no

Font
Theme

Chapter 32.1

“နည်းနည်းပဲနမ်းမယ်”

ရှန်းယုဟန်နှင့်ရှန်ချီဟွမ်းက အကြိမ်ပေါင်းများစွာ အပြင်ကိုထွက်ဖူးပေမယ့် ဒါက သူနဲ့ရွယ်တူများကို ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး သူက စုံတွဲကိုစပ်စုကာ သူတို့က သူ့ခင်ပွန်း၏အတန်းဖော်များဖြစ်နေသည်။

မျိုးရိုးကြီးသော မိသားစုမှ ကောတစ်ယောက်အနေနဲ့ ရှန်းယုဟန်က သူ၏လှုပ်ရှားမှုတိုင်းကို အထူးသတိထားကာ ရှန်းယုဟန်က ရှန်ချီဟွမ်းနှင့် ရှန်းမိသားစုကို အရှက်မရစေဖို့ မျှော်လင့်နေသည်။

သူက သူတို့နှစ်ယောက်ကို အပြုံးဖြင့်နှုတ်ဆက်လိုက်ကာ သူ့အပြုံးက အရမ်းတိကျနေသည်။

ရှန်ချီဟွမ်းက သူ့အတန်းဖော်ဟောင်းများ၏ မျက်လုံးထဲက အံ့သြမှုကိုကြည့်ကာ သူ့စိတ်က အလွန်ကျေနပ်သွားသည်။

ကျန်းလောလင်းနှင့် ဝမ်းယန်က သူတို့ကိုယ်သူတို့မိတ်ဆက်လာသည်။

ဒီလိုနဲ့ ရှန်းယုဟန်က ရှန်ချီဟွမ်း၏ အထက်တန်းကျောင်းအတန်းဖော်များနှင့် ဆုံခဲ့ကြပြီး သူ့ဘဝထဲကို တိတ်တဆိတ်ဝင်လာခဲ့သည်။

သခင်ကြီးကျန်းက သန့်စင်ခန်းကပြန်လာတော့ သူက သူ့မြေးနဲ့မြေးချွေးမကို တွေ့လိုက်ရသည်။ သို့သော် သူက ရှန်းယုဟန်နှင့် စစ်တုရင်ဂိမ်းကိုကစားပြီး စိတ်ကြည်နေတာကြောင့် သူက နည်းနည်းပင်ပန်းနေလို့ သူ့အခန်းကိုသွားနာနေခဲ့ပြီး လူငယ်များကို လွတ်လွတ်လပ်လပ် လွှတ်ထားပေးလိုက်သည်။

အတန်းဖော်ဟောင်းများတွေ့ဆုံနေစဥ် သူတို့က အတိတ်အကြောင်းကို ပြောနေကြသည်။

ရှန်းယုဟန်က သူ့ခင်ပွန်းဘေးမှာထိုင်နေပြီး သူက ခေတ်သစ်အထက်တန်းကျောင်းသားများ၏ ဘဝကိုနားမလည်တာကြောင့် ဝင်မပြောပေမယ့် တိတ်တဆိတ်နားထောင်နေသည်။

တကယ်တော့ ကျန်းလောလင်းနှင့် ရှန်ချီဟွမ်း၏ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးက ပုံမှန်ဖြစ်ခဲ့ပြီး ကျောင်းတုန်းက သူတို့မှာ မတူညီသော သူငယ်ချင်းအသိုင်းအဝိုင်းများရှိခဲ့သည်။ ထို့အပြင် သူတို့က သူတို့စီးပွားရေးလုပ်ငန်းများနဲ့ အလုပ်ရှုပ်နေခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် တွေ့ရတာရှားပါးသည်။ သူတို့ကြားမှာ နှစ်များစွာကွာဟချက်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် သိပ်မရင်းနှီးပေ။

သို့သော် ဒီနေ့တွေ့ဆုံပွဲမှာ သူတို့သုံးယောက်ကြားက ကွာဝေးနေမှုက ကျဥ်းမြောင်းသွားသည်။

ရှန်ချီဟွမ်းက သူတို့အထက်တန်းကျောင်းပြီးတော့ ကျန်းလောလင်းနှင့် ဝမ်းယန်တို့က မတွဲကြသေးတာကြောင့် သူတို့အကြောင်းကို မသိခဲ့တာဖြစ်ကြောင်း သတိရသွားသည်။

သခင်ကြီးကျန်းက အိမ်ကိုပြန်သွားပြီးနောက် သူတို့လေးယောက်က လက်ဖက်ရည်ခန်းမှာ စကားပြောနေကြသည်။

ကျန်းလောလင်းက လက်ဖက်ရည်ခွက်ကို ရေဖြည့်ကာ အပူပေးလိုက်ပြီး ဝမ်းယန်က လက်ဖက်ခြောက်ကို လက်ဖက်ရည်ခွက်ထဲ ထည့်လိုက်သည်။

သူတို့၏လက်ဖက်ရည်ဖျော်နည်းက ကြုံရာကျပန်းဆန်သည်။

“ငါတို့ကျောင်းတက်တုန်းက မင်းတို့နှစ်ယောက်က ငါ့နောက်မှာငြိနေတာလား?” ရှန်ချီဟွမ်းက သူ့သံသယအကြောင်းကို မေးလိုက်သည်။ “ငါအဲ့ဒီအချိန်တည်းက မင်းတို့နှစ်ယောက်က တစ်ခုခုပဲလို့ ခံစားမိခဲ့တာ”

“အဲ့ဒီအချိန်တုန်းက ငါတို့တွဲဖြစ်မယ်လို့ မသိခဲ့ကြဘူး” ကျန်းလောလင်းက ပြောလိုက်သည်။ “ငါက သူနဲ့ကျောင်းတူဖို့ စာကြိုးစားခဲ့ပြီး အဲ့အချိန်က ရူးသွားပြီလို့တောင်တွေးခဲ့ပေမယ့် ကံကောင်းစွာနဲ့ သူနဲ့တူတဲ့တက္ကသိုလ်မှာ ဝင်ခွင့်ရခဲ့တယ်။”

ဝမ်းယန်ကပြုံးကာ မျက်မှန်ကိုပင့်တင်လိုက်သည်။ “မင်းကိုပုံမှန်ရက်တွေမှာ စာမလုပ်အောင် ဘယ်သူလုပ်လို့လဲ”

ကျန်းလောလင်းနှင့် ဝမ်းယန်က နှစ်များစွာအတူရှိခဲ့ပြီး သူတို့ဆက်ဆံရေးက သူတို့၏အချစ်ဦးဖြစ်ကာ သူတို့နှစ်ယောက်ကြားက အသွင်အပြင်က ဘယ်သူ့ကိုမှလှည့်စားလို့မရခဲ့ပေ။

ရှန်းယုဟန်က သူတို့နဲ့မရင်းနှီးလို့ သူက ဘေးမှာထိုင်ကာ ခေတ်သစ်စုံတွဲက ဘယ်လိုမျိုးဆိုတာ လေ့လာနေသည်။

သို့သော် လေ့လာမှတ်သားပြီးနောက်မှာ ဝမ်းယန်က ရှို့ဘက်ကဆိုတာမြင်လိုက်ပေမယ့် ဝမ်းယန်က အန်ဒီနဲ့ကွာခြားပြီး ကျန်းလောလင်းနှင့် သူ့ခင်ပွန်းနဲ့ တူနေသည်။ သူက အမျိုးသားတစ်ဦးသာဖြစ်ပြီး သူ့လှုပ်ရှားမှုတိုင်းက ပုံမှန်မို့လို့ သူက ကောလို့ခေါ်လို့ရသော အမျိုးစားတော့ သေချာပေါက်မဟုတ်ပေ။

ရှန်းယုဟန်က အနည်းငယ်ရှုပ်ထွေးသွားသည်။ ဒါက အမျိုးသားနှစ်ယောက်ကြား ဆက်ဆံရေးမဟုတ်ဘူးလား?

ဝမ်းယန်က ရှန်းယုဟန်၏ ကြည်လင်သောအကြည့်ကို သတိထားမိပြီး သူ့ခံစားချက်ကို ဂရုစိုက်လိုက်သည်။ “ရှန်းယုဟန်​က ပုံမှန်ဆို အိမ်မှာလက်ဖက်ရည်သောက်တတ်လား?”

ရှန်းယုဟန်က ချီတိုင်းပြည်က လက်ဖက်ရည်ဖျော်နည်းကို မသိစိတ်က တွေးမိသွားသည်။ “ကျွန်တော်လည်း လက်ဖက်ရည်သောက်ပေမယ့် အဲ့လောက်တော့ မရိုးရှင်းဘူး။”

“ဒါဆို ဘယ်လိုသောက်လဲ?” တကယ်တော့ သူတို့က လက်ဖက်ရည်အကြောင်းကို သိပ်မသိပဲ လူကြီးအများစုက သောက်ကြတာကြောင့် သူတို့ကလည်း သူတို့နဲ့အတူ နည်းနည်းသောက်ကြပြီး လူကြီးတွေဆီက လက်ဖက်ရည်ဖျော်နည်းကို သင်ထားကြသည်။ သူတို့က ရိုးရိုးရှင်းရှင်းသာဖျော်ကြပြီး လက်ဖက်ရည်အများကြီးသောက်လေ့မရှိပေ။

“ကျွန်တော်တို့မိသားစုက လက်ဖက်ရည်ကြမ်းကိုသောက်ပြီး ဖျော်နည်းက နည်းနည်းရှုပ်တယ်။” သူက ရှန်ချီဟွမ်းကိုကြည့်လိုက်သည်။ “ကျွန်တော်တို့အိမ်မှာ အဲ့ဒီပစ္စည်းတွေမရှိဘူး”

ရှန်ချီဟွမ်းက ရှန်းယုဟန် လက်ဖက်ရည်ဘယ်လိုဖျော်လဲဆိုတာကို မသိပဲ သူ့အကြောင်းနည်းနည်းသာသိသည်။ “နောက်ကျရင်ဝယ်ပေးမယ်” သူက သူ့အတန်းဖော်ဟောင်းကို ရှင်းပြလိုက်သည်။ “ငါတို့က အခုမှအတူနေကြလို့ တော်တော်များများကို မပြင်ဆင်ရသေးဘူး။”

ရှန်းယုဟန်က ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ဒါဆိုနောက်တစ်ခါ ခင်ဗျားတို့နှစ်ယောက်ကို အိမ်မှာလက်ဖက်ရည်သောက်ဖို့ ဖိတ်ပါ့မယ်၊ ကျွန်တော်သောက်နေကြ လက်ဖက်ရည်ဖျော်ပေးမယ်၊ သူ့ကိုလဲ့ချာလို့ခေါ်တယ်။”

ဝမ်းယန်က အရင်ဆုံးသဘောတူလိုက်သည်။ “လဲ့ချာ? ငါအဲ့ဒါကိုကြားဖူးတာကြာပြီ ဒါပေမယ့် မသောက်ဖူးဘူး၊ မင်းက ဘယ်လိုဖျော်ရမလဲသိတာလား?”

ရှန်းယုဟန်က သူ့ကို သိမ်သိမ်မွေ့မွေ့ ပြုံးပြလိုက်သည်။ “ကျွန်တော်က ဖျော်တာသိပ်မတော်ပါဘူး၊ ဒါကြောင့်သောက်တဲ့အခါ အရသာဆိုးတယ်လို့ မတွေးလိုက်ပါနဲ့”

“မဟုတ်တာ၊ ဒီနေ့ခေတ်မှာ လဲ့ချာဘယ်လိုလုပ်ရမလဲသိရုံနဲ့တင် တော်လွန်းနေပြီ၊ အခုတောင်သောက်ချင်တယ်” ဝမ်းယန်က ရှန်းယုဟန်ကို စတွေ့ကတည်းက သဘောကျပြီး ရှန်းယုဟန်မှာ ဆွဲဆောင်နိုင်သော အရောင်အဝါရှိသည်။ သူက သူနဲ့သူငယ်ချင်းဖြစ်ချင်နေပြီး စကားပြောရလွယ်ကူမယ်လို့ မမျှော်လင့်ထားပေ။

“ဒီနေ့တော့မရနိုင်ဘူး။ ငါတို့က လတ်တလောအလုပ်ရှုပ်နေမှာ မဟုတ်လို့ ထမင်းစားဖို့ ဖိတ်ခေါ်လိုက်ပါမယ်” ရှန်ချီဟွမ်းက ရှန်းယုဟန်အတွက် အချိန်စီစဥ်ပေးလိုက်သည်။

ကျန်းလောလင်းက ပြန်ဖြေသည်။ “အိုခေ၊ အပြင်မှာစားတာနဲ့ယှဥ်ရင် အိမ်ချက်ထမင်းဟင်းက ငါ့အတွက်ပိုကောင်းတယ်၊ ငါက နိုင်ငံခြားမှာစားနေရတာ နှစ်နှစ်ကြာပြီမို့ အန်တောင်အန်ချင်တယ်။”

လက်ဖက်ရည်အကြောင်း ခေါင်းစဥ်တစ်ခုက ရှန်းယုဟန်ကို ရှန်ချီဟွမ်းနှင့် တခြားသူများ၏ စကားဝိုင်းထဲသို့ ပေါင်းစည်းစေနိုင်ခဲ့ပြီး ယင်းမှာ လူမှုဆက်ဆံရေး၏ အနုပညာဖြစ်နိုင်ကာ သူက အလယ််ဗဟိုက လူမဟုတ်ရင်တောင် တခြားသူများက သူ့ကို လျစ်လျူမရှုခဲ့ပေ။

အဆုံးမှာ ရှန်းယုဟန်က လက်ဖက်ရည်ဖျော်နည်း တာဝန်ကိုယူကာ သူက လဲ့ချာလုပ်နည်းတင်မကပဲ လက်ဖက်ရည်အခမ်းအနားနဲ့ပတ်သတ်ပြီး နည်းနည်းသိသည်။

ချူတိုင်းပြည်၏ ရှင်ဘုရင်ကိုလက်ထပ်ဖို့ အင်ပါယာအမိန့်ပြန်တမ်းရပြီးချိန်မှာ နန်းတော်က သူ့ကို ခေတ်သစ်လက်ဖက်ရည်​ဖျော်နည်းနှင့်တူသော ချူတိုင်းပြည်၏ လက်ဖက်ရည်အနုပညာကို သင်ပေးရန် မော့မော့တစ်ယောက်ကိုပင် စေလွှတ်ခဲ့သည်။

သူတို့သုံးယောက်ကြားက စကားဝိုင်းအကြောင်းအရာက ရှန်းယုဟန်နားလည်ဖို့ ပိုခက်ခဲလာပြီး ကျန်းလောလင်းနှင့် ရှန်းယုဟန်က ကုမ္ပဏီစီမံခန့်ခွဲမှုနှင့် ပတ်သတ်တာကိုပြောနေကြသည်။

ဝမ်းယန်က ဗိသုကာဒီဇိုင်းပညာကို လေ့လာခဲ့ပြီး သူက ခေတ်သစ်လူသားတစ်ယောက်ဖြစ်ကာ ကျန်းလောလင်းနှင့်အတူရှိနေပြီး ထိုအကြောင်းအရာများကို မကြာခဏကြားရတာကြောင့် သူက နားလည်နိုင်သော်လည်း နားထောင်ရတာကိုမကြိုက်ပဲ စိတ်မဝင်စားတာကြောင့် ရှန်းယုဟန်၏ လက်ဖက်ရည်ဖျော်နည်းကိုသာ စတင်ချီးကျူးလာခဲ့သည်။

ဟုတ်တယ်၊ ရှန်းယုဟန်၏ လက်ဖက်ရည်ဖျော်နည်းက မျက်လုံးနှင့် စိတ်ဝိညာဥ်ကို သာယာစေသည့် ရေစီးအလား ချောမွေ့သည်။

ရှန်ချီဟွမ်းကစကားပြောနေစဥ် ခေါင်းငုံ့ထားပြီး လက်ဖက်ရည်ဖျော်နေသော ရှန်းယုဟန်ကို တစ်ချိန်လုံး လှည့်လှည့်ကြည့်နေပြီး ငြိမ်သက်ခြင်းဆိုသော စကားလုံးက သူ့ကိုညွှန်းဆိုရန်အတွက်ဖြစ်သည်။

သူ​ကြိုက်တာကိုလုပ်နေစဥ် ရှန်းယုဟန်၏ နှုတ်ခမ်းထောင့်က ကွေးညွတ်နေပြီး သူ၏သဘာဝဆန်သောအပြုံးက စိတ်လှုပ်ရှားစရာကောင်းသည်။

သူက အေးသွားသော လက်ဖက်ရည်ကိုသွန်ချကာ ကြွေခွက်လေးခွက်ကို လတ်လတ်ဆတ်ဆတ်ဖျော်ထားသော လက်ဖက်ရည်ဖြင့် အစားထိုးလိုက်ပြီး လက်ဖက်ရည်ခွက်များကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ရှန်ချီဟွမ်းကိုပေးလိုက်သည်။

“ယောကျာ်း..ခင်ဗျားအတွက်”

သူက ရှန်ချီဟွမ်းကို ယောကျာ်းလို့ခေါ်နေစဥ် သဘာဝဆန်ပြီး ကျန်းလောလင်းနှင့် ဝမ်းယန်ကို မသက်မသာမဖြစ်စေခဲ့ပေ။

ကျန်းလောလင်းက ဝမ်းယန်ကို ပေါင်နဲ့တို့လိုက်ပြီး ရှန်ချီဟွမ်းကို အားကျကာ တိုးတိုးလေးပြောလိုက်သည်။ “မင်းကရော ကိုယ့်ကို သူငယ်ချင်းတွေရှေ့မှာ ယောကျာ်းလို့ဘယ်တော့ခေါ်မှာလဲ?”

ဝမ်းယန်က နှုတ်ခမ်းထောင့်ကို လှုပ်ကာ ဆဲရေးလိုက်သည်။

“ကျေးဇူးပါ” ရှန်ချီဟွမ်းက ရှန်းယုဟန်ကမ်းပေးသော လက်ဖက်ရည်ခွက်ကို ဂရုတစိုက်ယူကာ အရသာက သူသောက်ဖူးတာနဲ့ ကွာခြားနေသည်။

အချိန်အတော်ကြာထိုင်ပြီးနောက် သူက ကြွက်သားနှင့်အရိုးကို ဆန့်ထုတ်ချင်လာသဖြင့် ရှန်းယုဟန်က သန့်စင်ခန်းကိုသွားချင်ကြောင်းပြောလာပြီး ဝမ်းယန်က သူလည်းလိုက်ချင်​ကြောင်း​ပြောလာသည်။ အကြောင်းမှာ ဤနေရာက ရှေးခတ်စံအိမ်ဖြစ်ပြီး နောက်တစ်ခန်းကိုသွားရန် ရှန်းယုဟန်က လမ်းမသိတာကြောင့် ဝမ်းယန်က သူနဲ့အတူလိုက်ပေးတာဖြစ်သည်။

ဒီလိုနဲ့ သူက ဥယျာဥ်ထဲမှာ လမ်းလျှောက်ချင်သွားသည်။

ရှန်းယုဟန်က ရှန်ချီဟွမ်းကိုပြောလိုက်သည်။ “ဒါဆို.. ယောကျာ်း.. ကျွန်တော်သွားတော့မယ်နော်”

ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ကုတ်ဝတ်သွား”

“အွန်း” ရှန်းယုဟန်က မတ်တပ်ထရပ်ပြီး ကုတ်ဝတ်လိုက်သည်။

ဘယ်သူ့ဇနီးက နူးညံ့သိမ်မွေ့လည်း ယှဥ်ကြည့်ရာမှာ ကျန်းလောလင်းက အစကနေအဆုံးထိ ရှုံးခဲ့ပြီး သူတို့ထွက်သွားတော့ မနာလိုဖြစ်ကာ ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ဟေး….မင်းက ဒီလိုဇနီးမျိုးကို ဘယ်လိုရလာတာလဲ? သူက မင်းကိုအရင်ဦးစားပေးပြီး အရာအားလုံးအတွက် မင်းအမြင်ကိုမေးနေတယ်။” ရှန်းယုဟန်က ရှန်ချီဟွမ်းအပေါ်မှာ အလုံးစုံနစ်မြုပ်ထားပေါ်ရသည်။ သူက သူ့ဆီက သင်ယူဖို့လိုသည်။ သူက လက်ထပ်ထားပေမယ့် သူ့ဝမ်းယန်ကို တခြားတစ်ယောက်ကလိုက်မှာကို စိုးရိမ်နေဆဲဖြစ်သည်။

ရှန်ချီဟွမ်းက ကျန်းလောလင်းကို အမှန်တရားဘယ်လိုပြောနိုင်မှာလဲ… သူက အမှားတစ်ဝက်အမှန်တစ်ဝက်ပြောလိုက်သည်။ “ဒီလိုပါပဲ၊ သူလိုချင်တာပေးပြီး ကောင်းကောင်းချော့လိုက်”

ကျန်းလောလင်းက အတွေ့အကြုံကို အလေးအနက် သင်ယူနေသည်။ “သူ့ကို ဘယ်လိုချော့ရမှာလဲ?”

ရှန်ချီဟွမ်း: “ဝမ်းယန်က ငိုရတာကြိုက်လား?”

ကျန်းလောလင်းက ခါးသီးစွာပြောလိုက်သည်။ “သူဘယ်လိုငိုမှာလဲ၊ အထက်တန်းကျောင်းတုန်းက လူတစ်ယောက်နဲ့ရန်ဖြစ်ပြီး လက်ကောက်ဝတ် လိမ်သွားတာတောင် ငိုခဲ့တာမဟုတ်ဘူး။ သူက တစ်ဖက်လူကို အမေတသွားအောင် ရိုက်ခဲ့ဖူးတယ်။”

ရှန်ချီဟွမ်းက သူလူတွေကို​ ချော့စရာမလိုတာကို အားကျသွားသည်။ “ငါမှတ်မိတယ်၊ မင်းလူမချော့ရတာပဲ ကံကောင်းပါတယ်၊ လူတွေကိုချော့ရတာက တော်တော်ဒုက္ခရောက်တယ်” သူက လူချော့ရတာနဲ့ပတ်သတ်ပြီး သူ့အတွေ့အကြုံကို ပြောပြလာသည်။ “မင်းသူကြိုက်တဲ့လက်ဆောင်ကို ဂရုတစိုက်ရွေးရတယ်၊ အဲဒါက ဒုက္ခအရောက်ဆုံးမဟုတ်သေးဘူး၊ တကယ်ဒုက္ခအရောက်ဆုံးအရာက အလုပ်ခရီးသွားရင်တောင် သူ့အတွက်စျေးဝယ်ထွက်ရတယ်၊ သူကြိုက်တဲ့လက်ဆောင်ကိုမဝယ်နိုင်ရင် မင်းပြန်လာရင်တောင် သူကစိတ်ဆိုးနေဦးမှာပဲ။ နောက်ဆုံးအကြိမ်က ငါသူ့ကိုစိတ်ဆိုးအောင်လုပ်မိတာ အခုသူက ငါနဲ့ ဗီဒီယိုကောလ်​ပြောရင် ကင်မရာတောင်မဖွင့်တော့ဘူး။ ​ကြည့်…သူက ချော့ရတာမခက်ဘူးလား…”

ကျန်းလောလင်းက ရှေ့တိုးကာ အာမေဋိတ်ပြုသည်။ “မင်းဇနီးက ချော့ရခက်လားတော့ ငါမပြောတတ်ပေမယ့် သူက မင်းပြောသမျှကိုနားထောင်တယ်” သူ့က စိတ်ရှည်ပုံရပေမယ့် သူ့စိတ်ရှည်မှုက တော်တော်ကြီးမားသည်။

ရှန်ချီဟွမ်း​က ပခုံးတွန့်ကာ သက်ပြင်းချလိုက်သည်။ “သူက ငါ့ကိုမျက်နှာသာပေးနေတာ၊ ဝမ်းယန်ကရောဘာဆိုးလို့လဲ၊ သူ့ကိုချော့ဖို့မလိုဘူးလေ”

ကျန်းလောလင်းက သူ၏ဖျောင်းဖျမှုကြောင့် နားလည်သွားသည်။ “အဲ့လိုထင်ရတာပဲ”

ရှန်ချီဟွမ်း​က ရိုးရိုးသားသားပြောလိုက်သည်။ “ကောင်းချီးပေးခံရတာကို တန်ဖိုးမထားပဲမနေပါနဲ့”

တကယ်တော့ ကျန်းလောလင်းကလည်း ရှန်ချီဟွမ်းကို ထိုစကားပြန်ပြောချင်ပေမယ့် သူက လက်ဆောင်ဝယ်တာနဲ့ပတ်သတ်ပြီး စိတ်ပူစရာမလိုတာကို တွေးမိ​သောအခါ သူက တစ်ဖက်လူထက် အနည်းငယ်ပိုသာနေသည်။ အနည်းဆုံးတော့ ဝမ်းယန်က လက်ဆောင်ပေးတာနဲ့ပတ်သတ်ပြီး အထူးလိုအပ်ချက်မရှိပေ။

သူတို့နှစ်ယောက်က သူတို့ဇနီးတွေကို ဘယ်လိုအမှုထမ်းမလဲ ဆွေးနွေးနေစဥ် ဝမ်းယန်နဲ့ ရှန်းယုဟန်က သူတို့အကြောင်းကို လုံးဝမဆွေးနွေးကြပေ။

သူတို့နှစ်ယောက်က သန့်စင်ခန်းကထွက်လာပြီးနောက် ပန်းပင်များပြည့်နေသော တခြားလမ်းကို လျှောက်သွားခဲ့သည်။

ရှန်းယုဟန်က ဤနေရာမှာ မကြာခဏနေဖူးသော ဝမ်းယန်ထက် ဥယျာဥ်ထဲက ပန်းပင်များနှင့် အလွန်ရင်းနှီးသည်။

ဝမ်းယန်က သူ့ကိုချီးကျူးလိုက်သည်။ “မင်းကတကယ်ကိုတော်တာပဲ၊ ငါ့အတွက်တော့ နာမည်မသိတဲ့ပန်းပင်တွေအများကြီးရှိနေတယ်။”

“ကျွန်တော့်မိသားစုမှာ ဥယျာဥ်တစ်ခုရှိဖူးတယ်၊ ဒါကြောင့် နည်းနည်းသိနေတာပါ၊ မကြာသေးခင်က ပန်းအလှဆင်နည်းသင်တန်းကိုတက်နေလို့ ပန်းပင်တွေအကြောင်း အများကြီးလေ့လာခဲ့တာပါ။ အကိုဝမ်းယန်က ဘာလုပ်တာလဲ?” ရှန်းယုဟန်နှင့် ဝမ်းယန်က အတူလမ်းလျှောက်ရတာ သက်တောင့်သက်သာဖြစ်နေပြီး သူတို့နှစ်ယောက်က အမျိုးသားတွေဖြစ်ပေမယ့် သူ့ယောက်ဖရှန်းချီယွင်လို တူညီသော ယောကျာ်းဆန်​မှုမျိုးကိုတော့ မခံစားရပေ။

ဝမ်းယန်ကပြောလိုက်သည်။ “ငါလား၊ ငါက ဗိသုကာဒီဇိုင်နာပါ၊ ငါက တခြားသူတွေအတွက် အထပ်မြင့်တိုက်နဲ့ မိုးမျှော်တိုက် ဒီဇိုင်းထုတ်ပေးတဲ့နေရာမှာ ကျွမ်းကျင်တယ်။”

“ဒါဆို ဗိသုကာပညာအကြောင်း အများကြီးသိမှာပေါ့” ရှန်းယုဟန်၏မျက်လုံးများက လေးစားမှုနဲ့ပြည့်နေသည်။ “လူတွေနေဖို့ အိမ်ဒီဇိုင်းဖန်တီးပေးရတာ ဘယ်လောက်ကောင်းလိုက်လဲ”

ဝမ်းယန်က သူ၏ရိုးရှင်းမှုကြောင့် ရွှင်မြူးသွားသည်။ “ငါက သင်ယူနေဆဲပါ။ ဥယျာဥ်မွမ်းမံတုန်းက လာကူပေးခဲ့လို့ ဘယ်မင်းဆက်ရဲ့ ပြတင်းပေါက်အလှဆင်မှုလည်း တပ်အပ်ပြောနိုင်တယ်။ ဒါပေမယ့် ကျွမ်းကျင်မှုအပိုင်းမှာတော့ သင်ယူနေဆဲလူတစ်ဦးပါပဲ။”

“ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချပါနဲ့၊ ခင်ဗျားမှာ ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းရှိပြီး ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့ ပိုက်ဆံရှာနိုင်တာကောင်းပါတယ်။” သူက ခေတ်သစ်ဗဟုသုတအကြောင်း ပိုလေ့လာလေ ရှန်းယုဟန်က ပိုနားလည်လာလေဖြစ်ပြီး ခေတ်သစ်လူသားများက အမှီအခိုကင်းပြီး အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးက သူတို့ကိုယ်သူတို့ ထောက်ပံ့ဖို့ ပိုက်ဆံရှာနိုင်ကာ ယင်းမှာ သူ၏အနာဂတ်ပန်းတိုင်လည်းဖြစ်သည်။

သူတို့နှစ်ယောက်က လက်ဖက်ရည်ခန်းနှင့်နီးသော သစ်ပင်တစ်ပင်ရှေ့မှာရပ်လိုက်ပြီး ဝမ်းယန်နှင့် ရှန်းယုဟန်က ဥယျာဥ်၏သမိုင်းကြောင်းနှင့်ပတ်သတ်ပြီး မွမ်းမံမှုအခက်အခဲအကြောင်းကိုပြောနေကာ ရှန်းယုဟန်က ထိုအကြောင်းကိုကြားတော့ အံ့အားသင့်နေသည်။ သူခေတ်သစ်ကိုရောက်ပြီးနောက် ဝမ်းယန်က သူ့ကိုစကားအများကြီးပြောဖူးသော ပထမဆုံးလူဖြစ်သည်။

ရှန်းယုဟန်၏ခေါင်းပေါ်ကို သစ်ရွက်တစ်ရွက်ကျဆင်းလာပြီး ဝမ်းယန်က ဖယ်ပေးလိုက်သည်။

လက်ဖက်ရည်ခန်း၏ ပြတင်းပေါက်မှာရပ်ကာ စကားပြောနေသော ရှန်ချီဟွမ်းနှင့် ကျန်းလောလင်းက ထိုမြင်ကွင်းကို တစ်ပြိုင်တည်းမြင်သွားသည်။

ဖယောင်းပန်းအောက်မှာ ခန့်ညားသောအမျိုးသားတစ်ယောက်ကို ခေါင်းလှည့်ပေးနေသော အလှလေးတစ်ယောက်ရှိပြီး အလှလေးအတွက် သစ်ရွက်ဖယ်ပေးနေသော အမျိုးသားတစ်ယောက်လည်းရှိကာ သူတို့နှစ်ယောက်က မသေမျိုးစုံတွဲလို စကားပြောကာ ရယ်မောနေသည်။

တစ်ချိန်တည်းမှာ ထိုမြင်ကွင်းက ပေါ့ပါးလွတ်လပ်ကာ ပျော်ရွှင်စရာကောင်းပေမယ့် လက်ရှိအချိန်တော့မပါဝင်ပေ။

ရှန်ချီဟွမ်းက သူ့ပါးစပ်ကို တင်းတင်းစေ့ကာ ပြောလိုက်သည်။ “အပြင်မှာအရမ်း​အေးနေပြီထင်တယ်၊ သူတို့ကိုအထဲပြန်ဝင်လာဖို့ ပြောရမယ်။”

ကျန်းလောလင်းကလည်း သဘောတူလိုက်သည်။ “ဟုတ်တယ်၊ ညစာအတွက်အချိန်ကျပြီ၊ ငါက ဝမ်းယန်နဲ့အတူ အဘိုးကိုသွားခေါ်လိုက်မယ်!”

&&&&&&&&&&&

Chapter 32.2

“နည်းနည်းပဲနမ်းမယ်”

ကျန်းအိမ်တော်မှာ ညစာစားပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို​ခေါ်ပြီး ကားထဲအမြန်ဝင်ကာ အိမ်ပြန်သွားခဲ့ပြီး အကြောင်းပြချက်မဲ့စွာ စိုးရိမ်ပူပန်နေခဲ့သည်။

ဝမ်းယန်က ပန်းပင်စိုက်ပျိုးခြင်းနှင့်ပတ်သတ်ပြီး ရှန်းယုဟန်နှင့် စကားပြောချင်နေဆဲဖြစ်သည်။

“သူတို့ဘာလို့ကားထဲအမြန်ဝင်သွားတာလဲ?” ဝမ်းယန်က ရှန်းယုဟန်ကို တော်တော်လေးသဘောကျသည်။

“မင်းတို့နှစ်ယောက်အရမ်းအဆင်ပြေနေပုံပဲ။” ကျန်းလောလင်း၏စကားက အနည်းငယ်ချဥ်စူးနေသည်။

“သူက ချစ်ဖို့ကောင်းတယ်လို့မထင်ဘူးလား?” ဝမ်းယန်က ကျန်းလောလင်း သဝန်တိုနေတာကို သတိမထားမိပေ။ “ငါသာ မင်းကိုမသိခဲ့ရင် သူ့ကိုလက်ထပ်ချင်လိမ့်မယ်ထင်တယ်။”

ကျန်းလောလင်းက ရန်သူကိုရင်ဆိုင်နေရသည့်အလား သူ့လူကို အထဲဆွဲခေါ်သွားသည်။ “မင်းရဲ့ဒီအတွေးက အရမ်းအန္တရာယ်များတာပဲ”

အနာဂတ်မှာ သူတို့နှစ်ယောက်က အပြင်တစ်ယောက်တည်းမထွက်သင့်တော့ပေ၊ ထိုနေ့လည်ခင်းမြင်ကွင်းက ကြောက်ဖို့ကောင်းလွန်းသည်!

ဒီနေ့ ရှန်းယုဟန်က စိတ်ကြည်နေပြီး သူ့ခင်ပွန်းက သူ့ကို သူငယ်ချင်းတွေနဲ့တွေ့ဖို့ခေါ်သွားသည်။ သူက ဝမ်းယန်နဲ့လည်း ဝီချက်မှာ သူငယ်ချင်းလုပ်ခဲ့ပြီး အနာဂတ်မှာ တစ်ခုခုနားမလည်ရင် သူ့ကိုမေးနိုင်သည်။ ခေတ်သစ်ကိုရောက်လာပြီးနောက် ဝမ်းယန်က သူရိုးရိုးရှင်းရှင်းရခဲ့သော ပထမဆုံးသူငယ်ချင်းဖြစ်သည်။

ယင်းတင်မကပဲ သူက အန်ကယ်ကျန်းဆီက အဖြူရောင်ကျောက်စိမ်း စစ်တုရင်ဘုတ်ကိုလည်းရခဲ့သည်။

ရေချိုးပြီး ကုတင်ပေါ်မှာလှဲကာ ရှန်ချီဟွမ်းကိုစောင့်နေပြီးနောက် သူက ပြုံးနေခဲ့သည်။ ရှန်ချီဟွမ်းက ရေချိုးပြီး အိပ်ရာပေါ်တက်လာကာ နေ့လည်က ဝမ်းယန်နှင့် ရှန်းယုဟန် အတူရပ်နေသောမြင်ကွင်းက သူ့စိတ်ထဲမှာပေါ်လာခဲ့သည်။

သူက ခေါင်းငုံ့ကာ ရှန်းယုဟန်ကိုမေးလိုက်သည်။ “မင်းဝမ်းယန်နဲ့ စကားပြောရတာကြိုက်လား?”

ရှန်းယုဟန်က သူ့ကိုကြည့်ရန် ဘေးစောင်းလိုက်ပြီး တုံ့ဆိုင်းမနေပဲပြောလိုက်သည်။ “ကြိုက်တယ်၊ သူကအများကြီးသိတယ်၊ ဒီနေ့ ဥယျာဥ်မွမ်းမံတာနဲ့ပတ်သတ်ပြီး အများကြီးပြောပြခဲ့တယ်။ ပြီးတော့ သူက ဗိသုကာဒီဇိုင်နာတဲ့၊ အရမ်းမိုက်တာပဲ” ဗိသုကာပညာရှင်များက ပိုက်ဆံအများကြီးရှာနိုင်တယ်လို့ စီရီကပြောခဲ့သည်!

ရှန်ချီဟွမ်းက မှုန်ကုပ်ကုပ်တွေးပြီး သူက ဝမ်းယန်ကို အရမ်းသိနေတာကြောင့် ဘေးလှည့်ကာ ရှန်းယုဟန်ကို မကြည့်တော့ပေ။ သူက သူ့နှုတ်ခမ်းကို အမြဲစိုက်ကြည့်နေတာကို တွေ့ခဲ့ရသည်။

ရှန်ချီဟွမ်း စကားပြန်မပြောတာကိုတွေ့တော့ ရှန်းယုဟန်က သူစိတ်ဆိုးနေလားအံ့သြနေသည်။ ဝမ်းယန်က အမျိုးသားဖြစ်ပြီး ရှန်းယုဟန်က သူ့ယောကျာ်းအပါအဝင် တခြားသူများ၏ စိတ်ခံစားချက်ကို ခံစားနိုင်ဆဲဖြစ်သည်။

ရှန်းယုဟန်က သူ့ကို မဝံ့မရဲမေးလိုက်သည်။ “ယောကျာ်း၊ ခင်ဗျားစိတ်ဆိုးနေတာလား?” ဝမ်းယန်က ဘယ်လောက်ကောင်းသည်ဖြစ်စေ သူ့မှာခင်ပွန်းရှိတာတောင် သူကတခြားအမျိုးသားတစ်ယောက်ကို စဥ်းစားရဲသည်။

ရှန်ချီဟွမ်းက ခေါင်းအနောက်ဘက်မှာ လက်တစ်ဖက်ကိုတင်ထားပြီး မျက်နှာကျက်ကိုကြည့်ကာ မရိုးသားစွာပြောလိုက်သည်။ “ငါဘာလို့စိတ်ဆိုးရမှာလဲ?”

အခန်းကနွေးနေပြီး ရှန်းယုဟန်က ရှန်ချီဟွမ်းဆီ တိုးသွားပြီး သူ့အပေါ်ကနေလက်ထောက်ကာ ရှန်ချီဟွမ်းကို ငုံ့ကြည့်ပြီး သူ့ပခုံးကိုထိလိုက်သည်။ “တကယ်လား?”

ရှန်ချီဟွမ်းက မျက်ခွံကို အပေါ်မြှောက်ကာ သူ့ကိုငုံ့ကြည့်နေသော ရှန်းယုဟန်ကိုကြည့်လိုက်သည်။ ဤပုံစံက ဓာတ်ပုံရိုက်တဲ့အခါ လူတစ်ယောက်၏မျက်နှာကို မမှတ်မိနိုင်အောင် ပြောင်းလဲပေးနိုင်သော ဆိုးရွားသောရှုထောင့်လို့ပြောကြပြီး ရလဒ်ကတော့ ကြောက်စရာကောင်းသော ပိုင်မုန့်မျက်နှာဖြစ်ပေမယ့် ရှန်းယုဟန်က ဘုရားသခင်၏ ကောင်းချီပေးတာကို ခံထားရပုံပေါ်သည်။ သူ့မျိုးရိုးဗီဇကကောင်းလွန်းသဖြင့် သူက လုံးဝရုပ်မဆိုးပဲ ဆန့်ကျင်ဘက်အနေနဲ့ သူ့အသွင်အပြင်က လုံးဝပြောင်းလဲမသွားပဲ ကွဲပြားသော ဆွဲဆောင်မှုတစ်ခုရှိနေသည်။

သူက ရှန်းယုဟန်၏ ကြည်လင်သော မျက်လုံးများကိုကြည့်ကာ သူ့ကိုနမ်းချင်စိတ်ပေါ်လာပြီး ရှန်ချီဟွမ်းက သူ့ကိုယ်သူရူးနေပြီဟု တွေးလိုက်သည်။ သူက ထိုနေ့က ရင်ပြင်မှာလုပ်ခဲ့သလို ရှန်းယုဟန်ကို နမ်းချင်နေသည်။

သို့သော် သူက ထိုအကြောင်းကို သိပ်မဂရုမစိုက်နိုင်ပဲ အရမ်းမတွေးချင်ပေ။

သက်ပြင်းချလိုက်ရင်း သူက ခေတ်နောက်ကျသော နည်းလမ်းကိုတွေးကာ ရှန်းယုဟန်ကိုပြောလိုက်သည်။ “မင်းမျက်နှာမှာတစ်ခုခုရှိနေတယ်၊ ခေါင်းငုံ့လိုက်”

ရှန်းယုဟန်က သူ့မျက်နှာပေါ်မှာ တစ်ခုခုပေနေတယ်လို့ တကယ်ထင်သွားသည်။ သူအခုလေးတင် မျက်နှာသစ်လာတာမဟုတ်ဘူးလား?

သူက သူ့ခေါင်းကိုနာခံစွာငုံ့လိုက်ပေမယ့် ရှန်ချီဟွမ်းက သူ့ကိုစောင့်နေတာကိုမသိခဲ့ပေ။ ရှန်းယုဟန်က မပြင်ဆင်ထားခင်မှာ ရှန်ချီဟွမ်းက တစ်ပတ်လှိမ့်ကာ ရှန်းယုဟန်ကို ခေါင်းအုံးပေါ်မှာဖိချလိုက်ပြီး နှုတ်ခမ်းကို သူ့စိတ်ကြိုက်နမ်းကာ နမ်းနေစဥ် သွားကိုဖွင့်လိုက်သည်။

ရှန်းယုဟန်က နည်းနည်းရှုပ်ထွေးသွားပြီး သူက အသက်ရှူကျပ်တော့မည်ဟု ခံစားမိလိုက်သော်လည် ဒီလိုအသက်ရှူကျပ်ခြင်းက သူ့တစ်ကိုယ်လုံးကိုတင်းမာစေပြီး သူကမလှုပ်ရဲပေ။ ထိုအနမ်းမှာ ရှန်ချီဟွမ်းက နူးညံ့နေလို့ ပိုကောင်းလာပြီး ရှန်းယုဟန်က သူ့လျှာထိပ်နှင့် တုံ့ပြန်ဖို့ကြိုးစားနေသည်။

သူ့တုံ့ပြန်မှုက ရူးသွပ်နေသော ရှန်ချီဟွမ်းကို အသိစိတ်ပြန်ဝင်သွားစေပေမယ့် သူက မရပ်တန့်ချင်ခဲ့ပေ။

သူက သူဘာလုပ်နေလဲဆိုတာကိုသိပြီး သူက တစ်ခါလောက်တော့ အရူးထသင့်တယ်လို့တွေးလိုက်သည်။ ဒီလူက သူ၏တရားဝင်လက်တွဲဖော်ဖြစ်ပြီး နမ်းလိုက်လို့ အသားပဲ့မသွားပေ။

အနမ်းအဆုံးသတ်သွားစဥ် ရှန်းယုဟန်က အသက်ပြင်းပြင်းရှုနေပြီး အသက်ရှူကျပ်လုနီးပါးဖြစ်နေ၍ ကံကောင်းစွာပင် ရှန်ချီဟွမ်းက သူ့ကိုလွှတ်ပေးလိုက်သည်။

ရှန်ချီဟွမ်းက အနောက်နည်းနည်းဆုတ်သွားပြီး ထမသွားပဲ စိတ်ငြိမ်စေရန် ဘေးအခန်းကိုလည်း မသွားခဲ့ပေ။

ရှန်းယုဟန်က ဒီနေ့ သူခင်ပွန်းက မင်္ဂလာဦးညက သူ့ခင်ပွန်းနှင့် မတူဘူးဟုတွေးနေသည်။

သူက နီရဲနေသော သူ့နှုတ်ခမ်းကို ညင်ညင်သာသာ ဖွင့်လိုက်သည်။ “ယောကျာ်း?”

ရှန်ချီဟွမ်းက စိတ်လိုက်မာန်ပါလုပ်ချင်စိတ်ကို မဖုံးဖိနိုင်သော သူ့မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်သည်။ “ရှန်းယုဟန်၊ ငါ့ကိုမကြည့်နဲ့”

“ဘာလို့လဲ?” ရှန်းယုဟန်က ရှန်ချီဟွမ်း၏ရင်ဘတ်ပေါ်မှာ အနားယူနေပြီး သူက မင်္ဂလာဦးညဖြစ်တော့မည်ဟု တွေးမိလုနီးပါးပင်။ “ယောကျာ်း”

ရှန်ချီဟွမ်း၏အသံက အက်ကွဲနေပြီး တစ်ခုခုကို ထိန်းချုပ်ထားရသလို ခက်ထန်စွာအမိန့်ပေးလိုက်သည်။ “မြန်မြန်သွားအိပ်တော့”

ထို့နောက် သူက ရှန်းယုဟန်၏မျက်လုံးများကို ဖုံးထားသော သူ့လက်ကိုဖယ်ကာ ကုတင်ဘေးက မီးအိမ်ကိုပိတ်လိုက်သည်။ ထို့နောက် အခန်းထဲက မထွက်သွားပေမယ့် ရေချိုးခန်းထဲဝင်သွားခဲ့သည်။

ရှန်းယုဟန်၏မျက်နှာက သူ့လက်နဲ့ဖုံးထားခံရလို့ နွေးနေမလား၊ ဒါမှမဟုတ် သူနဲ့ရင်းနှီးတာကိုလုပ်မိလို့ နားရွက်ထိပ်က နွေးနေမလား မသိနိုင်ပေ။

လက်မထပ်ခင် ယောကျာ်းတစ်ယောက်က သူ့ကိုစိတ်ဝင်စားရင် သူ့ခန္ဓာကိုယ်က တုံ့ပြန်လာပြီး ထိုနေရာက အရမ်းဖောင်းလာမယ်လို့ သူ့မော့မော့ကပြောခဲ့ဖူးသည်။

သူက စောင်ကိုဖြည်းဖြည်းချင်း မျက်နှာပေါ်ခြုံလိုက်သည်။

သူက သူ့ခင်ပွန်း၏ခန္ဓာကိုယ်တုံ့ပြန်မှုကို ခံစားလိုက်ရသည်!

ဒီတော့ သူ့ခင်ပွန်းက သူ့အပေါ်ခံစားချက်မရှိတာမဟုတ်ရင် ဘာလို့ထိန်းချုပ်နေရတာလဲ?

ရှန်းယုဟန်က နားမလည်နိုင်ဖြစ်နေသည်။

ရှန်ချီဟွမ်းက သူထွက်မလာခင် နာရီဝက်ကြာအောင် ရေချိုးခန်းထဲမှာနေခဲ့ပြီး ကုတင်ပေါ် တိတ်တဆိတ်တက်လာခဲ့သည်။

ထိုအချိန်တွင် ရှန်းယုဟန်က သူ့ကိုနောက်ကျောပေးထားပြီး စောင်ကို နားရွက်ဖုံးအောင်ခြုံထားကာ သူက သူအိပ်ပြီလား မအိပ်သေးဘူးလားပင် မသိရပေ။

ပထမဆုံးအကြိမ်အဖြစ် ရှန်းယုဟန်က အိပ်ရာဝင်မည့် ရှန်ချီဟွမ်းကို မချဥ်းကပ်လာခဲ့ပေ။

ရှန်ချီဟွမ်းက သူ့ကျောနားကိုတိုးသွားကာ ခဏကြာတော့ ရှန်းယုဟန်က တိတ်တဆိတ် နောက်ရွှေ့လာပြီး အိပ်ပျော်တော့မည့် ရှန်ချီဟွမ်း၏ လက်မောင်းထဲကိုရောက်သွားသည်။

ရှန်းယုဟန်က သူ့ပခုံးကိုပွတ်လိုက်ကာ ဒီလိုအိပ်ရတာ သက်တောင့်သက်သာရှိနေသည်။

နောက်တစ်နေ့တွင် ရှန်းယုဟန်နိုးလာသောအခါ ရှန်ချီဟွမ်းက အိမ်မှာမရှိတော့ပဲ သူက ကုမ္ပဏီကို မနက်အစောကြီးထွက်သွားခဲ့သည်။

မနေ့က သူ့ခင်ပွန်း ဒီနေ့အပြင်စောစောထွက်ရမယ်လို့ ပြောတာကိုမကြားခဲ့ပေ။

လက်ရေးလှနှင့် ပန်းချီသင်တန်းကို ဖျက်သိမ်းပြီးနောက် ရှန်းယုဟန်၏ တနင်္လာနှင့် အင်္ဂါအတန်းများကို အသစ်မပြင်ဆင်ရသေးတာကြောင့် သူက အပြင်ထွက်ပြီး လက်ရေးလှလေ့ကျင့်ရေးစာအုပ်ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက မနေ့က သူပြောခဲ့သော လဲ့ချာကိုလည်းမှတ်မိသွားပြီး ထိုလက်ဖက်ရည်က အရင်ကလို ကောင်းပါဦးမလားတော့မသိပေ။

သူက စုတ်တံဖြင့် စာရင်းရေးဆွဲကာ အန်တီဝမ်ကိုပေးလိုက်သည်။

အန်တီဝမ်က စာရွက်ပေါ်ကလက်ရေးကို ကြည့်လိုက်တော့ ဘိုးဘေးဘီဘင်များရေးထားသော ဆေးစာနဲ့တူတာကြောင့် မနေနိုင်​တော့ပဲ ချီးကျူးလိုက်သည်။ “မစ္စတာရှန်းရဲ့လက်ရေးက တကယ်ကိုလှတာပဲ”

“သာမန်ပါပဲဗျ” ရှန်းယုဟန်က ကျုံးနွံစွာပြောလိုက်သည်။

မနက်စာစားပြီးနောက် သူက လက်ရေးလှစာအုပ်ဝယ်ရန် ဒရိုက်ဘာကို လိုက်ပို့ခိုင်းလိုက်သည်။ ခက်ခဲသောဘောပင်လက်ရေးလှစာအုပ်များက ရှာရှလွယ်ကူဆဲဖြစ်ပြီး သူလေ့ကျင့်နိုင်သရွေ့ အရည်အသွေးမြင့်လွန်းတာကို ရွေးချယ်ရန်မလိုပေ။

ကုမ္ပဏီက ရှန်ချီဟွမ်းက ရှန်းယုဟန် အပြင်သွားတာကိုမသိပဲ ရှန်းယုဟန်၏ ပန်းချီအကြောင်းကို စဥ်းစားနေသည်။

ဒီကိစ္စက အင်တာနက်သုံးစွဲသူများ၏ အာရုံကိုဆွဲဆောင်ခဲ့ပြီး ကျန်းချန်ရဲစခန်း၏ တရားဝင်ဝေ့ပေါ်က စစ်ဆေးမှုအပြီးမှာ အမှုကို ဝေ့ပေါ်တွင်တိုက်ရိုက်တင်ခဲ့သည်။ သူက ရှန်းယုဟန်၏ ပန်းချီနဲ့လက်ရေးလှကို စျေးကွက်ပေါ်တင်ပေးမယ့်အစား ​အသေးစားကြော်ညာပေးပြီး ကူညီရန်တွေးနေသည်။ ဒါကြောင့် သူက သူ့ကိုယ်ပိုင်ဝေ့ပေါ်အကောင့်ကို ဝင်လိုက်ကာ ယင်းမှာ ဖောလိုးဝါးတက်လာပေမယ့် သတင်းပို့စ်အများစုက တက်မလာပဲ အချိန်အတော်ကြာ အကောင့်သေနေခဲ့သည်။

နောက်ဆုံးအကြိမ် ဝေ့ပေါ်မှာသူတင်ခဲ့တာက သုံးလကြာခဲ့ပြီး ကုမ္ပဏီပွဲတစ်ခုအတွက် ကြော်ညာကိုတင်ခဲ့တာဖြစ်သည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်၏ပန်းချီကားပုံကို ရိုက်ယူခဲ့ပြီး ဆယ်မိနစ်လောက် ပြင်ပြီးနောက်မှာ သူက ပန်းချီကားကိုပေါ်လွင်စေမယ့် အတောက်ပဆုံးအလင်းရောင်ကို ရွေးလိုက်ပြီး စကားလုံးအနည်းငယ်ရေးကာ တင်လိုက်သည်။

[အဖိုးမဖြတ်နိုင်တဲ့ရတနာ. {ပန်းချီကားပုံ)]

ရှန်ချီဟွမ်း၏ဝေ့ပေါ်က Followers ဆယ်သန်းရှိပြီး ပန်းချီကို ဒီပုံစံဖြင့် သူကိုယ်တိုင်တင်လိုက်တော့ စတိုင်ကျနေပြီး ပန်းချီကားပိုင်ရှင်၏ ဆန်းကျယ်မှုကိုလည်း ထိန်းထားနိုင်ပြီး တစ်ယောက်ယောက်က ပန်းချီကားကို အနာဂတ်မှာ ထင်ကြေးပေးလာနိုင်သည်။ ယိဖန့်ကျွီရှီးအယောင်ဆောင်ရဲသူကတော့ တရားရုံး၏ဆင့်ခေါ်ချက်ကိုရမှာဖြစ်သည်။

ရှန်းယုဟန်က သူ့ခင်ပွန်း သူ့ပန်းချီကားကို ကြော်ညာပေးနေတာကိုမသိပဲ သူက အိမ်မှာ လက်ဖက်ရည်ပါတီလုပ်နည်းကို လေ့လာနေပြီး သူ့မှာ သူငယ်ချင်းအများကြီးမရှိပေမယ့်လည်း လုံလောက်သောလေးစားမှုပေးရမည်။

ရှန်ချီဟွမ်းက ဝေ့ပေါ်မှာတင်ပြီးနောက် ကုမ္ပဏီ၏အီးမေးလ်များကိုဖတ်နေကာ ပရဟိတ အီးမေးလ်တစ်စောင်က သူ့အာရုံကို ဆွဲဆောင်ခဲ့သည်။

မဆိုးဘူး၊ မဆိုးဘူး၊ သူ့ကုမ္ပဏီက ဒီပရဟိတလှုပ်ရှားမှုကို မြှင့်တင်ပေးရင် ရှန်းယုဟန်က သဘောကျမှာပဲ။

ထိုညမှာ ရှန်းယုဟန်က ကားသံကြားလို့ တံခါးမှာရပ်ကာ သူ့ကိုစောင့်နေခဲ့သည်။

ကားပြင်ထွက်ပြီးနောက် ရှန်ချီဟွမ်းက သူ့ကိုအိမ်ထဲကိုတွန်းလိုက်သည်။ “အပြင်မှာအေးနေပြီ၊ ဒီမှာဘာလုပ်နေတာလဲ”

ရှန်းယုဟန်က သူ့ကိုယ်ပေါ်က ခြုံထည်ကို ရှန်ချီဟွမ်းအတွက် ချွတ်ပေးလိုက်သည်။ “ခင်ဗျားကိုစောင့်နေတာ၊ ယောကျာ်းချမ်းနေပြီလား?”

“မချမ်းဘူး” ရှန်ချီဟွမ်းက အပြင်မှာအေးနေ၍ သူ့ကိုမစောင့်ဖို့ပြောချင်ပေမယ့် သူက သူအိမ်ပြန်လာချိန် တစ်ယောက်ယောက်က သူ့ကိုစောင့်နေတာကို သဘောကျတာကြောင့် သူက ပြုံးလိုက်ကာ အေးစက်သောလက်ချောင်းများဖြင့် ရှန်းယုဟန်၏လည်ပင်းကို ဖိလိုက်သည်။

ရှန်းယုဟန်က အေးစက်မှုကြောင့် ထိတ်လန့်သွားပြီး သူ့လက်ကိုရိုက်ထုတ်လိုက်သည်။ “ယောကျာ်းက ကလေးဆန်လိုက်တာ!”

“မင်းလောက်တော့ ကလေးမဆန်ဘူး၊ ဒီအရွယ်ကြီးနဲ့ ယုန်​ဖြူပူဖောင်းကြီးကို ဝယ်ချင်နေတယ်” သူက အထဲရောက်သည်နှင့် လေလျော့နေသည့် ပူဖောင်းကိုတွေ့လိုက်ရသည်။

ရှန်းယုဟန်က မငြင်းပဲ သူ့ခင်ပွန်းက ညစာအတွက် အိမ်ပြန်လာဖို့ အားတာရှားပြီး သူက အတန်းမသွားခဲ့ရသဖြင့် သူတို့နှစ်ဦးစာ ဟင်းလျာများကို ကိုယ်တိုင်ချက်ခဲ့သည်။

ထိုင်ချပြီး​နောက် သူက သူ့ခင်ပွန်း အရသာမြည်စမ်းပြီး သူ့ကိုချီးမွမ်းတာကို စောင့်နေသည်။

ရှန်းယုဟန်က သူ့အတွက် ဟင်းလျာများကိုပြင်ပေးဖို့ လက်မြှောက်လိုက်ပြီး သူဒီနေ့ကြော်ခဲ့သော ဆောင်းမျှစ်ကိုပေးလိုက်သည်။ “ဒီနေ့ဟင်းတွေမှာ ထူးခြားတာရှိလား?”

ရှန်ချီဟွမ်းက တစ်ကိုက်ပြီးတစ်ကိုက်စားကာ လေးနက်စွာပြောလိုက်သည်။ “ရှိတယ်” ရှန်ချီဟွမ်းက သူ့ကို တမင်တကာမေးလိုက်သည်။ “အန်တီရဲ့ ဟင်းချက်စကေးလ်တွေက ဒီရက်ပိုင်းကျနေတာလား?”

ရှန်းယုဟန်၏ မျှော်လင့်ချက်မျက်လုံးများက သိသိသာသာမှိန်သွားခဲ့သည်။ “ဒီတစ်ခုကရော?.

ရှန်ချီဟွမ်းက ဆက်ပြီးဟန်ဆောင်လိုက်သည်။ “ဒါလည်း သာမန်ပဲ၊ အန်တီက ဒီနေ့စိတ်မကြည်လို့လား?”

ရှန်းယုဟန်က သူ့ကို အစားအသောက် ထပ်မထည့်ပေးတော့ပဲ သူ့မျက်နှာပေါ်က မျှော်လင့်ချက်က ပျောက်သွားခဲ့သည်။

သူနောက်တစ်ခါမချက်တော့ဘူး၊ ယောကျာ်းက အရသာမကောင်းဘူးလို့ပြောနေတယ်။

သို့သော် နှုတ်ခမ်းပေါ်မှာ ကဲ့ရဲ့ရှုံ့ချနေသော စကားများကို တမင်ပြောနေစဥ် ရှန်ချီဟွမ်းက အားလုံးစားလို့ကုန်သွားပြီး သူဗိုက်ပြည့်မှပြောလိုက်သည်။ “ရှန်းယုဟန်.. မင်းချက်ထားတာ အရမ်းအရသာရှိတယ်”

ချီးကျူးခံရပြီးနောက် အပြုံးတစ်ခုက ရှန်းယုဟန်၏မျက်လုံးထဲမှာပေါ်လာပြီး သူက အပေါ်ယံပြုံးပြလိုက်ပေမယ့် ရှန်ချီဟွမ်းက ထိုအပြုံးကို နှစ်စက္ကန့်လောက်ကြည့်နေခဲ့သည်။

သူက ညနေပိုင်းရေချိုးပြီးနောက် ဆံပင်ကိုလေမှုတ်နေစဥ် ရှန်းယုဟန်က သူ့ဆံပင်ကို နှစ်ခါထိကြည့်လိုက်ပြီး အရှည်မြန်တာကိုတွေ့ခဲ့ရသည်။ သူက ညင်သာစွာဆုပ်ကိုင်လိုက်တော့ အရင်ကခံစားချက်ပြန်ရောက်လာခဲ့သည်။

သူ့ဆံပင်ကို လေမှုတ်ပြီးနောက် ဆိုဖာပေါ်မှာ ဝေ့ပေါ်ကွန်းမန့်ဖတ်နေသော ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်း၊ ကျွန်တော် ဆံပင်အရှည်ထားလို့ရလား?”

ရှန်ချီဟွမ်းက မော့ကြည့်ကာ ရှန်းယုဟန်၏ ဆံပင်ရှည်ကို သူ့စိတ်ထဲမှာ စိတ်ကူးယဥ်ကြည့်နေပြီး ခေါင်းညိတ်ပြလိုက်ကာ ဂရုမစိုက်သလို ဟန်ဆောင်လိုက်သည်။ “မင်းထားချင်ရင် ထားလို့ရတယ်”

သူလိုချင်သောအဖြေကိုရပြီးနောက် ရှန်းယုဟန်က အိပ်ရာပေါ်မှာလဲလျောင်းကာ သူ၏ရှင်းသန့်ကြည်လင်သော မျက်လုံးများကို တဖျပ်ဖျပ်ခတ်လိုက်ပြီး ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်း၊ အနားယူတော့မှာလား?”

ရှန်ချီဟွမ်းက မွှေးကြိုင်နေသော သူ့အသွင်အပြင်ကြောင့် နှိုးဆွခံရပြီး ဖုန်းကိုင်ထားသော လက်ကအေးခဲသွားသည်။ “အနားယူမယ်”

ရှန်ချီဟွမ်းက ကုတင်ဘေးကမီးအိမ်ကို မီတ်လိုက်ပြီး ရှန်းယုဟန်က သူ့မျက်နှာတစ်ဝက်ကို စောင်ခြုံကာ တီးတိုးပြောလိုက်သည်။ “ယောကျာ်း၊ ဒီည ခင်ဗျားကျွန်တော့်ကိုနမ်းချင်လား?”

ရှန်ချီဟွမ်း၏ အမူအရာက ခဏရပ်သွားကာ ခေါင်းမာသောပါးစပ်ဖြင့်ပြောလိုက်သည်။ “မနမ်းဘူး” တစ်ဝက်တောင်မနမ်းဘူး။

ရှန်းယုဟန်က သူ့ကို တံတောင်နဲ့တွက်လိုက်ပြီးနောက် အဖိခံလိုက်ရကာ တစ်ဝက်တောင်မနမ်းဘူးလို့ပြောခဲ့သော လူတစ်ယောက်၏ အကြာကြီးနမ်းခြင်းကို ခံလိုက်ရသည်။

ဒီပရော်ပရည်လုပ်တတ်တဲ့ မြေခွေးလေးက ဗားရှင်း 2.0 ကိုပြောင်းလဲနေကြောင်း သူမသိခဲ့ပေ။

ရှန်ချီဟွမ်းက စိတ်ထဲမှာတွေးလိုက်သည်: ငါနည်းနည်းပဲနမ်းလိုက်မယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment