Chapter 60.1
“ဒုတိယမဒမ်ရောက်လာခြင်း”
ရှန်းယုဟန်နှင့် တခြားနေရာများမှာ စျေးဝယ်ထွက်ရတာ ရှန်ချီဟွမ်းအတွက် မလွယ်ကူပေ။ တစ်ယောက်ယောက်က သူတို့နှစ်ယောက်ကို ပုံရိုက်ကာ ဝေ့ပေါ်မှာတင်ခဲ့သည်။ သူ့နောက်မှာ ဘော်ဒီဂတ်လိုက်လာရင်တောင် ထိထိရောက်ရောက် ကာကွယ်ပေးဖို့မဖြစ်နိုင်ပေ။ သူတို့က သူတို့ကိုယ်သူတို့ရိုက်နေတာလား ရှန်ချီဟွမ်းတို့ကို ရိုက်နေတာလား ဘယ်သူကသိမှာလဲ။
ရုပ်ရှင်နှင့်ရုပ်မြင်သံကြားမြို့တော်က အတော်လေးရှုပ်ထွေးသည်။ လွပ်လပ်သောမီဒီယာအသေးစားမှ လူတွေက အနုပညာရှင်များကို ဤနေရာမှာ ဓာတ်ပုံရိုက်သွားလေ့ရှိသည်။ သူ့မျက်နှာက မှတ်မိဖို့လွယ်ပြီး သူ့အတွက်တော့ ပုံရိုက်ခံရတာက အဆင်ပြေသည်။ ကံကောင်းတာက ရှန်းယုဟန်ကို မထိခိုက်စေတာပင်။
သူတို့နှစ်ယောက်က ရုပ်ရှင်နှင့်ရုပ်မြင်သံကြားမြို့တော်အနီးက ယာတောအိမ်မှာ နေ့လည်စာစားခဲ့သည်။ သို့သော် မစားသောက်ခင်မှာ ရှန်ချီရှင်း၏ ဖုန်းကောလ်ကဝင်လာခဲ့သည်။
သူက သူ့တတိယအစ်ကိုကို အတွင်းရော အပြင်ပါစွပ်စွဲနေသည်။ “အစ်ကို.. ကျွန်တော်လည်း ရုပ်ရှင်နှင့်ရုပ်မြင်သံကြားမြို့တော်ကို ရောက်နေတာ။ ကျွန်တော် ဝေ့ပေါ်သာမဖတ်ခဲ့ရင် ခင်ဗျားဒီမှာရှိတာကို သိခဲ့မှာမဟုတ်ဘူး။ ကျွန်တော်ဆီဘာလို့မလာတာလဲ? အစ်ကိုနဲ့မရီးက ဘယ်မှာလဲ? နေ့လည်စာစားပြီးပြီလား? ကျွန်တော်နေ့လည်စာဖိတ်ကျွေးမယ်လေ!”
နှစ်ယောက်တည်းသာ နေ့လည်စာစားချင်သော ရှန်ချီဟွမ်း: “ငါဘယ်မေးခွန်းကိုဖြေရမှာလဲ?”
ရှန်ချီရှင်းက ပြောလိုက်သည်။ “အခုပြန်သွားပြီလား?”
“မပြန်သေးဘူး။” သူက ယာတောအိမ်၏နာမည်ကိုပြောလိုက်၏။ “မင်းလာချင်ရင် လာလို့ရတယ်၊ မင်းမရီးနဲ့ ငါထိုင်နေတယ်။”
ရှန်ချီရှင်းက အရမ်းစိတ်လှုပ်ရှားနေသည်။ “ကျွန်တော်လာခဲ့မယ်!”
ရှန်ချီရှင်းက သူတို့ ရုပ်ရှင်နဲ့ရုပ်မြင်သံကြားမြို့တော် ရောက်နေတာကို သိနေတယ်ဆိုတာ ရှန်ချီဟွမ်းက ပြောပြလိုက်သည်။
ရှန်းယုဟန်က နားမလည်နိုင်ဖြစ်သွားသည်။ “ကျွန်တော်တို့ ဒီရောက်နေတာဘယ်လိုသိတာလဲ?”
ရှန်းယုဟန်က 2G ကမ္ဘာမှာနေထိုင်ခဲ့တာလားလို့ တွေးကာ ရှန်ချီဟွမ်းက ပျော်ရမလား အကူအညီမဲ့ရမလားပင် မသိတော့ပေ။ သူက သူတို့နှစ်ယောက် ဓာတ်ပုံရိုက်ခံရပြီး Hot Search ပေါ်ရောက်သွားတဲ့အကြောင်း ပြောပြခဲ့သည်။
“အာ၊ Hot Search? ကျွန်တော်ကြည့်လိုက်ဦးမယ်။” ရှန်းယုဟန်က သူ့ထိုင်ခုံကို ရှန်ချီဟွမ်းဘေးကိုရွှေ့လိုက်သည်။
သူ နောက်ဆုံးအကြိမ် Hot Search ကြည့်ခဲ့သည်မှာ သူ့ခင်ပွန်း ယာဥ်မတော်တဆမှုဖြစ်ခဲ့စဥ်ကပင်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ သူတို့နှစ်ယောက်အကြောင်းလား? ကြည်နူးစရာတော့ကောင်း၏။
ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့ဖုန်းလာကြည့်တာကို စိတ်မဆိုးပဲ သူ့လက်ထဲကို ဖုန်းထည့်ပေးလိုက်သည်။
ရှန်းယုဟန်၏ ဝေ့ပေါ်လုပ်ဆောင်ချက် ရင်းနှီးမှုက သိပ်မမြင့်သေးသဖြင့် သူက သူနဲ့ သူ့ခင်ပွန်း၏ Hot Search ကိုရှာမတွေ့ပေ။ “ယောကျာ်း၊ ဘယ်တစ်ခုလဲ?”
ရှန်ချီဟွမ်းက သူ့နားတိုးကာ ခေါင်းငုံ့ပြီး ပြောလိုက်၏။ “ငါ့နာမည်ပါတဲ့တစ်ခု”
“အိုတွေ့ပြီ။” ရှန်းယုဟန်က Hot Search ကိုဖတ်လိုက်သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ မျက်နှာဘေးမှာ ကျဆင်းနေသော ဆံနွယ်ကိုသပ်တင်ပေးလိုက်သည်။ “မင်းကဆံပင်ရှည်နေတော့ သူတို့က မင်းကို မိန်းကလေးထင်သွားပြီး လူတွေရဲ့အာရုံကိုဆွဲဆောင်ဖို့ ဒီလိုကပ်ပရှင်ကို သုံးနေကြတာ။”
“သူတို့က အမှားနဲ့အမှန်ကို ဘယ်လိုရောထွေးနိုင်တာလဲ?” ရှန်းယုဟန်က ဤလူတွေ၏လုပ်ရပ်ကို လက်မခံပေ။ “ကျွန်တော်သာ ခင်ဗျားဘေးမှာမရှိရင် သူတို့က ကောလာဟလဖြန့်ဖို့ အောင်မြင်သွားကြမှာပေါ့? ကျွန်တော်က ခင်ဗျားကိုအထင်လွဲပြီး ကျွန်တော်တို့ဆက်ဆံရေး ပြိုကွဲသွားနိုင်တယ်။”
“စိတ်မပူပါနဲ့၊ ဒီလိုဖြစ်မလာပါဘူး။ မင်းဒါကိုရှင်းချင်လား?” ရှန်ချီဟွမ်းက သူဒီကိစ္စရှင်းပြချင်လားလို့ မေးလိုက်သည်။ သူက ဒီတိုင်းထားပြီး Hot Search ကိုဖယ်ရှားခိုင်းလို့ရသည်။
ရှန်းယုဟန်က အမှားနဲ့အမှန်ကို ရှုပ်ထွေးနေသော ထိုလူများ၏ အပြုအမူကို ဒေါသထွက်နေသည်။ ပထမအချက်က သူတို့က သူတို့၏တည်နေရာကို ဖော်ပြခဲ့ပြီး ဒုတိယအချက်က သူ့ခင်ပွန်းကို မိန်းမရှုပ်တယ်လို့ထင်အောင် လုပ်ခဲ့သည်။
သူက သူ့ခင်ပွန်းကို သူများတွေ အထင်လွဲသွားမှာကို မလိုချင်ပေ။ “ဒါဆို ကျွန်တော်တို့ရှင်းလိုက်ရအောင်၊ ကျွန်တော့် ယောကျာ်း အထင်လွဲခံရမှာကို မလိုချင်ဘူး။” အဲ့ဒါက လုံးဝအဆင်မပြေဘူး။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုကြည့်လိုက်သည်။ သူက ရှန်းယုဟန် သူ့ကိုစကားပြောရင် အမြဲတမ်းတည့်တိုးဆန်တာကိုသိသည်။ သူက သူ့ကို အရာအားလုံးပွင့်ပွင့်လင်းလင်းပြောပြပြီး သူက နားထောင်ပေးရတာများရင် ပင်ပန်းလာမယ်လို့ ထင်ခဲ့ပေမယ့် ဒီလိုမျိုး သူ့ကိုကာကွယ်ပေးနေတာကို ကြားလိုက်ရသောအခါ သူ့နှလုံးသားက မတည်ငြိမ်နိုင်တော့ပေ။ လူတစ်ယောက်က မင်းအပေါ်ကို ရိုးသားလား မရိုးသားလားဆိုတာ သူတို့မျက်လုံးနှင့် လေသံကိုကြည့်ကာပြောနိုင်သည်။ တကယ်တော့ ရှန်ချီဟွမ်းက ထိရှလွယ်သူမဟုတ်ပေမယ့် တချို့ကိစ္စများမှာ သူက ရှန်းယုဟန်ထက် ထိရှလွယ်ပြီး သူက ရှန်းယုဟန်ဆီက ကာကွယ်ပေးမှုကို ရှားရှားပါးပါး ခံစားခဲ့ရသည်။
ရှန်မိသားစု၏ လူတိုင်းမှာ ပါဝင်သရုပ်ဆောင်ရသည့် အခန်းကဏ္ဍရှိသည်။ သူ့အစ်ကိုကြီး၊ အစ်မလတ်နှင့် ရှန်ချီရှင်း၊ သူတို့က သူတို့ကိုယ်သူတို့ ကာကွယ်ရသည်။ တခြားသူများကို မစဥ်းစားခင် ရှန်ချီဟွမ်း၏ မွေးဖွားမှုကမကောင်းပေ။ သူ့စိတ်၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်ကိုရောက်လာသောအခါ သူ့အမေက ရုတ်တရက် သီလရှင်ဝတ်သွားခဲ့ပြီး သူ့အစ်ကိုကြီးနှင့် အစ်မလတ်က ပညာရေးကို ဂရုစိုက်ရသည်။ ရှန်ထျန်းဖုန်းကိုတော့ ထည့်မပြောလေနှင့်၊ သူက ကလေးမွေးဖို့သာဂရုစိုက်ပြီး သူတို့ကို ပိုက်ဆံပေးပေမယ့် ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ဂရုမစိုက်ချေ။
ရှန်ချီဟွမ်းက သူ့ဘာသူကြီးပြင်းလာတယ်လို့ ပြောလို့ရသည်။ သို့သော် သူက သူ့ထက်ငယ်သော ရှန်ချီရှင်းကို ဂရုစိုက်ရသည်။ သူ့ကြီးပြင်းမှုဖြစ်စဥ်က တခြားသူများထက် ခက်ခဲသည်။ မိဘတစ်ယောက်၏ အခန်းကဏ္ဍက သူ့ဘဝကနေ ပျောက်ကွယ်နေပြီး သူမှတ်မိသလောက်ဆိုရင် သူ့အမေက သူ့ကို နွေးထွေးသည့်အရာ တစ်ခုခုပေးခဲ့သလားဆိုတာကိုပင် မမှတ်မိချေ။
ယခုချိန်မှာ ရှန်ချီဟွမ်းက သူ့နှာခေါင်းချဥ်တူးသလို ခံစားလိုက်ရသည်။ သူ့ဇနီးက နွေးထွေးသော ချည်သားဂျာကင်နှင့်တူသည်ဟု ခံစားမိသည်။ “သိပါပြီ၊ ဝေ့ပေါ်မှာ ရှင်းပြချက်တင်လိုက်ပါမယ်။”
ရှန်းယုဟန်က ဒေါသတကြီး ဆူပူကြိမ်းမောင်းလုနီးပါးဖြစ်သွားသည်။ “ဒါပေါ့၊ ကျွန်တော့်အပြင် ကျွန်တော့်ယောကျာ်းမှာ တခြားတစ်ယောက် ဘယ်လိုရှိနိုင်မှာလဲ? ဟုတ်တယ်မလား.. ယောကျာ်း”
ရှန်ချီဟွမ်းက သူ့ဆီတိုးသွားကာ သူ့မျက်နှာကိုနမ်းလိုက်သည်။ “ဟုတ်တယ်၊ မင်းတစ်ယောက်တည်းပဲ။” ရှန်းယုဟန်က သူ့ကိုပြန်နမ်းလိုက်သည်။ “အွန်း၊ ယောကျာ်း မြန်မြန်တင်လိုက်”
ရှန်ချီဟွမ်းက ရှန်းယုဟန် မြှူစွယ်တာကို နောက်တစ်ကြိမ်ခံလိုက်ရသည်။ သူက စားပွဲပေါ်မှာဖုန်းကိုချထားပြီး ကုလားထိုင်နောက်မှာ သူ့လက်ကိုထားကာ အလယ်က ရှန်းယုဟန်ကိုညှစ်လိုက်ပြီး ခေါင်းငုံ့ကာ နမ်းလိုက်သည်။
ဒီလိုအရာမျိုးကိုရှင်းလင်းဖို့ အလျင်လိုစရာမရှိပေ။ သူ့ဇနီးကို နမ်းဖို့က ပထမဦးစားပေးဖြစ်သည်။
သူက ရုပ်ရှင်နှင့်ရုပ်မြင်သံကြားမြို့တော်မှာ ရှိကတည်းက ဒါကိုလုပ်ချင်နေခဲ့တာပင်။
ရှန်းယုဟန်၏လက်က ပုံမှန်အတိုင်း သူ့လည်ပင်းကို ဖက်တွယ်ထားပြီး ခေါင်းစောင်းကာ တုံ့ပြန်ဖို့ကြိုးစားလိုက်သည်။ ရှန်ချီဟွမ်းက အထဲထိဝင်ကာ ကြမ်းကြမ်းတမ်းတမ်း နမ်းနေပြီး ယင်းမှာ သူ့ဖုန်းမြည်လာလို့ ရပ်မသွားခင်အထိဖြစ်သည်။
သူက သူ့ခင်ပွန်းကို ဘယ်နှစ်ကြိမ် နမ်းခဲ့ပြီးပြီလဲမသိပေမယ့် ရှန်းယုဟန်၏မျက်နှာက အနမ်းကြောင့် အတန်ငယ်ပူနွေးနေပြီး သူ့နှလုံးသားက သူမဟုတ်သလို ပိုခုန်လာခဲ့သည်။ သူ့ခင်ပွန်းနှင့် အရမ်းရင်းနှီးတာက သူ့ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အလွန်ပျော်ရွှင်စေသည်။
ရှန်ချီရှင်း၏ စိတ်လှုပ်ရှားနေသောအသံက ဖုန်းထဲမှထွက်လာသည်။ “တတိယအစ်ကို၊ ဘယ်သီးသန့်ခန်းထဲမှာလဲ?”
