no

Font
Theme

လင်းနွမ်မှာ သူ၏စကားကြောင့် အချိန်မဆွဲရဲဘဲ သူ့(မ)လက်ထဲမှတူတစ်စုံအား ဖုဟွိုက်အန်းထံသို့ လက်လွှဲပေးလိုက်သည်။ ထိုအခိုက်အတန့်တွင် သူတို့နှစ်ယောက်၏ လက်ချောင်းထိပ်များက ထိကပ်သွားခဲ့ကြပြီး လင်းနွမ်မှာ သူ(မ)၏လက်ချောင်းများတွင် လျှပ်စီးကြောင်းတစ်ခု ဖြတ်စီးသွားခဲ့သလို ခံစားလိုက်ရလေသည်။


သူ(မ)က သူ၏နံဘေးတွင် မတ်တတ်ရပ်နေခဲ့ပြီး ခေါက်ဆွဲအိုးမှ ရေခိုးရေငွေ့များ ဖုဟွိုက်အန်း၏ မျက်နှာချောချောကို ရိုက်ခတ်နေသည့်အား ငေးကြည့်နေခဲ့သည်။


လင်းနွမ်မှာ တန်ဖိုးကြီးလှသည့် ဒီဇိုင်နာချုပ် အနောက်တိုင်းဝတ်စုံကို သေသေသပ်သပ် ဝတ်ဆင်ထားခဲ့သော ဤအမျိုးသားက ချက်ပြုတ်ရာတွင်လည်း တော်နေလိမ့်မည်ဟု တကယ်ကိုပင် မထင်ထားခဲ့ချေ။


လင်းမိသားစုတွင် လင်းနွမ်နေခဲ့စဉ်က လင်းပါးပါးနှင့် လင်းချန်တို့က ကုမ္ပဏီကိစ္စများနှင့် မကြာခဏဆိုသလို အလုပ်ရှုပ်နေခဲ့ပြီး အခြားကိစ္စများလုပ်ရန် အချိန်မရှိသဖြင့် မီးဖိုခန်းထဲသို့ ချက်ပြုတ်ရန်အတွက် တစ်ခါလေးမှပင် ဝင်မလာခဲ့ဖူးချေ။ သူတို့နှစ်ယောက်က ချက်ခြင်းပြုတ်ခြင်း ဗာဟီရကိစ္စများတွင် အားနည်းလှကာ မီးဖိုခန်းထဲရှိ ပစ္စည်းများကိုပင် စုံစုံလင်လင် မသိထားကြပေ။ ထို့ကြောင့်ပင် လင်းနွမ်က အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ကြသော အမျိုးသားများက ဟင်းမချက်တတ်ဟု သတ်မှတ်ထားခဲ့သည်။


လင်းနွမ်က ခေါက်ဆွဲအိုးနှင့် ခပ်လှမ်းလှမ်းတွင်ရပ်ကာ အတွေးများစွာကို ခုန်ကူးနေရင်း အလုပ်များနေခဲ့သည်။


"ပန်းကန်လုံး တစ်လုံးပေး..."


ဖုဟွိုက်အန်း၏ ပန်းကန်လုံးတောင်းသံကို ကြားလိုက်ရသည်တွင် လင်းနွမ်၏ အတွေးစများ ပြတ်တောက်သွားခဲ့ပြီး သူတောင်းဆိုသည့်အတိုင်း ခေါက်ဆွဲပြုတ်ထည့်ရန် ပန်းကန်လုံးအား ယူပေးလိုက်သည်။


အိုးထဲမှ ခေါက်ဆွဲပြုတ်များကိုကြည့်ကာ လင်းနွမ်မှာ စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်သည်။ ဤခေါက်ဆွဲက ထွမ်းထွမ်းအတွက် သူ(မ)ချက်ပြုတ်ပေးရန် ပြင်ဆင်ထားသော ကြက်ဥခေါက်ဆွဲမျိုးမဟုတ်ပေ။


လင်းနွမ်က ပူပူနွေးနွေး ခေါက်ဆွဲပန်းကန်လေးနှင့် ဧည့်ခန်းဘက်သို့ ပြန်ထွက်လာချိန်တွင် ထွမ်းထွမ်းလေးက ဖုဟွိုက်အန်း၏ အပေါ်ထပ်အင်္ကျီကိုခြုံတာ ဆိုဖာပေါ်တွင် အေးအေးလူလူပင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရလေသည်။


လင်းနွမ်က မျက်ခုံးတန်းများကို တွန့်ကွေးလိုက်သည်။ ဖုဟွိုက်အန်းက ကလေးအိပ်ပျော်သွားသည်ကို သူ(မ)အားမပြောခဲ့ချေ။


ဖုဟွိုက်အန်းက ထမင်းစားပွဲတွင် နေရာယူလိုက်ပြီး သူ၏ပန်းကန်ထဲမှ ခေါက်ဆွဲအချို့ကို ကျက်သရေရှိသော အမူအရာဖြင့် စားလိုက်လေသည်။


"ထွမ်းထွမ်းက ‌‌ဒီနေ့ညတစ်ညကို မင်းအိမ်မှာပဲ ညအိပ်လိမ့်မယ်။"


လင်းနွမ်က ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ဖုဟွိုက်အန်းက သူ၏လက်ထဲမှ စားလက်စတူကို ပန်းကန်လုံးပေါ်တွင် တင်လိုက်သည်အား တွေ့လိုက်ရလေသည်။ သူကအငွေ့များ ထနေဆဲဖြစ်သော ခေါက်ဆွဲပန်းကန်ကို စိုက်ကြည့်နေလျက်မှ စကားပြောနေခဲ့ခြင်းဖြစ်သည်။


လင်းနွမ်ကသူ့အား ပြန်မဖြေရသေးခင်မှာပင် ဖုဟွိုက်အန်းက ထပ်ပြောလာခဲ့သည်။


"မနက်ဖြန် ကိုယ်တို့တွေ လက်ထက်မှတ်ပုံတင် လုပ်ပြီးတာနဲ့ မင်းပစ္စည်းတွေကိုထုတ်ပိုးပြီး ကိုယ့်အိမ်ကိုပြောင်းလာခဲ့။ ဒီအိမ်ကို ဆက်ပြီးငှားမနေနဲ့တော့။"


လင်းနွမ်က ဖုဟွိုက်အန်းတစ်ယောက် ကော်ဖီစားပွဲပေါ်တွင် သူ(မ)တင်ထားခဲ့သော အိမ်ငှားစာချုပ်ကို ဖတ်ရှုပြီးနောက် နောက်နှစ်လအတွင်း စာချုပ်ပြည့်တော့မည်ကို သိသွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။


လင်းနွမ်ထံမှ ပြန်ဖြေသံကို မကြားရသဖြင့် ဖုဟွိုက်အန်းက ခေါင်းကိုမော့ကာ လင်းနွမ်အား နက်ရှိုင်းသော မျက်လုံးများနှင့် ကြည့်လာခဲ့လေသည်။ သူက လင်းနွမ်ကို စိုက်ကြည့်လိုက်ကာ မေးခွန်းထုတ်လိုက်သည်။


"မဟုတ်မှလွဲရော မင်းက ကိုယ်တို့တွေ လက်ထပ်ပြီးသွားရင် သပ်သပ်ခွဲပြီးတော့ နေကြမယ်ဆိုပြီး တွေးထားတာလို့ ကိုယ့်ကိုမပြောနဲ့နော်။"


သူ၏စကားကြောင့် လင်းနွမ်က ထိုကိစ္စကို စဉ်းစားနေခြင်းမဟုတ်ကြောင်း ခေါင်းခါပြလိုက်ပြီး ပြန်ဖြေလိုက်သည်။


"အဲလိုမဟုတ်ပါဘူး။ ဒီနေရာက အသံလွှင့်ရုံနဲ့ ပိုပြီးနီးတယ်လေ။ အကယ်၍ ကျွန်မက ရှင့်အိမ်မှာလိုက်ပြီး နေမယ်ဆိုရင် ဘတ်စ်ကားနံပါတ်ကိုရော ရထားလိုင်းကိုရော ပြောင်းစီးဖို့အတွက် ရှာရဦးမှာဆိုတော့။"


"ကိုယ့်အိမ်ကနေ အသံလွှင့်ရုံကိုဆို လမ်းခရီးက သွားရလာရတာ တကယ်ပဲအဆင်မပြေဘူး။ ဒီလိုလုပ် မင်းကားမောင်းတတ်လား။"


သူ၏အမေးကြောင့် လင်းနွမ်က မောင်းတတ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။


"မင်းသဘောကျတဲ့ ကားတစ်စီးကိုရွေးလိုက်။"


လင်းနွမ်မှာ ထိုစကားကို ကြားလိုက်ရချိန်တွင် မျက်လုံးပြူးသွားခဲ့သည်။ ဖုဟွိုက်အန်းက သူ(မ)အား ကားတစ်စီးပေးမည်ဟု ပြောလိုက်ခြင်းပေလော။ လင်းနွမ်က ဖုဟွိုက်အန်း၏ စီစဉ်မှုအား အလျင်အမြန်ပင် ငြင်းဆန်လိုက်သည်။


"အဲဒီလိုလုပ်ဖို့ မလိုပါဘူး။ ကျွန်မစုထားတဲ့ ငွေပမာဏနဲ့ဆို ကားဝယ်လို့ရပါတယ်။ ဒါပေမဲ့ ဟိုင်းချန်မြို့ရဲ ယာဉ်လမ်းကြောက ဘယ်လိုဆိုတာကို ရှင်လည်းသိတာပဲ။ ထစ်ခနဲရှိရင် ကားပိတ်နေတာကို ကားနဲ့သွားလာတာက ရထားလောက်တောင် မမြန်မှာကို စိုးရိမ်မိတယ်။"


လင်းနွမ်က အတင်စီးမခံသည့် ကိုယ်ပိုင်မာနရှိသော မိန်းကလေးဖြစ်ကာ ဖုဟွိုက်အန်းကလည်း ထိုအချက်ကို သတိပြုမိသဖြင့် လင်းနွမ်အား ဤကိစ္စကို ဆက်မတိုက်တွန်းတော့ပေ။


ဖုဟွိုက်အန်းက ခေါက်ဆွဲပန်းကန်မှ အလုတ်အနည်းငယ်သာ စားလိုက်ပြီးနောက် ကျန်နေသည်များကို ဆက်မထိတော့ချေ။


ခဏအကြာတွင် သူ၏လက်ထောက်က နောက်တစ်နေ့မနက်တွင် ထွမ်းထွမ်းလေးအတွက် လိုအပ်မည်ဖြစ်သော အသုံးအဆောင်အချို့ကို ခရီးဆောင်သေတ္တာနှင့်ထည့်ကာ လာပို့ပေးသွားခဲ့သည်။


ထိုကိစ္စများကို ဖြေရှင်းပြီးနောက်တွင် ဖုဟွိုက်အန်းက လင်းနွမ်အိမ်မှ ပြန်ထွက်သွားခဲ့သည်။ သူက မနက်ဖြန်မနက် ရှစ်နာရီထိုးတွင် မြို့ပြရေးရာဗျူရိုတွင် လက်ထပ်မှတ်ပုံတင်ရန် လင်းနွမ်အား လာခေါ်မည်ဟူ၍ မှာကြားလိုက်ပြီးနောက် ထွမ်းထွမ်းလေးကို လင်းနွမ်နှင့်ထားခဲ့ကာ လာရာလမ်းအတိုင်း ထွက်သွားလေသည်။


ဖုဟွိုက်အန်း ထွက်သွားသည်ကို လင်းနွမ်က အိမ်တံခါးဝမှ စောင့်ကြည့်နေခဲ့ပြီး အိမ်ထဲပြန်ဝင်လာချိန်တွင် ထွမ်းထွမ်းလေးက ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ဖုဟွိုက်အန်း၏ ဈေးကြီးလှသော အနောက်တိုင်းဝတ်စုံမှ အပေါ်ထပ်အင်္ကျီကို ခြုံလျက်သားလေးနှင့် အိပ်ပျော်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရလေသည်။


လင်းနွမ်မှာ ကလေးများအား ထိန်းကျောင်းပြုစုကာ ပျိုးထောင်ခြင်းနှင့်ပတ်သက်သော အတွေ့အကြုံဟူ၍ လုံးဝမရှိသဖြင့် ထွမ်းထွမ်းလေးကို ဆိုဖာပေါ်မှ မည်သို့ရွှေ့ရမည်ကို မသိနေချေ။ ထွမ်းထွမ်းလေးအား သူ(မ)မလုပ်တတ်မကိုင်တတ်ဖြင့် နေရာရွှေ့ပေးချိန်တွင် မတော်တဆ လန့်နိုးသွားပြီး အကောင်ပေါက်လေး အိပ်ရေးပျက်အောင် လုပ်မိသွားမည်ကို လင်းနွမ်က စိုးရိမ်နေခဲ့သည်။


အနည်းငယ်ခန့် စဉ်းစားပြီးနောက်တွင် လင်းနွမ်က အိပ်ခန်းထဲသို့ ပြန်ဝင်သွားခဲ့ပြီး စောင်တစ်ထည်ထုတ်လာကာ ထွမ်းထွမ်းလေးကိုယ်ပေါ်မှ ဖုဟွိုက်အန်း၏ အပေါ်ထပ်အင်္ကျီကို ညင်သာစွာဖယ်လိုက်ပြီး သူ(မ)ယူလာစောင်နှင့် အစားထိုးကာ ခြုံပေးလိုက်သည်။


"မားမား မသွားပါနဲ့။"


ထွမ်းထွမ်းလေးက လင်းနွမ်၏ အထိအတွေ့ကို ခံစားမိလိုက်သကဲ့သို့ လှုပ်သွားခဲ့သော်လည်း မျက်လုံးများကတော့ မပွင့်လာခဲ့ချေ။ သူကအိမ်မက်ထဲတွင် တစ်စုံတစ်ယောက်အား တွေ့လိုက်သကဲ့သို့ လက်ကလေးတစ်ဖက်ကို မြှောက်လိုက်ပြီး စကားလုံးအနည်းငယ် ရေရွတ်လိုက်လေသည်။


လင်းနွမ်က ထွမ်းထွမ်းလေးကို စောင်ခြုံပေးနေသည့် တန်းလန်းကြီးဖြစ်ပြီး ကလေးငယ်လေး၏ အပြုအမူကို မြင်လိုက်ရချိန်တွင် သူ(မ)၏နှလုံးသား တစ်စိတ်တစ်ပိုင်းက နူးညံ့သွားခဲ့သည်ကို ခံစားလိုက်ရသည်။


သူ(မ)က ထွမ်းထွမ်း၏ လက်ဖောင်းဖောင်းလေးများကို လက်တစ်ဖက်နှင့် ဆုပ်ကိုင်ထားပေးပြီး ကျန်လက်တစ်ဖက်က ကော်ဖီစားပွဲပေါ်မှ မီးအိမ်လေးကို အလင်းလျှော့လိုက်ကာ ဆိုဖာပေါ်တွင် နေရာယူလိုက်သည်။ ထို့နောက် ထွမ်းထွမ်းလေး၏ ခေါင်းလုံးလုံလေးအား ညင်သာစွာနှင့် ပွတ်သပ်ပေးလိုက်ကာ ကလေးငယ်လေး အိပ်ပျော်နေသည့် တစ်လျှောက်လုံးတွင် အနားမှာထိုင်ကာ အဖော်ပြုပေးနေခဲ့သည်။


ခပ်မှိန်မှိန်လင်းနေသော မီးအိမ်၏အလင်းအောက်တွင် ထွမ်းထွမ်းလေး၏ အလိုမကျမှုကြောင့် ဆူပုတ်နေခဲ့သော မျက်နှာလေးမှာ တဖြည်းဖြည်းနှင့် ပြန်လည်ပြေပြစ်သွားခဲ့သည်။ သို့သော်လည်း သူ၏သေးငယ်သော လက်ကလေးကတော့ လင်းနွမ်၏လက်ကို ရှိသမျှအားလေးနှင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲပင်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment