no

Font
Theme

ဖုဟွိုက်အန်း၏ လက်တစ်ဖက်က လင်းနွမ်၏ ဦးခေါင်းအနောက်ဘက်ကို ထိန်းကိုင်လိုက်ပြီး သူ၏နွေးထွေးသော နှုတ်ခမ်းများက လင်းနွမ်ထံသို့ သက်ဆင်းလာကြသည်။ ထိုအနမ်းက နူးညံ့ညင်သာလှပြီး ဖုဟွိုက်အန်းက လင်းနွမ်၏ စေ့ပိတ်ထားသော နှုတ်ခမ်းလွှာများကို လျှာဖျားလေးဖြင့်ထိုးကာ ကွဲကွာစေလိုက်သည်။ သူတို့နှစ်ဦးသား၏ နူးညံ့ပူနွေးသော လျှာများနှင့် နှုတ်ခမ်းများက လုံးထွေးနေကြပြီး ပူရှိန်းနံ့သင်းသော စီးကရက်နံ့အား တစ်ဦးနှင့်တစ်ဦး ဖလှယ်နေသယောင်ပင်။


လင်းနွမ်၏ အသက်ရှူသံများက ဖုဟွိုက်အန်း၏ အနမ်းများကြားတွင် ပျောက်ဆုံးသွားခဲ့ပြီး သူ(မ)၏မျက်နှာကို နီရဲလာစေသည်။


စိတ်လှုပ်ရှားမှုကြောင့် လင်းနွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးက အလွန်ကိုပင် ကြွပ်ဆတ်နေခဲ့ပြီး သူ(မ)၏အာရုံများကို တစ်နေရာတည်းတွင် စုစည်းထားရန် မဖြစ်နိုင်တော့ချေ။ ဤကဲ့သို့ သူစိမ်းအမျိုးသားတစ်ဦးနှင့် ခန္ဓာကိုယ်အရည်ချင်း ဖလှယ်နေသော အပြုအမူကို သတိပြုမိချိန်တွင် ဦးရေပြားများကိုပင် ထုံကျဥ်လာစေသည့်အထိ လင်းနွမ်၏စိတ်ကို မငြိမ်မသက်ဖြစ်သွားစေသည်။


ထိုအမျိုးသား၏ ပြင်းထန်လှသော အသက်ရှူသံကြီးက လင်းနွမ်အား ဖြစ်သင့်သည်ထက်ပိုကာ အထိတ်တလန့် ခံစားလာရစေသည်။ လင်းနွမ်၏ စိတ်အစဉ်က နားမလည်မှုများနှင့် ရှုပ်ထွေးနေခဲ့ပြီး သူ(မ)၏နှလုံးသားသည်လည်း ရင်ဘတ်ထဲမှ ထွက်ကျလုမတတ် ခုန်လှုပ်နေခဲ့သည်။


ဖုဟွိုက်အန်း၏ လက်တွေ့ကျသော ဤအနမ်းက လင်းနွမ်အား သူ(မ)နှင့်မရင်းနှီးသော စိတ်ခံစားမှုများကြားသို့ ခေါ်ဆောင်သွားခဲ့ပြီး လင်းနွမ်မှာ ကျောရိုးထဲမှနေ၍ စိမ့်တက်လာသော အေးစက်မှုကို ခံစားလိုက်ရလေသည်။ ဤခံစားချက်က နားလည်ရန်ခက်ခဲပြီး စိတ်မသက်မသာ ဖြစ်ရုံသာမကဘဲ လင်းနွမ်အား အနည်းငယ်ပင် ကြောက်ရွံ့စေသည်။


ဤအခန်းအတွင်းသို့ ဝင်မလာသေးမီက သူ(မ)အနေဖြင့် တွေးခဲ့သည်မှာ ဤကိစ္စက သူ(မ)၏သေခြင်းတရားကို လက်သင့်ခံလိုက်ပြီး မာနတရားများကို ခဝါချထားရမည်ဖြစ်သော စစ်ပွဲတစ်ပွဲဟု၍ပင်။ ထိုသို့ပထမက ယူဆခဲ့သော်လည်း လက်ရှိတွင်တော့ လင်းနွမ်မှာ ဖုဟွိုက်အန်း၏ လက်များကြားတွင် အသက်လုနေရသော ငါးပူတင်းတစ်ကောင်ကဲ့သို့ ခံစားနေရပေသည်။ သူ(မ)ထံတွင် ဖုဟွိုက်အန်း၏ အနေအထားနှင့် တန်းလိုက်ညှိနိုင်သော အတွေ့အကြုံများမရှိပေရာ ထိုအမျိုးသား စေစားသမျှ ခံစားနေရသော သူ(မ)၏အခြေအနေကို စစ်မရောက်ခင်ကပင် မြားကုန်နေပြီဟူ၍ သတ်မှတ်ရပေတော့မည်။


ဖုဟွိုက်အန်း၏ အနည်းငယ်ဖွင့်ထားသော မျက်လုံးများက ပထမဦးဆုံးအကြိမ်၌ ပက်ပက်စက်စက်ပင် အနမ်းခံထားနေသဖြင့် နီရဲနေသော လင်းနွမ်၏မျက်နှာကို အကဲခတ်နေခဲ့သည်။ သူ(မ)မျက်ဆံများက ဝေဝါးနေခဲ့ပြီး လက်ရှိအချိန်တွင် ပတ်ဝန်းကျင်၌ အာရုံမရှိသည်ကို သူပြောနိုင်ပေသည်။ ဖုဟွိုက်အန်း၏ လက်ကြီးတစ်ဖက်က လင်းနွမ်၏ နောက်ကျောဘက်သို့ တဖြည်းဖြည်းချင်း နိမ့်ဆင်းသွားခဲ့ပြီး သေးသွယ်လှပသော ခါးသိမ်သိမ်လေးကို ပွတ်သပ်နေခဲ့သည်။ သူက လင်းနွမ်ကို သူ၏အနီးသို့ ဆွဲခေါ်လိုက်ပြီး သူ၏လက်နှင့် ထိကိုင်မိလိုက်သော အသားစိုင်လေးများ၏ နူးညံ့လှသော အထိအတွေ့က ဖုဟွိုက်အန်း၏ ဆန္ဒများကို တောက်လောင်လာစေသည်။


ဤအမျိုးသမီးက ဖုဟွိုက်အန်းဘဝတွင် အမြဲတမ်းပင် လိုချင်နေခဲ့သူဖြစ်သည်။ လက်ရှိအချိန်တွင် သူ(မ)က သူ၏လက်များကြားတွင် အကူအညီမဲ့စွာ ရှိနေခဲ့ပြီး သူ့သဘောကျ၊ သူဆန္ဒရှိသည့်အတိုင်း ထိတွေ့မှုများကို ငြင်းဆန်ခြင်းမရှိဘဲ လက်ခံနေပေရာ ဖုဟွိုက်အန်းအနေဖြင့် စိတ်မလှုပ်ရှားသည်က မဖြစ်နိုင်ပါချေ။


ထိုအခိုက်အတန့်တွင် လင်းနွမ်က မသိစိတ်မှနေ၍ ဖုဟွိုက်အန်း၏ အပြုမှုများအား ငြင်းဆန်နေခဲ့ပြီး သူ(မ)၏ရုန်းကန်မှုက အနည်းငယ်ခန့် ထိရောက်မှုရှိသွားကြောင့် အသိစိတ်ခပ်ပါးပါးလေး ပြန်ရလာခဲ့သည်။ သူ(မ)၏သေးသွယ်သော လက်ကလေးတစ်ဖက်က ဖုဟွိုက်အန်း၏ ရင်အုပ်ကျယ်ကြယ်သီးကို ထိမိသွားခဲ့ပြီး ထိုအမျိုးသား၏ အရေပြားများက အပူချိန်မြင့်စွာ လောင်ကျွမ်းနေသည်ကို သတိပြုမိသွားခဲ့သည်။


လင်းနွမ်၏ တွန်းလွှတ်မှုက အားမပါသော်လည်း ဖုဟွိုက်အန်းက သူ(မ)၏အပြုအမူကို သတိပြုမိသွားခဲ့သည်။ သူက ချက်ချင်းပင် နမ်းရှိုက်နေရာမှ ဖယ်ခွာပေးလိုက်ပြီး လင်းနွမ်၏ နှုတ်ခမ်းများကို လွှတ်ပေးလိုက်သည်။ သူက သူ(မ)အား အသက်ရှူသံပြင်းပြင်းဖြင့် မေးလိုက်လေသည်။


“နောင်တရသွားတာလား။”


ထိုစကားလုံးများက လင်းနွမ်အား ကြောင်ထွက်သွားစေပြီး မသိစိတ်ဖြင့် ဖုဟွိုက်အန်း၏ ရင်ဘတ်‌ပေါ်မှ အင်္ကျီစကို ဆွဲဆုပ်လိုက်မိသည်။


ဖုဟွိုက်အန်း၏ အပြုအမူနှင့် စကားများက သိသာလှပေသည်။ သူက အမှန်တကယ်ပင် အမျိုးသမီးတစ်ယောက်အား ဖိအားပေးသူမျိုးမဟုတ်ပေ။ ရမ္မက်မီးလွှမ်းသည့် လိုအင်ဆန္ဒများကို လင်းနွမ်အနေဖြင့် ယခုမှသာ ပထမဆုံးအကြိမ် တွေ့ကြုံဖူးသည်မှန်သော်လည်း ဖုဟွိုက်အန်း၏ အာရုံများကတော့ ဤကိစ္စတစ်ခုလုံးက မည်သို့မျှပင် မဖြစ်ခဲ့သည့်အလား အချိန်မရွေးပင် သူ့ကိုယ်သူပြန်ကာ ထိန်းသိမ်းနိုင်သည်အထိ ကြည်လင်နေပုံရသည်။


လင်းနွမ်မှာ လက်ရှိအချိန်တွင် လမ်းဆုံလမ်းခွ၌ မတ်တတ်ရပ်နေသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ဖက်တွင် သူ(မ)က ဤကိစ္စကြီး အကောင်အထည်ပေါ်သွားမည်ကို ကြောက်ရွံ့နေခဲ့သော်လည်း အခြားတစ်ဖက်တွင်မူ ဤမျှအထိဖြစ်ပြီးမှ အကောင်အထည်ပေါ်မလာမည်ကို ကြောက်ရွံ့နေခဲ့သည်။


လင်းနွမ်မှာ ယခုမှသာ သူ(မ)၏ဆုံးဖြတ်ချက်က သူ(မ)ကိုယ်သူ(မ) ပြန်ချောင်ပိတ်မိအောင် ပြုလုပ်လိုက်ပြီဖြစ်ကြောင်း သတိပြုမိသွားသဖြင့် မျက်ခမ်းစပ်များပင် ရဲတက်လာခဲ့သည်။ သူ(မ) တိတ်ဆိတ်စွာဖြင့် ခေါင်းငုံ့ချလိုက်ပြီး ဖုဟွိုက်အန်းအား ပြန်မဖြေလိုက်ပေ။


ဖုဟွိုက်အန်း၏ အပြုအမူများက သူ(မ)အား ကုဟန်ရန်နှင့် အစားထိုးရန် သဘောတူလိုက်ခြင်းလော သို့တည်းမဟုတ် လင်းနွမ်က စေတနာဗလပွနှင့် ကိုယ်တိုင်ကိုယ်ကျပင် သူ၏လက်တွင်းသို့ သက်ဆင်းပေးခဲ့သဖြင့် တည်ငြိမ်စွာနှင့် လက်ခံလိုက်ခြင်းပေလော။ လင်းနွမ်မှာ သူ့အား မျက်နှာချင်းဆိုင်ကာ မေးလိုက်ချင်သော်လည်း တင်းခံနေသော အရှက်တရားကြောင့် မမေးနိုင်ခဲ့ပေ။


“စိတ်လှုပ်ရှားဖို့မလိုဘူး။”


ဖုဟွိုက်အန်းက လင်းနွမ်အား စိတ်ရှည်စွာဖြင့် နှစ်သိမ့်ကာ ချော့မော့နေခဲ့ပြီး သူ၏နှာဖျားမှ ထွက်ပေါ်လာသော ပူနွေးသည့်လေထုက လင်းနွမ်၏ နှုတ်ခမ်းများထက်သို့ ရိုက်နှက်နေခဲ့သည်။ သူ၏သြရှကာ ဆွဲဆောင်မှုရှိသောအသံက လင်းနွမ်၏ စိတ်မသက်မသာ ဖြစ်နေမှုများနှင့် ရှုပ်ထွေးနေသော ခံစားချက်များကို တည်ငြိမ်လာစေသည်။


နားနားကပ်ကာ ချော့မော့နေသော ဖုဟွိုက်အန်း၏ လေသံတိုးတိုးက လင်းနွမ်၏ဆုံးဖြတ်ချက်ကို အားဖြည့်ပေးလိုက်ပြီး သူ(မ)က ဖုဟွိုက်အန်း၏ အထိအတွေ့များကြားတွင် ပြိုလဲသွားမည့်အရေးကို ရှောင်ရှားရန်အတွက် သူ၏အင်္ကျီကို လက်မှမလွှတ်စတမ်း တင်းတင်းကျပ်ကျပ်ပင် ဆုပ်ကိုင်ထားလိုက်သည်။


...


ထိုနေ့ညက လင်းနွမ် အိပ်မက်မက်ခဲ့သည်။ ကောင်းမွန်လှသော အိပ်မက်ကလေးပင်။ ထိုအိပ်မက်ထဲတွင် ဝိန်မော့ရှန်က ပြန်လာခဲ့သည်။ သူက လင်းမိသားစု၏ အိမ်ရှေ့တွင်ရပ်ကာ သူပျောက်သွားသည့်နေ့က ဝတ်ထားခဲ့သော ဝတ်စုံကိုပင် ဝတ်ဆင်ထားခဲ့ပြီး သူ၏မျက်နှာထက်တွင် လင်းနွမ်နှင့်အရင်းနှီးဆုံး အပြုံးလေးတစ်ခုကို ပန်ဆင်ထားခဲ့သည်။ သူက လင်းနွမ်ကို ကျေးဇူးတင်စကား ပြောနေခဲ့ခြင်းပင်။ သူချစ်မြတ်နိုးရသော အမျိုးသမီးလေးကို ကာကွယ်ပေးခဲ့သဖြင့် လင်းနွမ်အား ကျေးဇူးတင်ကြောင်း ဖော်ပြနေခဲ့သည်။


လေများက ပြင်းထန်စွာတိုက်ခတ်နေခဲ့ပြီး ပြင်းလွန်းလှသဖြင့် လင်းနွမ်မှာ မျက်ရည်များကိုပင် မထိန်းနိုင်တော့ချေ။ သူ(မ)က အပြုံးဖြင့် ဝိန်မော့ရှန်၏ ကျေးဇူးတင်စကားကို လက်ခံနေခဲ့သော်လည်း သူ(မ)၏နှလုံးသားကို တစ်စုံတစ်ယောက်က ဖြတ်တောက်သွားသလို နာကျင်မှုမျိုးကို ခံစားနေရသည်။ ထိုအသည်းနှလုံးက တဖြည်းဖြည်းချင်း အေးစက်နေခဲ့သည်။


သူ(မ)က နေရာတွင်ဆက်ကာ မတ်တတ်ရပ်နေခဲ့ပြီး ဝိန်မော့ရှန်အား အကြည့်များဖြင့် ပြန်လိုက်ပို့လိုက်သည်။ သူ(မ)အား အနောက်တွင် ချန်ထားရစ်ခဲ့ပြီး သူချစ်မြတ်နိုးသော မိန်းကလေးကို ချစ်ခြင်းမေတ္တာများ ထုံလွှမ်းနေသော အပြုံးတစ်ခုဖြင့် သွားရောက်ရှာဖွေသည်ကို လင်းနွမ်ကြည့်နေခဲ့ရသည်။


တိုးဖျော့သော ရေကျသံများကို ကြားနေရပြီး လင်းနွမ်၏ မျက်လုံးများက ပွင့်ဟလာခဲ့သည်။ မရင်းနှီးသောအခန်း၊ မရင်းနှီးသောအိပ်ရာ...ထို့အပြင်ကို လင်းနွမ်၏မျက်ရည်များနှင့် စိုစွတ်နေသော မရင်းနှီးသည့် ခေါင်းအုံးတစ်လုံး...


ဖုဟွိုက်အန်းက ရေချိုးခန်းထဲတွင် ရေချိုးနေသည့်ပုံပင်။ လင်းနွမ်က အိပ်ရာပေါ်တွင် ထထိုင်လိုက်ပြီး အခန်းထဲတွင် ပြန့်ကြဲနေသော အဝတ်များကို ရှာဖွေလိုက်သည်။ မနေ့ညတုန်းက သူ(မ)နှင့်ဖုဟွိုက်အန်းတို့ မည်သို့ဆက်ကာ နှစ်ပါးသွားကြပြီး မည်သည့်ပုံနှင့် အိပ်ရာထက်သို့ ရောက်သွားသည်ကို လင်းနွမ်မမှတ်မိတော့။


ဖြစ်နိုင်သည်မှာ ဖုဟွိုက်အန်း၏ ရင့်သန်လှသော ဆွဲဆောင်မှုများက လင်းနွမ်ကဲ့သို့ အတွေ့အကြုံမရှိသူအဖို့ ငြင်းဆန်နိုင်ရန် မဖြစ်နိုင်သည်အထိ ပြင်းထန်နေခြင်းလည်း ဖြစ်လောက်ပေသည်။ သို့တည်းမဟုတ် ဝိန်မော့ရှန်အတွက်ဆိုလျှင် ဘာပဲဖြစ်ဖြစ် လုပ်နိုင်သည်ဟူ၍ နှလုံးသွင်းထားသော သူ(မ)၏ခေါင်းမာလှသည့် အချစ်ကြောင့် သတ္တိများရှိလာခဲ့သည်လည်း ဖြစ်နိုင်ပေသည်။


လင်းနွမ်က တဖြည်းဖြည်းချင်း အိပ်ရာပေါ်မှထကာ ကြမ်းပြင်ပေါ်တွင် ပုံကျနေခဲ့သော သူ(မ)အပိုင်မဟုတ်သည့် ညအိတ်ဝတ်စုံကို ကောက်ယူလိုက်ပြီး ပြန်ဝတ်လိုက်သည်။ သူ(မ)၏ပထမဆုံးအကြံက ဖုဟွိုက်အန်းတစ်ယောက် ရေချိုးနေချိန်ကို အခွင့်ကောင်းယူကာ အခင်းဖြစ်ပွားရာမှ ထွက်ပြေးရန်ဖြစ်သော်လည်း ဖုဟွိုက်အန်းထံမှ သူနှင့်ကုဟန်ရန်တို့၏ စေ့စပ်ပွဲအား ဖျက်သိမ်းမသိမ်းကို ရှင်းရှင်းလင်းလင်း အတည်ပြုချက်တစ်ခု မရသေးသည်အား သတိရသွားသဖြင့် လင်းနွမ်မှာ အနည်းငယ်ခန့် ချီတုံချတုံ ဖြစ်သွားခဲ့ပြီးနောက်တွင် ထွက်မသွားရန်ကို ရွေးချယ်လိုက်သည်။ ကိစ္စကဖြင့် ဖြစ်ပြီးသွားမှတော့ သူ(မ)ထံတွင် ကြောက်လန့်စရာဟူ၍ ကျန်မနေတော့ပေ။


ဤသို့ဖြင့် ဖုဟွိုက်အန်းတစ်ယောက် ရေချိုးခန်းထဲမှ ပြန်ထွက်လာချိန်၌ လင်းနွမ်က ရှုပ်ပွနေသောအိပ်ရာကို သိမ်းဆည်းလိုက်ပြီဖြစ်သည်။ လင်းနွမ်မှာ ဖုဟွိုက်အန်းအား တစ်ခုခုပြောရန် ဟန်ပြင်လိုက်သော်လည်း ခါးအောက်ပိုင်းကို ရေချိုးသဘက်ငယ်ဖြင့်သာ ပတ်ထားလေသော ဖုဟွိုက်အန်း၏ ဝတ်လစ်စလစ်ပုံကို မနက်ခင်းအစောပိုင်း၌ မြင်လိုက်ရသဖြင့် စကားပြောရန် ခက်ခဲနေသလို ခံစားလိုက်ရသည်။ သူ(မ)နားထဲတွင် မီးခြစ်ခတ်သံကို ကြားလိုက်ရပြီး ထိုအသံနောက်တွင် ဖုဟွိုက်အန်း၏မေးခွန်းက ကပ်ပါလာခဲ့သည်။


“ကုဟန်ရန်က မင်းကိုလာရှာတာလား။”


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment