နွေဦး၏အစပိုင်းဖြစ်သော်လည်း ဟိုင်းချန်မြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းသောကြောင့် တစ်မြို့လုံးကို မြူခိုးများဖြင့်ဖုံးလွှမ်းစေခဲ့ပြီး စိုထိုင်းထိုင်း အေးစက်စက်ဖြစ်စေခဲ့သည်။
ကော်ဖီဆိုင်မှထွက်လာသည်နှင့် လေထုထဲမှအအေးဓာတ်ကို လင်းနွမ်ခံစားမိလိုက်သည်။
“လင်းနွမ်။”
ကုဟန်ရန်က ကော်ဖီဆိုင်ထဲမှပြေးထွက်လာပြီး ထီးကိုင်ထားသည့်လင်းနွမ်ကို လှမ်းဆွဲလိုက်သည်။ ထို့နောက် သူ(မ)က စူးရှရှအသံဖြင့် အော်ပြောလိုက်၏။
“မော့ရှန်ပျောက်နေတာ (၄)နှစ်ရှိပြီ။ သူ့ရဲ့ အမွေဆက်ခံခွင့်တွေ၊ ကုမ္ပဏီရှယ်ရာတွေနဲ့ ကားတွေအိမ်တွေအားလုံး သူ့ညီ ဝိန်မော့ရှီရဲ့နာမည်နဲ့ဖြစ်ကုန်ပြီ။”
လင်းနွမ် နောက်ကျောတွန့်သွား၏။
“ဝိန်မော့ရှန်အတွက် ချန်ထားလို့ရနိုင်တဲ့တစ်ခုတည်းသောအရာက ငါ့ကိုယ်ငါပဲရှိတော့တယ်။ မော့ရှန်ပြန်လာတဲ့အခါ ဘာမှမရှိတော့တဲ့ခံစားချက်မျိုး မဖြစ်စေချင်ဘူး။”
လင်းနွမ်၏နှလုံးသားထဲတွင် နာကျင်မှုကိုခံစားလိုက်ရ၏။ ဝိန်မော့ရှန်မှာ လင်းနွမ်၏နှလုံးသားထဲတွင် ပုန်းကွယ်နေခဲ့သော ချစ်ရသူတစ်ဦးပင်။ ကုဟန်ရန်က မိုးရွာထဲတွင်ရပ်နေပြီး လင်းနွမ်က ထီးအောက်တွင်ရပ်နေကြရာ သူတို့နှစ်ယောက်လုံးမှာ မတိုးသာမဆုတ်သာအခြေအနေဖြစ်နေကြလေသည်။
လင်းနွမ်က ကုဟန်ရန်ကိုင်ထားသည့်လက်ကို ပြန်ဆွဲယူလိုက်ပြီး အိတ်ထဲမှ အနက်ရောင်ကုတ်အင်္ကျီတစ်ထည်ကိုထုတ်ကာ ခြုံထားလိုက်သည်။
“ငါက ဝိန်မော့ရှန်ကိုချစ်နေလို့သာ နင်ငါ့ကိုဒီလိုတွန်းအားပေးလို့ရနေတာ။ ဒါပေမဲ့ သူတစ်နေ့ပြန်လာပြီး အမှန်တရားကိုသိသွားတဲ့နေ့ကျရင် ငါက နင်တို့နှစ်ယောက်ကြားထဲက ဖယ်မရတဲ့ဆူးလိုဖြစ်သွားမှာပဲ။ ကုဟန်ရန်။ နင်ဘယ်လိုများ ဒီလိုလုပ်ရက်ရတာလဲ။”
ကုဟန်ရန်က စကားပြန်ပြောချင်သကဲ့သို့ နှုတ်ခမ်းများတုန်ယင်နေသော်လည်း သူ(မ) ပြန်မဖြေခဲ့ပေ။ ခပ်မြန်မြန်ပြန်ဖြေလိုက်ပါကာ သူ(မ)၏အချစ်တို့မှာ လေးနက်မှုမရှိဟု တစ်ဖက်လူထင်သွားမည်ကိုစိုးနေခဲ့သည်။ သူ(မ) တုံ့ဆိုင်းနေချိန်တွင် မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများက နီရဲနေပြီး မျက်ရည်လည်နေသောကြောင့် မိုးရေထဲမှသူ(မ)ပုံစံမှာ ပို၍သနားစရာကောင်းနေခဲ့သည်။
လင်းနွမ်၏ ဖြူဖွေးသွယ်လျသောလက်ချောင်းများက ထီးကိုတင်းကျပ်စွာဆုပ်ကိုင်ထားပြီး လက်ဆစ်များ ဖျော့တော့လာခဲ့သည်။ ကုဟန်ရန်၏အဖြေကိုစောင့်နေသည့်သူ(မ)အကြည့်များမှာ အေးဆေးတည်ငြိမ်လျက်ပင်။ အချိန်အတော်ကြာသည်အထိ ကုဟန်ရန်က ဘာမှပြန်မပြောခဲ့သောကြောင့် လင်းနွမ်လည်း ထိုနေရာမှသွားတော့မည်ဖြစ်သည်။ သို့သော် လမ်း၏အခြားတစ်ဖက်သို့ သူ(မ)လှမ်းကြည့်မိလိုက်သည်။ စိတ်ဓာတ်ကျနေသည့်ပုံစံဖြင့် လူတစ်ယောက်ရပ်နေသည်ကိုမြင်လိုက်ပြီး သူ(မ) အံ့အားသင့်စွာဖြင့် ရပ်ကြည့်နေမိတော့သည်။
လမ်းမီးတိုင်အောက်တွင် အနက်ရောင်ကားတစ်စီးရပ်ထား၏။ လိမ္မော်ရောင်မီးရောင်ကြောင့် ထိုလူ၏ကျယ်ပြောသည့်ပခုံးပေါ်တွင်ကျနေသည့် မိုးစက်များကို အသေးစိတ်မြင်တွေ့ရသည်။ ထိုသို့ ကြည့်ကောင်းသည့်သွင်ပြင်နှင့် တည်ငြိမ်သောရောင်ဝါရှိနေသည့်အမျိုးသားကို သတိမထားမိဘဲ လျစ်လျူရှုထားရန်မှာ မဖြစ်နိုင်ချေ။
ထိုသူမှာ ဖုဟွိုက်အန်းပင်တည်း။
ဘာကြောင့်မှန်းရယ်မသိဘဲ ဖုဟွိုက်အန်းကိုမြင်လိုက်ရသည့်တစ်ခဏတွင် လင်းနွမ် အပြစ်ရှိစိတ်နှင့် စိတ်မလုံခြုံမှုကိုခံစားလိုက်ရသည်။ ကုဟန်ရန်ကို ကူညီသင့်၊ မကူညီသင့် မဆုံးဖြတ်ရသေးဘဲ မည်သည်ကိုမျှ စမလုပ်ရသေးသည့်အချိန်တွင်ပင် ဖုဟွိုက်အန်းကိုမြင်လိုက်သည်နှင့် သူ(မ) စိုးရိမ်စိတ်တို့မြင့်မားခဲ့ရသည်။
မိုးစက်နှင့်ရောယှက်နေသည့် လေစိမ်းတို့တိုက်ခတ်သွားရာ လင်းနွမ်တစ်ကိုယ်လုံး အေးစိမ့်သွားတော့သည်။ ထီးကိုသာ တင်းကျပ်စွာဆုပ်ကိုင်ထားမိပြီး သူ(မ)ရှေ့မှအမျိုးသားကိုကြည့်ရင်း မှင်တက်မိနေခဲ့သည်။ ထိုသူထံမှ အကြည့်လွှဲလိုက်ချင်သော်လည်း သူ(မ)၏ခန္ဓာကိုယ်က ကျောက်ရုပ်ကဲ့သို့ဖြစ်ကာ လှုပ်ရှားမရခဲ့ပေ။
ဖုဟွိုက်အန်းနှင့်အတူ အသက်အလတ်ပိုင်းအမျိုးသားတစ်ယောက် Fragrance Residences ထဲမှ ထွက်လာ၏။ ဖုဟွိုက်အန်း၏လက်ထဲမှ ဆေးလိပ်ကိုမြင်သည့်အခါ မီးညှိပေးချင်စိတ်ဖြင့် မီးခြစ်ကိုလက်နှစ်ဖက်နှင့်ကမ်းပေးကာ မျက်နှာလုပ်ရန်ကြိုးစားလိုက်သည်။ ဖုဟွိုက်အန်း၏ဆံပင်နှင့် Suit တစ်ခုလုံး မိုးရေစိုနေပြီဖြစ်ပြီး သူက အိတ်ကပ်ထဲသို့ လက်တစ်ဖက်ထည့်ထားသေး၏။ ၎င်းမှာ ဖုဟွိုက်အန်းကို အခြားသူများထက် ထူးခြားသာလွန်စေသည့်ကိုယ်ဟန်အနေအထားဖြစ်ပြီး ခမ်းနားမှုရောင်ဝါကလည်း သူ့ဂုဏ်ဒြပ်တွင် ထင်ရှားနေခဲ့သည်။
ဖုဟွိုက်အန်းကို အဖော်ပြုပေးနေသည်မှာ သူ၏သူငယ်ချင်းကောင်း လုကျင်းနန်ဖြစ်၏။ Fragrance Residences မှ ထွက်လာပြီးနောက် လမ်း၏အခြားတစ်ဖက်မှလင်းနွမ်ကို သူသတိထားမိသွားသည်။ ထိုအခါ အံ့အားသင့်စွာဖြင့် သူ့ကော်လံကိုမ,ကာ မျက်ခုံးပင့်ပြပြီး ဖုဟွိုက်အန်းဆီသို့လျှောက်သွားခဲ့သည်။
“ဥက္ကဌဝမ်။ ဒီနားက Convenience store မှာ ဆေးလိပ်တစ်ဗူးလောက်သွားဝယ်ပေးပါလား။”
လုကျင်းနန်က သာမန်အသံအနေအထားဖြင့်ပြောလိုက်သည့်အခါ ဖုဟွိုက်အန်း၏နံဘေးတွင်ရပ်နေသော အသက်အလတ်ပိုင်းအမျိုးသားက တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ကာသဘောတူလိုက်သည်။
“ဟုတ်ကဲ့ ရပါတယ် ဥက္ကဌလု။”
“ကျေးဇူးနော်။”
လုကျင်းနန်က စိတ်ထဲကမပါဘဲပြောလိုက်၏။
ဝဝဖိုင့်ဖိုင့်ဥက္ကဌဝမ်ထွက်သွားသည်ကိုကြည့်ရင်း ဖုဟွိုက်အန်းက သူ့လက်ထဲမှဆေးလိပ်ကို အေးအေးဆေးဆေးမီးညှိလိုက်သည်။ ၎င်းမှာ တစ်စုံတစ်ယောက်က သူ့ကိုပေးထားသည့် တံဆိပ်အကောင်းစားစီးကရက်ဖြစ်ပြီး သူသောက်နေကျဆေးလိပ်အမျိုးအစားမဟုတ်ပေ။ လုကျင်းနန်က အိတ်ကပ်ထဲမှဆေးလိပ်တစ်ဗူးကိုထုတ်လိုက်၏။ ဆေးလိပ်တစ်လိပ်ကို ဖုဟွိုက်အန်းကိုလှမ်းပေးလိုက်ပြီး တစ်လိပ်ကို သူ့ပါးစပ်တွင်ကိုက်ကာ
“လူအိုကြီးဖု။ မင်းရဲ့ ဟိုကောင်မလေးမလား။ လမ်းဟိုဖက်မှာရပ်နေတယ်။”
ဖုဟွိုက်အန်းက လေးနက်သည့်အကြည့်ဖြင့် ဆေးလိပ်မီးညှိနေရာမှ လုကျင်းနန်ကိုကြည့်လိုက်သည်။ လုကျင်းနန်က ဆေးလိပ်ကိုပါးစပ်တွင်ကိုက်ထားရင်း လက်နှစ်ဖက်လုံးကိုအိတ်ကပ်ထဲထည့်ကာ လင်းနွမ်ရှိနေသည့်ဘက်ကို မေးငေါ့ပြလိုက်၏။
“ငါမင်းကိုနောက်နေတာမဟုတ်ဘူးကွ။ ဟိုမှာလေ အဲ့ဒီ့ကောင်မလေး ကုဟန်ရန်။”
ဆေးလိပ်မီးညှိထားသောကြောင့် ဖုဟွိုက်အန်း၏နှုတ်ခမ်းထောင့်မှ အဖြူရောင်အငွေ့များထွက်လာသည်။ မီးခြစ်ကိုသိမ်းလိုက်ရင်း ခန့်မှန်းရခက်သောမျက်လုံးများဖြင့် လမ်း၏အခြားတစ်ဖက်ကိုကြည့်လိုက်သည့်အခါ သူ့ကိုကြည့်နေသောအမျိုးသမီးကို သူတွေ့သွားခဲ့သည်။
ထိုအကြည့်တစ်ချက်မှာ လင်းနွမ်၏နှလုံးသားကိုလှုပ်ခါသွားစေရန် လုံလောက်ပေ၏။ အစောပိုင်းက ကော်ဖီဆိုင်ထဲတွင် ကုဟန်ရန်ပြောခဲ့သည့်စကားများကို သူ(မ)ပြန်တွေးမိရင်း အပြစ်ရှိစိတ်တို့ပိုဆိုးလာပြီး ချွေးစိုနေသောလက်ဖြင့် ထီးကိုသာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိတော့သည်။ ဆေးလိပ်ငွေ့များကြောင့် ဖုဟွိုက်အန်း၏ အေးစက်စက်မျက်နှာထားကို သေသေချာချာမမြင်ရသော်လည်း ပြင်းထန်သည့်ဖိအားတစ်ခုကို ခံစားနေရသောကြောင့် လင်းနွမ် အလွန်စိတ်ပူပန်ကာ ကြောက်ရွံ့နေတော့သည်။
(T/N - ဒီအပိုင်းမှာ ရှုပ်သွားကြမယ်ထင်ပါတယ်။ တကယ်တော့ ဖုဟွိုက်အန်းကြည့်နေတဲ့သူက လင်းနွမ်ပါ။ ဒါပေမဲ့ လုကျင်းနန်က အဲ့အကြောင်းကိုမသိဘဲ ကုဟန်ရန်ကို ရည်ညွှန်းပြောနေတာပါ။)
*****
Aurora Novel Translation Team