ရှန်ချီဟွမ်းက သူ့ကို သီးသန့်ခန်းနာမည်ကို ပြောပြခဲ့ပြီး များမကြာမီ သူက ခရီးဆောင်အိတ်တစ်လုံးနှင့် ရှန်ချီရှင်းရောက်လာတာကို တွေ့လိုက်ရသည်။
ရှန်းယုဟန်၏မျက်နှာပေါ်က ပူနွေးမှုက ပျောက်ကွယ်သွားခဲ့ပြီး သူက ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်ကာ သူ့ခင်ပွန်းကြောင့် ရှုပ်ပွနေသော တူနှင့် ဟင်းပွဲများကို ပြန်စီလိုက်သည်။
ရှန်ချီရှင်းက သူ့ခရီးဆောင်အိတ်ကိုဘေးချကာ ထိုင်ဖို့နေရာတွေ့တော့ စောဒကတက်လိုက်၏။ “တတိယအစ်ကို၊ ဘာလုပ်နေတာလဲ၊ မကိုင်ခင်အထိ ဖုန်းနှစ်ကြိမ်တောင်ခေါ်ခဲ့ရတယ်။”
ရှန်းယုဟန်နှင့် ခွဲနေရသော ရှန်ချီဟွမ်းက သူ့ညီကို မျက်လုံးသာလှိမ့်ပြလိုက်ချင်သည်။ သူတို့ဘာလုပ်ရမှာလဲ ချစ်သူတွေလုပ်တဲ့အရာကို လုပ်နေတာပေါ့!
ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်သည်။ “ဘာလို့ ခရီးဆောင်အိတ်ယူလာတာလဲ?”
“ကျွန်တော့်ဇာတ်ဝင်ခန်းက ဒီမနက်ပြီးသွားပြီ၊ Hot Search မှာ အစ်ကိုတို့နှစ်ယောက် ဒီရောက်နေတယ်ပြောလို့ အတူတူပြန်ချင်လို့ လာခဲ့တာ။ အစ်ကိုမောင်းလာခဲ့တာမလား” ရှန်ချီရှင်းက ရှန်ချီဟွမ်းကို ကောင်းကောင်းသိပြီး အရမ်းဝေးသောနေရာကိုမသွားသရွေ့ သူကိုယ်တိုင်မောင်းလာမှာကိုသိသည်။
“ဓာတ်ပုံထဲကတစ်ယောက်က ငါမဟုတ်ဘူးလို့ မင်းသံသယမဝင်ဘူးလား?” ရှန်ချီရှင်းက သူ့ခင်ပွန်းကို ဘာလို့သံသယမဝင်တာလဲ ရှန်းယုဟန်က သိချင်နေသည်။
“မှတ်မိဖို့မလွယ်ဘူးလား? ကျွန်တော့်အစ်ကိုက တခြားတစ်ယောက်နဲ့ ဘယ်လိုရှိနေနိုင်မှာလဲ?” ရှန်ချီရှင်းက ဒီနှစ်တွေမှာ သူ့အစ်ကို တခြားတစ်ယောက်နဲ့ ဆက်ဆံရေးရှိတာကို မမြင်ဖူးပေ။ အိမ်ထောင်ကျပြီးမှ သူက ရေပန်းစားသည့်ခေါင်းစဥ်များမှာ မကြာခဏပါနေခဲ့တာမလား၊ သူက သူ့အစ်ကိုကို Traffic Star* လို့တောင်ထင်မိသည်။ Traffic Star က အားပေးမှုကိုခံရဖို့ ကုမ္ပဏီမှာ ပိုက်ဆံသုံးဖို့လိုသည်။ သူ့အစ်ကိုကတော့ ပိုက်ဆံသုံးစရာတောင် မလိုပေ။
(**အွန်လိုင်းမှာ အမာခံဖန်တွေရထားတဲ့ကြယ်ပွင့်၊ အထူးသဖြင့် အွန်လိုင်းTopTenစာရင်းတွေမှာ အမြဲပါအောင်လုပ်နိုင်တဲ့ ကြယ်ပွင့်)
ထို့နောက် သူကမှတ်မိသွားသည်။ “ခင်ဗျားတို့နှစ်ယောက်ဘာလုပ်နေတာလဲ? ဘာမှစိတ်ဝင်စားစရာလဲမရှိပါဘူး။”
ရှန်ချီဟွမ်းက ဂုဏ်ယူစွာပြောလိုက်သည်။ “မင်းမရီးကို ပန်းချီဆွဲတဲ့ဇာတ်ဝင်ခန်းရိုက်ဖို့ ကျင်းယင်က ဖိတ်ခဲ့တာ။”
အနုပညာနယ်ပယ်က ရှန်ချီရှင်းက ကျင်းယင်ကိုမသိပဲ ဘယ်လိုနေနိုင်မှာလဲ: “ရုပ်ရှင်ဒါရိုက်တာ ကျင်းယင်လား?”
ရှန်ချီဟွမ်းက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ “အွန်း” .
ရှန်ချီရှင်း၏မျက်လုံးများက ပြူးကျယ်သွားပြီး သူ့ပေါင်သူရိုက်ကာ ခါးခါးသီးသီး ပြောလိုက်၏။ “ဟေး၊ ကျွန်တော်က သူ့ရုပ်ရှင်မှာ ပါဝင်ချင်တာ။ ကျွန်တော့်အတွက် ဇာတ်ကောင်တစ်ခုလောက် ဘာလို့မတောင်းပေးတာလဲ?”
ရှန်ချီဟွမ်းက ပေါ့ပေါ့တန်တန် ပြောလိုက်သည်။ “ရုပ်ရှင်တစ်ကားပါပဲ၊ မင်းမရီးက အလုပ်လုပ်နေရုံပဲ။ သူကရုပ်ရှင်ရိုက်နေတာမှမဟုတ်တာ။”
ရှန်ချီရှင်းက သူ့မရီးကို လှည့်ကြည့်လိုက်သည်။ “မရီး၊ ပြန်သွားပြီး ကျွန်တော့်အတွက် ဇာတ်ကောင်တစ်ခုလောက်ရနိုင်မလား မေးပေးပါလား။”
“ဒါရိုက်တာကျင်းက နာမည်အရမ်းကြီးတာလား?” သူက ခေတ်သစ်အနုပညာရှင်များ၏ သဘောတရားကိုနားမလည်ပေ။ သူတို့ချီတိုင်းပြည်မှာ ဂုဏ်သရေလူကြီးမင်းများ၊ အရည်အချင်းရှိပြီး လှပသောလူများကသာ နာမည်ကြီးပြီး ခေတ်သစ်မှာတော့ အရည်အချင်းရှိရှိမရှိရှိ ပိုက်ဆံဖြုန်းနိုင်ရုံနဲ့ နာမည်ကြီးတာကြောင့် တကယ်အရည်အချင်းရှိသော အနုပညာရှင်များက ဘယ်သူတွေလဲ သူမသိသလို သူတို့ကို ကိုးကွယ်ဖို့လည်း အတွေးမရှိပေ။ ထို့အပြင် ဒါရိုက်တာကျင်းက သူ့ခင်ပွန်းလောက် နာမည်မကြီးဘူးထင်တာကြောင့် သူ့မှာ အနုပညာရှင်များ၏ သဘောတရားကို နားလည်နိုင်စွမ်းမရှိခဲ့ပေ။
“နာမည်ကြီးတယ်၊ သူကဘာလို့နာမည်မကြီးရမှာလဲ မရီးရဲ့.. မရီးရဲ့စံနှုန်းက အရမ်းမြင့်တာပဲ။” ရှန်ချီရှင်းက အော်လိုက်သည်။
ကျော်ကြားမှုကိုရှာဖွေခြင်းက ဆွေမျိုးရေးကိစ္စတစ်ခုပဲ။ ရှန်ချီရှင်းအတွက် ဒါရိုက်တာကျင်းဆီမှာ ဇာတ်ကောင်တစ်ခုတောင်းပေးဖို့က မဖြစ်နိုင်တာကြောင့် သူက ပြုံးသာပြလိုက်သည်။
“မင်းအရွေးမခံရသေးတာက မင်းရဲ့အချိန်ရောက်မလာသေးလို့ပဲ။” ရှန်းယုဟန်က သူ့ကို အပြုံးတစ်ပွင့်ဖြင့် နှစ်သိမ့်လိုက်သည်။ “မင်းအတွက် အခွင့်အရေးက အနှေးနဲ့အမြန် ရောက်လာမှာပါ။”
သူငယ်ချင်းတစ်ယောက်ကသာ ဒီစကားပြောရင် ရှန်ချီရှင်းက တစ်ဖက်လူကို ဗုဒ္ဓနဲ့တူတယ်လို့ တွေးမိမှာပေမယ့် သူ့မရီးက ပြောလာတော့ မတူညီသော အကျိုးသက်ရောက်မှုရှိတာကြောင့် သူက စိတ်သက်သာရာရသွားသည်။
“ဟုတ်ကဲ့ပါ၊ ဘဝမှာအချိန်အများကြီးကျန်ပါသေးတယ်။” ရှန်ချီရှင်းက ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။
“မင်းတွေးတာမှန်တယ်။” ရှန်းယုဟန်၏အသံက နူးညံ့ပြီး သူ့မှာ လူတွေရဲ့နှလုံးသားကို အေးချမ်းအောင် လုပ်နိုင်စွမ်းရှိသည်။ ရှန်ချီဟွမ်းက ရှန်ချီရှင်း ဘွဲ့မရသေးတာကို သတိရသွားသည်။ “မင်းကျောင်းပြန်မတက်တော့ဘူးလား?”
“မလိုပါဘူး။ အွန်လိုင်းအတန်းယူလို့ရတယ်။ တချို့ကျောင်းသားတွေက မကြာသေးခင်က ကျောင်းတက်ရင်း တုပ်ကွေးမိသွားသေးတယ်။ ရောဂါပိုးကူးတာကိုရှောင်ဖို့ ကျွန်တော်တို့ကို အိမ်ပြန်ခိုင်းပြီး အွန်လိုင်းအတန်းတက်ခိုင်းထားတာ။”
အံ့သြစရာကောင်းတာက သူ့ယောက်ဖက ကျောင်းသားတစ်ယောက်ဖြစ်နေဆဲပင်။ ရှန်းယုဟန်က စကားလုံးအသစ်ကိုလည်း သင်ယူခဲ့ရသည်။ အွန်လိုင်းအတန်း…. သူက စိတ်ဝင်စားသွားသည်။
သူက သိလိုစိတ်ပြင်းပြကာ မေးလိုက်၏။ “မင်း အွန်လိုင်းအတန်းဘယ်လိုတက်တာလဲ?”
ရှန်ချီရှင်းက ပြောလိုက်သည်။ “ဆရာက အွန်လိုင်းကနေ စာသင်တာ။ ကျွန်တော်တို့က အချိန်ကျရင် သွားနားထောင်ရုံပဲ။ အခက်အခဲနည်းနည်းတော့ရှိတယ်။ ကျွန်တော်တို့ အချိန်တိုင်းနာရီကြည့်ရလိမ့်မယ်။”
ရှန်ချီဟွမ်းက ရှန်းယုဟန် ယခုဆိုရင် ကောလိပ်ဒုတိယနှစ်ဖြစ်လောက်မည်ဟု တွေးနေပြီး သူလည်း သာမန်ကောလိပ်ကျောင်းသားတစ်ယောက်လို ဘွဲ့တစ်ခုလိုချင်လား တွေးနေမိသည်။ ဒါကြောင့် သူကမေးလိုက်သည်။ “မင်း အတန်းပြန်တက်ချင်လား? ငါနောက်မှ မင်းရဲ့ကျောင်းက ကျောင်းအုပ်နဲ့စကားပြောလိုက်မယ်။ မင်းအတန်းပြန်တက်ချင်လည်း ကိစ္စမရှိပါဘူး။”
ရှန်းယုဟန်က ခေါင်းခါလိုက်သည်။ “ကျွန်တော်စဥ်းစားလိုက်ဦးမယ်၊ ကျွန်တော် အရင်မေဂျာကို မလေ့လာချင်ဘူး”
သူအတန်းတက်ဖို့လိုပေမယ့် သူသင်ယူချင်တာက မူလရှန်းယုဟန်၏အတန်းမဟုတ်ပဲ ခေတ်သစ်လူ့အဖွဲ့အစည်းကို မတူညီသောနည်းလမ်းဖြင့် ထိတွေ့ချင်တာဖြစ်သည်။
“အဆင်ပြေပါတယ်၊ ထပ်ပြီးစဥ်းစားလိုက်ပါ။” ရှန်ချီဟွမ်းက သူ့အတွက် စိုးရိမ်မနေပေ။ ရှန်းယုဟန်မှာ ကိုယ်ပိုင်အလုပ်ရှိတာကြောင့် သူက ကျောင်းပြန်တက်ဖို့ အလျင်မလိုပေ။ အဓိကအကြောင်းပြချက်က သူတို့နေစဥ်တွေ့ဆုံမှု အရေအတွက်က လျော့သွားလိမ့်မည်။
ရှန်ချီရှင်းက ရှန်းယုဟန် ကျောင်းပြန်တက်မတက် ဝင်မပြောပေ။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ကျောင်းပြန်တက်ဖို့ အလျင်မလိုစေချင်တာကြောင့် ထပ်မပြောတော့ပေ။ တခြားတစ်ဖက်မှာ ရှန်းယုဟန်က အတွေးသစ်တစ်ခုရခဲ့သည်။ တီဗီကနေ သူသင်ယူနိုင်သည့် အရာများက အကန့်အသတ်ရှိသဖြင့် သူက အွန်လိုင်းအတန်းကို အရင်သင်ယူနိုင်သည်။ လက်ရှိမှာ သူသင်ယူဖို့လိုနေတာ အများကြီးရှိပြီး သူ မသင်ယူရင် အနာဂတ်မှာ သူ့ခင်ပွန်းမေးလာရင် အခက်တွေ့နေပေမည်။ ဥပမာ ကွန်ပျူတာ၊ နိုင်ငံခြားဘာသာစကား၊ ဂဏန်းသင်္ချာနှင့် တခြားအရာများဖြစ်သည်။
ဤနည်းဖြင့် စဥ်းစားကြည့်လျှင် သူက ခေတ်သစ်လူသားတစ်ယောက်ဖြစ်ဖို့ အရည်အချင်းမပြည့်မီသေးပဲ အရာအားလုံးကို အစကနေသင်ယူရမှာဖြစ်သည်။
&&&&&&&&&&&
Chapter 60.2
“ဒုတိယမဒမ်ရောက်လာခြင်း”
နေ့လည်စာစားပြီးနောက် သူတို့သုံးယောက်ပြန်သွားကြသည်။
သူတို့အိမ်ပြန်မရောက်ခင် ရှန်းယုဟန်က အန်တီဝမ်ဆီက ဖုန်းတစ်ကောလ်ရရှိခဲ့သည်။ ဒီနေ့က ဆောင်းယဥ်စွန်းချိန်ပွဲတော်*** ဖြစ်တာကြောင့် သူမက သူတို့ကို အိမ်မှာညစာစားမလားမေးလာသည်။ သူတို့စားမယ်ဆိုရင် သူမက ဖက်ထုပ်လုပ်ပေးမှာဖြစ်ပြီး မစားရင်တော့ လုပ်ထားမှာမဟုတ်ပေ။
(***တရုတ်မုန့်လုံးရေပေါ်ပွဲတော်လို့လည်းခေါ်ပါတယ်။)
ရှန်းယုဟန် အတန်ငယ်စိတ်လှုပ်ရှားနေကာ ပြောလိုက်၏။ “ယောကျာ်း၊ ဆောင်းယဥ်စွန်းချိန်ပွဲတော်လား? ကျွန်တော်တို့ ဒီနေ့ဖက်ထုပ်စားကြမလား?”
ရှန်ချီဟွမ်းက ပြက္ခဒိန်ကိုကြည့်ပြီး ဒီနေ့က တကယ်ကို ဆောင်းယဥ်စွန်းချိန်ပွဲတော်ဖြစ်တာကြောင့် သူက ခေါင်းညိတ်လိုက်၏။ “စားရအောင်”
ရှန်ချီရှင်းက မျက်လုံးမှိတ်ကာအနားယူနေပေမယ့် သူကြားလိုက်သည်နှင့် သူ့နေရာကို တစ်ယောက်တည်းမပြန်ချင်တော့ပေ။ သူက သူ့တတိယအစ်ကိုနှင့်မရီးတို့နဲ့အတူ ဆောင်းယဥ်စွန်းချိန်ပွဲတော်ကို ကျင်းပချင်ပြီး ရှန်းယုဟန်က ပုံမှန်လိုပင် ပျော်ရွှင်နေသည်။ ရှန်ချီရှင်းက ရှန်ချီဟွမ်း မျက်စိအောင်မှာ ကြီးပြင်းလာတဲ့သူမလား? သူ့သားလို့တောင် သတ်မှတ်လို့ရတယ်မလား?
သူ ခေတ်သစ်ကိုရောက်လာတာ နှစ်လသုံးလခန့်ရှိပြီး ရှန်းယုဟန်က သူ့ခင်ပွန်းနှင့် ဘာပွဲတော်မှ မကျင်းပဖူးသေးချေ။ ဆောင်းယဥ်စွန်းချိန်ပွဲတော်က ရှေးခတ်ကနေ ဒီနေ့အထိရှိခဲ့တာဖြစ်ပြီး သူ့မိသားစုနှင့်ပတ်သတ်သော အတွေးများက ထပ်ပေါ်လာခဲ့သည်။
သူတို့အိမ်ရောက်တော့ နောက်ကျနေပြီဖြစ်သည်။
ရှန်းယုဟန်က ကားထဲမှာ သူ့ခင်ပွန်းကိုမှီပြီး နှစ်နာရီလောက် အိပ်ခဲ့လို့ စိတ်ကြည်နေသည်။
အန်တီဝမ်က ဖက်ထုပ်လုပ်ပြီး ညစာပြင်နေသည်။
အိမ်မှာ အစ်မလတ်ပို့ပေးသော ပင်လယ်စာနှင့် အစ်ကိုကြီးပို့ပေးသော ဆေးဖက်ဝင်ဟင်းရွက်တချို့ရှိနေသည်။ သူက ရှန်းယုဟန် နေမကောင်းတာကို ရှန်ချီဟွမ်းဆီက ကြားခဲ့လို့ ပို့ပေးခဲ့တာဖြစ်သည်။ သူတို့မှာ ကိုယ်ပိုင်မိသားစုရှိတာကြောင့် ရှန်ချီဟွမ်းက သူတို့နဲ့ ပွဲတော်ကျင်းပလေ့မရှိပေ။ သူက အမြဲတမ်း မြို့ပြင် ဒါမှမဟုတ် နိုင်ငံခြားရောက်နေတာကြောင့် ရှန်ချီယွမ်နှင့်ရှန်ချီပိုင်က သူ့ကိုအိမ်လာဖို့ မခေါ်ကြတော့ပေ။
ရှန်းယုဟန်ကလည်း ခံစားမိသည်။ ရှန်ချီဟွမ်း၊ သူ့အစ်ကိုကြီးနှင့် အစ်မလတ်တို့ကြားက ဆက်ဆံရေးက သိပ်မနက်နဲသလို အဆက်အသွယ်လည်း သိပ်မရှိကြပေ။ ဖြစ်နိုင်တာက သူတို့အားလုံးက စိတ်ခံစားချက်ကို ဆင်ခြင်တုံတရားနဲ့ ရင်ဆိုင်တတ်သော လူတွေဖြစ်ပြီး စိတ်အားထက်သန်မှုရှိမနေပဲ ကြားကနေညှိပေးမယ့်လူလည်း မရှိတာကြောင့် အချိန်အတော်ကြာပြီးနောက်မှာ ဤမထူးမခြားနားသော ပုံစံဖြင့်သာ လိုက်လျောညီထွေနေကြသည်။
မိသားစုဆက်ဆံရေးကရှိပေမယ့် တိမ်မြှုပ်နေ၏။
သို့သော် ရှန်ချီဟွမ်းက ဆွေမျိုးမရှိတာတော့ လုံးဝမဟုတ်၊ ရှန်ချီရှင်းက အနည်းဆုံးတော့ သူနဲ့ရင်းနှီးလာဖို့ အားစိုက်ထုတ်ခဲ့သည်။
ဤညနေခင်းတွင် သုံးယောက်သား ကျေကျေနပ်နပ် စားသောက်လိုက်ကြသည်။
ထိုအတောအတွင်း ရှန်ချီရှင်းက သူ့အစ်ကိုကြီးနဲ့ အစ်မလတ်ကို ဖုန်းခေါ်ပြီး ကလေးများ၏အသံက ဖုန်းထဲမှထွက်ပေါ်လာပြီး ယင်းက သူတို့၏ ဆောင်းယဥ်စွန်းချိန်ပွဲတော်ကို အငွေ့အသက်ပေါင်းထည့်ပေးခဲ့၏။
ထို့နောက် သူတို့ကအခန်းထဲမှာ အနားမယူမချင်း တီဗီဖွင့်ထားကြပြီး ရှန်ချီရှင်းက အိမ်မှာနေခဲ့သည်။
တစ်ညလောက်အပြင်ထွက်ပြီး နေ့ခင်းဘက်ကားစီးလိုက်ရတော့ ရှန်းယုဟန်၏တစ်ကိုယ်လုံးက ကိုက်ခဲနေပြီး သူက ရေချိုးပြီး ချက်ချင်းအိပ်ရာဝင်လိုက်၏။
ရှန်ချီဟွမ်းက သူမလုပ်ရသေးသော ကိစ္စတစ်ခုကို သတိရသွားသည်။ သူ့ရှင်းလင်းချက်ကို ဝေ့ပေါ်မှာ အခုထိမတင်ရသေးပေ။
ဒီညဖက်ထုပ်စားနေစဥ် သူက ဓာတ်ပုံအနည်းငယ်ရိုက်ထားသည်။ ရှန်ချီရှင်းနှင့် ဖက်ထုပ်ကိုနောက်ခံထားပြီး သူ့ဇနီးကကျောပေးထားလို့ သူ့ဇနီးမျက်နှာကို ဘယ်သူမှမမြင်နိုင်ပေ။
[ကောလဟာလတွေမဖြန့်ကြပါနဲ့၊ ဒါက ငါ့ရဲ့သူငယ်ချင်းလေးပါ၊ တရားဝင်လက်ထပ်ထားတာ၊ လိင်အမျိုးအစားက ကျား၊ မှတ်ချက်…XXX မာကတ်တင်းနံပါတ်၊ မင်း ငါ့ရှေ့နေ့ဆီက နက်ဖြန်စာတစ်စောင်ရလိမ့်မယ်။ [Photo]]
သူဝေ့ပေါ်မှာတင်ပြီးတာနဲ့ မာကတ်တင်းအကောင့်က ပြန်တင်လိုက်တော့ ဖန်တွေက အရှိန်အဟုန်နဲ့ ဝင်လာကြသည်။
— ဟားဟားဟား၊ ဒီလိုကောလာဟလဖြန့်ဖို့အထိ ဘယ်သူကတုံးတာလဲ! ဥက္ကဋ္ဌရှန်က ကြီးစိုးနေတာ!
– ဒီရက်တွေမှာ မာကတ်တင်းနံပါတ်တွေက မိန်းကလေးနဲ့ ယောကျာ်းလေးတောင် မခွဲတတ်ဘူး။ ဒီနေ့ခေတ်ရဲ့ မာကတ်တင်းအကောင့်တွေက အမှန်တရားကို စစ်ဆေးသင့်တယ်။
– သေစမ်း..ဒါက ဥက္ကဋ္ဌရှန် သူ့ဇနီးရဲ့နောက်ကျောကို ပထမဆုံးအကြိမ်ပြဖူးတာပဲ၊ ဒီမတိုင်ခင်က သူ့လက်ကိုပဲပြဖူးတာ!
– ဝေါင်း၊ ဒီကိုယ်သေးသေးလေး၊ ဒီလက်…… ငါဒါတွေကို တစ်နှစ်ပတ်လုံး ထိုင်ကန်တော့နိုင်တယ်။ ဥက္ကဋ္ဌရှန်က အရမ်းကံကောင်းတာပဲ၊ မျက်နှာကို တိုက်ရိုက်ပြလို့မရဘူးလား၊ ရှင့်ဇနီးကိုတွေ့ချင်တယ်။
ရှန်ချီဟွမ်းက ဝေ့ပေါ်ကိုတစ်ချက်ကြည့်ပြီး ဝေ့ပေါ် Content ကို ပြန်သွားပြင်လိုက်သည်။ သူက မူရင်းဓာတ်ပုံကိုဖျက်ပြီး ရှန်ချီရှင်း ဖက်ထုပ်စားနေသောပုံနှင့် အစားထိုးလိုက်၏။ သူ့ဇနီးလေးအကြောင်းကိုတောင် တွေးရဲသေးတယ်! နောက်ကျောတောင်မပြဘူးကွာ!
အင်တာနက်သုံးစွဲသူများ: …..
ရှင်က Buzz ဖန်တီးဖို့ ဝေ့ပေါ်ပို့စ်ကို ချက်ချင်းမဖျက်ပဲ Content ကိုပါပြောင်းပစ်ခဲ့တဲ့ တစ်ဦးတည်းသောသူပဲ! ရှင်ဖျက်တာကို ကျွန်မတို့မမြင်ရဘူး ထင်လို့လား? အို…..ကျွန်မတို့က စခရင်ရှော့ ရိုက်တတ်တာ ဘယ်လောက်ကောင်းလိုက်လဲ။
ရှန်ချီဟွမ်း၏ ဓာတ်ပုံဖျက်ခြင်းအပြုအမူက Hot Search ပေါ်မှာ အင်တာနက်သုံးစွဲသူများ၏ ရှုံ့ချမှုကို ခံခဲ့ရပြီး သူက ထို Hot Search ကို ဖယ်ရှားဖို့ ပိုက်ဆံသုံးခဲ့တာကြောင့် Hot Search ပေါ်မှာ ခွေးတစ်ကောင်ဆိုပြီး ထပ်မံရှုံ့ချခံခဲ့ရသည်။
ရေချိုးပြီးအိပ်ရာပေါ်တက်လာသော ရှန်းယုဟန်က ဘာကိုမှသတိမထားမိပေ။ သူ့ခင်ပွန်းက Hot Searchပေါ် ထပ်ရောက်နေသည်။
“ယောကျာ်း၊ အိပ်ချင်နေပြီ၊ ခင်ဗျားအိပ်နေပြီလား?” သူက ရှန်ချီဟွမ်းကို ဖုန်းမသုံးဖို့ အရိပ်အမြွက်ပြကာ ညင်ညင်သာသာ ပြောလိုက်၏။ “ကျွန်တော်နဲ့ အတူအိပ်မလား?”
အင်တာနက်သုံးစွဲသူများနှင့် ရန်ဖြစ်ရတာ သူ့ဇနီးနဲ့အိပ်တာလောက် စိတ်ဝင်စားစရာမကောင်းပေ။ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို သူ့လက်မောင်းထဲထည့်ပြီး နားရွက်ကိုနမ်းလိုက်သည်။
ရှန်းယုဟန်က သူ့အနမ်းကြောင့် ခြေချောင်းကွေးလိုက်မိသည်။ “ယောကျာ်း၊ ကျွန်တော်အိပ်ချင်နေပြီ။”
ရှန်ချီဟွမ်းက ကျိုးကြောင်းမဆီလျော်စွာပြောလာသည်။ “မင်းဘာမင်းအိပ်”
ရှန်းယုဟန်က လှည့်ကာ သူ့အပေါ်ကနေဖိထားပြီး လက်ပိုက်ကာ သမ်းဝေနေသည်။ “ထပ်မလှုပ်နဲ့တော့။”
သူ့ပုံစံကိုကြည့်ကာ ရှန်ချီဟွမ်းက သူ့ကိုထပ်မစချင်တော့ပေ။ သူက ရှန်းယုဟန်၏ခေါင်းအနောက်မှာ လက်ကိုထားပြီး ပွတ်သပ်ကာ နှုတ်ခမ်းကိုနမ်းလိုက်၏။ “အိပ်တော့”
ရှန်းယုဟန်က နောက်ဆုံးမှာ ရှန်ချီဟွမ်း၏လက်မောင်းထဲမှာ သက်တောင့်သက်သာရှိသော နေရာတစ်ခုကို ရှာတွေ့သွားပြီး အေးအေးချမ်းချမ်း အိပ်ပျော်သွားသည်။
တိတ်ဆိတ်သောညတွင် ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ပုံမှန်အသက်ရှူသံကိုနားထောင်ကာ အိပ်ပျော်သွားခဲ့သည်။
ဒီလိုဇနီးလေးတစ်ယောက်ရခဲ့ရင် အမျိုးသားတစ်ယောက်က နောက်ထပ်ဘာကိုတောင်းဆိုဖို့လိုသေးလဲ…
ခေတ်သစ်ကမ္ဘာတွင် ရှန်းယုဟန်၏ ပထမဆုံးအလုပ်က အောင်အောင်မြင်မြင် ပြီးသွားပြီလို့ ယူဆလို့ရပြီး သူ့ခင်ပွန်း အလုပ်ပြန်သွားတော့ သူက အွန်လိုင်းသင်တန်းနှင့် ပတ်သတ်သော APP ကို ဒေါင်းလုဒ်ဆွဲလိုက်ပြီး စီရီက ဆော့ဖ်ဝဲကောင်းအချို့ကို အကြံပြုခဲ့သည်။
သူ့မှာ ရွေးချယ်စရာအများကြီးရှိပြီး နောက်ဆုံးမှာ ပညာရေးဆော့ဖ်ဝဲအများကြီးကို တွေ့ခဲ့ရသည်။ နာမည်ကြီးဆရာများဆီက ကျူရှင်ဝန်ဆောင်မှုရှိပြီး သူက တီဗီက ကြော်ညာကိုလည်း မကြာခဏတွေ့ဖူးသည်။
တကယ်သင်ယူလို့ရသည်။ မူကြိုကနေ အထက်တန်းကျောင်း တတိယနှစ်အထိရှိပြီး ပိုက်ဆံအနည်းငယ်သာ ကုန်ကျမည်။ ဗဟုသုတလေ့လာဖို့ ပိုက်ဆံသုံးတာက အဆင်ပြေပါသည်။
သူ့ခင်ပွန်း ကုမ္ပဏီကိုသွားတော့ ရှန်းယုဟန်က ကလေးတွေ ဘာသင်နေလဲသိနိုင်ဖို့ စာဖတ်ခန်းထဲတွင် သူငယ်တန်းသင်ရိုးကို တိတ်တဆိတ်နှိပ်ကြည့်လိုက်၏။
သို့သော် သင်တန်းစတာနဲ့ အန်တီဝမ်က စာဖတ်ခန်းတံခါးကို လာခေါက်ခဲ့သည်။ “မစ္စတာရှန်း၊ အပြင်မှာမင်းကိုတွေ့ဖို့ လူတစ်ယောက်ရောက်နေတယ်။”
ရှန်းယုဟန်က သူ့ဖုန်းပေါ်က “ရပ်” ခလုတ်ကိုနှိပ်ထားလိုက်၏။ “ဘယ်သူလဲ?”
အန်တီဝမ်က ပြောခဲ့သည်။ “ဒုတိယမဒမ်နဲ့ မိန်းကလေးတစ်ယောက်ပါ။ သူတို့ကို အထဲဝင်ခွင့်ပေးချင်လား?”
ရှန်းယုဟန်က ပြောလိုက်၏။ “ကောင်းပြီ.. သူတို့ကို လက်ဖက်ရည်တစ်ခွက်ချပေးထားပါ။”
ရှန်းယုဟန်က အောက်ထပ်ကို အလျင်စလိုမသွားပဲ မိနစ်အနည်းငယ်လောက် ဗီဒီယိုဆက်ကြည့်နေသည်။
ထို့နောက် သူ့အဝတ်အစားကိုသပ်ကာ အရာအားလုံးစိတ်ကျေနပ်အောင် စီစဥ်ပြီးမှ အောက်ထပ်ဆင်းသွားခဲ့သည်။
ဒုတိယမဒမ်က သူနဲ့ဘာလုပ်ချင်တာလဲ?
သူ့ခြေလှမ်းများက ပေါ့ပါးသွက်လက်နေပြီး သူ့လက်ချောင်းဖြူဖြူများက လက်ရန်းပေါ်မှာတင်ထားသည်။ ဒုတိယမဒမ်နဲ့ မိန်းကလေးက ခေါင်းမော့ကာ သူဖြည်းဖြည်းချင်း ဆင်းလာတာကိုကြည့်လိုက်ပြီး ခဏလောက် စကားဘယ်လိုပြောရမလဲမသိ ဖြစ်သွားသည်။
ရှန်းယုဟန်က သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ပြီး အန်တီဝမ်က သူ့အတွက် လတ်လတ်ဆတ်ဆတ် ဖျော်ထားသော လက်ဖက်ရည်ကြမ်းတစ်ခွက် ယူလာပေးခဲ့သည်။
ဒုတိယမဒမ်ဘေးရှိ မိန်းကလေးက သူမသမီးမဟုတ်ပေ။ သူက သူမကို တစ်ခါမှမမြင်ဖူးပေ။
သူက လက်ဖက်ရည်ခွက်အဖုံးကို အသံမထွက်စေပဲ ပေါ့ပေါ့ပါးပါးတွန်းလိုက်ပြီး လက်ဖက်ရည်အပေါ်လွှာက လတ်ဆတ်သော အစိမ်းရောင်အရွက်ကို မှုတ်ကာ ပေါ့ပေါ့တန်တန် ပြောလိုက်သည်။ “ဒုတိယမဒမ် ဒီနေ့ဘာလို့လာတာလဲသိချင်မိတယ်။”
ဒုတိယမဒမ်က ဒီနေ့မှာ တောင်းဆိုစရာတစ်ခုရှိနေပြီး သူမပုံစံက ပုံမှန်လို မာနကြီးမနေပေ။ ရှန်းယုဟန်က ယဥ်ကျေးသောအပြုအမူဖြင့် ပြောခဲ့၏။ သူက ကျိန်ဆဲတာတစ်ခွန်းမှမပါသော်လည်း ကြားရတာ အဆင်မပြေတာကြောင့် သူမက သည်းခံလိုက်ရသည်။
သူမက အံကြိတ်ကာ ပြောလိုက်သည်။ “ယုဟန်၊ ငါဘွင်းဘွင်းပဲပြောမယ်။ အရင်ရက်က ရှန်ချီပိုင်က မင်းကိုဆိုးရွားတာလုပ်ခဲ့လို့ မင်းကလည်း သူ့ကိုပန်းအိုးနဲ့ရိုက်ခဲ့တယ်။ ငါမင်းကိုတောင်းဆိုချင်တယ်။ သူ့ကိုလွှတ်ပေးဖို့ ရှန်ချီဟွမ်းကို ပြောပေးနိုင်မလား?”
ရှန်းယုဟန်က လက်ဖက်ရည်ခွက်ကိုချကာ အသာအယာပြုံးလိုက်၏။ “အို? သူက ရှန်ချီပိုင်ကို ဘာလုပ်နိုင်မှာလဲ”
ဒုတိယမဒမ်က သူမမျက်နှာပေါ်က ဒေါသကိုမထိန်းချုပ်နိုင်တော့ချေ။ “သူက ရှန်ချီပိုင် တည်ထောင်ထားတဲ့ ကုမ္ပဏီကို ဆွဲချခဲ့ရုံမကဘူး၊ သူ့ကိုလည်း မူးရစ်ဆေးဝါးပြန်လည်ထူထောင်ရေးစင်တာကို ပို့ခဲ့တယ်။”
ရှန်းယုဟန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “ကျွန်တော်က ရှန်ချီဟွမ်းရဲ့ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်မယ်ထင်လို့လား?”
သူက မူးရစ်ဆေးဝါးပြန်လည်ထူထောင်ရေးစင်တာကို မသိပေမယ့် သူ့ခင်ပွန်း၏ဆုံးဖြတ်ချက်ဖြစ်နေလို့ သူက သေချာပေါက် တားဆီးမှာမဟုတ်ပေ။
ဒုတိယမဒမ်က ပရမ်းပတာ စတင်ပြောဆိုလာသည်။ “ဒါက မင်းကြောင့်ဖြစ်တာလေ၊ ဒါပေါ့…မင်းလုပ်နိုင်တယ်။”
ရှန်းယုဟန်က ညင်ညင်သာသာ ရယ်မောကာ ပြောလိုက်၏။ “ဒုတိယမဒမ်၊ ဒါက ကလေးတွေကို အလိုလိုက်တဲ့ ကြင်နာတတ်တဲ့မိခင်ကြောင့် ဆိုးသွမ်းလာတဲ့ ကလေးတွေမဟုတ်ဘူးလား? ခင်ဗျားကိုယ်ခင်ဗျား ဘာမှားလဲပြန်မကြည့်ပဲ ခင်ဗျားအမှားတွေအတွက် သူများကိုအပြစ်တင်နေရင် ဘယ်သူက ခင်ဗျားကိုကူညီတော့မှာလဲ” သူက မတ်တပ်ထရပ်ကာ ဒုတိယမဒမ်ကို ဘာမှမပြောချင်တော့ပေ။ သူက မနီးမဝေးမှာရပ်နေသော အန်တီဝမ်ကိုပြောလိုက်၏။ “အန်တီ၊ ဧည့်သည်တွေကို ပြန်ပို့ပေးလိုက်ပါ။”
သူက အွန်လိုင်းသင်တန်းတက်ဖို့ ပြန်သွားရဦးမည်။ သူ့အချိန်ဆယ်မိနစ်ကိုဖြုန်းပြီး အွန်လိုင်းအတန်းနောက်ကျအောင် လုပ်ခဲ့သော ဤလူယုတ်မာတွေကို ဂရုစိုက်ဖို့ အချိန်မရှိတော့ပေ။
ထိုအချိန်တွင် ဒုတိယမဒမ်ဘေးမှာရပ်နေသော မိန်းကလေးက ရုတ်တရက်ပါးစပ်ဟလာသည်။ “ရှန်းယုဟန်၊ နင်ငါ့ကိုမှတ်မိလား?”
ရှန်းယုဟန်က မျက်ခုံးပင့်လိုက်၏။ မင်းကဘယ်သူလဲ?