လင်းနွမ်က ထွမ်းထွမ်းလေးကို ငုံ့ကြည့်နေရင်းမှ လင်းမိသားစုအိမ်တွင် လျန်မုလန်အား ဖုဟွိုက်အန်းကိုယ်တိုင် ထုတ်ပြောခဲ့သော ထွမ်းထွမ်းလေးက သူ၏မိတ်ဆွေတစ်ဦး မတိမ်းပါးခင်တွင် စောင့်ရှောက်ပေးရန် အပ်နှံသွားခဲ့သော ကလေးငယ်ဟူသော စကားထံသို့ အတွေးရောက်သွားခဲ့သည်။
လင်းနွမ်က ကလေးများနှင့်ပတ်သက်ကာ နီးနီးကပ်ကပ်နေဖူးသော အတွေ့အကြုံမျိုး လုံးဝမရှိသဖြင့် ရှေ့လျှောက်ဆက်ပြီး ထွမ်းထွမ်းလေးနှင့် မည်သို့ပြောဆိုကာ ဆက်သွယ်ရမည်ကို စဉ်းစားနေခဲ့သည်။ မည်သို့ပင်ဆိုစေ သူ(မ)က မနက်ဖြန်တွင် ထွမ်းထွမ်းလေး၏ မိခင်အဖြစ် စာရင်းအသွင်းခံရတော့မည်ပင်။
လင်းနွမ်က လက်ကိုမြှောက်ကာ ရေမခြောက်သေးသော ဆံနွယ်များအား နားရွက်အနောက်သို့ သပ်တင်လိုက်ပြီး ထွမ်းထွမ်းလေးနှင့် စကားပြောရန် ဟန်ပြင်လိုက်သည်။ ထိုအခါမှသာလျှင် လင်းနွမ်မှာ သူ(မ)၏လည်ချောင်းက အတော်လေးခြောက်ကပ်နေသည်အား သတိပြုမိသွားခဲ့သည်။
ချောင်းတစ်ချက်ဟန့်ကာ လည်ချောင်းရှင်းပြီးနောက် လင်းနွမ်က ထွမ်းထွမ်းလေးရှေ့သို့ လျှောက်သွားလိုက်ပြီး နှုတ်ခမ်းများအား လျှာဖြင့်သပ်ကာ ကလေးနားလည်အောင် ရှင်းပြလိုက်သည်။
"အဲဒီအန်တီက...သူ(မ)က အရမ်းကို မူးနေတာ။"
လင်းနွမ်က အမူးလွန်နေသော ပိုင်ရှောင်းနျန်၏ အပြုအမူများကို ရှင်းပြနေခဲ့သော်လည်း ထွမ်းထွမ်းလေးအနေဖြင့် သူ(မ)ပြောနေသော အကြောင်းအရာများကို နားမလည်မလည်အား လင်းနွမ်လည်း မပြောတတ်ချေ။ ထွမ်းထွမ်းလေးကတော့ စကားအဆုံးတွင် ခေါင်းညိတ်လာခဲ့သည်။
"ထွမ်းထွမ်းကြီးလာရင် အဲဒီအန်တီဆီက သင်ယူလို့မဖြစ်ဘူး။ သူ(မ)လုပ်သလိုမျိုး လိုက်မလုပ်ရဘူးနော်။"
ထွမ်းထွမ်းလေးက အပြစ်ကင်းစင်သော မျက်လုံးလေးများဖြင့် လင်းနွမ်အား ပြန်မော့ကြည့်လာသည်။ အမှန်တိုင်းပြောရလျှင် သူက ထိုအန်တီကို အားကျနေခဲ့ကာ သူ(မ)လုပ်သည့်အတိုင်း လိုက်လုပ်ချင်နေခဲ့သည်။ ထိုအန်တီက သူ၏မားမားကို ဖက်ခွင့်ရသလို သူသည်လည်း မားမားကို ဖက်ချင်မိသည်ပင်။
ထွမ်းထွမ်းလေးထံမှ စကားပြောသံကို မကြားရသဖြင့် လင်းနွမ်မှာ ထွမ်းထွမ်းလေးက ငယ်ရွယ်လွန်းလှသဖြင့် သူ(မ)ပြောနေသည်များကို နားမလည်လောက်သေးဟု တွေးမိသွားခဲ့ရာ ကလေးနားမလည်မည့် ကိစ္စများကို ဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်လေသည်။
ထို့နောက် အိပ်ခန်းတံခါးကို လက်နောက်ပြန်နှင့် လှမ်းပိတ်လိုက်ပြီး ယစ်ထုပ်မယ်ဖြစ်သူ ပိုင်ရှောင်းနျန်တစ်ယောက် သက်တောင့်သက်သာနှင့် အနားယူနိုင်စေရန် ခွင့်ပြုထားလိုက်သည်။ ထို့နောက်တွင်တော့ သူ(မ)က ထွမ်းထွမ်းလေးကို ကောက်ချီလိုက်ပြီး ဧည့်ခန်းဘက်သို့ ပြန်ထွက်လာခဲ့သည်။
လက်ရှိအချိန်တွင် ဖုဟွိုက်အန်းက ဧည့်ခန်းအတွင်းရှိ ဆိုဖာထက်တွင် ခြေချိတ်တင်ကာ အေးအေးလူလူပင် ထိုင်နေခဲ့ပြီး သူ၏ရှည်သွယ်သော လက်ချောင်းများကြား၌ မီးမညှိရသေးသော စီးကရက်တစ်လိပ်က နေရာယူထားလေသည်။ သူက လင်းနွမ် အိမ်ပြန်ရောက်ချိန်တွင် ကော်ဖီစားပွဲပေါ်၌ တင်ထားမိခဲ့သော မနက်ခင်းသတင်းစာကို ဖြန့်ဖွင့်လိုက်ကာ ကြော်ညာကဏ္ဍမှ အင်တာဗျူးတစ်ခုကို ဖတ်ရှုနေခဲ့သည်။ ဖြစ်ချင်တော့ ထိုစားပွဲခုံပေါ်တွင် အိမ်ရှင်အမျိုးသမီးနှင့် ဖုန်းပြောပြီးနောက် လင်းနွမ်ကြည့်ရန် ပြင်ဆင်ထားသော အိမ်ငှားစာချုပ်ကပါ ရှိနေခဲ့သည်ပင်။ ဖုဟွိုက်အန်း၏ အကြည့်များက နက်ရှိုင်းလှပြီး ထူးမခြားနားပုံစံ ပေါက်နေခဲ့ကာ သူ၏အတွေးများကလည်း နံဘေးမှလူများအတွက် ထွင်းဖောက်မြင်ရန် ခက်ခဲလှသည်။
လင်းနွမ်ငှားထားသော ဤတိုက်ခန်းလေးက အရမ်းမကျဉ်းသလို အရမ်းလည်းမကျယ်ပေ။ အခန်းနှစ်ခန်းပါ ၉၈ စတုန်းရန်းမီတာပတ်လည် တိုက်ခန်းဖြစ်ပြီး လင်းနွမ်ကဲ့သို့ တစ်ကိုယ်တည်းနေသော မိန်းကလေးအတွက်တော့ အတော်လေးကျယ်သည့် အနေအထားပင်ဖြစ်သည်။
သို့သော်လည်း ဤတိုက်ခန်းအတွင်း ဖုဟွိုက်အန်းဝင်ကာ ထိုင်လိုက်ချိန်တွင် ဧည့်ခန်းတစ်ခုလုံး ပြည့်ကျပ်သွားသလို မျက်လုံးထဲတွင် မြင်ယောင်မိသွားခဲ့သည်။
ဧည့်ခန်းထောင့်တွင် ဖွင့်ထားသောမီးအိမ်၏ မီးရောင်ဖျော့ဖျော့က ဖုဟွိုက်အန်၏ ညာဘက်အခြမ်းပေါ်သို့ ကျရောက်နေခဲ့ပြီး သူ၏ထင်ရှားသော မျက်နှာသွင်ပြင်ကို ပိုမိုရုပ်လုံးကြွစေရန် ပံ့ပိုးပေးနေခဲ့ကာ သူဝတ်ထားသော အောက်ခံအင်္ကျီ၏ ကော်လံအဖြူကိုပါ ထင်းနေစေသည်။
ကြီးမားကာ ကျယ်ပြန့်လှသော ပခုံးများက မီးအိမ်မှလာသော အလင်းတစ်ဝက်ကို ကွယ်ထားခဲ့ပြီး ထိုအလင်းအမှောင်၏ လှည့်စားမှုကြောင့်လား မပြောတတ်သော်လည်း သူ၏ရင့်ကျက်ကာ တည်ငြိမ်လှသည့် သွင်ပြင်အနေအထားက လင်းနွမ်အား နဂိုထက်ပိုကာ ထိတ်လန့်သွားစေသည်။
ဖုဟွိုက်အန်းက လက်ထဲတွင်ကိုင်ထားသော စီးကရက်အား နှုတ်ခမ်းများဆီသို့ပို့ကာ ကိုက်ခဲလိုက်ပြီး ဖတ်လက်စဖြစ်နေသော အင်တာဗျူးဆောင်းပါးကို ဘေးသို့ပို့လိုက်ကာ လင်းနွမ်၏ အိမ်ငှားစာချုပ်ကို တစ်ချက်ကြည့်လိုက်သည်။
လင်းနွမ်က ထွမ်းထွမ်းလေးကို ချီထားရာမှ အောက်သို့ချပေးလိုက်ပြီး ဧည့်ခန်းမီးများကို ဖွင့်လိုက်လေသည်။
ဖုဟွိုက်အန်းက စာချုပ်ဖတ်နေချိန်တွင် မီးလင်းလာသဖြင့် ခေါင်းမော့ကြည့်လိုက်ရာ မတ်တတ်ရပ်နေသော လင်းနွမ်နှင့် ထွမ်းထွမ်းလေးကို မြင်လိုက်ရလေသည်။ သူက လက်ထဲမှ အိမ်ငှားစာချုပ်ကို အောက်ပြန်ချလိုက်ပြီး ခဲထားဆဲဖြစ်သော စီးကရက်လိပ်အား မီးညှိလိုက်သည်။
လင်းနွမ်က မည်သည့်စကားမှမပြောဘဲ ဖုဟွိုက်အန်းအား ဖြေရှင်းချက်တောင်းနေသော မျက်လုံးများနှင့် စိုက်ကြည့်လိုက်သည်။ ထွမ်းထွမ်းအား မည်သည့်အတွက်ကြောင့် ညကြီးအချိန်မတော်မှ အပြင်ခေါ်လာခဲ့ပြီး သူ(မ)၏အိမ်သို့ ရောက်လာခဲ့သနည်းကို မည်သို့မည်ပုံ ဖြေရှင်းချက်ပေးမည်လောဟု စောင့်နေခြင်းပင်။
သို့သော်လည်း နောက်ဆုံးတွင်တော့ လင်းနွမ်မှာ ခေါင်းမာခြင်းအမှုတွင် ဆရာတစ်ဆူဖြစ်သော ဖုဟွိုက်အန်း၏ အကြည့်များအောက်တွင် အရှုံးပေးလိုက်ရသည်။ သူ(မ)၏အတွေးများက အစောပိုင်းတုန်းက ပိုင်ရှောင်းနျန်လုပ်ခဲ့သော ရှက်စရာအပြုအမူများကို ပြန်သတိရသွားခဲ့ပြီး နီရဲနေသော မျက်နှာနှင့်ပင် အရှက်ပြေပြောလိုက်သည်။
"ကျွန်မသူငယ်ချင်း သောက်တာများသွားလို့..."
"အင်း...ကိုယ်မြင်လိုက်သလို ကြားလည်းကြားလိုက်ပါတယ်။"
ဖုဟွိုက်အန်း၏ အသံဩရှရှက ဤကိစ္စမျိုးက ထူးမခြားနားဖြစ်သည်ဟူသော လေသံမျိုးကို သယ်ဆောင်ထားခဲ့ပြီး ပေါ့ပေါ့ပါးပါးနှင့် စိတ်ထဲထားပုံမရပေ။ ဤအဖြစ်အပျက်က လင်းနွမ်အား ပိုရှက်သွားစေကာ နားရွက်များကိုပါ ရဲတွတ်သွားသည်။
သူက ဖြစ်ခဲ့သည်များကို မြင်သွားသည့်အပြင် ကြားပင်ကြားလိုက်သေးသည်တဲ့။ မည်မျှအထိမြင်ပြီး မည်မျှအထိပင် ကြားသွားခဲ့သနည်း။
သူ(မ)ထံတွင် ကြီးမားလှသော ရင်သားများရှိသည်ဟု ပိုင်ရှောင်းနျန်က အော်ချက်ထုတ်ကာ သူ(မ)ခန္ဓာကိုယ်ကို ခေါင်းအစခြေအဆုံး ပွတ်သီးပွတ်သပ် လုပ်နေခဲ့သည်အား လင်းနွမ်မှတ်မိသွားခဲ့ပြီး အိုးတိုးအမ်းတန်းနှင့် ရှက်ရွံ့သွားရသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် ဖုဟွိုက်အန်း၏ နှုတ်ခမ်းများထက်မှ အပြုံးဟူ၍ပင် ယူဆ၍မရသော သေးငယ်လှသည့် အပြုံးလေးကို တွေ့သွားချိန်တွင် လင်းနွမ်၏ အရှက်များက ဒေါသများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
'ဒီလူကတော့...ကလေးတစ်ယောက်လုံး ပါနေတာတောင်မှ ဒီလိုမြင်ကွင်းမျိုးကို ရှောင်နေလိုက်မယ်မရှိဘူး။'
ဧည့်ခန်းထဲတွင် တိတ်ဆိတ်မှုက တစ်ဖန်ပြန်လည်ကာ ကြီးစိုးသွားခဲ့ပြီး ထွမ်းထွမ်းလေးက သူ၏လက်ချောင်း ဖောင်းဖောင်းလေးများနှင့် လင်းနွမ်၏လက်ကို ကိုင်ထားရင်း ပကတိ ကြည်စင်နေသော မျက်လုံးလေးများနှင့် လင်းနွမ်အား ပျော်ရွှင်စွာပင် မော့ကြည့်လာလေသည်။ သူက လင်းနွမ်နှင့် ဖုဟွိုက်အန်းတို့၏ လူကြီးများကြားမှ ထူးဆန်းလှသော တိတ်ဆိတ်မှုကြီးအား လုံးဝသတိမပြုမိချေ။
လင်းနွမ်၏ အကြည့်များက ထွမ်းထွမ်းလေးထံသို့ ရောက်လာချိန်တွင် အပြစ်ရှိစိတ်က ပိုများလာခဲ့သလို ပိုရှက်သွားသဖြင့် မျက်နှာသည်လည်း ပိုမိုနီမြန်းသွားရသည်။
လင်းနွမ်အနေဖြင့် ထွမ်းထွမ်းလေးက သူ(မ)ကိုရယ်ကာ လှောင်နေခြင်းမဟုတ်ကြောင်း သိပါ၏။ ကလေးငယ်များက အပြစ်ကင်းစင်ပြီး ဖြူစင်လွန်းလှသဖြင့် ဤကိစ္စများကို နားမလည်သည်က ပုံမှန်ဖြစ်သလို လူကြီးများကဲ့သို့ ထဲထဲဝင်ဝင် မတွေးတတ်သည်ကလည်း သဘာဝပင်။ ထို့အပြင်ကို ဖုဟွိုက်အန်း၏ စကားများကလည်း ရှိးရှင်းလှပြီး မည်သည့်နေရာကမှ အလွန်အကျွံဖြစ်နေခြင်း မရှိပါချေ။ လင်းနွမ်၏ အတွင်းစိတ်ကိုက အပြစ်ရှိသလို ခံစားနေရသဖြင့် ဖုဟွိုက်အန်း၏ စကားများကို ကြားလိုက်ရချိန်တွင် ဒေါသထွက်သွားခြင်းသာဖြစ်သည်။
*****
Aurora Novel Translation Team
(TN/ လူကြီးမင်းဖုလို ကလေးငယ်ရှိတဲ့နေရာမှာ ဆေးလိပ်သောက်တာမျိုး လုံးဝမလုပ်ပါနဲ့နော်။)