no

Font
Theme

ပိုင်ရှောင်းနျန်က ကုဟန်ရန်အကြောင်းကို တီးမိခေါက်မိရှိပြီး ကုဟန်ရန်လို မိန်းကလေးမျိုးက ဝိန်မော့ရှန်အား မညိုးနွမ်းနိုင်သော ချစ်ခြင်းမေတ္တာများဖြင့် စောင့်ဆိုင်းနေသည်ဟူသော စကားများအား မယုံကြည်ပါချေ။ ကုဟန်ရန်ကဲ့သို့ မိန်းကလေးမျိုးက သူ(မ)က မည်သို့သောအရာကို လိုချင်သည်အား တိတိကျကျပင် သိရှိထားပြီး ထိုအရာကို လက်ဝယ်ရရှိရန် အစွမ်းကုန်ကြိုးစားမည်ဖြစ်သော အမျိုးအစားထဲကဖြစ်သည်။


ကုဟန်ရန်က လင်းနွမ်ကဲ့သို့ တဇောက်ကန်းမဟုတ်။ သေလားရှင်လားဟု သေချာမသိရသော လူတစ်ယောက်အတွက် မိမိကိုယ်ကိုထိန်းသိမ်းကာ စောင့်ဆိုင်းနေသည်မှာ မဖြစ်နိုင်သော ဆင်ခြေပင်ဖြစ်သည်။


လင်းနွမ်ရှေ့တွင် ကုဟန်ရန်ချိုးပြခဲ့သော သစ္စာရှိလှသည့် ချစ်သူတစ်ဦး၏ပုံရိပ်က ဝိန်မော့ရှန်အပေါ် နစ်ဝင်နေသော လင်းနွမ်၏အချစ်ကို အသုံးချရန် လှည့်ဖြားနေခြင်းသာဖြစ်သည်။ ပိုင်ရှောင်းနျန်အနေဖြင့် ပြောနိုင်သည်မှာ ထိုအချက်ကို လင်းနွမ်သိနေပါကလည်း ထိုကိစ္စကိုဖြေရှင်းရန် မည်သို့မျှပင် တုံ့ပြန်လိမ့်မည်မဟုတ်ဟု။ ဝိန်မော့ရှန်က အမြဲတမ်းလိုလို လင်းနွမ်၏ အထိအခိုက်မခံသော နေရာဖြစ်ခဲ့သည်။


လက်ရှိအချိန်တွင် ဖုဟွိုက်အန်း၏ ဇိမ်ခံကားက လင်းမိသားစု၏ အိမ်တော်ရှေ့သို့ ရောက်ရှိလာခဲ့ပြီး ရုတ်တရက်ဆိုသလို လင်းနွမ်က ဖုဟွိုက်အန်း၏ လက်ထောက်ဖြစ်သူအား ခြံဝင်းပြင်ပတွင် ကားခဏရပ်ပေးရန် တောင်းဆိုလိုက်သည်။ ထို့နောက်တွင်တော့ သူ(မ)က ဖုဟွိုက်အန်းထံ စောင်းကြည့်လိုက်ပြီး ပြောလိုက်လေသည်။


"လင်းမိသားစုကို ကျွန်မ ဘာမှကြိုတင်ပြီး အသိမပေးဘဲ ရုတ်တရက်လာပြီးတော့ ကျွန်မတို့တွေ မနက်ဖြန်ကျရင် လက်ထပ်တော့မယ်၊ မှတ်ပုံတင်လိုလို့ လာယူတာဆိုပြီး ပြောလိုက်မယ်ဆို ကျွန်မအမေက ဒီသတင်းကို လက်ခံနိုင်မှာမဟုတ်ဘူး။ ကျွန်မအထဲကို အရင်သွားပြီးတော့ အရိပ်အမြွက်ပြောထားပြီးမှ ရှင်လိုက်လာရင်ရော ဘယ်လိုလဲ။ သိပ်မကြာပါဘူး။ မိနစ်နှစ်ဆယ်လောက်ဆို အဆင်ပြေပါပြီ။"


လင်းနွမ်က ဖုဟွိုက်အန်းကို ခွင့်တောင်းလိုက်သည်။ မည်သို့ပင်ဆိုစေ အလုပ်ကိုလေးစားပြီး ဂုဏ်သတင်းကြီးမားသော သူကဲ့သို့လူက အချိန်ကိုတန်ဖိုးထားမည်မှာလည်း သေချာပေါက်ပင်ဖြစ်ရာ လိုက်လာရန်သဘောတူပြီးမှ အိမ်တော်ပြင်ပတွင် အကြာကြီးစောင့်ခိုင်းရန်က မသင့်တော်ချေ။ သို့သော်လည်း ဖုဟွိုက်အန်းက စိတ်အနှောင့်အယှက် ဖြစ်သွားပုံမရဘဲ အေးအေးဆေးဆေးပင် နားလည်မှုရှိစွာ ခေါင်းညိတ်ပြလာသည်။


လင်းနွမ် သူ့ကို ကျေးဇူးတင်စကားပြောလိုက်သည်။ ထို့နောက်တွင်တော့ သူ(မ)က ပိုက်ဆံအိတ်ကိုယူပြီး ကားတံခါးကိုဖွင့်ကာ ကားပေါ်မှဆင်းလိုက်သည်။


လူအရပ်နှစ်ပြန်မက မြင့်မားလှသော လင်းမိသားစုအိမ်တော်၏ အနက်ရောင်ခြံတံခါးကို လင်းနွမ် မော့ကြည့်လိုက်ပြီး အသက်ဝဝရှူလိုက်သည်။ ဤနေရာက သူ(မ)ကြီးပြင်းလာခဲ့သော နေရာဖြစ်သော်လည်း လေးနှစ်မျှခန့် ထွက်သွားပြီးသည့်နောက် ရင်းနှီးသလိုလိုရှိသော စိမ်းသက်မှုများသာ ပြည့်နှက်နေသလို ခံစားလိုက်ရသည်။


လင်းနွမ် သတ္တိမွေးကာ ခြံဝန်းတံခါးဆီ လျှောက်လှမ်းသွားပြီး လူခေါ်ခေါင်းလောင်းကို မတီးရသေးခင်တွင် သူ(မ)၏ဘေးသို့ ထိုးရပ်လာသော ကားတစ်စီးအား တွေ့လိုက်ရလေသည်။


"နွမ်နွမ်..."


ကားပြတင်းမှန်က တဖြည်းဖြည်းချင်း ကျဆင်းသွားခဲ့ပြီး ယာဉ်မောင်းသူခုံတွင် နေရာယူထားသော လင်းချန်၏မျက်နှာက ပေါ်လာခဲ့လေသည်။


လင်းနွမ်က လင်းမိသားစု၏ သွေးသားရင်းမဟုတ်ကြောင်း အဖြစ်မှန်များ ပေါ်ပေါက်သွားခဲ့သည့် အချိန်မှစကာ လင်းနွမ်အနေဖြင့် လင်းကတော်မှလွဲ၍ လင်းမိသားစု၏ အခြားသောမိသားစုဝင်များကို တွေ့ချင်စိတ်မရှိသလို၊ တွေ့ဆုံရန်အတွက်လည်း လက်မခံခဲ့ချေ။ လင်းချန်ကို လင်းနွမ် နောက်ဆုံးတွေ့ခဲ့သည့်အချိန်က လွန်ခဲ့သောလေးနှစ်ခန့်ကဖြစ်သည်။


လင်းချန်က ကားတံခါးကိုဖွင့်ကာ ကားပေါ်မှဆင်းလာခဲ့သည်။ သူက ယခင်အတိုင်း ချောမောခံ့ညားကာ သိမ်မွေ့နေဆဲဖြစ်ကာ မတွေ့ဖြစ်ခဲ့သော လေးနှစ်ခန့်ကြာအပြီးတွင် ပိုမိုရင့်ကျက်သည့် အပိုင်းအခြားကာလသို့ ရောက်ရှိသွားပြီဖြစ်သည်။


လင်းချန်က ကော်လံကျယ်သော အဖြူရောင်ရှပ်အင်္ကျီကို အောက်ခံဝတ်ထားပြီး မီးခိုးရောင် vest ကို အပေါ်မှထပ်ကာ ဝတ်ဆင်ထားလေသည်။ သူ၏ပုံရိပ်က တစ်မျိုးတစ်ဖုံနှင့် ကြည့်ကောင်းလှပေသည်။ ကြည့်ရသည်မှာ ဤကာလအတွင်းတွင် လင်းမိသားစုက အလုပ်များနေပုံပေါ်သည်။ လင်းချန်၏ မျက်လုံးများက အိပ်ချင်နေသော အငွေ့အသက်များ ယှက်ဖြာနေခဲ့သော်လည်း လင်းနွမ်ကို မျက်စိရှေ့မှောက်၌ တွေ့လိုက်ရသော အခိုက်အတန့်တွင် လင်းချန်မှာ ထူးဆန်းစွာဖြင့် အခြားကမ္ဘာတစ်ခုကို ရောက်ရှိသွားသည့်အလား ခံစားလိုက်ရသည်။ သူ၏နှလုံးသားထဲမှ ထိုးထွက်လာခဲ့သော နာကျင်မှုတစ်ပိုင်းတစ်စက ခေါင်းပြူလာခဲ့သည်။


လင်းနွမ်တစ်ယောက် အဝတ်အစားထုပ်ကိုဆွဲကာ လင်းမိသားစုအိမ်တော်မှ ထွက်ခွာသွားသည်နေ့မှ ထိုမြင်ကွင်းအား ယခုထက်ထိပင် သူမှတ်မိနေသေးသည်။ သူ(မ)ကလှေကားရင်းတွင် မတ်တပ်ရပ်နေခဲ့ပြီး သူကတော့ လှေကားထိပ်တွင် ရှိနေခဲ့သည်။ သူ(မ)က ထိုအချိန်တုန်းက သူ့ကိုပြောခဲ့သည်။


"အစ်ကို...နင်သာငါ့ကို နင်ရဲ့ညီမလေးလို့ အသိအမှတ်ပြုသေးရင် ငါ့ကိုဘယ်တော့မှ လာမတွေ့ပါနဲ့။ လင်းမိသားစုက တခြားသူတွေကိုလည်း အတူတူပဲပြောလိုက်ပါ။ နင်တို့ကိုမြင်ရင် ငါ့နှလုံးသားကို ဓားနဲ့ထိုးလိုက်သလို ခံစားရလိမ့်မယ်။"


ထိုစကားတစ်ခွန်းကြောင့် လင်းချန်က လင်းနွမ်ထံသို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့သော်လည်း အမြဲတမ်းလိုလို ကားထဲတွင်သာ ထိုင်နေဖြစ်ခဲ့ပြီး တစ်ခါလေးမှ လင်းနွမ်ရှေ့သို့ ထွက်မလာရဲခဲ့ပေ။ ကားထဲတွင်ထိုင်ကာ လင်းနွမ်ကိုကြည့်ရန် သူ(မ)အလုပ်သွားမည့်အချိန်ကို စောင့်ဆိုင်းခဲ့ရသည်။


အချိန်လေးနှစ်က လူတစ်ဦးတစ်ယောက်ကို မည်မျှပြောင်းလဲနိုင်သည်ကို လင်းချန်မသိသော်လည်း သူ့အနေဖြင့် သတိပြုမိသည်မှာ လင်းနွမ်က ယခင်ကထက် ပိန်ကျသွားခဲ့ပြီး သူ(မ)၏မျက်နှာက စက္ကူတစ်စကဲ့သို့ ဖြူစုတ်နေသည်ဟူသော အချက်ကိုပင်ဖြစ်သည်။


"အစ်ကို..."


လင်းနွမ် မသိစိတ်မှနေ၍ လင်းချန်ကို လှမ်းခေါ်လိုက်ပြီး သူ(မ)၏မျက်လုံးထဲတွင် မျက်ရည်စများ ဝေ့တက်လာခဲ့ကာ နှာသီးဖျားများနှင့် မျက်ခမ်းစပ်များပါ ချက်ချင်းဆိုသလို နီရဲလာကြသည်။


လင်းချန်က ရှည်လျားဖြောင့်တန်းသော ခြေတံရှည်များနှင့် လင်းနွမ်၏ရှေ့တွင် မတ်တတ်ရပ်နေခဲ့ပြီး သူ၏ခန္ဓာကိုယ်ထက်မှ လေသင့်၍လွင့်လာသော စီးကရက်နံ့ဖျော့ဖျော့ကို ရရှိနေခဲ့သည်။


"နင်အခု အိမ်ပြန်လာချင်စိတ် ပေါ်လာပြီလား။""


လင်းချန်က လည်ချောင်းဝတွင် တစ်ဆို့နေခဲ့သော စကားလုံးများကို ပြန်လည်မျိုချကာ လေးလံနေသောလေသံဖြင့် လင်းနွမ်အား မေးမြန်းလိုက်သည်။


ပိုက်ဆံအိတ်ကို ကိုင်ထားခဲ့သော လင်းနွမ်၏လက်များက တင်းကျပ်သွားခဲ့ပြီး သူ(မ)၏နှလုံးသားထဲမှ ထိုးတက်လာခဲ့သော ခါးသက်မှုကြီးက ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံသွားခဲ့သယောင် ခံစားလိုက်ရသည်။ လင်းနွမ် သူ(မ)အရှေ့မှလင်းချန်ကို နာကျင်နေသော မျက်နှာအမူအရာဖြင့် မော့ကြည့်လိုက်ပြီး သူ(မ)၏စိတ်ခံစားချက်များကို ပြန်လည်ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။


နေရောင်ခြည်က သူ(မ)မျက်နှာပေါ်သို့ ကျရောက်နေခဲ့ပြီး လင်းနွမ်၏ မျက်တောင်များက မျက်ရည်များဖြင့် စိုစွတ်နေခဲ့သည်။ သူ(မ)က အကြည့်များကို လင်းချန်ဆီမှ လွှဲဖယ်လိုက်ပြီး ခြေထောက်ထိပ်များကို ငုံ့ကြည့်လိုက်သည်။


"ငါ့ရဲ့သတို့သားလောင်းကို မားနဲ့မိတ်ဆက်ပေးရအောင် အိမ်ကိုခေါ်လာခဲ့တာ။"


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment