနည်းဝေးတယ်။ ကိုယ်ပိုင်ကုမ္ပဏီက ပိုနီးတယ်။” ရှန်ချီဟွမ်းက သူ့ကိုရှင်းပြလိုက်သည်။ “ပြီးတော့ သူတို့က လမ်းကြောင်းမတူဘူး။ အစ်ကိုကြီးရဲ့ အသည်း​ဆဲလ်တွေက တော်တော်လေးရောင်နေတာ၊ သူအရင်ကဆေးသောက်နေပေမယ့် ဆရာဝန်က ဆေးရုံတင်ဖို့ပြောခဲ့တယ်။ ကိုယ့်ရဲ့မရီးက သူ့ကိုအချိန်ပိုမလုပ်ခိုင်းတော့ဘူး။ ဒါကြောင့် သူ့က သူ့ကိုယ်စား ဒီအလုပ်တွေကိုင်တွယ်ဖို့ အပ်ခဲ့တာ။”

“ဒီလိုကိုး” ရှန်းယုဟန်က ခေါင်းငုံ့ထားသည်။ သူ့ခင်ပွန်းက အလုပ်ရှုပ်နေပြီး အခုဆိုရင် ရှန်ချီယွမ်၏အလုပ်ကိုပါ လွှဲယူထားသည်။ သူအဲ့လောက်အလုပ်ရှုပ်နေရင် အနားယူချိန်တောင် ရှိပါ့မလား…. သူက စိတ်ပူပြီးမေးလိုက်သည်။ “ဒါဆို နေ့လည်မှာ ခင်ဗျားနဲ့နေ့လည်စာစားဖို့ ကုမ္ပဏီကိုလာလို့ရသေးလား?”

“အချိန်ဇယားအပေါ်မူတည်တယ်။ နေ့လည်အပြင်သွားစရာမရှိရင်တော့ရတယ်။ ဒါပေမယ့် နောက်လဆို ရှန်ဂရုမှာရှိနေမှာမို့ အချိန်ရရင် မင်းကိုပြောပါ့မယ်။”

“အင်း” ရှန်းယုဟန်က စိတ်သက်သာရာရသွား၏။

နောက်တစ်နေ့မှာ သူတို့နှစ်ယောက်က ရှန်ချီယွမ်ကို သွားရောက်ကြည့်ရှုခဲ့ကြပြီး သူနဲ့ ရှန်ထျန်းဖုန်းက ဆေးရုံတူလို့ အဆင်ပြေသည်။

ရှန်းယုဟန်၏အမြင်တွင် သူ့ယောက်ဖရှန်ချီယွမ်နှင့် သူ့ခင်ပွန်းရှန်ချီဟွမ်းတို့က မတူညီသောလူအမျိုးအစားဖြစ်ပြီး ရှန်ချီယွမ်က တကယ်ကိုတည်ကြည်ပြီး အရယ်အပြုံးမရှိပေ။ သူ့ခင်ပွန်းကတော့ သူ့ပုံစံကြောင့်သာ တည်ကြည်နေပေမယ့် သူနဲ့အတူရှိနေရင် လုံးဝသိက္ခာမဲ့သည်။

အစ်မလတ်ရှန်ချီပိုင်အကြောင်းတော့ မပြောလေနှင့်…. ညီအစ်ကိုသုံးယောက်က ကွာခြားပြီး မတူညီသောပတ်ဝန်းကျင်မှာ ကြီးပြင်းလာရလို့ဖြစ်မည်။ အသက်အရွယ်၊ မတူညီသောအကျင့်စရိုက်နှင့် ကွာခြားသော အတွေ့အကြုံ… သူတို့အားလုံးက မတူညီသော ကိုယ်ရေးကိုယ်သွေးရှိကြသည်။

ရှန်းယုဟန်က အစ်ကိုကြီးရှန်ချီယွင်နှင့် အဆက်အဆံသိပ်မလုပ်ဖူးပေ။ သူတို့ဆက်သွယ်ခဲ့သော အကြိမ်ရေအနည်းငယ်ကလည်း အရေးကြီးကိစ္စကြောင့်ဖြစ်ပြီး သူ့တည်ရှိမှုက အရေးပါသည်။ တခြားအိမ်တော်သုံးအိမ်က လူတွေက ရှန်ချီဟွမ်းကို မလေးစားကြသည်မှာ ရှန်ချီဟွမ်းက ရှန်မိသားစု၏လုပ်ငန်းနဲ့ မပတ်သတ်လို့ဖြစ်သည်။ သို့သော် ရှန်ချီယွမ်ကိုတော့ သူတို့မစော်ကားရဲပေ။ ယနေ့ချိန်မှာ ရှန်ထျန်းဖုန်းအပြင် ရှန်ဂရု၏အာဏာကို ကိုင်ဆောင်ထားသူက ရှန်ချီယွမ်ဖြစ်၏။

ပင်မအိမ်တော်တွင် ရှန်ချီယွမ်က အရေးကြီးသောအခြေအနေမှာ ညီအစ်ကိုမောင်နှမကို အုပ်မိုးပေးမည့် သစ်ပင်ကြီးနှင့်တူပေမယ့် ယခုအခါ သစ်ပင်က ဖျားနေတော့ လက်လွှဲပေးဖို့ လူတစ်ယောက်လိုပြီး ရှန်ချီယွမ်က ရှန်ချီဟွမ်းကိုရွေးခဲ့သည်။

လက်ရှိအချိန်မှာ ရှန်ထျန်းဖုန်းက ခွဲစိတ်မှုတစ်ခု ​ပြူလုပ်တော့မှာဖြစ်၍ အိမ်တော်များစွာက သူ့တို့သားတွေကို အာဏာပေးရန် ရှန်ချီယွမ်ကို တွန်းအားပေးဖို့ အချိန်မရသေးပေ။

ရှန်ချီယွမ်က ရှန်ချီဟွမ်းကို ပိုယုံကြည်ပြီး စွမ်းဆောင်ရည်ဖြစ်စေ တော်စပ်မှုဖြစ်စေ သူက ရှန်ချီဟွမ်းကိုသာယုံပြီး တခြားသူအားလုံးနီးပါးက အသေးအမွှားသာလုပ်နိုင်သည်။

ဒုတိယအိမ်တော်၏ရှန်ချီပိုင်က မူးယစ်ဆေးဝါးထူထောင်ရေးစင်တာကို အပို့ခံခဲ့ရပြီး သူထွက်လာဖို့ အချိန်ယူရပေမည်။ ဒုတိယမဒမ်မှာ သမီးတစ်ယောက်ရှိပြီး ရှန်ဂရု၏ရှယ်ယာကို အခုထိမရသေးတာကြောင့် သူမက အရှုံးပေးမှာမဟုတ်ပေ။ သူမသားနဲ့ယှဥ်ရင် သူမ၏ဒုတိယသမီးက စွမ်းဆောင်ရည်ရှိတယ်လို့ ယူဆလို့ရပြီး ဒုတိယမဒမ်က ရှန်ချီပိုင်ကို မျက်နှာသာမပေးခဲ့ရင် သူမသမီးက တစ်ခုခုကို အောင်မြင်အောင် လုပ်နိုင်ခဲ့လောက်သည်။ ယခုတော့ ရှန်ချီပိုင်ကို ရှန်ချီဟွမ်းက လက်တုံ့ပြန်ခဲ့တာကြောင့် သူမနောက်ဆုတ်ခဲ့ရသည်။

တတိယအိမ်တော်က ရှန်ချီယွင်ကို ထောက်ပံ့ထားပြီး ရှန်ချီယွမ် ဆေးရုံတက်နေသော သတင်းကိုကြားပြီးနောက် တတိယအိမ်တော်က ရှန်ချီယွင်ကို ကူညီရန် ကုမ္ပဏီမှာ လူတွေထပ်ထည့်ခဲ့သည်။

စတုတ္ထအိမ်တော်က ရှန်ထျန်းဖုန်းရှေ့မှာ နေ့တိုင်းပြုစုရပြီး လောလောဆယ် ​ကြီးကြီးမားမား လှုပ်ရှားတာမျိုးမရှိသေးချေ။

အစ်ကိုကြီးက ဆေးရုံတင်ထားရပြီး ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ဆေးရုံသွားမလည်ဖို့ အကြောင်းပြချက်မရှိပေ။ နောက်ဆုံးအကြိမ် ရှန်ချီဟွမ်း ဒဏ်ရာရတုန်းက ရှန်ချီယွမ်က အဝေးကြီးကနေလာပြီး ​နောက်ဆက်တွဲကိစ္စများကို ကူညီပေးခဲ့သည်။ ယခုအခါ တိုက်ခိုက်ခဲ့သည့် ပြစ်မှုကျူးလွန်သူက ထောင်ထဲရောက်သွားပြီး သူ့နောက်ကွယ်က လူကတော့ ရှင်းလင်းနေကာ သဲလွန်စရှာနေဆဲဖြစ်ပေမယ့် တခြားအိမ်တော်သုံးအိမ်က သူတို့၏ပါဝင်ပတ်သက်မှုအတွက် လွတ်မြောက်နိုင်မှာမဟုတ်ပေ။ လက်ရှိမှာ ဒုတိယအိမ်တော်ကသာ လှုပ်ရှားဖို့ အကြောင်းပြချက်ရှိပေမယ့် သူတို့ကိုတော့ အန္တရာယ်မပြုနိုင်ပေ။

ရှန်းယုဟန်က ဤကိစ္စရပ်နှစ်ခုလုံးကို လူတစ်ယောက်တည်းက လုပ်ခဲ့တာလို့ခံစားမိသည်။ တစ်ခုက ကားမတော်တဆမှုဖြစ်ပြီး နောက်တစ်ခုက ဆေးသုံးတာဖြစ်သည်။ သုံးထားသောနည်းလမ်းက ရက်စက်လွန်းပြီး လွတ်မြောက်နိုင်သော အခွင့်အရေးကိုတောင် ချန်မထားခဲ့ပေ။

တစ်နှစ်မပြည့်ခင်မှာ ရှန်းယုဟန်က ဆေးရုံပိုးသတ်ဆေးရနံ့ကို ရိုးသွားခဲ့သည်။ သူနဲ့ရှန်ချီဟွမ်းက သစ်သီးခြင်းတစ်ခြင်း ဝယ်လာခဲ့သည်။

သူတို့ရော​က်သွားတော့ ရှန်ချီယွမ်က VIP Drip ချိတ်ထားရပြီး သူ့သက်လုံစွမ်းရည်က ရှန်းယုဟန် အရင်ကမြင်ဖူးတာထက် ဆိုးနေပြီး သူ့မျက်နှာက ချောင်ကျနေသည်။

မရီးက ရှန်ချီယွမ်အတွက် အသီးခွာပေးပြီး သူမက ရုပ်ရှည်သိပ်မရှိသော်လည်း အတော်လေးတော့လှသည်။ သူမက ပုံမှန်အားဖြင့် တိတ်ဆိတ်နေပြီး စကားပြောရတာလည်း မကြိုက်သဖြင့် သူမက သူတို့ကို နှုတ်ဆက်ပြီးတော့ စကားသိပ်မပြောတော့ချေ။

သူတို့၏သားနှစ်ယောက်က ကျောင်းသွားပြီး ပြန်မလာကြသေးပေ။

ရှန်ချီယွမ််က ရှန်ချီဟွမ်းကို ကုမ္ပဏီကိစ္စနဲ့ပတ်သတ်ပြီး စကားအချို့ပြောကာ သူတို့ကိုပြန်ခိုင်းခဲ့သည်။

လူနာဆောင်မှထွက်လာပြီးတော့ ရှန်းယုဟန်က အတင်းချချင်နေသည်။ “အစ်ကိုကြီးနဲ့ အကြီးဆုံးမရီးက ဘယ်လိုတွေ့ခဲ့တာလဲ?”

ရှန်ချီဟွမ်းက တခစ်ခစ်ရယ်လိုက်သည်။ “အကြီးဆုံးမရီးရဲ့ရုပ်ကို သာမန်လို့ထင်လား?”

ရှန်မိသားစု၏ သာလွန်သောဗီဇကို နေသားကျနေ၍ သူ့မရီး၏အသွင်အပြင်​က တကယ်ကို သာမန်ဆန်သည်။

ရှန်းယုဟန်က ရိုးရိုးသားသား ခေါင်းညိတ်ပြပြီး အတန်ငယ်အံ့အားသင့်နေ၏။

ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ဇာတ်လမ်းကရှည်တယ်”

ရှန်းယုဟန်၏ဆာလောင်မှုက သူ့စကားကြောင့် စိတ်လှုပ်ရှားသွား၏။ “ဒါဆိုလည်း အတိုချုပ်ပြောပြ။”

ရှန်ချီဟွမ်းက ဆိုသည်။ “မဟာမိတ်ဖွဲ့လက်ထပ်ခြင်း၊ ဒါပေမယ့် အစ်ကိုကြီးက စိတ်မဆိုးပါဘူး။ သူက မရီးအပေါ်အရမ်းကောင်းပြီး သူတို့နှစ်ယောက်က အိမ်ထောင်ကျပြီးတော့ အတော်လေး လိုက်လျောညီထွေဖြစ်ကြတယ်။” သူ့အစ်ကိုကြီးက အိမ်ထောင်ရေးကို စိတ်မဝင်စားပဲ အလုပ်ကိုပဲ အာရုံစိုက်တယ်လို့ ပြောလို့ရသည်။

“လက်ထပ်ပြီးမဟာမိတ်ဖွဲ့တာ? သူတို့က လူမှုစီးပွားရေးအဆင့်အတန်းနဲ့ လိုက်ဖက်ညီတာလား?” ရှန်းယုဟန်က စကားလုံးကို စဥ်းစားလိုက်သည်။

“အဲ့လိုမျိုးပါပဲ” ရှန်ချီဟွမ်းက ခဏလောက်စဥ်းစားပြီး သူ့ဇနီး၏ဝေါဟာရက အလွန်ကြော့ရှင်းတယ်လို့ တွေးမိသွားသည်။ “ပြီး​တော့ ဒီနှစ်တွေမှာ သူတို့ရန်သိပ်မဖြစ်ကြဘူး။”

“ကောင်းတာပေါ့” ရှန်းယုဟန်က ပြောလိုက်သည်။ “ယောကျာ်းလည်း ကျွန်တော်နဲ့အမြဲနေသင့်တယ်။”

ရှန်ချီဟွမ်းက သူ့ကို စိုက်​​ကြည့်နေသည်။

ရှန်းယုဟန်က သူဘာလို့ ရုတ်ချည်းစကားပြောရပ်သွားလဲ နားမလည်ပေ။ “ယောကျာ်း?”

ရှန်ချီဟွမ်းက သက်ပြင်းချကာ ပြောလိုက်သည်။ “မင်းအိုမင်းပြီး မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပေါ်လာရင် ငါက…..”

ရှန်းယုဟန်က နှုတ်ခမ်းကိုဖိကာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ? ကျွန်တော့်ကို သဘောမကျတော့ဘူးလား?”

“မသိဘူးလေ” ရှန်ချီဟွမ်းက ပြုံးပြီး ရှေ့ဆက်လျှောက်သွား၏။

ရှန်းယုဟန်က သူ့ခင်ပွန်းနောက်ပြောင်နေတာကို သိသဖြင့် သူက နေရာမှာတင်ရပ်လိုက်သည်။

ခြေလှမ်းအနည်းငယ်လျှောက်ပြီးတော့ ရှန်ချီဟွမ်းက ရှန်းယုဟန် လိုက်မမှီတာကို တွေ့လိုက်ရပြီး သူလှည့်ကြည့်တော့ သူက နေရာမှာတင်ရပ်နေပြီး သူ့မျက်လုံးများက နီရဲစပြုလာသည်။

ရှန်ချီဟွမ်းက စိတ်မကောင်းဖြစ်သွားပြီး ရှန်းယုဟန်၏လက်ကို ချက်ချင်းပြေးကိုင်လိုက်ပေမယ့် ရှန်းယုဟန်က သူ့လက်ကိုခါထုတ်လိုက်ပြီး ကိုင်ခွင့်မပေးတော့ပေ။

ရှန်ချီဟွမ်းက ကမန်းကတန်းရှင်းပြလိုက်သည်။ “မသိဘူးဆိုတာ မင်းထက်အရင်ထွက်သွားရမလားဆိုတာကို မသိဘူးပြောတာပါ၊ ငါလည်း အသက်ကြီးလာမှာလေ”

ရှန်းယုဟန်က သူ့ကိုလျစ်လျူရှုလိုက်သည်။

ရှန်ချီဟွမ်းက သူ့လက်ကိုဆွဲထားရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။ “ရှန်းယုဟန်”

ရှန်းယုဟန်က စကားမပြောတော့ပေ။ သူက စိတ်ဆိုးနေလို့မဟုတ်ပဲ ကူကယ်ရာမဲ့ဝမ်းနည်းနေလို့ပင်။

မျက်ရည်တွေကိုထိန်းချုပ်ပြီးနောက် သူက တီးတိုးပြောခဲ့၏။ “ဒါပေမယ့် ခင်ဗျားကျွန်တော့်ထက် အရင်ထွက်သွားလို့မရဘူးလေ၊ ကျွန်တော်တစ်ယောက်တည်းကျန်ခဲ့မှာပေါ့”

ရှန်ချီဟွမ်းက သူ့နှလုံးသားကို နောက်တစ်ကြိမ် ထိုးမိလိုက်မှန်းသိသည်။ “ဒါဆို မင်းထက် အကြာကြီးနေနိုင်အောင် ကြိုးစားပါ့မယ်။ တစ်က္ကန့်လောက်ပဲဖြစ်ဖြစ်။”

ရှန်းယုဟန်၏စိတ်တည်ငြိမ်သွားတော့ သူတို့နှစ်ယောက်က ရှန်ထျန်းဖုန်းကို သွားတွေ့ခဲ့ကြသည်။

ထိုအချိန်တွင် ရှန်ထျန်းဖုန်းက စိတ်ကောင်းဝင်နေပြီး စတုတ္ထမဒမ်နှင့် စကားပြောကာ ရယ်မောနေပြီး သူ့သမီးငယ်လေးနှင့် စာဖတ်နေသည်မှာ မနက်ဖြန် ခွဲစိတ်ခန်းဝင်ရတော့မယ့်လူနှင့် လုံးဝမတူပေ။

စတုတ္တမဒမ်က သူတို့လာတာကိုတွေ့တော့ သူမသမီးလေးကို အပြင်ခေါ်သွားပြီး နာနီကိုပေးကာ သူတို့သုံးယောက်ကို စကားပြောခိုင်းလိုက်သည်။

ရှန်းယုဟန်က စိတ်မကြည်သဖြင့် စကားသိပ်မပြောပေ။ ရှန်ထျန်းဖုန်းက ပါးနပ်တဲ့လူဖြစ်တာကြောင့် ချက်ချင်းရိပ်မိသွားခဲ့သည်။

ရှန်ထျန်းဖုန်းကဆိုသည်။ “ယုဟန်၊ ရှန်ချီဟွမ်း မင်းကိုအနိုင်ကျင့်လို့လား?”

ရှန်းယုဟန်က ရေရွတ်သည်။ “မဟုတ်ပါဘူး။”

ရှန်ထျန်းဖုန်းကရယ်သည်။ “မဟုတ်ဘူးပြောပြီး မင်းမျက်နှာပေါ်မှာ မြင်နေရတယ်ကွ”

ရှန်းယုဟန်က သူ့မျက်နှာကိုထိကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “အွန်း.. ရှန်ချီဟွမ်း အနိုင်ကျင့်တယ်။”

ရှန်ချီဟွမ်း: “....” သူချော့ပြီးပြီမဟုတ်ဘူးလား?

ရှန်ထျန်းဖုန်းက အကြံတစ်ခုရသွားသည်။ “ဒါဆို သူ့ကိုအပြစ်ပေးဖို့ ကူညီပေးမယ်။ နောက်လကစပြီး ကုမ္ပဏီမှာ အချိန်ပိုဆင်းခိုင်းမယ်။”

“မဖြစ်ဘူ..မဖြစ်ဘူး” ရှန်းယုဟန်က ကမန်းကတန်းခေါင်းခါသည်။ “ကျွန်တော် အိမ်မှာလန့်နေလိမ့်မယ်။”

ရှန်ချီဟွမ်းက သူ့ဇနီးအတွက် ပြောပေးခဲ့သည်။ “အဖေ၊ သူ့ကိုမစနဲ့၊ တကယ်ထင်သွားလိမ့်မယ်။”

ရှန်ထျန်းဖုန်းက ရယ်မောကာ ​ပြောလိုက်သည်။ “တကယ်လား? ယုဟန်က အဲ့ဒါကို တကယ်အတည်ယူတယ်ပေါ့”

ရှန်းယုဟန်က သက်ပြင်းချလိုက်သည်။ “မဟုတ်ဘူးလား?”

“ငါနောက်နေတာပါ၊ သူ့ကိုအိမ်မပြန်ခိုင်းလို့ ဘယ်ရမလဲ” သူတို့နှစ်ယောက်ကြားက အိမ်ထောင်ရေးက သူ့စိတ်ကူးမို့ ပြိုကွဲအောင်လုပ်ဖို့ နည်းလမ်းမရှိပေ။ အခုချိန်မှာ သူက ဂုဏ်ယူမိသည်။

အခန်းထဲမှာရှန်းယုဟန်ရှိနေတော့ လူနာဆောင်မှာရယ်မောသံပြည့်နေသည်။ ခဏလောက်စကားပြောပြီးတော့ ရှန်ထျန်းဖုန်းက သူတို့ကိုပြန်လွှတ်လိုက်ပြီး သူတို့နှစ်ယောက်က အကြာကြီးမနေခဲ့ပေ။

သူတို့နှစ်ယောက်ထွက်လာတော့ စတုတ္ထမဒမ်က ကလေးချီထားပြီး ရှန်ချီဟွမ်းကို အဓိပ္ပါယ်တစ်မျိုးဖြင့် ပြုံးပြခဲ့သည်။

သူတို့နှစ်ယောက် အဝေးရောက်သွားမှ သူမက ထေ့ငေါ့ရေရွတ်လိုက်သည်။ “အတင်းအကျပ်လက်ထပ်ခိုင်းခဲ့လို့ အတူရှိနေတဲ့နှစ်ယောက်က ဘယ်လောက်ထိမြဲမှာမို့လဲ? ကျစ်……သနားစရာပဲ”

&&&&&&&&&&&&

Chapter 64.2

“ခင်ဗျားစိတ်မခုဘူးလား”

ရှန်ထျန်းဖုန်း၏ခွဲစိတ်မှုသတင်းကို တစ်ယောက်ယောက်က ပေါက်ကြားအောင်လုပ်ခဲ့သည်။

ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းတို့ နောက်နေ့မနက်မှာ စောစောပြန်လာသောအခါ ဆေးရုံဝင်ပေါက်က သတင်းထောက်များနှင့် ပြည့်နေခဲ့သည်။

သူတို့က ရှန်ချီဟွမ်း၏ကားကိုတားပြီး ပြတင်းပေါက်ကိုပုတ်ကာ မေးခွန်းဆက်တိုက်မေးနေခဲ့သည်။

“မစ္စတာရှန်ချီဟွမ်း! ဒီနေ့ခင်ဗျားအဖေခွဲစိတ်ရမှာမို့ ဆေးရုံကိုလာခဲ့တာလား?”

“ခင်ဗျားက ရှန်ဂရုကို လက်လွှဲယူတော့မှာလား?”

“ရှန်ချီပိုင်ကို မူးယစ်ဆေးဝါးထူထောင်ရေးစင်တာကို ပို့ထားတာ တကယ်လား?”

“ခင်ဗျားချစ်သူရဲ့ ပန်းချီကားကို ယွမ်တစ်သန်းနဲ့ရောင်းခဲ့တယ်ဆိုတာ အမှန်လား?”

ကံကောင်းတာက ရှန်ချီဟွမ်းက ပြင်ဆင်လာခဲ့၍ ဘောဒီဂတ်များက သူတို့ကိုမောင်းထုတ်ရန် ဆေးရုံလုံခြုံရေးကို ကူညီပေးခဲ့သည်။ ထိုမှသာ ဆေးရုံမှလူနာများကို အနှောင့်အယှက်မဖြစ်စေတော့မှာဖြစ်သည်။

သတင်းထောက်များ၏မေးခွန်းကတော့ ရှန်ချီဟွမ်းက မဖြေချင်ပေ။ တစ်ယောက်ယောက်က ဦးဆောင်နေတာသိသာသည်။

ကားပေါ်ကဆင်းပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို တိုးတိုးလေးပြောလိုက်သည်။ “သူတို့ဘာတွေထပ်ရေးဦးမလဲမသိဘူး။”

ရှန်းယုဟန်က နားမလည်နိုင်ဖြစ်သွားသည်။ “သူတို့က အာဏာရှိတာလား၊ ခင်ဗျားအဖေခွဲစိတ်မှာကို သူတို့ဘယ်လိုသိတာလဲ?”

“မေးခွန်းကောင်းပဲ” ရှန်ချီဟွမ်းက သူပြောတာကို လက်ခံလိုက်၏။ “သူတို့က စောလည်းမစောသလို နောက်လည်းနောက်မကျဘူး။ ဒီနေ့မှရောက်လာတာ၊ တစ်​ယောက်​ယောက်က သတင်းဖွခဲ့တာပဲ။”

“ယောကျာ်းက ဘယ်လိုကိုင်တွယ်ဖို့ စီစဥ်ထားလဲ?” ရှန်းယုဟန်က တည်ငြိမ်စွာမေးလိုက်သည်။ ယင်းက သူနဲ့သူ့ခင်ပွန်း၏ကိစ္စနဲ့ မဆိုင်သဖြင့် သူ​က ဘေးရပ်ကြည့်နေသူသာဖြစ်သည်။

“ငါ့အဖေက ငါထမင်းစားခဲ့တဲ့ အကြိမ်အရေအတွက်ထက် ဒီလိုသတင်းတွေမှာ ပါခဲ့ဖူးတယ်။ သူက ဒီတစ်ခုလောက်ကို ဂရုမစိုက်ဘူး။ ငါတို့လည်း သူ့အတွက် ဂရုစိုက်စရာမလိုဘူး။” ရှန်ချီဟွမ်းက ထိုကိစ္စကို ဂရုမစိုက်ချင်ပေမယ့် လျစ်လျူရှုလို့မရပေ။ လက်ရှိမှာ ရှန်ဂရု၏ထိပ်တန်းခေါင်းဆောင်နှစ်ယောက်က ဆေးရုံတက်နေရသည်။ သူက ရှန်ထျန်းဖုန်းကိုမစိုးရိမ်ပေမယ့် တခြားသူများက သူ့အစ်ကိုကြီး၏ကျန်းမာရေးကိစ္စကို ဖော်ထုတ်လိုက်မှာကြောက်သည်။ နံရံက ရေစိမ့်မဝင်နိုင်ပေမယ့် ရှန်အိမ်တော်၏နံရံကတော့ အမြဲပေါက်နေခဲ့သည်။

သူတို့ရောက်လာတော့ အိမ်တော်သုံးအိမ်က လူတွေလည်းရှိနေပေမယ့် ပင်မအိမ်တော်က လာခဲ့သူမှာ ရှန်ချီဟွမ်းနှင့် ရှန်ချီရှင်းသာဖြစ်သည်။ ရှန်ချီချင်းကြည့်ရတာ မအိပ်ရသေးပုံပေါက်နေပြီး လက်ထဲမှာ ဆန်းဝှစ် (အသားညှပ်ပေါင်မုန့်)ကိုကိုင်ထားသည်။

သူတို့ရောက်ရှိလာမှုက လူတိုင်း၏အာရုံကို ဆွဲဆောင်ခဲ့ပြီး ရှန်ချီရှင်းက စိုးရိမ်လွန်းတာကြောင့် အစာစားနေရင်း သီးမလိုဖြစ်သွားခဲ့သည်။

“တတိယအစ်ကို၊ တတိယမရီး၊ ဝင်ပေါက်မှာ သတင်းထောက်တွေကို တွေ့ခဲ့လား?”

ရှန်းယုဟန်က ရှန်ချီဟွမ်းအစား ခေါင်းညိတ်ပြကာ သူ့မေးခွန်းကိုဖြေလိုက်သည်။ “အင်း၊ မင်းဖြေး​​ဖြေးစားဦး”

ဆန်းဝှစ်ကိုမျိုချလိုက်သော ရှန်ချီရှင်းက ရှင်းမပြနိုင်လောက်အောက် စိတ်လှုပ်ရှားသွားသည်။ ရောက်လာတာနဲ့ သူ့ကိုဂရုစိုက်တာ သူ့တတိယမရီးပဲရှိ၏။

ရှန်ချီယွမ်က ဤနေရာမှာမရှိတာကြောင့် ရှန်ချီဟွမ်းက သူ့အစား ရှန်ထျန်းဖုန်းအတွက် လက်မှတ်ထိုးပေးရမှာဖြစ်ပြီး သူရောက်လာတာနဲ့ ဒေါက်တာက လက်မှတ်ထိုးခိုင်းခဲ့သည်။

လက်မှတ်ထိုးပြီးနောက် ရှန်ထျန်းဖုန်းကို ​ခေါ်သွားကြပြီး မိသားစုဝင်များက သူ့ကိုတွေ့လို့မရပေ။

အိမ်တော်တိုင်းက ခွဲစိတ်ခန်းအပြင်မှာ ရပ်နေခဲ့ပြီး တစ်အိမ်နဲ့ တစ်အိမ်လျစ်လျူရှုထားကြသည်။

ရှန်ထျန်းဖုန်း၏ခွဲစိတ်မှုက ချောချောမွေ့မွေ့ပြီးသွားပေမယ့် အထွေထွေကုသဆောင်ကို မပြောင်းခင် ICU အခန်းထဲမှာ တစ်ရက်နှစ်ရက်နေရပေမည်။ ထိုကာလအတွင်း သူ့ဆီသွားလည်လို့မရတာကြောင့် လူတိုင်းကလာပြီး ပြန်သွားကြသည်။

ရှန်ချီဟွမ်းက အပြင်ကကော်ရီဒါမှ ဖုန်းဖြေနေစဥ် ဒုတိယမဒမ်က ရှန်းယုဟန်အနားကဖြတ်သွားပြီး မထေ့ငေါ့တော့ပဲ ပါးနပ်သောအပြုံးတစ်ခုကို ပေးလာသည်။

သူမက ရှန်းယုဟန်ကို တမင်တကာမေးလိုက်သည်။ “မင်းကတကယ်ရှန်းယုဟန်လား?”

ရှန်းယုဟန်က ကုတ်အင်္ကျီအိတ်ကပ်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ဒုတိယမဒမ်ကို တည်တည်ငြိမ်ငြိမ်ကြည့်ကာ ဘာမှမပြော​ပေ။

ဘေးမှာရပ်နေသောရှန်ချီရှင်းက သေချာမကြားရပေမယ့် ဒုတိယမဒမ် စကားကောင်းပြောနေတာ မဟုတ်မှန်းတော့သိသည်။

ရှန်ချီရှင်းက သူတို့ဆီသွားကာ ပြောလိုက်သည်။ “ဒုတိယဒေါ်လေး၊ ​ကျွန်တော်ကြားလို့မရတဲ့စကားမဟုတ်ရင် ကျွန်တော့်ကိုလည်းပြောပါ။”

ဒုတိယမဒမ်က သူ့အခေါ်အဝေါ်ကြောင့် ဒေါသထွက်လုနီးပါးဖြစ်သွားပေမယ့် သူက ဒီနေ့ ရှန်ချီရှင်းကြောင့် စိတ်အနှောင့်အယှက်မဖြစ်ချင်၍ လှည့်ထွက်သွားခဲ့သည်။

သူမမှာ အခုထိ သက်သေမရှိသေးပေမယ့် အနှေးနဲ့အမြန် သူ့ကိုဖမ်းမိမှာပင်။

ရှန်ချီရှင်းက ရှန်းယုဟန်ကိုမေးလိုက်သည်။ “အဲ့ဒီစကားများတဲ့မိန်းမက ဘာပြောသွားတာလဲ?”

ရှန်းယုဟန်က ခေါင်းခါလိုက်သည်။ “ဘာမှမဟုတ်ပါဘူး။” ဒုတိယမဒမ်၏ ရုတ်တရက်မေးခွန်းက သူ့ကို ထိတ်လန့်စေပေမယ့် လက်ရှိ သူက မူလရှန်းယုဟန်မဟုတ်တာကို သူမပြောသရွေ့ ဘယ်သူမှသိမှာမဟုတ်ပေ။

သို့သော် သူ့ခင်ပွန်းက သူ့ကို တစ်ခါမှသံသယမဝင်ဖူးတာကို ဒုတိယမဒမ်က ဘာလို့သံသယဝင်နေတာလဲ? သူက အဖြေအမြန်ရလိုက်ပြီး သူနဲ့ မူလရှန်းယုဟန်က မတူညီသော အကျင့်စရိုက်ရှိတာကြောင့် သူက ပစ်မှတ်ထားခံရတာဖြစ်မည်။

ဤပုန်းကွယ်နေသောအန္တရာယ်ကို ရှောင်ရှားဖို့ မူလရှန်းယုဟန်ကို သေချာနားလည်ဖို့ လိုအပ်ပုံပင်။

ရှန်ချီဟွမ်းပြန်လာတော့ ကြမ်းပြင်ကိုငေးနေသော သူ့ဇနီးကိုတွေ့လိုက်ရပြီး သူဘာတွေတွေးနေလဲမသိပေ။

သူက သူ့မျက်နှာကို လက်ဖြင့် ဆွဲဖဲ့လိုက်သည်။ “ဘာတွေတွေးနေတာလဲ?”

ရှန်းယုဟန်၏မျက်လုံးများက သူ့ကိုမြင်သောအခါ တောက်ပလာသည်။ “ခင်ဗျားကိုစောင့်နေတာ”

မနီးမဝေးမှာ ရှန်ချီယွင်က ဒီဘက်ကို တချိန်လုံးကြည့်နေပြီး တတိယမဒမ်က သူ့ကိုခေါ်မသွားခင်အထိ သူ့မျက်လုံးထဲမှာ အဆုံးမဲ့နောင်တတွေရှိနေခဲ့သည်။

နောက်တစ်နေ့မှာ ရှန်ချီဟွမ်းက ရှန်ချီယွမ်၏နေရာကိုဖြည့်ဖို့ ရှန်ဂရုကိုသွားခဲ့သည်။

ရှန်းယုဟန်က သူ့ခင်ပွန်းကို အပြင်လိုက်ပို့ပြီး မူလရှန်းယုဟန်၏ တိုက်ခန်းနှစ်ခန်းသော့ကိုယူကာ အပြင်ထွက်သွားခဲ့သည်။

သူသွားခဲ့သော ပထမဆုံးနေရာက မူလရှန်းယုဟန်နေသော တိုက်ခန်းဖြစ်ပြီး တိုက်ခန်းနှစ်ခန်းလုံးက ရောင်းချခဲ့ပေမယ့် ဝယ်သူမသုံးခင် လအနည်းငယ်အကြာမှာ ရှန်ချီဟွမ်းက ပြန်ဝယ်ခဲ့သည်။

သူ့ကိုယ်ပိုင်ပစ္စည်းတွေ ဒီမှာရှိနေသေးလား တွေးနေမိသည်။ သူ့ခင်ပွန်းက သော့ရပြီးတော့ လာစစ်ဆေးခဲ့သေးတာလား?”

ကံကောင်းစွာပင် ဝယ်သူက သော့ပြန်ပေးသည့်အခါ အဆောက်အဦးနံပါတ်ကို မဖျက်ခဲ့တာကြောင့် ရှန်းယုဟန်က အပေါ်ထပ်ကို ချောချောမွေ့မွေ့ တက်သွားခဲ့သည်။

သူနဲ့ရှန်ချီဟွမ်းက ဗီလာမှာနေပြီး တိုက်ခန်းမှာမနေဖူးပေ။ ဒါကြောင့် ရှန်းယုဟန်က အပေါ်ထပ်တက်နေစဥ် စိမ်းသလိုခံစားခဲ့ရသည်။

တိုက်ခန်း၏တူညီသောအလွှာမှာ နေထိုင်သူတစ်ဦးမှမရှိသဖြင့် ရှန်းယုဟန်က ကိုက်ညီသောအိမ်နံပါတ်ကိုရှာရန် အချိန်အတော်ကြာ လှည့်ပတ်ခဲ့ရသည်။

ယခုချိန်မှာ ဘယ်သူမှမရှိပေမယ့် သူက အနည်းငယ် မသက်မသာခံစားရသည်။

သူက တံခါးကိုတွန်းဖွင့်လိုက်တော့ ဖုန့်မှုန့်များက သူ့ကိုနှုတ်ဆက်လာသည်။

ရှန်းယုဟန်က သူ့နှာခေါင်းကိုအုပ်ကာ အိမ်ထဲဝင်လိုက်​ပြီး ဤနေရာက လူမနေတာ အတော်ကြာခဲ့ပုံရသည်။

ပထမဆုံးခံစားချက်ကတော့ တိုက်ခန်းက သေးပြီး ကျဥ်းသည်။

ရှေးခတ်မှာဖြစ်စေ ခေတ်သစ်မှာဖြစ်စေ ရှန်းယုဟန်က ဗီလာစံအိမ်မှာနေပြီး ရှန်အိမ်တော်ကို သွားရာမှာလည်း သူ့မျက်လုံးကိုဖမ်းစားနိုင်သောအရာမရှိခဲ့ပေ။ သူက ဒီလိုအိမ်လေးကို မရောက်ဖူးတာကြောင့် အတော်သေးတယ်လို့တွေးမိသွားပြီး မူလရှန်းယုဟန်နေခဲ့သော နေရာက ဒီလောက်ကျဥ်းမယ်လို့ မထင်ထားခဲ့ပေ။

အိမ်က မူလအသွင်အပြင်အတိုင်းရှိပြီး ဆိုဖာ၊ စားပွဲ၊ ကုလားထိုင်၊ တီဗီအပါအဝင် ရေခဲသေတ္တာနှင့် တခြားသောအီလက်ထရွန်ပစ္စည်းများရှိ၏။

ဤသည်မှာ ရှန်းယုဟန်မြင်ချင်သောအရာမဟုတ်သဖြင့် သူက ဧည့်ခန်းကိုလှည့်ပတ်ကြည့်လိုက်​ပေမယ့် မူလရှန်းယုဟန် ချန်ခဲ့သော ပစ္စည်းတစ်ခုမှမတွေ့ခဲ့ပေ။ ထို့​နောက် သူက အခန်းတစ်ခန်းစီကို လည်ပတ်ပြီး အရင်က ဝယ်သူ ဘာမှမရှင်းထားဖို့ မျှော်လင့်နေသည်။

အခန်းနှစ်ခန်း၊ အိပ်ခန်းကျယ်တစ်ခန်းနှင့် အိပ်ခန်းအပိုတစ်ခန်းသာရှိသည်။

ရှန်းယုဟန်က အရှေ့တောင်အခန်းကိုဝင်သွားတော့ ဒက်စတော့ကွန်ပျူတာတစ်လုံးရှိနေသည်။ ရှန်းယုဟန်က ဘယ်လိုသုံးရမလဲမသိပေမယ့် ဤပစ္စည်းက အရမ်းအရေးပါတာကိုသိပြီး သူ့ခင်ပွန်း၏ရုံးခန်းထဲမှာ တစ်လုံးရှိပြီး ဤတစ်လုံးထက်ကြီးသည်။

ကွန်ပျူတာအပြင် စာအုပ်တချို့လည်းရှိပြီး အားလုံးက တက္ကသိုလ်စာအုပ်များဖြစ်၍ ရှန်းယုဟန်က နားမလည်နိုင်ပေ။

ကုတင်တစ်လုံး၊ ဗီရိုတစ်ခု၊ စားပွဲတစ်လုံးနှင့် ဆိုဖာသေးတစ်ခု…..ဧည့်ခန်းနဲ့ယှဥ်ရင် ဤနေရာက ရှုပ်ပွနေသည်။ အပြင်ဘက်က သန့်ရှင်းထားပုံရပေမယ့် ဤနေရာကရှုပ်ပွနေတာကြောင့် မူလရှန်းယုဟန်အိပ်သော နေရာဖြစ်နိုင်သည်။

ကုတင်ဘေးစားပွဲမှာ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုရှိပြီး စုံတွဲတစ်တွဲနဲ့ ကလေးတစ်ယောက်ပုံဖြစ်ကာ ယင်းမှာ မူလရှန်းယုဟန်နှင့် မိဘများဖြစ်ပေမည်။

ရှန်းယုဟန်က ပိုင်ဆိုင်မှုတွေကို ရောင်းတုန်းက ဒီလိုအရေးကြီးပစ္စည်းတွေကို ဘာလို့မယူသွားတာလဲ? ဝယ်သူက ဒီပစ္စည်းတွေထုပ်ပိုးဖို့ အချိန်မပေးတာလည်း မဟုတ်ဘူးလေ။

မူလရှန်းယုဟန်က ဒီပစ္စည်းတွေကို ဂရုမစိုက်တာလည်းဖြစ်နိုင်သည်။ ဒါမှမဟုတ် မူလရှန်းယုဟန်က ထွက်သွားဖို့ဆုံးဖြတ်ပြီး အတိတ်မှာ နစ်မွှန်းမနေချင်တော့တာလား၊ အတိတ်ကဝမ်းနည်းစရာတွေကို ရင်မဆိုင်ချင်တာလား၊ ဒါကြောင့်သူက မလိုချင်တဲ့ပစ္စည်းတွေကို ထားခဲ့တာလား?

ရှန်းယုဟန်က ဗီရိုကိုဖွင့်ပြီး သူယခုဝတ်ထားတာနှင့် ကွာခြားသောအဝတ်အစားများကို တွေ့လိုက်ရသည်။ ဘောင်းဘီရှည်များက သေးပြီးစုတ်ပြဲနေကာ အဝတ်အစားများက ဦးခေါင်းခွံ ဒါမှမဟုတ် နှုတ်ခမ်းနီ စသဖြင့် ထူးဆန်းသောဒီဇိုင်းဖြင့် ထုတ်ထားပြီး ရှန်းယုဟန်က သဘောမကျသလို သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်ကိုပင် လန့်သွားစေခဲ့သည်။

မူလရှန်းယုဟန်ချန်ထားခဲ့သော ဖိနပ်များကိုလည်း တွေ့လိုက်ရသည့်အပြင် ထိုဖိနပ်များက အရောင်အသွေးစုံလင်ပြီး လက်သည်းပုံနှင့် စီခြယ်ထားသည်။ ရှန်းယုဟန်က ဤဖိနပ်များမှာ လုပ်ကြံဖန်တီးသူများ၏ လက်ရာတစ်ခုလို့တွေးကာ ချီတိုင်းပြည်၏ လုပ်ကြံသတ်ဖြတ်သူများမှာလည်း ဤဖိနပ်ပုံစံမျိုးရှိ၏။

သူ ဤအဝတ်အစားမျိုး ဝတ်နေတာကို တွေးကြည့်လို့ပင်မရပေ။ သူက စဥ်းစားလိုက်ရုံနဲ့ အသက်ရှူကြပ်လာပြီး ရေထဲကျပြီးနောက် သူဝတ်ထားသော နားကပ်လေးငါးရံကို တွေးမိသွားကာ သူ့ကို ဒုတိယမဒမ် သံသယဝင်နေတာကို မအံ့သြတော့ပေ။

မာစတာအိပ်ခန်းက အဝတ်အစားနှင့် အသုံးအဆောင်အတွက်သာ ဖြစ်ပြီး ကျန်ပစ္စည်းများမရှိတော့ချေ။

ရှန်းယုဟန်က နောက်ဆုံးမှာ ကွန်ပျူတာကိုကြည့်လိုက်၏။ သူဘယ်လိုသုံးရမလဲသင်ယူရမည်။

သံသယကိုရှောင်လွှဲဖို့ အကောင်းဆုံးနည်းလမ်းက မူလရှန်းယုဟန်နှင့်တူသော စရိုက်လက္ခဏာကိုရှာဖို့ဖြစ်သည်။

နောက်အပတ်မှာ ရှန်ချီဟွမ်းက နေ့တိုင်းအလုပ်ရှုပ်နေပြီး အိမ်မှစောစောထွက်ကာ နောက်ကျမှပြန်လာသည်။ သူမသိသည်မှာ သူ့ဇနီးက သူ့လိုပင် အိမ်ကစောစောထွက်ကာ နောက်ကျမှပြန်လာပြီး မူလရှန်းယုဟန်၏တိုက်ခန်းကို နေ့တိုင်းပြေးလေ့ရှိသည်။

တယ်လီကွန်းကို Broadband အခကြေးပေးချေဖို့ သုံးရက်ကြာခဲ့ပြီး သူက ကွန်ပျူတာလေ့ကျင့်ခန်းကို ဒေါင်းလုဒ်ဆွဲကာ ကွန်ပျူတာဖွင့်ဖို့သင်ယူလိုက်သည်။ ထို့နောက် ဆော့ဖ်ဝဲပေါ်မှာ ကလစ်ထောက်ကာ သူက စာရိုက်တာမတော်ပေမယ့် လောလောဆယ်တော့ mouse သုံးလို့ရနေသရွေ့ စာရိုက်ဖို့မလိုပေ။

သူက မူလရှန်းယုဟန်၏ ကွန်ပျူတာကိုဖွင့်ပြီး ပါဝင်ဖွင့်ပက်စဝေါ့မလိုသဖြင့် တိုက်ရိုက်လော့အင်ဝင်လိုက်ပြီး သူ့ဝီချက်၊ QQနှင့် ဂိမ်းသံဆော့ဖ်ဝဲများကို အလိုအလျောက် ဒေါင်းလုဒ်လုပ်ခဲ့သည်။

ရူးလောက်စရာအချက်အလက်များက ရှန်းယုဟန်၏ရှေ့ကို​ ရောက်လာခဲ့သည်။

ကောင်းကင်ဘုံက ဇွဲရှိသူကို ကူညီပေးသည်။

သူက မူလရှန်းယုဟန်၏ ဝီချက် Chat History (စကားပြောမှတ်တမ်း)ကို စစ်ဆေးဖို့ အချိန်လေးရက်ယူခဲ့ရပြီး သူစကား​ပြောသောပုံစံက သူနဲ့မတူတာကို တွေ့ခဲ့ရသည်။

ဒီတော့ ဒီလိုပေါ့…. သူက သူ့ချို့ယွင်းချက်အတွက် အကြောင်းပြချက်ကို ရှာတွေ့ခဲ့ပြီ!

တစ်ပတ်ကမြန်မြန်ကုန်သွားပြီး ထိုကာလအတွင်း ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ဆေးရုံကမဆင်းသေးသော ရှန်ထျန်းဖုန်းကို သွားကြည့်ခဲ့သည်။ ပထမဆုံးအကြိမ် ခွဲစိတ်မှုရလဒ်ကကောင်းပြီး ကင်ဆာဆဲလ် ပွားမလာသရွေ့ ပြဿနာကြီးကြီးမားမားမရှိပေ။

သို့သော် အချိန်တိုအတွင်း ရှန်ဂရုမှာ အလုပ်ပြန်လုပ်နိုင်ဖို့က ရှန်ထျန်းဖုန်းအတွက်ခက်ခဲသည်။ ခွဲစိတ်မှုအပြီးမှာ သူ့အားအင်ကလည်း ယိုယွင်းပြိုလဲသွားကာ အသက်ကြီးလာလို့လည်းဖြစ်နိုင်သည်။

သူက နေ့တိုင်း ဇနီးများ၏ ဝန်းရံခံထားရပြီး ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က အလာနည်းသွားသည်။

တနင်္ဂနွေမှာ ရှန်ချီဟွမ်းက အချိန်တချို့ရခဲ့ပြီး သူက ရှန်းယုဟန်ကို လမ်းလျှောက်ရန် ဆေးရုံကိုခေါ်သွားခဲ့သည်။

ရှန်ချီဟွမ်းက သူ့ဇနီးကို တစ်ပတ်အထိ သေချာမကြည့်ခဲ့ရ၍ ဒီနေ့မှာ ထူးထူးဆန်းဆန်း ဝတ်ဆင်ထားတာကို သိလိုက်ရသည်။

သူက လင်းထိန်နေသော အစိမ်းရောင် Boots ကိုဝတ်ထားပြီး ဆောင်းအလယ်မှာ ဂျင်းဘောင်းဘီရှည်အပွနှင့် ဘောင်းဘီတိုက ခါးမှမြင်နေရသည်။ နားရွက်မှာ နားကပ်လေးငါးခုလောက် တပ်ထားပြီး ယင်းမှာ အရမ်းလေးမယ့်ပုံဖြစ်၍ ရှန်ချီဟွမ်းက နာကျင်မှုကို ခံစားမိလာလို့ မမေးပဲမနေနိုင်တော့ပေ။

ရှန်ချီဟွမ်းက သူ့မျက်လုံးထဲက နာကျင်မှုကို သည်းခံကာ သူ့ကိုမေးလိုက်သည်။ “ရှန်းယုဟန်၊ မင်းဒီအဝတ်အစားလဲလိုက်ပါလား?” သူက သူ့ဗီရိုထဲမှာ ဒီလိုထူးဆန်းသော အဝတ်အစားမရှိတာကို မှတ်မိသည်။ သူကဒါတွေကိုဘယ်ကရလာတာလဲ?

ရှန်းယုဟန်က မှန်ရှေ့မှာ တစ်ပတ်လှည့်ကာ မေးလိုက်သည်။ “ထူးဆန်းနေလို့လား?”

ရှန်ချီဟွမ်းက အလေးအနက်မေးလိုက်သည်။ “ထူးဆန်းတယ်။ မင်းပုံမှန်ဆိုဒီလိုမဝတ်ပါဘူး။ လိမ္မာစမ်းပါ၊ လဲလိုက်နော်…. မလဲရင် ကိုယ်တိုင်ချွတ်ပေးလိုက်မှာ”

ရှန်းယုဟန်က သူ့ခင်ပွန်းကို ရုတ်တရက် မျက်လုံးထောင့်ကနေကြည့်ကာ အထင်အမြင်သေးသော အမူအရာဖြင့် မေးလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်က ဒီလိုပုံစံပဲဆိုရင်ရော?”

ရှန်ချီဟွမ်းက သူ့နဖူးကိုရိုက်လိုက်သည်။ “အဲ့လိိုထူးဆန်းတဲ့အမူအရာမလုပ်နဲ့၊ မင်းဘယ်ကသင်လာတာလဲ” သူပြောပြီးသည်နှင့် ရှန်းယုဟန်ကို ကူချွတ်ပေးလိုက်၏။

ရှန်းယုဟန်က ထိုကဲ့သို့ အမူအရာမျိုးမလုပ်ဖူးသဖြင့် ရုတ်တရက်ရှက်သွား​ကာ အဝတ်အစားလဲဖို့ ရေချိုးခန်းထဲကို​ပြေးသွားခဲ့သည်။

သူက မူလရှန်းယုဟန်၏ဗီရိုထဲက ဒီတစ်စုံကို ယူလာခဲ့တာဖြစ်သည်။ တကယ်တော့ သူဝတ်ထားပြီး နေရခက်တာကြောင့် လဲဖို့ဆုံးဖြတ်လိုက်သည်။ သူက သူပဲ.. မူလရှန်းယုဟန်က မူလရှန်းယုဟန်ပဲ သူတို့နှစ်ယောက်က ပေါင်းစည်းလို့မရသလို သူကလည်း ခေတ်သစ်က မူလရှန်းယုဟန် ဖြစ်မလာနိုင်ပေ။

ရှန်းယုဟန်က သူ့ပုံမှန်အဝတ်အစားပြန်လဲပြီးမှ ရှန်ချီဟွမ်းက သက်ပြင်းချလိုက်သည်။

သူ့ဇနီးသာ ဒီလိုအဝတ်အစားမျိုးကို ဒုတိယအကြိမ်ဝတ်ခဲ့ရင် သူနှလုံးရောဂါရသွားမှာကိုပင် စိုးရိမ်မိသည်။

ရှန်ချီဟွမ်းက ဖိနပ်ဝတ်ရန် ဝင်ပေါက်မှာကျောပေးရပ်နေသည်။

ရှန်းယုဟန်က ရှည်လျားသော သူ့နောက်ကျောကိုကြည့်ကာ အနောက်ကနေဖက်လိုက်သည်။ “ယောကျာ်း”

ရှန်ချီဟွမ်းက ခေါင်းလှည့်ကြည်ပြီး တုံ့ပြန်လို​က်သည်။ “အွန်း?”

ရှန်းယုဟန်က ရှန်ချီဟွမ်း၏နောက်ကျောတွင် သူ့ပါးကိုဖိထားကာ မေးလိုက်သည်။ “ကျွန်တော် အရင်က အဆဲသန်ပြီး ထူးဆန်းတာတွေဝတ်၊ ဆိုးသွမ်းတဲ့သူငယ်ချင်းလည်း အများကြီးရှိခဲ့တာ။ ခင်ဗျားစိတ်မခုဘူးလား?”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment