no

Font
Theme

လင်းနွမ်က ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် ဧည့်သည်အခန်း၏ အိပ်ရာထက်တွင်ထိုင်ကာ စိုရွှဲနေသောဆံပင်များ ခြောက်သွေ့သွားစေရန် ပဝါတစ်ထည်ဖြင့် သုတ်နေလိုက်သည်။ ကုဟန်ရန်ပြောလိုက်သော ကိစ္စနှင့်ပတ်သက်ပြီး ဖုဟွိုက်အန်းနှင့် မည်သည့်နေရာမှ စတင်ဆွေးနွေးသင့်သနည်းဟု စဉ်းစားနေလိုက်သည်။ လင်းနွမ်နှင့် ဖုဟွိုက်အန်းက မတွန့်မဆုတ်ဘဲ စကားပြောနိုင်သည်အထိ ရင်းနှီးသူများမဟုတ်သဖြင့် ပြောမည့်စကားများက မျက်နှာပြောင်တိုက်ရာ ကျနေလောက်သည်။


ဖုဟွိုက်အန်းအား ကုဟန်ရန်နှင့် စေ့စပ်ကြောင်းလမ်းထားသည်ကို ဖြတ်သိမ်းပေးပါဟု အတင့်ရဲကာ တောင်းဆိုရန်မှာ ဘယ်လိုပင်ကြည့်ကြည့် အဓိပ္ပာယ်မရှိသော ကိစ္စဖြစ်နေမည်ကို လင်းနွမ်သည်လည်း သတိပြုမိပါ၏။ အကြောင်းမသိသူများသာ ထိုစကားများကို ကြားသွားခဲ့ပါလျှင် လင်းနွမ်က တိတ်တဆိတ်အကြံဖြင့် မနာလိုဖြစ်ကာ ပွဲဖျက်ခြင်းဟူ၍ ထင်နေကြပေရော့မည်။ လင်းနွမ်မှာ ခေါင်းနောက်လာသဖြင့် ဆံပင်သုတ်နေသောလက်က ပိုအားပြင်းလာခဲ့သည်။


လင်းနွမ်ဘက်မှ ဖုဟွိုက်အန်းအား သွားရှာချိန်တွင် ဖုဟွိုက်အန်းက ညစာစားပြီး၍ အိမ်အပေါ်ထပ်သို့ ပြန်တက်လာခဲ့ပြီဖြစ်၏။ သူတို့နှစ်ယောက်သားက ဒုတိယထပ်၏ လှေကားထောင့်ချိုး နေရာကျဉ်းလေးတွင် ထိပ်တိုက်တွေ့မိသွားကြသည်။ လင်းနွမ်မှာ သတ္တိကြောင်တော့မည့် ကိုယ့်ကိုယ်ကိုယ် ပြန်ကာ အားပေးလိုက်ပြီး နှုတ်ခမ်းများကိုဖွင့်ကာ ဖုဟွိုက်အန်းအား ကြည်လင်သောအသံဖြင့် ပြောလိုက်လေသည်။ 


“လူကြီးမင်းဖု၊ ဒီနေ့ဒီကိုလာတာ ကျွန်မဆီမှာ တောင်းဆိုစရာရှိလို့ပါ။”


လက်တစ်ဖက်တွင် ပူပူနွေးနွေးနှင့် အငွေ့တထောင်းထောင်းထနေသော ကော်ဖီခွက်ကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်ကို အိပ်ကပ်ထဲထည့်ကာ အပေါ်ထပ်သို့ တက်လှမ်းလာသော ဖုဟွိုက်အန်းက ထိပ်ဆုံးလှေကားကို နင်းဖြတ်လိုက်ပြီး လင်းနွမ်ရှေ့တည့်တည့်၌ မတ်တတ်ရပ်လိုက်လေသည်။ သူ၏မြင့်မားသောအရပ်နှင့် ကြံ့ခိုင်သောကိုယ်ထည်က မီးရောင်အောက်တွင် ရှိနေခဲ့ရာ သူ၏အရိပ်က လင်းနွမ်ကိုယ်ထက်သို့ ကျရောက်နေခဲ့သည်။ လင်းနွမ်မှာ သူ(မ)အရှေ့မှလူ၏ ပြင်းထန်သောဖိအားကြောင့် ညအိတ်ဝတ်စုံ၏ အနားထောင့်စွန်းကို ခပ်တင်းတင်းပင် ဆွဲဆုပ်ထားမိသည်။ လင်းနွမ်က ဤအမျိုးသားရှေ့တွင် ကြောက်ရွံ့သောပုံစံကို မပြချင်သဖြင့် မသိလိုက်မသိဘာသာပင် အသက်ပြင်းပြင်းရှုကာ ကျောကိုမတ်ထားလိုက်သည်။


သူတို့နှစ်ဦးသား၏ အကြည့်များက ဆုံတွေ့သွားခဲ့ပြီး ဖုဟွိုက်အန်း၏ နက်ရှိုင်းကာ အေးချမ်းလှသော မျက်လုံးအကြည့်က လင်းနွမ်အား ရင်ထိတ်သွားစေသည်။ ထိုအကြည့်များက ဖုဟွိုက်အန်းတွင် အခြားသူများ၏ အတွင်းစိတ်များကို ထွင်းဖောက်မြင်နိုင်သော စွမ်းအားတစ်မျိုးမျိုး ရှိနေသည်ဟူ၍ပင် အထင်မှားစေလောက်သည်။


လင်းနွမ်၏မသိစိတ်က ပြောနေခဲ့သည်မှာ ဖုဟွိုက်အန်းက ကွေ့ပတ်သည်ကို သဘောမကျဘဲ လိုရင်းတိုရှင်း လက်တွေ့ကျသော တဲ့တိုးသမားများကို ပိုဦးစားပေးသူဟု။ အကယ်၍သာ သူ(မ)က ဖုဟွိုက်အန်းအား လှည့်ကွက်များသုံးကာ ဝေ့လည်ကြောင်ပတ် လျှောက်ပြောနေမိလျှင် သူ(မ)၏အကြံအစည်က ချက်ချင်းဆိုသလို ပေါ်သွားလိမ့်မည်ဟု လင်းနွမ်ခံစားမိနေသည်။


ဖုဟွိုက်အန်းက လင်းနွမ်အား တွန်းအားမပေးသလို လမ်းမှလည်းမဖယ်ခိုင်းပေ။ သူက စိတ်ရှည်စွာဖြင့် လင်းနွမ်အား စိုက်ကြည့်နေခဲ့သည်။


လင်းနွမ် အသက်တစ်ချက်ကို ရှုသွင်းလိုက်ပြီး ဖုဟွိုက်အန်းအား နားချပြောဆိုရန် စိတ်ထဲမှနေ၍ လေ့ကျင့်ပြင်ဆင်လာခဲ့သော စကားအရှည်ကြီးကို လိုရင်းရောက်အောင် အတိုချုံ့ပစ်လိုက်သည်။


“လူကြီးမင်းဖု ဖြစ်နိုင်တာက ရှင်မသိသေးတာ ဖြစ်လောက်မှာပါ။ ရှင်ရဲ့ဇနီးလောင်း ကုဟန်ရန်က အရင်တုန်းက ဝိန်မော့ရှန်နဲ့ စေ့စပ်ခဲ့ဖူးတယ်။ အခုထက်ထိလည်း သူ(မ)က ဝိန်မော့ရှန် ပြန်လာမှာကို စောင့်မျှော်နေတုန်းပဲ။”


ဖုဟွိုက်အန်း၏ မဟူရာကျောက်အလား နက်မှောင်နေသော မျက်ဆံနက်နက်များ လှုပ်ရှားလာချိန်တွင် လင်းနွမ်မှာ စိတ်လှုပ်ရှားနေသဖြင့် သူ(မ)၏ကျောတစ်ပြင်လုံးက ချွေးစက်များဖြင့် စိုရွှဲလုမတတ်ပင်။ လင်းနွမ်သည် ဖုဟွိုက်အန်းက သူ(မ)ထံတွင် မကောင်းသောအကြံများ ရှိနေလိမ့်မည်ဟု ထင်သွားမည်ကို ကြောက်ရွံ့နေမိသည်။


လင်းနွမ်က ရေချိုးပြီးခါစဖြစ်ကာ ခြောက်သွေ့စပြုနေသော ဆံပင်ရှည်များက ခါးရိုးနားအထိ ပြေပြေကလေး ကျဆင်းနေခဲ့သည်။ လင်းနွမ်မှာ ဖုဟွိုက်အန်းအား မျက်နှာချင်းဆိုင်ကာ ဘာမဆိုင်ညာမဆိုင် အနေအထားဖြင့် စေ့စပ်ပွဲဖျက်ပေးရန် တောင်းဆိုရမည်ကို အရှက်ရနေခဲ့သော်လည်း အားတင်းလိုက်ပြီး မျက်နှာဘေးတွင် ကျဆင်းနေသော ဆံနွယ်အချို့အား နားရွက်နောက်သို့ သပ်တင်လိုက်ကာ ရှက်မနေသယောင် ဟန်ဆောင်လိုက်သည်။


“ရှေးလူကြီးသူမတွေ ပြောကြတာတော့ လူကြီးလူကောင်းတစ်ယောက်က အခြားသူတွေရဲ့ ချစ်တဲ့အရာကို လုယူထားမျိုး မလုပ်ကြသလို လူတစ်ဖက်သားကို ပြေးပေါက်မရှိအောင် ချောင်ပိတ်တာမျိုးလည်း မလုပ်ကြဘူးတဲ့။ လူကြီးမင်းဖုက လူကြီးလူကောင်းတစ်ယောက်လေ ဟုတ်တယ်မဟုတ်လား။ သူ(မ)ရဲ့မိသားစုနဲ့ တစ်ဖက်သတ်ဆွေးနွေးပြီး ဆုံးဖြတ်လိုက်တာထက် ကိုယ်နဲ့ပေါင်းဖက်မဲ့ ကာယကံရှင် မိန်းကလေးရဲ့ ခံစားချက်ကို မေးကြည့်တာက ပိုမကောင်းဘူးလား။ ဒီခေတ်ကြီးက ဟိုးအရင်ကလို မိသားစုဝင်တွေက လက်ထပ်ပွဲကို စီမံပေးကြတဲ့ခေတ်မှ မဟုတ်တော့ဘဲကို။”


လင်းနွမ်၏ စကားလုံးများက လေးစားမှုများ လွှမ်းခြုံထားပြီး ပျော့ပြောင်းသော်လည်း ခိုင်မာမှုရှိသည်။ သူ(မ)ပြောလိုက်သော စကားများထဲတွင် ပြစ်ချက်ဆိုစရာ ဘယ်နေရာမှမရှိပေ။ သူ(မ)က ဖုဟွိုက်အန်းအား လူကြီးလူကောင်းဟုပင် ချီးကျူးထားသည်။ ထိုအချက်က မြှောက်ပြောခြင်းသာ မဟုတ်လေဘဲ ဖုဟွိုက်အန်းအား အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် ဂုဏ်သတင်းကြီးသော လူရိုသေရှင်ရိုသေဟု သတ်မှတ်ထားကြသည့် သူများထဲတွင် အပါအဝင်ဖြစ်ကြောင်း သတိပေးသည့်အနေဖြင့် ပြောလိုက်ခြင်းလည်းဖြစ်သည်။


ဖုဟွိုက်အန်းက လင်းနွမ်အား မည်သည့်ခံစားချက်မှ ကောက်ချက်ချမရသော မျက်လုံးသေများဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏အေးစက်သော ခပ်ပါးပါးနှုတ်ခမ်းများက မျဉ်းတန်းသဖွယ် တင်းတင်းစေ့နေခဲ့ပြီး သူက လင်းနွမ်၏ ပြောစကားများကို သူနှင့်မသက်ဆိုင်သဖြင့် ဂရုမထားသည့်အလား လျစ်လျူရှုကာ ပြန်ပြောလိုက်သည်။


“ကိုယ့်မှာ ဇနီးမရှိသလို ထွမ်းထွမ်းကလည်း အမေတစ်ယောက်လိုတယ်။ ကုဟန်ရန်ရဲ့ နှလုံးသားက ဘယ်သူ့ဆီမှာပဲဖြစ်ဖြစ် ကိုယ်ဂရုမစိုက်ဘူး။”


ဖုဟွိုက်အန်း၏ စကားများကို ကြားလိုက်ရသည့် ထိုခဏ၌ လင်းနွမ်မှာ သူ(မ)အား ကြီးမားကာ ရွှန်းလဲ့နေသော မျက်လုံးဝိုင်းကြီးများနှင့်ကြည့်ပြီး ရှက်တက်တက်ဖြင့် ‘မားမား’ဟုခေါ်တတ်သည့် ကလေးလေးအား သတိရသွားခဲ့သည်။


လင်းနွမ်၏ လက်ဖဝါးထဲတွင် ချွေးများစို့တက်လာကာ ထိုအခိုက်အတန့်တွင် နှလုံးခုန်သံပင် မှားချင်သလိုလို ဖြစ်သွားရသည်။ ဖုဟွိုက်အန်း၏ ထိုစကားများက ဟုဟန်ရန်ကို ပြောနေသည်နှင့်မတူဘဲ သူ(မ)ကိုရည်ရွယ်ကာ ပြောနေခြင်းဟူ၍ ခံစားနေရသည်။ လင်းနွမ်တစ်ယောက် ထိုစကားများကြောင့် အာရုံပြောင်းသွားချိန်တွင် ဖုဟွိုက်အန်းက သူ(မ)ကိုကျော်ဖြတ်ကာ သူ၏အိပ်ခန်းအတွင်းသို့ ဝင်သွားခဲ့လေသည်။


အိပ်ခန်းထဲတွင် ဖုဟွိုက်အန်းက ကော်ဖီခွက်အား စားပွဲခုံပေါ်သို့ ချလိုက်ပြီးနောက် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ကာ မီးခြစ်ဘူးအား ကော်ဖီခွက်ဘေးသို့ ပစ်ချလိုက်သည်။


‘‌ဒေါက် ဒေါက် ဒေါက်။”


ထွက်ပေါ်လာသော တံခါးခေါက်သံကြောင့် ဖုဟွိုက်အန်းက ကော်ဖီခွက်အား စီးကရက်ကိုင်ထားသော ညာဘက်လက်နှင့်ပင် မ,ယူလိုက်ပြီး သူ၏မည်းနက်သော မျက်ဆံများက တံခါးဝဆီသို့ စိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း သူက ပြန်တော့မဖြေခဲ့ပေ။ ထိုအပြုအမူ၏ရလဒ်က ဖုဟွိုက်အန်းထင်ထားသည်ထက် ပိုမိုလျင်မြန်စွာ ရောက်ရှိလာခဲ့သည်။


‘ဒေါက် ဒေါက် ဒေါက်။”


တံခါးခေါက်သံက နောက်ထပ်တစ်ကြိမ် ထပ်မံပေါ်ထွက်လာခဲ့ပြီး ဖုဟွိုက်အန်း၏ လက်ချောင်းရှည်များက ကော်ဖီခွက်၏ အနားသတ်အား တို့ထိနေခဲ့သည်။ သူကအသံတိုးတိုးဖြင့် ညည်းလိုက်ပြီးနောက် ပေါ့ပါးသောလေသံဖြင့် ပြန်ဖြေလိုက်သည်။


“ဝင်လာခဲ့။”


ဖုဟွိုက်အန်း၏ နက်ရှိုင်းသောအသံက သစ်သားတံခါးကိုဖြတ်ကာ ပျံ့လွင့်လာခဲ့ပြီး လင်းနွမ်မှာ ခေတ္တခဏခန့်ပင် ရင်ခုန်သံမှားသွားသလို ခံစားလိုက်ရသည်။ စိတ်ရှုပ်‌ထွေးမှုနှင့် ကြောက်လန့်စိတ်တို့က သူ(မ)၏နှလုံးသားထဲသို့ တစ်ရှိန်ထိုးလှိမ့်ကာ ဝင်လာခဲ့သော်လည်း ဝိန်မော့ရှန်အကြောင်းကို ပြန်စဉ်းစားမိလိုက်သည်နှင့် လင်းနွမ်မှာ ဤအခြေအနေကို ရင်ဆိုင်ဖြေရှင်းရန် သတ္တိများရှိလာသလိုပင်။ ဝိန်မော့ရှန်ဆိုသည့် အမည်နာမကပင် လင်းနွမ်အား မပြတ်သားမှုများမှ ကင်းဝေးသွားစေရန် စောင့်ရှောက်ပေးနေသော အင်းစာရွက်တစ်ခုအလား။


လင်းနွမ်က တံခါးလက်ကိုင်ကို ဆွဲလှည့်ကာ အခန်းတံခါးကို ဖွင့်လိုက်ပြီး အခန်းအတွင်းသို့ ခြေချလိုက်လေသည်။ ဖုဟွိုက်အန်းက အခန်းအတွင်းရှိ ဆိုဖာပေါ်၌ ခြေချိတ်ထိုင်‌နေပြီး သူ၏အရှေ့၌ စာရွက်စာတမ်းအချို့ကို ဖြန့်ဖွင့်ထားလေသည်။


လင်းနွမ်အခန်းထဲသို့ ဝင်လာချိန်တွင် ဖုဟွိုက်အန်းက ကိုင်ထားသော ကော်ဖီခွက်အား စားပွဲပေါ်သို့ ပြန်ချလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် စာရွက်နောက်တစ်မျက်နှာကို လှန်လိုက်လေသည်။ သူ၏နှုတ်ခမ်းများကြား၌ အခိုးထနေသော စီးကရက်လိပ်က နေရာယူထားပေသည်။ လင်းနွမ်က အခန်းတံခါးကို ပြန်ပိတ်လိုက်သည်။ သူ(မ)မျက်နှာအမူအရာက မကြာခင်တွင် ပြုလုပ်တော့မည်ဖြစ်သော သေလမ်းရှာလိုသည့်ဆန္ဒကို ရောင်ပြန်ဟပ်နေခဲ့သည်။


“ဘာပြဿနာရှိလို့လဲ။”


ဖုဟွိုက်အန်းက လင်းနွမ်ရှိရာသို့ ခေါင်းမလှည့်လိုက်ဘဲ ပါးစပ်ထဲတွင် စီးကရက်လိပ်အား ခဲထားလျက်ဖြင့် တည်ငြိမ်မှုအပြည့်နှင့် မေးလာခဲ့သည်။ အခန်းတစ်ခန်းလုံးက ‌စီးကရက်ငွေ့များဖြင့် မွှန်ထူနေခဲ့ပြီး ဖုဟွိုက်အန်း၏ မျက်နှာအမူအရာကို သေချာမမြင်ရပေ။


“လူကြီးမင်းဖု ရှင့်ပြောစကားအရဆို ရှင်ကဇနီးလိုနေပြီး ထွမ်းထွမ်းကလည်း အမေတစ်ယောက်ကို လိုအပ်နေတယ်ဆို။ ထွမ်းထွမ်းရဲ့ အမေနေရာပဲဖြစ်ဖြစ် ရှင့်ရဲ့ဇနီးနေရာပဲဖြစ်ဖြစ် ကုဟန်ရန်ထက်စာရင် ကျွန်မကမှ ပိုအဆင်ပြေမှာလည်း ဖြစ်နိုင်တာပဲ။”


လင်းနွမ်၏ မျက်လုံးစွန်းများက နီရဲ‌နေခဲ့သလို သူ(မ)လေသံကလည်း ရင်းနှီးမှုများ ကင်းမဲ့နေပေသည်။


“ရှင်က ဒီစကားကို ကျွန်မဘက်ကပြောမှာကို စောင့်နေတာမဟုတ်လား။”


ဖုဟွိုက်အန်းက ပြန်မဖြေဘဲ တိတ်ဆိတ်နေခဲ့ပြီး သူ၏မျက်လုံးများကို မှိတ်ထားလေသည်။ စီးကရက်ငွေ့များကြောင့် သူ၏မျက်နှာအမူအရာက ဖတ်ပြုမရသည်အထိ ဝေဝါးနေခဲ့သည်။ အကယ်၍ ဖုဟွိုက်အန်းကသာ ကုဟန်ရန်ပေါ်တွင် မည်သည့်ခံစားချက်မှ ရှိမနေခဲ့ပါလျှင် လင်းနွမ်၏ အတိုင်းထက်အလွန် ဆွဲဆောင်မှုရှိသော အလှအပက အမျိုးသားများထံမှ အာရုံစိုက်မှုအချို့ ရရှိရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေသေးပေသည်။ ထွမ်းထွမ်း၏မိခင်ဟူသော အခန်းကဏ္ဍကို ထည့်ပြောမည်ဆိုပါက ထွမ်းထွမ်းက သူ(မ)အား ‘မားမား’ဟုပင် ခေါ်ထားပြီးသား အ‌နေအထားအထိ ဖြစ်နေခဲ့ပေပြီ။


လင်းနွမ်က ဖုဟွိုက်အန်း၏ စကားအသွားအလာကို မရိပ်မိသည်အထိ တုံးအနေသူမျိုးမဟုတ်ပေ။ ဤအစီအစဉ်ကို ပြုလုပ်မည်ဟူ၍ လင်းနွမ်ကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း ဖုဟွိုက်အန်း၏ စကားများကို ကြားလိုက်ရချိန်တွင် အမှန်တကယ် ဒေါသထွက်ကာ မီးတောက်သွားသည်ကိုတော့ ငြင်းမရပါချေ။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment